မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၅

ယေရှု ပြောခဲ့တဲ့ နောက်ဆုံးစကားတွေကနေ သင်ယူပါ

ယေရှု ပြောခဲ့တဲ့ နောက်ဆုံးစကားတွေကနေ သင်ယူပါ

“သူဟာ ငါ​မြတ်နိုးတဲ့ ငါ့ရဲ့ ချစ်​သား​ပဲ။ သူ့​စကား​ကို နားထောင်​ကြ။”—မ. ၁၇:၅

သီချင်း ၁၇ “ငါ​ဆန္ဒရှိ”

အကြို​သုံးသပ်ချက် *

၁-၂။ ဘယ်လို​အခြေအနေ​မှာ နောက်ဆုံး​စကား​တွေ ယေရှု ပြော​ခဲ့​သလဲ။

အေဒီ ၃၃၊ နိသန်လ ၁၄ ရက်မှာ ဖြစ်တယ်။ ယေရှုဟာ ကိုယ်​မကျူးလွန်​ထား​တဲ့ အပြစ်​အတွက် မတရား စွပ်စွဲ​ခံရ၊ ပြစ်ဒဏ် စီရင်ခံ​ရပြီး​နောက် လှောင်ပြောင်၊ ညှဉ်းဆဲ​ခံရ​ပြီး သစ်တိုင်​မှာ သံနဲ့ ရိုက်ခံရ​တယ်။ ယေရှုရဲ့ လက်နဲ့ ခြေထောက်​ထဲ သံချောင်း​တွေ စိုက်​ဝင်​သွားတယ်။ အသက်ရှူ​လိုက်​တိုင်း၊ စကား တစ်ခွန်း ပြောလိုက်​တိုင်း တဆစ်ဆစ် နာကျင်​တယ်။ ဒါပေမဲ့ ယေရှုမှာ မပြော​မဖြစ် ပြောစရာ​တွေ ရှိတယ်။

သစ်တိုင်ပေါ် သေဆုံး​ခါနီး ယေရှု ပြော​ခဲ့​တဲ့ စကား​တွေ၊ အဲဒီ​စကား​တွေ​ကနေ သင်ယူနိုင်တဲ့ သင်ခန်းစာတွေကို ဆွေးနွေး​ကြည့်​ကြ​စို့။ တစ်နည်း​အားဖြင့် ယေရှုရဲ့ “စကား​ကို နားထောင်” ကြည့်​ကြ​စို့။—မ. ၁၇:၅

“အဖ၊ သူတို့ကို ခွင့်လွှတ်​ပါ”

၃။ “အဖ၊ သူတို့ကို ခွင့်လွှတ်​ပါ” လို့ ယေရှု ပြော​တာ ဘယ်သူတွေကို ရည်ညွှန်း​နေတာ ဖြစ်​နိုင်​သလဲ။

ယေရှု ဘာ​ပြော​ခဲ့​သလဲ။ သစ်တိုင်ပေါ် သံနဲ့ ရိုက်​ထား​ခံရ​ချိန်မှာ “အဖ၊ သူတို့ကို ခွင့်လွှတ်​ပါ” လို့ ယေရှု ဆုတောင်း​တယ်။ ဘယ်သူ့ကို ခွင့်လွှတ်​ရမှာ​လဲ။ ယေရှု ဆက်​ပြော​တဲ့ စကား​မှာ သဲလွန်စ ပါ​တယ်။ “သူတို့ ဘာလုပ်​နေမှန်း သူတို့ မသိကြဘူး” လို့ ပြော​တယ်။ (လု. ၂၃:၃၃၊ ၃၄) မိမိရဲ့ လက်နဲ့ ခြေ​ကို သံနဲ့ ရိုက်တဲ့ ရောမ​စစ်သား​တွေ​ကို ရည်ညွှန်း​နေ​ပုံ​ရတယ်။ ယေရှု ဘယ်သူ​မှန်း သူတို့ မသိကြဘူး။ ယေရှုကို သတ်ပစ်ဖို့ တောင်းဆို​တဲ့ လူအုပ်​ထဲမှာ နောက်ပိုင်း ယုံကြည်သူ ဖြစ်လာမယ့်​သူတွေလည်း ရှိတယ်။ သူတို့ကို ရည်ညွှန်း​နေတာလည်း ဖြစ်​နိုင်တယ်။ (တ. ၂:၃၆-၃၈) ယေရှုဟာ ကြုံ​ရတဲ့ မတရားမှုတွေ​ကြောင့် စိတ်​နာကြည်း​တာ​မျိုး မဖြစ်ခဲ့ဘူး။ (၁ ပေ. ၂:၂၃) အဲဒီအစား မိမိကို သတ်​တဲ့​သူတွေကို ခွင့်လွှတ်​ဖို့​တောင် ယေဟောဝါ​ဆီ တောင်းဆို​ပေး​တယ်။

၄။ ဆန့်ကျင်သူ​တွေ​ကို ကြည်ကြည်​ဖြူဖြူ ခွင့်လွှတ်​တဲ့ ယေရှု​ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ။

