မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၁

ယေဟောဝါဘုရားကို စိတ်ရှည်ရှည် စောင့်မျှော်ပါ

ယေဟောဝါဘုရားကို စိတ်ရှည်ရှည် စောင့်မျှော်ပါ

“စိတ်ရှည်ရှည်​နဲ့ စောင့်နေ​မယ်။”—မိ. ၇:၇

သီချင်း ၁၂၈ အဆုံးအထိ ခံရပ်​နေပါ

အကြို​သုံးသပ်ချက် *

၁-၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ကိုယ် တကယ် လိုအပ်​တဲ့ ပစ္စည်း ပါ​တဲ့ ပါဆယ်ထုပ် ရောက်​ရမယ့်​အချိန်​မှာ မရောက်လာတဲ့​အခါ ဘယ်လို ခံစား​ရသလဲ။ စိတ်ပျက်​သွား​သလား။ “မျှော်လင့်​နေတဲ့​အရာ​က ကြန့်ကြာ​နေရင် စိတ်အား​လျော့​စေတယ်” လို့ ပညာအလိမ္မာ ၁၃:၁၂ မှာ ပြော​တယ်။ ဒါပေမဲ့ ပါဆယ်ထုပ် မ​ရောက်လာ​တဲ့ အကြောင်းရင်းကို သိမယ်​ဆိုရင်တော့ စိတ်ရှည်ရှည် ဆက်​စောင့်​နိုင်​မယ်။

စောင့်မျှော်​တတ်​တဲ့ သဘောထား မွေးမြူ​ပြီး ဆက်​ထိန်း​နိုင်​ဖို့ ကူညီ​ပေး​တဲ့ ကျမ်းစာမူ​တချို့​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။ (မိ. ၇:၇) ယေဟောဝါ​ကို စိတ်ရှည်ရှည် စောင့်​ဖို့ လို​တဲ့ ကဏ္ဍ​နှစ်ခု​အကြောင်း၊ ယေဟောဝါ​ကို စောင့်မျှော်​သူတွေ ရမယ့် ကောင်းချီး​တွေ​အကြောင်းလည်း ဆွေးနွေး​ကြ​ပါ​မယ်။

စိတ်ရှည်​ဖို့ သင်ပေးတဲ့ ကျမ်းစာ​မူများ

၃။ ပညာအလိမ္မာ ၁၃:၁၁ မှာ ဘယ်​မူကို အလေးပေး​ထား​သလဲ။

စိတ်ရှည်​ဖို့ ဘာကြောင့် လိုအပ်ကြောင်း ပညာအလိမ္မာ ၁၃:၁၁ မှာ အလေးပေး​ဖော်ပြ​တယ်။ “တစ်ခဏ​အတွင်းမှာ ရတဲ့ စည်းစိမ်​ဥစ္စာ​ဟာ ယုတ်လျော့သွား​လိမ့်မယ်။ တစ်စ​တစ်စ စုဆောင်း​ပြီး ရလာတဲ့ စည်းစိမ်​ဥစ္စာ​က​တော့ တိုးပွား​လာလိမ့်မယ်” လို့ ပြော​ထား​တယ်။ ဘာ​သိရသလဲ။ ပညာရှိ​သူဟာ တစ်ဆင့်​ပြီး​တစ်ဆင့် စိတ်ရှည်ရှည် လုပ်ဆောင်​လို့ ရလဒ်ကောင်းတွေ ရတယ်ဆိုတဲ့ အချက်​ပဲ။

