မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၄

‘သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်ပါ’

‘သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်ပါ’

“ခရစ်တော်​ကိုယ်တိုင် ခင်ဗျား​တို့အတွက် ဆင်းရဲ​ဒုက္ခ​ခံ​ပြီး သူ့​ခြေရာ​ကို ထက်ကြပ်​မကွာ လိုက်လျှောက်​စေဖို့ စံနမူနာ​ထားခဲ့​တယ်။”—၁ ပေ. ၂:၂၁

သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်

အကြို​သုံးသပ်ချက် *

ကျွန်တော်​တို့ ထက်ကြပ်မကွာ လိုက်လျှောက်ဖို့ ယေရှု ခြေရာ ချန်​ထားခဲ့ (စာပိုဒ် ၁-၂ ကိုကြည့်ပါ)

၁-၂။ ၁ ပေတရု ၂:၂၁ မှာပါတဲ့ စကား​တွေ​ကို နားလည်​ဖို့ ဘယ်​ဥပမာ​က ကူညီပေး​သလဲ။

အန္တရာယ် ထူပြော​တဲ့ နှင်း​တော​ထဲ လမ်းလျှောက်ထွက်​တဲ့ အုပ်စု​မှာ သင် ပါတယ်​လို့ မြင်ယောင်​ကြည့်​ပါ။ အတွေ့အကြုံ​ရှိ လမ်းပြ​က ရှေ့​ကနေ ဦးဆောင်​သွား​လို့ နောက်​မှာ ခြေရာ​တွေ ကျန်ရစ်​ခဲ့တယ်။ သွား​ရင်း​နဲ့ တစ်​နေရာ ရောက်တော့ လမ်းပြ​ကို မတွေ့ရ​တော့​ဘူး။ ဒါပေမဲ့ မစိုးရိမ်​ပါ​ဘူး။ သူ့​ခြေရာ​အတိုင်း လိုက်သွား​နိုင်​လို့​ပဲ။

ခရစ်ယာန်စစ်​တွေ​အနေ​နဲ့ ကျွန်တော်​တို့​ဟာ အန္တရာယ် ထူပြော​တဲ့ နှင်း​တော​လို ဆိုးသွမ်း​တဲ့ လောက​ထဲမှာ လျှောက်လှမ်း​နေကြ​တယ်။ ဒါပေမဲ့ ပြည့်ဝ​စုံလင်​တဲ့ လမ်းပြ​အဖြစ် သားတော် ယေရှု​ခရစ်​ကို ယေဟောဝါ ပြင်ဆင်​ပေး​ထား​တယ်။ သူ့ခြေရာ​ကို ကျွန်တော်​တို့ ထက်ကြပ်​မကွာ လိုက်လျှောက်​နိုင်တယ်။ (၁ ပေ. ၂:၂၁) အဲဒီ​ကျမ်းချက်​မှာ ပေတရု​က ယေရှုကို လမ်းပြနဲ့ ခိုင်းနှိုင်း​နေတာ​လို့ ကျမ်းစာ အကိုးအကား စာအုပ်​တစ်အုပ်​က ဆိုတယ်။ လမ်းပြ​လို​ပဲ ယေရှုလည်း ကျွန်တော်​တို့ လိုက်လျှောက်ဖို့ ခြေရာ​တွေ ချန်ရစ်​ခဲ့တယ်။ ယေရှုရဲ့ ခြေရာ​ကို လိုက်လျှောက်​တယ်​ဆိုတာ ဘာလဲ။ ဘာကြောင့် လိုက်လျှောက်​သင့်သလဲ။ ဘယ်လို လိုက်လျှောက်​နိုင်​သလဲ။ အဲဒီ​မေးခွန်း​သုံးခု​ကို ဆွေးနွေး​ကြည့်​ကြ​စို့။

ယေရှုရဲ့ ခြေရာ​ကို လိုက်လျှောက်​တယ်​ဆိုတာ ဘာကို ဆိုလို​သလဲ

၃။ တစ်ယောက်ယောက်​ရဲ့ ခြေရာ​ကို လိုက်တယ်​ဆိုတာ ဘာကို ဆိုလို​သလဲ။

တစ်ယောက်ယောက်​ရဲ့ ခြေရာ​ကို လိုက်တယ်​ဆိုတာ ဘာကို ဆိုလို​သလဲ။ ကျမ်းစာ​မှာ “လျှောက်လှမ်း၊” “လမ်း” ဆိုတဲ့ စကားလုံး​တွေ​ဟာ တစ်ခါ​တလေ လူတစ်ယောက်ရဲ့ ဘဝ​လမ်းစဉ်​ကို ဆိုလို​တယ်။ (က. ၆:၉။ ပညာ. ၄:၂၆) လူတစ်ယောက်ရဲ့ အသက်ရှင်​နေထိုင်ပုံ​ကို လမ်းလျှောက်တဲ့​အခါ ကျန်ရစ်​ခဲ့​တဲ့ ခြေရာ​တွေ​နဲ့ နှိုင်းယှဉ်​နိုင်တယ်။ ဒါ​ကြောင့် တစ်ယောက်ယောက်​ရဲ့ ခြေရာ​ကို လိုက်တယ်​ဆိုတာ သူ့​ပုံသက်သေ​ကို လိုက်တာ၊ တုပ​တာ​ကို ဆိုလို​တယ်။