ယေရှုရဲ့ စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ယေရှု​လို​ပဲ ကျွန်တော်​တို့​လည်း တခြား​သူတွေကို ကြည်ကြည်​ဖြူဖြူ ခွင့်လွှတ်​ဖို့ လိုတယ်။ (ကော. ၃:၁၃) ဆွေမျိုး​တွေ အပါအဝင် တချို့က ကျွန်တော်​တို့​ရဲ့ ယုံကြည်ချက်​အကြောင်း၊ ဘဝ​လမ်းစဉ်​အကြောင်း မသိလို့ ဆန့်ကျင်​နေတာ ဖြစ်​နိုင်တယ်။ ကျွန်တော်​တို့​အကြောင်း မဟုတ်မမှန် ပြော​တာ၊ လူရှေ့​သူရှေ့ အရှက်ခွဲ​တာ၊ စာပေ​တွေ ဖျက်ဆီး​တာ၊ ကိုယ်ထိ​လက်ရောက် ဒုက္ခ​ပေး​မယ်​လို့ ခြိမ်းခြောက်​တာ​တောင် ရှိ​နိုင်တယ်။ စိတ်​နာကြည်း​နေမယ့်​အစား အမှန်တရားကို သူတို့ တစ်နေ့ မြင်​လာအောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်းပေး​နိုင်တယ်။ (မ. ၅:၄၄၊ ၄၅) ခွင့်လွှတ်​ဖို့ ခက်​တဲ့​အခါ​တွေ ရှိ​နိုင်တယ်။ အထူးသဖြင့် အကြီးအကျယ် မတရား​ခံရတဲ့​အခါမျိုးမှာ ဖြစ်တယ်။ ဒါပေမဲ့ စိတ်​နာကြည်း​နေမယ်​ဆိုရင် ကိုယ်​ပဲ ထိခိုက်​မယ်။ ညီအစ်မ​တစ်ယောက် ဒီလို​ပြော​တယ်– “ခွင့်လွှတ်​တယ်​ဆိုတာ တခြားသူ လုပ်ရပ် မှန်တယ်လို့ ဇွတ်​မှိတ်​ထင်တာ​မျိုး၊ ကိုယ့်​ကို လုပ်ချင်​တာ လုပ်ပါ​စေ​လို့ ခွင့်ပြု​တာ​မျိုးကို မဆိုလို​ဘဲ စိတ်​နာကြည်း​မနေ​တာ​ကို ဆိုလို​တယ်။” (ဆာ. ၃၇:၈) ဒါ​ကြောင့် တခြား​သူတွေကို ခွင့်လွှတ်​တယ်​ဆိုရင် ဖြစ်​ခဲ့​တာ​တွေ​ကြောင့် စိတ်​နာကြည်း​နေမှာ မဟုတ်ဘူး။—ဧ. ၄:၃၁၊ ၃၂

“ခင်ဗျား​ဟာ ကျွန်တော်​နဲ့​အတူ ပရဒိသု​မှာ ရှိ​လိမ့်မယ်”

၅။ မိမိ​ဘေးမှာ သစ်တိုင်​တင်​ခံရ​တဲ့ ရာဇဝတ်သား​တစ်ယောက်ကို ယေရှု ဘယ်လို ကတိပေး​သလဲ။ ဘာကြောင့်လဲ။

ယေရှု ဘာ​ပြော​ခဲ့​သလဲ။ ယေရှု​ဘေးမှာ ရာဇဝတ်သား နှစ်ယောက် သစ်တိုင်တင်​ခံရ​တယ်။ အစပိုင်း​မှာ သူတို့​နှစ်ယောက်စလုံး ယေရှုကို ကဲ့ရဲ့​ပြောဆို​ကြတယ်။ (မ. ၂၇:၄၄) ဒါပေမဲ့ နောက်ပိုင်း​မှာ တစ်ယောက်​က သဘောထား ပြောင်း​သွားတယ်။ ယေရှု “ဘာ​ပြစ်မှု​မှ မကျူးလွန်” မှန်း သဘောပေါက်​သွားတယ်။ (လု. ၂၃:၄၀၊ ၄၁) ယေရှု သေ​ရာ​ကနေ ပြန်ထ​မြောက်ပြီး တစ်နေ့​မှာ ဘုရင် ဖြစ်​မယ်​ဆိုတာ ယုံကြည်တယ်လို့​လည်း ထုတ်ပြော​တယ်။ “သခင်​ယေရှု၊ ဘုရင် ဖြစ်​တဲ့​အခါ ကျွန်တော့်​ကို သတိရပါ” လို့ ပြော​တယ်။ (လု. ၂၃:၄၂) တကယ့် ယုံကြည်ခြင်း​ပါ​ပဲ။ ဒါ​ကြောင့် “ဒီနေ့ ကျွန်တော် မှန်တာကို ပြော​မယ်။ ခင်ဗျား​ဟာ ကျွန်တော်​နဲ့​အတူ ပရဒိသု​မှာ ရှိ​လိမ့်မယ်” * လို့ ယေရှု ကတိပေး​တယ်။ (လု. ၂၃:၄၃) “ကျွန်တော်၊” “ခင်ဗျား” ဆို​တဲ့ အသုံးအနှုန်းက ရာဇဝတ်သားကို ယေရှု သတ်သတ်မှတ်မှတ် ကတိပေး​နေတာ ဖြစ်​ကြောင်း ဖော်ပြ​တယ်။ မိမိ​ဖခင်​ဟာ ကရုဏာ ရှိသူ ဖြစ်မှန်း ယေရှု သိတဲ့​အတွက် သေဆုံး​ခါနီး ရာဇဝတ်သားကို မျှော်လင့်ချက် ပေး​တဲ့ စကား​တွေ ပြော​ခဲ့တယ်။—ဆာ. ၁၀၃:၈

