မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၆

တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ သင် ပါဝင်နိုင်မလား

တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ သင် ပါဝင်နိုင်မလား

“ဘုရားသခင်ဟာ ခင်ဗျား​တို့ကို . . . လုပ်ဆောင်​ချင်စိတ်​သာမက လုပ်ဆောင်​နိုင်စွမ်း​ကို​ပါ ပေးသနား​တဲ့​အရှင်​ပဲ။”—ဖိ. ၂:၁၃

သီချင်း ၆၄ ရိတ်သိမ်းခြင်း​မှာ ပျော်ရွှင်စွာ

အကြို​သုံးသပ်ချက် *

၁။ သင့်အတွက် ယေဟောဝါ ဘာလုပ်​ပေး​ထား​သလဲ။

သင် ယေဟောဝါသက်သေ ဘယ်လို ဖြစ်လာ​သလဲ။ မိဘ၊ အလုပ်ဖော်၊ အတန်းဖော်​ဆီက ဒါမှ​မဟုတ် တစ်အိမ်​တက်​ဆင်း လုပ်ငန်း​က​တစ်ဆင့် “သတင်းကောင်း” စ​ကြား​တာ ဖြစ်​နိုင်တယ်။ (မာ. ၁၃:၁၀) တစ်ယောက်ယောက်​က အချိန်နဲ့ ခွန်အား များစွာ စိုက်ထုတ်​ပြီး ကျမ်းစာ​သင်ပေးတယ်။ သင် ယေဟောဝါ​ကို ချစ်လာတယ်။ ကိုယ့်ကို ဘုရား ချစ်တယ်​ဆိုတာ​လည်း သိလာတယ်။ အမှန်တရား​ထဲ ယေဟောဝါ ဆွဲဆောင်​လို့ အခု ယေရှုခရစ်ရဲ့ တပည့် ဖြစ်နေ​ပြီး ထာဝရ​အသက် မျှော်လင့်ချက် ရှိ​လာတယ်။ (ယော. ၆:၄၄) သင့်ကို အမှန်တရား သင်ပေးဖို့ တစ်ယောက်ယောက်​ကို ယေဟောဝါ လှုံ့ဆော်ပေး​လို့၊ ကျေးကျွန်​တစ်ယောက်​အဖြစ် လက်ခံ​ပေး​လို့ သင် ကျေးဇူး​တင်​နေမှာ သေချာတယ်။

၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​သုံးသပ်ကြ​မလဲ။

ကျွန်တော်​တို့ အမှန်တရား သိလာ​ပြီ ဖြစ်လို့ အသက်​လမ်းပေါ် ရောက်​အောင် တခြား​သူတွေကို ကူညီ​ပေး​ခွင့် ရထားတယ်။ တစ်အိမ်​တက်​ဆင်း သွား​ရတာ အဆင်ပြေ​ပေမဲ့ ကျမ်းစာ​သင်အံမှု ကမ်း​လှမ်း​ဖို့၊ စ​လုပ်ဖို့ ခက်​နေ​နိုင်တယ်။ သင် အဲဒီလို ခံစား​နေရ​သလား။ ဒါဆိုရင် ဒီ​ဆောင်းပါး​မှာ ပါ​တဲ့ အကြံပြုချက်​တချို့က အထောက်အကူ ဖြစ်စေ​ပါ​လိမ့်မယ်။ တပည့်​ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်​ဖို့ ဘာက လှုံ့ဆော်ပေး​ကြောင်း၊ ကျမ်းစာ​သင်အံမှု လုပ်ဖို့ အခက်အခဲတွေကို ဘယ်လို ကျော်လွှား​နိုင်​ကြောင်း ဆွေးနွေး​ကြ​ပါ​မယ်။ ဦးဆုံး၊ ဟောပြောသူ​လောက်​သာ မဟုတ်ဘဲ သွန်သင်သူ ဖြစ်​ဖို့ ဘာကြောင့် အရေးကြီးကြောင်း သုံးသပ်ကြည့်​ကြ​စို့။

