မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝ​အတ္ထုပ္ပတ္တိ

“တခြားသူတွေဆီကနေ များစွာ သင်ယူခဲ့ရ”

“တခြားသူတွေဆီကနေ များစွာ သင်ယူခဲ့ရ”

အယ်လ်ဂျီးရီးယား တောင်တန်း​တွေ​ပေါ်မှာ ကျွန်တော်​တို့​ရဲ့ ပြင်သစ်​စစ်တပ် တပ်​ချထား​တယ်။ အဲဒီ​ဒေသမှာ တိုက်ပွဲ ပြင်းထန်​နေချိန်​ပေါ့။ လမိုက်​ညတစ်ည၊ သဲ​အိတ်တွေ နောက်​မှာ သေနတ် ကိုင်​ပြီး ကျွန်တော် တစ်ယောက်တည်း ကင်းစောင့်​နေတယ်။ ရုတ်တရက် ကိုယ့်​ဘက်​ လျှောက်လာ​တဲ့ ခြေသံ ကြား​လို့ တုတ်​တုတ်​တောင် မလှုပ်​ရဲ​လောက်​အောင် ကြောက်​သွားတယ်။ ကျွန်တော် အသက် ၂၀ လောက်​ပဲ ရှိသေးတယ်။ ဘယ်သူ့ကိုမှ မသတ်ချင်​သလို ကိုယ်တိုင်​လည်း အသတ် မခံ​ချင်ဘူး။ ဒါ​ကြောင့် “ဘုရားသခင်၊ ကယ်​ပါ​ဦး” လို့ ဆုတောင်း​လိုက်တယ်။

ဘဝမှာ ဦးဆုံး​အကြိမ် ဘုရား​တ​မိ​တဲ့ အဲဒီ​ကြောက်စရာ ဖြစ်ရပ်​က ကျွန်တော့်​ဘဝကို ပြောင်းလဲ​သွားစေတယ်။ အဲဒီ​ည​မှာ ဘာဆက်​ဖြစ်တယ်​ဆိုတာ မပြော​ခင် ကျွန်တော့်​အတွေးအခေါ်ကို ဩဇာ​လွှမ်းမိုး​ခဲ့​တဲ့၊ ဘုရား​ကို ရှာ​ဖို့ တွန်း​အားပေးခဲ့တဲ့ ကလေး​ဘဝ​အကြောင်း ပြောပြ​ပါ​ရစေ။

အဖေ့​ဆီက ရတဲ့ သင်ခန်းစာ

၁၉၃၇၊ ပြင်သစ်​နိုင်ငံ မြောက်ပိုင်း၊ သတ္တုတွင်း​မြို့လေး ဖြစ်​တဲ့ ဂွီနင်​မြို့မှာ ကျွန်တော် မွေးဖွား​လာတယ်။ အဖေက ကျောက်မီးသွေး​တွင်း လုပ်သား ဖြစ်တယ်။ အလုပ်​ကြိုးစား​ဖို့ လိုတယ်​ဆိုတာ အဖေ့​ဆီကနေ သိခဲ့ရတယ်။ မတရား​တာ​ကို မုန်း​ဖို့​လည်း အဖေ သင်ပေးတယ်။ ကျောက်မီးသွေး​တွင်း လုပ်သား များစွာ​ဟာ မျှမျှတတ ဆက်ဆံ​မခံရ​ဘူး။ အန္တရာယ်​ရှိတဲ့ လုပ်ငန်းခွင် အခြေအနေ​မှာ အလုပ်လုပ်​နေ​ရတယ်။ ဒါကို အဖေ သိလို့ ကူညီပေး​ချင်​တယ်။ သူတို့​အခြေအနေ တိုးတက်​လာအောင် ကူညီ​ပေးဖို့ အလုပ်သမား အခွင့်အရေး ကာကွယ်​ပေး​တဲ့ အဖွဲ့အစည်း​တွေ​နဲ့ ပူးပေါင်း​ခဲ့တယ်။ ဒေသခံ ဘုန်းတော်ကြီး​တွေ​ရဲ့ အယောင်ဆောင်​မှု​ကိုလည်း အဖေ မကြိုက်ဘူး။ သူတို့ အများစုက ချမ်းသာ​ပေမဲ့ တစ်နေ့စာ ရဖို့ မနည်း ရုန်းကန်​နေရ​တဲ့ တွင်း​လုပ်သားတွေ​ဆီ​မှာ အစားအစာ​နဲ့ ပိုက်ဆံ​တွေ အလှူ​ကောက်ကြ​တယ်။ ဘုန်းတော်ကြီး​တွေ​ရဲ့ အကျင့်ကို မကြိုက်​လို့ ကျွန်တော့်​ကို ဘာသာရေး​အကြောင်း အဖေ ဘာမှ မသင်​ပေး​ဘူး။ တကယ်တော့ ဘုရား​အကြောင်း ကျွန်တော်​တို့ တစ်ခါ​မှ မပြောဖူး​ဘူး။