၄။ ယေရှုရဲ့ ခြေရာ​ကို လိုက်လျှောက်​တယ်​ဆိုတာ ဘာကို ဆိုလို​သလဲ။

ယေရှုရဲ့ ခြေရာ​ကို လိုက်လျှောက်​တယ်​ဆိုတာ ဘာကို ဆိုလို​သလဲ။ ရိုးရိုးလေး ပြော​ရ​ရင်​တော့ ယေရှုရဲ့ ပုံသက်သေ​အတိုင်း အသက်ရှင်​နေထိုင်တာ​ကို ဆိုလို​တယ်။ ဒီ​ဆောင်းပါး​ရဲ့ အဓိက​ ကျမ်းချက်​မှာ တမန်​တော် ပေတရု​က ယေရှုရဲ့ ခံနိုင်ရည်​အကြောင်း အဓိက ပြော​နေတာ။ ဒါပေမဲ့ တခြား​ကဏ္ဍ​တွေ​မှာလည်း ယေရှုကို တုပ​နိုင်​ပါ​တယ်။ (၁ ပေ. ၂:၁၈-၂၅) ယေရှု ပြောဆို​ပြုမူ​သမျှ ဘဝ​လမ်းစဉ် တစ်ခုလုံး​ဟာ ကျွန်တော်​တို့ လိုက်လျှောက်​နိုင်​တဲ့ စံနမူနာ ဖြစ်တယ်။

၅။ မစုံလင်​တဲ့ လူသားတွေဟာ ယေရှုရဲ့ ပြည့်ဝ​စုံလင်​တဲ့ ပုံ​နမူနာကို တုပ​နိုင်​သလား။ ရှင်းပြပါ။

မစုံလင်​တဲ့ လူသားတွေ​မို့ ယေရှုရဲ့ ပုံ​နမူနာကို တုပ​နိုင်​ပါ့​မလား။ တုပ​နိုင်​ပါ​တယ်။ တစ်ထပ်တည်း​တော့ တုပ​နိုင်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ ယေရှုရဲ့ ခြေရာ​ကို အတတ်နိုင်ဆုံး အနီးကပ် လိုက်လျှောက်​မယ်​ဆိုရင် ‘[ယေရှု] လျှောက်လှမ်း​ခဲ့​တဲ့ လမ်းစဉ်​အတိုင်း အမြဲ လျှောက်လှမ်းပါ’ ဆို​တဲ့ တမန်​တော် ယောဟန်ရဲ့ စကား​ကို နာခံ​နိုင်​ပါ​လိမ့်မယ်။—၁ ယော. ၂:၆

ယေရှုရဲ့ ခြေရာ​ကို ဘာကြောင့် လိုက်လျှောက်​ရမလဲ

၆-၇။ ယေရှုရဲ့ ခြေရာ​ကို လိုက်လျှောက်​တာ​က ယေဟောဝါ​နဲ့ ပို​ရင်းနှီး​စေတယ်​လို့ ဘာကြောင့် ပြော​နိုင်​သလဲ။

ယေရှုရဲ့ ခြေရာ​ကို လိုက်လျှောက်​တာ​က ယေဟောဝါ​နဲ့ ပို​ရင်းနှီး​စေတယ်။ ဘာကြောင့် အဲဒီလို ပြော​နိုင်​သလဲ။ ပထမ၊ ဘုရား​ နှစ်သက်တဲ့ နည်း​အတိုင်း ဘယ်လို အသက်ရှင်​ရမယ်ဆိုတာ ယေရှု ပုံ​နမူနာ​ ပြ​ခဲ့တယ်။ (ယော. ၈:၂၉) ဒါကြောင့် ယေရှုရဲ့ ခြေရာ​ကို လိုက်လျှောက်​မယ်​ဆိုရင် ယေဟောဝါ​ရဲ့ မျက်နှာသာ ရပါလိမ့်မယ်။ မိမိ​နဲ့ မိတ်ဆွေ ဖြစ်​ဖို့ အတတ်နိုင်ဆုံး ကြိုးစား​နေ​သူတွေနဲ့ ဘုရား ရင်းနှီး​လာမယ်​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။—ယာ. ၄:၈

