မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၃

ယေဟောဝါ ရှိနေလို့ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်

ယေဟောဝါ ရှိနေလို့ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်

‘ယေဟောဝါ​ဟာ ဆုတောင်း​တဲ့​သူ​တိုင်း​ရဲ့ အနီးအပါး​မှာ ရှိတယ်။’ —ဆာ. ၁၄၅:၁၈

သီချင်း ၂၈ ယေဟောဝါ​နဲ့ မိတ်ဆွေ ဖြစ်​ခြင်း

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါ​ရဲ့ ကျေးကျွန်​တချို့ တစ်ခါ​တလေ ဘယ်လို ခံစား​ရနိုင်သလဲ။

ကျွန်တော်​တို့ အများစု တစ်ခါ​တလေ အထီးကျန်​တတ်တယ်။ တချို့​အတွက် အထီးကျန်မှု​က ခဏ​ပဲ ဆိုပေမဲ့ တချို့​အတွက်​တော့ အချိန်​ကြာ​တတ်တယ်။ လူ​အများကြီး​နဲ့ ရှိ​နေချိန်မှာ​တောင် အထီးကျန်​နေတာမျိုး ဖြစ်​နိုင်တယ်။ တချို့က အသင်းတော်သစ်​မှာ နေသားကျ​ဖို့ ကြိုးစား​နေ​ရတယ်။ တချို့​ကျ​တော့ ရင်းနှီးတဲ့ မိသားစုက လာတဲ့​အတွက် မိသားစုနဲ့ ဝေးရာ​ကို ပြောင်းရွှေ့​ရတဲ့အခါ အထီးကျန်​ကြတယ်။ သေဆုံး​သွားတဲ့ ချစ်ရ​သူတွေကို သတိရ​လွမ်းဆွတ်​နေ​သူတွေလည်း ရှိတယ်။ အမှန်တရား ရ​ခါ​စ ခရစ်ယာန်​တချို့ဟာ မယုံကြည်သူ မိသားစုဝင်တွေ၊ မိတ်ဆွေဟောင်း​တွေ​ရဲ့ ပစ်ပယ်​မှု၊ နှိပ်စက်​ညှဉ်းပန်းမှု​ကြောင့် အထီးကျန်​နေကြ​တယ်။

၂။ ဘယ်​မေးခွန်းတွေကို ဆွေးနွေး​ကြ​မလဲ။

ကျွန်တော်​တို့​အကြောင်း ယေဟောဝါ အကုန် သိတယ်။ အထီးကျန်​နေတဲ့​အခါလည်း ယေဟောဝါ သိ​ပြီး ကူညီ​ပေး​ချင်​တယ်။ ဘယ်လို ကူညီ​ပေး​သလဲ။ ကျွန်တော်​တို့​ကော အဲဒီ​ခံစားချက်​ကို ဘယ်လို ကျော်လွှား​နိုင်​သလဲ။ အသင်းတော်မှာ​ရှိတဲ့ အထီးကျန်​နေတဲ့ ညီအစ်ကို/မတွေ​ကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ ဒီ​မေးခွန်းတွေကို ဆွေးနွေး​ကြည့်​ကြ​စို့။

ကျွန်တော်​တို့ကို ယေဟောဝါ စိတ်ဝင်စား

ဧလိယ တစ်ယောက်တည်း မဟုတ်​ကြောင်း စိတ်ချ​စေဖို့ ကောင်းကင်တမန်​တစ်ပါး​ကို ယေဟောဝါ စေလွှတ် (စာပိုဒ် ၃ ကိုကြည့်ပါ)