၆။ ရာဇဝတ်သားကို ပြော​တဲ့ ယေရှုရဲ့ စကား​တွေ​ကနေ ဘာ​သင်ယူ​ရသလဲ။

ယေရှုရဲ့ စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ယေရှုဟာ ဖခင်​ကို ပြည့်ဝ​စုံလင်စွာ တုပ​တယ်။ (ဟီ. ၁:၃) ယေဟောဝါ​ဟာ ကျွန်တော်​တို့ကို ခွင့်လွှတ်​ဖို့၊ ကရုဏာ ပြဖို့ အသင့်​ရှိတယ်။ ဒါပေမဲ့ အရင်က လုပ်ခဲ့တဲ့ အပြစ်တွေ​အတွက် စစ်မှန်​တဲ့ နောင်တ ရပြီး ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာ​ကို ယုံကြည်​ကြောင်း ပြ​ရမယ်။ (၁ ယော. ၁:၇) ဒါပေမဲ့ အရင်က လုပ်ခဲ့တဲ့ အပြစ်တွေ​ကို ယေဟောဝါ ခွင့်လွှတ်​ရဲ့​လား​ဆိုတာ ယုံဖို့ တချို့​အတွက် ခက်​နေ​နိုင်တယ်။ သင်လည်း အဲဒီလို ခံစား​နေ​ရတယ်​ဆိုရင် ဒီ​အချက်​ကို စဉ်းစား​ကြည့်ပါ– ယေရှု မသေဆုံးခင်​လေးမှာ ဘေး​က ရာဇဝတ်သားကို ကရုဏာ ပြ​ခဲ့တယ်။ ယုံကြည်ခြင်း အတော်အတန် ရှိပေမဲ့ ဘာလုပ်ရပ်​နဲ့​မှ မပြ​ရသေးတဲ့ ရာဇဝတ်သား​တောင် ကရုဏာ ပြ​ခံရ​တယ်​ဆိုရင် ပညတ်​တွေ​ကို အတတ်နိုင်ဆုံး နာခံ​နေတဲ့ သစ္စာ​ရှိသူတွေကို ယေဟောဝါ ပို​လို့​တောင် ကရုဏာ ပြ​မယ်​ဆိုတာ စိတ်ချ​နိုင်တယ်။—ဆာ. ၅၁:၁။ ၁ ယော. ၂:၁၊ ၂

‘သူဟာ အမေ့​သား၊ . . . သူဟာ ခင်ဗျား​ရဲ့ အမေ’

၇။ ယောဟန် ၁၉:၂၆၊ ၂၇ အရ မာရိနဲ့ ယောဟန်​ကို ယေရှု ဘာ​ပြော​သလဲ။ ဘာကြောင့်လဲ။

ယေရှု ဘာ​ပြော​ခဲ့​သလဲ။ (ယောဟန် ၁၉:၂၆၊ ၂၇ ကို​ဖတ်ပါ။) မုဆိုးမ ဖြစ်နေ​ပုံ​ရတဲ့ မိခင်​အတွက် ယေရှု စိတ်ပူ​တယ်။ မိခင်ရဲ့ ရုပ်ပိုင်း​လိုအပ်ရာ​တွေ​ကို ဂရုစိုက်​ပေး​မယ့် မောင်နှမ​တွေ ရှိပေမဲ့ ဘုရားရေးရာ လိုအပ်ချက်​တွေ​ကို ဘယ်သူ ဂရုစိုက်​ပေး​မလဲ။ အဲဒီ​အချိန်တုန်းက ညီ​တစ်ယောက်မှ တပည့် ဖြစ်​ပုံ မရသေး​ဘူး။ ဒါပေမဲ့ ယောဟန်​က​တော့ ယေရှုရဲ့ သစ္စာရှိ တမန်​တော်၊ အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်တယ်။ မိမိ​နဲ့​အတူ ယေဟောဝါ​ကို ဝတ်ပြု​နေသူတွေကို မိသားစုဝင်​တွေ​အဖြစ် ယေရှု သဘောထား​တယ်။ (မ. ၁၂:၄၆-၅၀) မိခင်​မာရိ​ကို ယေရှု ချစ်​ပြီး စိတ်ပူ​တဲ့​အတွက် မာရိရဲ့ ဘုရားရေးရာ လိုအပ်ချက်​တွေ​ကို ဂရုစိုက်​ပေးဖို့ ယောဟန်​လက်ထဲ အပ်​ခဲ့တယ်။ မာရိ​ကို “အမေ၊ အခုချိန်​ကစပြီး သူဟာ အမေ့​သား ဖြစ်သွား​ပြီ​နော်” လို့ ပြော​တယ်။ ယောဟန်​ကိုလည်း “အခု​ချိန်​ကစပြီး သူဟာ ခင်ဗျား​ရဲ့ အမေ ဖြစ်သွား​ပြီ” လို့ ပြော​တယ်။ အဲဒီ​နေ့​ကစပြီး မာရိ​ကို မိခင်​တစ်ယောက်လို သဘောထား​ပြီး ယောဟန် စောင့်ရှောက်​ပေး​တယ်။ မိမိကို မွေး​ကတည်းက မေတ္တာနဲ့ ဂရုစိုက်​စောင့်ရှောက်​ပေး​ခဲ့​တဲ့၊ အခု သေဆုံး​ခါနီး​မှာလည်း အနားမှာ ရှိနေ​ပေး​တဲ့ ဒီ​အမျိုးသမီးကို သိပ်​ချစ်​ကြောင်း ယေရှု ပြ​လိုက်တာပါပဲ။