ဒုတိယ၊ ယေရှုဟာ ဖခင်​ကို ပြည့်ဝ​စုံလင်စွာ တုပ​တယ်။ ဒါ​ကြောင့်​လည်း “ကျွန်တော့်​ကို မြင်​တာ​ဟာ အဖဘုရား​ကို မြင်​တာ​ပဲ” လို့ ပြော​နိုင်​ခဲ့တယ်။ (ယော. ၁၄:၉) အနာကြီး ရောဂါ​သည်ကို သနား​တာ၊ ရောဂါ​ဝေဒနာ အပြင်းအထန် ခံစား​နေရ​တဲ့ အမျိုးသမီးကို စာနာ​တာ၊ ဝမ်းနည်းပူဆွေး​နေတဲ့ ကျန်ရစ်သူ မိသားစုကို ထောက်ထား​စာနာ​တာ စတဲ့ တခြား​သူတွေနဲ့ ဆက်ဆံ​ရာ​မှာ ယေရှု ပြ​ခဲ့​တဲ့ အရည်အသွေးတွေ၊ နည်းလမ်းတွေကို တုပ​တာ​ဟာ ယေဟောဝါ​ကို တုပ​ရာ ရောက်တယ်။ (မာ. ၁:၄၀၊ ၄၁။ ၅:၂၅-၃၄။ ယော. ၁၁:၃၃-၃၅) ယေဟောဝါ​ရဲ့ အရည်အသွေးတွေကို ပို​တုပ​လေ ဘုရား​နဲ့ ပို​ရင်းနှီး​လေ ဖြစ်ပါ​လိမ့်မယ်။

၈။ ယေရှုရဲ့ ခြေရာ​ကို လိုက်လျှောက်​တာ​က ‘လောကကို အောင်နိုင်’ ဖို့ ကျွန်တော်​တို့ကို ဘယ်လို ကူညီပေး​မလဲ။

ယေရှုရဲ့ ခြေရာ​ကို လိုက်လျှောက်​တာ​က ဆိုးညစ်​တဲ့ လောက​ကြောင့် အာရုံ​မလွဲ​သွား​အောင် ကျွန်တော်​တို့ကို ကူညီပေး​တယ်။ “ဒီ​လောကကို ကျွန်တော် အောင်နိုင်ပြီ” လို့ မြေကြီး​အသက်တာ နောက်ဆုံး​ည​မှာ ယေရှု ပြော​နိုင်​ခဲ့တယ်။ (ယော. ၁၆:၃၃) ဒါက လောက အတွေးအခေါ်၊ ရည်မှန်းချက်၊ လုပ်ရပ်တွေ​ရဲ့ ဩဇာ​လွှမ်းမိုးမှု မခံတာ​ကို ဆိုလို​တယ်။ ယေဟောဝါ​ရဲ့ နာမည် သံသယ ကင်းရှင်း​စေဖို့​ဆိုတဲ့ မြေကြီးပေါ် လာ​ရတဲ့ အဓိက အကြောင်းရင်းကို ယေရှု ဘယ်တော့မှ မမေ့ဘူး။ ကျွန်တော်​တို့​ကော။ ဒီ​လောကမှာ ကျွန်တော်​တို့ကို အာရုံလွဲ​စေနိုင်​တဲ့ အရာများစွာ ရှိတယ်။ ဒါပေမဲ့ ယေရှု​လို​ပဲ ယေဟောဝါ​ရဲ့ အလိုတော် ဆောင်ခြင်း​ကို အာရုံစိုက်​မယ်​ဆိုရင် ‘လောကကို အောင်နိုင်’ ပါ​လိမ့်မယ်။—၁ ယော. ၅:၅

