မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၅

“ယောက်ျားရဲ့ ဦးခေါင်းဟာ ခရစ်တော်”

“ယောက်ျားရဲ့ ဦးခေါင်းဟာ ခရစ်တော်”

“ယောက်ျား​ရဲ့ ဦးခေါင်း​ဟာ ခရစ်တော်။”—၁ ကော. ၁၁:၃

သီချင်း ၁၂ ကြီးမြတ်သော​ဘုရား ယေဟောဝါ

အကြို​သုံးသပ်ချက် *

၁။ ဦးစီးမှု​နဲ့​ပတ်သက်ပြီး ယောက်ျား​တစ်ယောက်​ရဲ့ ရှုမြင်ပုံကို ဘယ်​အချက်​တွေ​က ဩဇာ​လွှမ်းမိုး​နိုင်​သလဲ။

“ဦးစီးမှု” ဆို​တဲ့ စကားလုံး​ကို သင် ဘယ်လို နားလည်​သလဲ။ အမျိုးသား​တချို့က ဓလေ့​ထုံးစံ၊ ယဉ်ကျေးမှု၊ မိသားစု​နောက်ခံ​အတိုင်း ဇနီး၊ သားသမီးကို ဆက်ဆံ​ကြတယ်။ ဥရောပ​မှာ နေတဲ့ ညီအစ်မ ယာ​နီ​တာ​က “ကျွန်မ နေတဲ့ ဒေသမှာ မိန်းမ​တွေ​ဟာ ယောက်ျား​တွေ​ထက် နိမ့်ကျ​တယ်၊ မိန်းမတွေကို ကျွန်​တွေ​လို​ပဲ သဘောထား​သင့်တယ်​ဆို​တဲ့ အယူအဆ စွဲကပ်​နေတယ်” လို့ ပြော​တယ်။ အမေရိကန်မှာ နေတဲ့ ညီအစ်ကို လုခ်​က​လည်း “ဖခင်​တချို့က မိန်းမ​ဆိုတာ အလှ​ကြည့်​ဖို့​ပဲ၊ သူတို့ရဲ့ စကား နားထောင်ဖို့ မဟုတ်ဘူး၊ သူတို့ရဲ့ သဘောထား​က အရေး​မကြီးဘူး​ဆိုပြီး သားတွေကို သင်ပေး​ကြတယ်” လို့ ပြော​တယ်။ ဒါပေမဲ့ ယေဟောဝါ​ကတော့ အမျိုးသမီးတွေကို အဲဒီလို မဆက်ဆံ​စေ​ချင်ဘူး။ (မာကု ၇:၁၃ နဲ့ နှိုင်းယှဉ်ပါ။) ဒါဆိုရင် ယောက်ျား​တစ်ယောက်​ဟာ အိမ်ထောင်ဦးစီး​ကောင်း ဘယ်လို ဖြစ်လာ​နိုင်​သလဲ။

၂။ အိမ်ထောင်ဦးစီး​တစ်ယောက် ဘာတွေကို နားလည်​ရမလဲ။ ဘာကြောင့်လဲ။

ယောက်ျား​တစ်ယောက် အိမ်ထောင်ဦးစီး​ကောင်း ဖြစ်​ဖို့​ဆိုရင် ယေဟောဝါ​ရဲ့ တောင်းဆိုချက်​တွေ​ကို အရင် နားလည်​ရမယ်။ ဦးစီးမှု အစီအစဉ်ကို ယေဟောဝါ ဘာကြောင့် အစပြု​ခဲ့​ကြောင်း၊ ယေဟောဝါ​နဲ့ ယေရှုရဲ့ ပုံ​နမူနာကို ဘယ်လို တုပ​နိုင်​ကြောင်း​လည်း နားလည်​ရမယ်။ အဲဒီ​အချက်​တွေ​ကို နားလည်​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။ ဘာကြောင့်လဲ​ဆိုတော့ ယေဟောဝါ​က အိမ်ထောင်ဦးစီး​တွေ​ကို အခွင့်အာဏာ အတော်အတန် ပေး​ထားပြီး ပညာရှိရှိ အသုံးပြု​ဖို့ မျှော်လင့်​လို့​ပဲ။—လု. ၁၂:၄၈

