မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၂

နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ

နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ

“နှစ်ခြင်း​ခံ​ကြ​ပါ။”—တ. ၂:၃၈

သီချင်း ၇၂ နိုင်ငံတော် အမှန်တရားကို ကြားသိ​စေခြင်း

အကြို​သုံးသပ်ချက် *

၁။ ပထမရာစု​က လူအုပ်စုကြီး တစ်စု​ကို ပေတရု ဘာ​ပြော​သလဲ။

နိုင်ငံ​ပေါင်းစုံ​က ဘာသာ​စကား မျိုးစုံ ပြော​တဲ့ ယောက်ျား၊ မိန်းမ အုပ်စုကြီး ဂျေရုဆလင်​မြို့မှာ စုဝေး​ရောက်ရှိ​နေတယ်။ အဲဒီ​နေ့မှာ အံ့ဩစရာ​တစ်ခု ဖြစ်​ခဲ့တယ်။ သာမန် ဂျူး​တစ်အုပ်စု​က စုဝေး​ရောက်ရှိ​နေ​သူတွေရဲ့ မိခင်​ဘာသာ​စကားနဲ့ ဟောပြော​ကြတယ်။ သူတို့ ပြော​တဲ့​စကား၊ အထူးသဖြင့် တမန်တော် ပေတရု ပြော​တဲ့​စကား​က ပို​အံ့ဩစရာ ကောင်းတယ်။ ယေရှု​ခရစ်​ကို ယုံကြည်ခြင်း​အားဖြင့် ကယ်တင်​ခံရ​မယ်​ဆိုတဲ့ သတင်းတရား ပါဝင်​တယ်။ အဲဒီ​သတင်းတရား​ကြောင့် လူအုပ် စိတ်ထိမိ​သွားပြီး “ကျွန်တော်​တို့ ဘာလုပ်ရမလဲ” လို့ မေးကြတယ်။ “နှစ်ခြင်း​ခံ​ကြ​ပါ” လို့ ပေတရု ပြန်​ပြော​တယ်။—တ. ၂:၃၇၊ ၃၈

ညီအစ်ကို​တစ်ယောက် ဇနီး​နဲ့​အတူ လူငယ်​တစ်ယောက်ကို ‘ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ’ စာအုပ် သုံးပြီး ကျမ်းစာ သင်ပေး​နေ။ (စာပိုဒ် ၂ ကိုကြည့်ပါ)

၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

ဘာဆက်​ဖြစ်​သလဲ။ အဲဒီ​နေ့မှာ လူ ၃၀၀၀ လောက် နှစ်ခြင်း​ခံ​ပြီး ခရစ်တော်​ရဲ့ တပည့်​တွေ ဖြစ်​လာတယ်။ ယေရှု မိန့်မှာ​ခဲ့​တဲ့ တပည့်​ဖြစ်စေခြင်း လုပ်ငန်းကြီး​ရဲ့ အစ​ပါ​ပဲ။ အဲဒီ​လုပ်ငန်း​ကို ၂၁ ရာစု​မှာ ဆက်လုပ်ဆောင်​နေတယ်။ ဒီနေ့​ခေတ်​မှာ လူတစ်ယောက်ကို နာရီ​ပိုင်း​အတွင်း နှစ်ခြင်း​ခံ​အောင်​တော့ ကျွန်တော်​တို့ မလုပ်နိုင်ဘူး။ လပေါင်း​များစွာ၊ တစ်နှစ် ဒါမှ​မဟုတ် ဒီ့ထက်​မက ပို​အချိန်ပေး​ရနိုင်တယ်။ တပည့်​ဖြစ်စေခြင်း​လုပ်ငန်းဟာ ကြိုးစား​အားထုတ်​ရတဲ့ အလုပ်​ဖြစ်​ကြောင်း တစ်ယောက်ယောက်​ကို သင် ကျမ်းစာ​သင်ပေး​နေတယ်​ဆိုရင် သိ​မှာ​ပါ။ နှစ်ခြင်း​ခံ​ပြီး​သား တပည့် ဖြစ်​လာအောင် ကျမ်းစာ​သင်သားကို ဘယ်လို ကူညီ​ပေး​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

သိလာတာတွေကို လက်တွေ့​ကျင့်​ဖို့ သင်သားကို ကူညီ​ပေး​ပါ

၃။ မဿဲ ၂၈:၁၉၊ ၂၀ အရ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကျမ်းစာ​သင်သား ဘာလုပ်ရမလဲ။