၉။ ထာဝရ​အသက် လမ်းပေါ် ဆက်​ရှိနေဖို့ ဘာလုပ်ရမလဲ။

ယေရှုရဲ့ ခြေရာ​ကို လိုက်လျှောက်​တာ​က ထာဝရ​အသက် ရစေမယ်။ ထာဝရ​အသက် ရဖို့ ဘာလုပ်ရမလဲ​လို့ ချမ်းသာ​တဲ့ လူငယ် မေးတဲ့အခါ “ကျွန်တော့်​နောက်လိုက် လုပ်ပါ” လို့ ယေရှု ဖြေ​တယ်။ (မ. ၁၉:၁၆-၂၁) မိမိကို ခရစ်တော်​အဖြစ် မယုံတဲ့ ဂျူး​တချို့​ကို ‘ကျွန်တော့်​သိုး​တွေ​က ကျွန်တော့်​နောက်ကို လိုက်ကြတယ်။ ကျွန်တော်​က သူတို့ကို ထာဝရ​အသက် ပေး​တယ်’ လို့ ယေရှု ပြော​တယ်။ (ယော. ၁၀:၂၄-၂၉) ယေရှုရဲ့ သွန်သင်ချက်​တွေ​ကို စိတ်ဝင်စား​တဲ့ ဂျူး​တရားရုံး​ချုပ် အဖွဲ့ဝင် နိကောဒင်​ကိုလည်း ‘မိမိကို ယုံကြည်​သက်ဝင်​သူ​တိုင်း ထာဝရ​အသက် ရမယ်’ လို့ ယေရှု ပြော​တယ်။ (ယော. ၃:၁၆) အပြောနဲ့ရော လုပ်ရပ်​နဲ့​ပါ ယေရှု သွန်သင်ပေး​တာတွေကို ကျွန်တော်​တို့ လိုက်လျှောက်ခြင်း​အားဖြင့် ယေရှုကို ယုံကြည်​ကြောင်း ပြ​ကြတယ်။ ဒီ​နည်း​အားဖြင့် ထာဝရ​အသက် လမ်းပေါ် ဆက်​ရှိ​နေနိုင်​ပါ​လိမ့်မယ်။—မ. ၇:၁၄

ယေရှုရဲ့ ခြေရာ​ကို ဘယ်လိုနည်းနဲ့ ထက်ကြပ်​မကွာ လိုက်လျှောက်​နိုင်​သလဲ

၁၀။ ယေရှု​အကြောင်း “သိကျွမ်း” ဖို့ ဘာလုပ်ရမလဲ။ (ယောဟန် ၁၇:၃)

၁၀ ယေရှု​အကြောင်း ကောင်းကောင်း သိ​မှ ယေရှုရဲ့ ခြေရာ​ကို ထက်ကြပ်မကွာ လိုက်​နိုင်​မယ်။ (ယောဟန် ၁၇:၃ ကို​ဖတ်ပါ။) “သိကျွမ်း” ဖို့​ဆိုတာ အဆက်မပြတ် လုပ်ဆောင်နေ​ရမယ့်​အရာ ဖြစ်တယ်။ ယေရှုရဲ့ အရည်အသွေး၊ အတွေးအခေါ်၊ စံနှုန်း​တွေ​အကြောင်း သင်ယူ​လေ့လာခြင်း​အားဖြင့် ယေရှု​အကြောင်း ပို​သိအောင် လုပ်ရမယ်။ အမှန်တရား​ထဲမှာ ရှိတာ ဘယ်လောက်​ပဲ ကြာနေ​ပါစေ ယေဟောဝါ​နဲ့ သားတော်​အကြောင်း “သိကျွမ်း” ဖို့ ဆက်​ကြိုးစား​နေ​ရမယ်။

၁၁။ ခရစ်ဝင်​ကျမ်း လေးစောင်​ထဲမှာ ဘာတွေ ပါ​သလဲ။

၁၁ သားတော်​အကြောင်း ကျွန်တော်​တို့ သိကျွမ်း​နိုင်​ဖို့ ခရစ်ဝင်​ကျမ်း လေးစောင်​ကို ကျမ်းစာ​ထဲမှာ ယေဟောဝါ ထည့်သွင်း​ထား​တယ်။ ခရစ်ဝင်​ကျမ်း​တွေ​မှာ ယေရှုရဲ့ ဘဝ​အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း​အကြောင်း မှတ်တမ်းတွေ ပါဝင်​တယ်။ အဲဒီ​မှတ်တမ်းတွေက ယေရှုရဲ့ သွန်သင်ချက်၊ လုပ်ရပ်​နဲ့ ခံစားချက်​တွေ​အကြောင်း သိဖို့၊ ယေရှုရဲ့ ပုံသက်သေ​ကို “အသေအချာ စဉ်းစား” နိုင်​ဖို့ ကူညီပေး​တယ်။ (ဟီ. ၁၂:၃) ခရစ်ဝင်​ကျမ်း​တွေ​ထဲမှာ ယေရှုရဲ့ ခြေရာ​တွေ ရှိတယ်ဆိုတဲ့ သဘောပါပဲ။ ဒါ​ကြောင့် ခရစ်ဝင်​ကျမ်း​တွေ​ကို လေ့လာ​ဆန်းစစ်ခြင်း​အားဖြင့် ယေရှု​အကြောင်း သိကျွမ်း​လာပြီး ခြေရာ​ကို ထက်ကြပ်​မကွာ လိုက်​နိုင်​မယ်။