ကျွန်တော် ကြီးပြင်း​လာတော့ မတရားမှုကို မုန်း​တတ်​လာတယ်။ ပြင်သစ်​မှာ နေတဲ့ နိုင်ငံခြားသား​တွေ​ကို ခွဲခြား​ဆက်ဆံ​တာ​ဟာ မတရားမှု​ပဲ​လို့ ကျွန်တော် ယူဆတယ်။ တခြား​နိုင်ငံ​ကနေ ပြောင်းရွှေ့​လာတဲ့ မိသားစု​တွေ​ထဲ​က ကလေး​တွေ​နဲ့ ဘောလုံး​ကန်​တယ်။ သူတို့နဲ့ ပေါင်း​ရတာ ကြိုက်တယ်။ တကယ်တော့ ကျွန်တော့်​အမေလည်း ပြင်သစ်​လူမျိုး မဟုတ်ဘူး။ ပိုလန်​လူမျိုး​ပါ။ လူမျိုးရေး ခွဲခြားမှု​တွေ မရှိဘဲ တန်းတူညီတူ ဖြစ်​မယ့် အချိန်ကို ကျွန်တော် သိပ်​တမ်းတ​မိတယ်။

ဘဝ​အကြောင်း အလေးအနက် စ​တွေး​လာ

တပ်​ထဲမှာ​တုန်း​က

၁၉၅၇ မှာ စစ်မှုထမ်း​ဖို့ ဆင့်ခေါ်​ခံရ​တယ်။ ဒါ​ကြောင့် အစောပိုင်း​တုန်း​က ပြော​ခဲ့​တဲ့ အယ်လ်ဂျီးရီးယား တောင်တန်း​တွေ​ပေါ် ရောက်နေ​တာပေါ့။ “ဘုရားသခင်၊ ကယ်​ပါ​ဦး” လို့ ဆုတောင်း​ပြီး ကြည့်​လိုက်​တော့ ရန်သူ​စစ်သား မဟုတ်ဘဲ မြည်း​ရိုင်း​တစ်ကောင် ဖြစ်နေ​လို့ တော်​သေး​တယ်။ အဲဒီ​အဖြစ်အပျက်နဲ့ စစ်ပွဲ အတွေ့အကြုံ​တွေ​ကြောင့် ဘဝ​အဓိပ္ပာယ်​အကြောင်း အလေးအနက် တွေးမိ​လာတယ်။ ကျွန်တော်​တို့ ဘာကြောင့် ကမ္ဘာ​ပေါ် ရောက်နေ​တာလဲ၊ ကျွန်တော်​တို့ကို ဘုရား ဂရုစိုက်​ရဲ့​လား၊ တည်မြဲတဲ့ ငြိမ်းချမ်းမှု ရနိုင်​ဦး​မလား ဆိုတာ​တွေ​ပေါ့။

