မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၉

ကိုယ့်လုပ်ရပ်မှာ ပျော်ရွှင်ပါ

ကိုယ့်လုပ်ရပ်မှာ ပျော်ရွှင်ပါ

“သူတစ်ပါး​နဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါဆိုရင် ကိုယ့်​လုပ်ရပ်​နဲ့​ပတ်သက်ပြီး ပျော်ရွှင်​ကျေနပ်​ရလိမ့်မယ်။”—ဂလ. ၆:၄

သီချင်း ၃၄ သမာဓိ​ရှိ​ရှိ လျှောက်လှမ်းခြင်း

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါ​က ကျွန်တော်​တို့ကို တခြား​သူတွေနဲ့ ဘာကြောင့် မ​နှိုင်းယှဉ်​သလဲ။

မတူညီမှု​တွေ​ကို ယေဟောဝါ နှစ်သက်တယ်။ အဲဒါကို လူသားတွေ အပါအဝင် ဖန်ဆင်း​ခြင်း လက်ရာတွေ​မှာ တွေ့​နိုင်တယ်။ ကျွန်တော်​တို့​နဲ့ တစ်ထပ်တည်း တူ​တဲ့​သူ​ဆိုတာ မရှိဘူး။ ဒါ​ကြောင့် ယေဟောဝါ​က ကျွန်တော်​တို့ကို တခြား​တစ်ယောက်​နဲ့ ဘယ်တော့မှ မ​နှိုင်းယှဉ်​ဘူး။ ကျွန်တော်​တို့​ရဲ့ နှလုံးသား၊ အတွင်းစိတ်​ကို ကြည့်​တယ်။ (၁ ရှ. ၁၆:၇) အားသာချက်၊ အားနည်းချက်၊ နောက်ခံ​တွေ​ကို သိတယ်။ တတ်နိုင်​တာ​ထက် ပို​မတောင်းဆို​ဘူး။ ဒါ​ကြောင့် ကျွန်တော်​တို့​လည်း ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ မြင်​သလို မြင်တတ်ဖို့ လိုတယ်။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီး​လွန်း​တာ၊ အထင်သေး​လွန်း​တာ မဖြစ်​ဘဲ “တော်သင့်ရုံ​ပဲ ထင်ကြ” ပါ​လိမ့်မယ်။—ရော. ၁၂:၃

၂။ ကိုယ့်ကိုယ်ကိုယ် တခြား​သူတွေနဲ့ နှိုင်းယှဉ်တာ ဘာကြောင့် မကောင်း​သလဲ။

တခြား​သူတွေရဲ့ ပုံသက်သေ​ကောင်း​ကနေ အကျိုး​ရနိုင်တာ မှန်ပါတယ်။ ဥပမာ၊ အမှုဆောင်​လုပ်ငန်းမှာ အောင်မြင်​နေတဲ့ ညီအစ်ကို/မ​တွေ​ဆီကနေ သင်ယူနိုင်တယ်။ (ဟီ. ၁၃:၇) ဒီ​နည်းနဲ့ ကိုယ်တိုင် ဘယ်လို တိုးတက်​နိုင်​မလဲ​ဆိုတာ သိလာမယ်။ (ဖိ. ၃:၁၇) ဒါပေမဲ့ တခြား​သူရဲ့ ပုံသက်သေ​ကောင်း​ကနေ သင်ယူတာ​နဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တာ မတူဘူး။ နှိုင်းယှဉ်တာ​က မနာလို ဖြစ်စေ​နိုင်တယ်။ စိတ်ဓာတ်ကျ​စေနိုင်​တယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုး​မရှိဘူးလို့​တောင် ခံစားရ​စေနိုင်​တယ်။ အဲဒီအပြင် ရှေ့​ဆောင်းပါး​မှာ လေ့လာခဲ့​တဲ့​အတိုင်း အသင်းတော်မှာ ညီအစ်ကို/မ​တွေ​နဲ့ ပြိုင်ဆိုင်​တာ​က ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကို ထိခိုက်​စေနိုင်​တယ်။ ဒါ​ကြောင့် “လူတိုင်း ကိုယ့်​လုပ်ရပ်တွေကို​ပဲ ဆန်းစစ်​ပါ။ သူတစ်ပါး​နဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါဆိုရင် ကိုယ့်​လုပ်ရပ်​နဲ့​ပတ်သက်ပြီး ပျော်ရွှင်​ကျေနပ်​ရလိမ့်မယ်” လို့ ယေဟောဝါ အားပေးထား​တာ ဖြစ်တယ်။—ဂလ. ၆:၄

