မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၇

အသင်းတော်ထဲက ဦးစီးမှု အစီအစဉ်

အသင်းတော်ထဲက ဦးစီးမှု အစီအစဉ်

“ခရစ်တော်​ဟာ အသင်းတော်ရဲ့ ဦးခေါင်း ဖြစ်သလို ခင်ပွန်း​က​လည်း ဇနီး​ရဲ့ ဦးခေါင်း ဖြစ်လို့ပဲ။ ခရစ်တော်​က မိမိရဲ့ ခန္ဓာကိုယ် ဖြစ်​တဲ့ အသင်းတော်ကို ကယ်တင်​ခဲ့တယ်။”—ဧ. ၅:၂၃

သီချင်း ၁၃၇ သစ္စာရှိ အမျိုးသမီးများ

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါ​ရဲ့ မိသားစု စည်းလုံး​နေရ​တဲ့ အကြောင်းရင်း​တစ်ခု​က ဘာလဲ။

ယေဟောဝါ​ရဲ့ မိသားစုဝင် ဖြစ်​ရတာကို ကျွန်တော်​တို့ လေးမြတ်တယ်။ ကျွန်တော်​တို့ ဘာကြောင့် ဒီလောက် ငြိမ်သက်​စည်းလုံး​နေတာလဲ။ အကြောင်းရင်း​တစ်ခု​က​တော့ ယေဟောဝါ ချမှတ်​ထား​တဲ့ ဦးစီးမှု အစီအစဉ်ကို လေးစားဖို့ ယောက်​တိုင်း အတတ်နိုင်ဆုံး ကြိုးစား​နေကြ​လို့​ပဲ။ ဦးစီးမှု အစီအစဉ်​အကြောင်း ပို​နားလည်​လေ ပို​စည်းလုံး​လေ ဖြစ်လာ​မယ်။

၂။ ဒီ​ဆောင်းပါး​မှာ ဘယ်​မေးခွန်းတွေ ဆွေးနွေး​မလဲ။

အသင်းတော်​အတွင်း​က ဦးစီးမှု အစီအစဉ်​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ ဒီ​မေးခွန်းတွေကိုလည်း ဆွေးနွေး​ပါ​မယ်– ညီအစ်မ​တွေ​ရဲ့ ကဏ္ဍက ဘာလဲ။ ညီအစ်ကို​တိုင်း​ဟာ ညီအစ်မ​တိုင်း​ရဲ့ ဦးခေါင်း ဖြစ်​သလား။ ညီအစ်ကို/မ​တွေ​အပေါ် အကြီးအကဲ​ရဲ့ အခွင့်အာဏာနဲ့ ဇနီး၊ သားသမီးတွေ​အပေါ် အိမ်ထောင်ဦးစီး​ရဲ့ အခွင့်အာဏာ တူ​သလား။ အရင်ဆုံး၊ ညီအစ်မ​တွေ​ကို ဘယ်လို သဘောထား​သင့်​ကြောင်း ဆွေးနွေး​ကြ​စို့။

ညီအစ်မ​တွေ​ကို ဘယ်လို သဘောထား​သင့်သလဲ

၃။ ညီအစ်မ​တွေ​ကို တန်ဖိုး​ထား​လေးမြတ်စိတ် ဘယ်လို တိုးများ​လာနိုင်သလဲ။

မိသားစုကို ဂရုစိုက်​စောင့်ရှောက်​ဖို့၊ သတင်းကောင်း ဟောပြောဖို့၊ အသင်းတော်ကို ထောက်မ​ဖို့ ကြိုးစား​လုပ်ဆောင်​နေတဲ့ ညီအစ်မ​တွေ​ကို ကျွန်တော်​တို့ တန်ဖိုး​ထား​လေးမြတ်တယ်။ သူတို့ကို ယေဟောဝါ​နဲ့ ယေရှု ဘယ်လို သဘောထားကြောင်း သုံးသပ်ခြင်း​အားဖြင့် တန်ဖိုး​ထား​လေးမြတ်စိတ် တိုးများ​လာနိုင်တယ်။ အမျိုးသမီးတွေကို တမန်​တော် ပေါလု ဘယ်လို ဆက်ဆံ​ကြောင်း သုံးသပ်ခြင်းကနေ​လည်း အကျိုး​ရပါလိမ့်မယ်။