၈။ မာရိနဲ့ ယောဟန်​ကို ပြော​တဲ့ ယေရှုရဲ့ စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

ယေရှုရဲ့ စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ကျွန်တော်​တို့ကို မိသားစုဝင်​တွေ ဆန့်ကျင်​တာ၊ စွန့်ပစ်​တာ​တောင် ရှိ​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ​နဲ့ အဖွဲ့အစည်း​အပေါ် ဆက်​သစ္စာ​ရှိမယ်​ဆိုရင် ယေရှု ကတိပေး​ခဲ့​တဲ့​အတိုင်း ကိုယ်​စွန့်လွှတ်​လိုက်ရ​တာ​ထက် “အဆ ၁၀၀” ပြန်​ရမယ်။ ညီအစ်ကို/မများ​စွာ​ဟာ ကျွန်တော်​တို့အတွက် သား၊ သမီး၊ မိခင်၊ ဖခင်​လို ဖြစ်လာ​တဲ့​အတွက် မိသားစု အရင်း​အချာ​တွေ​ထက် ပို​ချစ်တာ​မျိုး​တောင် ဖြစ်လာ​နိုင်တယ်။ (မာ. ၁၀:၂၉၊ ၃၀) ယုံကြည်ခြင်း​ကြောင့်၊ ယေဟောဝါ​နဲ့ အချင်းချင်း​ကို ချစ်တဲ့ မေတ္တာ​ကြောင့် စည်းလုံး​နေတဲ့ မိသားစုဝင် ဖြစ်​ရတာ သင် ဘယ်လို ခံစား​ရသလဲ။—ကော. ၃:၁၄။ ၁ ပေ. ၂:၁၇

“ကျွန်တော့်​ဘုရား၊ ကျွန်တော့်​ကို ဘာလို့ စွန့်ပစ်​တာလဲ”

၉။ မဿဲ ၂၇:၄၆ မှာ ပါတဲ့ ယေရှုရဲ့ စကား​တွေ​ကနေ ဘာ​သိရသလဲ။

ယေရှု ဘာ​ပြော​ခဲ့​သလဲ။ သေဆုံး​ခါနီး​လေးမှာ “ကျွန်တော့်​ဘုရား၊ ကျွန်တော့်​ဘုရား၊ ကျွန်တော့်​ကို ဘာလို့ စွန့်ပစ်​တာလဲ” လို့ ယေရှု အော်ပြော​တယ်။ (မ. ၂၇:၄၆) ဘာကြောင့် အဲဒီလို ပြော​တယ်​ဆိုတာ​တော့ ကျမ်းစာ​မှာ မရှင်းပြ​ထား​ဘူး။ ဒါပေမဲ့ အဲဒီ​စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​ကြောင်း စဉ်းစား​ကြည့်​ပါ။ တစ်ချက်​အနေ​နဲ့ ယေရှု အဲဒီ​စကား​တွေ ပြော​တာ​က ဆာလံ ၂၂:၁ * မှာပါတဲ့ ပရောဖက်ပြုချက် ပြည့်စုံ​စေဖို့ ဖြစ်တယ်။ အဲဒီအပြင် သားတော်ကို ယေဟောဝါ “ကာကွယ်” မပေး​ထား​ကြောင်း​လည်း အဲဒီ​စကား​တွေ​က ဖော်ပြ​တယ်။ (ယောဘ ၁:၁၀) ဘယ်​လူသား​မှ စမ်းသပ်​မခံရ​ဖူး​တဲ့ အတိုင်းအတာ​နဲ့ သေဆုံး​တဲ့​အထိ စမ်းသပ်ခံ​ရဖို့ ဖခင် ခွင့်ပြု​မယ်​ဆိုတာ ယေရှု သိတယ်။ သေဒဏ် ခံထိုက်​တဲ့ ဘယ်​ပြစ်မှု​မှ မကျူးလွန်​ခဲ့​ဘူးဆို​တာ​လည်း ယေရှုရဲ့ စကား​တွေ​က ဖော်ပြ​တယ်။

