မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၇

သင့်ကို ယေဟောဝါ တန်ဖိုးထား

သင့်ကို ယေဟောဝါ တန်ဖိုးထား

“ယေဟောဝါ​က မိမိရဲ့ လူတွေကို နှစ်သက်တယ်။”—ဆာ. ၁၄၉:၄

သီချင်း ၁၀၈ ဘုရား​ရဲ့ ခိုင်မြဲ​တဲ့ မေတ္တာ

အကြို​သုံးသပ်ချက် *

ကျွန်တော်​တို့ ယောက်​တိုင်း​ကို ကောင်းကင်ဖခင် “နှစ်သက်” (စာပိုဒ် ၁ ကိုကြည့်ပါ)

၁။ မိမိရဲ့ လူတွေနဲ့​ပတ်သက်ပြီး ယေဟောဝါ ဘာ​သတိပြုမိ​သလဲ။

ယေဟောဝါ​ဘုရား​က “မိမိရဲ့ လူတွေကို နှစ်သက်တယ်။” (ဆာ. ၁၄၉:၄) ဝမ်းသာ​ကြည်နူး​စရာ​ပါ​ပဲ။ ကျွန်တော်​တို့​ရဲ့ အရည်အသွေးကောင်း​တွေ​ကို ယေဟောဝါ သတိပြုမိတယ်။ ဘယ်လို လူစားမျိုး ဖြစ်လာ​နိုင်တယ်​ဆိုတာ သိတယ်။ မိမိ​ဆီ ဆွဲဆောင်​တယ်။ ကျွန်တော်​တို့​သာ သစ္စာရှိ​နေရင် ဘုရား​နဲ့ ထာဝစဉ် ရင်းနှီး​နေမှာ ဖြစ်တယ်။—ယော. ၆:၄၄

၂။ ကိုယ့်ကို ယေဟောဝါ ချစ်တယ်​ဆိုတာ လက်ခံဖို့ တချို့​အတွက် ဘာကြောင့် ခက်​သလဲ။

‘လူမျိုးတော် တစ်စုလုံး​ကို ယေဟောဝါ ချစ်တယ်​ဆိုတာ​တော့ သိပါတယ်။ ဒါပေမဲ့ တစ်ယောက်ချင်း​စီ​ကို ချစ်တယ်​ဆိုတာ ဘယ်လို စိတ်ချ​နိုင်​မလဲ’ လို့ တချို့ တွေး​နိုင်တယ်။ ဘာကြောင့် အဲဒီလို တွေးမိ​နိုင်​သလဲ။ ကလေး​တုန်း​က စိတ်ဒဏ်ရာ​ ရခဲ့တဲ့ အို​ဆာ​နာ * ဒီလို​ပြော​တယ်– “နှစ်ခြင်း​ခံ​ပြီး ရှေ့ဆောင် စ​လုပ်​တုန်း​က ကျွန်မ သိပ်​ပျော်​ခဲ့​တာ။ ဒါပေမဲ့ ၁၅ နှစ်လောက် ကြာ​တော့ နာကြည်း​စရာ အတိတ်​ဖြစ်ရပ်​တွေ​ကို ပြန်တွေး​မိ​လာတယ်။ ငါ့ကို ယေဟောဝါ မနှစ်သက်ဘူး၊ ဘုရား​မေတ္တာ မခံစားထိုက်​ဘူးလို့ စ​တွေး​လာတယ်။” ငယ်​ဘဝ မလှ​ခဲ့​တဲ့ ရှေ့ဆောင် ညီအစ်မ ယူ​အာ​လည်း “ယေဟောဝါ​ကို ပျော်​စေ​ချင်​လို့ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်​အပ်နှံ​လိုက်​ပေမဲ့ ဘုရား ငါ့ကို ဘယ်တော့မှ ချစ်​မှာ မဟုတ်ဘူးလို့ ခံစား​ရတယ်” ဆိုပြီး ပြော​တယ်။

၃။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

အထက်မှာ ဖော်ပြ​ခဲ့​တဲ့ သစ္စာရှိ ညီအစ်မ နှစ်ယောက်​လို​ပဲ သင်လည်း ယေဟောဝါ​ကို နှစ်နှစ်ကာကာ ချစ်​ပေမဲ့ ဘုရား​ကော ကိုယ့်ကို ချစ်​ရဲ့​လားလို့ သံသယ ဝင်​နေ​နိုင်တယ်။ ကိုယ့်ကို ဘုရား တကယ် ဂရုစိုက်​တယ်​ဆိုတာ ယုံကြည်​စိတ်ချ​ဖို့ ဘာကြောင့် လိုအပ်​သလဲ။ ကိုယ့်ကို ဘုရား မချစ်​ဘူးလို့ စ​တွေးမိ​လာတဲ့အခါ ဘယ်​ကနေ အကူအညီ ရနိုင်သလဲ။ အဲဒီ​မေးခွန်းတွေကို ဆွေးနွေး​ကြည့်​ကြ​စို့။