ဦးစီးမှု​ဆိုတာ ဘာလဲ

၃။ ၁ ကောရိန္သု ၁၁:၃ မှာပါတဲ့ စကား​တွေ​အရ ဦးစီးမှု​အကြောင်း ဘာ​သိရသလဲ။

၁ ကောရိန္သု ၁၁:၃ ကို​ဖတ်ပါ။ စကြဝဠာ မိသားစုကို ယေဟောဝါ ဘယ်လို ဖွဲ့စည်းထား​ကြောင်း အဲဒီ​အခန်းငယ်​က ဖော်ပြ​တယ်။ ဦးစီးမှု​လို့ ပြော​တဲ့​အခါ အခွင့်အာဏာ ရတာ​နဲ့ တာဝန်​ယူရ​တာ​ဆိုပြီး အပိုင်း နှစ်​ပိုင်း ပါ​တယ်။ ယေဟောဝါ​ဟာ ဦးခေါင်း ဖြစ်​တဲ့​အတွက် အချုပ်အခြာ အာဏာပိုင်​ရှင် ဖြစ်တယ်။ တခြား​သူတွေကိုလည်း အခွင့်အာဏာ​တချို့ ပေးအပ်​ထား​တယ်။ ဒါပေမဲ့ အဲဒီ​အခွင့်အာဏာ အသုံးပြုပုံ​နဲ့​ပတ်သက်ပြီး သူတို့ ဘုရား​နဲ့ စာရင်း​ရှင်း​ရမယ်။ (ရော. ၁၄:၁၀။ ဧ. ၃:၁၄၊ ၁၅) ယေရှုကို အသင်းတော်ရဲ့ ဦးခေါင်း​အဖြစ် ယေဟောဝါ အခွင့်အာဏာ ပေးထား​တယ်။ ယေရှု​က ကျွန်တော်​တို့ကို ဘယ်လို ဆက်ဆံ​တယ်​ဆိုတာ​နဲ့​ပတ်သက်ပြီး ယေဟောဝါ​နဲ့ စာရင်း​ရှင်း​ရမယ်။ (၁ ကော. ၁၅:၂၇) ခင်ပွန်း​ကို မိသားစုရဲ့ ဦးခေါင်း​အဖြစ် ယေဟောဝါ အခွင့်အာဏာ ပေး​ထား​တယ်။ ခင်ပွန်း​က မိသားစုကို ဘယ်လို ဆက်ဆံ​တယ်​ဆိုတာ​နဲ့​ပတ်သက်ပြီး ယေဟောဝါ​နဲ့​ရော ယေရှုနဲ့​ပါ စာရင်း​ရှင်း​ရမယ်။—၁ ပေ. ၃:၇

၄။ ယေဟောဝါ​နဲ့ ယေရှုမှာ ဘယ်​အခွင့်အာဏာ ရှိသလဲ။

ယေဟောဝါ​ဟာ စကြဝဠာ မိသားစုရဲ့ ဦးစီး​အနေ​နဲ့ သားသမီးတွေ​အတွက် စည်းမျဉ်း ထုတ်​ပိုင်ခွင့်၊ စည်းမျဉ်း​အတိုင်း လိုက်​အောင် ကြပ်မတ်​ပိုင်ခွင့် ရှိတယ်။ (ဟေရှာ. ၃၃:၂၂) ယေရှုလည်း အသင်းတော်ရဲ့ ဦးခေါင်း​အနေ​နဲ့ စည်းမျဉ်း ထုတ်​ပိုင်ခွင့်၊ စည်းမျဉ်း လိုက်​အောင် ကြပ်မတ်​ပိုင်ခွင့် ရှိတယ်။—ဂလ. ၆:၂။ ကော. ၁:၁၈-၂၀

၅။ ခရစ်ယာန် မိသားစုရဲ့ ဦးစီး​မှာ ဘယ်​အခွင့်အာဏာ ရှိသလဲ။ ဘယ်​အကန့်အသတ်​တွေ ရှိသလဲ။

ယေဟောဝါ​နဲ့ ယေရှု​လို​ပဲ ခရစ်ယာန် မိသားစုရဲ့ ဦးစီး​မှာလည်း မိသားစု​အတွက် စည်းမျဉ်း ထုတ်​ပိုင်ခွင့် ရှိတယ်။ (ရော. ၇:၂။ ဧ. ၆:၄) ဒါပေမဲ့ အိမ်ထောင်ဦးစီး​ရဲ့ အခွင့်အာဏာ​ဟာ အကန့်အသတ် ရှိတယ်။ ဥပမာ၊ သူ​ထုတ်​တဲ့ စည်းမျဉ်း​တွေ​ဟာ ကျမ်းစာ​မူတွေကို အခြေခံ​သင့်တယ်။ (ပညာ. ၃:၅၊ ၆) မိသားစုဝင် မဟုတ်​သူတွေ​အတွက် စည်းမျဉ်း ထုတ်​ပိုင်ခွင့် မရှိဘူး။ (ရော. ၁၄:၄) သားသမီးတွေ ကြီးပြင်း​လာပြီး အိမ်ခွဲ​သွားတဲ့အခါ မိဘကို ဆက်​လေးစား​မှာ ဖြစ်​ပေမဲ့ အိမ်ထောင်ဦးစီး​ရဲ့ ဦးစီးမှု​အောက် မရှိတော့ဘူး။—မ. ၁၉:၅

ဦးစီးမှု အစီအစဉ်ကို ယေဟောဝါ ဘာကြောင့် အစပြု​ခဲ့​သလဲ

၆။ ဦးစီးမှု အစီအစဉ်ကို ယေဟောဝါ ဘာကြောင့် အစပြု​ခဲ့​သလဲ။

ယေဟောဝါ​ဟာ မိသားစုကို ချစ်​လို့ ဦးစီးမှု အစီအစဉ်ကို အစပြု​ခဲ့တယ်။ ဒါဟာ ဘုရား​ပေး လက်ဆောင်​ပါ။ ဦးစီးမှု အစီအစဉ်​ကြောင့် ယေဟောဝါ​ရဲ့ မိသားစုဟာ ငြိမ်သက်​ပြီး စည်းစနစ်တကျ ရှိနေတယ်။ (၁ ကော. ၁၄:၃၃၊ ၄၀) ဦးစီးမှု အစီအစဉ်​သာ မရှိရင် ပရမ်းပတာ ဖြစ်နေ​ပြီး ပျော်ရွှင်မှု​လည်း ရှိ​မှာ မဟုတ်ဘူး။ ဥပမာ၊ အပြီးသတ် ဆုံးဖြတ်ချက် ဘယ်သူ ချ​မလဲ၊ အဲဒီ​ဆုံးဖြတ်ချက်​အတိုင်း ဘယ်သူ ဦးဆောင်​လုပ်မလဲ​ဆိုတာ ဘယ်သူမှ သိ​မှာ မဟုတ်ဘူး။