ဟောပြောဖို့၊ သွန်သင်​ဖို့ ယေရှု မိန့်မှာ

၃။ ကျွန်တော်​တို့ ဘာကြောင့် ဟောပြောကြ​သလဲ။

ယေရှု မြေကြီးပေါ် ရှိ​တုန်း နောက်လိုက်​တွေ​ကို တာဝန် နှစ်ခု ပေးတယ်။ ပထမ၊ နိုင်ငံတော် သတင်းကောင်း ဟောပြောဖို့ ဖြစ်တယ်။ ဘယ်လို ဟော​ရမယ်ဆိုတာ ကိုယ်တိုင် ပြ​ခဲ့တယ်။ (မ. ၁၀:၇။ လု. ၈:၁) သတင်းတရားကို လူတွေ လက်ခံ​တဲ့​အခါ၊ လက်မခံ​တဲ့​အခါ ဘာလုပ်​ရမယ်ဆိုတာ တပည့်​တွေ​ကို အသင့်​ပြင်ပေး​တယ်။ (လု. ၉:၂-၅) “လူမျိုး​အားလုံး” ကို သက်သေခံ​ရမယ်​ဆိုပြီး လုပ်ငန်း ကျယ်ပြန့်​မှု​အကြောင်းလည်း ကြို​ဟောခဲ့တယ်။ (မ. ၂၄:၁၄။ တ. ၁:၈) လူတွေ ဘယ်လိုပဲ တုံ့ပြန်​ပါစေ တပည့်​တွေ​က​တော့ ဘုရား​နိုင်ငံတော်​အကြောင်း၊ နိုင်ငံတော် လုပ်ဆောင်ပေး​မယ့်​အရာ​တွေ​အကြောင်း ဆက်​ပြော​ရမယ်။

၄။ မဿဲ ၂၈:၁၈-၂၀ အရ နိုင်ငံတော်​အကြောင်း ဟောပြောတဲ့​အပြင် ဘာလုပ်​ရဦး​မလဲ။

ယေရှု​ ပေး​တဲ့ ဒုတိယ တာဝန်​က ဘာလဲ။ မိမိ မိန့်မှာ​ထား​သမျှ​ကို လိုက်နာ​နိုင်အောင် သွန်သင်​ပေးဖို့​ပဲ။ တချို့​ ထင်​နေ​သလို ဟောပြောခြင်းနဲ့ သွန်သင်ခြင်း လုပ်ငန်းဟာ ပထမ​ရာစု ခရစ်ယာန်​တွေ​အတွက်ပဲ​လား။ မဟုတ်ပါဘူး။ ကျွန်တော်​တို့​ခေတ်၊ “လောက​စနစ် နိဂုံးပိုင်း​အထိ” ဆက်လုပ်​သွားရမယ်​လို့ ယေရှု မိန့်မှာတယ်။ (မဿဲ ၂၈:၁၈-၂၀ ကို ဖတ်ပါ။) တပည့် ၅၀၀ ကျော်​ရှေ့ ကိုယ်​ထင်ရှားပြ​တုန်း အဲဒီလို မိန့်မှာ​ခဲ့​တာ ဖြစ်​နိုင်တယ်။ (၁ ကော. ၁၅:၆) ယေဟောဝါ​အကြောင်း တခြား​သူတွေ သိလာအောင် ကူညီ​ပေး​ရာ​မှာ တပည့်​အားလုံး ပါဝင်​သင့်​ကြောင်း ယောဟန်​ကို ပေး​တဲ့ စိတ်အာရုံ​မှာ ယေရှု ပြော​ခဲ့တယ်။—ဗျာ. ၂၂:၁၇

၅။ ၁ ကောရိန္သု ၃:၆-၉ အရ ဟောပြောခြင်းနဲ့ သွန်သင်ခြင်း လုပ်ငန်း ဆက်စပ်မှု​ကို ပေါလု ဘယ်လို ဖော်ပြ​သလဲ။

တမန်တော် ပေါလု​က တပည့်​ဖြစ်စေခြင်း လုပ်ငန်း​ကို အပင်​စိုက်​တာ​နဲ့ နှိုင်းယှဉ်ခဲ့​တယ်။ စိုက်​ပျိုး​သူဟာ မျိုးစေ့ ကြဲရုံ​ထက်မက ပို​လုပ်ဆောင်​ရမယ်။ “ကျွန်တော်​က စိုက်​ပျိုး​တယ်။ အာပေါလုက ရေ​လောင်းတယ်။ . . . ခင်ဗျား​တို့​ဟာ ဘုရားသခင် ပျိုးထောင်​နေတဲ့ စိုက်ခင်းပါ” လို့ ကောရိန္သု​အသင်းတော်ကို ပေါလု ပြော​တယ်။ (၁ ကောရိန္သု ၃:၆-၉ ကို ဖတ်ပါ။) “ဘုရားသခင် ပျိုးထောင်​နေတဲ့ စိုက်ခင်း” ထဲ​က လုပ်သားတွေ​အနေ​နဲ့ ကျွန်တော်​တို့​ဟာ မျိုးစေ့ ကြဲ​ရုံ​သာ မဟုတ်ဘဲ ရေလောင်း​ရမယ်။ အပင်​ကြီးထွားမှု​ကို ပုံမှန် စစ်ဆေး​ရမယ်။ (ယော. ၄:၃၅) တစ်ချိန်တည်း​မှာ အပင်ကို ကြီးထွား​စေ​သူဟာ ဘုရားသခင် ဖြစ်​ကြောင်းကို​လည်း အသိအမှတ်ပြု​ရမယ်။