၄။ အမျိုးသားတွေကို​ရော အမျိုးသမီးတွေကို​ပါ ယေဟောဝါ တန်ဖိုး​ထား​ကြောင်း ကျမ်းစာ​မှာ ဘယ်လို ဖော်ပြ​သလဲ။

အမျိုးသားတွေကို​ရော အမျိုးသမီးတွေကို​ပါ ယေဟောဝါ တန်ဖိုး​ထား​တယ်လို့ ကျမ်းစာ​မှာ ဖော်ပြ​တယ်။ ဥပမာ၊ ပထမ​ရာစု​တုန်း​က အမျိုးသားတွေကို​ရော အမျိုးသမီးတွေကို​ပါ ဘာသာ​စကား အမျိုးမျိုး ပြောဆိုခြင်း စတဲ့ အံ့ဖွယ်​အမှုတွေ လုပ်ဖို့ ယေဟောဝါ သန့်ရှင်းသော စွမ်းအားတော် ပေး​တယ်။ (တ. ၂:၁-၄၊ ၁၅-၁၈) သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရ​ပြီး ခရစ်တော်​နဲ့​အတူ အုပ်ချုပ်ခွင့် ရမယ့်​သူတွေထဲမှာ အမျိုးသား​ရော အမျိုးသမီး​ရော ပါ​တယ်။ (ဂလ. ၃:၂၆-၂၉) မြေကြီးပေါ် ထာဝရ​အသက် ဆုကျေးဇူး ရမယ့်​သူတွေထဲမှာ​လည်း အမျိုးသား​ရော အမျိုးသမီး​ရော ပါ​တယ်။ (ဗျာ. ၇:၉၊ ၁၀၊ ၁၃-၁၅) ဟောပြော​သွန်သင်​ဖို့ တာဝန်​ကိုလည်း အမျိုးသား​ရော အမျိုးသမီးပါ ရထားတယ်။ (မ. ၂၈:၁၉၊ ၂၀) ညီအစ်မ ပြစ်ကိလ​ရဲ့ ကြိုးစား​မှု​ကို တမန်​တော်​ကျမ်း​မှာ မှတ်တမ်း​တင်ထား​တယ်။ ပညာတတ် အာပေါလု အမှန်တရား​အကြောင်း တိတိကျကျ နားလည်အောင် ခင်ပွန်း အာကုလ​နဲ့​အတူ ကူညီပေး​ခဲ့တယ်။—တ. ၁၈:၂၄-၂၆

၅။ အမျိုးသမီးတွေ​အပေါ် ထား​တဲ့ ယေရှုရဲ့ သဘောထားကို လုကာ ၁၀:၃၈၊ ၃၉၊ ၄၂ က ဘယ်လို ဖော်ပြ​သလဲ။

အမျိုးသမီးတွေကို ယေရှု ဂုဏ်တင်​လေးစားတယ်။ ဖာရိရှဲတွေ​ဟာ အမျိုးသမီးတွေကို အထင်သေး​တယ်။ သူတို့နဲ့ ကျမ်းစာ​အကြောင်း ဆွေးနွေး​ဖို့ မပြော​နဲ့၊ လူရှေ့​သူ​ရှေ့မှာ​တောင် စကား​မပြောဘူး။ ယေရှု​က​တော့ အဲဒီလို မဟုတ်ဘူး။ တပည့်​တွေ​နဲ့ ကျမ်းစာ​အမှန်တရား​အကြောင်း ဆွေးနွေး​ချိန်​တွေ​မှာ အမျိုးသမီးတွေကို​လည်း ပါဝင်​စေတယ်။ * (လုကာ ၁၀:၃၈၊ ၃၉၊ ၄၂ ကို​ဖတ်ပါ။) ဟောပြောခြင်း ခရီးစဉ်​တွေ​မှာ အမျိုးသမီးတွေကို လိုက်​ခွင့်​ပေး​တယ်။ (လု. ၈:၁-၃) မိမိ သေ​ရာ​ကနေ အသက်ပြန်ရှင်​ပြီ​ဆိုတာ တမန်​တော်​တွေ​ကို ပြောပြ​ဖို့ အမျိုးသမီးတွေကို အခွင့်အရေး ပေး​ခဲ့တယ်။—ယော. ၂၀:၁၆-၁၈