၇။ ဧဖက် ၅:၂၅၊ ၂၈ အရ အမျိုးသမီးတွေကို အမျိုးသားတွေ ဘယ်လို ဆက်ဆံ​ဖို့ ယေဟောဝါ အလိုရှိ​သလဲ။

ဘုရား​ရဲ့ ဦးစီးမှု အစီအစဉ် အလွန်​ကောင်း​ပေမဲ့ ခင်ပွန်း​တွေ ဖိနှိပ်​တယ်၊ ကြီးစိုး​တယ်လို့ ဒီနေ့​ခေတ် အမျိုးသမီး များစွာ ဘာကြောင့် ခံစား​နေရ​သလဲ။ ဘာကြောင့်လဲ​ဆိုတော့ အမျိုးသား အများစုက မိသားစု​အတွက် ယေဟောဝါ ချမှတ်​ထား​တဲ့ စံနှုန်း​တွေ​ကို လျစ်လျူရှုပြီး ရိုးရာ ဓလေ့​ထုံးစံတွေ​ကို လိုက်နေ​ကြလို့ပဲ။ ဇနီး​နဲ့ ဆက်ဆံ​တဲ့​အခါ ကိုယ့်ရဲ့ အတ္တ​ဆန္ဒ​ကိုပဲ ရှေ့တန်း​တင်​ကြတယ်။ ဥပမာ၊ ကိုယ်​လေးစား​ခံရ​ဖို့၊ တခြား​သူတွေ​ရှေ့ “ယောက်ျား​ပီသ​ကြောင်း” ပြဖို့ ဇနီး​ကို ကြီးစိုး​ကြတယ်။ ချစ်​လာအောင် အတင်း​လုပ်ယူ​လို့ မရ​ပေမဲ့ ကြောက်​အောင်​တော့ ခြောက်​လို့​ရတယ်​ဆိုပြီး တွေး​ကြတယ်။ ကြောက်စိတ်​ကို နင်း​ပြီး ဇနီး​ကို ထိန်းချုပ်ဖို့ ကြိုးစား​ကြတယ်။ * အဲဒီလို အတွေးအခေါ်၊ လုပ်ရပ်တွေဟာ မှားတယ်။ အမျိုးသမီးတွေကို မလေးစား​ရာ ရောက်တယ်။ ယေဟောဝါ ဖြစ်စေချင်​တာ​နဲ့ လုံးဝ ဆန့်ကျင်​တယ်။ဧဖက် ၅:၂၅၊ ၂၈ ကို​ဖတ်ပါ။

ယောက်ျား​တစ်ယောက် ဘယ်လိုနည်းနဲ့ အိမ်ထောင်ဦးစီး​ကောင်း ဖြစ်လာ​နိုင်​သလဲ

၈။ ယောက်ျား​တစ်ယောက် ဘယ်လိုနည်းနဲ့ အိမ်ထောင်ဦးစီး​ကောင်း ဖြစ်လာ​နိုင်​သလဲ။

ယောက်ျား​တစ်ယောက်​ဟာ ယေဟောဝါ​နဲ့ ယေရှုကို တုပခြင်း​အားဖြင့် အိမ်ထောင်ဦးစီး​ကောင်း ဖြစ်လာ​နိုင်တယ်။ ယေဟောဝါ​နဲ့ ယေရှု ပြ​တဲ့ အရည်အသွေး နှစ်ခု​ကိုပဲ သုံးသပ်ကြည့်​ပါ။ ကိုယ့်​မိသားစုနဲ့ ဆက်ဆံ​တဲ့​အခါ အဲဒီ​အရည်အသွေးတွေကို ဘယ်လို ပြ​နိုင်​ကြောင်း သတိပြု​ကြည့်​ပါ။

၉။ ယေဟောဝါ နှိမ့်ချမှု ဘယ်လို ပြ​သလဲ။

နှိမ့်ချမှု။ ယေဟောဝါ​ဟာ စကြဝဠာ​မှာ ပညာ​အရှိဆုံး ဖြစ်​ပေမဲ့ ကျေးကျွန်​တွေ​ရဲ့ သဘောထားကို နားထောင်ပေး​တယ်။ (က. ၁၈:၂၃၊ ၂၄၊ ၃၂) အကြံပြု​ခွင့် ပေး​တယ်။ (၁ ဘု. ၂၂:၁၉-၂၂) ကိုယ်တိုင် ပြည့်ဝ​စုံလင်​ပေမဲ့ ကျွန်တော်​တို့​ဆီက စုံလင်မှု​ကို မမျှော်လင့်​ဘူး။ မိမိကို ဝတ်ပြု​နေတဲ့ မစုံလင်သူ​တွေ အောင်မြင်​ဖို့ ကူညီပေး​တယ်။ (ဆာ. ၁၁၃:၆၊ ၇) ကျမ်းစာ​မှာ ယေဟောဝါ​ကို “ကူညီ​မစ​ရှင်” လို့​တောင် ခေါ်ထား​တယ်။ (ဆာ. ၂၇:၉။ ဟီ. ၁၃:၆) ယေဟောဝါ​ရဲ့ နှိမ့်ချမှု​ကြောင့်​သာ ကြီးမြတ်​တဲ့​အလုပ်တွေကို လုပ်ဆောင်​နိုင်တာ ဖြစ်​ကြောင်း ဘုရင်​ဒါဝိဒ် အသိအမှတ်ပြု​တယ်။—၂ ရှ. ၂၂:၃၆