ကျမ်းစာ​သင်သားဟာ နှစ်ခြင်း မခံခင် ကျမ်းစာ သွန်သင်ချက်​တွေ​ကို လက်တွေ့​ကျင့်​ဖို့ လိုတယ်။ (မဿဲ ၂၈:၁၉၊ ၂၀ ကို​ဖတ်ပါ။) သိလာတာတွေကို လက်တွေ့​ကျင့်​မယ်​ဆိုရင် ယေရှုရဲ့ ပုံ​ဥပမာ​ထဲ​က ကျောက်သား​ပေါ် အိမ်ဆောက်​ဖို့ နက်နက်​တူး​တဲ့ “သတိပညာ​ရှိသူ” နဲ့ တူ​လာမယ်။ (မ. ၇:၂၄၊ ၂၅။ လု. ၆:၄၇၊ ၄၈) သိလာတာတွေကို လက်တွေ့​ကျင့်​ဖို့ သင်သားကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ အကြံပြုချက် သုံးခု​ကို ကြည့်​ရအောင်။

၄။ နှစ်ခြင်း​ခံ​တဲ့​အထိ အရည်အချင်း ပြည့်မီ​လာအောင် ကျမ်းစာ​သင်သားကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ (“ ပန်းတိုင် ချမှတ်​နိုင်အောင်၊ ပြည့်မီ​နိုင်အောင် သင်သားကို ကူညီ​ပေး​ပါ” လေးထောင့်ကွက်​ကိုလည်း ကြည့်​ပါ။)

ပန်းတိုင်​တွေ ချမှတ်​ဖို့ သင်သားကို ကူညီ​ပေး​ပါ။ ဘာကြောင့်လဲ။ ခရီး​ဝေး​တစ်ခု သွားတဲ့အခါ ရှုခင်း​လှတဲ့ နေရာတွေမှာ ခဏ​ရပ်​မှာပဲ။ ဒါမှ သွားရမယ့် ခရီး ဝေး​လိုက်တာ​လို့ ခံစားရ​တော့​မှာ မဟုတ်ဘူး။ အဲဒီလိုပဲ၊ သင်သားဟာ ရေတို​ပန်းတိုင်​တွေ ချမှတ်​ပြီး ပြည့်မီ​အောင် ကြိုးစား​မယ်​ဆိုရင် နှစ်ခြင်း​ခံ​တဲ့ ပန်းတိုင်​ဟာ အလှမ်း​ဝေးလွန်း​တယ်လို့ ခံစားရ​တော့​မှာ မဟုတ်ဘူး။ ပန်းတိုင်​တွေ ချမှတ်​နိုင်အောင် ကူညီ​ပေးဖို့ ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာအုပ်​ထဲ​က “ရည်မှန်း​ပန်းတိုင်” ကဏ္ဍ​ကို သုံးပါ။ သိလာတာကို လက်တွေ့​ကျင့်​တာ​က ပန်းတိုင် ရောက်​အောင် ဘယ်လို ကူညီ​ပေး​မလဲ​ဆိုတာ သင်ခန်းစာ တစ်ခု ပြီး​တိုင်း ဆွေးနွေး​ပါ။ သင်သား​အတွက် တခြား​ပန်းတိုင်​တွေ စဉ်းစား​ထား​တာ ရှိမယ်ဆိုရင် “တခြား” ဆိုတဲ့ နေရာလွတ်​မှာ ချရေး​ပါ။ ရေတို၊ ရေရှည် ပန်းတိုင်​တွေ​အကြောင်း ဆွေးနွေး​ချိန်မှာ ဒီ​ကဏ္ဍ​ကို အမြဲ သုံးပါ။