နောက်ပိုင်း၊ မိဘ​အိမ်ကို ခွင့်​နဲ့ ပြန်လာ​တုန်း ယေဟောဝါသက်သေ​တစ်ယောက်​နဲ့ ဆုံ​တယ်။ သူက ကျမ်းစာ​တစ်အုပ် လက်ဆောင်​ပေးတယ်။ အယ်လ်ဂျီးရီးယား ပြန်သွား​ပြီး​နောက် အဲဒီ​ကျမ်းစာ​ကို စဖတ်​ဖြစ်တယ်။ သိပ်​ကြိုက်​သွားတဲ့ ကျမ်းချက်​က​တော့ ဗျာဒိတ် ၂၁:၃၊ ၄ ပါ။ “ဘုရားသခင်ရဲ့ တဲ​တော်​ဟာ လူတွေနဲ့​အတူ ရှိ . . . မယ်။ . . . ဘုရားသခင်​က သူတို့ရဲ့ မျက်ရည်​ရှိသမျှကို သုတ်​ပေး​လိမ့်မယ်။ သေခြင်း​ ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေး​မြည်တမ်း​ခြင်း၊ အော်ဟစ်​ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး” လို့ ရေးထားတယ်။ * ဒီလို တစ်ခါ​မှ မဖတ်ဖူး​ဘူး။ ‘ဒါ အမှန်​ပဲ​လား’ လို့ တွေးမိ​တယ်။ တကယ်တော့ အဲဒီတုန်းက ဘုရား​အကြောင်း၊ ကျမ်းစာ​အကြောင်း ဘာမှ မသိ​ဘူး။

စစ်မှုထမ်း ကာလ ပြီးဆုံး​သွားတဲ့ ၁၉၅၉ မှာ ဖရန်ဆွာလို့ ခေါ်တဲ့ သက်သေခံ​တစ်ယောက်​နဲ့ ဆုံ​တယ်။ သူက ကျမ်းစာ​အမှန်တရား အများကြီး သင်ပေးတယ်။ ဘုရား​မှာ နာမည် ရှိကြောင်း၊ ယေဟောဝါ ဖြစ်​ကြောင်း ကျမ်းစာ​ကနေ ပြ​တယ်။ (ဆာ. ၈၃:၁၈) ယေဟောဝါ​က ကမ္ဘာ​မြေပေါ် တရား​မျှတမှု ဆောင်ကြဉ်း​ပေး​မယ်၊ တစ်ကမ္ဘာလုံး ပရဒိသု ဖြစ်အောင် လုပ်ပေးမယ်၊ ဗျာဒိတ် ၂၁:၃၊ ၄ မှာ ပါတဲ့ စကား​တွေ ပြည့်စုံ​လာမယ်​ဆိုတာ​တွေ ရှင်းပြတယ်။

ကျွန်တော့်​အတွက်​တော့ အဲဒီ​သွန်သင်ချက်​တွေ တော်​တော် ယုတ္တိ​ရှိတယ်။ တော်​တော်​လည်း စိတ်​ထိမိတယ်။ ကျမ်းစာ​မှာ မပါ​တာ​တွေ သွန်သင်​ပေး​တဲ့ ဘုန်းတော်ကြီး​တွေ​ကို ဒေါသ​ထွက်​လွန်းလို့ ပစ်ပစ်​ခါခါ သွား​ပြောလိုက်​ချင်​တယ်။ အဖေ့​စိတ်ဓာတ်​တွေ ကျွန်တော့်​မှာ ရှိနေတုန်းပဲ။ စိတ်မရှည်​ဘူး။ ချက်ချင်း သွား​ရှင်း​လိုက်​ချင်​တာ။

ကျွန်တော် စိတ်ဆိုး​ပြေဖို့ ဖရန်ဆွာနဲ့ တခြား​သက်သေခံ မိတ်ဆွေ​တွေ ကူညီ​ပေးတယ်။ ခရစ်ယာန်​တွေ​အနေ​နဲ့ ကျွန်တော်​တို့​ရဲ့ လုပ်ငန်း​က တခြား​သူတွေကို စီရင်​ဖို့ မဟုတ်ဘူး။ နိုင်ငံတော် သတင်းကောင်း​အားဖြင့် လူတွေကို မျှော်လင့်ချက် ပေးဖို့​ပဲ ဆိုတာ သူတို့ ရှင်းပြတယ်။ ယေရှု အဲဒီလိုပဲ လုပ်ခဲ့တယ်။ နောက်လိုက်​တွေ​ကိုလည်း အဲဒီလို လုပ်ဖို့ မိန့်မှာတယ်။ (မ. ၂၄:၁၄။ လု. ၄:၄၃) လူတွေရဲ့ ယုံကြည်ချက် ဘယ်လိုပဲ ရှိရှိ ကြင်ကြင်နာနာ၊ လိမ္မာ​ပါးနပ်​စွာ ပြော​ဖို့​လည်း သင်ယူ​ခဲ့​ရတယ်။ ‘ဘုရားသခင်ရဲ့​ ကျွန်​ဟာ ခိုက်ရန်​ဖြစ်စရာ မလိုဘူး။ လူအားလုံးနဲ့ ပြောဆို​ဆက်ဆံ​တဲ့​အခါ သိမ်မွေ့တဲ့သူ ဖြစ်​ရမယ်’ လို့ ကျမ်းစာ​မှာ ပြော​ထား​တယ်။—၂ တိ. ၂:၂၄