၆။ သွန်သင်​ပေးခြင်း​မှာ ဘာတွေ ပါဝင်​သလဲ။

“ထာဝရ​အသက်​ ရဖို့ စိတ်ရင်းမှန်​နဲ့ ကြိုးစား​တဲ့​သူတွေ” ကို ကျွန်တော်​တို့ ရှာဖွေ​နေတယ်။ (တ. ၁၃:၄၈) သူတို့ တပည့် ဖြစ်လာ​ဖို့​ဆိုရင် ကျမ်းစာ​ထဲ​က အချက်​တွေ​ကို (၁) နားလည်​ဖို့၊ (၂) လက်ခံဖို့၊ (၃) လက်တွေ့​ကျင့်သုံး​ဖို့ ကူညီ​ပေး​ရမယ်။ (ယော. ၁၇:၃။ ကော. ၂:၆၊ ၇။ ၁ သက်. ၂:၁၃) အသင်းတော်မှာ​ရှိသူ အားလုံး​က သင်သားတွေ အစည်းအဝေး လာ​တက်​တဲ့​အခါ လှိုက်လှိုက်လှဲလှဲ ကြိုဆို​ခြင်း​အားဖြင့် မေတ္တာပြ​နိုင်တယ်။ (ယော. ၁၃:၃၅) ကျမ်းစာ​သင်ပေး​သူကလည်း သင်သား​မှာ “အခိုင်အမာ အမြစ်စွဲ​နေ” တဲ့ ယုံကြည်ချက်တွေ၊ ဓလေ့​ထုံးစံတွေ​ကို စွန့်​နိုင်အောင် အချိန်နဲ့ ခွန်အား များစွာ စိုက်ထုတ်​ပြီး ကူညီ​ပေး​ရမယ်။ (၂ ကော. ၁၀:၄၊ ၅) နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာဖို့ လပေါင်း​များစွာ ကြာ​နိုင်တယ်။ ဒါပေမဲ့ ကြိုးစား​ရကျိုး နပ်ပါ​တယ်။

တပည့်​ဖြစ်စေ​ဖို့ မေတ္တာက လှုံ့ဆော်ပေး

၇။ ဟောပြောခြင်းနဲ့ တပည့်​ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်​ဖို့ ဘာက လှုံ့ဆော်ပေး​သလဲ။

ဟောပြောခြင်းနဲ့ တပည့်​ဖြစ်စေခြင်း လုပ်ငန်းမှာ ကျွန်တော်​တို့ ဘာကြောင့် ပါဝင်​ကြသလဲ။ ပထမ၊ ယေဟောဝါ​ကို ချစ်​လို့​ပဲ။ ဟောပြောဖို့၊ တပည့်​ဖြစ်စေ​ဖို့​ဆို​တဲ့ မိန့်မှာချက်ကို နာခံ​ဖို့ အတတ်နိုင်ဆုံး ကြိုးစား​တာ​က ဘုရား​ကို ချစ်​ကြောင်း ဖော်ပြ​ရာ ရောက်တယ်။ (၁ ယော. ၅:၃) ယေဟောဝါ​ကို ချစ်တဲ့ မေတ္တာ​ကြောင့် သင် တစ်အိမ်​တက်​ဆင်း ဟောပြော​နေပြီ။ အဲဒီလို ဟော​ဖို့ လွယ်​သလား။ လွယ်​မှာ မဟုတ်ဘူး။ ဦးဆုံး​အကြိမ် စ​ဟော​တုန်း​က ကြောက်​နေမှာ သေချာတယ်။ ဒါပေမဲ့ ယေရှု လုပ်​စေ​ချင်​တဲ့ အလုပ်​မှန်း သိလို့ နာခံ​ခဲ့တယ်။ အချိန်​ကြာ​လာတာ​နဲ့​အမျှ ပို​လွယ်​လာတယ်။ အခု ကျမ်းစာ​သင်အံမှု ကျင်းပ​တာ​ကော။ တွေး​လိုက်​ရုံ​နဲ့​တင် ကြောက်​မိ​သလား။ ကြောက်​မိ​နိုင်တယ်။ ဒါပေမဲ့ ကြောက်​စိတ်​ကို ကျော်လွှား​နိုင်အောင် ကူညီ​ပေးဖို့၊ ကျမ်းစာ​သင်အံမှု ကမ်း​လှမ်း​ရဲ​တဲ့ သတ္တိ ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​မယ်​ဆိုရင် သင့်ကို ကူညီ​ပေး​ပါ​လိမ့်မယ်။