ယေဟောဝါ​ရဲ့ မေတ္တာကို သံသယ ဝင်​တာ​ဟာ အန္တရာယ်​ရှိ

၄။ ယေဟောဝါ​ရဲ့ မေတ္တာကို သံသယ ဝင်​တာ ဘာကြောင့် အန္တရာယ်​ရှိသလဲ။

မေတ္တာဟာ အစွမ်းထက်တဲ့ တွန်းအား ဖြစ်တယ်။ ကိုယ့်ကို ယေဟောဝါ ချစ်တယ်၊ ထောက်မ​ပေး​နေတယ်​ဆိုတာ ယုံကြည်​စိတ်ချ​ရင် ဘဝ​အခက်အခဲ​တွေ ကြား​မှာ​တောင် စိတ်နှလုံး အကြွင်းမဲ့ အမှုဆောင်ဖို့ လှုံ့ဆော်​ခံရ​ပါ​လိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ကို ဘုရား ဂရုစိုက်​ရဲ့​လား၊ ချစ်​ရဲ့​လားလို့ သံသယ ဝင်လာ​ရင်​တော့ “အားလျော့​သွား​လိမ့်မယ်။” (ပညာ. ၂၄:၁၀) စိတ်ဓာတ်ကျ​လာပြီး စာတန်​ရဲ့ တိုက်ခိုက်မှု​တွေ​ကို ခုခံနိုင်​တော့​မှာ မဟုတ်ဘူး။—ဧ. ၆:၁၆

၅။ ဘုရား​မေတ္တာကို သံသယ ဝင်တာက ညီအစ်ကို/မ​တချို့​အပေါ် ဘယ်လို အကျိုး​သက်ရောက်​သလဲ။

ဒီနေ့​ခေတ် သစ္စာရှိ ခရစ်ယာန်​တချို့ဟာ သံသယစိတ်​ကြောင့် ဘုရားရေးရာ​မှာ အားနည်း​သွား​ကြတယ်။ ဂျိမ်း​လို့ ခေါ်​တဲ့ အကြီးအကဲ​တစ်ယောက် ဒီလို​ပြော​တယ်– “ဗေသလမှာ အမှုဆောင်​နေပြီး ဘာသာ​ခြား စကားပြော အသင်းတော်​တစ်ခု​မှာ ပါဝင်​နေပေမဲ့ ကိုယ်​ပေးဆက်​နေတာတွေကို ယေဟောဝါ တကယ် နှစ်သက်​ရဲ့​လားလို့ သံသယ ဝင်​မိတယ်။ တစ်ခါ​က​ဆိုရင် ငါ့​ဆုတောင်းချက်​တွေ​ကို ယေဟောဝါ နားထောင်ပေး​ရဲ့​လားလို့​တောင် တွေးမိ​တဲ့​အထိ​ပဲ။” အချိန်ပြည့် အမှုဆောင် ညီအစ်မ အီဗာ​က​လည်း “ယေဟောဝါ​ရဲ့ မေတ္တာကို သံသယ ဝင်​ရင် ဘုရားရေးရာ​ဘက် တဖြည်းဖြည်း အားနည်း​လာနိုင်တဲ့​အတွက် အန္တရာယ်​ရှိတယ်။ အမှုဆောင်​ချင်စိတ်၊ အမှုဆောင်​လုပ်ငန်းမှာ ရွှင်လန်းစိတ် ပျောက်ဆုံး​သွား​စေနိုင်​တယ်” လို့ ပြော​တယ်။ မှန်မှန်ရှေ့ဆောင်၊ အကြီးအကဲ မိုက်ကယ်​က​လည်း “ကိုယ့်ကို ဘုရား ဂရုစိုက်​တယ်​ဆိုတာ မယုံကြည်​ရင် ဘုရား​နဲ့ တဖြည်းဖြည်း ဝေးကွာ​သွား​လိမ့်မယ်” လို့ ပြော​တယ်။