ပြုပြင်​စ​ရာ ရှိတာ​တွေ ပြုပြင်​ပြောင်းလဲ​ပြီး​နောက် ၁၉၅၉ တိုက်နယ်​အစည်းအဝေး​မှာ ယေဟောဝါသက်သေ​အဖြစ် နှစ်ခြင်း​ခံ​လိုက်တယ်။ အဲဒီ​အစည်းအဝေး​မှာ အန်ဂျလီလို့ ခေါ်​တဲ့ ညီအစ်မငယ်​နဲ့ ဆုံ​တယ်။ သူ့ကို သဘောကျ​မိ​ပြီး သူ့​အသင်းတော်ကို သွားလည်တယ်။ ဒီလိုနဲ့ ၁၉၆၀ မှာ ကျွန်တော်​တို့ လက်ထပ်​လိုက်တယ်။ အန်ဂျလီဟာ သိပ်​တော်​တဲ့ ဇနီး၊ ယေဟောဝါ​ဆီက အဖိုးတန် လက်ဆောင်​ပါ။—ပညာ. ၁၉:၁၄

မင်္ဂလာဆောင်​တဲ့​နေ့

အတွေ့အကြုံ​ရှိ အမျိုးသားတွေ​ဆီကနေ များစွာ သင်ယူ​ခဲ့

နှစ်တွေ​တစ်လျှောက် ဉာဏ်ပညာ ရှိပြီး အတွေ့အကြုံ​ရှိ ညီအစ်ကို​တွေ​ဆီကနေ အရေးကြီး သင်ခန်းစာ​များစွာ သင်ယူ​ခဲ့​ရတယ်။ အရေးကြီးဆုံး သင်ခန်းစာ တစ်ခု​က​တော့ ခက်ခဲ​တဲ့ ဘယ်လို တာဝန်​မျိုးမှာ​မဆို အောင်မြင်​ဖို့ နှိမ့်ချမှု ရှိရမယ်၊ ‘အကြံပေး​သူ များ​ရင် အောင်မြင်​တတ်တယ်’ ဆို​တဲ့ ပညာအလိမ္မာ ၁၅:၂၂ မှာ ပါ​တဲ့ အကြံဉာဏ်​ကို လိုက်လျှောက်​ရမယ် ဆိုတာ​ပါ​ပဲ။

၁၉၆၅၊ ပြင်သစ်​နိုင်ငံ တိုက်နယ်​လုပ်ငန်းမှာ

အဲဒီ​စကား​တွေ ဘယ်လောက် ပညာရှိ​ကြောင်း ၁၉၆၄ မှာ ကျွန်တော် စ​သိလာတယ်။ အသင်းတော်တွေကို လည်ပတ်​အားပေး​ရတဲ့ တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် အဲဒီ​နှစ်မှာ စ​အမှုဆောင်​လို့​ပဲ။ အသက်​က ၂၇ နှစ်ပဲ ရှိသေးတယ်။ ဘာ​အတွေ့အကြုံ​မှ မရှိဘူး​ဆိုတော့ အမှားတွေ လုပ်မိတာ​ပေါ့။ ဒါပေမဲ့ အမှားတွေ​ကနေ သင်ယူ​ခဲ့တယ်။ အထူးသဖြင့်​တော့ အရည်အချင်း ရှိပြီး အတွေ့အကြုံ​ရှိ “အကြံပေး​သူ” တွေ​ဆီကနေ အဖိုးတန် သင်ခန်းစာ​တွေ သင်ယူ​ခဲ့တယ်။