၄။ ပညာအလိမ္မာ ၄:၁၈ မှာ ပါ​တဲ့ မူ​က ဘယ်​အချက်​ကို အလေးပေး​ဖော်ပြ​သလဲ။

“ဖြောင့်မတ်​သူတွေရဲ့ လမ်း​က​တော့ မွန်းတည့်​ချိန်​ ရောက်တဲ့​အထိ လင်း​သည်ထက်​ လင်းလာ​တဲ့ အရုဏ်ဦး​ အလင်းရောင်​နဲ့ တူတယ်” လို့ ပညာအလိမ္မာ ၄:၁၈ မှာ ပြော​တယ်။ မိမိ​ရည်ရွယ်ချက်​အကြောင်း ယေဟောဝါ တဖြည်းဖြည်း ဖော်ပြ​တာ​ကို ဆိုလိုတယ်။ ဒါပေမဲ့ လူတစ်ယောက် ဘုရားရေးရာ​ပိုင်း တိုးတက်​ပုံ​ကိုလည်း ဆိုလို​နိုင်တယ်။ ဘုရားရေးရာ​ပိုင်း တိုးတက်​တယ်​ဆိုတာ ကောက်ရိုး​မီး​လို ဝုန်း​က​နဲ ထ​တောက်​လို့ မရဘူး။ အချိန် လိုတယ်။ ကျမ်းစာ​နဲ့ အဖွဲ့အစည်း​က လာတဲ့ အကြံဉာဏ်​ကို ဂရုတစိုက် လေ့လာ​လိုက်လျှောက်​မယ်​ဆိုရင် ခရစ်တော်​မှာ ရှိတဲ့ အရည်အသွေးတွေ တဖြည်းဖြည်း ရှိလာမယ်။ ဘုရားရေးရာ အသိပညာ တိုးများ​လာမယ်။ ဒါနဲ့​ပတ်သက်ပြီး ယေရှု ဘယ်လို ဥပမာ​ပေး​ကြောင်း လေ့လာ​ကြည့်​ပါ။

အပင်​တစ်ပင် တဖြည်းဖြည်း ကြီး​လာ​သလို နိုင်ငံတော် သတင်းတရားကို လက်ခံ​တုံ့ပြန်​သူလည်း ဘုရားရေးရာ​ဘက် တဖြည်းဖြည်း တိုးတက် (စာပိုဒ် ၅ ကို ကြည့်ပါ)

၅။ ပြောင်းလဲ​ဖို့ အချိန် လို​ကြောင်း ယေရှု ဘယ်လို ဥပမာ​ပေး​သလဲ။

ကျွန်တော်​တို့ ဟောတဲ့ သတင်းတရား​ဟာ စိတ်​ရိုး​ဖြောင့်​သူတွေရဲ့ စိတ်ထဲ တဖြည်းဖြည်း ကြီးထွား​လာတဲ့ မျိုးစေ့​လေး​နဲ့ တူတယ်​ဆိုပြီး ယေရှု ဥပမာ​ပေးတယ်။ မျိုးကြဲ​သူဟာ “မျိုးစေ့တွေ ဘယ်လို အပင်ပေါက်​ပြီး ကြီးထွား​လာ​မှန်း မသိလိုက်ဘူး။ မြေကြီး​က သူ့အလိုလို တဖြည်းဖြည်း အသီးသီး​စေတယ်။ ဦးဆုံး၊ အညှောက်​ပေါက်​လာတယ်။ ပြီး​တော့ အနှံ​ ထွက်​လာတယ်။ နောက်ဆုံး​မှာ အ​ဆန် အောင်​သွားတယ်” လို့ ယေရှု ပြော​တယ်။ (မာ. ၄:၂၇၊ ၂၈) ဘာကို ဆိုလို​သလဲ။ အပင်​တစ်ပင် တဖြည်းဖြည်း ကြီးထွား​လာ​သလို နိုင်ငံတော် သတင်းတရားကို လက်ခံသူ​လည်း ဘုရားရေးရာ​ဘက် တဖြည်းဖြည်း တိုးတက်​တယ်။ ဥပမာ၊ ကျမ်းစာ​သင်သားတွေ ယေဟောဝါ​နဲ့ ရင်းနှီး​လာတာ​နဲ့​အမျှ တိုးတက်​ပြောင်းလဲမှု​တွေ သိသာ​လာတယ်။ (ဧ. ၄:၂၂-၂၄) ဒါပေမဲ့ မျိုးစေ့ကို ကြီးထွား​စေ​သူဟာ ယေဟောဝါ ဖြစ်​ကြောင်းကို​တော့ ကျွန်တော်​တို့ အသိအမှတ်ပြု​ရမယ်။—၁ ကော. ၃:၇