၆။ ကိုယ့်ကို ဘုရား ချစ်​ရဲ့​လားလို့ သံသယ စ​ဝင်လာ​ပြီ​ဆိုရင် ဘာလုပ်ရမလဲ။

ဘုရား​မေတ္တာကို သံသယ ဝင်​တာ ဘယ်လောက် အန္တရာယ်​ရှိကြောင်း အဲဒီ​တွေ့ကြုံမှု​တွေ​က ဖော်ပြ​တယ်။ ဒါဆိုရင် ကိုယ့်ကို ဘုရား ချစ်​ရဲ့​လားလို့ သံသယ စ​ဝင်လာ​ပြီ​ဆိုရင် ဘာ​လုပ်သင့်သလဲ။ အဲဒီ​အတွေး​ကို စိတ်ထဲ​ကနေ ချက်ချင်း ထုတ်ပစ်ပါ။ “ပူပန်​သောက​တွေ” ဖယ်ရှား​ပေး​ပြီး “စိတ်နှလုံး​နဲ့ ဉာဏ်ရည်​ဉာဏ်စွမ်း​ကို စောင့်ရှောက်​ပေး” မယ့် “ဘုရားသခင့် ငြိမ်သက်ခြင်း” ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ (ဆာ. ၁၃၉:၂၃။ ဖိ. ၄:၆၊ ၇) ဒါ့အပြင် သင် တစ်ယောက်တည်း မဟုတ်ဘဲ တခြား​သစ္စာရှိ ညီအစ်ကို/မ​တွေ​လည်း အဲဒီလို ခံစားချက်​မျိုးကို တိုက်လှန်​နေရ​တယ်​ဆိုတာ သတိရပါ။ အတိတ်​က ဘုရား​ကျေးကျွန်​တွေ​တောင် အဲဒီလို ခံစားချက်​ကို တိုက်လှန်​ခဲ့​ရတယ်။ တမန်​တော် ပေါလု​ရဲ့ ပုံသက်သေ​ကနေ ဘာ​သင်ယူ​နိုင်​ကြောင်း သုံးသပ်ကြည့်​ကြ​စို့။

ပေါလု​ဆီကနေ သင်ယူ​နိုင်ရာ

၇။ ပေါလု​မှာ ဘာ​ပြဿနာ​တွေ ရှိသလဲ။

တာဝန်​တွေ များ​လွန်းလို့ ဝန်ပိနေ​တယ်လို့ သင် ခံစားရ​သလား။ ဒါဆိုရင် ပေါလု​ကို ကိုယ်ချင်းစာ​နိုင်​ပါ​လိမ့်မယ်။ ပေါလု​ဟာ အသင်းတော်​တစ်ခု​တည်း​အတွက် မဟုတ်ဘဲ “အသင်းတော်​တွေ​အတွက်” စိတ်ပူ​နေ​ရတယ်။ (၂ ကော. ၁၁:၂၃-၂၈) နာတာရှည် ကျန်းမာ​ရေး ပြဿနာ​ကြောင့် သင် ရွှင်လန်းမှု ပျောက်ဆုံး​နေ​သလား။ ပေါလု​ဟာ “ကိုယ်ခန္ဓာ​မှာ စူး​တဲ့ ဆူး” ကြောင့် အမြဲ စူးရှ​နာကျင်​နေ​ရတယ်။ အဲဒီ​ဆူး​ဟာ ကျန်းမာ​ရေး ပြဿနာ ဖြစ်ပုံရ​ပြီး ပေါလု​ခမျာ ဝေဒနာ သက်သာ​ပျောက်ကင်း​ချင်​နေတယ်။ (၂ ကော. ၁၂:၇-၁၀) ကိုယ်တိုင်​ရဲ့ အားနည်းချက်​တွေ​ကြောင့် သင် စိတ်ဓာတ်ကျ​နေ​သလား။ ပေါလု​လည်း စိတ်ဓာတ်ကျ​တဲ့​အချိန်တွေ ရှိတယ်။ အားနည်းချက်တွေကို တစ်ချိန်​လုံး တိုက်လှန်​နေရ​တဲ့​အတွက် “ကျွန်တော့်​အဖြစ် ဆိုး​လိုက်တာ” လို့ ပြော​ခဲ့တယ်။—ရော. ၇:၂၁-၂၄