၁၂။ ခရစ်ဝင်​ကျမ်း​တွေ​ကနေ ဘယ်လို အကျိုး အပြည့်အဝ ရနိုင်မလဲ။

၁၂ ခရစ်ဝင်​ကျမ်း​တွေ​ကနေ အကျိုး အပြည့်အဝ ရဖို့ ဖတ်​ရုံ​ထက်မက လုပ်ရမယ်။ အချိန်​ယူပြီး အသေအချာ လေ့လာ၊ တွေးတော​ဆင်ခြင်​ရမယ်။ (ယောရှု ၁:၈ နဲ့ နှိုင်းယှဉ်ပါ။) ခရစ်ဝင်​ကျမ်း​တွေ​ကို တွေးတော​ဆင်ခြင်​ဖို့၊ သိလာတာတွေကို လက်တွေ့​ကျင့်သုံး​ဖို့ ကူညီပေး​မယ့် အကြံပြုချက် နှစ်ခု​ကို ဆွေးနွေး​ကြည့်​ကြ​စို့။

၁၃။ ခရစ်ဝင်​ကျမ်း မှတ်တမ်းတွေကို ဘယ်လိုနည်းနဲ့ အသက်ဝင်​စေနိုင်​သလဲ။

၁၃ ပထမ၊ ခရစ်ဝင်​ကျမ်း မှတ်တမ်းတွေကို အသက်​ဝင်စေပါ။ ဖြစ်နေ​တာတွေကို မြင်ယောင်၊ ကြား​ယောင်​ပါ။ ဝင်​ခံစား​ကြည့်​ပါ။ အဲဒီလို​လုပ်နိုင်ဖို့ ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​က လေ့လာမှု အထောက်အကူ​တွေ ပြင်ဆင်​ပေး​ထား​တယ်။ ရှေ့နောက်စကား​ကို လေ့လာ​ပါ။ နောက်ခံ၊ အခြေအနေ​တွေ​အကြောင်း ရှင်းပြ​ထား​တဲ့ အချက်အလက်​တွေ ရှာပါ။ တခြား ခရစ်ဝင်​ကျမ်း​ရဲ့ ကျမ်းပြိုင်​မှတ်တမ်း​နဲ့ နှိုင်းယှဉ်ပါ။ တစ်ခါ​တလေ ခရစ်ဝင်​ကျမ်း​ရေးသူ​တစ်ယောက် ချန်လှပ်​ခဲ့​တာ​ကို နောက်​တစ်ယောက်​က အသေးစိတ် ဖော်ပြ​ထား​တာ​မျိုး ရှိတယ်။

၁၄-၁၅။ ခရစ်ဝင်​ကျမ်း မှတ်တမ်းတွေက​နေ သိလာတာတွေကို လက်တွေ့​ကျင့်သုံး​ဖို့ ဘာလုပ်ရမလဲ။

၁၄ ဒုတိယ၊ ခရစ်ဝင်​ကျမ်း မှတ်တမ်းတွေကို ဘဝမှာ လက်တွေ့​ကျင့်သုံး​ပါ။ (ယော. ၁၃:၁၇) ခရစ်ဝင်​ကျမ်း မှတ်တမ်း​တစ်ခု​ကို လေ့လာ​ဆန်းစစ်​ပြီး​နောက် ‘ဒီ​မှတ်တမ်းမှာ ပါ​တဲ့ သင်ခန်းစာ​ကို ငါ့​ဘဝမှာ ဘယ်လို လက်တွေ့​ကျင့်သုံး​မလဲ။ တခြား​သူကို ကူညီ​ဖို့ ဘယ်လို သုံး​မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ သိလာ​တာ​တွေ​အကြောင်း ဘယ်သူ့ကို ပြောပြ​ရင် ကောင်း​မလဲ​ဆိုတာ စဉ်းစားပါ။ ပြီး​နောက် မေတ္တာပါပါ၊ လိမ္မာ​ပါးနပ်​စွာ ဝေမျှပေး​ပါ။

၁၅ အထက်မှာ ဆွေးနွေး​ခဲ့​တဲ့ အကြံပြုချက် နှစ်ခု​ကို သုံးပြီး ကျမ်း​မှတ်တမ်း​တစ်ခု သုံးသပ်ကြည့်​ကြ​စို့။ ဗိမာန်တော်မှာ ယေရှု သတိပြုမိ​တဲ့ ဆင်းရဲ​တဲ့ မုဆိုးမအကြောင်း ဖြစ်တယ်။