အဖြစ်အပျက် တစ်ခု​ကို အမှတ်​ရ​နေတုန်းပဲ။ ပဲရစ်​မြို့၊ အသင်းတော်​တစ်ခု​ကို လည်ပတ်​ချိန်​မှာ ရင့်ကျက်တဲ့ ညီအစ်ကို​တစ်ယောက်​က သီးသန့်​စကားပြော​လို့ ရမလား​လို့ မေးတယ်။ “ရတာပေါ့” လို့ ကျွန်တော် ပြော​လိုက်တယ်။

“ဆရာဝန်​က အိမ်​တစ်အိမ်​ကို သွားတယ်​ဆိုတာ ဘယ်သူ့ကို ကြည့်ဖို့လဲ” လို့ မေးတယ်။

“လူနာ​ပေါ့” လို့ ကျွန်တော် ဖြေ​တယ်။

“မှန်တယ်။ ဒါပေမဲ့ ညီအစ်ကို​က အသင်းတော် ကြီးကြပ်မှူး​တွေ​လို​မျိုး ဘုရားရေးရာ​ဘက်မှာ ကျန်းမာ​နေ​သူတွေနဲ့​ပဲ အချိန်ပေး ပေါင်းသင်း​တယ်။ ကျွန်တော်​တို့ အသင်းတော်မှာ စိတ်ဓာတ်​ကျနေ​တဲ့၊ ရှက်တတ်တဲ့ ညီအစ်ကို/မတွေ၊ လူသစ်တွေ အများကြီး ရှိတယ်။ သူတို့ကို အချိန်ပေး ပေါင်းသင်း​မယ်၊ သူတို့​အိမ် သွားလည်​မယ်​ဆိုရင် သိပ်​ကျေးဇူး​တင်​ကြ​မှာ” လို့ ပြော​တယ်။

အဲဒီ​ညီအစ်ကို​ရဲ့ အကြံဉာဏ်​က သိပ်​လက်တွေ့ကျ​ပြီး တန်ဖိုး​ရှိတယ်။ ယေဟောဝါ​ရဲ့ သိုး​တွေ​ကို ချစ်တဲ့ သူ့မေတ္တာ​က ကျွန်တော့်​စိတ်​ကို အတော်​ ထိမိ​စေတယ်။ ဒါ​ကြောင့် ကိုယ့်​မာန​ကို ချိုးနှိမ်​ပြီး သူ​ပြော​တဲ့​အတိုင်း ချက်ချင်း လုပ်လိုက်တယ်။ အဲဒီလို ညီအစ်ကို​တွေ ပေး​ထား​လို့ ယေဟောဝါ​ကို သိပ်​ကျေးဇူး​တင်​ပါ​တယ်။

၁၉၆၉ နဲ့ ၁၉၇၃၊ ပဲရစ်​မြို့၊ ကို​လ​မ်​ဘတ် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး နှစ်ခု​မှာ အစားအသောက်​ဌာန​ကို ကြီးကြပ်​ဖို့ တာဝန်​ရတယ်။ ၁၉၇၃ ခရိုင်​အစည်းအဝေး​မှာ ငါး​ရက်​တိတိ လူ ၆၀,၀၀၀ လောက်​ကို ကျွေးမွေး​ရမှာ။ ဒီ​တာဝန်​ကို လက်ခံဖို့ အစပိုင်း​မှာ တွန့်ဆုတ်​မိတယ်။ ဒါပေမဲ့ အောင်မြင်​နိုင်​ဖို့ အဓိက သော့ချက်​က​တော့ ပညာအလိမ္မာ ၁၅:၂၂ မှာ ပါတဲ့​အတိုင်း ပညာရှိ​သူတွေနဲ့ တိုင်ပင်​ဆွေးနွေးခြင်း​ပဲ။ အစားအသောက် လုပ်ငန်းမှာ အတွေ့အကြုံ​ရှိတဲ့ ရင့်ကျက်တဲ့ အမျိုးသားတွေ​ဆီ ကျွန်တော် အကြံဉာဏ် တောင်း​တယ်။ အဲဒီ​ထဲမှာ အသား​ရောင်းသူ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုး​သူ၊ စားဖိုမှူး၊ အရောင်းအဝယ်​သမား​တွေ ပါ​တယ်။ ကျွန်တော်​တို့ အတူ​ပူးပေါင်း​ပြီး တောင်​လောက် ကြီး​တဲ့ တာဝန်​ကို ထမ်းဆောင်​နိုင်​ခဲ့တယ်။