၃။ ဧလိယ​ကို စိတ်ဝင်စား​ကြောင်း ယေဟောဝါ ဘယ်လို ပြသ​လဲ။

ဝတ်ပြုသူ​အားလုံး​ရဲ့ အကျိုးကို ယေဟောဝါ စိတ်ဝင်စား​တယ်။ ယောက်တိုင်းရဲ့ အနီးအပါး​မှာ ရှိတယ်။ ကျွန်တော်​တို့ စိတ်ဓာတ်ကျ​တဲ့​အခါ သိတယ်။ (ဆာ. ၁၄၅:၁၈၊ ၁၉) ပရောဖက် ဧလိယ​ကို ယေဟောဝါ ဘယ်လောက် စိတ်ဝင်စား​ကြောင်း စဉ်းစား​ကြည့်​ပါ။ အစ္စရေး​သမိုင်း​ရဲ့ ခက်ခဲ​တဲ့​အချိန်​မှာ ဧလိယ အသက်​ရှင်​ခဲ့တယ်။ ယေဟောဝါ​ကို ဝတ်ပြု​သူတွေ အပြင်းအထန် နှိပ်စက်​ညှဉ်းပန်းခံ​နေ​ရတယ်။ အထူးသဖြင့် ဧလိယ ပစ်မှတ်​ထား​ခံ​နေ​ရတယ်။ (၁ ဘု. ၁၉:၁၊ ၂) ယေဟောဝါ​အတွက် အမှုဆောင်တဲ့ ပရောဖက်​အဖြစ် မိမိ တစ်ယောက်ပဲ ကျန်​တော့​တယ်လို့ ထင်​ပြီး ဧလိယ စိတ်ဒုက္ခ​ရောက်နေတယ်။ (၁ ဘု. ၁၉:၁၀) ဧလိယ​ကို ဘုရား ချက်ချင်း ကူညီ​ပေးတယ်။ ကောင်းကင်တမန်​တစ်ပါး စေလွှတ်​ပြီး ဧလိယ တစ်ယောက်တည်း မဟုတ်​ကြောင်း၊ ဘုရား​ကို ကြောက်ရွံ့​တဲ့ တခြား အစ္စရေး​များစွာ ရှိသေး​ကြောင်း အသိ​ပေးတယ်။—၁ ဘု. ၁၉:၅၊ ၁၈

၄။ မိသားစုဝင်​တွေ၊ မိတ်ဆွေ​တွေ​ရဲ့ ကူညီ​ထောက်မမှု မရတော့​တဲ့ ကျေးကျွန်​တွေ​ကို ယေဟောဝါ စိတ်ဝင်စား​ကြောင်း မာကု ၁၀:၂၉၊ ၃၀ က ဘယ်လို ဖော်ပြ​သလဲ။

မိမိကို ဝတ်ပြုဖို့ တချို့ များစွာ စွန့်လွှတ်​အနစ်နာခံ​ရတာကို ယေဟောဝါ သိတယ်။ မယုံကြည်သူ ဆွေမျိုး​တွေ၊ မိတ်ဆွေဟောင်း​တွေ​ရဲ့ ကူညီ​ထောက်မမှု မရတော့​တာ ဖြစ်​နိုင်တယ်။ တမန်တော် ပေတရု​တောင် “ကျွန်တော်​တို့ ရှိသမျှကို စွန့်ပြီး သခင့်​နောက်ကို လိုက်​လာ​ပါ​ပြီ။ ကျွန်တော်​တို့ ဘာများ​ ရမှာ​လဲ” လို့ တစ်ကြိမ်​မှာ ယေရှုကို မေးခဲ့တယ်။ (မ. ၁၉:၂၇) မိသားစုနဲ့​တူ​တဲ့ ညီအစ်ကို/မတွေ ပြန်​ရမယ်​လို့ ယေရှု ကတိ​ပေးတယ်။ (မာကု ၁၀:၂၉၊ ၃၀ ကို​ဖတ်ပါ။) ကျေးကျွန်​တွေ​ကို ကူညီ​ထောက်မမယ်​လို့ ကောင်းကင်​ဖခင် ယေဟောဝါ ကတိ​ပေးတယ်။ (ဆာ. ၉:၁၀) အထီးကျန်​စိတ်​ကို တိုက်ထုတ်​ရာ​မှာ ယေဟောဝါ​ရဲ့ အကူအညီ ရဖို့ ဘာတွေ လက်တွေ့ကျကျ လုပ်ဆောင်​နိုင်​ကြောင်း ဆွေးနွေး​ကြည့်​ကြ​စို့။

အထီးကျန်​နေရင် ဘာလုပ်​နိုင်​သလဲ

၅။ သင့်ကို ယေဟောဝါ ထောက်မနေကြောင်း အာရုံစိုက်​ရင် ဘာ​အကျိုး​ရမလဲ။

သင့်ကို ယေဟောဝါ ဘယ်လို ထောက်မနေကြောင်း အာရုံစိုက်ပါ။ (ဆာ. ၅၅:၂၂) အဲဒါက သင် တစ်ယောက်တည်း မဟုတ်​ကြောင်း သိလာအောင် ကူညီ​ပေး​မယ်။ တစ်ကိုယ်ရေ ညီအစ်မ ကယ်ရို * ဟာ မိသားစု​ထဲမှာ တစ်ဦးတည်း​သော သက်သေခံ​ပါ။ “စမ်းသပ်မှု​တွေ ကြုံ​ရ​တုန်း​က ယေဟောဝါ ဘယ်လို ကူညီ​ပေး​ခဲ့တယ်​ဆိုတာ ပြန်တွေး​တာ​က တစ်ယောက်တည်း မဟုတ်ဘူးလို့ ခံစား​ရစေတယ်။ နောက်​လည်း ယေဟောဝါ အမြဲ ကူညီ​ပေး​မယ်​ဆိုတာ စိတ်ချ​စေတယ်” လို့ ပြော​တယ်။