၈။ ပြဿနာ​တွေ​ကို ခံရပ်​နိုင်​ဖို့ ပေါလု​ကို ဘာက ကူညီပေး​သလဲ။

ပေါလု​ဟာ စမ်းသပ်မှု အမျိုးမျိုးနဲ့ စိတ်ဓာတ်ကျ​စေ​တဲ့ အခြေအနေ​တွေ​ကြား ယေဟောဝါ​အတွက် ဆက်​အမှုဆောင်တယ်။ ပေါလု​ကို ဘာက ကူညီပေး​သလဲ။ ကိုယ့်​အားနည်းချက်တွေကို သိပေမဲ့ ရွေးဖိုး​ကို အပြည့်အဝ ယုံကြည်တယ်။ ‘[ယေရှု] ကို ယုံကြည်​သက်ဝင်​သူ​တိုင်း ထာဝရ​အသက် ရ’ မယ်​ဆိုတဲ့ ကတိ​ကိုလည်း ကောင်းကောင်း သိတယ်။ (ယော. ၃:၁၆။ ရော. ၆:၂၃) ရွေးဖိုး​ကို ပေါလု တကယ် ယုံကြည်တယ်။ ကြီး​လေး​တဲ့ အပြစ် ကျူးလွန်​ခဲ့ရင်​တောင် နောင်တ​ယူမယ်​ဆိုရင် ယေဟောဝါ ခွင့်လွှတ်​ဖို့ အသင့်ရှိ​တယ်​ဆိုတာ ပေါလု ယုံတယ်။—ဆာ. ၈၆:၅

၉။ ဂလာတိ ၂:၂၀ မှာ ပါ​တဲ့ ပေါလု​ရဲ့ စကား​တွေ​ကနေ ဘာ​သိရသလဲ။

ခရစ်တော်​က​တစ်ဆင့် ဖော်ပြ​တဲ့ ဘုရား​ရဲ့ မေတ္တာ​စွမ်းအား​ကိုလည်း ပေါလု ယုံကြည်တယ်။ (ဂလာတိ ၂:၂၀ ကို​ဖတ်ပါ။) အဲဒီ​အခန်းငယ် အဆုံးပိုင်း​မှာ ပါ​တဲ့ အားရှိစရာ စကား​တွေ​ကို သတိပြုပါ။ “ကျွန်တော့်​ကို ချစ်​ပြီး ကျွန်တော့်​အတွက် အသက်​စွန့်ခဲ့​တဲ့ ဘုရားသခင့် သားတော်” လို့ ပေါလု ပြော​တယ်။ ဘုရား​မေတ္တာ မခံစားထိုက်​လောက်​အောင် ကိုယ့်ကိုယ်ကိုယ် ဆိုး​လှ​ပြီ​လို့ ပေါလု မယူဆ​ဘူး။ ‘တခြား​ညီအစ်ကို/မ​တွေ​ကို ယေဟောဝါ ဘာကြောင့် ချစ်တယ်​ဆိုတာ နားလည်​နိုင်​ပါ​တယ်။ ဒါပေမဲ့ ငါ့ကို​တော့ ဘုရား ချစ်​မှာ မဟုတ်ပါဘူး’ လို့ မတွေး​ဘူး။ “ခရစ်တော်​က​တော့ ကျွန်တော်​တို့ အပြစ်​ရှိသူတွေ ဖြစ်နေ​တာ​တောင် အသေခံပေး​ခဲ့တယ်” လို့ ရောမ​အသင်းတော်မှာ ရှိသူတွေကို ပေါလု သတိပေး​တယ်။ (ရော. ၅:၈) ဘုရား​မေတ္တာဟာ အကန့်​အသတ် မရှိဘူး။

၁၀။ ရောမ ၈:၃၈၊ ၃၉ ကနေ ဘာ​သိရသလဲ။

၁၀ ရောမ ၈:၃၈၊ ၃၉ ကို​ဖတ်ပါ။ ဘုရား​ရဲ့ မေတ္တာ​စွမ်းအား​ကို ပေါလု အကြွင်းမဲ့ ယုံကြည်​စိတ်ချ​တယ်။ ‘ဘုရားသခင် ပြ​တဲ့ မေတ္တာကို ကျွန်တော်​တို့ မခံစား​ရအောင် ဘယ်အရာ​ကမှ မတားဆီး​နိုင်ဘူး’ လို့ ပြော​တယ်။ အစ္စရေး​လူမျိုး​ကို ယေဟောဝါ ဘယ်လောက် စိတ်ရှည်​ကြောင်း၊ မိမိကို​လည်း ဘယ်လောက် ကရုဏာ ပြ​ကြောင်း သိတယ်။ ‘ငါ့​အတွက် သားတော်ကို​တောင် ယေဟောဝါ အသေခံ​စေ​မှ​တော့ ဘုရား​မေတ္တာကို သံသယ ဝင်​စရာ​အကြောင်း မရှိဘူး’ လို့ ပေါလု ပြောလိုက်​တဲ့ သဘော​ပဲ။—ရော. ၈:၃၂

အတိတ် မှာ ဘာ​အမှားတွေ ကျူးလွန်​ခဲ့တယ်​ဆိုတာ မဟုတ်ဘဲ လက်ရှိ နဲ့ အနာဂတ် မှာ ဘာ​လုပ်သလဲ​ဆိုတာ​က​သာ ဘုရား​အတွက် အရေးပါ (စာပိုဒ် ၁၁ ကိုကြည့်ပါ) *