၁၉၇၃ မှာ ပြင်သစ် ဗေသလမှာ အမှုဆောင်ဖို့ ကျွန်တော်​တို့ ဇနီး​မောင်နှံ ဖိတ်ခေါ်​ခံရ​တယ်။ ကျွန်တော်​ရတဲ့ ဦးဆုံး​တာဝန်​က​တော့ နောက်ထပ် အခက်အခဲ​ကြီး​တစ်ခု​ပါ​ပဲ။ အာဖရိက​တိုက်​မှာ ရှိတဲ့ ကင်မရွန်း​နိုင်ငံ​က ညီအစ်ကို​တွေ​အတွက် စာပေ​တွေ ပို့ပေး​ရမယ်။ ၁၉၇၀ ကနေ ၁၉၉၃ အထိ အဲဒီ​နိုင်ငံ​မှာ ကျွန်တော်​တို့​လုပ်ငန်း​ကို ပိတ်ပင်​ထား​တာ။ အခု​တစ်ကြိမ်​မှာလည်း တော်​တော် ခေါင်း​ကြီး​သွားတယ်။ ဒါကို ပြင်သစ် ဌာနခွဲ​ ကြီးကြပ်မှူး သတိထား​မိတယ်။ “ကင်မရွန်း​မှာ ရှိတဲ့ ညီအစ်ကို​တွေ အချိန်တန်​အစာ သိပ်​လို​နေတာ။ သူတို့ကို ကျွေးမွေး​ကြ​စို့” လို့ ပြော​ပြီး ကျွန်တော့်​ကို အားပေးတယ်။ တကယ်လည်း ကျွန်တော်​တို့ ကျွေးမွေး​နိုင်​ခဲ့တယ်။

၁၉၇၃၊ ကင်မရွန်း သက်သေခံတွေ​နဲ့​အတူ နိုင်ဂျီးရီးယား အထူး​အစည်းအဝေး​မှာ

ကင်မရွန်း​နိုင်ငံ​က အကြီးအကဲ​တွေ​နဲ့ တွေ့​ဖို့ ကင်မရွန်း နယ်စပ်​နိုင်ငံ​တွေ​ကို အကြိမ်ကြိမ် ခရီး​သွားခဲ့​ရတယ်။ သတ္တိ ရှိပြီး သတိပညာ ရှိတဲ့ အဲဒီ​အကြီးအကဲ​တွေ​ဟာ ကင်မရွန်း​နိုင်ငံ​ထဲ စာပေ ပုံမှန် တင်သွင်း​နိုင်​မယ့်​ နည်း​တွေ ရှာတွေ့​အောင် ကူညီပေး​ကြတယ်။ ကျွန်တော်​တို့​ရဲ့ ကြိုးစား​အားထုတ်မှုကို ယေဟောဝါ ကောင်းချီး​ပေးတယ်။ ကင်မရွန်း ညီအစ်ကို/မတွေ​ဟာ နှစ်ပေါင်း ၂၀ လုံး လစဉ်​ထုတ် ကင်းမျှော်စင် နဲ့ ကျွန်ုပ်​တို့၏ နိုင်ငံတော် ဓမ္မ​အမှု တစ်စောင်​မှ မပြတ်လပ်​ခဲ့​ဘူး။

၁၉၇၇၊ ကင်မရွန်း တိုက်နယ်​ကြီးကြပ်မှူး​တွေ၊ သူတို့ရဲ့ ဇနီး​တွေ​နဲ့ ကျွန်တော်​တို့ ဇနီး​မောင်နှံ နိုင်ဂျီးရီးယား​မှာ တွေ့ဆုံ