၃။ ဘယ်​ဘုရားရေးရာ တိုးတက်မှု​တွေ​ကြောင့် သင် ပျော်ရွှင်​ကျေနပ်​နေသလဲ။

ယေဟောဝါ​က သင့်ကို ဘုရားရေးရာ တိုးတက်မှု​တွေ​အတွက် ပျော်ရွှင်​စေချင်တယ်။ ဥပမာ၊ သင်ဟာ နှစ်ခြင်း​ခံ​ပြီး​သား​ဆိုရင် အဲဒီ​ပန်းတိုင် ရောက်​အောင် တက်လှမ်းနိုင်​ခဲ့လို့ သိပ်​ကျေနပ်​မှာပဲ။ ဘုရား​ကို ချစ်တဲ့​စိတ်​ကြောင့် အဲဒီလို ကိုယ်တိုင်​ ဆုံးဖြတ်​ခဲ့​တာ။ အဲဒီ​အချိန်​က​စပြီး ကိုယ့်​တိုးတက်မှု​တွေ​ကို ပြန်​စဉ်းစား​ကြည့်​ပါ။ ကျမ်းစာ​ဖတ်​တာ၊ ကိုယ်ပိုင်​လေ့လာမှု လုပ်တာတွေကို ပို​နှစ်သက်​လာ​သလား။ ဆုတောင်းချက်​တွေ ပို​အဓိပ္ပာယ်​ရှိလာ​သလား။ (ဆာ. ၁၄၁:၂) အမှုဆောင်မှာ ပို​ကျွမ်းကျင်​လာပြီး သွန်သင်ခြင်း ကိရိယာ​တွေ​ကို ပို​ထိထိရောက်ရောက် သုံးတတ်လာ​သလား။ သင့်​မှာ မိသားစု ရှိမယ်ဆိုရင် ယေဟောဝါ​ရဲ့ အကူအညီ​ကြောင့် ခင်ပွန်း​ကောင်း၊ ဇနီး​ကောင်း ဒါမှ​မဟုတ် မိဘ​ကောင်း ဖြစ်လာ​သလား။ အဲဒီလို​ကဏ္ဍ​တွေ​မှာ သင့်​တိုးတက်မှု​တွေ​အတွက် ပျော်ရွှင်​ကျေနပ်​နိုင်​ပါ​တယ်။

၄။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

တခြား​သူတွေကိုလည်း ဘုရားရေးရာ တိုးတက်မှု​တွေ​အတွက် ပျော်ရွှင်​လာဖို့၊ ကိုယ့်ကိုယ်ကိုယ် သူတစ်ပါး​နဲ့ နှိုင်းယှဉ်တာ​မျိုး မ​လုပ်ဖို့ ကူညီ​ပေး​နိုင်​ပါ​တယ်။ မိဘတွေက သားသမီးတွေကို ဘယ်လို ကူညီ​နိုင်​ကြောင်း၊ အိမ်ထောင်ဖက် အချင်းချင်း ဘယ်လို ကူညီ​နိုင်​ကြောင်း၊ ညီအစ်ကို/မ​တွေ​ကို အကြီးအကဲ​တွေ​နဲ့ တခြား​သူတွေ ဘယ်လို ကူညီ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ သိရ​ပါ​မယ်။ ကိုယ့်​အခြေအနေ၊ လုပ်နိုင်စွမ်း​နဲ့​အညီ မျှတတဲ့ ပန်းတိုင်​တွေ ချမှတ်​ဖို့ ကူညီ​ပေး​နိုင်​တဲ့ ကျမ်းစာ​မူတွေကို​လည်း ဆွေးနွေး​ကြ​ပါ​မယ်။

မိဘတွေ​နဲ့ အိမ်ထောင်သည်တွေ လုပ်ဆောင်​နိုင်ရာ

မိဘတို့၊ ကလေး​တစ်ယောက်စီ​ရဲ့ ကြိုးစား​အားထုတ်မှုကို အသိအမှတ်ပြု​ပါ (စာပိုဒ် ၅-၆ ကို ကြည့်ပါ) *

၅။ ဧဖက် ၆:၄ အရ မိဘတွေ ဘာကို ရှောင်သင့်​သလဲ။

မိဘတွေဟာ ကလေး တစ်ယောက်ကို နောက်​တစ်ယောက်​နဲ့ နှိုင်းယှဉ်တာ​မျိုး၊ သူတို့ တတ်နိုင်​တာ​ထက် ပို​တောင်းဆို​တာ​မျိုး မ​လုပ်သင့်​ဘူး။ အဲဒီလို လုပ်မယ်ဆိုရင် ကလေး​တွေ စိတ်ဓာတ်ကျ​သွားနိုင်တယ်။ (ဧဖက် ၆:၄ ကို ဖတ်ပါ။) ညီအစ်မ ဆာ​ချီကို * ဒီလို​ပြော​တယ်– “ကျွန်မရဲ့ ဆရာ​က အတန်းဖော်​တွေ​ထက် ကျွန်မ​ကို ပို​တော်​စေချင်တယ်။ အမေ​လည်း အဲဒီလိုပဲ။ ကျွန်မ စာတော်​မှ ဆရာ​တွေ​နဲ့ မယုံကြည်သူ အဖေ​ကို သက်သေ​ခံနိုင်​မယ်​လို့ ယူဆတယ်။ စာမေးပွဲ​တွေ​မှာ အမှတ်​ပြည့် ရစေ​ချင်​တယ်။ ကျွန်မ​အတွက်​တော့ မဖြစ်​နိုင်ဘူး။ အခု ကျောင်း​ပြီး​ခဲ့​တာ​တော့ ကြာ​ပါ​ပြီ။ ဒါပေမဲ့ ကျွန်မ အတတ်နိုင်ဆုံး အမှုဆောင်တာ​ကို ယေဟောဝါ ကျေနပ်​ရဲ့​လားလို့ တစ်ခါ​တ​လေ စဉ်းစားမိ​နေတုန်းပဲ။”