၁၀။ ယေရှုရဲ့ စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၀ ယေရှုရဲ့ စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ သင်ခန်းစာ တစ်ခု​က​တော့ ယုံကြည်ခြင်း စမ်းသပ်မှု ဖြစ်စေ​တဲ့ အခက်အခဲ​တိုင်း​ကနေ ယေဟောဝါ ကာကွယ်​ပေး​မယ်​လို့ မမျှော်လင့်သင့်ဘူး ဆိုတာ​ပဲ။ အဆုံးစွန်​အထိ စမ်းသပ်​ခံရ​တဲ့ ယေရှု​လို​ပဲ ကျွန်တော်​တို့​လည်း လိုအပ်​လာ​ရင် သေ​တဲ့​အထိ သစ္စာ​ရှိဖို့ ပြင်ဆင်​ထား​ရမယ်။ (မ. ၁၆:၂၄၊ ၂၅) ဒါပေမဲ့ မခံနိုင်​လောက်​တဲ့ စမ်းသပ်မှု​ကို​တော့ ဘုရား ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ စိတ်ချ​ပါ။ (၁ ကော. ၁၀:၁၃) သင်ခန်းစာ နောက်တစ်ခု​က​တော့ ယေရှု​လို​ပဲ ကျွန်တော်​တို့​လည်း မတရား နှိပ်စက်​ခံရ​နိုင်တယ် ဆိုတာ​ပဲ။ (၁ ပေ. ၂:၁၉၊ ၂၀) ကျွန်တော်​တို့​ဘက်က အမှား လုပ်မိ​လို့ ဆန့်ကျင်သူ​တွေ နှိပ်စက်တာ မဟုတ်ဘူး။ ဒီ​လောက​နဲ့ မပတ်သက်လို့၊ အမှန်တရားကို သက်သေခံ​လို့ နှိပ်စက်​ကြ​တာ။ (ယော. ၁၇:၁၄။ ၁ ပေ. ၄:၁၅၊ ၁၆) မိမိ နှိပ်စက်​ခံရ​ဖို့ ယေဟောဝါ ဘာကြောင့် ခွင့်ပြု​မှန်း ယေရှု သိတယ်။ ဒါပေမဲ့ သစ္စာရှိ ကျေးကျွန်​တချို့က​တော့ ငါ့​ကျ​မှ ယေဟောဝါ ဘာလို့ ဒီလို​ခွင့်ပြု​တာလဲ​လို့ တွေးမိ​တဲ့​အခါ​တွေ ရှိ​နိုင်တယ်။ (ဟဗ. ၁:၃) အဲဒီလို တွေးတာ ယုံကြည်ခြင်း မရှိလို့ မဟုတ်ဘဲ ဘုရား​ပဲ ပေး​နိုင်​တဲ့ နှစ်သိမ့်မှု လို​နေလို့ ဖြစ်မှန်း ကရုဏာ​ကြီး​တဲ့ ဘုရား နားလည်တယ်။—၂ ကော. ၁:၃၊ ၄

“ရေ​ဆာ​လိုက်တာ”

၁၁။ ယောဟန် ၁၉:၂၈ မှာ ပါတဲ့ စကား​တွေ​ကို ယေရှု ဘာကြောင့် ပြော​ခဲ့​သလဲ။

၁၁ ယေရှု ဘာ​ပြော​ခဲ့​သလဲ။ (ယောဟန် ၁၉:၂၈ ကို​ဖတ်ပါ။) “ရေ​ဆာ​လိုက်တာ” လို့ ယေရှု ပြော​တယ်။ အဲဒီလို ပြော​တာ “အားအင်​ကုန်ခန်း​ပြီး အိုး​ခြမ်း​ပဲ့​လို ဖြစ်နေ​ပြီ။ လျှာ​က​လည်း အာခေါင်​မှာ ကပ်​နေပြီ” ဆို​တဲ့ ဆာလံ ၂၂:၁၅ မှာ ပါ​တဲ့ “ကျမ်း​စကား ပြည့်စုံ​ဖို့” ပါ။ သစ်တိုင်ပေါ် မချိမဆံ့ ဝေဒနာ ခံရ​တဲ့​အပြင် နှိပ်စက်​ခံ​ထား​ရတဲ့ ဒဏ်​ကြောင့် ယေရှု သိပ်​ရေ​ဆာ​နေတာ ဖြစ်​မယ်။ ရေငတ်​ပြေ​အောင် ရေတိုက်​မယ့်​သူ လို​နေတယ်။

