မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၄

စာတန်ရဲ့ ထောင်ချောက်တွေကနေ သင် လွတ်မြောက်နိုင်

စာတန်ရဲ့ ထောင်ချောက်တွေကနေ သင် လွတ်မြောက်နိုင်

“မာရ်နတ်​ ထောင်​ထား​တဲ့ ကျော့ကွင်း​ကနေ လွတ်​ကောင်း လွတ်​နိုင်​လိမ့်မယ်။”—၂ တိ. ၂:၂၆

သီချင်း ၃၆ နှလုံးကို စောင့်ကြပ်​စို့

အကြို​သုံးသပ်ချက် *

၁။ စာတန်​ကို မုဆိုး​နဲ့ ဘာကြောင့် ခိုင်းနှိုင်း​နိုင်​သလဲ။

မုဆိုး​မှာ ရည်ရွယ်ချက်​တစ်ခု​ပဲ ရှိတယ်။ သားကောင်​ကို ဖမ်း​ဖို့၊ သတ်​ဖို့​ပဲ။ ထောင်ချောက် အမျိုးမျိုး သုံး​နိုင်တယ်။ ကျမ်းစာ​မှာ​တောင် အဲဒီ​အကြောင်း ပြော​ထား​တယ်။ (ယောဘ ၁၈:၈-၁၀) မုဆိုး​ဟာ ထောင်ချောက်​ဆင်​နိုင်​ဖို့ သားကောင်​အကြောင်း သေသေချာချာ လေ့လာ​တယ်။ ဘယ်​တွေ သွား​တတ်​သလဲ၊ ဘာ​ကြိုက်​တတ်​သလဲ၊ ဘာနဲ့ ထောင်​ဖမ်း​ရင် မိ​နိုင်​မလဲ ဆိုတာ​မျိုး​ပေါ့။ စာတန်​လည်း အဲဒီ​မုဆိုး​လို​ပဲ။ ကျွန်တော်​တို့​အကြောင်း သေသေချာချာ လေ့လာ​တယ်။ ကျွန်တော်​တို့ ဘယ်​တွေ သွား​တတ်တယ်၊ ဘာတွေ စိတ်ဝင်စား​တယ်​ဆိုတာ သတိထားကြည့်​တယ်။ ပြီး​နောက် အလစ်​မှာ ဖမ်း​ဖို့ ကျော့ကွင်း ထောင်​တယ်။ ဒါပေမဲ့ စာတန့် ကျော့ကွင်း​ထဲ မိ​သွား​ရင်တောင် ဘယ်လို လွတ်မြောက်​နိုင်​ကြောင်း၊ စာတန့်ကျော့ကွင်း​တွေ​ကို ဘယ်လို ရှောင်နိုင်​ကြောင်း ကျမ်းစာ​မှာ ပြော​ထား​တယ်။

မာန​နဲ့ လောဘ​ဟာ စာတန်​ရဲ့ အထိရောက်ဆုံး ထောင်ချောက်​နှစ်ခု ဖြစ် (စာပိုဒ် ၂ ကိုကြည့်ပါ) *

၂။ စာတန်​ရဲ့ အထိရောက်ဆုံး ထောင်ချောက် နှစ်ခု​က ဘာလဲ။

စာတန်​ရဲ့ အထိရောက်ဆုံး ထောင်ချောက် နှစ်ခု​က​တော့ မာန​နဲ့ လောဘ ဖြစ်တယ်။ * အဲဒီ​ထောင်ချောက်​တွေ သုံးပြီး အောင်မြင်​နေတာ နှစ်ပေါင်း ထောင်နဲ့​ချီ​ပြီ။ စာတန်​ဟာ ထောင်ချောက် ဒါမှ​မဟုတ် ကျော့ကွင်း ထောင်​ထား​တဲ့ ငှက်ဖမ်း​သမားလိုပဲ။ (ဆာ. ၉၁:၃) ဒါပေမဲ့ စာတန်​ရဲ့ ထောင်ချောက်​ထဲ ကျွန်တော်​တို့ မိ​စရာ မလိုပါဘူး။ စာတန်​ရဲ့ နည်း​ပရိယာယ်​တွေ​ကို ယေဟောဝါ ကြို​အသိပေး​ထား​လို့​ပဲ။—၂ ကော. ၂:၁၁

သတိပေး ပုံ​နမူနာ​တွေ​ကနေ သင်ယူပြီး မာရ်နတ်ရဲ့ ထောင်ချောက်​တွေ​ကို ရှောင်နိုင်၊ လွတ်မြောက်​နိုင် (စာပိုဒ် ၃ ကိုကြည့်ပါ) *