၁၀။ ယေရှု နှိမ့်ချမှု ဘယ်လို ပြ​သလဲ။

၁၀ ယေရှုရဲ့ ပုံ​နမူနာကို​လည်း စဉ်းစား​ကြည့်​ပါ။ ဆရာ​သခင် ဖြစ်​ပေမဲ့ တပည့်​တွေ​ကို ခြေဆေး​ပေး​တယ်။ အဲဒီ​မှတ်တမ်း​ကို ကျမ်းစာ​မှာ ယေဟောဝါ ဘာကြောင့် မှတ်တမ်းတင်​စေ​သလဲ။ အိမ်ထောင်ဦးစီး​တွေ အပါအဝင် လူတိုင်း လိုက်လျှောက်​ရမယ့် စံနမူနာ ဖြစ်စေ​ဖို့​ပဲ။ “ဒါဟာ ခင်ဗျား​တို့အတွက် ကျွန်တော်​ ပြ​တဲ့ စံနမူနာ​ပဲ။ ကျွန်တော် လုပ်သလို ခင်ဗျား​တို့ လိုက်​လုပ်ကြပါ” လို့ ယေရှု ပြော​တယ်။ (ယော. ၁၃:၁၂-၁၇) ယေရှုမှာ အခွင့်အာဏာ များစွာ ရှိပေမဲ့ တခြား​သူတွေကို စေခိုင်း​မယ့်​အစား ကိုယ်တိုင် အစေခံခဲ့တယ်။—မ. ၂၀:၂၈

အိမ်ထောင်ဦးစီး​ဟာ အိမ်မှုကိစ္စ​တွေ ဝိုင်းလုပ်​ခြင်း၊ မိသားစုရဲ့ ဘုရားရေးရာ လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေးခြင်း​အားဖြင့် နှိမ့်ချမှုနဲ့ မေတ္တာ ပြ​နိုင် (စာပိုဒ် ၁၁၊ ၁၃ ကိုကြည့်ပါ)

၁၁။ နှိမ့်ချမှုနဲ့​ပတ်သက်ပြီး ယေဟောဝါ​နဲ့ ယေရှုရဲ့ ပုံ​နမူနာ​ကနေ အိမ်ထောင်ဦးစီး ဘာ​သင်ယူ​နိုင်​သလဲ။

၁၁ ကျွန်တော်​တို့အတွက် သင်ခန်းစာ။ အိမ်ထောင်ဦးစီး​ဟာ နည်း​များစွာနဲ့ နှိမ့်ချမှု ပြ​နိုင်တယ်။ ဥပမာ၊ ဇနီး​နဲ့ သားသမီးတွေ​ဆီက ပြည့်ဝ​စုံလင်မှု​ကို မမျှော်လင့်​ဘူး။ သဘောထား မတိုက်ဆိုင်​တဲ့ အခါ​တွေ​မှာ​တောင် သူတို့ ပြော​တာ​ကို နားထောင်ပေး​တယ်။ အမေရိကန်မှာ နေတဲ့ မာလီ ဒီလို​ပြော​တယ်– “တစ်ခါ​တလေ ကျွန်မ​တို့ ဇနီး​မောင်နှံ သဘောထား မတိုက်ဆိုင်​တဲ့ အခါ​တွေ ရှိတယ်။ ဒါပေမဲ့ ခင်ပွန်း​က ဆုံးဖြတ်ချက် မချခင် ကျွန်မ​ရဲ့ သဘောထားကို အမြဲ မေးပြီး ထည့်​စဉ်းစား​ပေး​လို့ ကျွန်မ​ကို တန်ဖိုး​ထား​တယ်၊ လေးစားတယ်လို့ ခံစား​ရတယ်။” အဲဒီအပြင် အိမ်မှုကိစ္စ လုပ်တာ မိန်းမ​အလုပ်​လို့ ယူဆတဲ့ အသိုင်းအဝိုင်းမှာ​တောင် နှိမ့်ချမှု ရှိတဲ့ ခင်ပွန်း​ဟာ ဝိုင်းကူ​ပေး​တယ်။ ဒါပေမဲ့ တစ်ခါ​တလေ ခက်ခဲ​နိုင်တယ်။ ဘာကြောင့်လဲ။ ညီအစ်မ ရေ​ချယ် ဒီလို​ပြော​တယ်– “ကျွန်မ​တို့ ဒေသမှာ ယောက်ျား​တစ်ယောက် ပန်းကန် ဆေး​တယ်၊ အိမ်​သန့်ရှင်းရေး လုပ်တယ်​ဆိုရင် အိမ်နီးချင်းတွေ​နဲ့ ဆွေမျိုး​တွေ​က ‘ယောက်ျား​မှ ဟုတ်​သေး​ရဲ့​လား’ လို့ ပြော​ကြတယ်။ မယား​ကြောက်​လို့ ထင်ကြ​တယ်။” သင့်​ဒေသမှာ အဲဒီလို​သဘောထားမျိုး ရှိတယ်ဆိုရင် ယေရှုကို သတိရပါ။ ခြေဆေး​ပေး​တာ​ဟာ ကျွန်​တစ်ယောက်​ရဲ့ အလုပ်​လို့ လူတွေ ယူဆတာ​တောင် တပည့်​တွေ​ကို ခြေဆေး​ပေး​ခဲ့တယ်။ အိမ်ထောင်ဦးစီး​ကောင်း​ဟာ ကိုယ်​ဘယ်လောက် အာဏာ​ရှိတယ်​ဆိုတာ ပြဖို့ မဟုတ်ဘဲ ဇနီး​နဲ့ သားသမီးတွေ ပျော်​ဖို့ အဓိက ထား​တယ်။ နှိမ့်ချမှု​အပြင် တခြား ဘယ်​အရည်အသွေး လိုအပ်​သေး​သလဲ။