၆။ အထီးကျန်​စိတ်​ကို တိုက်ထုတ်​နိုင်​ဖို့ ၁ ပေတရု ၅:၉၊ ၁၀ က ဘယ်လို ကူညီ​ပေး​သလဲ။

အထီးကျန်​နေတဲ့ ညီအစ်ကို/မတွေ​ကို ယေဟောဝါ ဘယ်လို ကူညီ​ပေး​လဲ​ဆိုတာ စဉ်းစားပါ။ (၁ ပေတရု ၅:၉၊ ၁၀ ကို​ဖတ်ပါ။) ညီအစ်ကို ဟီရိုရှီဟာ အခု​ချိန်​ထိ မိသားစု​ထဲမှာ သက်သေခံ​ဆို​လို့ တစ်ယောက်တည်း ရှိတယ်။ “အခက်အခဲ​တွေ​ကြား အမှုတော်မှာ အကောင်းဆုံး ပါဝင်​နေတဲ့ ညီအစ်ကို/မတွေ​ကို တွေ့​ရတာက ကျွန်တော်​တို့​လို အမှန်တရားမှာ တစ်ယောက်တည်း ဖြစ်နေ​သူတွေ​အတွက် အားပေးမှု ဖြစ်​စေတယ်” လို့ ပြော​တယ်။

၇။ ဆုတောင်းခြင်း​က သင့်ကို ဘယ်လို ကူညီ​ပေး​သလဲ။

ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်​ကောင်း ဆက်​ရှိ​နေပါ။ အဲဒီ​ထဲမှာ ယေဟောဝါ​ဆီ ကိုယ့်​ခံစားချက်​တွေ ရင်ဖွင့်​ပြောပြ​တာ ပါဝင်​တယ်။ (၁ ပေ. ၅:၇) လူငယ်​ ညီအစ်မ မက်စီး​ဟာ ယေဟောဝါ​ကို ဝတ်ပြုဖို့ ဆုံးဖြတ်​တဲ့​အခါ မိသားစုနဲ့ သီးခြား​ဖြစ်သွား​တယ်လို့ ခံစား​ခဲ့​ရတယ်။ “အထီးကျန်​စိတ်​ကို ဖြေဖျောက်​ဖို့ အရေးပါဆုံး နည်း​တစ်နည်း​က​တော့ ယေဟောဝါ​ဆီ မခြားမလပ် ဆုတောင်းခြင်း ဖြစ်တယ်။ ယေဟောဝါ​ဟာ ကျွန်မအတွက် တကယ့်​ အဖေလို​ပဲ။ နေ့တိုင်း အကြိမ်​များစွာ ဆုတောင်း​ပြီး ခံစားချက်​တွေ ပြောပြ​တယ်” လို့ မက်​စီး ပြော​တယ်။

ကျမ်းစာ၊ ကျမ်းစာ အခြေပြု စာပေ အသံ​ဖိုင်​တွေ နားထောင်တာက အထီးကျန်​စိတ်​ကို လျော့ပါး​စေနိုင် (စာပိုဒ် ၈ ကိုကြည့်ပါ) *