၁၁။ ၁ တိမောသေ ၁:၁၂-၁၅ မှာ ဖော်ပြ​ထား​တဲ့ အပြစ်တွေ ကျူးလွန်​ခဲ့​ပေမဲ့ မိမိကို ဘုရား ချစ်တယ်​ဆိုတာ ပေါလု ဘာကြောင့် ယုံကြည်​စိတ်ချ​သလဲ။

၁၁ ၁ တိမောသေ ၁:၁၂-၁၅ ကို​ဖတ်ပါ။ အတိတ်​က လုပ်ရပ်တွေ​အကြောင်း တွေး​ပြီး ပေါလု စိတ်မကောင်း ဖြစ်တဲ့​အချိန်တွေ ရှိမှာပဲ။ ဒါ​ကြောင့် “ငါဟာ အပြစ်​အများဆုံး​ပဲ” လို့ ပြော​ခဲ့​တာ ဖြစ်တယ်။ အမှန်တရား မသိ​ခင်​မှာ ပေါလု ခရစ်ယာန်​တွေ​ကို တစ်မြို့​ပြီး တစ်မြို့ လိုက်​ညှဉ်းဆဲ​တယ်။ ထောင်ချတယ်။ သူတို့ကို ကွပ်မျက်​ဖို့ ထောက်ခံတယ်။ (တ. ၂၆:၁၀၊ ၁၁) မိမိ​ကြောင့် အသတ်ခံ​လိုက်ရ​သူတွေရဲ့ သားသမီး တစ်ယောက်ယောက်​နဲ့ တွေ့​တဲ့​အခါ ပေါလု ဘယ်လို ခံစား​ရမယ်ဆိုတာ မြင်ယောင်​ကြည့်​ပါ။ ပေါလု​ဟာ အမှားတွေ​အတွက် နောင်တ​ရပေမဲ့ အတိတ်ကို ပြောင်း​ပစ်​လို့ မရ​မှန်း သိတယ်။ မိမိ​အတွက် ခရစ်တော် အသေခံ​ခဲ့တယ်​ဆိုတာ ယုံကြည်​လက်ခံတယ်။ ဒါ​ကြောင့်​လည်း “ဘုရားသခင်​ရဲ့ မဟာ​ကရုဏာ​ကြောင့် ဒီ​တာဝန်​ကို အခုလို ကျွန်တော် ထမ်းဆောင်​နိုင်တာ​ပါ” လို့ ယုံကြည်​စိတ်ချ​စွာ ပြော​ခဲ့​တာ ဖြစ်တယ်။ (၁ ကော. ၁၅:၃၊ ၁၀) ဘာ​သင်ခန်းစာ ရသလဲ။ သင့်အတွက် ခရစ်တော် အသေခံ​ခဲ့တယ်၊ ယေဟောဝါ​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိဖို့ လမ်းဖွင့်​ပေး​ခဲ့တယ်​ဆိုတာ လက်ခံပါ။ (တ. ၃:၁၉) ယေဟောဝါသက်သေ မဖြစ်ခင် ဖြစ်စေ၊ ဖြစ်ပြီး​မှ ဖြစ်စေ အတိတ်မှာ သင် ဘာ​အမှားတွေ ကျူးလွန်​ခဲ့တယ်​ဆိုတာ​ကို ဘုရား အာရုံမစိုက်​ဘူး။ လက်ရှိ​နဲ့ အနာဂတ်​မှာ သင် ဘာ​လုပ်သလဲ​ဆိုတာ​က​သာ ဘုရား​အတွက် အရေးပါ​တယ်။—ဟေရှာ. ၁:၁၈

၁၂။ တန်ဖိုး​မရှိဘူး၊ အချစ်​မခံထိုက်​ဘူးလို့ ခံစား​ရတဲ့အခါ ၁ ယောဟန် ၃:၁၉၊ ၂၀ မှာ ပါ​တဲ့ စကား​တွေ​က ဘယ်လို ကူညီပေး​နိုင်​သလဲ။