၁၂။ မေတ္တာက ယေဟောဝါ​နဲ့ ယေရှုကို ဘာလုပ်ဖို့ လှုံ့ဆော်ပေး​သလဲ။

၁၂ မေတ္တာ။ ယေဟောဝါ လုပ်ဆောင်သမျှဟာ မေတ္တာကို အခြေခံ​တယ်။ (၁ ယော. ၄:၇၊ ၈) ကျမ်းစာ​နဲ့ အဖွဲ့အစည်း​ကတစ်ဆင့် ကျွန်တော်​တို့​ရဲ့ ဘုရားရေးရာ လိုအပ်ချက်​ကို မေတ္တာပါ​စွာ ဖြည့်ဆည်း​ပေး​တယ်။ ကျွန်တော်​တို့ကို ချစ်တယ်​ဆိုတာ ယုံကြည်​စိတ်ချ​စေခြင်း​အားဖြင့်လည်း စိတ်ပိုင်း လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေး​တယ်။ ရုပ်ပိုင်း လိုအပ်ချက်​ကော။ ကျွန်တော်​တို့ “ခံစား​နိုင်အောင် အရာခပ်သိမ်း​ကို အလျှံပယ် ပေးသနား” ထား​တယ်။ (၁ တိ. ၆:၁၇) အမှား လုပ်မိတဲ့​အခါ တည့်မတ်​ပေး​တယ်။ မေတ္တာ မပျက်​ဘူး။ မေတ္တာ​ကြောင့် ရွေးဖိုး​ကိုလည်း စီစဉ်​ပေး​တယ်။ ယေရှု​ကော။ ကျွန်တော်​တို့ကို ချစ်​လွန်းလို့ အသက်​တောင် ပေး​ခဲ့တယ်။ (ယော. ၃:၁၆။ ၁၅:၁၃) သစ္စာစောင့်သိ​သူတွေ​အပေါ် ထား​တဲ့ ယေဟောဝါ​နဲ့ ယေရှုရဲ့ မေတ္တာကို ဘာကမှ မတားဆီး​နိုင်ဘူး။—ယော. ၁၃:၁။ ရော. ၈:၃၅၊ ၃၈၊ ၃၉

၁၃။ မိသားစုကို အိမ်ထောင်ဦးစီး မေတ္တာ​ပြဖို့ ဘာကြောင့် အရေးကြီး​သလဲ။ (“ အိမ်ထောင်​ကျ​ခါ​စ အမျိုးသား​တစ်ယောက် ဇနီး​ရဲ့ လေးစားမှု ရနိုင်ပုံ” လေးထောင့်ကွက်​ကို ကြည့်​ပါ။)

၁၃ ကျွန်တော်​တို့အတွက် သင်ခန်းစာ။ အိမ်ထောင်ဦးစီး လုပ်ဆောင်သမျှဟာ မေတ္တာကို အခြေခံ​သင့်တယ်။ ဘာကြောင့် အရေးကြီး​သလဲ။ “မြင်​နေရ​တဲ့ ညီအစ်ကို [မိသားစု] ကို မချစ်​ရင် မမြင်​ရတဲ့ ဘုရားသခင်​ကို မချစ်​နိုင်ဘူး” လို့ တမန်​တော် ယောဟန် ပြော​တယ်။ (၁ ယော. ၄:၁၁၊ ၂၀) မိသားစုကို ချစ်တဲ့၊ ယေဟောဝါ​နဲ့ ယေရှုကို တုပ​ချင်​တဲ့ ယောက်ျား​ဟာ မိသားစုရဲ့ ဘုရားရေးရာ​ပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း လိုအပ်ချက်​တွေ​ကို ဖြည့်ဆည်း​ပေး​မယ်။ (၁ တိ. ၅:၈) သားသမီးတွေကို လေ့ကျင့်၊ ဆုံးမ​ပေးမယ်။ ယေဟောဝါ​ကို ဂုဏ်တင်​တဲ့၊ မိသားစုကို အကျိုးပြုတဲ့ ဆုံးဖြတ်ချက်​တွေ ချဖို့ ကြိုးစား​ပါ​လိမ့်မယ်။ အဲဒါတွေ​အကြောင်း၊ ယေဟောဝါ​နဲ့ ယေရှုကို အိမ်ထောင်ဦးစီး ဘယ်လို တုပ​နိုင်​ကြောင်း ဆွေးနွေး​ကြည့်​ကြ​စို့။