၃။ ကျမ်းစာ​မှာ ပုံ​နမူနာ​တချို့​ကို ယေဟောဝါ ဘာကြောင့် ဖော်ပြ​ထား​သလဲ။

မာန​နဲ့ လောဘ အန္တရာယ်​အကြောင်း ယေဟောဝါ သတိပေး​တဲ့ တစ်နည်း​က​တော့ အဲဒီလို ထောင်ချောက်​ထဲ ကျရောက်​ခဲ့​သူတွေ​အကြောင်း ပြောပြ​ခြင်း​အားဖြင့်​ပါ​ပဲ။ ရင့်ကျက်တဲ့ ကျေးကျွန်​တွေ​ကို​တောင် စာတန် ထောင်​ဖမ်း​နိုင်​ခဲ့​ကြောင်း သိလာ​ရပါမယ်။ ဒါဆို စာတန့်​ထောင်ချောက်​တွေ​ကို မရှောင်​နိုင်​တော့​ဘူးဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ “ကျွန်တော်​တို့အတွက် သတိပေး​ချက်​အဖြစ်” အဲဒီ​ပုံ​နမူနာ​တွေ​ကို ကျမ်းစာ​မှာ ယေဟောဝါ ဖော်ပြ​ထား​တာ​ပါ။ (၁ ကော. ၁၀:၁၁) သတိပေး ပုံ​နမူနာ​တွေ​ကနေ သင်ယူပြီး စာတန့်​ထောင်ချောက်​တွေ​ကို ရှောင်နိုင်​တယ်​ဆိုတာ ယေဟောဝါ သိတယ်။

မာန ထောင်ချောက်

စာပိုဒ် ၄ ကိုကြည့်ပါ

၄။ မာန​စိတ် ဝင်လာ​ရင် ဘယ်လို ဖြစ်သွား​နိုင်​သလဲ။

စာတန်​က ကျွန်တော်​တို့ကို မာနကြီး​စေချင်တယ်။ မာန​စိတ် ဝင်လာ​ရင် သူ့လို​ ဖြစ်​ပြီး ထာဝရ​အသက် ဆုံးရှုံး​မယ်​ဆိုတာ သိတယ်။ (ပညာ. ၁၆:၁၈) လူတစ်ယောက်ဟာ ‘ထောင်လွှား​လာပြီး မာရ်နတ် ခံရ​မယ့် ပြစ်ဒဏ်​စီရင်မှု​မျိုး ခံရ​နိုင်တယ်’ လို့ တမန်တော် ပေါလု သတိ​ပေးတယ်။ (၁ တိ. ၃:၆၊ ၇) လူသစ်​ဖြစ်စေ၊ ယေဟောဝါ​ကို နှစ်ပေါင်း​များစွာ ဝတ်ပြု​လာ​သူ ဖြစ်စေ ဘယ်သူ​မဆို အဲဒီလို ဖြစ်သွား​နိုင်တယ်။

၅။ ဒေသနာ ၇:၁၆၊ ၂၀ အရ မာနကြီး​ကြောင်း ဘယ်လို ပြ​မိ​နိုင်​သလဲ။

မာနကြီး​သူတွေဟာ တစ်ကိုယ်ကောင်း​ဆန်​တယ်။ အခက်အခဲ ကြုံ​ရချိန်မှာ ယေဟောဝါ​ထက် ကိုယ့်ကိုယ်ကိုယ်​ပဲ အာရုံစိုက်​အောင် စာတန် သွေးဆောင်တယ်။ ဥပမာ၊ မဟုတ်မမှန် စွပ်စွဲ​ခံ​နေရ​သလား။ မတရား ဆက်ဆံ​ခံ​နေရ​သလား။ အဲဒီအချိန်မှာ ယေဟောဝါ ဒါမှ​မဟုတ် ညီအစ်ကို/မတွေ​ကို ကျွန်တော်​တို့ အပြစ်တင်​ရင် စာတန် သိပ်​ပျော်​မှာ။ ယေဟောဝါ ပေး​တဲ့ ကျမ်းစာ လမ်းညွှန်ချက်​အတိုင်း လိုက်တာ​ထက် ကိုယ့်နည်း​ကိုယ့်ဟန်​နဲ့ ဖြေရှင်း​တာ အကောင်းဆုံး​ ဖြစ်တယ်လို့ စာတန် ထင်​စေချင်တယ်။ဒေသနာ ၇:၁၆၊ ၂၀ ကို​ဖတ်ပါ။

