မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ကျမ်းစာ​ခေတ်​တုန်း​က လှေ​တည်ဆောက်​ရာ​မှာ ပ​ပိုင်း​ရပ် ကျူပင်​တွေ သုံးခဲ့​သလား

ပ​ပိုင်း​ရပ်​ပင်

ရှေးခေတ် အီဂျစ်​မှာ စာရေး​ဖို့ ပ​ပိုင်း​ရပ် ကျူပင်​နဲ့​ လုပ်တဲ့ စက္ကူ​ကို အဓိက သုံးခဲ့​ကြတယ်။ ဂရိ​နဲ့ ရောမတွေ​လည်း ပပိုင်းရပ်ကျူ​ကို * စာရေး​ရာ​မှာ သုံးခဲ့​တယ်။ စာရေး​ဖို့​အတွက် သာ​မ​က လှေ​တည်ဆောက်​ရာ​မှာလည်း ပ​ပိုင်း​ရပ် ကျူပင်​ကို သုံးတယ်​ဆိုတာ​တော့ လူတွေ သိပ်​မသိကြဘူး။

အီဂျစ် ဂူသင်္ချိုင်း​ထဲမှာ တွေ့ရ​တဲ့ ပပိုင်းရပ်ကျူ​လှေ နှစ်စင်း​ပုံ

“အီသီယိုးပီးယား မြစ်ဝှမ်း​ဒေသ” မှာ နေပြီး “သံတမန်တွေ​ကို ပ​ပိုင်း​ရပ် ကျူ​လှေတွေနဲ့ လွှတ်လိုက်” တဲ့ လူမျိုး​အကြောင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်​တုန်း​က ပရောဖက် ဟေရှာယ ရေးခဲ့တယ်။ မီးဒီးယား-ပါးရှား​တွေ​ဟာ ဗာဗုလုန်​မြို့ကို ဝင်ရောက်​သိမ်းပိုက်​တဲ့​အခါ ဗာဗုလုန်​တွေ ထွက်​မပြေး​နိုင်​ဖို့ “ပ​ပိုင်း​ရပ် ကျူလှေ​တွေ” ကို မီးရှို့​လိမ့်မယ်လို့ ပရောဖက် ယေရမိ​လည်း ကြိုပြော​ခဲ့တယ်။—ဟေရှာ. ၁၈:၁၊ ၂။ ယေ. ၅၁:၃၂

ကျမ်းစာ​ဟာ ဘုရား စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတာ ဖြစ်လို့ ကျမ်းစာ​ခေတ် လှေ​တည်ဆောက်​ရာ​မှာ ပ​ပိုင်း​ရပ် ကျူပင်​တွေ သုံးခဲ့​တဲ့ ရှေးဟောင်း​သုတေသန မှတ်တမ်းတွေ တွေ့​တဲ့အခါ ကျမ်းစာ​လေ့လာသူ​တွေ မအံ့ဩ​ကြဘူး။ (၂ တိ. ၃:၁၆) ဘာတွေ ရှာဖွေ တွေ့ရှိ​ထား​သလဲ။ အီဂျစ်​ပြည်​မှာ ပ​ပိုင်း​ရပ် ကျူ​လှေ တည်ဆောက်​တာ​နဲ့​ပတ်သက်​တဲ့ အသေးစိတ် အချက်အလက်​တွေ​ကို ရှေးဟောင်း​သုတေသန ပညာရှင်​တွေ ရှာဖွေ​တွေ့ရှိ​ထား​ကြတယ်။

ပ​ပိုင်း​ရပ် ကျူ​လှေတွေကို ဘယ်လို တည်ဆောက်​ကြသလဲ

အီဂျစ် ဂူသင်္ချိုင်း​တွေ​ထဲ​က နံရံ​ဆေး​ရေး​ ပန်းချီ​တွေ​မှာ ပပိုင်းရပ် ကျူပင်​တွေ​ကို ရိတ်သိမ်း​တာ၊ လှေ​တည်ဆောက်​တာ​တွေ​အကြောင်း ဖော်ပြ​ထား​တယ်။ ယောက်ျား​တွေ​က ပ​ပိုင်း​ရပ် ကျူပင်​တွေကို ခုတ်​ပြီး စည်း​ကြတယ်။ အဲဒီ အစည်း​တွေ​ကို အတူတွဲ​တယ်။ ပင်စည်​တွေ​ဟာ သုံးမြှောင့်​ပုံ​ ဖြစ်လို့ တင်းတင်း​စည်းလိုက်တဲ့အခါ အစည်း​က ကျစ်​ပြီး ခိုင်မာ​သွားတယ်။ စာအုပ်​တစ်အုပ် (A Companion to Ancient Egypt) အဆို​အရ ပ​ပိုင်း​ရပ် ကျူ​လှေတွေဟာ ၅၅ ပေ အထိ ရှည်​နိုင်တယ်။ တစ်ဖက်တစ်ချက်​စီ​မှာ လှော်​တက် ၁၀ ခု ကနေ ၁၂ ခု အထိ ဆန့်​နိုင်တယ်။

ပ​ပိုင်း​ရပ် ကျူ​လှေ တည်ဆောက်​ပုံ​ကို အီဂျစ် နံရံ​ဆေး​ရေး​ပန်းချီ​မှာ ဖော်ပြ​ထား

လှေ​ဆောက်​သူတွေ ပ​ပိုင်း​ရပ် ကျူပင်​ကို ဘာကြောင့် အသုံးပြု​ကြသလဲ

ပ​ပိုင်း​ရပ် ကျူပင်​တွေ​ဟာ နိုင်းမြစ်ဝှမ်း​ဒေသမှာ ပေါ​များစွာ ပေါက်ရောက်​တယ်။ အဲဒီအပြင် ပ​ပိုင်း​ရပ် ကျူ​လှေတွေဟာ တည်ဆောက်​ရ လွယ်ကူတယ်။ သင်္ဘော​ကြီး​တွေ ဆောက်​ရာ​မှာ သစ်သားကို အဓိက အသုံးပြု​လာတဲ့ အချိန်​မှာ​တောင် တံငါသည်​တွေ၊ မုဆိုး​တွေ​ဟာ ပ​ပိုင်း​ရပ် ကျူ​လှေတွေကို ဆက်​သုံး​နေကြ​တုန်း​ပဲ။

ရှေးခေတ် ပ​ပိုင်း​ရပ် ကျူ​လှေတွေကို နှစ်ပေါင်း များစွာ သုံးခဲ့​ကြတယ်။ အေဒီ ပထမနဲ့ ဒုတိယ​ရာစု​အတွင်း အသက်ရှင်ခဲ့​တဲ့ ဂရိ​စာရေး​ဆရာ ပလူတပ်ခ်ျက ပ​ပိုင်း​ရပ် ကျူ​လှေတွေကို သူ့​ခေတ်​က လူတချို့ သုံး​နေဆဲပဲ​လို့ ပြော​တယ်။

^ အပိုဒ်၊ 3 ပ​ပိုင်း​ရပ် ကျူပင်​ဟာ စိမ့်မြေတွေ၊ ရေ​စီး​မသန်​တဲ့ ချောင်း​တွေ​မှာ ရှင်သန်​ကြီးထွားလေ့ ရှိတယ်။ အမြင့် ၁၆ ပေ၊ ခြေရင်း​မှာ လုံး​ပတ် ၆ လက်မ အထိ ရှိ​နိုင်တယ်။