၆။ အမျိုးသမီးတွေကို လေးစားကြောင်း တမန်​တော် ပေါလု ဘယ်လို ပြ​သလဲ။

အမျိုးသမီးတွေကို ဂုဏ်တင်​ဖို့ တိမောသေ​ကို တမန်​တော် ပေါလု သတ်သတ်မှတ်မှတ် ညွှန်ကြား​တယ်။ “အသက်ကြီးတဲ့ အမျိုးသမီးတွေကို မိခင်​လို” ဆက်ဆံ​ဖို့၊ “ငယ်ရွယ်​တဲ့ အမျိုးသမီးတွေကို နှမ​လို” သဘောထား​ဖို့ ပြော​တယ်။ (၁ တိ. ၅:၁၊ ၂) ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာ​ဖို့ တိမောသေ​ကို ပေါလု များစွာ ကူညီပေး​ပေမဲ့ “ကျမ်းစာ” အကြောင်း သင်ပေးတဲ့ လက်ဦး​ဆရာ​က​တော့ အမေနဲ့ အဖွား ဖြစ်​ကြောင်း အသိအမှတ်ပြု​တယ်။ (၂ တိ. ၁:၅။ ၃:၁၄၊ ၁၅) ရောမ​အသင်းတော်​ဆီ ရေး​တဲ့​စာ​မှာ ညီအစ်မ​တွေ​ကို နာမည်​နဲ့​တကွ နှုတ်ဆက်​ထား​တယ်။ ညီအစ်မ​တွေ​ရဲ့ လုပ်ဆောင်မှုကို သတိပြုမိ​ရုံ​သာမက တန်ဖိုး​ထား​လေးမြတ်​ကြောင်း ထုတ်ပြော​တယ်။—ရော. ၁၆:၁-၄၊ ၆၊ ၁၂။ ဖိ. ၄:၃

၇။ ဘယ်​မေးခွန်းတွေကို ဆွေးနွေး​ကြ​မလဲ။

ရှေ့​စာပိုဒ်​တွေ​မှာ ဖော်ပြ​တဲ့​အတိုင်း ညီအစ်မ​တွေ​ဟာ ညီအစ်ကို​တွေ​ထက် ပို​နိမ့်ကျ​တယ်လို့ ကျမ်းစာ​မှာ မပြောဘူး။ ချစ်ခင်​ရက်ရောတဲ့ ညီအစ်မ​တွေ​ဟာ အသင်းတော်ကို များစွာ အကျိုးပြု​တယ်။ အသင်းတော်မှာ ငြိမ်သက်​စည်းလုံးမှု တိုးများ​လာအောင် သူတို့ရဲ့ အကူအညီကို အကြီးအကဲ​တွေ အားထားကြ​တယ်။ ဒါပေမဲ့ မေးခွန်း​တချို့​လည်း ပေါ်လာ​တယ်။ ဥပမာ၊ အခြေအနေ​တချို့​မှာ ခေါင်း​ဖုံးဖို့ ညီအစ်မ​တွေ​ကို ယေဟောဝါ ဘာကြောင့် တောင်းဆို​သလဲ။ အကြီးအကဲ​နဲ့ အသင်းတော် အမှုထမ်း​အဖြစ် ညီအစ်ကို​တွေပဲ ခန့်အပ်​ခံရ​တာ ဖြစ်​လို့ ညီအစ်ကို​တိုင်း​ဟာ ညီအစ်မ​တိုင်း​ရဲ့ ဦးခေါင်း ဖြစ်​သလား။

ညီအစ်ကို​တိုင်း​ဟာ ညီအစ်မ​တိုင်း​ရဲ့ ဦးခေါင်း ဖြစ်သလား

၈။ ဧဖက် ၅:၂၃ အရ ညီအစ်ကို​တိုင်း​ဟာ ညီအစ်မ​တိုင်း​ရဲ့ ဦးခေါင်း ဖြစ်​သလား။ ရှင်းပြပါ။