၆။ နယ်သာလန်​နိုင်ငံ​က ညီအစ်မဆီကနေ ဘာ​သိရသလဲ။

နယ်သာလန်​နိုင်ငံ​က ညီအစ်မ တစ်ယောက်​အကြောင်း စဉ်းစား​ကြည့်​ပါ။ တခြား​သူတွေရဲ့ မစုံလင်မှု​ကြောင့် ဒေါသ​ဖြစ်​ပြီး ဆက်​သည်းမခံ​နိုင်​တော့​ဘူးလို့ ခံစား​ရတယ်။ “ညီအစ်ကို/မတွေ​ကို မကြည်ဖြူ​တဲ့​အတွက် အထီးကျန်​လာတယ်။ အသင်းတော် ပြောင်း​ဖို့​တောင် ယောက်ျား​ကို ပြော​ခဲ့တယ်” လို့ ညီအစ်မ ပြော​တယ်။ နောက်ပိုင်း ၂၀၁၆၊ မတ်လ JW ရုပ်သံ® အစီအစဉ်မှာ တခြား​သူတွေရဲ့ မစုံလင်မှုကို ဘယ်လို ရင်ဆိုင်​ဖြေရှင်း​ရမလဲ​ဆိုတဲ့ အကြံပြုချက်​တွေ ကြည့်​ရတယ်။ “အသင်းတော်က ညီအစ်ကို/မတွေ​ကို ပြောင်းလဲ​ဖို့​ထက် ကိုယ့်​အမှားတွေကို ရိုးရိုးသားသား နှိမ့်ချစွာ မြင်တတ်ဖို့ လိုတယ်​ဆိုတာ သိလာတယ်။ ယေဟောဝါ​နဲ့ အချုပ်အခြာအာဏာ ကိစ္စ​ကို အာရုံစိုက်​ဖို့ ဒီ​အစီအစဉ်​က ကူညီ​ပေးတယ်” လို့ ပြော​တယ်။ ဆိုလို​တာ​ကို သဘောပေါက်​သလား။ အခက်အခဲ ကြုံ​ရချိန်မှာ ယေဟောဝါ​ကိုပဲ အာရုံစိုက်ပါ။ တခြား​သူတွေကို ဘုရား မြင်​သလို မြင်​နိုင်အောင် ကူညီ​ပေးဖို့ ဆုတောင်း​ပါ။ ယေဟောဝါ​က သူတို့ရဲ့ အမှားတွေကို သိ​တာ​တောင် လိုလိုလားလား ခွင့်လွှတ်​တယ်။ သင့်ကိုလည်း အဲဒီလိုပဲ ခွင့်လွှတ်​စေချင်တယ်။—၁ ယော. ၄:၂၀

စာပိုဒ် ၇ ကိုကြည့်ပါ

၇။ ဘုရင် ဩဇိ ဘာ​ဖြစ်သွား​သလဲ။

ယုဒဘုရင် ဩဇိ​ဟာ မာန​စိတ်​ကြောင့် ရောင့်တက်​လာပြီး သတိပေး​စကား​ကို နားမထောင်ဘူး။ တကယ်တော့ ဩဇိ​ဟာ စွမ်းဆောင်ရည် ရှိသူ ဖြစ်တယ်။ တိုက်ပွဲ များစွာ အောင်နိုင်​ခဲ့တယ်။ မြို့​တွေ တည်ဆောက်​တယ်။ စိုက်ပျိုးရေး​မှာလည်း အောင်မြင်​တယ်။ “ယေဟောဝါ​က သူ့ကို တိုးတက်အောင်​မြင်​စေတယ်။” (၂ ရာ. ၂၆:၃-၇၊ ၁၀) ‘ဒါပေမဲ့ ဩဇိ​ဟာ အင်အားကြီး​လာတာ​နဲ့​အမျှ မောက်မာ​လာတယ်’ လို့ ကျမ်းစာ ပြော​တယ်။ ဗိမာန်တော်မှာ နံ့သာပေါင်း ပူဇော်​ဖို့ ပုရောဟိတ်​တွေ​ကိုပဲ ယေဟောဝါ မိန့်မှာ​ထား​တာ။ ဒါပေမဲ့ ဩဇိ​ဟာ နံ့သာပေါင်း ပူဇော်​ဖို့ ရောင့်တက်စွာ ဗိမာန်တော်​ထဲ ဝင်​သွားတယ်။ သူ့​လုပ်ရပ်​ကို ယေဟောဝါ မနှစ်သက်လို့ အနာကြီး​ရောဂါ​နဲ့ ဒဏ်ခတ်​လိုက်တယ်။ မာနကြီးတဲ့ ဩဇိ​ဟာ ကျန်​ဘဝ​တစ်လျှောက်​လုံး အနာကြီး​ရောဂါ ခံစား​ခဲ့​ရတယ်။—၂ ရာ. ၂၆:၁၆-၂၁

၈။ ၁ ကောရိန္သု ၄:၆၊ ၇ ကို လိုက်နာတာ​က မာနကြီး​တာ​ကို ရှောင်​ဖို့ ဘယ်လို ကူညီ​ပေး​သလဲ။