၈။ ကျမ်းစာ ဖတ်ရှု​ဆင်ခြင်​တာ​က သင့်ကို ဘယ်လို ကူညီ​ပေး​သလဲ။

ကျမ်းစာ ပုံမှန် ဖတ်​ပြီး ယေဟောဝါ​ရဲ့ မေတ္တာကို ပေါ်လွင်​စေ​တဲ့ ကျမ်း​မှတ်တမ်းတွေကို တွေးတော​ဆင်ခြင်​ပါ။ ညီအစ်မ ဘီယန်ကာ​ဟာ မိသားစုရဲ့ ဝေဖန်​တိုက်ခိုက်မှု ခံ​နေ​ရတယ်။ “ကျမ်းစာ​မှတ်တမ်းတွေ၊ ဘဝတူ ကျေးကျွန်​တွေ​ရဲ့ အတ္ထုပ္ပတ္တိ​တွေ​ကို ဖတ်ရှု​ဆင်ခြင်​တာ တကယ် အထောက်အကူ ပြု​တယ်” လို့ ပြော​တယ်။ ခရစ်ယာန်​တချို့က ဆာလံ ၂၇:၁၀၊ ဟေရှာယ ၄၁:၁၀ လို​မျိုး နှစ်သိမ့်မှု ဖြစ်စေ​တဲ့ ကျမ်းချက်​တွေ​ကို အလွတ်​ကျက်မှတ်ထား​ကြတယ်။ အစည်းအဝေး​အတွက် ပြင်ဆင်​ချိန်မှာ၊ ကျမ်းစာ ဖတ်ရှု​ချိန်မှာ အသံ​ဖိုင်​တွေ ဖွင့်ပြီး နားထောင်တာက အထီးကျန်​စိတ် လျော့နည်း​အောင် ကူညီ​ပေးတယ်​လို့ တချို့ ပြော​ကြတယ်။

၉။ အစည်းအဝေးတွေ တက်တာ​က သင့်ကို ဘယ်လို အကျိုးပြု​သလဲ။

အစည်းအဝေး ပုံမှန် တက်​ဖို့ ကြိုးစား​ပါ။ အစည်းအဝေး အစီအစဉ်​ကနေ ခွန်အား ရပြီး ညီအစ်ကို/မတွေ​နဲ့​လည်း ပို​သိကျွမ်းခွင့် ရမယ်။ (ဟီ. ၁၀:၂၄၊ ၂၅) အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ညီအစ်မ မက်စီး​က “ရှက်တတ်​ပေမဲ့ အစည်းအဝေး​တိုင်း တက်​ဖို့၊ မှတ်ချက်​ပေးဖို့ ဆုံးဖြတ်ထား​တယ်။ ဒါက အသင်းတော်ဝင် ဖြစ်တယ်လို့ ခံစား​ရစေတယ်” ဆိုပြီး ပြော​တယ်။

၁၀။ ညီအစ်ကို/မတွေ​နဲ့ မိတ်ဆွေဖွဲ့​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၀ ညီအစ်ကို/မတွေ​နဲ့ မိတ်ဖွဲ့​ပါ။ အသင်းတော်မှာ မိတ်ဆွေ ရှာပါ။ အသက်အရွယ်၊ နောက်ခံ မတူ​ရင်တောင်​မှ သူတို့ဆီကနေ သင်ယူနိုင်တယ်။ ‘အသက်ကြီးသူ​ဆီ​မှာ ဉာဏ်ပညာ ရှိတယ်’ လို့ ကျမ်းစာ ပြော​တယ်။ (ယောဘ ၁၂:၁၂) လူကြီးတွေ​လည်း သစ္စာရှိ လူငယ်တွေ​ဆီကနေ များစွာ သင်ယူနိုင်တယ်။ ဒါဝိဒ်ဟာ ယောနသန်​ထက် အများကြီး အသက်ငယ်​တယ်။ ဒါပေမဲ့ သိပ်​ရင်းနှီးတဲ့ မိတ်ဆွေ​တွေ ဖြစ်​ကြတယ်။ (၁ ရှ. ၁၈:၁) အခက်အခဲ​တွေ​ကြား ယေဟောဝါ​ကို ဆက်​အမှုဆောင်ဖို့ အချင်းချင်း ကူညီ​ပေး​ကြတယ်။ (၁ ရှ. ၂၃:၁၆-၁၈) လောလောဆယ် မိသားစုမှာ တစ်ယောက်တည်း သက်သေခံ ဖြစ်​နေတဲ့ ညီအစ်မ အီရီနာ​က “ညီအစ်ကို/မတွေ​ဟာ မိဘ​မောင်နှမတွေ​လို ဖြစ်​လာတယ်။ ကျွန်မရဲ့ လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေးဖို့ သူတို့ကို ယေဟောဝါ အသုံးပြုတယ်” လို့ ပြော​တယ်။