ဆင်းရဲ​တဲ့ မုဆိုးမ

၁၆။ မာကု ၁၂:၄၁ မှာ မှတ်တမ်း​တင်ထား​တဲ့ ဖြစ်ရပ်​ကို ပြောပြ​ပါ။

၁၆ မှတ်တမ်း​ကို အသက်​ဝင်စေပါ။ (မာကု ၁၂:၄၁ ကို​ဖတ်ပါ။) ဖြစ်ရပ်​ကို မြင်ယောင်​ကြည့်​ပါ။ အေဒီ ၃၃၊ နိသန်လ ၁၁ ရက်၊ ယေရှု မသေဆုံးခင် တစ်ပတ်​လောက်​မှာ ဖြစ်တယ်။ ဘာသာရေး​ ခေါင်းဆောင်​တွေ​ရဲ့ ဆန့်ကျင်မှု​တွေ​ကြား ဗိမာန်တော်မှာ ယေရှု တစ်နေ့လုံး သွန်သင်​ဆုံးမတယ်။ စောစော​တုန်း​က​ပဲ တချို့က ယေရှုရဲ့ အခွင့်အာဏာနဲ့​ပတ်သက်ပြီး မေးခွန်းထုတ်​ကြတယ်။ တချို့က​လည်း ချောင်ပိတ်​မိ​စေ​တဲ့ မေးခွန်းတွေနဲ့ အကဲစမ်း​ကြတယ်။ (မာ. ၁၁:၂၇-၃၃။ ၁၂:၁၃-၃၄) အဲဒါတွေ ဖြစ်​ပြီး​နောက် ဗိမာန်တော်​ထဲ​က နောက်​တစ်​နေရာကို ယေရှု ထွက်သွား​တယ်။ အမျိုးသမီး ရင်ပြင် ဖြစ်​နိုင်တယ်။ ရင်ပြင် လမ်းတစ်လျှောက်​မှာ အလှူငွေ​ပုံး​တွေ ရှိတယ်။ အလှူငွေ​ပုံး​တွေ​ကို လှမ်း​မြင်ရ​တဲ့​နေရာမှာ ယေရှု ထိုင်ပြီး လူတွေ အလှူငွေ ထည့်​တာ​ကို ကြည့်​နေတယ်။ ချမ်းသာ​သူတွေက ဒင်္ဂါး အများကြီး ထည့်ကြ​တယ်။ ဒင်္ဂါး​တွေ များ​လွန်းလို့ တချွင်ချွင် ကျ​တဲ့​အသံကို ယေရှု ကြား​မှာပဲ။

၁၇။ မာကု ၁၂:၄၂ မှာ ဆင်းရဲ​တဲ့ မုဆိုးမ ဘာလုပ်ခဲ့​သလဲ။

၁၇ မာကု ၁၂:၄၂ ကို​ဖတ်ပါ။ ခဏ​ကြာ​တော့ အမျိုးသမီး​တစ်ယောက်ကို ယေရှု သတိထား​မိတယ်။ “ဆင်းရဲ​တဲ့ မုဆိုးမ” ဖြစ်တယ်။ (လု. ၂၁:၂) ဆင်းရဲလွန်းလို့ အခြေခံ လိုအပ်ရာ​လေး​တွေ ဝယ်​ဖို့​တောင် မနည်း ရုန်းကန်​နေရပုံ ပေါ်​တယ်။ အမျိုးသမီး​က အလှူငွေ​ပုံး တစ်ခု​နား သွားပြီး ဒင်္ဂါးငယ်​နှစ်ပြား​ကို အသာလေး ထည့်​လိုက်တယ်။ ဒင်္ဂါး နှစ်ပြား​တည်း ဖြစ်​လို့ အလှူငွေ​ပုံး​ထဲ ကျ​တဲ့​အခါ ဘာ​အသံ​မှ​တောင် မြည်​လိုက်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ ဘယ်လောက် ထည့်​လိုက်တယ်​ဆိုတာ ယေရှု သိတယ်။ အဲဒီခေတ်​တုန်း​က သုံး​နေတဲ့ ငွေကြေး​မှာ တန်ဖိုး အနည်းဆုံး လက်တာ ဒင်္ဂါး နှစ်ပြား​ပါ။ အဲဒီ​ငွေ​နဲ့ ဈေး​အပေါ​ဆုံး စာငှက် တစ်ကောင်​ကို​တောင် ဝယ်​လို့ မရဘူး။

၁၈။ မာကု ၁၂:၄၃၊ ၄၄ အရ မုဆိုးမရဲ့ အလှူငွေ​အကြောင်း ယေရှု ဘာ​ပြော​သလဲ။

၁၈ မာကု ၁၂:၄၃၊ ၄၄ ကို​ဖတ်ပါ။ ဆင်းရဲ​တဲ့ မုဆိုးမကို ယေရှု သိပ်​အထင်ကြီး​လေးစား​သွားတယ်။ ဒါ​ကြောင့် တပည့်​တွေ​ကို ခေါ်​ပြီး “ဒီ​မုဆိုးမရဲ့ အလှူငွေဟာ တခြားသူ​အားလုံး​ရဲ့ အလှူငွေ​ထက် ပို​များ​တယ်” လို့ ပြော​တယ်။ “တခြား​သူတွေ [ချမ်းသာ​သူတွေ] က ပိုလျှံ​တဲ့​ ငွေ​ကို ထည့်ကြ​တာ။ ဒီ​မုဆိုးမက​တော့ ဆင်းရဲ​ပေမဲ့ ရှိစု​မဲ့စု ဝမ်းစာ​ကို အကုန် ထည့်​လိုက်တာ” လို့ ဆက်​ပြော​တယ်။ သစ္စာ​ရှိတဲ့ ဒီ​မုဆိုးမဟာ မိမိကို ယေဟောဝါ ဂရုစိုက်​စောင့်ရှောက်​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​ပြီး အဲဒီ​နေ့​အတွက် ရှိစု​မဲ့စု ငွေ​လေး​ကို အကုန်​ပေး​လိုက်တာ ဖြစ်တယ်။—ဆာ. ၂၆:၃