ဩဇိ​လို​ပဲ ကျွန်တော်​တို့​လည်း မာန ထောင်ချောက်​ထဲ ကျရောက်​နိုင်​သလား။ ဟိုစေး​အကြောင်း စဉ်းစား​ကြည့်​ပါ။ အောင်မြင်​တဲ့ လုပ်ငန်းရှင် ဖြစ်​ပြီး အသင်းတော်မှာလည်း လေးစား​ခံရ​တဲ့ အကြီးအကဲ ဖြစ်တယ်။ အစည်းအဝေးပွဲ​တွေ၊ ခရိုင်​အစည်းအဝေးတွေမှာ ဟောပြောချက် ပေး​ခွင့်​ရသူ ဖြစ်တယ်။ တိုက်နယ်​ကြီးကြပ်မှူး​တွေ​တောင် သူ့​ဆီ အကြံဉာဏ် တောင်း​ကြတယ်။ “ကိုယ့်​အစွမ်းအစ၊ အတွေ့အကြုံကို​ပဲ အားကိုး​ပြီး ယေဟောဝါ​ကို ဘေးချိတ်​ထား​မိတယ်။ ကိုယ့်ကိုယ်ကိုယ် ဟုတ်​လှ​ပြီ​လို့ ထင်​ပြီး ယေဟောဝါ​ရဲ့ သတိပေး​ချက်​နဲ့ ဆုံးမစကား​ကို ဂရုမစိုက်​ခဲ့​ဘူး” လို့ ဟိုစေး ပြော​တယ်။ နောက်ပိုင်း၊ ကြီး​လေး​တဲ့ အပြစ် လုပ်မိပြီး နှင်ထုတ်​ခံ​လိုက်ရတယ်။ အသင်းတော်​ထဲ ပြန်ရောက်​တာ​တော့ နှစ်​အတော်ကြာ​ပါ​ပြီ။ “ရာထူး၊ ဂုဏ်​ထူး​တွေ​ထက် ဘုရား မှာတဲ့​အတိုင်း လုပ်ဖို့ အရေးကြီးတယ်ဆိုတာ ယေဟောဝါ သင်ပေးတယ်” လို့ အခု ဟိုစေး ပြော​တယ်။ ကိုယ့်​မှာ ရှိ​ထား​တဲ့ အစွမ်းအစတွေ၊ အသင်းတော်မှာ ရထားတဲ့ အခွင့်ထူးတွေ​ဟာ ယေဟောဝါ​ဆီက ဖြစ်​ကြောင်း သတိရ​ကြပါစို့။ (၁ ကောရိန္သု ၄:၆၊ ၇ ကို​ဖတ်ပါ။) ကျွန်တော်​တို့ မာနကြီး​မယ်​ဆိုရင် ယေဟောဝါ သုံး​မှာ မဟုတ်ဘူး။

လောဘ ထောင်ချောက်

စာပိုဒ် ၉ ကိုကြည့်ပါ

၉။ လောဘ​စိတ်​ကြောင့် စာတန်​နဲ့ ဧဝ ဘာလုပ်ခဲ့​သလဲ။

လောဘ​အကြောင်း စဉ်းစား​လိုက်တာနဲ့ ကျွန်တော်​တို့ စိတ်ထဲ စာတန်​ မာရ်နတ် ပေါ်လာ​မှာပဲ။ ယေဟောဝါ​ရဲ့ ကောင်းကင်တမန် ဖြစ်​ခဲ့​ဖူး​တဲ့ စာတန်​မှာ အခွင့်ထူး များစွာ ရှိခဲ့မှာပဲ။ ဒါပေမဲ့ သူ ပို​လိုချင်​လာတယ်။ ယေဟောဝါ​ပဲ ရထိုက်တဲ့ ကိုးကွယ်​မှု​ကို လိုချင်​လာတယ်။ ကျွန်တော်​တို့ကို​လည်း သူ့လို​ပဲ ဖြစ်စေ​ချင်​တယ်။ ရှိတာနဲ့ မရောင့်ရဲ​ဘဲ ပို​လိုချင်​လာအောင် သွေးဆောင်တယ်။ ဧဝ​ကို အဲဒီလိုပဲ သွေးဆောင်ခဲ့တယ်။ ယေဟောဝါ​က အာဒံနဲ့ ဧဝ​ကို အပင်​တစ်ပင်​က​လွဲလို့ “ဥယျာဉ်​ထဲမှာ ရှိတဲ့ အပင်​အားလုံး​ရဲ့ အသီးကို” စိတ်ကြိုက် စား​ခွင့်​ပေး​ထား​တယ်။ (က. ၂:၁၆) ဒါပေမဲ့ တားမြစ်​ထား​တဲ့ အပင်ရဲ့ အသီးကိုပဲ စားချင်​လာအောင် စာတန် သွေးဆောင်တယ်။ ဧဝ​ဟာ ကိုယ့်​မှာ ရှိတာ​တွေ​အတွက် ကျေးဇူး​မတင်​ဘဲ ပို​လိုချင်​ခဲ့တယ်။ ဒါ​ကြောင့် အပြစ်​လုပ်မိပြီး နောက်ဆုံး​မှာ သေ​ခဲ့​ရတယ်။—က. ၃:၆၊ ၁၉