၆-၇။ ကမ္ဘာ​မြေ​ကို ယေဟောဝါ ဖန်ဆင်း​ပုံ​ကနေ ဘာ​သိရသလဲ။

ယေဟောဝါ​ဟာ ဘာလုပ်လုပ် အချိန်​ယူပြီး စိတ်ရှည်ရှည် လုပ်တယ်။ မိမိ​နာမတော်​ကို ဂုဏ်တင်​ဖို့၊ တခြား​သူတွေ အကျိုး​ရဖို့​ပါ။ ဥပမာ၊ လူတွေ​အတွက် ကမ္ဘာ​မြေ​ကို ယေဟောဝါ အဆင့်ဆင့် ပြင်ဆင်​ပုံ​ကို သုံးသပ်ကြည့်​ပါ။

ကမ္ဘာ​ကို ယေဟောဝါ ဖန်ဆင်း​တုန်း​က “အတိုင်းအတာ​တွေ” သတ်မှတ်ပြီး “အောက်ခံခုံ​တွေ” နဲ့ “ထောင့်​ချုပ်​ကျောက်” ကို ချ​တယ်လို့ ကျမ်းစာ ဖော်ပြ​တယ်။ (ယောဘ ၃၈:၅၊ ၆) ပြီး​နောက် ကိုယ်​လုပ်ထားတာ​ကို အချိန်​ယူပြီး ပြန်​ဆန်းစစ်​တယ်။ (က. ၁:၁၀၊ ၁၂) ယေဟောဝါ​ရဲ့ ဖန်ဆင်း​ခြင်း​လက်ရာတွေ တဖြည်းဖြည်း ပုံ​ပေါ်လာတဲ့​အခါ ကောင်းကင်တမန်​တွေ သိပ်​စိတ်​လှုပ်ရှား​ပြီး “လက်ခုပ်​ဩ​ဘာ​ပေး” တယ်လို့ ကျမ်းစာ ပြော​တယ်။ (ယောဘ ၃၈:၇) ဘာ​သိရသလဲ။ ယေဟောဝါ​ရဲ့ ဖန်ဆင်း​ခြင်း လုပ်ငန်း ပြီး​ဖို့ နှစ်ထောင်​နဲ့​ချီ အချိန်​ယူရ​ပေမဲ့ ဖန်ဆင်း​ရာတွေကို ပြန်​ကြည့်​ပြီး “သိပ်​ကောင်းတယ်” လို့ ပြော​နိုင်​ခဲ့တယ်။—က. ၁:၃၁

၈။ အခု ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

စိတ်ရှည်​ဖို့ လိုတယ်​ဆိုတာ သင်ပေးတဲ့ ကျမ်းစာမူ​များစွာ ရှိကြောင်း အထက်ပါ ဥပမာ​တွေ​က ဖော်ပြ​တယ်။ ယေဟောဝါ​ကို စောင့်ဆိုင်း​သင့်တဲ့ ကဏ္ဍ​နှစ်ခု​အကြောင်း ဆွေးနွေး​ကြည့်​ကြ​စို့။

ဘယ်​အချိန်​မှာ ယေဟောဝါ​ကို စောင့်ဆိုင်း​ဖို့ လိုသလဲ

၉။ ယေဟောဝါ​ကို စောင့်ဆိုင်း​ဖို့ လို​တဲ့ ကဏ္ဍ​တစ်ခု​က ဘာလဲ။

ဆုတောင်းချက်​တွေ အဖြေ​ ရဖို့ အချိန် လို​နိုင်တယ်။ စမ်းသပ်မှု​တစ်ခု​ကို ရင်ဆိုင်​နိုင်​ဖို့ ခွန်အား တောင်း​တဲ့​အခါ၊ အားနည်းချက်​တစ်ခု​ကို ကျော်လွှား​နိုင်​ဖို့ အကူအညီ တောင်း​တဲ့​အခါ အဖြေ​ ရဖို့ ထင်တာ​ထက် ပို​ကြာ​တယ်လို့ ခံစား​ရနိုင်တယ်။ ဆုတောင်းချက်​တွေ​ကို ယေဟောဝါ ဘာကြောင့် ချက်ချင်း အဖြေ မပေး​တာလဲ။

