စာရှုသူများထံမှ မေးခွန်းလွှာ
“ပညတ်တရားမှာ သေဆုံးသွားပြီ” လို့ တမန်တော် ပေါလု ပြောတာ ဘာကို ဆိုလိုသလဲ။—ဂလ. ၂:၁၉။
“ကျွန်တော်ဟာ ပညတ်တရားမှာ သေဆုံးသွားပြီ။ အဲဒီလို သေဆုံးသွားလို့ ဘုရားသခင်အတွက် အသက်ရှင်လာပြီ” လို့ ပေါလု ပြောတယ်။—ဂလ. ၂:၁၉။
ပေါလု ပြောတဲ့အချက်က ရောမနယ်၊ ဂလာတိမှာ ရှိတဲ့ အသင်းတော်ဆီ ရေးတဲ့ အဓိကအချက်နဲ့ ကိုက်ညီတယ်။ ခရစ်ယာန်တချို့ဟာ အယူမှား ဆရာတွေရဲ့ လွှမ်းမိုးမှု ခံနေရတယ်။ ကယ်တင်ခြင်း ရဖို့ မောရှေပညတ်ကို လိုက်ရမယ်၊ အထူးသဖြင့် အရေဖျား ဖြတ်ခြင်း ပညတ်ကို လိုက်ရမယ်လို့ သွန်သင်နေကြတယ်။ ဒါပေမဲ့ ဘုရားက အရေဖျား ဖြတ်ဖို့ မတောင်းဆိုတော့ဘူးဆိုတာ ပေါလု သိတယ်။ အဲဒီသွန်သင်ချက်တွေ မှားကြောင်း အခိုင်အမာ ထောက်ပြပြီး ယေရှုခရစ်ရဲ့ ရွေးဖိုးအပေါ် ယုံကြည်ခြင်း ခိုင်မာလာအောင် ညီအစ်ကိုတွေကို အားပေးခဲ့တယ်။—ဂလ. ၂:၄။ ၅:၂။
လူတစ်ယောက် သေဆုံးသွားပြီဆိုရင် ဘာမှ မသိတော့ဘူးလို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ (ဒေ. ၉:၅) ဒါကြောင့် “ကျွန်တော်ဟာ ပညတ်တရားမှာ သေဆုံးသွားပြီ” လို့ ပေါလု ပြောတာက မောရှေပညတ်နဲ့ ဘာမှ မသက်ဆိုင်တော့ဘူးလို့ ဆိုလိုတယ်။ အဲဒီအစား ရွေးဖိုးပူဇော်သက္ကာကို ယုံကြည်လို့ “ဘုရားသခင်အတွက် အသက်ရှင်လာပြီ” ဆိုတာ ပေါလု စိတ်ချတယ်။
“ပညတ်တရား” ကြောင့် ပေါလု အဲဒီလို ပြောင်းလဲသွားတာ။ “ပညတ်စောင့်ထိန်းလို့ မဟုတ်ဘဲ ယေရှုခရစ်ကို ယုံကြည်လို့သာ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်” ဆိုပြီး ပေါလု ရှင်းပြတယ်။ (ဂလ. ၂:၁၆) ပညတ်တရားဟာ အရေးကြီး တာဝန်ကို ပြီးမြောက်စေခဲ့တယ်။ “ကတိထားရာ မျိုးနွယ် မပေါ်ထွန်းခင် လူတွေရဲ့ အပြစ်ကို ဖော်ပြဖို့ ပညတ်တရားကို ထပ်ပေးခဲ့တာပါ” လို့ ဂလာတိ အသင်းတော်ကို ပေါလု ပြောတယ်။ (ဂလ. ၃:၁၉) မစုံလင်တဲ့၊ အပြစ်ရှိတဲ့ လူသားတွေဟာ ပညတ်တရားကို အပြည့်အဝ မလိုက်လျှောက်နိုင်ကြောင်း၊ တစ်ကြိမ်တည်းနဲ့ အပြီး ပူဇော်ပေးမယ့် ပြည့်ဝစုံလင်တဲ့ ပူဇော်သက္ကာ လိုအပ်ကြောင်း ပညတ်တရားက ပေါ်လွင်စေတယ်။ ယေရှုဟာ “ကတိထားရာ မျိုးနွယ်” ဖြစ်ကြောင်း လူတွေ နားလည်အောင် ကူညီပေးတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်တယ်လို့ သတ်မှတ်ခံရနိုင်မယ်။ (ဂလ. ၃:၂၄) ပေါလုဟာ ပညတ်တရားကြောင့်သာ ယေရှုကို ယုံကြည်လက်ခံလာတယ်။ ဒါကြောင့် ဖြောင့်မတ်တယ်လို့ သတ်မှတ်ခံခဲ့ရတယ်။ “ပညတ်တရားမှာ သေဆုံး” ပြီး “ဘုရားသခင်အတွက် အသက်ရှင်လာ” တယ်။ ပညတ်တရားရဲ့ ချုပ်ကိုင်မှုအောက် မရှိတော့ဘဲ ဘုရားရဲ့ ချုပ်ကိုင်မှုအောက် ရောက်သွားတယ်။
ရောမ အသင်းတော်ကို ရေးတဲ့စာမှာလည်း အလားတူအချက်ကို ပေါလု ရှင်းပြတယ်။ “ညီအစ်ကိုတို့၊ ခင်ဗျားတို့လည်း ပညတ်တရားအောက်မှာ ရှိခဲ့တယ်။ အခုတော့ ခရစ်တော်ရဲ့ ပူဇော်သက္ကာကြောင့် ပညတ်တရားအောက်ကနေ ကင်းလွတ်သွားပြီ။ . . . ကျွန်တော်တို့ ပညတ်တရားအောက်ကနေ လွတ်မြောက်လာပြီ ဖြစ်လို့ ပညတ်တရားရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်လာပြီ။” (ရော. ၇:၄၊ ၆) ဒါကြောင့် ဂလာတိ ၂:၁၉ မှာ ပေါလုက ပညတ်တရားအောက်မှာ အပြစ်သားအဖြစ် သေဆုံးတာကို ပြောနေတာ မဟုတ်ဘူး။ ပညတ်တရားအောက်ကနေ လွတ်မြောက်တာကို ပြောနေတာ ဖြစ်တယ်။ ပေါလုနဲ့ တခြားသူတွေဟာ ခရစ်တော်ရဲ့ ရွေးဖိုးကို ယုံကြည်တဲ့အတွက် ပညတ်တရား အောက်မှာ မရှိတော့ဘဲ လွတ်မြောက်သွားပြီ။