ရိုးရိုးလေး ဖြေ​ရ​ရင်​တော့ မဟုတ်ပါဘူး။ အသင်းတော်မှာ ရှိတဲ့ ညီအစ်မ အားလုံး​ရဲ့ ဦးခေါင်း​ဟာ ညီအစ်ကို​တစ်ယောက် မဟုတ်ဘူး။ ခရစ်တော်​ပါ။ (ဧဖက် ၅:၂၃ ကို​ဖတ်ပါ။) အိမ်ထောင်မှာ ဇနီး​ကို ဦးစီး​ဖို့ ခင်ပွန်း​မှာ အခွင့်အာဏာ ရှိတယ်။ နှစ်ခြင်း​ခံ​ပြီး​သား သားဟာ မိခင်ရဲ့ ဦးခေါင်း မဟုတ်ဘူး။ (ဧ. ၆:၁၊ ၂) အသင်းတော်မှာ အကြီးအကဲ​တွေ​ဟာ ညီအစ်ကို/မ​တွေ​အပေါ် အခွင့်အာဏာ အကန့်အသတ်​ပဲ ရှိတယ်။ (၁ သက်. ၅:၁၂။ ဟီ. ၁၃:၁၇) မိဘ​နဲ့ မနေ​တော့​တဲ့ တစ်ကိုယ်ရေ အမျိုးသမီးတွေဟာ မိဘ​နဲ့ အကြီးအကဲ​တွေ​ကို ဆက်​ရိုသေ​လေးစား​ကြ​ပေမဲ့ အသင်းတော်မှာ ရှိတဲ့ အမျိုးသားတွေ​လို​ပဲ သူတို့ရဲ့ ဦးခေါင်း​ဟာ ယေရှု ဖြစ်တယ်။

မိဘ​နဲ့​အတူ မနေ​တော့​တဲ့ တစ်ကိုယ်ရေ​သ​မား​တွေ​ဟာ ယေရှုရဲ့ ဦးစီးမှု​အောက်မှာ ရှိကြ (စာပိုဒ် ၈ ကိုကြည့်ပါ)

၉။ ညီအစ်မ​တွေ တစ်ခါ​တလေ ခေါင်း​ဖုံးဖို့ ဘာကြောင့် လိုအပ်​သလဲ။

အသင်းတော်မှာ ဦးဆောင်ဖို့ အမျိုးသားတွေကို ယေဟောဝါ ခန့်အပ်​ထား​တယ်။ အမျိုးသမီးတွေကို​တော့ အဲဒီလို အခွင့်အာဏာ မပေး​ထား​ဘူး။ (၁ တိ. ၂:၁၂) ဘာကြောင့်လဲ။ အမျိုးသား​ရဲ့ ဦးခေါင်း​အဖြစ် ယေရှုကို ခန့်အပ်​ထား​တဲ့ အကြောင်းရင်း​နဲ့ အတူတူ​ပါ​ပဲ။ စည်းစနစ်တကျ ဖြစ်စေ​ဖို့​ပါ။ အခြေအနေ​အရ ညီအစ်ကို​တစ်ယောက် ပုံမှန် လုပ်ဆောင်နေကျ တာဝန်​ကို ညီအစ်မ​တစ်ယောက် လုပ်​ရတော့မယ့်​အခါ ခေါင်း​ဖုံးဖို့ ယေဟောဝါ တောင်းဆို​တယ်။ * (၁ ကော. ၁၁:၄-၇ ) ညီအစ်မ​တွေ ပို​နိမ့်ကျ​လို့ အဲဒီလို တောင်းဆို​တာ မဟုတ်ပါဘူး။ ဘုရား ချမှတ်​ထား​တဲ့ ဦးစီးမှု အစီအစဉ်ကို လေးစားကြောင်း ပြ​နိုင်အောင် အခွင့်အရေး ပေးဖို့​ပါ။ အဲဒီ​အချက်​တွေ​ကို စိတ်စွဲ​မှတ်​ရင်း အိမ်ထောင်ဦးစီး​တွေ​နဲ့ အကြီးအကဲ​တွေ​မှာ အခွင့်အာဏာ ဘယ်လောက် ရှိသလဲ​ဆို​တဲ့ မေးခွန်း​ကို ဆွေးနွေး​ကြ​စို့။