၁၂ သင့်​အပြစ်တွေ​အတွက် ယေရှု အသေခံ​ခဲ့တယ်​ဆိုတာ စဉ်းစား​လိုက်တဲ့အခါ ‘ဒီ​အဖိုးတန် ဆုကျေးဇူး​ကို ငါ မရထိုက်ဘူး’ လို့ ခံစား​ရနိုင်တယ်။ ဘာကြောင့် အဲဒီလို ခံစား​ရတာ ဖြစ်​နိုင်​သလဲ။ ကျွန်တော်​တို့​ရဲ့ မစုံလင်​တဲ့ စိတ်နှလုံး​က လှည့်စား​တတ်​ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုး​မရှိဘူး၊ အချစ်​မခံထိုက်​ဘူးလို့ ခံစားရ​စေနိုင်​လို့​ပဲ။ (၁ ယောဟန် ၃:၁၉၊ ၂၀ ကို​ဖတ်ပါ။) အဲဒီလို ခံစား​ရတဲ့အခါ “ဘုရားသခင်​ဟာ ကျွန်တော်​တို့​ရဲ့ စိတ်နှလုံး​ထက် ပို​ကြီးမြတ်​တယ်” ဆိုတာ​ကို သတိရပါ။ ကောင်းကင်ဖခင်​ရဲ့ မေတ္တာနဲ့ ခွင့်လွှတ်​နိုင်စွမ်း​ဟာ ကျွန်တော်​တို့ စိတ်နှလုံး​မှာ ရှိနေ​နိုင်​တဲ့ သံသယစိတ်​ထက် ပို​ကြီးမား​တယ်။ ကိုယ့်ကို ယေဟောဝါ မြင်​သလို မြင်တတ်​အောင် ကြိုးစား​ရမယ်။ အဲဒီလို ဖြစ်​ဖို့ ကျမ်းစာ မှန်မှန် လေ့လာ​ရမယ်။ မပြတ် ဆုတောင်း​ရမယ်။ ဘုရား​ရဲ့ သစ္စာရှိ​ ကျေးကျွန်​တွေ​နဲ့ မှန်မှန် ပေါင်းသင်း​ရမယ်။ အဲဒါတွေ လုပ်ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

ကျမ်းစာ​လေ့လာခြင်း၊ ဆုတောင်းခြင်း​နဲ့ သစ္စာရှိ မိတ်ဆွေ​တွေ ကူညီပေး​နိုင်​ပုံ

၁၃။ ကျမ်းစာ​လေ့လာခြင်း​က ကျွန်တော်​တို့ကို ဘယ်လို ကူညီပေး​နိုင်​သလဲ။ (“ ကျမ်းစာ​က သူတို့ကို ကူညီပေး​ပုံ” လေးထောင့်ကွက်​ကိုလည်း ကြည့်​ပါ။)

၁၃ ကျမ်းစာ​ကို နေ့စဉ် လေ့လာ​ပါ။ ဒါဆိုရင် ယေဟောဝါ​ရဲ့ အရည်အသွေး​များစွာ​အကြောင်း ပို​သိလာမယ်။ ကိုယ့်ကို ဘုရား ဘယ်လောက် ချစ်​ကြောင်း နားလည်​လာမယ်။ ကျမ်းစာ​ကို နေ့စဉ် ဖတ်ရှု​တွေးတော​တာ​က စိတ်နှလုံး​ကို “ပဲ့ပြင်” ပေး​တဲ့​အတွက် ရှင်းရှင်းလင်းလင်း တွေးခေါ်​တတ်လာ​မယ်။ (၂ တိ. ၃:၁၆) ကိုယ့်ကိုယ်ကိုယ် တန်ဖိုး​မရှိဘူး​ဆိုတဲ့ ခံစားချက်​ကို တိုက်လှန်​ခဲ့​ရတဲ့ အကြီးအကဲ ကယ်​ဗင်​က “ဆာလံ ၁၀၃ ကို ဖတ်ရှု​တွေးတော​တာ​က ကျွန်တော့်​အမြင်ကို တည့်မတ်​ပေး​တယ်။ ကိုယ့်​အပေါ်​ ထား​တဲ့ ယေဟောဝါ​ရဲ့ ခံစားချက် အစစ်အမှန်​ကို နားလည်​ဖို့ ကူညီပေး​တယ်” လို့ ပြော​တယ်။ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ညီအစ်မ အီဗာက​လည်း “ည​တိုင်း ယေဟောဝါ​ရဲ့ ခံစားချက်​ကို တွေးတော​ဆင်ခြင်​တယ်။ ဒါက ကျွန်မ​ကို စိတ်​တည်ငြိမ်​စေပြီး ယုံကြည်ခြင်း ခိုင်ခံ့စေတယ်” လို့ ပြော​တယ်။