၅။ မာကု ၁၀:၁၇-၂၂ အရ ချမ်းသာ​တဲ့​လူကို ဘာလုပ်ဖို့ ယေရှု ပြော​သလဲ။ ဘာကြောင့်လဲ။

အပြောင်းအလဲ​တွေ လုပ်နိုင်အောင် သင်သားကို ကူညီ​ပေး​ပါ။ (မာကု ၁၀:၁၇-၂၂ ကို​ဖတ်ပါ။) ချမ်းသာ​တဲ့​လူ​အတွက် ရှိသမျှ ရောင်းဖို့ အတော်​ ခက်​မယ်​ဆိုတာ ယေရှု သိတယ်။ (မာ. ၁၀:၂၃) ဒါပေမဲ့ အဲဒီလို ရောင်းပါလို့ ယေရှု ပြော​တယ်။ ဘာကြောင့်လဲ​ဆိုတော့ သူ့ကို ချစ်​လို့​ပဲ။ တစ်ခါ​တလေ သင်သား​ဘက်က အပြောင်းအလဲ လုပ်ဖို့ အသင့် မဖြစ်သေး​ဘူးလို့ ကျွန်တော်​တို့ ယူဆတဲ့​အတွက် သိလာတာတွေကို လက်တွေ့​ကျင့်​ပါ​ဆိုပြီး အားပေးဖို့ တွန့်ဆုတ်​နေ​နိုင်တယ်။ စရိုက်ဟောင်း​ကို ချွတ်​ပြီး စရိုက်သစ်​ကို ဝတ်ဆင်​ဖို့ အချိန် လို​တာ မှန်ပါတယ်။ (ကော. ၃:၉၊ ၁၀) ဒါပေမဲ့ ဒီ​အကြောင်းကို မြန်မြန် ဆွေးနွေး​လေ သင်သား​ဘက်က မြန်မြန် ပြောင်းလဲ​နိုင်​လေ ဖြစ်​မယ်။ အဲဒီလို ဆွေးနွေး​တာ​က သင်သားကို ဂရုစိုက်​ကြောင်း ပြ​ရာ ရောက်တယ်။—ဆာ. ၁၄၁:၅။ ပညာ. ၂၇:၁၇

၆။ သဘောထား မေးခွန်းတွေ ဘာကြောင့် မေးသင့်​သလဲ။

အကြောင်းအရာ​တစ်ခု​အပေါ် သင်သားရဲ့ အမြင်​သဘောထား၊ ယုံကြည်ချက်၊ နားလည်မှု​တွေ​ကို သိနိုင်ဖို့ သဘောထား မေးခွန်းတွေ မေး​နိုင်တယ်။ အဲဒီလို ပုံမှန် မေးမယ်​ဆိုရင် သူ့​အတွက် လက်ခံဖို့ ခက်​နိုင်​တဲ့ အကြောင်း​တွေ​ကို နောက်ပိုင်း​မှာ ဆွေးနွေး​ဖို့ ပို​လွယ်ကူ​လာလိမ့်မယ်။ ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာအုပ်​မှာ သဘောထား မေးခွန်း များစွာ ပါ​တယ်။ ဥပမာ၊ သင်ခန်းစာ ၄ မှာ “ယေဟောဝါ​ရဲ့ နာမည်​ကို သုံးတဲ့​အခါ ဘုရား ဘယ်လို ခံစား​ရမယ်​လို့ သင် ထင်​သလဲ၊” သင်ခန်းစာ ၉ မှာ “ဘာအတွက် သင် ဆုတောင်း​ချင်​သလဲ” ဆိုတဲ့ မေးခွန်းတွေ ပါ​တယ်။ သဘောထား မေးခွန်းတွေကို ဘယ်လို ဖြေ​ရမယ်ဆိုတာ သိဖို့ အစပိုင်း​မှာ သင်သား​အတွက် ခက်​နိုင်တယ်။ သက်ဆိုင်​တဲ့ ကျမ်းချက်​တွေ၊ သရုပ်ဖော်ပုံ​တွေ​ကို ဆင်ခြင်​ဖို့ လေ့ကျင့်​ပေးခြင်း​အားဖြင့် သူ့ကို ကူညီ​ပေး​နိုင်တယ်။

၇။ တွေ့ကြုံမှု​တွေ​ကို ဘယ်လို ထိထိရောက်ရောက် သုံးနိုင်​သလဲ။

ဘာလုပ်​ရမယ်ဆိုတာ သင်သား နားလည်​လာပြီ​ဆိုရင် တွေ့ကြုံမှု​တွေ ပြောပြ​ပြီး အားပေးပါ။ ဥပမာ၊ အစည်းအဝေး တက်​ဖို့ ခက်​နေတယ်​ဆိုရင် သင်ခန်းစာ ၁၄ “လေ့လာ​စရာ ထပ်​ဖွေရှာ” ကဏ္ဍ​မှာ ပါ​တဲ့ ကျွန်တော့်​ကို ယေဟောဝါ ဂရုစိုက် ဗီဒီယို ပြ​နိုင်တယ်။ ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာအုပ်၊ သင်ခန်းစာ​များစွာ​ထဲ​က “ရှာဖွေ​လေ တွေ့ရှိ​လေ၊” “လေ့လာ​စရာ ထပ်​ဖွေရှာ” ကဏ္ဍ​တွေ​မှာ တွေ့ကြုံမှု​တွေ ရှိတယ်။ * သင်သားကို “သူ လုပ်နိုင်​ရင် ခင်ဗျား​လည်း လုပ်နိုင်​ရမှာ​ပေါ့” လို့ နှိုင်းယှဉ်​ပြော​တာ​မျိုး မလုပ်ပါနဲ့။ သင်သား​ကိုယ်တိုင် အဲဒီလို သိမြင်​လာ​စေပါ။ ကျမ်းစာ သွန်သင်ချက်​တွေ​ကို လက်တွေ့​ကျင့်​ဖို့ ဗီဒီယို​ထဲမှာ ပါ​တဲ့​သူကို ဘာက ကူညီ​ပေး​သလဲ ဆိုတဲ့ အဓိက​အချက်​တွေ​ကို ပြန်​သုံးသပ်ပါ။ ဗီဒီယို​ထဲ​က အဓိက​ ကျမ်းချက် ဒါမှ​မဟုတ် လက်တွေ့ကျ အချက် တစ်ခုခု​ကို ပြောပြ​နိုင်တယ်။ ဖြစ်​နိုင်​တဲ့​အခါတိုင်း သူ့ကို ယေဟောဝါ ဘယ်လို ကူညီ​ပေး​ခဲ့​ကြောင်း အလေးပေး ပြောပြ​ပါ။