စာပိုဒ် ၁၀ ကိုကြည့်ပါ

၁၀။ ဘုရင် ဒါဝိဒ် လောဘ​တက်လာ​တဲ့​အခါ ဘာ​ဖြစ်သွား​သလဲ။

၁၀ ဘုရင် ဒါဝိဒ်ဟာ ဘုရား​ပေး လက်ဆောင်​တွေ “ပြော​မကုန်နိုင်​အောင် များ​လှတယ်” ဆိုတာ အသိအမှတ်ပြု​တယ်။ (ဆာ. ၄၀:၅) ဒါပေမဲ့ လောဘ​တက်လာ​တဲ့​အခါမှာ​တော့ ယေဟောဝါ ပေး​ထား​တဲ့ ချမ်းသာ​ကြွယ်ဝမှု၊ ထင်ပေါ်​ကျော်ကြား​မှု၊ ရန်သူတွေ​အပေါ် အောင်ပွဲခံ​နိုင်​ခွင့် စ​တာတွေကို မေ့သွားတယ်။ မရောင့်ရဲ​တော့​ဘူး။ ပို​လိုချင်​လာတယ်။ ကိုယ့်​မှာ မိန်း​မ အများကြီး ရှိပေမဲ့ တခြား​သူရဲ့ ဇနီး​မယား​ကို တစ်ကိုယ်ကောင်း​ဆန်​စွာ တပ်မက်​လာတယ်။ ဟိတ္တိ​လူ ဥရိယ​ရဲ့ ဇနီး ဗာသရှေဘ​နဲ့ အတူ​အိပ်​တဲ့​အတွက် ဗာသရှေဘ​မှာ ကိုယ်ဝန် ရှိ​လာတယ်။ ဒါဝိဒ်ဟာ သူများ မယား​ကို ပြစ်မှား​ရုံ​သာမက ယောက်ျား​ကို​ပါ သတ်​ဖို့ စီစဉ်​တယ်။ (၂ ရှ. ၁၁:၂-၁၅) ဒါဝိဒ် ဘယ်လို စဉ်းစား​ခဲ့​သလဲ။ ယေဟောဝါ မမြင်​ပါ​ဘူးလို့​များ ထင်​နေ​သလား။ ယေဟောဝါ​ကို နှစ်ပေါင်း​များစွာ သစ္စာရှိ​လာပြီး​မှ လောဘ​ကြောင့် ဒုက္ခ အများကြီး ကြုံ​ခဲ့​ရတယ်။ ဒါပေမဲ့ နောက်ပိုင်း​မှာ အမှား​ကို ဝန်ခံ​ပြီး နောင်တ​ယူ​ခဲ့လို့ ဝမ်းသာစရာ​ပဲ။ ယေဟောဝါ​ရဲ့ မျက်နှာသာ ပြန်​ရလို့ သိပ်​ကျေးဇူး​တင်​ခဲ့​မှာပဲ။—၂ ရှ. ၁၂:၇-၁၃

၁၁။ ဧဖက် ၅:၃၊ ၄ အရ လောဘ​စိတ်​ကို ဘယ်လို တိုက်ထုတ်​နိုင်​သလဲ။

၁၁ ဒါဝိဒ်ရဲ့ ပုံ​နမူနာ​ကနေ ဘာ​သိရသလဲ။ ယေဟောဝါ ပေး​ထား​တာ အားလုံး​အတွက် ကျေးဇူး​တင်​လေးမြတ်စိတ် ရှိနေမယ်​ဆိုရင် လောဘ​စိတ်​ကို တိုက်ထုတ်​နိုင်တယ်​ဆိုတာ သိရတယ်။ (ဧဖက် ၅:၃၊ ၄ ကို​ဖတ်ပါ။) ကိုယ့်​မှာ ရှိတာနဲ့ ရောင့်ရဲ​ရမယ်။ ကျွန်တော်​တို့ တခြား​သူတွေကို ကျမ်းစာ သင်ပေးတဲ့​အခါ ယေဟောဝါ ပေး​ထား​တဲ့ သတ်သတ်မှတ်မှတ် ကောင်းချီး​တစ်ခု​အကြောင်း စဉ်းစား​ပြီး ကျေးဇူး​တင်​ဖို့ အားပေး​လေ့​ရှိတယ်။ လူတစ်ယောက်ဟာ အဲဒီလိုသာ နေ့တိုင်း လုပ်ရင် တစ်ပတ်​ကြာ​တဲ့​အခါ ကျေးဇူး​တင်စရာ အကြောင်း ခုနစ်​ခု ရှိလာမယ်။ (၁ သက်. ၅:၁၈) သင် အဲဒီလို လုပ်​နေ​သလား။ သင့်အတွက် ယေဟောဝါ လုပ်ပေး​ထား​တာ အားလုံး​ကို တွေးတော​ဆင်ခြင်​မယ်​ဆိုရင် ကျေးဇူး​တင်​လေးမြတ်စိတ် ရှိလာမယ်။ ကျေးဇူး​တင်​စိတ် ရှိရင် ရောင့်ရဲ​လာမယ်။ ရောင့်ရဲ​ရင် လောဘ​စိတ် ဝင်​တော့​မှာ မဟုတ်ဘူး။