၈။ မာကု ၆:၃၄ အရ တခြား​သူတွေကို သွန်သင်​ဖို့ ဘာက လှုံ့ဆော်ပေး​သလဲ။

ဒုတိယ၊ လူတွေကို ချစ်တဲ့ မေတ္တာက အမှန်တရား သွန်သင်​ပေးဖို့ ကျွန်တော်​တို့ကို လှုံ့ဆော်​ပေးတယ်။ တစ်ကြိမ်​မှာ ယေရှုနဲ့ တပည့်​တွေ​ဟာ ဟောပြောခြင်း လုပ်ငန်းမှာ ပါဝင်​ပြီး​နောက် သိပ်​မောပန်း​နေကြ​တယ်။ အနားယူ​ဖို့ နေရာ ရှာနေ​တုန်း လူအုပ် တွေ့​သွားတယ်။ ယေရှု မောပန်း​နေပေမဲ့ သနားစိတ် ယိုဖိတ်​လာပြီး “အများကြီး သွန်သင်​ပေးတယ်။” (မာကု ၆:၃၄ ကို ဖတ်ပါ။) အဲဒီလို သွန်သင်​ပေး​တာ လူအုပ်​နေရာမှာ ယေရှု ဝင်​ခံစား​ကြည့်​လို့​ပဲ။ သူတို့ ဘယ်လောက် ဒုက္ခ​ရောက်နေမှန်း၊ မျှော်လင့်ချက် ဘယ်လောက် လိုအပ်​နေမှန်း သိပြီး ကူညီ​ပေး​ချင်​တယ်။ ဒီနေ့​ခေတ် လူတွေရဲ့ အခြေအနေ​လည်း အဲဒီလိုပဲ။ သူတို့ရဲ့ အပေါ်ယံ​ကို ကြည့်​ပြီး တလွဲ​ မထင်​လိုက်ပါ​နဲ့။ သူတို့ဟာ သိုးထိန်း မရှိဘဲ လမ်းပျောက်​နေတဲ့ သိုးတွေ​လို ဖြစ်နေ​ကြတယ်။ ဘုရားသခင်​ကို မသိလို့ မျှော်လင့်ချက် မဲ့​နေကြ​တယ်​ဆိုပြီး တမန်တော် ပေါလု ပြော​တယ်။ (ဧ. ၂:၁၂) ‘ပျက်စီးခြင်း​ကို ပို့ဆောင်​တဲ့ လမ်း’ ပေါ် ရောက်​နေကြ​တယ်။ (မ. ၇:၁၃) ဘုရား​ကို သိဖို့ သိပ်​လို​နေတယ်။ သူတို့ကို ချစ်မယ်၊ ထောက်ထား​စာနာ​မယ်​ဆိုရင် ကူညီ​ပေးဖို့ လှုံ့ဆော်​ခံရ​ပါ​လိမ့်မယ်။ ကူညီ​ပေး​နိုင်​တဲ့ အကောင်းဆုံးနည်း​က​တော့ ကျမ်းစာ​သင်အံမှု ကမ်းလှမ်း​ခြင်း​ပါ​ပဲ။

၉။ ဖိလိပ္ပိ ၂:၁၃ အရ သင့်ကို ယေဟောဝါ ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

ကျမ်းစာ​သင်အံမှု လုပ်ဖို့ အချိန် သိပ်​လို​မှန်း သိလို့ ကမ်းလှမ်း​ဖို့ တွန့်ဆုတ်​နေတာ ဖြစ်​နိုင်တယ်။ အဲဒီလို ဖြစ်​နေတယ်​ဆိုရင် ယေဟောဝါ​ကို ကိုယ့်​ခံစားချက်​တွေ ပြောပြ​ပါ။ သင်အံမှု ရ​ချင်စိတ်၊ လုပ်ချင်စိတ် ရှိ​လာအောင် ကူညီ​ပေးဖို့ ဆုတောင်း​ပါ။ (ဖိလိပ္ပိ ၂:၁၃ ကို ဖတ်ပါ။) အလိုတော်​နဲ့ ညီ​တဲ့ ဆုတောင်းချက်​တွေ​ကို ဘုရား နားထောင်မယ်​လို့ တမန်တော် ယောဟန် ပြော​တယ်။ (၁ ယော. ၅:၁၄၊ ၁၅) ဒါ​ကြောင့် တပည့်​ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်​ချင်စိတ် ရှိ​လာအောင် ယေဟောဝါ ကူညီ​ပေး​မယ်​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။