အဖိုးတန်​ ဇနီး​ဆီက များစွာ သင်ယူ​ခဲ့

ရည်းစား​ဘဝမှာ​ကတည်းက အန်ဂျလီရဲ့ ဘုရားရေးရာ အရည်အသွေးတွေကို ကျွန်တော် သတိပြုမိတယ်။ အဲဒီ​အရည်အသွေးတွေ​ဟာ အိမ်ထောင်သည်​ဘဝမှာ ပို​သိသာ​ထင်ရှား​လာတယ်။ မင်္ဂလာဆောင်​တဲ့​နေ့ ညနေပိုင်း​မှာပဲ ယေဟောဝါ​ကို ဇနီး​မောင်နှံ နှစ်ယောက်​အတူ အပြည့်အဝ အမှုဆောင်​ချင်​တဲ့ ဆန္ဒ​အကြောင်း ဆုတောင်း​ပေးဖို့ ကျွန်တော့်​ကို အန်ဂျလီ တောင်းဆို​တယ်။ အဲဒီ​ဆုတောင်းချက်​ကို ယေဟောဝါ အဖြေပေး​ခဲ့တယ်။

ယေဟောဝါ​ကို ပို​ယုံကြည်​ကိုးစား​တတ်လာ​ဖို့​လည်း အန်ဂျလီ ကူညီ​ပေးတယ်။ ဥပမာ၊ ၁၉၇၃ တုန်း​က ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်​ခံရတဲ့​အခါ တိုက်နယ်​လုပ်ငန်း​ကို မြတ်နိုး​စိတ်​ကြောင့် ကျွန်တော် ချီတုံချတုံ ဖြစ်​ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်​ဘဝကို ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ထား​တာ ဖြစ်လို့ ဘုရား​အဖွဲ့အစည်း တောင်းဆို​တာ မှန်သမျှကို လုပ်သင့်တယ် မဟုတ်လားလို့ သူ ပြော​တယ်။ (ဟီ. ၁၃:၁၇) ကျွန်တော် ဘယ်​ငြင်း​နိုင်​တော့​မှာ​လဲ။ ဒီလိုနဲ့ ဗေသလ ရောက်​လာကြတယ်။ အတူ​လက်တွဲ​လာတဲ့ ဘဝ​တစ်လျှောက်​လုံး ဇနီး​ရဲ့ သတိပညာ ရှိ​မှု၊ ဉာဏ်​အမြော်အမြင် ရှိ​မှု၊ ဘုရားရေးရာ အမြင်​တွေ​က အိမ်ထောင်​ကို ခိုင်ခံ့​မြဲမြံစေပြီး ဆုံးဖြတ်ချက်​ကောင်း​တွေ ချဖို့ ကူညီ​ပေးတယ်။

ပြင်သစ်​နိုင်ငံ၊ ဗေသလ​ပန်းခြံ​မှာ အန်ဂျလီ​နဲ့​အတူ

အသက်ကြီး​လာတဲ့အခါ​မှာလည်း အန်ဂျလီဟာ သိပ်​တော်​ပြီး ထောက်မတဲ့ ဇနီး ဖြစ်​နေတုန်းပဲ။ ဥပမာ၊ အင်္ဂလိပ်​လို​ပဲ ကျင်းပ​တာ များတဲ့ ကျမ်းစာ​သင်တန်း​တွေ တက်​ဖို့ ကျွန်တော်​တို့ နှစ်ယောက်စလုံး အင်္ဂလိပ်​စကား ကြိုးစား​လေ့လာ​ခဲ့​ရတယ်။ အင်္ဂလိပ်​စကား တိုးတက်​ဖို့ အသက် ၇၅ နှစ်လောက်​မှ အင်္ဂလိပ်​ စကားပြော အသင်းတော်ကို ပြောင်း​ခဲ့​ရတယ်။ ပြင်သစ် ဌာနခွဲ ကော်မတီဝင်​တစ်ယောက်​အဖြစ် တာဝန်​ကြီး​တွေ ထမ်းဆောင်​နေရ​တဲ့​ကြား ဘာသာ​စကား အသစ် သင်​ရတာ တကယ့်​ စိန်ခေါ်ချက်​ပါ​ပဲ။ ဒါပေမဲ့ အန်ဂျလီ​နဲ့ ကျွန်တော် အချင်းချင်း ကူညီ​ပေးတယ်။ အခု အသက် ၈၀ ကျော်​မှာလည်း အသင်းတော် အစည်းအဝေးတွေ​အတွက် အင်္ဂလိပ်​လို​ရော ပြင်သစ်​လို​ပါ ပြင်ဆင်​နေကြ​တုန်း​ပဲ။ အသင်းတော် အစည်းအဝေး​နဲ့ အမှုဆောင်မှာလည်း အတတ်နိုင်ဆုံး ပါဝင်​ဖို့ ကြိုးစား​တယ်။ အင်္ဂလိပ်​စကား သင်ယူဖို့ ကျွန်တော်​တို့​ရဲ့ ကြိုးစား​အားထုတ်မှုကို ယေဟောဝါ ကောင်းချီး​ပေးတယ်။