၈။ ယေဟောဝါ​ကို ချစ်​လာဖို့ သင်သားကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

ယေဟောဝါ​ကို ချစ်​လာဖို့ သင်သားကို ကူညီ​ပေး​ပါ။ ဘယ်လို​နည်းနဲ့လဲ။ ဖြစ်​နိုင်​တဲ့​အခါတိုင်း ယေဟောဝါ​ရဲ့ အရည်အသွေးတွေကို ပြောပြ​ပါ။ ယေဟောဝါ​ဟာ ပျော်ရွှင်​တဲ့​ဘုရား ဖြစ်​ပြီး မိမိကို ချစ်​မြတ်နိုးသူ​တွေ​ကို ကူညီ​ထောက်မပေး​ကြောင်း သင်သား နားလည်​လာအောင် ကူညီ​ပေး​ပါ။ (၁ တိ. ၁:၁၁။ ဟီ. ၁၁:၆) သိလာတာတွေကို လက်တွေ့​ကျင့်​ရင် အကျိုး​ရမှာ ဖြစ်​ကြောင်း၊ အဲဒီ​အကျိုးကျေးဇူးတွေ​က ယေဟောဝါ သူ့ကို ချစ်တယ်​ဆိုတဲ့ အထောက်အထား ဖြစ်​ကြောင်း ရှင်းပြပါ။ (ဟေရှာ. ၄၈:၁၇၊ ၁၈) သင်သားဟာ ယေဟောဝါ​ကို ချစ်​လာ​လေ လိုအပ်​တဲ့ အပြောင်းအလဲ​တွေ လုပ်ဖို့ ပို​လှုံ့ဆော်​ခံရ​လေ ဖြစ်ပါ​လိမ့်မယ်။—၁ ယော. ၅:၃

သင်သားကို ညီအစ်ကို/မတွေ​နဲ့ မိတ်ဆက်​ပေး​ပါ

၉။ မာကု ၁၀:၂၉၊ ၃၀ အရ စွန့်လွှတ်​စရာ ရှိတာ​တွေ စွန့်လွှတ်​ဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။

နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​ဖို့ သင်သား​မှာ စွန့်လွှတ်​အနစ်နာခံ​ရတာတွေ ရှိ​နိုင်တယ်။ အစောပိုင်းမှာ ပြောခဲ့တဲ့ ချမ်းသာ​တဲ့​လူ​လို​ပဲ သင်သား​တချို့ဟာ ရုပ်ပစ္စည်း​ပိုင်း စွန့်လွှတ်​ရနိုင်တယ်။ သူတို့ရဲ့ အလုပ်အကိုင်​က ကျမ်းစာမူ​နဲ့ ငြိ​နေရင် အလုပ်​ပြောင်း​ဖို့ လို​နိုင်တယ်။ ယေဟောဝါ​ကို မချစ်တဲ့ အပေါင်းအသင်းတွေကို စွန့်လွှတ်​ရနိုင်တယ်။ ယေဟောဝါ​သက်သေတွေကို မကြိုက်​တဲ့ မိသားစုဝင်​တွေ​ရဲ့ ပစ်ပယ်​မှု ခံရ​နိုင်တယ်။ အဲဒီလို စွန့်လွှတ်​အနစ်နာခံ​ဖို့ တချို့​အတွက် ခက်​မယ်​ဆိုတာ ယေရှု သိတယ်။ ဒါပေမဲ့ မိမိ​နောက် လိုက်​သူတွေ စိတ်ပျက်​ရမှာ မဟုတ်ဘူး၊ အသင်းတော်မှာ မိသားစုနဲ့​တူ​တဲ့ ညီအစ်ကို/မတွေ ပြန်​ရမယ်​လို့ ယေရှု ကတိ​ပေးတယ်။ (မာကု ၁၀:၂၉၊ ၃၀ ကို​ဖတ်ပါ။) အဲဒီ​လက်ဆောင်​ကနေ အကျိုး​ရဖို့ သင်သားကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၀။ မန်နူယယ်ရဲ့ တွေ့ကြုံမှု​ကနေ ဘာ​သိရသလဲ။