၆။ ဆာလံ ၁၃၁:၁၊ ၂ ကနေ မိဘတွေ ဘာ​သင်ယူ​နိုင်​သလဲ။

မိဘတွေ​အတွက် အရေးကြီး သင်ခန်းစာ​ကို ဆာလံ ၁၃၁:၁၊ ၂ (ဖတ်ပါ) မှာ တွေ့​နိုင်တယ်။ ဘုရင်​ဒါဝိဒ်က “ကြီးမြတ်​လွန်း​တဲ့​အရာ​တွေ” ဒါမှ​မဟုတ် မတတ်နိုင်​တဲ့​အရာ​တွေ​ကို “မ​မှန်း​ပါ​ဘူး” လို့ ပြော​ခဲ့တယ်။ သူ့ရဲ့ နှိမ့်ချမှု၊ ကျိုးနွံ​မှု​ကြောင့် “စိတ်အေး​လက်​အေး​နဲ့ ငြိမ်သက်” နိုင်​ခဲ့တယ်။ မိဘတွေ ဘာ​သင်ယူ​နိုင်​သလဲ။ မိဘတွေဟာ ကိုယ်တိုင်​ကော၊ ကလေး​တွေ​ဆီကနေ​ပါ အလွန်အကျွံ မမျှော်လင့်​ခြင်း​အားဖြင့် နှိမ့်ချ​ကျိုးနွံ​မှု ပြ​နိုင်တယ်။ သားသမီးတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို အသိအမှတ်​ပြုခြင်း၊ သင့်တော်​တဲ့ ပန်းတိုင်​တွေ ချ​နိုင်အောင် ကူညီ​ပေးခြင်း​အားဖြင့် အားပေးနိုင်တယ်။ ညီအစ်မ မာရီနာ ဒီလို​ပြော​တယ်– “အမေက ကျွန်မ​ကို မောင်နှမ သုံးယောက်​နဲ့ ဒါမှ​မဟုတ် တခြား ကလေး​တွေ​နဲ့ ဘယ်တော့မှ မ​နှိုင်းယှဉ်​ဘူး။ လူတိုင်းမှာ အရည်အချင်း ကိုယ်စီ ရှိတယ်၊ အားလုံး​က ယေဟောဝါ​အတွက် တန်ဖိုး​ရှိတယ်လို့ သင်ပေးတယ်။ ဒါ​ကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် တခြား​သူတွေနဲ့ နှိုင်းယှဉ်​လေ့ မရှိဘူး။”

၇-၈။ ယောက်ျားဟာ ဇနီး​ဖြစ်သူ​ကို ဘယ်လို ဂုဏ်တင်​နိုင်​သလဲ။

ခရစ်ယာန် လင်​ယောက်ျားဟာ ဇနီး​ဖြစ်သူ​ကို ဂုဏ်တင်​သင့်တယ်။ (၁ ပေ. ၃:၇) ဂုဏ်တင်​တယ်​ဆိုတာ အထူး​ဂရုစိုက်​တာ၊ လေးစားတာ​ကို ဆိုလိုတယ်။ ဥပမာ၊ ဇနီး​ကို လေးလေးစားစား ဆက်ဆံခြင်း​အားဖြင့် ဂုဏ်တင်​နိုင်တယ်။ မတတ်နိုင်​တာ​ကို မတောင်းဆို​ဘူး။ တခြား အမျိုးသမီးတွေနဲ့​လည်း မ​နှိုင်းယှဉ်​ဘူး။ အဲဒီလို နှိုင်းယှဉ်​ရင် ဘာဖြစ်​နိုင်​သလဲ။ ညီအစ်မ ရိုဆာရဲ့ မယုံကြည်သူ ခင်ပွန်း​က သူ့ကို တခြား​အမျိုးသမီးတွေနဲ့ မကြာခဏ နှိုင်းယှဉ်​တတ်တယ်။ ခင်ပွန်း​ရဲ့ မကြင်နာ​တဲ့ စကား​တွေ​ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု မရှိတော့ဘူး။ “ကျွန်မ​ကို ယေဟောဝါ တန်ဖိုး​ထား​တယ်​ဆိုတာ ကိုယ့်ကိုယ်ကိုယ် မကြာခဏ သတိပေး​နေ​ရတယ်” လို့ ရို​ဆာ ပြော​တယ်။ ဆန့်ကျင်ဘက်​အနေ​နဲ့ ခရစ်ယာန် လင်ယောက်ျား​တွေ​က​တော့ ဇနီး​ကို ဂုဏ်တင်​ကြတယ်။ အဲဒီလို ဂုဏ်တင်​တာ​က ဇနီး​နဲ့​ကော ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကို​ပါ ကောင်းကျိုး​ သက်ရောက်​နိုင်​ကြောင်း သိထားကြတယ်။ *