တခြား​အခက်အခဲတွေကို ကျော်လွှား​ခြင်း

၁၀-၁၁။ ကျမ်းစာ​သင်အံမှု လုပ်ဖို့ ဘာကြောင့် တွန့်ဆုတ်​နိုင်​သလဲ။

၁၀ တပည့်​ဖြစ်စေခြင်း လုပ်ငန်းမှာ ဆန္ဒ ရှိသလောက် ပါဝင်​ဖို့ ခက်​ရင်တောင် ဒီ​လုပ်ငန်း​ကို ကျွန်တော်​တို့ အလေးအနက် ထား​ကြတယ်။ အခက်အခဲ​တချို့က ဘာတွေလဲ၊ ဘယ်လို ကျော်လွှား​နိုင်​သလဲ​ဆိုတာ ဆွေးနွေး​ကြည့်​ကြ​စို့။

၁၁ ကိုယ့်​အခြေအနေ​ကြောင့် အကန့်အသတ် ဖြစ်​နေတယ်လို့ ခံစား​နေရ​တာ ဖြစ်​နိုင်တယ်။ ဥပမာ၊ အသက်ကြီး​တာ၊ ကျန်းမာ​ရေး မကောင်းတာ ဖြစ်​နိုင်တယ်။ သင့်အခြေအနေ အဲဒီလို ဖြစ်​နေတယ်​ဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါ​ကနေ ရတဲ့ သင်ခန်းစာ​တစ်ခု​အကြောင်း စဉ်းစား​ကြည့်​ပါ။ အီလက်ထရောနစ် နည်း​စနစ်​နဲ့ ထိရောက်တဲ့ ကျမ်းစာ​သင်အံမှု​တွေ ကျင်းပ​နိုင်​ကြောင်း သိခဲ့ရပြီ။ အခုဆို အိမ်မှာ နေရင်း​နဲ့ သင်အံမှု လုပ်နိုင်ပြီ။ အကျိုးကျေးဇူး နောက်တစ်ခု ရှိသေးတယ်။ တချို့က ကျမ်းစာ​လေ့လာ​ချင်​ပေမဲ့ ညီအစ်ကို​တွေ အမှုဆောင်ထွက်​ချိန်မှာ မ​အားလပ်​ကြဘူး။ မနက်စောစော ဒါမှ​မဟုတ် ညနက်​ပိုင်း​မှ အားလပ်​တာ ဖြစ်​နိုင်တယ်။ အဲဒီ​အချိန်တွေမှာ သင် ကျမ်းစာ​သင်ပေး​နိုင်​မလား။ နိကောဒင်​ကို ည​အချိန်​မှာ ယေရှု သွန်သင်​ပေးတယ်။ ည​အချိန်ကို နိကောဒင် ပို​နှစ်သက်လို့​ပဲ။—ယော. ၃:၁၊ ၂

၁၂။ ထိထိရောက်ရောက် သွန်သင်​နိုင်တယ်​ဆို​တဲ့ ယုံကြည်​စိတ်ချမှု တိုးများ​လာအောင် ဘယ်​အချက်​တွေ​က ကူညီ​ပေး​မလဲ။

၁၂ ကျမ်းစာ​သင်အံမှု လုပ်ဖို့ အရည်အချင်း မရှိဘူးလို့ ခံစား​နေရ​တာ ဖြစ်​နိုင်တယ်။ အသိပညာ ဒါမှ​မဟုတ် သွန်သင်ခြင်း စွမ်းရည် သိပ်​မရှိဘူးလို့ ယူဆ​နေတာ ဖြစ်​နိုင်တယ်။ သင် အဲဒီလို ယူဆ​နေတယ်​ဆိုရင် ယုံကြည်​စိတ်ချမှု တိုးများ​စေနိုင်​တဲ့ အချက် သုံးချက်​ကို စဉ်းစား​ကြည့်​ပါ။ ပထမ၊ တခြား​သူတွေကို သွန်သင်​ဖို့ သင် အရည်အချင်း ပြည့်မီ​တယ်လို့ ယေဟောဝါ ယူဆတယ်။ (၂ ကော. ၃:၅) ဒုတိယ၊ ‘ကောင်းကင်​မှာ​ရော မြေကြီး​မှာ​ပါ အခွင့်အာဏာ ရှိသမျှ ပေးအပ်​ခံရ​တဲ့’ ယေရှု​က သွန်သင်​ဖို့ မိန့်မှာ​ထား​တယ်။ (မ. ၂၈:၁၈) တတိယ၊ တခြား​သူတွေရဲ့ အကူအညီ ရှိတယ်။ ဖခင် သွန်သင်​ပေး​တာ​ကို ယေရှု အားကိုး​သလို သင်လည်း အားကိုး​နိုင်တယ်။ (ယော. ၈:၂၈။ ၁၂:၄၉) သင်အံမှု စ​ဖို့ လယ်ကွင်း​အုပ်စု ကြီးကြပ်မှူး၊ အရည်အချင်း​ရှိ ရှေ့ဆောင်၊ အတွေ့အကြုံ​ရှိ ကြေညာသူ​တွေ​ဆီ အကူအညီ တောင်း​နိုင်တယ်။ သူတို့နဲ့အတူ သင်အံမှု လိုက်သွား​မယ်​ဆိုရင်လည်း ယုံကြည်​စိတ်ချမှု ရှိလာ​နိုင်တယ်။