၁၀။ ဆုတောင်း​တဲ့​အခါ ဘာကြောင့် စိတ်ရှည်​ဖို့ လိုသလဲ။

၁၀ ဆုတောင်းချက်​တွေ​ကို ယေဟောဝါ ဂရုတစိုက် နားထောင်တယ်။ (ဆာ. ၆၅:၂) စိတ်ရင်းမှန်​နဲ့ တောင်း​တဲ့ ဆုတောင်းချက်​ကို ယုံကြည်ခြင်း ရှိတယ်ဆိုတဲ့ အထောက်အထား​အဖြစ် ဘုရား ရှုမြင်တယ်။ (ဟီ. ၁၁:၆) ဆုတောင်းချက်​နဲ့​အညီ နေထိုင်ဖို့၊ အလိုတော် ဆောင်​ဖို့ ဘယ်လောက် စိတ်ပိုင်း​ဖြတ်​ထား​ကြောင်း​လည်း ယေဟောဝါ သိချင်​တယ်။ (၁ ယော. ၃:၂၂) ဒါ​ကြောင့် အကျင့်ဆိုး​တစ်ခု၊ အားနည်းချက်​တစ်ခု​ကို ကျော်လွှား​ဖို့ ကြိုးစား​တဲ့​အခါတိုင်း စိတ်ရှည်​ဖို့၊ ဆုတောင်းချက်​နဲ့​အညီ လုပ်ဆောင်ဖို့ လိုတယ်။ ဆုတောင်းချက်​တချို့ ချက်ချင်း အဖြေ ရမှာ မဟုတ်​ကြောင်း ယေရှု ပြော​တယ်။ “တောင်း​မြဲ​ တောင်း​ပါ၊ ရလိမ့်မယ်။ ရှာ​မြဲ​ ရှာပါ၊ တွေ့​လိမ့်မယ်။ ခေါက်မြဲ ခေါက်​ပါ၊ တံခါး​ပွင့်​လာလိမ့်မယ်။ တောင်း​တဲ့​သူ​တိုင်း ရလိမ့်မယ်။ ရှာ​တဲ့​သူ​တိုင်း တွေ့​လိမ့်မယ်။ ခေါက်​တဲ့​သူ​တိုင်း​အတွက် တံခါး​ပွင့်​လာလိမ့်မယ်” လို့ အားပေးတယ်။ (မ. ၇:၇၊ ၈) အဲဒီ​အကြံဉာဏ်​ကို လိုက်လျှောက်ပြီး “ဇွဲ​မလျှော့​တမ်း ဆုတောင်း” မယ်​ဆိုရင် ဆုတောင်းချက်​တွေ​ကို ကောင်းကင်​ဖခင် အဖြေပေး​မယ်​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။—ကော. ၄:၂

ယေဟောဝါ​ကို စောင့်ဆိုင်း​ရင်း ယုံကြည်​စွာ ဆက်​ဆုတောင်း (စာပိုဒ် ၁၁ ကို ကြည့်ပါ) *

၁၁။ ဆုတောင်းချက်​တစ်ခု အဖြေ ရဖို့ ကြန့်ကြာ​နေတဲ့​အခါ ဟီဘရူး ၄:၁၆ က ဘယ်လို ကူညီ​ပေး​သလဲ။