ဇနီး​ကို ဂုဏ်တင်တဲ့ လင်​ယော​က်ျား​ဟာ ဇနီး​ကို ချီးမွမ်း​တယ်။ ချစ်​မြတ်နိုး​ကြောင်း၊ တန်ဖိုး​ထား​ကြောင်း ပြော​တယ်။ (ပညာ. ၃၁:၂၈၊ ၂၉) ရှေ့​ဆောင်းပါး​မှာ ဖော်ပြ​ခဲ့​တဲ့ ကက်တရီနာ​ရဲ့ ယော​က်ျား အဲဒီလိုလုပ်​ခဲ့တယ်။ ဒါကြောင့် တန်ဖိုး​မရှိဘူး​ဆို​တဲ့ ခံစားချက်​ကို ကက်တရီနာ အောင်မြင်​ကျော်လွှား​နိုင်​ခဲ့တယ်။ ကက်တရီနာ ကလေး​ဘဝ​တုန်း​က မိခင်​ဖြစ်သူ​က တခြား​ကလေး​တွေ၊ သူငယ်ချင်းတွေ​နဲ့ မကြာခဏ နှိုင်းယှဉ်​ပြီး နှိမ်​ပြော​တတ်တယ်။ ဒါ​ကြောင့် ကက်တရီနာ​ဟာ အမှန်တရား သိလာပြီး​နောက်​မှာ​တောင် ကိုယ့်ကိုယ်ကိုယ် တခြား​သူတွေနဲ့ အမြဲ နှိုင်းယှဉ်​တတ်တယ်။ အဲဒီ​စိတ်​သဘောထားကို တိုက်လှန်​နိုင်​ဖို့၊ ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်​တတ်​ဖို့ သူ့​ယော​က်ျား ကူညီ​ပေးတယ်။ “သူ ကျွန်မ​ကို ချစ်တယ်။ ကျွန်မ​ရဲ့ လုပ်ရပ်​ကောင်း​တွေ​ကို ချီးမွမ်း​တယ်။ ကျွန်မ​အတွက် ဆုတောင်း​ပေးတယ်။ ယေဟောဝါ​ရဲ့ အရည်အသွေးကောင်း​တွေ​ကို ပြောပြ​တယ်။ အပျက်​သဘောထားတွေကို ပြုပြင်​ဖို့ ကူညီ​ပေးတယ်” လို့ ကက်တရီနာ ပြော​တယ်။

မေတ္တာ​ရှိတဲ့ အကြီးအကဲ​တွေ​နဲ့ တခြား​သူတွေ လုပ်ဆောင်​နိုင်ရာ

၉-၁၀။ တခြား​သူတွေနဲ့ နှိုင်းယှဉ်​တတ်​တဲ့ ညီအစ်မ​တစ်ယောက်ကို မေတ္တာ​ရှိတဲ့ အကြီးအကဲ​တွေ ဘယ်လို ကူညီ​ပေး​သလဲ။

တခြား​သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်​လေ့​ရှိသူ​ကို အကြီးအကဲ​တွေ ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ ကလေး​ဘဝကတည်း​က ချီးမွမ်း​မခံရ​ဖူး​တဲ့ ညီအစ်မ ဟာနူနီ​အကြောင်း သုံးသပ်ကြည့်​ပါ။ “ကျွန်မ​က ရှက်တတ်​တယ်။ တခြား​ကလေး​တွေ​က ကိုယ့်ထက် ပို​တော်တယ်​လို့ ခံစား​ခဲ့​ရတယ်။ သိ​တတ်​စ​အရွယ်​ကတည်းက ကိုယ့်ကိုယ်ကိုယ် တခြား​သူတွေနဲ့ နှိုင်းယှဉ်​တတ်တယ်” လို့ ပြော​တယ်။ အမှန်တရား ရပြီး​နောက်​မှာ​တောင် ကိုယ့်ကိုယ်ကိုယ် တခြား​သူတွေနဲ့ နှိုင်းယှဉ်​နေတုန်းပဲ။ ဒါ​ကြောင့် အသင်းတော်မှာ သိပ်​အသုံးမဝင်​ဘူးလို့ ခံစား​ရတယ်။ အခုတော့ ရှေ့ဆောင်​အဖြစ် ပျော်ရွှင်စွာ အမှုဆောင်​နေပြီ။ သူ့​သဘောထားကို ဘာက ပြောင်းလဲ​စေ​ခဲ့​သလဲ။

၁၀ အကြီးအကဲ​တွေ ကူညီ​ပေးတယ်​လို့ ဟာနူနီ ပြော​တယ်။ အကြီးအကဲ​တွေ​က သူ့ကို ယုံကြည်​စိတ်ချကြောင်း ထုတ်ပြော​တယ်။ သစ္စာရှိ ပုံသက်သေ​အတွက် ချီးမွမ်း​ကြတယ်။ “တစ်ခါ​တ​လေ အကူအညီ လို​နေတဲ့ ညီအစ်မ​တွေ​ကို အားပေးဖို့ တာဝန်​ပေးတယ်။ အဲဒီလို တာဝန်​ပေး​တာ​က အသုံးဝင်တဲ့​သူ​လို့ ခံစား​ရစေတယ်။ မေတ္တာ​ရှိတဲ့ အကြီးအကဲ​တွေ​က ညီအစ်မ​ငယ်​တချို့​ကို ကျွန်မ အားပေးခဲ့​လို့ ၁ သက်သာလောနိတ် ၁:၂၊ ၃ ကို ဖတ်ပြ​ပြီး ကျေးဇူး​တင်​စကား ပြော​တာ မှတ်မိ​သေး​တယ်။ သူတို့ရဲ့ စကား​ကြောင့် ကျွန်မ သိပ်​ပျော်​သွားတယ်။ အဲဒီလို သိုးထိန်း​ကောင်း​တွေ​ကြောင့် အခု​ဆို ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​မှာ ကိုယ့်​နေရာကို တန်ဖိုး​ထား​တတ်လာ​ပါ​ပြီ” လို့ ဟာနူနီ ပြော​တယ်။