၁၃။ နည်းလမ်း​သစ်​တွေ​နဲ့​အညီ ဘာကြောင့် ပြောင်းလဲ​ရမလဲ။

၁၃ နည်းလမ်း​သစ်၊ ကိရိယာ​သစ်​တွေ သုံးဖို့ ခက်​နေတာ ဖြစ်​နိုင်တယ်။ ကျမ်းစာ​သင်အံမှု လုပ်ပုံ ပြောင်းလဲ​လာပြီ။ အခု သင်အံမှု​မှာ ပျော်စရာ​ဘဝ ထာဝရ စံစားကြ စာအုပ်​ကို အဓိက သုံး​တော့​မယ်။ အရင်က​နဲ့ သင်အံမှု လုပ်ပုံ မတူ​တော့​တဲ့​အတွက် သေသေချာချာ ပြင်ဆင်ဖို့ လိုတယ်။ စာပိုဒ် နည်းနည်း​ပဲ ဖတ်​ပြီး ဆွေးနွေးမှုတွေ ပို​များ​မယ်။ ဗီဒီယို၊ JW Library® စတဲ့ အီလက်ထရောနစ် နည်း​စနစ်​တွေ ပို​သုံး​ရမယ်။ အဲဒါတွေ မ​သုံးတတ်ရင် သုံးတတ်​အောင် သင်ပေးဖို့ တစ်ယောက်ယောက်ဆီ အကူအညီ တောင်း​ပါ။ လုပ်နေကျ ဖြစ်သွား​ရင်​တော့ အဆင်ပြေ​သွားမှာပါ။ နည်းလမ်း​သစ်​တွေ သင်ယူဖို့ မလွယ်​ပါ​ဘူး။ ဒါပေမဲ့ ယေဟောဝါ​နဲ့ တခြား​သူတွေရဲ့ အကူအညီ​ကြောင့် ပြောင်းလဲ​ရ လွယ်ကူ​လာပြီး သင်အံမှု လုပ်​ရတာ ပို​ပျော်​လာပါလိမ့်မယ်။ ဒီ​နည်းသစ်​ဟာ “သင်ယူ​သူ​အတွက်ရော သင်ပေး​သူ​အတွက်​ပါ ပျော်စရာ​ကောင်းတယ်” လို့ ရှေ့ဆောင်​တစ်ယောက် ပြော​တယ်။

၁၄။ ခက်ခဲ​တဲ့ ရပ်ကွက်မှာ အမှုဆောင်​နေရင် ဘာကို သတိရ​သင့်သလဲ။ ၁ ကောရိန္သု ၃:၆၊ ၇ က ဘယ်လို အားရှိစေ​သလဲ။

၁၄ ကျမ်းစာ​သင်အံမှု စ​ဖို့ ခက်​တဲ့ ဒေသမှာ နေထိုင်​နေတာ ဖြစ်​နိုင်တယ်။ သတင်းကောင်းကို လူတွေ စိတ်​မဝင်​စား​တာ၊ ဆန့်ကျင်​တာ​တောင် ဖြစ်​နိုင်တယ်။ အဲဒီလို ဒေသမှာ အပြုသဘောထား ဆက်​ရှိဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။ ဆိုးယုတ်​တဲ့ ဒီ​လောကမှာ လူတွေရဲ့ အခြေအနေ​တွေ နေ့ချင်းညချင်း ပြောင်းလဲ​နိုင်​ကြောင်း၊ အစ​က စိတ်​မဝင်​စား​ပေမဲ့ ဘုရား​အကူအညီ လိုအပ်​မှန်း သိမြင်​လာနိုင်​ကြောင်း သတိရပါ။ (မ. ၅:၃) စာပေ​တွေ​ကို အမြဲလိုလို လက်မခံသူ​တချို့ နောက်ပိုင်း​မှာ ကျမ်းစာ​သင်အံမှု လက်ခံ​လာတာ​တွေ ရှိတယ်။ ယေဟောဝါ​ဟာ စပါးရှင် ဖြစ်ကြောင်း​လည်း ကျွန်တော်​တို့ သိတယ်။ (မ. ၉:၃၈) ကျွန်တော်​တို့ကို ဆက်​ပြီး စိုက်​ပျိုး၊ ရေလောင်း​စေ​ချင်​ပေမဲ့ ကြီးထွား​စေဖို့​တော့ ဘုရား​ပဲ တာဝန်​ယူ​ထား​တယ်။ (၁ ကော. ၃:၆၊ ၇) လောလောဆယ် ကျမ်းစာ​သင်အံမှု မလုပ်နိုင်​ရင်တောင် ကိုယ်​ ရတဲ့ ရလဒ်​တွေ​ကို မဟုတ်ဘဲ ကိုယ့်​ကြိုးစား​အားထုတ်မှုကို ယေဟောဝါ ကောင်းချီး​ပေး​မှန်း သိရတာ အားရှိစရာ​ပါ​ပဲ။ *