စာပိုဒ် ၁၂ ကိုကြည့်ပါ

၁၂။ လောဘ​စိတ်​ကြောင့် ယုဒရှကာရုတ် ဘာလုပ်ခဲ့​သလဲ။

၁၂ ယုဒရှကာရုတ်​ဟာ လောဘ​စိတ်​ကြောင့် သစ္စာဖောက် ဖြစ်​သွားတယ်။ အစကတော့ သူ အဲဒီလို မဟုတ်ဘူး။ (လု. ၆:၁၃၊ ၁၆) တမန်တော်​အဖြစ်​တောင် သူ့ကို ယေရှု ရွေးချယ်​ခဲ့တယ်။ ငွေ​သေတ္တာ ကိုင်​ရသူ ဖြစ်လို့ စွမ်းဆောင်ရည် ရှိသူ၊ အားကိုးရသူ ဖြစ်တာ ထင်ရှား​တယ်။ အဲဒီ​ငွေ​ကို ဟောပြောခြင်း​လုပ်ငန်း အကုန်အကျ​အတွက် ယေရှုနဲ့ တမန်တော်​တွေ သုံးတယ်။ ဒီနေ့​ခေတ် ကမ္ဘာချီ​လုပ်ငန်း အလှူငွေ​လို​မျိုး​ပေါ့။ ဒါပေမဲ့ သိပ်​မကြာခင်​မှာပဲ ယုဒဟာ ငွေ​တွေ စခိုး​လာတယ်။ လောဘ​နဲ့​ပတ်သက်​တဲ့ ယေရှုရဲ့ သတိပေး​ချက်​တွေ​ကို အကြိမ်ကြိမ် ကြား​ရတာ​တောင် လျစ်လျူရှု​ခဲ့တယ်။—မာ. ၇:၂၂၊ ၂၃။ လု. ၁၁:၃၉။ ၁၂:၁၅

၁၃။ ဘယ်​အချိန်​မှာ ယုဒရဲ့ လောဘ​စိတ် သိသာ​ထင်ရှား​လာသလဲ။

၁၃ ယေရှု မသေဆုံးခင်​လေးမှာ ယုဒရဲ့ လောဘ သိသာ​ထင်ရှား​လာတယ်။ အနာကြီး​ရောဂါ​သည် ရှိမုန်​က အိမ်မှာ ယေရှုနဲ့ တပည့်​တွေ​ကို ဧည့်ခံ​တယ်။ မာရိ၊ မာသ​လည်း ရှိနေတယ်။ စားသောက်​နေတုန်း မာရိက တန်ဖိုး​ကြီး​တဲ့ ဆီမွှေး​ကို ယေရှု ခေါင်း​ပေါ် လောင်း​လိုက်တယ်။ အဲဒါကို မြင်တဲ့အခါ ယုဒနဲ့ တခြား​တပည့်​တွေ စိတ်ဆိုး​ကြတယ်။ အဲဒီ​ပိုက်ဆံ​ကို ဆင်းရဲသား​တွေ​အတွက် သုံးတာ ပို​ကောင်း​မယ်​လို့ တခြား​တပည့်​တွေ ထင်​နေကြ​တာ ဖြစ်​နိုင်တယ်။ ယုဒ စိတ်ဆိုး​တာ​က​တော့ တခြား အကြောင်းကြောင့်​ပဲ။ ငွေ “ခိုးယူ” ချင်​လို့ ဖြစ်တယ်။ နောက်ပိုင်း၊ လောဘ​စိတ်​ကြောင့် ကျွန်​တစ်ယောက်​ရဲ့ တန်ဖိုး​နဲ့ ယေရှုကို သစ္စာဖောက်​တဲ့​အထိ ဖြစ်​ခဲ့တယ်။—ယော. ၁၂:၂-၆။ မ. ၂၆:၆-၁၆။ လု. ၂၂:၃-၆