၁၁။ ခိုင်မြဲတဲ့ မိတ်ဆွေဖွဲ့​ဖို့ ဘာလုပ်ရမလဲ။

၁၁ ရှက်တတ်​သူ ဖြစ်​မယ်​ဆိုရင် အသင်းတော်မှာ မိတ်ဆွေသစ် ဖွဲ့​ဖို့ ခက်​နိုင်တယ်။ ဆန့်ကျင်မှု​တွေ​ကြား အမှန်တရား သင်ယူ​ခဲ့​တဲ့ ညီအစ်မ ရတ်နားဟာ ရှက်တတ်​သူ ဖြစ်တယ်။ “ညီအစ်ကို/မတွေ​ရဲ့ ကူညီ​ထောက်မမှု လိုတယ်​ဆိုတာ အသိအမှတ်ပြု​ခဲ့​ရတယ်” လို့ ရတ်နား ပြော​တယ်။ ခံစားချက်​တွေ ထုတ်ပြော​ဖို့ ခက်​နိုင်​ပေမဲ့ အဲဒီလို ထုတ်ပြော​မှ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်​နိုင်​မယ်။ မိတ်ဆွေ​တွေ သင့်ကို အားပေး​ထောက်မချင်​တယ်။ ဒါပေမဲ့ ကိုယ်​ ဘာ​လိုတယ်​ဆိုတာ ပြောပြ​မှ သူတို့ သိ​ပြီး ကူညီ​ပေး​နိုင်​မယ်။

၁၂။ ဘယ်လိုနည်းနဲ့ မိတ်ဆွေ ဖွဲ့​နိုင်​သလဲ။

၁၂ မိတ်ဆွေဖွဲ့​နိုင်​တဲ့ အကောင်းဆုံးနည်း တစ်နည်း​က​တော့ အမှုဆောင်​လုပ်ငန်းမှာ အတူ​ပါဝင်​ခြင်း​ပါ​ပဲ။ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ညီအစ်မ ကယ်ရို​က “ညီအစ်မတွေ​နဲ့​အတူ အမှုဆောင်​နဲ့ တခြား ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ ပါဝင်​လို့ မိတ်ဆွေကောင်း​တွေ အများကြီး ရလာတယ်။ နှစ်တွေ​တစ်လျှောက် အဲဒီ​မိတ်ဆွေ​တွေ​က​တစ်ဆင့် ယေဟောဝါ ထောက်မပေးတယ်” လို့ ပြော​တယ်။ သစ္စာရှိ ခရစ်ယာန်​တွေ​နဲ့ မိတ်ဆွေဖွဲ့​တာ အမြဲ အကျိုး​ရှိတယ်။ အထီးကျန်မှု​လို​မျိုး စိတ်ပျက်​စရာ ခံစားချက်​တွေ​ကို တွန်းလှန်​နိုင်​ဖို့ အဲဒီ​မိတ်ဆွေတွေကို သုံးပြီး ယေဟောဝါ ကူညီ​ပေးတယ်။—ပညာ. ၁၇:၁၇

မိသားစုဝင် ဖြစ်တယ်လို့ ခံစား​ရစေပါ

၁၃။ အသင်းတော်မှာ ရှိသူ​အားလုံး ဘာ​တာဝန် ရှိသလဲ။

၁၃ အသင်းတော်ကို မေတ္တာ​ရှိတဲ့၊ ငြိမ်းချမ်း​တဲ့ ဝန်းကျင် ဖြစ်အောင် လုပ်ဖို့ ယောက်​တိုင်း​မှာ တာဝန်​ရှိတယ်။ ဒါမှ အထီးကျန်​တယ်လို့ ဘယ်သူမှ ခံစားရ​တော့​မှာ မဟုတ်ဘူး။ (ယော. ၁၃:၃၅) ကိုယ့်​အပြော၊ လုပ်ရပ်​လေး တစ်ခု​က တခြား​သူတွေ​အတွက် အများကြီး အားပေးမှု ဖြစ်စေ​နိုင်တယ်။ “အမှန်တရား ရလာတဲ့​အခါ အသင်းတော်က မိသားစု​လို ဖြစ်​လာတယ်။ သူတို့ရဲ့ ထောက်မမှု​သာ မပါရင် ယေဟောဝါသက်သေ​တစ်ယောက် ဖြစ်လာ​မှာ မဟုတ်ဘူး” လို့ ညီအစ်မတစ်ယောက် ပြော​တယ်။ မိသားစု​ထဲမှာ တစ်ယောက်တည်း သက်သေခံ ဖြစ်နေ​သူတွေကို အသင်းတော်ဝင် ဖြစ်တယ်လို့ ခံစား​ရအောင် ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၄။ လူသစ်တွေ​နဲ့ မိတ်ဖွဲ့​ဖို့ ဘာတွေ လုပ်နိုင်သလဲ။