၁၂။ “ရေ​ဆာ​လိုက်တာ” ဆို​တဲ့ ယေရှုရဲ့ စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၂ ယေရှုရဲ့ စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ကိုယ့်​ခံစားချက်​တွေ​ကို ထုတ်ပြော​တာ​ဟာ အားနည်းတဲ့ လက္ခဏာ​ပဲ​လို့ ယေရှု မယူဆ​ဘူး။ ကျွန်တော်​တို့​လည်း အဲဒီလို မယူဆ​သင့်​ဘူး။ တချို့က တခြား​သူတွေဆီ​ကနေ အကူအညီ မတောင်း​ချင်​ကြဘူး။ ဒါပေမဲ့ လိုအပ်​လာ​ရင်​တော့ တခြား​သူတွေဆီ အကူအညီ​တောင်း​ဖို့ မတွန့်ဆုတ်​သင့်​ဘူး။ ဥပမာ၊ အသက်ကြီးသူ၊ မကျန်းမာ​သူ ဖြစ်​မယ်​ဆိုရင် ဈေး ဒါမှ​မဟုတ် ဆေးခန်း လိုက်​ပို့​ပေးဖို့ မိတ်ဆွေ​တစ်ယောက်​ဆီ အကူအညီ တောင်း​နိုင်တယ်။ စိတ်ဓာတ်ကျ​နေ​သူ ဖြစ်မယ်​ဆိုရင် အကြီးအကဲ ဒါမှ​မဟုတ် ရင့်ကျက်တဲ့ မိတ်ဆွေ​ဆီ အကူအညီ တောင်း​နိုင်တယ်။ သူတို့က ကိုယ့်​စကား​ကို နားထောင်ပေး​ပြီး စိတ်အားတက်​စေ​တဲ့၊ ‘ကောင်း​တဲ့ စကား’ တွေ ပြောပေး​နိုင်တယ်။ (ပညာ. ၁၂:၂၅) ကျွန်တော်​တို့ကို ညီအစ်ကို/မတွေ ချစ်​ကြောင်း၊ “ဒုက္ခ​ရောက်ချိန်” မှာ ကူညီပေး​ချင်​ကြောင်း သတိရပါ။ (ပညာ. ၁၇:၁၇) ဒါပေမဲ့ ကိုယ့်​စိတ်ထဲ ဘာ​ရှိနေတယ်​ဆိုတာ သူတို့ မသိ​ဘူး။ ကိုယ့်​ဘက်က အစ​ပြုပြီး ဖွင့်​မပြော​မချင်း ကိုယ်​အကူအညီ လို​နေမှန်း သူတို့ သိနိုင်​မှာ မဟုတ်ဘူး။

“အဖ ခိုင်းသမျှ ကျွန်တော် လုပ်ပြီးပါပြီ”

၁၃။ သေ​တဲ့​အထိ သမာဓိ စောင့်ထိန်းခြင်း​အားဖြင့် ယေရှု ဘာတွေ ပြီးမြောက်​နိုင်​ခဲ့​သလဲ။

၁၃ ယေရှု ဘာ​ပြော​ခဲ့​သလဲ။ “အဖ ခိုင်းသမျှ ကျွန်တော် လုပ်ပြီးပါပြီ” လို့ နိသန် ၁၄၊ မွန်းလွဲ သုံးနာရီ​လောက်​မှာ ယေရှု ပြော​တယ်။ (ယော. ၁၉:၃၀) မိမိ မသေ​ခင် ယေဟောဝါ စေခိုင်း​သမျှ​ကို ယေရှု ပြီး​အောင် လုပ်ခဲ့တယ်။ သေ​တဲ့​အထိ သမာဓိ စောင့်ထိန်းခြင်း​အားဖြင့် အရာများ​စွာ​ကို ယေရှု ပြီးမြောက်​စေတယ်။ ပထမ၊ စာတန်​ဟာ မုသာကောင် ဖြစ်​ကြောင်း သက်သေထူ​နိုင်​ခဲ့တယ်။ စာတန် ဘယ်လောက်​ပဲ သွေးဆောင်ပါ​စေ စုံလင်​တဲ့ လူသားဟာ အပြည့်အဝ သမာဓိ စောင့်ထိန်း​နိုင်​ကြောင်း ပြ​ခဲ့တယ်။ ဒုတိယ၊ မိမိ​အသက်ကို ရွေးဖိုး​အဖြစ် ယေရှု ပေး​နိုင်​ခဲ့တယ်။ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာ​ကြောင့် မစုံလင်​တဲ့ လူသားတွေဟာ ဘုရား​ရှေ့ ဖြောင့်မတ်​တဲ့ အနေအထား ရဖို့၊ ထာဝရ​အသက် ရဖို့ လမ်းပွင့်​သွားတယ်။ တတိယ၊ ယေဟောဝါ​ရဲ့ အချုပ်အခြာ အာဏာကို အပြည့်အဝ ထောက်ခံ​ပြီး ဖခင်​ရဲ့ နာမည် သံသယ ကင်းရှင်း​အောင် လုပ်ဆောင်​နိုင်​ခဲ့တယ်။

၁၄။ နေ့ရက်​တိုင်း ဘယ်လို အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်​ထား​သင့်သလဲ။ ရှင်းပြပါ။