တပည့်​ဖြစ်စေခြင်း လုပ်ငန်းရဲ့ ပျော်ရွှင်မှု

ဟောပြောခြင်းနဲ့ သွန်သင်ခြင်း​လုပ်ငန်း​က လူတစ်ယောက်ကို တိုးတက်​ပြောင်းလဲ​စေနိုင် (စာပိုဒ် ၁၅-၁၇ ကို ကြည့်​ပါ) *

၁၅။ လူတစ်ယောက် ကျမ်းစာ​သင်အံမှု လက်ခံ​ပြီး သိလာတာကို လက်တွေ့​ကျင့်​တဲ့​အခါ ယေဟောဝါ ဘယ်လို ခံစား​ရသလဲ။

၁၅ လူတစ်ယောက် ကျမ်းစာ​အမှန်တရားကို လက်ခံ​ပြီး သိလာ​တာ​တွေ​အကြောင်း တခြား​သူတွေကို ပြန်​ပြောပြ​တဲ့​အခါ ယေဟောဝါ ပျော်ရွှင်​တယ်။ (ပညာ. ၂၃:၁၅၊ ၁၆) ဒီနေ့​ခေတ်​မှာ မိမိ​လူမျိုး လုပ်ဆောင်​နေတာတွေကို မြင်ရတဲ့​အခါ ယေဟောဝါ သိပ်​ပျော်ရွှင်​မှာပဲ။ ဥပမာ၊ ကမ္ဘာ့​ကပ်ရောဂါ​ကြား ၂၀၂၀ လုပ်ငန်းတော်​နှစ်မှာ ကျွန်တော်တို့ ကျမ်းစာ​သင်အံမှု ၇,၇၀၅,၇၆၅ ခု ကျင်းပ​ပြီး ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ဖို့ လူ ၂၄၁,၉၉၄ ယောက်​ကို ကူညီ​ပေး​နိုင်​ခဲ့ကြတယ်။ အဲဒီ​တပည့်​သစ်​တွေ​က ကျမ်းစာ​သင်အံမှု​တွေ ပြန်​ကျင်းပ​ပြီး တခြား​သူတွေ တပည့်​ဖြစ်​လာအောင် ပြန်​ကူညီ​ပေးတယ်။ (လု. ၆:၄၀) တပည့်​ဖြစ်စေခြင်း လုပ်ငန်းမှာ ကျွန်တော်​တို့ ပါဝင်​တဲ့​အခါ ယေဟောဝါ ပျော်ရွှင်​မှာ သေချာတယ်။

၁၆။ ဘာ​ပန်းတိုင်​ထား​သင့်သလဲ။

၁၆ တပည့်​ဖြစ်စေခြင်း လုပ်ငန်းဟာ ခက်ခဲ​တဲ့ အလုပ် ဖြစ်​ပေမဲ့ ယေဟောဝါ​ရဲ့ အကူအညီ​ကြောင့် ဒီ​လုပ်ငန်းမှာ ကျွန်တော်​တို့ ပါဝင်​နိုင်​ပါ​တယ်။ ဘုရား​ကို ချစ်​လာအောင် လူသစ်တွေကို ကူညီ​ပေး​နိုင်​ပါ​တယ်။ အနည်းဆုံး ကျမ်းစာ​သင်အံမှု တစ်ခုလောက် လုပ်ဖို့ ပန်းတိုင်​ထား​နိုင်​မလား။ ဆုံတွေ့​သူ​တိုင်း​ကို သင့်တော်​တဲ့​အခါတိုင်း သင်အံမှု ကမ်းလှမ်းကြည့်​ဖို့ ကြိုးစား​မယ်​ဆိုရင် အံ့ဖွယ်​ရလဒ်တွေ ရလာမယ်။ သင့်​ကြိုးစား​အားထုတ်မှုကို ယေဟောဝါ ကောင်းချီး​ပေး​မယ်​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။