၁၀ သင်သားနဲ့ ခင်မင်​ရင်းနှီးအောင် လုပ်ပါ။ သင်သားကို ဂရုစိုက်​ကြောင်း ပြဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲ။ မက္ကဆီကို​မှာ နေတဲ့ မန်နူယယ်က ကျမ်းစာ​သင်သား ဘဝ​တုန်း​က​အကြောင်း ဒီလို​ပြော​တယ်– “သင်အံမှု မစ​ခင်​မှာ သင်ပေး​သူက အဆင်ပြေရဲ့လား​လို့ အမြဲ မေး​ပြီး ကျွန်တော် သက်သောင့်သက်သာ ဖြစ်အောင်၊ ရင်တွင်း​ခံစားချက်​တွေ ထုတ်ပြော​လာအောင် ကူညီ​ပေးတယ်။ ကျွန်တော့်​ကို တကယ် ဂရုစိုက်​တယ်လို့ ခံစား​ရတယ်။”

၁၁။ ကျွန်တော်​တို့​နဲ့ သင်သား အချိန်ပေး ပေါင်းသင်း​ခြင်း​ကနေ ဘယ်လို အကျိုး​ရနိုင်သလဲ။

၁၁ နောက်လိုက်​တွေ​နဲ့ ယေရှု အချိန်ပေး ပေါင်းသင်း​သလို သင်သားတွေ​နဲ့ အချိန်ပေး ပေါင်းသင်း​ပါ။ (ယော. ၃:၂၂) ဖြစ်​နိုင်​မယ်​ဆိုရင် သင်သားကို အိမ်​ဖိတ်ပြီး အတူ ကော်ဖီ သောက်​တာ၊ စားစရာ​တစ်ခုခု စား​တာ၊ လစဉ် ရုပ်သံ​ထုတ်လွှင့်​မှု ကြည့်​တာ​တွေ လုပ်ပါ။ အထူးသဖြင့် သင်သား အထီးကျန်​နေမယ့် ပွဲတော်​အားလပ်ရက်​တွေ​မှာ အဲဒီလို ဖိတ်ခေါ်​ရင် ကျေးဇူး​တင်​ပါ​လိမ့်မယ်။ “သင်အံမှု​အချိန်​မှာ​သာမက ကျမ်းစာ​သင်ပေး​သူနဲ့ ပေါင်းသင်း​ချိန်မှာ​ပါ ယေဟောဝါ​အကြောင်း အများကြီး သိလာတယ်။ မိမိ​လူမျိုးကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်​ကြောင်း၊ သူတို့ ဘယ်လောက် ပျော်​နေကြောင်း သိလာတယ်။ ကျွန်တော် လိုချင်​တာ ဒါ​ပဲ” လို့ ယူဂန္ဓာ​မှာ နေတဲ့ ကာဇီဘွီ ပြော​တယ်။

ကြေညာသူ​တွေ​ကို သင်အံမှု လိုက်​ဖို့ အလှည့်ကျ ခေါ်သွား​ရင် သင်သား အစည်းအဝေး တက်​တဲ့​အခါ ပို​လွယ်ကူ (စာပိုဒ် ၁၂ ကိုကြည့်ပါ) *

၁၂။ ကြေညာသူ​တွေ​ကို ကျမ်းစာ​သင်အံမှု လိုက်​ဖို့ ဘာကြောင့် အလှည့်ကျ ခေါ်သွား​သင့်သလဲ။