အထူးခြားဆုံး ကောင်းချီး​ကို ၂၀၁၇ မှာ ရခဲ့တယ်။ နယူးယောက်၊ ပက်​တာ​စင်၊ ကင်းမျှော်စင် ပညာပေး​ဌာန​မှာ ကျင်းပ​တဲ့ ဌာနခွဲ ကော်မတီဝင်​များနဲ့ ဇနီး​များ​အတွက် သင်တန်း တက်ခွင့်​ရတယ်။

ယေဟောဝါ​ဟာ တကယ့်ကို မဟာသွန်သင်ရှင်​ပါ​ပဲ။ (ဟေရှာ. ၃၀:၂၀) လူကြီး​ဖြစ်စေ၊ လူငယ်​ဖြစ်စေ ယေဟောဝါ​ရဲ့​လူမျိုး အားလုံး အကောင်းဆုံး ပညာရေး ရ​နေတာ အံ့ဩစရာ မဟုတ်ပါဘူး။ (တရား. ၄:၅-၈) ယေဟောဝါ​ရဲ့ စကား​ကို​ရော၊ အတွေ့အကြုံ​ရှိ ညီအစ်ကို/မတွေ​ရဲ့ စကား​ကို​ပါ နားထောင်တဲ့ လူငယ်တွေ ဘုရားရေးရာ​ဘက် တိုးတက်​လာပြီး အောင်မြင်​တဲ့ လူကြီးတွေ ဖြစ်လာ​တာ ကျွန်တော် မြင်ခဲ့​ရတယ်။ “ဉာဏ်ပညာ​ရှိသူ​ကို ဝေမျှပါ။ သူ ဉာဏ်ပညာ ပို​ရှိလာ​လိမ့်မယ်။ ဖြောင့်မတ်​သူကို သင်ကြား​ပါ။ သူ ပို​တတ်မြောက်​လာလိမ့်မယ်” လို့ ပညာအလိမ္မာ ၉:၉ မှာ ပြော​ထား​တယ်။

လွန်ခဲ့တဲ့ နှစ် ၆၀ လောက်​တုန်း​က အယ်လ်ဂျီးရီးယား တောင်တန်း​တွေ​ပေါ်​က လမိုက်​ည​အကြောင်း ကျွန်တော် မကြာခဏ စဉ်းစား​မိတယ်။ ကျွန်တော့်​အတွက် ဘယ်လို ပျော်စရာ​ကောင်း​တဲ့ အနာဂတ် စောင့်ကြို​နေတယ်​ဆိုတာ အဲဒီတုန်းက မသိခဲ့ဘူး။ တခြား​သူတွေဆီ​ကနေ များစွာ သင်ယူ​ခဲ့​ရတယ်။ ကျွန်တော့်​ကို​ရော အန်ဂျလီ​ကို​ပါ ပျော်ရွှင်​ကျေနပ်စရာ ကောင်း​တဲ့​ဘဝ ယေဟောဝါ ပေး​ထား​တယ်။ ဒါ​ကြောင့် ကောင်းကင်ဖခင် ယေဟောဝါ​ဆီကနေ​ရော၊ ဉာဏ်ပညာ ရှိပြီး အတွေ့အကြုံ​ရှိတဲ့ ညီအစ်ကို/မတွေ​ဆီကနေ​ပါ ဆက်သင်​ယူဖို့ ကျွန်တော်​တို့ စိတ်ပိုင်းဖြတ်​ထား​ပါ​တယ်။

^ အပိုဒ်၊ 11 ကမ္ဘာသစ် ဘာသာပြန်​ကျမ်း။