၁၇။ ကျမ်းစာ​သင်အံမှု လုပ်တဲ့​အခါ ဘယ်လို ခံစား​ရမလဲ။

၁၇ တခြား​သူတွေကို အမှန်တရား ဟောပြော၊ သွန်သင်​ရတာ အခွင့်ထူးပါပဲ။ ဒီ​လုပ်ငန်း​က ကျွန်တော်​တို့ကို အလွန်​ ပျော်ရွှင်​စေတယ်။ သက်သာလောနိတ်​မြို့သား​များစွာ​ကို တပည့် ဖြစ်​လာအောင် ကူညီ​ပေး​ခဲ့​တဲ့ တမန်တော် ပေါလု​က “သခင်​ယေရှု ရောက်ရှိ​လာတဲ့အခါ သခင့်​ရှေ့မှာ ကျွန်တော်​တို့​ရဲ့ မျှော်လင့်ချက်၊ ရွှင်လန်းမှု၊ ဂုဏ်ယူ​စရာ သရဖူ​ဆို​လို့ ဘာများ​ရှိလို့လဲ။ ခင်ဗျား​တို့​ပဲ မဟုတ်လား။ ခင်ဗျား​တို့​ဟာ တကယ်ပဲ ကျွန်တော်​တို့ ဂုဏ်ယူ​စ​ရာ၊ ရွှင်လန်းစရာ​ပါ​ပဲ” လို့ ပြော​ခဲ့တယ်။ (၁ သက်. ၂:၁၉၊ ၂၀။ တ. ၁၇:၁-၄) ဒီနေ့​ခေတ် လူများစွာ​လည်း အလားတူ ခံစား​နေ​ရတယ်။ နှစ်ခြင်း​ခံ​တဲ့​အထိ လူများစွာကို ခင်ပွန်းနဲ့​အတူ ကူညီ​ပေး​ခဲ့​တဲ့ ညီအစ်မ စတက်ဖနီ​က “ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ဖို့ လူတွေကို ကူညီ​ပေး​ရတာထက် ပို​ပျော်ရွှင်​စေ​တာ မရှိတော့ဘူး” လို့ ပြော​တယ်။

သီချင်း ၅၇ လူအမျိုးမျိုးကို ဟောပြောခြင်း

^ အပိုဒ်၊ 5 တခြား​သူတွေကို ဟောပြော​ရုံ​သာမက ယေရှု မိန့်မှာ​ထား​သမျှကို လိုက်နာ​အောင် သွန်သင်​ပေးဖို့ ကျွန်တော်​တို့ကို ယေဟောဝါ အခွင့်ထူး ပေး​ထား​တယ်။ တခြား​သူတွေကို သွန်သင်​ပေးဖို့ ဘာက လှုံ့ဆော်ပေး​မလဲ။ ဟောပြောခြင်းနဲ့ တပည့်​ဖြစ်စေခြင်း လုပ်ငန်းမှာ ဘယ်​အခက်အခဲ​တွေ ရင်ဆိုင်​ရသလဲ။ အဲဒီ​အခက်အခဲတွေကို ဘယ်လို ကျော်လွှား​နိုင်​သလဲ။ အဲဒီ​မေးခွန်းတွေကို ဒီဆောင်းပါးမှာ ဖြေပေး​ပါ​မယ်။

^ အပိုဒ်၊ 14 တပည့်​ဖြစ်စေခြင်း လုပ်ငန်းမှာ ဘယ်လို ပါဝင်​နိုင်​ကြောင်း အသေးစိတ် ဆွေးနွေးမှု​ကို ၂၀၂၁၊ မတ်​လထုတ် ကင်းမျှော်စင် ကျမ်းစာ​သင်သား နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် အသင်းတော်မှာ ရှိသူ​တိုင်း ကူညီ​ပေး​နိုင်​ပုံ” ဆောင်းပါး​မှာ ကြည့်​ပါ။

^ အပိုဒ်၊ 53 ပုံ​အညွှန်း– ကျမ်းစာ​သင်အံမှု​ကြောင့် လူတစ်ယောက်ရဲ့ ဘဝ ပြောင်းလဲ​လာနိုင်။ ပထမ​ပုံ​မှာ အဲဒီ​လူ ဘဝ​ရည်ရွယ်ချက် မဲ့နေပြီး ယေဟောဝါ​အကြောင်း မသိ။ သက်သေခံတွေ​နဲ့ တွေ့​ပြီး သင်အံမှု လက်ခံ။ သိလာ​တာ​တွေ​ကြောင့် နောက်ပိုင်း ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံ။ ကိုယ်တိုင် သွန်သင်ပေး​သူ ဖြစ်လာ။ နောက်ဆုံး၊ သူတို့​အားလုံး ကမ္ဘာသစ် အသက်တာမှာ ပျော်မွေ့​နေ။