အိမ်ထောင်ဦးစီး လုပ်သင့်ရာ

၁၄။ မိသားစုရဲ့ ဘုရားရေးရာ လိုအပ်ချက်​ကို အိမ်ထောင်ဦးစီး ဘယ်လို ဖြည့်ဆည်း​ပေး​သလဲ။

၁၄ မိသားစုရဲ့ ဘုရားရေးရာ လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေး​ပါ။ ယေရှုဟာ ဖခင်​ကို တုပ​တဲ့​အတွက် နောက်လိုက်​တွေ ယုံကြည်ခြင်း ခိုင်မာ​နေဖို့ ကူညီပေး​တယ်။ (မ. ၅:၃၊ ၆။ မာ. ၆:၃၄) အိမ်ထောင်ဦးစီး​လည်း မိသားစုရဲ့ ဘုရားရေးရာ လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေးဖို့ ဦးစား​ထား​သင့်တယ်။ (တရား. ၆:၆-၉) ဘယ်နည်း​တွေ​အားဖြင့်​လဲ။ မိသားစုနဲ့​အတူ ကျမ်းစာ ဖတ်ရှု​လေ့လာခြင်း၊ အစည်းအဝေး တက်ခြင်း၊ သတင်းကောင်း ဟောခြင်း၊ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိအောင် လုပ်ပြီး ဆက်​ထိန်းသိမ်း​ထားခြင်း​အားဖြင့်​ပါ​ပဲ။

၁၅။ မိသားစုရဲ့ စိတ်ပိုင်း လိုအပ်ချက်​ကို အိမ်ထောင်ဦးစီး ဘယ်လို ဖြည့်ဆည်း​ပေး​သလဲ။

၁၅ မိသားစုရဲ့ စိတ်ပိုင်း လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေးပါ။ ယေရှုကို ချစ်​ကြောင်း ယေဟောဝါ ပွင့်ပွင့်လင်းလင်း ထုတ်ပြော​တယ်။ (မ. ၃:၁၇) ယေရှုလည်း နောက်လိုက်​တွေ​ကို ချစ်​ကြောင်း အပြောနဲ့ရော အလုပ်နဲ့ပါ ဖော်ပြ​တယ်။ ဒါ​ကြောင့် တပည့်​တွေ​လည်း ယေရှုကို ချစ်ကြောင်း ထုတ်ပြော​လာကြတယ်။ (ယော. ၁၅:၉၊ ၁၂၊ ၁၃။ ၂၁:၁၆) အိမ်ထောင်ဦးစီး​ဟာ ဇနီး​နဲ့ သားသမီးတွေကို ချစ်​ကြောင်း သူတို့နဲ့အတူ ကျမ်းစာ လေ့လာခြင်း စတဲ့ လုပ်ရပ်တွေ​အားဖြင့် ပြ​နိုင်တယ်။ ချစ်​ကြောင်း၊ တန်ဖိုး​ထား​ကြောင်း​လည်း ပြော​သင့်တယ်။ သင့်တော်​တဲ့​အခါ တခြား​သူတွေ​ရှေ့ ချီးမွမ်း​ပေး​သင့်တယ်။—ပညာ. ၃၁:၂၈၊ ၂၉

အိမ်ထောင်ဦးစီး​ဟာ ယေဟောဝါ​ရဲ့ မျက်နှာသာ ရဖို့ မိသားစုရဲ့ ရုပ်ပိုင်း လိုအပ်ချက်​တွေ​ကို ဖြည့်ဆည်း​ပေး​ရ (စာပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆။ အိမ်ထောင်ဦးစီး ဘာလုပ်ရမလဲ။ မျှတမှု ရှိအောင် ဘယ်လို လုပ်နိုင်သလဲ။

၁၆ မိသားစုရဲ့ ရုပ်ပိုင်း လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေး​ပါ။ မနာခံမှုကြောင့် အစ္စရေး​တွေ အပြစ်ပေး​ခံရ​ချိန်မှာ​တောင် သူတို့ရဲ့ အခြေခံ လိုအပ်ချက်​တွေ​ကို ယေဟောဝါ ဂရုစိုက်​ပေး​တယ်။ (တရား. ၂:၇။ ၂၉:၅) ဒီနေ့လည်း ကျွန်တော်​တို့​ရဲ့ အခြေခံ လိုအပ်ချက်​တွေ​ကို ဘုရား ဖြည့်ဆည်း​ပေး​နေတယ်။ (မ. ၆:၃၁-၃၃။ ၇:၁၁) ယေရှုဟာ နောက်လိုက်​တွေ​ကို ကျွေးမွေး​တယ်။ (မ. ၁၄:၁၇-၂၀) မကျန်းမာ​သူတွေကို ကုသ​ပေး​တယ်။ (မ. ၄:၂၄) အိမ်ထောင်ဦးစီး​လည်း ယေဟောဝါ​ရဲ့ မျက်နှာသာ ရဖို့ မိသားစုရဲ့ ရုပ်ပိုင်း လိုအပ်ချက်​တွေ​ကို ဖြည့်ဆည်း​ပေး​ရမယ်။ ဒါပေမဲ့ မျှတမှု ရှိဖို့ လိုတယ်။ မိသားစုရဲ့ ဘုရားရေးရာ​နဲ့ စိတ်ပိုင်း လိုအပ်ချက်​တွေ​ကို လျစ်လျူရှုတဲ့​အထိ အလုပ်မှာ​ပဲ နစ်​နေတာမျိုး မဖြစ်သင့်ဘူး။