၁၄ ယေရှုရဲ့ စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ကျွန်တော်​တို့​လည်း နေ့တိုင်း သမာဓိ စောင့်ထိန်း​ဖို့ စိတ်ပိုင်းဖြတ်​ထား​ရမယ်။ ဂိလဒ်​သင်တန်း ပို့ချ​သူ​အဖြစ် အမှုဆောင်ခဲ့တဲ့ ညီအစ်ကို မက်စ်​ဝဲ ဖရန့်​က သစ္စာရှိ​ခြင်း​နဲ့​ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အစည်းအဝေးပွဲ​တစ်ခု​မှာ ဒီလို​ပြော​တယ်– “ဒီနေ့ လုပ်နိုင်၊ ပြော​နိုင်တာ တစ်ခုခု​ကို မနက်ဖြန်​အထိ မရွှေ့ဆိုင်း​ပါ​နဲ့။ မနက်ဖြန်​အထိ ကိုယ်​အသက်ရှင်နေ​မလား​ဆိုတာ မသေချာ​ဘူး။ ထာဝစဉ် အသက်ရှင်​ထိုက်​သူ ဖြစ်တယ်​ဆိုတာ သက်သေ​ပြဖို့ ဒီနေ့ဟာ နောက်ဆုံး​အခွင့်အရေး​ပဲ​လို့ သဘောထား​ပြီး နေ့ရက်​တိုင်း အသက်ရှင်ပါ။” ဒါကြောင့် သမာဓိ စောင့်ထိန်းမှု​ကို ပြဖို့ နောက်ဆုံး​အခွင့်အရေး​အဖြစ် သဘောထား​ပြီး နေ့ရက်​တိုင်း အသက်ရှင်​ကြပါစို့။ ဒါဆိုရင် သေခြင်းကို ရင်ဆိုင်​ရတဲ့အခါ​မှာ​တောင် “ယေဟောဝါ၊ ကျွန်တော် အတတ်နိုင်ဆုံး သမာဓိ စောင့်ထိန်း​ခဲ့ပြီ။ စာတန်​ဟာ မုသာကောင် ဖြစ်​ကြောင်း သက်သေထူ​ခဲ့ပြီ။ ကိုယ်တော့်​နာမည်​နဲ့ အချုပ်အခြာအာဏာကို သံသယ ကင်းရှင်း​စေ​ခဲ့ပြီ” လို့ ပြော​နိုင်​ကြ​ပါ​လိမ့်မယ်။

“ကျွန်တော့်​ရဲ့ အသက်စွမ်းအား​ကို အဖ​လက်ထဲ အပ်​ပါ​တယ်”

၁၅။ လုကာ ၂၃:၄၆ အရ ယေရှု ဘာကို ယုံကြည်​စိတ်ချ​သလဲ။

၁၅ ယေရှု ဘာ​ပြော​ခဲ့​သလဲ။ (လုကာ ၂၃:၄၆ ကို​ဖတ်ပါ။) “အဖ၊ ကျွန်တော့်​ရဲ့ အသက်စွမ်းအား​ကို အဖ​လက်ထဲ အပ်​ပါ​တယ်” လို့ ယုံကြည်​စိတ်ချမှု အပြည့်​နဲ့ ယေရှု ပြော​ခဲ့တယ်။ မိမိရဲ့ အသက်ဟာ ယေဟောဝါ​လက်ထဲမှာ ရှိကြောင်း၊ မိမိကို ယေဟောဝါ သတိရ​မှာ ဖြစ်​ကြောင်း ယေရှု အကြွင်းမဲ့ ယုံကြည်​စိတ်ချ​တယ်။

၁၆။ အသက် ၁၅ နှစ်အရွယ် ညီအစ်ကို ဂျော်ရှူ​ဝါ​ရဲ့ တွေ့ကြုံမှု​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၆ ယေရှုရဲ့ စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ကိုယ့်​အသက်ကို ယေဟောဝါ​လက်ထဲ လိုလိုလားလား အပ်ထား​ပါ။ အဲဒီလို အပ်ဖို့​ဆိုရင် “ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်​ကိုးစား” ရမယ်။ (ပညာ. ၃:၅) ရောဂါဆိုး ခံစား​နေရ​တဲ့ အသက် ၁၅ နှစ်အရွယ် ညီအစ်ကို ဂျော်ရှူဝါ​အကြောင်း စဉ်းစား​ကြည့်​ပါ။ ဘုရား​ပညတ် ချိုးဖောက်ရာ ကျ​မယ့် ဆေး​ကုသမှု​ကို ဂျော်ရှူ​ဝါ လက်မခံ​ဘူး။ ‘အမေ၊ ကျွန်တော့်​အသက်ဟာ ယေဟောဝါ​လက်ထဲမှာ ရှိတယ်။ ကျွန်တော့်​ကို ယေဟောဝါ ထမြောက်​ပေး​မှာ သေချာတယ်။ ကျွန်တော့်​ခံစားချက်​အားလုံး​ကို ဘုရား သိတယ်။ ဘုရား​ကို ကျွန်တော် သိပ်​ချစ်တယ်’ လို့ မသေဆုံးခင်​လေးမှာ အမေ့ကို ပြော​သွားတယ်။ * ကျွန်တော်​တို့​ ယောက်​တိုင်း​လည်း ‘အသက်​အန္တရာယ် ဖြစ်စေ​လောက်​တဲ့ ယုံကြည်ခြင်း စမ်းသပ်မှု ကြုံ​ရတဲ့အခါ ငါ့​အသက်ကို ယေဟောဝါ​လက်ထဲ လိုလိုလားလား အပ်​မလား။ ငါ့ကို ယေဟောဝါ သတိရ​မှာ​ပါ​ဆိုတာ ယုံကြည်​စိတ်ချ​မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။