၁၂ ကြေညာသူ​တွေ​ကို သင်အံမှု လိုက်​ဖို့ အလှည့်ကျ ခေါ်​သွားပါ။ တစ်ခါ​တလေ သင်အံမှု​ကို တစ်ယောက်တည်း သွားတာ ဒါမှ​မဟုတ် သွား​နေကျ ကြေညာသူ​နဲ့​ပဲ သွားတာ ပို​လွယ်​နိုင်တယ်။ ဒါပေမဲ့ တခြား​ကြေညာသူ​တွေ​ကို အလှည့်ကျ ခေါ်သွား​ရင် သင်သား ပို​အကျိုး​ရမယ်။ “သင်အံမှု လိုက်​လာတဲ့ ကြေညာသူ​တိုင်း​က အကြောင်းအရာတွေကို နည်းလမ်း​အမျိုးမျိုး၊ ရှုထောင့်​အမျိုးမျိုးနဲ့ ရှင်းပြ​ကြတယ်။ အဲဒီအပြင် ညီအစ်ကို/မ အများကြီး​နဲ့ ကျွန်တော် သိ​ပြီး​သား ဖြစ်နေ​လို့ ဦးဆုံး​အကြိမ် အစည်းအဝေး တက်​တဲ့​အခါ အနေရခက်​တာ​မျိုး မဖြစ်​တော့​ဘူး” လို့ မော်လ်ဒိုဗာ​မှာ နေတဲ့ ဒီမီထရီ ပြော​တယ်။

၁၃။ အစည်းအဝေး တက်​ဖို့ သင်သားကို ဘာကြောင့် ကူညီ​ပေး​ရမလဲ။

၁၃ အသင်းတော် အစည်းအဝေးတွေ တက်​ဖို့ သင်သားကို ကူညီ​ပေး​ပါ။ ဘာကြောင့်လဲ​ဆိုတော့ အတူ​စည်းဝေး​ဖို့ ယေဟောဝါ မိန့်မှာ​ထားပြီး ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း ဖြစ်လို့​ပဲ။ (ဟီ. ၁၀:၂၄၊ ၂၅) အဲဒီအပြင် ညီအစ်ကို/မတွေ​ဟာ ကျွန်တော်​တို့​ရဲ့ မိသားစု​လို ဖြစ်​တဲ့​အတွက် အစည်းအဝေး တက်တာ​က သူတို့နဲ့ တစ်အိမ်​တည်း အတူ​စားသောက်​တာ​နဲ့ တူတယ်။ အစည်းအဝေး တက်​ဖို့ သင်သားကို ကူညီ​ပေး​တာ​က နှစ်ခြင်း​ခံ​ဖို့ အရေးကြီးဆုံး အဆင့်​ကို တက်လှမ်း​နိုင်အောင် ကူညီ​ပေး​တာ​ပဲ။ ဒါပေမဲ့ သင်သား​အတွက် ခက်ခဲ​နိုင်တယ်။ သင်သား ကြုံ​ရနိုင်တဲ့ အခက်အခဲတွေကို ကျော်လွှား​နိုင်အောင် ပျော်စရာ​ဘဝ ထာဝရ စံစားကြ စာအုပ်​က ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၄။ အစည်းအဝေး တက်​ဖို့ သင်သားကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၄ ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာအုပ်၊ သင်ခန်းစာ ၁၀ ကို သုံးပါ။ သင်သားတွေကို အစည်းအဝေး တက်​နိုင်အောင် ကူညီ​ပေး​ရာ​မှာ သင်ခန်းစာ ၁၀ ကို စမ်းသုံး​ကြည့်​ဖို့ အတွေ့အကြုံ​ရှိ ကြေညာသူ​တွေ​ကို စာအုပ် မထုတ်​ခင်​မှာ တောင်းဆို​ခဲ့တယ်။ သူတို့ တော်​တော် အောင်မြင်​ခဲ့တယ်။ ဒါပေမဲ့ အစည်းအဝေး ဖိတ်ဖို့ သင်ခန်းစာ ၁၀ ရောက်တဲ့​အထိ စောင့်​စရာ မလိုပါဘူး။ အမြန်ဆုံး ဖိတ်ပါ။ ဆက်​ဖိတ်ခေါ်​နေပါ။ သင်သားတွေ ကြုံ​ရတဲ့ အခက်အခဲ​တွေ​ဟာ တစ်ယောက်​နဲ့ တစ်ယောက် မတူကြဘူး။ သင်သားရဲ့ လိုအပ်ရာတွေကို လက်တွေ့ကျကျ ကူညီ​ပေး​ပါ။ သင်သား အစည်းအဝေး မတက်​သေး​ရင်တောင် စိတ်ဓာတ်​မကျပါနဲ့။ စိတ်ရှည်ပါ။ ဆက်​ဖိတ်ခေါ်​နေပါ။