၁၄ ကိုယ့်​ဘက်က စပြီး မိတ်ဖွဲ့​ပါ။ လူသစ်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ။ (ရော. ၁၅:၇) ဒါပေမဲ့ နှုတ်ဆက်ရုံ​နဲ့ မလုံလောက်​ဘူး။ အချိန်​ကြာ​လာတာ​နဲ့​အမျှ ပို​ရင်းနှီးအောင် လုပ်ရမယ်။ ဒါ​ကြောင့် စိတ်ရင်းမှန်​နဲ့ စိတ်ဝင်စား​ကြောင်း ပြ​ပါ။ စိတ်​အနှောင့်အယှက် ဖြစ်စရာ မေးခွန်းတွေ မမေးပါ​နဲ့။ သူတို့ ကြုံနေ​ရတဲ့ ပြဿနာ​တွေ​ကို နားလည်​နိုင်အောင် ကြိုးစား​ပါ။ တချို့က ခံစားချက်​တွေ ထုတ်ပြော​ဖို့ ခက်​နိုင်တယ်။ ဒါ​ကြောင့် အတင်း ဖိအား မပေး​ပါ​နဲ့။ အဲဒီအစား ပါးပါးနပ်နပ် မေး​ပြီး သူတို့​ ပြော​တာ​ကို စိတ်ရှည်ရှည် နားထောင်ပါ။ ဥပမာ၊ အမှန်တရား ဘယ်လို သိလာ​တာလဲ ဆိုတဲ့ မေးခွန်း​မျိုး​ပေါ့။

၁၅။ ရင့်ကျက်တဲ့ ခရစ်ယာန်​တွေ​က တခြား​သူတွေကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၅ အသင်းတော်မှာ ရင့်ကျက်တဲ့ ခရစ်ယာန်​တွေ၊ အထူးသဖြင့် အကြီးအကဲ​တွေ ဂရုတစိုက် စိတ်ဝင်စားမှု ပြတဲ့​အခါ အားလုံး ယုံကြည်ခြင်း ခိုင်မာ​လာတယ်။ မိခင်ရဲ့ စောင့်ရှောက်မှု​နဲ့ အမှန်တရားမှာ ကြီးပြင်း​လာတဲ့ ညီအစ်မ မာ​လစ်​ဆာ​က “နှစ်တွေ​တစ်လျှောက် အဖေ​တစ်ယောက်လို အချိန်ပေး ဂရုစိုက်​တဲ့ ညီအစ်ကို​တွေ​ကို ပြော​မပြ​တတ်​အောင် ကျေးဇူး​တင်​တယ်။ ကျွန်မ ရင်ဖွင့်​ဖို့ လို​တဲ့ အချိန်တိုင်းမှာ နားထောင်ပေး​မယ့်​သူ တစ်ယောက်ယောက် အမြဲ ရှိနေတယ်” လို့ ပြော​တယ်။ လူငယ်​ ညီအစ်ကို မော်ရစ်စီယို​ဟာ သူ့ကို ကျမ်းစာ​သင်ပေး​သူ အမှန်တရားကို စွန့်ခွာ​သွားတဲ့အခါ ဝမ်းနည်းပြီး အထီးကျန်​ခဲ့တယ်။ “အကြီးအကဲ​တွေ ဂရုစိုက်​ပေး​တဲ့​အတွက် အကူအညီ အများကြီး ဖြစ်​ခဲ့တယ်။ ကျွန်တော်​နဲ့ အမြဲ စကားပြော​တယ်။ အမှုဆောင်မှာ တွဲခေါ်​ပေးတယ်။ ကိုယ်ပိုင်​လေ့လာမှု​ကနေ သိလာတာတွေကို ဝေမျှပေး​တဲ့​အပြင် အားကစား​တောင် အတူ လုပ်ကြတယ်” လို့ ပြော​တယ်။ အခု မာ​လစ်​ဆာ​နဲ့ မော်ရစ်စီယို​တို့ နှစ်ယောက်စလုံး အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​နေကြပြီ။

သင် အချိန်ပေး ပေါင်းသင်း​ဖို့ လိုအပ်​နေ​သူ တစ်ယောက်ယောက် အသင်းတော်မှာ ရှိသလား (စာပိုဒ် ၁၆-၁၉ ကိုကြည့်ပါ) *