၁၇-၁၈။ ဘာ​သင်ခန်းစာ​တွေ သင်ယူ​ခဲ့​ရသလဲ။ (“ ယေရှုရဲ့ နောက်ဆုံး​စကား​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ” လေးထောင့်ကွက်​ကိုလည်း ကြည့်​ပါ။)

၁၇ ယေရှုရဲ့ နောက်ဆုံး​စကား​တွေ​ကနေ သင်ယူ​ရတဲ့ အဖိုးတန် သင်ခန်းစာ​တွေ​ပါ​ပဲ။ တခြား​သူတွေကို ခွင့်လွှတ်​ဖို့၊ ကျွန်တော်​တို့ကို ယေဟောဝါ ခွင့်လွှတ်​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​ဖို့ သင်ယူ​ခဲ့​ရတယ်။ ကျွန်တော်​တို့ကို ကူညီ​ပေးဖို့ အသင့် ရှိနေတဲ့ ညီအစ်ကို/မတွေ ရထားတာ​လည်း အခွင့်ထူးပါပဲ။ ဒါပေမဲ့ လိုအပ်​တဲ့​အခါ ကိုယ့်​ဘက်က အစ​ပြုပြီး အကူအညီ တောင်း​ရမယ်။ ဘယ်​အခက်အခဲ​ကို​မဆို ခံရပ်​နိုင်အောင် ယေဟောဝါ ကူညီပေး​မယ်​ဆိုတာ​လည်း သိခဲ့ရတယ်။ နေ့ရက်​တိုင်း​ကို သမာဓိ စောင့်ထိန်းမှု ပြ​နိုင်​မယ့် နောက်ဆုံး​အခွင့်အရေး​အဖြစ် သဘောထား​ဖို့၊ သေဆုံး​သွား​ရင်တောင် ယေဟောဝါ ပြန်ထ​မြောက်​ပေး​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​ဖို့ အရေးကြီးကြောင်း​လည်း သင်ယူ​ခဲ့​ရတယ်။

၁၈ သစ်တိုင်ပေါ် သေဆုံး​ခါနီး ယေရှု ပြော​ခဲ့​တဲ့ စကား​တွေ​ဟာ တကယ့်ကို အဓိပ္ပာယ် ပြည့်ဝ​တယ်။ သိလာတဲ့ သင်ခန်းစာတွေကို လက်တွေ့​ကျင့်သုံး​ခြင်း​အားဖြင့် “သူ့​စကား​ကို နားထောင်​ကြ” လို့ ယေဟောဝါ ပြော​တာ​ကို နာခံ​နိုင်​ပါ​လိမ့်မယ်။—မ. ၁၇:၅

သီချင်း ၁၂၆ မြဲမြံနိုးကြား၊ ခွန်အား​ကြီးပွား

^ အပိုဒ်၊ 5 မဿဲ ၁၇:၅ အရ ယေဟောဝါ​က ကျွန်တော်​တို့ကို သားတော်ရဲ့ စကား နားထောင်စေချင်​တယ်။ သစ်တိုင်ပေါ် သေဆုံး​ခါနီး ယေရှု ပြော​ခဲ့​တဲ့ စကား​တွေ​ကနေ သင်ယူနိုင်တဲ့ သင်ခန်းစာတွေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ ပါ​မယ်။

^ အပိုဒ်၊ 5 ရာဇဝတ်သား ကောင်းကင်​သွားမှာ မဟုတ်ဘဲ မြေကြီး​ပရဒိသု​မှာ အသက်ပြန်ရှင်​လာမယ်လို့ ယေရှု ပြော​နေတာ။

^ အပိုဒ်၊ 9 ဆာလံ ၂၂:၁ ကို ယေရှု ကိုးကား​ရတဲ့ ဖြစ်​နိုင်​ဖွယ် အကြောင်းရင်း​တွေ​ကို ဒီ​စာစောင်​ရဲ့ “စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ” မှာ ဆွေးနွေး​ထား​တယ်။

^ အပိုဒ်၊ 16 ၁၉၉၆၊ အောက်တိုဘာ​လထုတ် နိုးလော့! ဂျော်ရှူ​ဝါ​၏ ယုံကြည်ခြင်း—ကလေး​သူငယ်​များ အခွင့်အရေး ဆိုင်ရာ အောင်ပွဲ​တစ်ရပ်” ဆောင်းပါး​ကို ကြည့်​ပါ။