ယေဟောဝါ​အတွက် အကောင်းဆုံး ပေးဆက်​နေသူတွေကို ယေရှု​လို​ပဲ ချီးမွမ်း​ပေး​ပါ (စာပိုဒ် ၁၉-၂၀ ကိုကြည့်ပါ) *

၁၉။ ဆင်းရဲ​တဲ့ မုဆိုးမနဲ့​ပတ်သက်​တဲ့ ယေရှုရဲ့ စကား​တွေ​ကနေ ဘယ်​အရေးကြီး သင်ခန်းစာ သင်ယူ​နိုင်​သလဲ။

၁၉ မှတ်တမ်း​ကို ဘဝမှာ လက်တွေ့​ကျင့်သုံး​ပါ။ ‘ဆင်းရဲ​တဲ့ မုဆိုးမနဲ့​ပတ်သက်​တဲ့ ယေရှုရဲ့ စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ မုဆိုးမ​အကြောင်း စဉ်းစား​ကြည့်​ပါ။ ယေဟောဝါ​ကို ဒီ့​ထက်မက ပေး​ချင်​ပေမဲ့ ရှိ​ထား​တဲ့ အကောင်းဆုံး​ကို ပေး​ခဲ့တယ်။ မုဆိုးမရဲ့ အလှူငွေဟာ ဖခင်​ ယေဟောဝါ​အတွက် တန်ဖိုး​ရှိ​မှန်း ယေရှု သိတယ်။ အရေးကြီးတဲ့ သင်ခန်းစာ​က​တော့ အမှုတော်မှာ ကျွန်တော်​တို့ စိတ်နှလုံး အကြွင်းမဲ့ အတတ်နိုင်ဆုံး ပေးဆက်​တာ​ကို ယေဟောဝါ နှစ်သက်တယ် ဆိုတာ​ပါ​ပဲ။ (မ. ၂၂:၃၇။ ကော. ၃:၂၃) ကျွန်တော်​တို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေ​တာ​ကို ကြည့်​ပြီး ယေဟောဝါ သိပ်​ပျော်​တယ်။ ဒါက အမှုဆောင်​လုပ်ငန်း၊ အစည်းအဝေး အပါအဝင် ဝတ်ပြုရေး​အတွက် ကျွန်တော်​တို့ သုံးတဲ့ အချိန်၊ ခွန်အား​တွေ​နဲ့​လည်း သက်ဆိုင်တယ်။

၂၀။ ဆင်းရဲ​တဲ့ မုဆိုးမ မှတ်တမ်းကနေ ရတဲ့ သင်ခန်းစာ​ကို ဘယ်လို လက်တွေ့​ကျင့်သုံး​နိုင်​သလဲ။ ဥပမာ​ပေး​ပါ။