အိမ်ထောင်ဦးစီး​တွေ​နဲ့ အကြီးအကဲ​တွေ​ရဲ့ အခွင့်အာဏာ

၁၀။ အကြီးအကဲ​တစ်ယောက် အသင်းတော်​အတွက် စည်းမျဉ်း​တွေ ဘာကြောင့် ထုတ်​မိ​နိုင်​သလဲ။

၁၀ အကြီးအကဲ​တွေ​ဟာ ခရစ်တော်​ကို ချစ်တယ်။ ယေဟောဝါ​နဲ့ ယေရှု အပ်​ထား​တဲ့ သိုး​တွေ​ကိုလည်း ချစ်တယ်။ (ယော. ၂၁:၁၅-၁၇) အကြီးအကဲ​တစ်ယောက်​ဟာ အသင်းတော်ကို ချစ်​လွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဖေ​တစ်ယောက်လို ခံစား​မိ​နိုင်တယ်။ မိသားစုကို ကာကွယ်​ဖို့ အိမ်ထောင်ဦးစီး​မှာ စည်းမျဉ်း ထုတ်​ပိုင်ခွင့် ရှိတယ်ဆိုရင် အကြီးအကဲ​မှာလည်း ဘုရား​သိုးတော်စု​ကို ကာကွယ်​ဖို့ စည်းမျဉ်း ထုတ်​ပိုင်ခွင့် ရှိတယ်လို့ ယူဆ​မိ​နိုင်တယ်။ ညီအစ်ကို/မ​တချို့​က​လည်း သူတို့​ကိုယ်စား ဆုံးဖြတ်ချက်​တွေ ချပေး​ဖို့ တောင်းဆို​လာနိုင်တယ်။ ဒါပေမဲ့ အသင်းတော် အကြီးအကဲ​နဲ့ အိမ်ထောင်ဦးစီးရဲ့ အခွင့်အာဏာ တူ​သလား။

အကြီးအကဲ​တွေ​ဟာ အသင်းတော်မှာ ရှိသူတွေရဲ့ ဘုရားရေးရာ​နဲ့ စိတ်ပိုင်း လိုအပ်ချက်​တွေ​ကို ဖြည့်ဆည်း​ပေး​ကြ။ အသင်းတော် သန့်ရှင်း​နေ​အောင် ထိန်းပေး​ဖို့ သူတို့ကို ယေဟောဝါ တာဝန်​ပေး​ထား (စာပိုဒ် ၁၁-၁၂ ကိုကြည့်ပါ)

၁၁။ အိမ်ထောင်ဦးစီး​နဲ့ အကြီးအကဲ​တွေ​မှာ ဘယ်လို ဆင်တူချက်​တွေ ရှိသလဲ။

၁၁ အိမ်ထောင်ဦးစီး​နဲ့ အကြီးအကဲ​ရဲ့ ဆင်တူချက်​တချို့​ကို တမန်​တော် ပေါလု ပြော​တယ်။ (၁ တိ. ၃:၄၊ ၅) ဥပမာ၊ ယေဟောဝါ​က မိသားစုဝင်တွေကို အိမ်ထောင်ဦးစီး​ရဲ့ စကား နာခံ​စေချင်တယ်။ (ကော. ၃:၂၀) အသင်းတော်ကို​လည်း အကြီးအကဲ​တွေ​ရဲ့ စကား နာခံ​စေချင်တယ်။ ကိုယ့်​အုပ်ထိန်းမှု​အောက်မှာ ရှိသူတွေကို ဘုရား​နဲ့ ဆက်ဆံ​ရေး​ ကောင်း​အောင် ကူညီ​ပေးဖို့၊ စိတ်ပိုင်း လိုအပ်ချက်​တွေ ဖြည့်ဆည်း​ပေးဖို့၊ ဘုရား​ပညတ်​တွေ လိုက်နာ​အောင် ကူညီ​ပေးဖို့၊ “ကျမ်းစာ​မှာ ရေးထား​တာ​ထက် မလွန်” ဖို့ အကြီးအကဲ​နဲ့ အိမ်ထောင်ဦးစီး​တွေ​ဆီကနေ ယေဟောဝါ မျှော်လင့်တယ်။ (၁ ကော. ၄:၆) အိမ်ထောင်ဦးစီး​ကောင်း​လို​ပဲ အကြီးအကဲ​တွေ​ဟာ အသင်းတော်မှာ ရှိသူတွေ အခက်အခဲ ကြုံရ​ချိန်မှာ ကူညီပေး​ကြတယ်။—ယာ. ၂:၁၅-၁၇