၁၇။ ကျွန်တော်​တို့ကို လေ့ကျင့်၊ ဆုံးမ​ရာ​မှာ ယေဟောဝါ​နဲ့ ယေရှု ဘယ်​ပုံနမူနာ ချမှတ်​သလဲ။

၁၇ လေ့ကျင့်ပေး​ပါ။ ယေဟောဝါ​ဟာ ကျွန်တော်​တို့​ရဲ့ အကောင်းဆုံး အကျိုးအတွက် လေ့ကျင့်၊ ဆုံးမ​ပေး​တယ်။ (ဟီ. ၁၂:၇-၉) ဖခင်​လို​ပဲ ယေရှုလည်း နောက်လိုက်​တွေ​ကို မေတ္တာနဲ့ လေ့ကျင့်ပေး​တယ်။ (ယော. ၁၅:၁၄၊ ၁၅) ခိုင်မာ​ပြတ်သား​ပေမဲ့ ကြင်နာ​တယ်။ (မ. ၂၀:၂၄-၂၈) ကျွန်တော်​တို့ မစုံလင်​မှန်း၊ မှား​တတ်​မှန်း နားလည်​ပေး​တယ်။—မ. ၂၆:၄၁

၁၈။ အိမ်ထောင်ဦးစီး​ကောင်း​ဟာ ဘာတွေကို သတိရ​သလဲ။

၁၈ ယေဟောဝါ​နဲ့ ယေရှုကို တုပ​တဲ့ အိမ်ထောင်ဦးစီး​ဟာ မိသားစုဝင်​တွေ မစုံလင်​မှန်း သတိ​ရတယ်။ “တရားလွန် ဒေါသ​မထွက်” ဘူး။ (ကော. ၃:၁၉) ဂလာတိ ၆:၁ မှာပါတဲ့ ကျမ်းစာမူ​ကို လက်တွေ့​ကျင့်သုံး​တယ်။ ကိုယ်တိုင် မစုံလင်ဘူးဆို​တာ သတိ​ရပြီး “နူးညံ့​သိမ်မွေ့​တဲ့​စိတ်​နဲ့” တည့်မတ်​ပေး​တယ်။ ယေရှု​လို​ပဲ ပုံ​နမူနာ​နဲ့ သင်ကြား​ပေး​တာ​ဟာ အကောင်းဆုံး ဖြစ်​မှန်း နားလည်တယ်။—၁ ပေ. ၂:၂၁

၁၉-၂၀။ ဆုံးဖြတ်ချက်​တွေ ချ​တဲ့​အခါ ယေဟောဝါ​နဲ့ ယေရှုကို အိမ်ထောင်ဦးစီး ဘယ်လို တုပ​နိုင်​သလဲ။

၁၉ ကိုယ်ကျိုးမဖက်​တဲ့ ဆုံးဖြတ်ချက်​တွေ ချပါ။ ယေဟောဝါ​ဟာ တခြား​သူတွေရဲ့ အကောင်းဆုံး အကျိုးအတွက် ဆုံးဖြတ်ချက်​တွေ ချ​တယ်။ ဥပမာ၊ အသက်ကို ဖန်ဆင်း​ဖို့ ဆုံးဖြတ်​တာ​ဟာ ကိုယ့်​အကျိုးအတွက် မဟုတ်ဘူး။ ကျွန်တော်​တို့ကို အသက်ရှင်​ရတဲ့ ပျော်ရွှင်မှု ဝေမျှပေး​ချင်​လို့​ပဲ။ ကျွန်တော်​တို့​ရဲ့ အပြစ်တွေ​အတွက် သားတော်ကို စေလွှတ်​ဖို့ ဘုရား​ကို ဘယ်သူမှ တွန်းအား​ပေး​လို့ မရဘူး။ ကျွန်တော်​တို့​ရဲ့ အကျိုးအတွက် ပူဇော်သက္ကာ ပြင်ဆင်​ပေးဖို့ လိုလိုလားလား ဆုံးဖြတ်​ခဲ့​တာ။ ယေရှုလည်း တခြား​သူတွေရဲ့ အကျိုးကို အဓိက​ထားပြီး ဆုံးဖြတ်ချက်​တွေ ချ​တယ်။ (ရော. ၁၅:၃) ဥပမာ၊ ကိုယ်​နား​ရမယ့် အချိန်ကို ဖဲ့​ပြီး လူအုပ်​ကို သွန်သင်​ပေးဖို့ ဆုံးဖြတ်​တယ်။—မာ. ၆:၃၁-၃၄