၁၆-၁၇။ တခြား​သူတွေကို ဘယ်လို လက်တွေ့ကျကျ ကူညီ​ပေး​နိုင်​သလဲ။

၁၆ လက်တွေ့ကျကျ ကူညီ​ပေး​ပါ။ (ဂလ. ၆:၁၀) လီ​ယို​ဟာ မိသားစုနဲ့ ဝေး​တဲ့​နေရာမှာ သာသနာပြု​အဖြစ် အမှုဆောင်​နေတယ်။ “အများအားဖြင့် အချိန်သင့်​အခါသင့် လုပ်ပေးတဲ့ ကြင်နာ​တဲ့ လုပ်ရပ်​လေး​တစ်ခု​ကိုပဲ လိုအပ်​တာ​ပါ။ ကျွန်တော် ကား​မတော်တဆ ဖြစ်​ခဲ့​တဲ့​နေ့ကို မှတ်မိ​နေတုန်းပဲ။ အိမ်​ပြန်​ရောက်တော့ စိတ်​ပန်း​လူ​ပန်း ဖြစ်​နေပြီ။ မောင်နှံ​တစ်စုံ​က သူတို့​အိမ်မှာ ညစာ​လာ​စားဖို့ ဖိတ်တယ်။ ဘာ​စား​တယ်​ဆိုတာ မမှတ်မိ​တော့​ပေမဲ့ ကျွန်တော် ပြော​တာတွေကို သူတို့ သေသေချာချာ နားထောင်ပေး​တာ​တော့ မှတ်မိ​နေ​သေး​တယ်။ ဒါ​ကြောင့် တော်​တော် စိတ်သက်သာ​သွားတယ်” လို့ ပြော​တယ်။

၁၇ အစည်းအဝေးကြီး​တွေ၊ အစည်းအဝေးပွဲ​တွေ​မှာ ကျွန်တော်​တို့ အားလုံး ပျော်​ကြတယ်။ တခြား​သူတွေနဲ့ အစည်းအဝေး အစီအစဉ်တွေ​အကြောင်း ပြော​ရင်း ပေါင်းသင်း​ခွင့် ရ​ကြလို့ပဲ။ ဒါပေမဲ့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ကယ်ရို​က “အစည်းအဝေးပွဲ​တွေ၊ ခရိုင်​အစည်းအဝေးတွေ​ဆိုရင် ကျွန်မအတွက် သိပ်​ခက်တယ်။ ညီအစ်ကို/မ ရာချီ​ထောင်ချီ ရှိပေမဲ့ သူတို့က ကိုယ့်​မိသားစုနဲ့​ကိုယ်​လေ။ ကျွန်မက​တော့ တစ်ယောက်​တည်း​ဆိုတော့ အထီးကျန်​တာပေါ့” လို့ ပြော​တယ်။ တချို့​ကျ​တော့ အိမ်ထောင်ဖက် သေဆုံး​ပြီး​နောက် ဦးဆုံး​အကြိမ် အစည်းအဝေးကြီး တက်​ရတဲ့​အချိန်​မှာ သိပ်​ခက်တယ်။ အဲဒီလို အခက်အခဲ​တွေ ကြုံ​နေရ​သူ တစ်ယောက်ယောက်​ကို သိသလား။ နောက်​တစ်ခေါက် အစည်းအဝေးကြီး​တွေ​မှာ သူတို့ကို သင့်​မိသားစုနဲ့​အတူ ထိုင်​ဖို့ ဖိတ်ခေါ်ပါ။

၁၈။ ၂ ကောရိန္သု ၆:၁၁-၁၃ ကို ဘယ်လို ကျင့်သုံး​နိုင်​သလဲ။

၁၈ အချိန်ပေး ပေါင်းသင်း​ပါ။ အထူးသဖြင့် အထီးကျန်​နေတဲ့ ညီအစ်ကို/မတွေ​ကို ကိုယ့်ရဲ့ စုဆုံ​ပေါင်းသင်းမှု​တွေ​မှာ ဖိတ်ခေါ်ပါ။ အဲဒီလို​လူတွေ​အတွက် “နှလုံးသားကို ကျယ်ကျယ်​ ဖွင့်​ထား” ပါ။ (၂ ကောရိန္သု ၆:၁၁-၁၃ ကို​ဖတ်ပါ။ အောက်ခြေမှတ်ချက်) “မိတ်ဆွေ​တွေ​က အိမ်​အလည်​လာဖို့၊ သူတို့​မိသားစုနဲ့​အတူ ခရီး​သွားဖို့ ဖိတ်​တဲ့​အခါ ကျွန်မ သိပ်​ပျော်​တယ်” လို့ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ညီအစ်မ မာ​လစ်​ဆာ ပြော​တယ်။ အသင်းတော်မှာ သင် ဧည့်ဝတ်ပြု​နိုင်​တဲ့​သူ တစ်ယောက်ယောက်​များ ရှိသလား။

၁၉။ ညီအစ်ကို/မတွေ​ကို အချိန်ပေး ပေါင်းသင်း​တာ​က ဘယ်လို​အချိန်​မှာ အထူးသဖြင့် အကူအညီ ဖြစ်စေ​နိုင်​သလဲ။