၂၀ ဆင်းရဲ​တဲ့ မုဆိုးမ မှတ်တမ်းကနေ ရတဲ့ သင်ခန်းစာ​ကို ဘယ်လို လက်တွေ့​ကျင့်သုံး​နိုင်​သလဲ။ ကိုယ့်လုပ်ဆောင်မှုတွေကို ယေဟောဝါ နှစ်သက်​ရဲ့​လားလို့ စိုးရိမ်​နေ​သူ တစ်ယောက်ယောက်​ကို သိသလား။ ဥပမာ၊ ကျန်းမာ​ရေး မကောင်း​လို့၊ ခွန်အား သိပ်​မရှိလို့ အရင်က​လောက် အမှုဆောင်မှာ မပါဝင်နိုင်​တဲ့​အတွက် အပြစ်​ရှိတယ်၊ အသုံးမကျ​ဘူးလို့ ခံစား​နေရ​တဲ့ သက်ကြီး ညီအစ်မ တစ်ယောက်ယောက်​ကို သိသလား။ နာတာရှည် ရောဂါ ခံစား​နေရ​လို့ အစည်းအဝေး မတက်​နိုင်​ဘဲ စိတ်ဓာတ်​ကျနေ​တဲ့ ညီအစ်ကို တစ်ယောက်ယောက်​ကို သိသလား။ “ကောင်း​တဲ့​စကား​ကိုပဲ အပြုသဘော​ပါပါ” ပြော​ခြင်း​အားဖြင့် သူတို့ကို ကူညီပေး​ပါ။ (ဧ. ၄:၂၉) ဆင်းရဲ​တဲ့ မုဆိုးမ မှတ်တမ်းကနေ သိလာ​တာ​တွေ​အကြောင်း ပြောပြ​ပါ။ အားပေးမှု ဖြစ်စေ​တဲ့ သင့်​စကား​တွေ​က မိမိတို့ရဲ့ အတတ်နိုင်ဆုံး ပေးဆက်မှုကို ယေဟောဝါ နှစ်သက်​ကြောင်း စိတ်ချ​လာအောင် ကူညီပေး​နိုင်တယ်။ (ပညာ. ၁၅:၂၃။ ၁ သက်. ၅:၁၁) ဘယ်လောက် သေးငယ်​တာ​လေး​ပဲ ဖြစ်ပါစေ ယေဟောဝါ​ကို အတတ်နိုင်​ဆုံး ပေးဆက်​နေတာ​တွေ​အတွက် ချီးမွမ်း​ပေး​တာဟာ ယေရှုရဲ့ ခြေရာ​ကို ထက်ကြပ်​မကွာ လိုက်လျှောက်​ရာ ရောက်​တယ်။

၂၁။ ဘာလုပ်ဖို့ သင် စိတ်ပိုင်းဖြတ်​ထား​သလဲ။

၂၁ ခရစ်ဝင်​ကျမ်း​တွေ​က ယေရှုရဲ့ ဘဝ​အသက်တာနဲ့​ပတ်သက်​တဲ့ အသေးစိတ်​ အချက်​တွေ​ကို ဖော်ပြ​ပေး​လို့ ကျေးဇူး​တင်စရာ​ပါ​ပဲ။ အဲဒီ​ကျမ်း​တွေ​ကြောင့် ယေရှုကို ကျွန်တော်​တို့ တုပ​နိုင်​ပြီး ခြေရာ​ကို ထက်ကြပ်​မကွာ လိုက်လျှောက်​နိုင်တယ်။ ဒါ​ကြောင့် ခရစ်ဝင်​ကျမ်း​တွေ​ကို ကိုယ်ပိုင် ဖြစ်စေ၊ မိသားစု ဝတ်ပြုမှု​မှာ ဖြစ်စေ လေ့လာ​ဖို့ အစီအစဉ် ဆွဲပါ။ လေ့လာမှု​ကနေ အကျိုး အပြည့်အဝ ရဖို့ မှတ်တမ်း​ကို အသက်​ဝင်စေပါ။ ဘဝမှာ လက်တွေ့​ကျင့်သုံး​ပါ။ ယေရှု လုပ်ဆောင်တာ​ကို တုပ​ရုံ​သာမက ပြော​တဲ့​ စကား​ကို နားထောင်ဖို့​လည်း လိုတယ်။ လူသား​တစ်ယောက်​အနေ​နဲ့ ယေရှု ပြော​ခဲ့​တဲ့ နောက်ဆုံး​စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​ကြောင်း နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

သီချင်း ၁၅ ယေဟောဝါ​ရဲ့ သားဦး​ကို ကြိုဆို​ဂုဏ်ပြု

^ အပိုဒ်၊ 5 ခရစ်ယာန်စစ်​တွေ​ဟာ ယေရှုရဲ့ “ခြေရာ​ကို ထက်ကြပ်​မကွာ လိုက်လျှောက်” ဖို့ လိုတယ်။ ကျွန်တော်​တို့ လိုက်လျှောက်ဖို့ ဘယ် “ခြေရာ” ယေရှု ချန်​ထားခဲ့​သလဲ။ အဲဒီ​မေးခွန်း​ကို ဒီဆောင်းပါး​မှာ ဖြေပေး​ပါ​မယ်။ ယေရှုရဲ့ ခြေရာ​ကို ဘာကြောင့် လိုက်လျှောက်သင့်​ကြောင်း၊ ဘယ်လို လိုက်လျှောက်​နိုင်​ကြောင်းကို​လည်း ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 60 ပုံအညွှန်း– ဆင်းရဲ​တဲ့ မုဆိုးမနဲ့​ပတ်သက်ပြီး ယေရှု ပြောခဲ့​တာ​ကို တွေးတော​ဆင်ခြင်​ပြီး​နောက် ညီအစ်မတစ်ယောက်​ဟာ အမှုတော်မှာ စိတ်နှလုံး အကြွင်းမဲ့ ပါဝင်​နေတဲ့ သက်ကြီး ညီအစ်မကို ချီးမွမ်း​နေ။