၁၄။ လုကာ ၁၆:၁၃ မှာပါတဲ့ အကြံဉာဏ်​ကို မောင်နှံ​တစ်စုံ ဘယ်လို လိုက်နာ​ခဲ့​သလဲ။

၁၄ “ဘုရားသခင်​အတွက်ရော စည်းစိမ်​အတွက်​ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး” လို့ နောက်လိုက်​တွေ​ကို ယေရှု သတိ​ပေးတယ်။ (လုကာ ၁၆:၁၃ ကို​ဖတ်ပါ။) အဲဒါ အခု​အချိန်​ထိ မှန်ကန်​နေဆဲ​ပါ​ပဲ။ ယေရှု ပြော​ခဲ့​တဲ့ စကား​တွေ​ကို ရိုမေးနီးယား​က မောင်နှံ​တစ်စုံ ဘယ်လို ကျင့်သုံး​ခဲ့​ကြောင်း သုံးသပ်ကြည့်​ပါ။ ချမ်းသာ​တဲ့ နိုင်ငံ​တစ်ခု​မှာ ယာယီ​အလုပ် လုပ်ဖို့ ကမ်း​လှမ်း​ခံရ​တယ်။ “ဘဏ်​ကို အကြွေးဆပ်​စရာ အများကြီး ရှိလို့ ဒီ​အလုပ် ရတာ ယေဟောဝါ​ဆီက ကောင်းချီး​ပဲ​လို့ အစပိုင်း​မှာ ထင်​ခဲ့တယ်” ဆိုပြီး သူတို့ ပြော​တယ်။ ဒါပေမဲ့ ပြဿနာ​က အလုပ် လက်ခံ​လိုက်ရင် ယေဟောဝါ​အတွက် အမှုဆောင်ဖို့ အချိန် နည်းနည်း​ပဲ ကျန်တော့​မယ်။ ၂၀၀၈၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် ပြည့်ဝသော​နှလုံးဖြင့် တည်ကြည်မှု​ကို ထိန်းသိမ်းပါ” ဆောင်းပါး​ကို ဖတ်​ပြီး​နောက် ဆုံးဖြတ်ချက် ချ​ခဲ့​ကြတယ်။ “တိုင်းတစ်ပါး​မှာ အလုပ်သွား​လုပ်​ရတဲ့ ရည်ရွယ်ချက်​က ငွေ​ပို​ရှာ​ဖို့ ဖြစ်​မယ်​ဆိုရင် ယေဟောဝါ​ကို ဒုတိယ​နေရာ ထား​လိုက်​ရာ ကျ​မယ်။ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ပျက်​သွားမှာ သိ​နေတယ်” လို့ သူတို့ ပြော​တယ်။ ဒါကြောင့် အဲဒီ​အလုပ်ကို ငြင်း​လိုက်တယ်။ ဘာဆက်​ဖြစ်​သလဲ။ ယောက်ျား​ဖြစ်သူ​ဟာ ကိုယ့်​နိုင်ငံ​မှာပဲ လိုအပ်​တဲ့​ငွေ အလုံအလောက် ရစေမယ့် အလုပ်​တစ်ခု တွေ့​ခဲ့တယ်။ “ယေဟောဝါ ဘယ်တော့မှ လက်မတို​ဘူး” လို့ ဇနီး​ဖြစ်သူ ပြော​တယ်။ အခု အဲဒီ​မောင်နှံဟာ ငွေ​အစား ယေဟောဝါ​ကို သခင်​အဖြစ် အမှုဆောင်​ရင်း ပျော်ရွှင်​နေကြပြီ။

စာတန့်​ထောင်ချောက်​တွေ​ကို ရှောင်ပါ

၁၅။ စာတန့်​ထောင်ချောက်​တွေ​ကနေ လွတ်မြောက်​နိုင်​ကြောင်း ဘာကြောင့် စိတ်ချ​နိုင်​သလဲ။

၁၅ မာန ဒါမှ​မဟုတ် လောဘ ထောင်ချောက်​ထဲ ကျနေ​တာ သတိထား​မိရင် ဘယ်လို​လုပ်မလဲ။ ကျွန်တော်​တို့ လွတ်မြောက်​နိုင်​ပါ​တယ်။ မာရ်နတ် “အရှင်လတ်လတ် ဖမ်းဆီး​ထား” သူတွေ လွတ်မြောက်​နိုင်တယ်​လို့ ပေါလု ပြော​တယ်။ (၂ တိ. ၂:၂၆) ဒါဝိဒ် အဲဒီလို လွတ်မြောက်​ခဲ့တယ်။ နာသန်​ရဲ့ ဆုံးမစကား​ကို နားထောင်ပြီး မိမိရဲ့ လောဘ​အတွက် နောင်တ​ရခဲ့တယ်။ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​အောင် လုပ်ခဲ့တယ်။ စာတန်​ထက် ယေဟောဝါ တန်ခိုး​ကြီး​တာ​ကို ဘယ်တော့မှ မမေ့ပါနဲ့။ ယေဟောဝါ​ရဲ့ အကူအညီကို လက်ခံမယ်​ဆိုရင် မာရ်နတ် ထောင်​ထား​တဲ့ ဘယ်​ထောင်ချောက်​မျိုး​ကနေ​မဆို လွတ်မြောက်​နိုင်​ပါ​တယ်။