၁၁။ ဟေရှာယ ၅၇:၁၅ မှာ ဖော်ပြ​ထား​တဲ့ “စိတ်ထောင်း​ကိုယ်​ကြေ” ဖြစ်နေ​သူတွေကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၁ ဟေရှာယ ၅၇:၁၅ ကို ဖတ်ပါ။ ယေဟောဝါ​က “စိတ်ထောင်း​ကိုယ်​ကြေ” ဖြစ်နေ​သူတွေကို ဂရုစိုက်​တယ်။ အဲဒီလို ညီအစ်ကို/မ​တွေ​ကို အကြီးအကဲ​တွေ​သာမက ကျွန်တော်​တို့ အားလုံး ကူညီ​ပေး​နိုင်တယ်။ ကူညီ​ပေး​နိုင်​တဲ့ တစ်နည်း​က​တော့ စိတ်ရင်းမှန်​နဲ့ ဂရုစိုက်​ကြောင်း ပြ​ခြင်း​ပါ​ပဲ။ ယေဟောဝါ​က သူတို့ကို ဘယ်လောက် ချစ်​ကြောင်း ကျွန်တော်​တို့​က​တစ်ဆင့် သိစေချင်တယ်။ (ပညာ. ၁၉:၁၇) ကိုယ်တိုင် နှိမ့်ချ​ကျိုးနွံ​ခြင်း​အားဖြင့်လည်း ညီအစ်ကို/မ​တွေ​ကို ကူညီ​ပေး​နိုင်တယ်။ တခြား​သူတွေရဲ့ စိတ်ထဲ မနာလို​စိတ် ဝင်​လာအောင် ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်​တာ​မျိုး ကျွန်တော်​တို့ မလုပ်ကြဘူး။ အဲဒီအစား ကိုယ့်​စွမ်းရည်၊ အသိပညာ​တွေ​ကို တခြား​သူတွေကို အားပေးရာမှာ အသုံးပြုကြတယ်။—၁ ပေ. ၄:၁၀၊ ၁၁

ယေရှု ဘယ်တော့မှ ဆရာ​ကြီး​ပုံ မ​ဖမ်း​တဲ့​အတွက် တပည့်​တွေ ချဉ်းကပ်​ရဲ။ မိတ်ဆွေတွေနဲ့ ယေရှု ပျော်ပျော်ပါးပါး ပေါင်းသင်း​နေ (စာပိုဒ် ၁၂ ကို ကြည့်ပါ)

၁၂။ နှိမ့်ချ​သူတွေဟာ ယေရှု​နား​မှာ ဘာကြောင့် နေချင်​ကြသလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

၁၂ တခြား​သူတွေကို ဘယ်လို ဆက်ဆံ​သင့်​ကြောင်း တပည့်​တွေ​ကို ယေရှု ဆက်ဆံပုံ​ကနေ သင်ယူနိုင်တယ်။ ယေရှုဟာ အကြီးမြတ်ဆုံး လူသား​ ဖြစ်​ပေမဲ့ “နူးညံ့​သိမ်မွေ့​ပြီး စိတ်​နှိမ့်ချတယ်။” (မ. ၁၁:၂၈-၃၀) သူ ဘယ်လောက် တတ်​ကြောင်း၊ အသိပညာ ဘယ်လောက် ကြွယ်ဝ​ကြောင်း မ​ကြွား​ဘူး။ ရိုးရှင်းတဲ့ စကား၊ နားလည်​လွယ်​တဲ့ ဥပမာ​တွေ သုံးပြီး သွန်သင်​ပေးတယ်။ (လု. ၁၀:၂၁) မာနကြီးတဲ့ ဘာသာရေး​ ခေါင်းဆောင်​တွေ​နဲ့ မတူဘဲ ယေရှုဟာ တခြား​သူတွေကို ဘုရား​အတွက် တန်ဖိုး​ရှိသူတွေ​အဖြစ် အမြဲ ခံစား​ရစေတယ်။ (ယော. ၆:၃၇) သာမန်​လူတွေကို လေးလေးစားစား ဆက်ဆံ​တယ်။

၁၃။ တပည့်​တွေ​နဲ့ ဆက်ဆံ​တဲ့​အခါ ယေရှုရဲ့ မေတ္တာနဲ့ ကြင်နာ​မှု ဘယ်လို ပေါ်လွင်​သလဲ။