စိုးရိမ်​ကြောက်ရွံ့​စိတ်​ကို ကျော်လွှား​ဖို့ သင်သားကို ကူညီ​ပေး​ပါ

၁၅။ သင်သား​မှာ ဘယ်​စိုးရိမ်စိတ်​တွေ ရှိ​နိုင်​သလဲ။

၁၅ ယေဟောဝါသက်သေ ဖြစ်​ဖို့ သင် စိုးရိမ်​ခဲ့​ဖူး​သလား။ ဘယ်တော့မှ တစ်အိမ်​တက်​ဆင်း ဟော​နိုင်​မှာ မဟုတ်ဘူးလို့ ခံစား​ခဲ့​ရတာ ဖြစ်​နိုင်တယ်။ ဒါမှ​မဟုတ် မိသားစု၊ မိတ်ဆွေ​တွေ ဆန့်ကျင်​မှာ​ကို စိုးရိမ်​တာ ဖြစ်​နိုင်တယ်။ ဒါဆိုရင် သင်သားကို ကိုယ်ချင်းစာ​နိုင်​ပါ​လိမ့်မယ်။ အဲဒီလို စိုးရိမ်​ကြောက်ရွံ့​စိတ်​တွေ ရှိမယ်​ဆိုတာ ယေရှု အသိအမှတ် ပြု​တယ်။ ဒါပေမဲ့ ကြောက်​စိတ်​ကြောင့် ယေဟောဝါ​ကို ဝတ်မပြု​တာ​မျိုး မဖြစ်အောင် သတိထားဖို့ အားပေးခဲ့တယ်။ (မ. ၁၀:၁၆၊ ၁၇၊ ၂၇၊ ၂၈) ကြောက်​စိတ်​ကို ကျော်လွှား​နိုင်​ဖို့ နောက်လိုက်​တွေ​ကို ယေရှု ဘယ်လို ကူညီ​ပေး​သလဲ။ ယေရှုရဲ့ ပုံသက်သေ​ကို သင် ဘယ်လို တုပ​နိုင်​သလဲ။

၁၆။ ယုံကြည်ချက်​အကြောင်း ပြောပြ​ဖို့ သင်သားကို ဘယ်လို လေ့ကျင့်ပေး​နိုင်​သလဲ။

၁၆ ယုံကြည်ချက်​အကြောင်း ပြောပြ​ဖို့ သင်သားကို တဖြည်းဖြည်း လေ့ကျင့်ပေး​ပါ။ ဟောပြောဖို့ တပည့်​တွေ​ကို ယေရှု စေလွှတ်​ချိန်မှာ တပည့်​တွေ စိုးရိမ်​မိ​နိုင်တယ်။ ဒါပေမဲ့ ဘယ်မှာ ဟော​ရမယ်၊ ဘာ​အကြောင်း ဟော​ရမယ်ဆိုတာ သင်ပေးတယ်။ (မ. ၁၀:၅-၇) ယေရှုကို ဘယ်လို တုပ​နိုင်​သလဲ။ ဘယ်သူတွေကို ဟော​ရမယ်ဆိုတာ သိအောင် ကူညီ​ပေး​ပါ။ ဥပမာ၊ ကျမ်းစာ အမှန်တရား​ကြောင့် အကျိုး​ရမယ့်​သူ တစ်ယောက်ယောက်​ကို သိသလား​လို့ သင်သားကို မေး​နိုင်တယ်။ ပြီး​နောက် အဲဒီ​အမှန်တရားကို ဘယ်လို ရိုးရိုးရှင်းရှင်း ပြော​ရမယ်ဆိုတာ သင်ပေးပါ။ ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာအုပ်​မှာ ပါ​တဲ့ “လူတချို့ အဆို၊” “လူတချို့ အမေး” ကဏ္ဍ​တွေ သုံးပြီး လေ့ကျင့်ပေး​နိုင်တယ်။ ကျမ်းစာ သုံးပြီး ရိုးရိုးရှင်းရှင်း၊ ပါးပါးနပ်နပ် ဖြေ​တတ်​ဖို့ ကူညီ​ပေး​ပါ။

၁၇။ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ဖို့ သင်သားကို ကူညီ​ပေး​ရာ​မှာ မဿဲ ၁၀:၁၉၊ ၂၀၊ ၂၉-၃၁ ကို ဘယ်လို သုံးနိုင်​သလဲ။