၁၁ ဆုတောင်းချက်​တစ်ခု အဖြေ​ ရဖို့ ကြန့်ကြာ​နေပေမဲ့ “လိုအပ်ချိန်” အတိအကျ​မှာ ဖြေပေး​မယ်လို့ ယေဟောဝါ ကတိပေး​ထား​တယ်။ (ဟီဘရူး ၄:၁၆ ကို ဖတ်ပါ။) ဒါကြောင့် ကိုယ်​ထင်သလို ချက်ချင်း ဖြစ်​မလာ​တဲ့​အခါ ယေဟောဝါ​ကို ဘယ်တော့မှ အပြစ်​မတင်​သင့်ဘူး။ ဥပမာ၊ လူများစွာဟာ ဒီ​အစီအစဉ်​စနစ် အဆုံးတိုင်​မယ့် အချိန်ကို နှစ်ပေါင်း​များစွာ စောင့်​ခဲ့​ကြတယ်။ အဲဒီ​အချိန်​အတွက် ဆုတောင်း​ဖို့​တောင် ယေရှု သင်ပေးတယ်။ (မ. ၆:၁၀) ဒါပေမဲ့ လူတွေ မျှော်လင့်​ထားချိန်​မှာ အဆုံး ရောက်​မလာ​လို့ ယုံကြည်ခြင်း အားနည်း​သွား​ရင် သိပ်​မိုက်မဲ​ရာ ရောက်ပါ​လိမ့်မယ်။ (ဟဗ. ၂:၃။ မ. ၂၄:၄၄) ယေဟောဝါ​ကို ဆက်​စောင့်ဆိုင်း​ပြီး ယုံကြည်ခြင်းနဲ့ ဆက်​ဆုတောင်း​တာ ပညာရှိ​တယ်။ အဆုံး​ရောက်​မယ့် ‘နေ့​နဲ့ အချိန်’ ကို ယေဟောဝါ သတ်မှတ်​ပြီးပြီ ဖြစ်လို့ အချိန် အတိအကျ​မှာ ရောက်လာ​ပါ​လိမ့်မယ်။ အဲဒီ​အချိန်​ဟာ ကျွန်တော်​တို့အားလုံး​အတွက် အကောင်းဆုံး အချိန် ဖြစ်​မှာ သေချာ​ပါ​တယ်။—မ. ၂၄:၃၆။ ၂ ပေ. ၃:၁၅

စိတ်ရှည်မှု​နဲ့​ပတ်သက်ပြီး ယောသပ်​ဆီကနေ ဘာ​သင်ယူ​ရသလဲ (စာပိုဒ် ၁၂-၁၄ ကို ကြည့်ပါ)

၁၂။ ဘယ်​အချိန်​မှာ အထူးသဖြင့် စိတ်ရှည်​ဖို့ ခက်​နိုင်​သလဲ။

၁၂ တရား​မျှတမှု ရဖို့ စောင့်ဆိုင်း​ချိန်မှာ စိတ်ရှည်​ဖို့ လို​နိုင်တယ်။ ဒီ​လောကမှာ လူတွေဟာ လူမျိုး၊ ယဉ်ကျေးမှု၊ နိုင်ငံ၊ လိင် မတူ​သူတွေကို မမျှမတ ဆက်ဆံ​လေ့ ရှိတယ်။ တချို့က ရုပ်ပိုင်း၊ စိတ်ပိုင်း မကျန်းမာ​မှု​တွေ​ကြောင့် မမျှမတ ဆက်ဆံ​ခံ​နေ​ရတယ်။ ယေဟောဝါ​ရဲ့ လူမျိုးများ​စွာ​က​တော့ ကျမ်းစာ​အခြေပြု ယုံကြည်ချက်တွေ​ကြောင့် မတရား ဆက်ဆံ​ခံ​နေ​ရတယ်။ ကျွန်တော်​တို့ အဲဒီလို ခံ​နေ​ရတယ်​ဆိုရင် “အဆုံး​ထိ ခံနိုင်ရည်​ ရှိသူဟာ ကယ်တင်​ခံရ​လိမ့်မယ်” ဆို​တဲ့ ယေရှုရဲ့ စကား​တွေ​ကို အမှတ်​ရသင့်တယ်။ (မ. ၂၄:၁၃) ဒါပေမဲ့ အသင်းတော်မှာ တစ်ယောက်ယောက် ကြီး​လေး​တဲ့​အပြစ် ကျူးလွန်​ထား​တာ ကိုယ် သိ​နေတယ်​ဆိုရင်ကော။ အကြီးအကဲ​တွေ​ကို အသိပေး​ပြီး​နောက် ယေဟောဝါ​နည်းလမ်း​အတိုင်း လုပ်ဆောင်မယ့်​အချိန်ကို စိတ်ရှည်​စွာ စောင့်​ရင်း ဒီ​ကိစ္စ​ကို သူတို့​လက်ထဲ အပ်​ထား​မလား။ အကြီးအကဲ​တွေ ဘာဆက်​လုပ်ကြ​မလဲ။