၁၃ တပည့်​တွေ​နဲ့ ဆက်ဆံပုံ​မှာ ယေရှုရဲ့ မေတ္တာနဲ့ ကြင်နာမှု ပေါ်လွင်​တယ်။ တပည့်​တွေ​ရဲ့ စွမ်းရည်​နဲ့ အခြေအနေ​တွေ မတူ​မှန်း၊ တာဝန်​တွေ​ကို တစ်​ပုံစံ​တည်း ထမ်းဆောင်​နိုင်​မှာ မဟုတ်မှန်း၊ အမှုဆောင်​လုပ်ငန်းမှာလည်း တစ်​ပုံစံ​တည်း ပြီးမြောက်​နိုင်​မှာ မဟုတ်မှန်း ယေရှု သိတယ်။ ဒါပေမဲ့ သူတို့ အတတ်နိုင်ဆုံး လုပ်တာကို တန်ဖိုး​ထား​တယ်။ ယေရှုရဲ့ အဲဒီ​သဘောထားကို တဲ​လင့် ပုံ​ဥပမာ​မှာ တွေ့​နိုင်တယ်။ သခင်​က “ကျွန်​တစ်ယောက်စီ​ရဲ့ အရည်အချင်း” အလိုက် တာဝန်​ပေးတယ်။ အလုပ်​ကြိုးစား​တဲ့ ကျွန်​နှစ်ယောက်​မှာ တစ်ယောက်က ပို​အမြတ်ရ​ပေမဲ့ နှစ်ယောက်စလုံး​ကို ‘တော်​လိုက်တာ။ သစ္စာ​ရှိတဲ့ ကျွန်​ကောင်း​ပဲ’ လို့ သခင် ချီးမွမ်း​တယ်။—မ. ၂၅:၁၄-၂၃

၁၄။ တခြား​သူတွေနဲ့ ယေရှု ဆက်ဆံပုံ​ကို ကျွန်တော်​တို့ ဘယ်လို တုပ​နိုင်​သလဲ။

၁၄ ကျွန်တော်တို့ကိုလည်း ယေရှု မေတ္တာ​ရှိ​ရှိ၊ ကြင်ကြင်နာနာ ဆက်ဆံ​တယ်။ စွမ်းရည်​နဲ့ အခြေအနေ​တွေ မတူ​မှန်း သိ​ပြီး ကျွန်တော်​တို့ အတတ်နိုင်ဆုံး လုပ်​နေတာကို နှစ်သက်တယ်။ ကျွန်တော်​တို့​လည်း ယေရှု​လို​ပဲ တခြား​သူတွေကို ဆက်ဆံ​သင့်တယ်။ ညီအစ်ကို/မ တစ်ယောက်ယောက်​ကို တခြား​သူတွေ​လောက် မ​လုပ်နိုင်​လို့ တန်ဖိုး​မရှိဘူးလို့ ခံစား​ရအောင်၊ အရှက်ရ​အောင် ဘယ်တော့မှ မ​လုပ်သင့်​ဘူး။ အဲဒီအစား ယေဟောဝါ​ကို အတတ်နိုင်ဆုံး အမှုဆောင်​နေလို့ အမြဲ အခွင့်အရေးရှာ ချီးမွမ်း​သင့်တယ်။

လက်တွေ့ကျတဲ့ ပန်းတိုင်​တွေ ချမှတ်​ပါ

လက်တွေ့ကျတဲ့ ပန်းတိုင်​တွေ ချ​ပြီး ပြည့်မီ​အောင် ကြိုးစား​ခြင်း​ကနေ ပျော်ရွှင်မှု ခံစား​ပါ (စာပိုဒ် ၁၅-၁၆ ကို ကြည့်ပါ) *

၁၅-၁၆။ လက်တွေ့ကျတဲ့ ပန်းတိုင်​တွေ ချမှတ်​လို့ ညီအစ်မ​တစ်ယောက် ဘယ်လို အကျိုး​ခံစား​ရသလဲ။

၁၅ ဘုရားရေးရာ ပန်းတိုင်​တွေ ချမှတ်​တာ​က ကျွန်တော်​တို့​ရဲ့ ဘဝကို အဓိပ္ပာယ် ပြည့်ဝ​စေတယ်။ အရေးကြီးတာက တခြား​သူတွေရဲ့ စွမ်းရည်​နဲ့ အခြေအနေ​ပေါ် မဟုတ်ဘဲ ကိုယ့်​စွမ်းရည်​နဲ့ အခြေအနေ​ပေါ် မူတည်ပြီး ပန်းတိုင် ချမှတ်​ဖို့ ဖြစ်တယ်။ အဲဒီလို​မှ မဟုတ်​ရင် စိတ်ဓာတ်ကျ​ပြီး စိတ်ပျက်​လာမယ်။ (လု. ၁၄:၂၈) ရှေ့ဆောင် ညီအစ်မ မီဒို​ရီ​ရဲ့ အဖြစ်ကို သုံးသပ်ကြည့်​ပါ။