၁၄။ ဆုတောင်းခြင်း​က ဘယ်လို ကူညီပေး​နိုင်​သလဲ။

၁၄ မကြာခဏ ဆုတောင်း​ပါ။ (၁ သက်. ၅:၁၇) တစ်ယောက်ယောက်​နဲ့ ရင်းနှီး​ချင်​ရင် မကြာခဏ စကားပြော​ဖို့၊ ခံစားချက်​တွေ ရင်ဖွင့်​ဖို့ လိုတယ်။ ယေဟောဝါ​နဲ့​လည်း အဲဒီလိုပဲ။ ကိုယ့်​ခံစားချက်၊ အတွေး၊ ပူပင်​သောက​တွေ​ကို ယေဟောဝါ​ဆီ ဆုတောင်း​ပြောပြ​တဲ့​အခါ ဘုရား​ကို ယုံကြည်​စိတ်ချကြောင်း၊ ကိုယ့်ကို ဘုရား ချစ်တယ်​ဆိုတာ သိကြောင်း ဖော်ပြ​ရာ ရောက်တယ်။ (ဆာ. ၉၄:၁၇-၁၉။ ၁ ယော. ၅:၁၄၊ ၁၅) အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ညီအစ်မ ယူ​အာ ဒီလို​ပြော​တယ်– “ယေဟောဝါ​ဆီ ဆုတောင်း​တဲ့​အခါ တစ်နေ့တာ ဘာတွေ လုပ်ခဲ့တယ်​ဆိုတာ ပြောပြ​ရုံ​လောက်​သာ မဟုတ်ဘဲ ကိုယ့်​အတွေး၊ ခံစားချက်​တွေ​ကို ရင်ဖွင့်​တယ်။ ဒီလိုနဲ့ ယေဟောဝါ​ကို ကုမ္ပဏီ ပိုင်ရှင်​အဖြစ် မဟုတ်ဘဲ သားသမီးတွေကို တကယ် ချစ်​မြတ်နိုးတဲ့ ဖခင်​လို မြင်လာ​တယ်။”—“ သင် ဖတ်​ပြီးပြီ​လား” လေးထောင့်ကွက်​ကို ကြည့်​ပါ။

၁၅။ ကျွန်တော်​တို့ကို ဂရုစိုက်​ကြောင်း ယေဟောဝါ ဘယ်လို ပြသ​လဲ။

၁၅ သစ္စာရှိ မိတ်ဆွေတွေနဲ့ ပေါင်းသင်း​ပါ။ သူတို့ဟာ ယေဟောဝါ​ဆီက လက်ဆောင် ဖြစ်တယ်။ (ယာ. ၁:၁၇) ကောင်းကင်ဖခင်​က “အချိန်​အခါ​မရွေး မေတ္တာပြ​တတ်” တဲ့ ညီအစ်ကို/မ​တွေ ပေး​ထားခြင်း​အားဖြင့် ကျွန်တော်​တို့ကို ဂရုစိုက်​ကြောင်း ပြ​တယ်။ (ပညာ. ၁၇:၁၇) ကောလောသဲ အသင်းတော်​ဆီ ရေး​တဲ့ စာ​မှာ ပေါလု​က မိမိကို ထောက်မ​ပေး​တဲ့ ညီအစ်ကို/မ​တွေ​နဲ့​ပတ်သက်ပြီး “ကျွန်တော့်​ကို တကယ် အားပေး​ထောက်မ​ခဲ့​သူတွေပါ” လို့ ပြော​ခဲ့တယ်။ (ကော. ၄:၁၀၊ ၁၁) ခရစ်တော် ယေရှု​တောင် မိတ်ဆွေ​တွေ ဖြစ်​တဲ့ ကောင်းကင်တမန်​တွေ၊ လူတွေဆီက ထောက်မမှုကို လိုအပ်​ခဲ့တယ်။ ရလာတဲ့ ထောက်မမှုကို တန်ဖိုး​ထား​တယ်။—လု. ၂၂:၂၈၊ ၄၃

၁၆။ ယေဟောဝါ​နဲ့ ပို​ရင်းနှီး​ဖို့ ကျွန်တော်​တို့ကို သစ္စာရှိ မိတ်ဆွေ​တွေ ဘယ်လို ကူညီပေး​နိုင်​သလဲ။

၁၆ အသင်းတော်မှာ ရှိတဲ့ မိတ်ဆွေ​တွေ​ရဲ့ အကူအညီ​ကနေ သင် အကျိုး​ရ​နေ​သလား။ ရင့်ကျက်တဲ့ မိတ်ဆွေ​ဆီ ကိုယ့်​ပူပင်​သောက​တွေ ရင်ဖွင့်​တာ​ဟာ ပျော့ညံ့တာ မဟုတ်ဘူး။ အကာအကွယ်​တောင် ဖြစ်စေ​တယ်။ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ညီအစ်ကို ဂျိမ်း ဒီလို​ပြော​တယ်– “ရင့်ကျက်တဲ့ ညီအစ်ကို/မ​တွေ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိတာ သိပ်​အထောက်အကူ ဖြစ်တယ်။ အပျက်သဘော​တွေ ဝင်လာတဲ့​အခါ ကျွန်တော် ပြော​တာ​ကို သူတို့ စိတ်ရှည်ရှည် နားထောင်ပေး​တယ်။ ကျွန်တော့်​ကို ချစ်တယ်​ဆိုတာ ပြောပြ​ကြတယ်။ ကျွန်တော့်​ကို ယေဟောဝါ ချစ်​ပြီး ဂရုစိုက်​တယ်​ဆိုတာ သူတို့ရဲ့ လုပ်ရပ်က​တစ်ဆင့် ခံစား​ရတယ်။” ကျွန်တော်​တို့​လည်း ညီအစ်ကို/မ​တွေ​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိနေဖို့ သိပ်​အရေးကြီးတယ်။