မိသားစုကို ဦးဆောင်ဖို့ အိမ်ထောင်ဦးစီး​တွေ​ကို ယေဟောဝါ အခွင့်အာဏာ ပေး​ထား။ မေတ္တာ​ရှိတဲ့ အိမ်ထောင်ဦးစီး​ဟာ ဆုံးဖြတ်ချက် မချခင် ဇနီး​နဲ့ တိုင်ပင် (စာပိုဒ် ၁၃ ကိုကြည့်ပါ)

၁၂-၁၃။ ရောမ ၇:၂ အရ အိမ်ထောင်ဦးစီး​နဲ့ အကြီးအကဲ​မှာ ဘာကွာ​ခြား​ချက်​တွေ ရှိသလဲ။

၁၂ ဒါပေမဲ့ အကြီးအကဲ​နဲ့ အိမ်ထောင်ဦးစီး​မှာ ကွာခြားချက်​တွေ​လည်း ရှိတယ်။ ဥပမာ၊ ယေဟောဝါ​က အကြီးအကဲ​တွေ​ကို တရားသူကြီး​တွေ​အဖြစ် တာဝန်​ပေး​ထား​တယ်။ နောင်တ​မယူ​တဲ့ အပြစ်ပြု​သူတွေကို အသင်းတော်​ကနေ ဖယ်ရှား​ဖို့ တာဝန်​ပေး​ထား​တယ်။—၁ ကော. ၅:၁၁-၁၃

၁၃ အိမ်ထောင်ဦးစီး​တွေ​ကို​တော့ အကြီးအကဲ​တွေ​ကို မပေး​ထား​တဲ့ အခွင့်အာဏာ​တချို့ ယေဟောဝါ ပေး​ထား​တယ်။ ဥပမာ၊ အိမ်ထောင်ဦးစီး​ဟာ မိသားစု​အတွက် စည်းကမ်း ထုတ်​ပိုင်ခွင့်၊ စည်းကမ်း​အတိုင်း လိုက်နာ​အောင် ကြပ်မတ်​ပိုင်ခွင့် ရှိတယ်။ (ရောမ ၇:၂ ကို​ဖတ်ပါ။) သားသမီးတွေ​အတွက် အိမ်ပြန်ချိန် သတ်မှတ်​ပိုင်ခွင့်၊ စည်းကမ်း မလိုက်နာ​ရင် အပြစ်ပေး​ပိုင်ခွင့် ရှိတယ်။ (ဧ. ၆:၁) မေတ္တာ​ရှိတဲ့ အိမ်ထောင်ဦးစီး​ဟာ မိသားစု​အတွက် စည်းကမ်း​တွေ မ​ထုတ်​ခင် ဇနီး​နဲ့ တိုင်ပင်​တယ်။ သူတို့​နှစ်ယောက်​ဟာ “တစ်​သား​တစ်ကိုယ်တည်း” ဖြစ်လို့ပဲ။ *မ. ၁၉:၆