၁၆ သက်သေခံ​ မဟုတ်တဲ့ ဖခင်​က မီဒို​ရီ​ကို ငယ်စဉ်ကတည်း​က မောင်နှမ​တွေ၊ အတန်းဖော်​တွေ​နဲ့ နှိုင်းယှဉ်​ပြီး အရှက်ရ​အောင် လုပ်ခဲ့တယ်။ ဒါ​ကြောင့် “အသုံးမကျ​ဘူးလို့ ခံစား​ရတယ်” ဆိုပြီး မီဒို​ရီ ပြော​တယ်။ အရွယ်ရောက်​လာချိန်​မှာ​တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု ရှိ​လာတယ်။ “ကျမ်းစာ နေ့တိုင်း​ ဖတ်​တဲ့​အခါ ယေဟောဝါ ကျွန်မ​ကို ချစ်တယ်​ဆိုတာ ခံစား​ရပြီး စိတ်​ငြိမ်သက်မှု ရတယ်” လို့ ပြော​တယ်။ ဒါ့အပြင် လက်တွေ့ကျတဲ့ ပန်းတိုင်​တွေ ချမှတ်​ပြီး ပန်းတိုင် ပြည့်မီ​နိုင်​ဖို့ သတ်သတ်မှတ်မှတ် ဆုတောင်း​တယ်။ ရလဒ်အနေနဲ့ ကိုယ့်ရဲ့ ဘုရားရေးရာ တိုးတက်မှု​အတွက် ပျော်ရွှင်​နေပါ​ပြီ။

ယေဟောဝါ​အတွက် အမြဲ အကောင်းဆုံး ပေးဆက်​နေပါ

၁၇။ ဘယ်လိုနည်းနဲ့ “စိတ်​သဘောကို အသစ်​ဖြစ်အောင် အမြဲ ပြုပြင်​နေရ” မလဲ။ ဘာ​ရလဒ် ရမလဲ။

၁၇ အပျက်သဘော ခံစားချက်​တွေ၊ အတွေး​တွေ​က အလွယ်တကူ မ​ပျောက်​နိုင်ဘူး။ ဒါ​ကြောင့် “စိတ်​သဘောကို အသစ်​ဖြစ်အောင် အမြဲ ပြုပြင်​နေ​ရမယ်” လို့ ယေဟောဝါ အားပေးတယ်။ (ဧ. ၄:၂၃၊ ၂၄) အဲဒီလို ပြုပြင်​နိုင်​ဖို့ ဆုတောင်း၊ ကျမ်းစာ​ဖတ်၊ တွေးတော​ဆင်ခြင်​ပြီး လက်တွေ့​ကျင့်​ရမယ်။ ယေဟောဝါ​ဆီ အကူအညီ တောင်း​ရမယ်။ ကိုယ့်ကိုယ်ကိုယ် တခြား​သူနဲ့ နှိုင်းယှဉ်​ချင်​တဲ့ သဘောထားကို ကျော်လွှား​နိုင်​ဖို့ သန့်ရှင်းသော စွမ်းအားတော်​က ကူညီ​ပေး​ပါ​လိမ့်မယ်။ ဒါ့အပြင် မနာလို​စိတ်၊ မာန​စိတ် ဝင်လာတဲ့​အခါ ချက်ချင်း သိမြင်ပြီး ထုတ်ပစ်​နိုင်အောင်​လည်း ယေဟောဝါ ကူညီ​ပေး​ပါ​လိမ့်မယ်။

၁၈။ ၂ ရာဇဝင်ချုပ် ၆:၂၉၊ ၃၀ ကနေ ဘယ်လို နှစ်သိမ့်မှု ရသလဲ။

၁၈ ၂ ရာဇဝင်ချုပ် ၆:၂၉၊ ၃၀ ကို ဖတ်ပါ။ ကျွန်တော်​တို့​ရဲ့ စိတ်​နှလုံးကို ယေဟောဝါ သိတယ်။ ကိုယ်တိုင်​ရဲ့ မစုံလင်မှုနဲ့ လောက​စိတ်ဓာတ်​ကို တွန်းလှန်​နေရ​မှန်း​လည်း သိတယ်။ ကျွန်တော်​တို့ ဘယ်လောက် ခက်ခက်ခဲခဲ တွန်းလှန်​နေရ​တယ်​ဆိုတာ မြင်ပြီး ပို​ချစ်​လာတယ်။

၁၉။ ကျွန်တော်​တို့​အပေါ်​ ထား​တဲ့ ခံစားချက်​ကို ယေဟောဝါ ဘယ်လို ဖော်ပြ​သလဲ။

၁၉ ကျွန်တော်​တို့​အပေါ်​ ထား​တဲ့ ခံစားချက်​ကို ဖော်ပြ​ဖို့ ကလေး​အပေါ်​ ထား​တဲ့ မိခင်​မေတ္တာနဲ့ ယေဟောဝါ ဥပမာ ပေးတယ်။ (ဟေရှာ. ၄၉:၁၅) ရေ​ချယ်​ဆို​တဲ့ မိခင်​တစ်ယောက်​အကြောင်း သုံးသပ်ကြည့်​ပါ။ “သမီးလေး စတက်ဖနီ​ကို လမစေ့​ဘဲ မွေး​ခဲ့​တာ။ တွေ့​ခါ​စ​မှာ တကယ့် သေးသေးလေး။ ဒါပေမဲ့ ဖန်ပေါင်းချောင်​ထဲ ရှိ​နေချိန် ပထမ​လမှာ နေ့တိုင်း ပွေ့ချီ​ဖို့ ဆေးရုံ​က ခွင့်ပြု​တယ်။ ဒါက ကျွန်မ​နဲ့ ကလေး​ကို ပို​ရင်းနှီး​လာ​စေတယ်။ အခု၊ အသက် ခြောက်​နှစ် ရှိပြီ။ တခြား သက်တူ​ကလေး​တွေ​ထက်​တော့ ခန္ဓာကိုယ် သေး​တယ်။ ဒါပေမဲ့ သူ့ကို ကျွန်မ သိပ်​ချစ်တယ်။ အသက်ရှင်​သန်​ဖို့ သူ အကြီးအကျယ် ကြိုးစား​ခဲ့​ရတာ။ သူ့​ကြောင့် ကျွန်မ​ဘဝ သိပ်​ပျော်ရွှင်​ရတယ်” ဆိုပြီး ပြော​တယ်။ အမှုတော်မှာ အတတ်နိုင်ဆုံး ကြိုးစား​ပါဝင်​နေတဲ့ ကျွန်တော်တို့ကိုလည်း ယေဟောဝါ အဲဒီလို နက်နက်ရှိုင်းရှိုင်း ချစ်တယ်​ဆိုတာ သိရလို့ အားရှိစရာ​ပါ​ပဲ။