၁၇ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ဖို့ သင်သားကို ကူညီ​ပေး​ပါ။ တပည့်​တွေ​ကို ယေဟောဝါ ချစ်​လို့ ကူညီ​ပေး​မယ်​ဆိုတာ ယေရှု စိတ်ချ​စေတယ်။ (မဿဲ ၁၀:၁၉၊ ၂၀၊ ၂၉-၃၁ ကို​ဖတ်ပါ။) သင်သားကိုလည်း ယေဟောဝါ ကူညီ​ပေး​မယ်​ဆိုတာ စိတ်ချ​စေပါ။ အတူ​ဆုတောင်း​တဲ့​အခါ သင်သားရဲ့ ပန်းတိုင်​တွေ​အကြောင်း ထည့်​တောင်းခြင်း​အားဖြင့် ယေဟောဝါ​ကို မှီခို​အားကိုး​တတ်​အောင် ကူညီ​ပေး​နိုင်တယ်။ “ကျမ်းစာ​သင်ပေး​သူက ဆုတောင်း​တဲ့​အခါ ကျွန်တော့် ပန်းတိုင်​တွေ​အကြောင်း ထည့်​တောင်းပေး​လေ့ ရှိတယ်။ သူ့​ဆုတောင်းချက်​တွေ​ကို ယေဟောဝါ ဘယ်လို အဖြေပေး​မှန်း သိလာတဲ့​အခါ ကျွန်တော်​လည်း စပြီး ဆုတောင်း​တတ်​လာတယ်။ ခရိုင်​အစည်းအဝေး​နဲ့ ပတ်စဉ် အစည်းအဝေးတွေ တက်​ဖို့ အလုပ်သစ်​ကနေ ခွင့်​တောင်း​ချိန်မှာ ယေဟောဝါ​ရဲ့ အကူအညီကို ကျွန်တော် ခံစား​ရတယ်” လို့ ပိုလန်​နိုင်ငံ​မှာ နေတဲ့ ဖရန်စီဇက် ပြော​တယ်။

၁၈။ ခရစ်ယာန် သွန်သင်သူ​တွေ​ရဲ့ လုပ်ဆောင်မှုကို ယေဟောဝါ ဘယ်လို သဘောထား​သလဲ။

၁၈ သင်သားတွေကို ယေဟောဝါ တကယ် စိတ်ဝင်စား​တယ်။ မိမိ​နဲ့ ရင်းနှီး​လာအောင် လူတွေကို ကူညီ​ပေးဖို့ သွန်သင်​သူတွေ ဘယ်လောက် ကြိုးစား​အားထုတ်​နေကြောင်း သိတယ်။ အဲဒီလို ကြိုးစား​တဲ့​အတွက် သူတို့ကို ချစ်​မြတ်နိုးတယ်။ (ဟေရှာ. ၅၂:၇) သင်ဟာ လောလောဆယ် ကျမ်းစာ​သင်အံမှု မရှိ​သေး​ရင်တောင် တခြား ကြေညာသူတွေ​ရဲ့ သင်သားတွေ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ဝိုင်းဝန်း​ကူညီ​ပေး​နိုင်​ပါ​တယ်။

သီချင်း ၆၀ အသက်ရေး

^ အပိုဒ်၊ 5 လူတွေ တပည့် ဖြစ်​လာအောင် ယေရှု ဘယ်လို ကူညီ​ပေး​ခဲ့​ကြောင်း၊ ယေရှုကို ဘယ်လို တုပ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကျမ်းစာ​သင်သားတွေကို ကူညီ​ပေးဖို့ ရည်ရွယ်​ထုတ်ဝေ​ထား​တဲ့ ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာအုပ်​သစ်​ထဲ​က ကဏ္ဍ​တချို့​ကိုလည်း ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 7 တွေ့ကြုံမှု​တွေ​ကို (၁) ယေဟောဝါသက်သေ​တွေ​အတွက် ကျမ်းစာ​လေ့လာမှု​လမ်းညွှန် “သမ္မာကျမ်းစာ၊” “လက်တွေ့ကျ​တန်ဖိုး၊” “‘သမ္မာကျမ်းစာ​က ဘဝ​ပုံစံ​တွေ​ကို ပြောင်းလဲ​ပေး​နိုင်’ (ကင်းမျှော်စင် ဆောင်းပါးတွဲ​များ)” ခေါင်းစဉ်​အောက်မှာ ဒါမှ​မဟုတ် (၂) JW Library® media ထဲ​က “လူတွေ့​မေးမြန်း​မှုများ၊ တွေ့ကြုံမှုများ” မှာ တွေ့​နိုင်တယ်။

^ အပိုဒ်၊ 62 ပုံ​အညွှန်း– ညီအစ်ကို​တစ်ယောက် ဇနီး​နဲ့​အတူ လူငယ်​တစ်ယောက်ကို ကျမ်းစာ သင်ပေး​နေ။ တခြား​ညီအစ်ကို​တွေ​ကိုလည်း မကြာမကြာ အလှည့်ကျ ခေါ်သွား။