ခရစ်တော်​ကို အသင်းတော်ရဲ့ ဦးခေါင်း​အဖြစ် လေးစားပါ

ယေရှုဟာ ယေဟောဝါ​ရဲ့ ဦးစီးမှု​အောက်မှာ အသင်းတော်ကို လမ်းညွှန်​နေ (စာပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄။ (က) မာကု ၁၀:၄၅ အရ ယေရှုကို အသင်းတော်ရဲ့ ဦးခေါင်း​အဖြစ် ယေဟောဝါ ခန့်အပ်​တာ ဘာကြောင့် သင့်တော်​သလဲ။ (ခ) အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်​က ဘာလဲ။ (“ အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်” လေးထောင့်ကွက်​ကို ကြည့်​ပါ။)

၁၄ ယေဟောဝါ​ဟာ အသင်းတော်မှာ ရှိတဲ့ ယောက်တိုင်းရဲ့ အသက်ကို ရွေးဖိုး ပေး​ပြီး ဝယ်ယူ​ထား​တယ်။ (မာကု ၁၀:၄၅ ကို​ဖတ်ပါ။ တ. ၂၀:၂၈။ ၁ ကော. ၁၅:၂၁၊ ၂၂) ဒါ​ကြောင့် ရွေးဖိုး​အဖြစ် အသက်ပေး​ခဲ့​တဲ့ ယေရှုကို အသင်းတော်ရဲ့ ဦးခေါင်း​အဖြစ် ခန့်အပ်​တာ သင့်တော်​ပါ​တယ်။ ယေရှုဟာ ကျွန်တော်​တို့​ရဲ့ ဦးခေါင်း​အနေ​နဲ့ တစ်ယောက်စီ၊ မိသားစု​လိုက်၊ အသင်းတော် တစ်ခုလုံး​အတွက် စည်းမျဉ်း ထုတ်​ပိုင်ခွင့်၊ စည်းမျဉ်း​အတိုင်း လိုက်​အောင် ကြပ်မတ်​ပိုင်ခွင့် ရှိတယ်။ (ဂလ. ၆:၂) စည်းမျဉ်း ထုတ်​ရုံ​လောက်​သာ မဟုတ်ဘဲ ကျွန်တော်​တို့ တစ်ယောက်စီ​ကို ကျွေးမွေး​ပြီး မြတ်နိုးတယ်။—ဧ. ၅:၂၉

၁၅-၁၆။ ညီအစ်မ မာလီ​နဲ့ ညီအစ်ကို ဘင်ဂျမင်​ရဲ့ စကား​ကနေ ဘာ​သိရသလဲ။

၁၅ ညီအစ်မ​တွေ​ဟာ ခရစ်တော် ခန့်အပ်​ထား​တဲ့ အမျိုးသားတွေရဲ့ လမ်းညွှန်မှုကို လိုက်နာခြင်း​အားဖြင့် ခရစ်တော်​ကို လေးစားကြောင်း ပြ​ကြတယ်။ အမေရိကန်မှာ နေတဲ့ ညီအစ်မ မာလီ ပြော​တာ​ကို ညီအစ်မ​တွေ သဘောတူကြမှာ​ပါ။ “ဇနီး​တစ်ယောက်၊ အသင်းတော်မှာ ညီအစ်မ​တစ်ယောက်​အဖြစ် ကိုယ့်​နေရာကို ကျွန်မ တန်ဖိုး​ထား​တယ်။ ယေဟောဝါ​ရဲ့ ဦးစီးမှု အစီအစဉ်​နဲ့​ပတ်သက်ပြီး သဘောထား​မှန် ရှိအောင် အမြဲ ကြိုးစား​တယ်။ ကျွန်မ​ယောက်ျား​နဲ့ အသင်းတော်မှာ ရှိတဲ့ ညီအစ်ကို​တွေ​လည်း ကျွန်မ​ကို တန်ဖိုး​ထား​လေးစားကြောင်း ပြ​တဲ့​အတွက် ကိုယ့်​တာဝန်​ကို ကျေပွန်​ဖို့ ပို​လွယ်တယ်” လို့ မာလီ ပြော​တယ်။