၂၀။ ယေဟောဝါ​ရဲ့ ကျေးကျွန်​တွေ ဘာကြောင့် ပျော်ရွှင်​နိုင်​သလဲ။

၂၀ ယေဟောဝါ​ရဲ့ ကျေးကျွန် တစ်ယောက်​အနေ​နဲ့ သင်ဟာ ဘုရား​ရဲ့ အဖိုးတန် မိသားစုဝင် ဖြစ်တယ်။ သင်နဲ့ တစ်ထပ်တည်း တူ​တဲ့ နောက်​တစ်ယောက်​ဆိုတာ မရှိဘူး။ တခြား​သူတွေ​ထက် ပို​တော်​နေလို့ သင့်ကို ယေဟောဝါ ဆွဲဆောင်​တာ မဟုတ်ဘူး။ သင့်ရဲ့ စိတ်​နှလုံးကို ကြည့်ပြီး နှိမ့်ချ​သူ၊ သွန်သင်၊ ပုံသွင်း​လို့ ရမယ့်​သူ​အဖြစ် မြင်​လို့ ဆွဲဆောင်​တာ။ (ဆာ. ၂၅:၉) အမှုတော်မှာ သင် အတတ်နိုင်ဆုံး လုပ်ဆောင်တာတွေ​ကို ဘုရား တန်ဖိုး​ထား​တယ်​ဆိုတာ စိတ်ချ​ပါ။ သင့်ရဲ့ ခံနိုင်ရည်​နဲ့ သစ္စာရှိ​မှု​က သင်ဟာ “စိတ်​ကောင်း​နှလုံး​ကောင်း ရှိသူ” ဖြစ်​ကြောင်း ဖော်ပြ​တယ်။ (လု. ၈:၁၅) ဒါ​ကြောင့် ယေဟောဝါ​အတွက် အကောင်းဆုံး​ကို အမြဲ ဆက်​ပေး​နေပါ။ ဒါဆိုရင် ‘ကိုယ့်​လုပ်ရပ်​နဲ့​ပတ်သက်ပြီး ပျော်ရွှင်​ကျေနပ်​ရပါလိမ့်မယ်။’

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အား​ရှိစေမယ်

^ အပိုဒ်၊ 5 ယေဟောဝါ​က ကျွန်တော်​တို့ကို တခြား​သူတွေနဲ့ မ​နှိုင်းယှဉ်​ဘူး။ ဒါပေမဲ့ တချို့က ကိုယ့်ကိုယ်ကိုယ် တခြား​သူနဲ့ နှိုင်းယှဉ်​ပြီး သိမ်ငယ်​တတ်ကြ​တယ်။ တခြား​သူနဲ့ နှိုင်းယှဉ်တာ ဘာကြောင့် အန္တရာယ်​ရှိကြောင်း ဒီ​ဆောင်းပါး​မှာ သုံးသပ်ကြ​မယ်။ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ မြင်​သလို မြင်တတ်​အောင် မိသားစုဝင်​တွေ၊ ညီအစ်ကို/မ​တွေ​ကို ဘယ်လို ကူညီ​ပေး​နိုင်​ကြောင်း​လည်း သိလာ​ရပါမယ်။

^ အပိုဒ်၊ 5 အမည်​လွှဲ​များ။

^ အပိုဒ်၊ 7 ဒီမှာ ဆွေးနွေး​ထား​တဲ့ အချက်​တွေ​က လင်​ယော​က်ျား​တွေ​ကို အဓိက​ ပြော​နေပေမဲ့ ဇနီး​တွေ​နဲ့​လည်း သက်ဆိုင်​ပါ​တယ်။

^ အပိုဒ်၊ 58 ပုံ​အညွှန်း– နောဧ​သင်္ဘော ဆောက်​ဖို့ ကလေး တစ်ယောက်စီ​ရဲ့ ကြိုးစား​မှု​ကို နှစ်သက်​ကြောင်း မိသားစု ဝတ်ပြုမှု​မှာ မိဘတွေ ပြော​နေ။

^ အပိုဒ်၊ 62 ပုံ​အညွှန်း– ကလေး​ငယ် ရှိတဲ့ တစ်ကိုယ်ရေ မိခင်​တစ်ယောက် အရန်ရှေ့ဆောင် လုပ်နိုင်ဖို့ အစီအစဉ် ဆွဲနေ။ အရန်ရှေ့ဆောင် လုပ်နိုင်​လို့ ပျော်ရွှင်​နေ။