ယေဟောဝါ​ရဲ့ မေတ္တာကို ဆက်​ခံစား​နေပါ

၁၇-၁၈။ ဘယ်သူ့​စကား​ကို နားထောင်​ရမလဲ။ ဘာကြောင့်လဲ။

၁၇ မှန်ရာ လုပ်ဖို့ တိုက်ပွဲဝင်​နေတဲ့ ကျွန်တော်​တို့ကို စာတန် လက်လျှော့​သွား​စေချင်တယ်။ ကျွန်တော်​တို့ကို ယေဟောဝါ မချစ်​ဘူး၊ ကျွန်တော်​တို့ ကယ်တင်​မခံထိုက်​ဘူးလို့ စာတန် ထင်​စေချင်တယ်။ ဒါပေမဲ့ အဲဒီလို​ထင်တာ မှားတယ်။

၁၈ သင့်ကို ယေဟောဝါ ချစ်တယ်။ တန်ဖိုး​ထား​တယ်။ သင်သာ ဘုရား​ကို နာခံ​နေမယ်​ဆိုရင် ယေရှု​လို​ပဲ “အဖဘုရား​ရဲ့ မေတ္တာကို အမြဲ ခံစား​ရမယ်။” (ယော. ၁၅:၁၀) ဒါ​ကြောင့် စာတန့်​စကား​ကို နားမယောင်​ပါ​နဲ့။ ကိုယ့်ကို ယေဟောဝါ မချစ်​ဘူး​ဆိုတဲ့ အတွေး​ဝင်လာ​တဲ့​အခါ စိတ်ထဲ​ကနေ ချက်ချင်း ထုတ်ပစ်ပါ။ ကျွန်တော်​တို့ တစ်ယောက်စီ​ရဲ့ ကောင်းကွက်​ကို မြင်​တဲ့ ယေဟောဝါ​ရဲ့ စကား​ကို နားထောင်ပါ။ သင် အပါအဝင် “မိမိရဲ့ လူတွေကို” ယေဟောဝါ “နှစ်သက်တယ်” ဆိုတာ ယုံကြည်​စိတ်ချ​နေပါ။

သီချင်း ၁၄၁ အံ့ဖွယ်​အသက်

^ အပိုဒ်၊ 5 ညီအစ်ကို/မ​တချို့​ဟာ ကိုယ့်ကို ယေဟောဝါ ချစ်တယ်​ဆိုတာ လက်ခံဖို့ ခက်​နေကြ​တယ်။ ကျွန်တော်​တို့ တစ်ယောက်စီ​ကို ယေဟောဝါ ချစ်တယ်​ဆိုတာ ဘာကြောင့် စိတ်ချ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ ကိုယ့်ကို ဘုရား မချစ်​ဘူးလို့ စ​တွေးမိ​လာတဲ့အခါ ဘယ်​ကနေ အကူအညီ ရနိုင်​ကြောင်းကို​လည်း ဆွေးနွေး​ပါ​မယ်။

^ အပိုဒ်၊ 2 အမည်​လွှဲ​များ။

^ အပိုဒ်၊ 67 ပုံအညွှန်း– အမှန်တရား မသိ​ခင်​က ပေါလု​ဟာ ခရစ်ယာန်​များစွာ​ကို ထောင်ချတယ်။ မိမိ​အတွက် ယေရှု လုပ်ပေးခဲ့တာ​ကို လက်ခံ​ပြီး​နောက်​မှာ​တော့ ပြောင်းလဲ​လာတယ်။ ခရစ်ယာန် ညီအစ်ကို/မ​တွေ​ကို အားပေးတယ်။ သူတို့​ထဲ​က တချို့ဟာ မိမိ နှိပ်စက်​ညှဉ်းပန်း​ခဲ့​သူတွေရဲ့ ဆွေမျိုး​တွေ ဖြစ်​နိုင်တယ်။