၁၉ ကျွန်တော်​တို့​ရဲ့ အချိန်ပေး ပေါင်းသင်းမှု​ကို ညီအစ်ကို/မတွေ အထူး လိုအပ်​တဲ့ အချိန်တွေ ရှိ​နိုင်တယ်။ ပွဲတော်​အားလပ်ရက်​တွေ​မှာ ညီအစ်ကို/မတချို့​ဟာ ယေဟောဝါသက်သေ မဟုတ်တဲ့ မိသားစုဝင်​တွေ​နဲ့ အတူ ရှိနေဖို့ ခက်​ကြတယ်။ တချို့​ကျ​တော့​လည်း ချစ်ရသူ သေဆုံး​သွားတဲ့ နှစ်ပတ်လည်​နေ့တွေမှာ သိပ်​ဝမ်းနည်း​နေတတ်တယ်။ အဲဒီလို ညီအစ်ကို/မတွေ​နဲ့ အချိန်ပေး ပေါင်းသင်း​တာ​က သူတို့ “အကျိုးကို တကယ်​ လိုလား” ကြောင်း ပြ​ရာ ရောက်တယ်။—ဖိ. ၂:၂၀

၂၀။ မဿဲ ၁၂:၄၈-၅၀ မှာ ပါတဲ့ ယေရှုရဲ့ စကား​က အထီးကျန်​နေချိန်မှာ ဘယ်လို အကူအညီ ဖြစ်စေ​သလဲ။

၂၀ အထီးကျန်​တယ်လို့ ခံစား​ရတဲ့ အကြောင်းရင်း များစွာ ရှိ​နိုင်တယ်။ ဒါပေမဲ့ အဲဒါတွေကို ယေဟောဝါ ကောင်းကောင်း​ သိတယ်ဆိုတာ မမေ့ပါနဲ့။ လိုအပ်​တာတွေကို ညီအစ်ကို/မတွေ​က​တစ်ဆင့် ယေဟောဝါ ဖြည့်ဆည်း​ပေး​လေ့ ရှိတယ်။ (မဿဲ ၁၂:၄၈-၅၀ ကို​ဖတ်ပါ။) ကျွန်တော်​တို့​ဘက်ကလည်း ညီအစ်ကို/မတွေ​ကို အတတ်နိုင်ဆုံး ကူညီ​ထောက်မခြင်း​အားဖြင့် ယေဟောဝါ​ရဲ့ မေတ္တာပါ အစီအစဉ်ကို လေးမြတ်​ကြောင်း ပြ​နိုင်တယ်။ ကျွန်တော်​တို့ ဘယ်လိုပဲ ခံစား​နေရ​ပါစေ ဘေးမှာ ယေဟောဝါ အမြဲ ရှိနေတဲ့​အတွက် ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ပါဘူး။

သီချင်း ၄၆ ကျေးဇူးပါ၊ ယေဟောဝါ

^ အပိုဒ်၊ 5 အထီးကျန်​စိတ်​ကို တိုက်ထုတ်​ရတဲ့ အချိန်တွေ ရှိသလား။ ရှိတယ်ဆိုရင် သင့်​အခက်အခဲ​ကို ယေဟောဝါ သိ​ပြီး ကူညီ​ပေးချင်တယ်​ဆိုတာ စိတ်ချ​ပါ။ အထီးကျန်​စိတ်​ကို ဘယ်လို ရင်ဆိုင်​ဖြေရှင်း​နိုင်​ကြောင်း၊ အထီးကျန်​နေတဲ့ ညီအစ်ကို/မတွေ​ကို ဘယ်လို အားပေးနိုင်​ကြောင်း ဒီဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 5 အမည်​လွှဲ​များ။

^ အပိုဒ်၊ 60 ပုံ​အညွှန်း– ဇနီး ဆုံးပါး​သွား​လို့ အထီးကျန်​နေတဲ့ ညီအစ်ကို​ဟာ ကျမ်းစာ​နဲ့ လေ့လာ​ရန် ဆောင်းပါး အသံ​ဖိုင်​တွေ​ကို နားထောင်ခြင်း​ကနေ အကျိုး​ရ​နေ။

^ အပိုဒ်၊ 62 ပုံ​အညွှန်း– အသင်းတော်မှာ ရှိတဲ့ သက်ကြီး​ညီအစ်ကို​ဆီ ညီအစ်ကို​တစ်ယောက်​နဲ့ သမီး သွား​လည်ပတ်​နေ။