၂၀ မိသားစု​အတွက် ပညာရှိ ဆုံးဖြတ်ချက်​တွေ ချ​တာ​ဟာ အခက်ခဲဆုံး​အလုပ်​တစ်ခု ဖြစ်​မှန်း အိမ်ထောင်ဦးစီး​ကောင်း သိတယ်။ ဒါ​ကြောင့် အဲဒီ​တာဝန်​ကို အလေးအနက် ထားတယ်။ ကိုယ့်​အကြိုက်၊ ကိုယ့်​ခံစားချက်​ကို ဦးစားပေး​ပြီး ဆုံးဖြတ်​တာ​မျိုး မလုပ်​ဘူး။ ယေဟောဝါ​ရဲ့ လေ့ကျင့်မှု​ကို ခံယူ​တယ်။ * (ပညာ. ၂:၆၊ ၇) ဒီ​နည်း​အားဖြင့် ကိုယ့်​အကျိုး​ထက် သူတစ်ပါး​အကျိုးကို ထည့်​စဉ်းစား​ပေး​တယ်။—ဖိ. ၂:၄

၂၁။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

၂၁ ယေဟောဝါ​က အိမ်ထောင်ဦးစီး​တွေ​ကို ခက်ခဲ​တဲ့ တာဝန် ပေး​ထား​တယ်။ အဲဒီ​တာဝန် ထမ်းဆောင်​ပုံ​နဲ့​ပတ်သက်ပြီး အိမ်ထောင်ဦးစီး​တွေ​ဟာ ဘုရား​နဲ့ စာရင်း​ရှင်း​ရမယ်။ ဒါပေမဲ့ ယေဟောဝါ​နဲ့ ယေရှု ချမှတ်​ထား​တဲ့ ပုံ​နမူနာကို လိုက်လျှောက်ဖို့ ကြိုးစား​မယ်​ဆိုရင် အိမ်ထောင်ဦးစီး​ကောင်း ဖြစ်​နိုင်​ပါ​တယ်။ ဇနီး​လည်း ကိုယ့်​တာဝန်​ကိုယ် ကျေ​မယ်​ဆိုရင် ပျော်ရွှင်​တဲ့ အိမ်ထောင် ဖြစ်လာ​ပါ​လိမ့်မယ်။ ဦးစီးမှု အစီအစဉ်ကို ဇနီး ဘယ်လို ရှုမြင်​သင့်သလဲ။ ဘယ်​အခက်အခဲ​တွေ ရင်ဆိုင်​ရသလဲ။ အဲဒီ​မေးခွန်းတွေကို နောက်​ဆောင်းပါး​မှာ ဖြေပေး​ပါ​မယ်။

သီချင်း ၁၆ ဘိသိက်ခံ သားတော်​အတွက် ယေဟောဝါ​ကို ချီးမွမ်း​ကြ

^ အပိုဒ်၊ 5 ယောက်ျား​တစ်ယောက် အိမ်ထောင်ပြု​တဲ့​အခါ မိသားစု​အသစ်ရဲ့ ဦးစီး ဖြစ်လာ​တယ်။ ဦးစီးမှု​ဆိုတာ ဘာလဲ၊ ယေဟောဝါ ဘာကြောင့် အစပြု​ခဲ့​သလဲ၊ ယေဟောဝါ​နဲ့ ယေရှုရဲ့ ပုံ​နမူနာ​ကနေ ယောက်ျား​တွေ ဘာသင်ယူ​နိုင်​သလဲ​ဆိုတာ ဒီဆောင်းပါး​မှာ ဆွေးနွေး​ပါမယ်။ ဒုတိယ​ဆောင်းပါး​မှာ ယေရှုနဲ့ တခြား ကျမ်းစာ ပုံနမူနာ​တွေ​ကနေ ခင်ပွန်း​နဲ့ ဇနီး ဘာ​သင်ယူ​နိုင်​ကြောင်း ဆွေးနွေး​ပါ​မယ်။ နောက်ဆုံး​ဆောင်းပါး​မှာ​တော့ အသင်းတော်​ထဲ​က ဦးစီးမှု အစီအစဉ်​အကြောင်း ဆွေးနွေး​ပါမယ်။

^ အပိုဒ်၊ 7 ဇနီး​ကို နှိပ်စက်တာ၊ ကိုယ်ထိ​လက်ရောက် ရိုက်နှက်​တာ​တောင် လက်ခံနိုင်စရာ ဖြစ်တယ်​ဆို​တဲ့ အယူအဆကို တစ်ခါ​တလေ ရုပ်ရှင်တွေ၊ ဟာသ​စာပေ​တွေ​မှာ တင်ဆက်​လေ့​ရှိတယ်။ ဒါ​ကြောင့် ဇနီး​ကို ကြီးစိုး​တာ မမှား​ဘူးဆို​တဲ့ အယူအဆ​မျိုး လူတွေမှာ ရှိနေ​နိုင်တယ်။

^ အပိုဒ်၊ 20 ဆုံးဖြတ်ချက်​ကောင်း​တွေ ချ​နိုင်​ပုံ​နဲ့​ပတ်သက်ပြီး ထပ်​သိချင်ရင် ၂၀၁၁၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၁၃-၁၇၊ “ဘုရားသခင်​ကို ဂုဏ်တင်​တဲ့ ဆုံးဖြတ်ချက်​တွေ ချပါ” ဆောင်းပါး​ကို ကြည့်​ပါ။