၁၆။ စာတန့် ထောင်ချောက်​တွေ​ကို ရှောင်နိုင်ဖို့ ဘာက ကူညီ​ပေး​မလဲ။

၁၆ စာတန့် ထောင်ချောက်​တွေ​ကနေ လွတ်မြောက်​တာ​ထက် မကျ​အောင် ရှောင်နိုင်​ရင်​တော့ အကောင်းဆုံးပါပဲ။ ဘုရား အကူအညီ​နဲ့​သာ အဲဒီလို ရှောင်နိုင်မယ်။ ကျွန်တော်​တို့ ကိုယ့်ကိုယ်ကိုယ် အထင်မကြီး​သင့်ဘူး။ ယေဟောဝါ​ကို နှစ်ပေါင်း​များစွာ အမှုဆောင်ခဲ့​သူတွေတောင် မာနနဲ့ လောဘ​စိတ် ဝင်လာ​ကြတယ်။ ဒါကြောင့် ကိုယ့်​အတွေး​နဲ့ လုပ်ရပ်တွေ​မှာ အဲဒီ​စိတ်​တွေ လွှမ်းမိုး​နေ​သလား သိနိုင်ဖို့ ယေဟောဝါ​ဆီ နေ့တိုင်း အကူအညီ တောင်း​ပါ။ (ဆာ. ၁၃၉:၂၃၊ ၂၄) မာန​စိတ်၊ လောဘ​စိတ် ဘယ်တော့မှ မဝင်​လာပါစေ​နဲ့။

၁၇။ မကြာခင် ရန်သူ​မာရ်နတ် ဘာ​ဖြစ်သွား​မလဲ။

၁၇ စာတန် မုဆိုး လုပ်​နေတာ နှစ်ပေါင်း ထောင်နဲ့​ချီ​ပြီ။ မကြာခင် ချုပ်နှောင်​ခံရ​ပြီး ဖျက်ဆီး​ခံရ​တော့​မယ်။ (ဗျာ. ၂၀:၁-၃၊ ၁၀) အဲဒီနေ့ကို ကျွန်တော်​တို့ မျှော်နေ​ကြတယ်။ အဲဒီ​အချိန် မရောက်ခင်​အထိ​တော့ စာတန့်​ထောင်ချောက်​တွေ​ကို သတိပြု​နေပါ။ မာန​စိတ်၊ လောဘ​စိတ် မဝင်​လာဖို့ ကြိုးစား​ကာကွယ်​ပါ။ “မာရ်နတ်ကို ခုခံ​တွန်းလှန်” ဖို့ စိတ်ပိုင်းဖြတ်​ထား​ပါ။ ‘ဒါဆိုရင် ကျွန်တော်​တို့​ဆီကနေ သူ ထွက်ပြေး​သွားပါလိမ့်မယ်။’—ယာ. ၄:၇

သီချင်း ၁၂၇ ဘယ်လို​လူစားမျိုး ဖြစ်​သင့်

^ အပိုဒ်၊ 5 စာတန်​ဟာ ကျွမ်းကျင်​တဲ့ မုဆိုး​နဲ့ တူတယ်။ ယေဟောဝါ​ကို ဝတ်ပြု​လာတာ ဘယ်လောက်​ပဲ ကြာ​ပါစေ ကျွန်တော်​တို့ကို ထောင်​ဖမ်း​ဖို့ ကြိုးစား​နေတယ်။ ဘုရား​နဲ့ ဆက်ဆံ​ရေး ပျက်အောင် မာန​နဲ့ လောဘ​ကို စာတန် ဘယ်လို သုံး​နေတယ်​ဆိုတာ ဒီ​ဆောင်းပါးမှာ လေ့လာ​ကြ​ပါ​မယ်။ မာန​နဲ့ လောဘ ထောင်ချောက်​ထဲ ကျ​ခဲ့​သူ တချို့​အကြောင်း၊ အဲဒီ​ထောင်ချောက်​တွေ​ကို ဘယ်လို ရှောင်နိုင်​ကြောင်း သိလာ​ရပါမယ်။

^ အပိုဒ်၊ 2 စကားလုံး ရှင်းလင်းချက်– ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ထား​တဲ့ မာန​စိတ်​ဆိုတာ တခြားသူ​ထက် ပိုသာ​တယ်​ဆိုတဲ့ သဘောထား ဖြစ်​ပြီး လောဘ​စိတ်​ဆိုတာ ပိုက်ဆံ၊ အာဏာ၊ လိင်၊ တခြား​အရာ​တွေ​ကို ငမ်းငမ်းတက်​လိုချင်​တဲ့ ဆန္ဒ ဖြစ်တယ်။

^ အပိုဒ်၊ 53 ပုံ​အညွှန်း– ပညာရှိ လမ်းညွှန်ချက်ကို ညီအစ်ကို​တစ်ယောက် မာန​ကြီးစွာ ငြင်းဆန်​နေ။ ပစ္စည်း အများကြီး ပိုင်ဆိုင်​ထားပြီး​သား ညီအစ်မဟာ နောက်ထပ် ပို​လိုချင်​နေ။

^ အပိုဒ်၊ 55 ပုံ​အညွှန်း– ဘုရားသခင့် နာမ်ဝိညာဉ် သားတစ်ယောက်​နဲ့ ဘုရင် ဩဇိ မာန​စိတ် ဝင်လာ။ ဧဝ တားမြစ်​ထား​တဲ့ အသီး စား​တာ၊ ဒါဝိဒ် ဗာသရှေဘ​နဲ့ ဖောက်ပြန်တာ၊ ယုဒ ငွေ​ခိုးတာ အားလုံး​ဟာ လောဘ​ကြောင့် ဖြစ်။