၁၆ ညီအစ်မ​တွေ​ကို လေးစား​ဂုဏ်တင်​ခြင်း​အားဖြင့် ဦးစီးမှု အစီအစဉ်ကို နားလည်​ကြောင်း ညီအစ်ကို​တွေ ပြ​ကြတယ်။ အင်္ဂလန်​မှာ နေတဲ့ ညီအစ်ကို ဘင်ဂျမင်​က “အစည်းအဝေး​မှာ ညီအစ်မ​တွေ​ရဲ့ မှတ်ချက်​တွေ၊ ကိုယ်ပိုင်​လေ့လာမှု​နဲ့ အမှုဆောင်မှာ ပို​ထိရောက်​စေမယ့် အကြံပြုချက်တွေက​နေ ကျွန်တော် အများကြီး သင်ယူ​ရတယ်။ သူတို့ရဲ့ ကြိုးစား​လုပ်ဆောင်မှုတွေ သိပ်​တန်ဖိုး​ရှိတယ်” လို့ ပြော​တယ်။

၁၇။ ဦးစီးမှု အစီအစဉ်ကို ဘာကြောင့် လေးစား​သင့်သလဲ။

၁၇ ယောက်ျား၊ မိန်းမ၊ အိမ်ထောင်ဦးစီး၊ အကြီးအကဲ စတဲ့ အသင်းတော်မှာ ရှိသူ​အားလုံး ဦးစီးမှု အစီအစဉ်ကို နားလည်၊ လေးစား​မယ်​ဆိုရင် အသင်းတော်​တစ်ခုလုံး ငြိမ်သက်မှု ခံစား​ရတယ်။ အရေးကြီးဆုံး​က​တော့ ကောင်းကင်ဖခင် ယေဟောဝါ​ကို ဂုဏ်တင်​ချီးမွမ်းမှု ဖြစ်စေ​တယ်။—ဆာ. ၁၅၀:၆

သီချင်း ၁၂၃ ဘုရား​အစီအစဉ်ကို လက်အောက်ခံခြင်း

^ အပိုဒ်၊ 5 အသင်းတော်မှာ ညီအစ်မ​တွေ​ရဲ့ ကဏ္ဍ​က ဘာလဲ။ ညီအစ်ကို​တိုင်း​ဟာ ညီအစ်မ​တိုင်း​ရဲ့ ဦးခေါင်း ဖြစ်​သလား။ အကြီးအကဲ​တွေ​နဲ့ အိမ်ထောင်ဦးစီး​တွေ ရထားတဲ့ အခွင့်အာဏာ တူ​သလား။ အဲဒီ​မေးခွန်းတွေကို ကျမ်းစာ ဘယ်လို ဖြေပေး​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

^ အပိုဒ်၊ 5 ၂၀၂၀၊ စက်တင်ဘာ​လထုတ် ကင်းမျှော်စင် “ခရစ်ယာန် အမျိုးသမီးတွေကို ထောက်မပါ” ဆောင်းပါး၊ စာပိုဒ် ၆ ကို ကြည့်​ပါ။

^ အပိုဒ်၊ 13 ဘယ်​အသင်းတော်​နဲ့ ပူးပေါင်း​မယ်​ဆို​တဲ့ ဆုံးဖြတ်ချက်​နဲ့​ပတ်သက်ပြီး ၂၀၂၀၊ ဩဂုတ်​လထုတ် ကင်းမျှော်စင် “အသင်းတော်မှာ တခြား​သူတွေရဲ့ နေရာကို လေးစားပါ” ဆောင်းပါး၊ စာပိုဒ် ၁၇-၁၉ ကို ကြည့်​ပါ။

^ အပိုဒ်၊ 59 ဒီ​ကိစ္စ​နဲ့​ပတ်သက်​တဲ့ အသေးစိတ် ဆွေးနွေးချက်​ကို ‘ဘုရားသခင့်​မေတ္တာ ခံစားရ​စေမယ့်​အရာ​တွေ​ကို အမြဲ လုပ်ဆောင်ပါ’ စာအုပ်၊ စာ. ၂၀၉-၂၁၂ မှာ ကြည့်​ပါ။

^ အပိုဒ်၊ 64 အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်​နဲ့​ပတ်သက်​တဲ့ အသေးစိတ် ဆွေးနွေးမှု​ကို ၂၀၁၃၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၂၀-၂၅ မှာ ကြည့်​ပါ။