၁၃။ တစ်ယောက်ယောက် ကြီး​လေး​တဲ့​အပြစ် ကျူးလွန်​ထား​ရင် အကြီးအကဲ​တွေ​ကို ယေဟောဝါ ဘယ်လို ကိုင်တွယ်​စေ​ချင်​သလဲ။

၁၃ အသင်းတော်မှာ တစ်ယောက်ယောက် ကြီး​လေး​တဲ့​အပြစ် ကျူးလွန်​ထား​မှန်း အကြီးအကဲ​တွေ သိလာရင် ကိစ္စရပ်​ကို ယေဟောဝါ ရှုမြင်သလို ရှုမြင်​နိုင်အောင် “အထက်​က​ လာတဲ့ ဉာဏ်ပညာ” တောင်းခံ​ကြတယ်။ (ယာ. ၃:၁၇) ဖြစ်​နိုင်​ရင် အပြစ်​ပြုသူ​ကို “မှားယွင်းတဲ့​ လမ်းစဉ်​ကနေ ပြန်​လှည့်လာ​စေ” ဖို့​ပဲ။ (ယာ. ၅:၁၉၊ ၂၀) အသင်းတော်ကို အတတ်နိုင်ဆုံး ကာကွယ်​ပေး​ကြတယ်။ ထိခိုက်​သူတွေကိုလည်း အတတ်နိုင်ဆုံး နှစ်သိမ့်​ပေး​ကြတယ်။ (၂ ကော. ၁:၃၊ ၄) ကြီး​လေး​တဲ့​အပြစ် ကျူးလွန်​ထား​သူကို ကိုင်တွယ်​တဲ့​အခါ အချက်အလက်​အားလုံး သိအောင် လုပ်​ရမှာ ဖြစ်လို့ အချိန် လို​နိုင်တယ်။ ပြီး​နောက် ကျမ်းစာ​အကြံဉာဏ်​ကို အသေအချာ ဆုတောင်း​သုံးသပ်​ပြီး “တော်သင့်ရုံ” ဆုံးမ​တယ်။ (ယေ. ၃၀:၁၁) အချိန်​ရွှေ့ဆိုင်း​တာ​မျိုး မ​လုပ်​ပေမဲ့ အလောတကြီး ဆုံးဖြတ်​တာ​မျိုး​လည်း မလုပ်ကြဘူး။ ကိစ္စရပ်​တွေ​ကို ယေဟောဝါ​ရဲ့ နည်းလမ်း​အတိုင်း ကိုင်တွယ်​တဲ့​အခါ အသင်းတော်​တစ်ခုလုံး အကျိုး​ရတယ်။ ဒါပေမဲ့ ထိခိုက်​သူကတော့ ခံစား​နေရ​ဆဲ ဖြစ်​နိုင်တယ်။ သင် အဲဒီလို ဖြစ်​နေတယ်​ဆိုရင် ဝေဒနာ သက်သာ​ဖို့ ဘာလုပ်​နိုင်​သလဲ။

၁၄။ ယုံကြည်သူချင်း​တစ်ယောက်​ကြောင့် စိတ်ထိခိုက်​နေရင် ဘယ်​ကျမ်းစာ​ပုံ​နမူနာ​က ကူညီ​ပေး​နိုင်​သလဲ။

၁၄ တစ်ယောက်ယောက်​ကြောင့်​ပဲ​ဖြစ်ဖြစ်၊ ယုံကြည်သူချင်း​တစ်ယောက်​ကြောင့်​ပဲ​ဖြစ်ဖြစ် အကြီးအကျယ် ထိခိုက်​နစ်နာ​ဖူး​သလား။ ယေဟောဝါ တည့်မတ်​ပေး​မယ့် အချိန်ကို ဘယ်လို စောင့်ဆိုင်း​နိုင်​ကြောင်း သိစေတဲ့ ကျမ်းစာ​ပုံ​နမူနာ​တွေ ရှိတယ်။ ဥပမာ၊ ယောသပ်ဟာ အစ်ကို​တွေ မတရား​ဆက်ဆံ​တာ ခံရ​ပေမဲ့ စိတ်​မ​နာကြည်း​ဘူး။ ယေဟောဝါ​ကို အကောင်းဆုံး ဝတ်ပြုဖို့​ပဲ အာရုံစိုက်​တယ်။ ဒါ​ကြောင့် သူ့ရဲ့ စိတ်ရှည်မှု​နဲ့ ခံနိုင်ရည်​အတွက် ယေဟောဝါ ကြွယ်ဝစွာ ဆုချ​တယ်။ (က. ၃၉:၂၁) အချိန်​ကြာ​လာတာ​နဲ့​အမျှ ခံစား​ခဲ့​ရတဲ့ ထိခိုက်မှု​တွေ​ကို ခွင့်လွှတ်​နိုင်​လာပြီး ယေဟောဝါ​ရဲ့ ကောင်းချီး​တွေ​ကို မြင်​လာတယ်။ (က. ၄၅:၅) ယောသပ်​လို​ပဲ ကျွန်တော်​တို့​လည်း ယေဟောဝါ​နဲ့ ရင်းနှီးအောင် လုပ်ပြီး ကိစ္စရပ်​တွေ​ကို ဘုရား​လက်ထဲ အပ်​ထား​မယ်​ဆိုရင် နှစ်သိမ့်မှု ရနိုင်ပါတယ်။—ဆာ. ၇:၁၇။ ၇၃:၂၈

၁၅။ မတရားမှု ကြုံ​ရတဲ့အခါ ပြန်​မတုံ့ပြန်​ဖို့ ညီအစ်မ​တစ်ယောက်ကို ဘာက ကူညီ​ပေး​သလဲ။

၁၅ မတရားမှု​အားလုံး​က ယောသပ် ကြုံ​ခဲ့​ရသလောက် ဆိုး​ချင်​မှ ဆိုး​မယ်။ ဒါပေမဲ့ တစ်နည်း​နည်းနဲ့​တော့ ထိခိုက်​ရတာပါ​ပဲ။ ယေဟောဝါ​ကို ဝတ်မပြု​သူတွေ အပါအဝင် တစ်ယောက်ယောက်​နဲ့ ပြဿနာ ဖြစ်​တဲ့​အခါ ကျမ်းစာ​မူတွေကို လိုက်နာတာ​က အကျိုး​ရှိတယ်။ (ဖိ. ၂:၃၊ ၄) တွေ့ကြုံမှု​တစ်ခု သုံးသပ်ကြည့်​ပါ။ ညီအစ်မ​တစ်ယောက်​ဟာ သူ့​အကြောင်း အလုပ်ဖော်​တစ်ယောက် မဟုတ်မမှန် ပြော​တဲ့ စကား​တွေ ပြန်ကြား​တဲ့​အခါ စိတ်ထိခိုက်​မိတယ်။ ဒါပေမဲ့ စိတ်​လိုက်​မာန်​ပါ ဖြေရှင်း​မယ့်​အစား စော်ကား​ခံရတဲ့​အခါ ပြန်​မ​စော်ကား​တဲ့ ယေရှုရဲ့ ပုံ​နမူနာကို အချိန်​ယူ တွေးတော​တယ်။ (၁ ပေ. ၂:၂၁၊ ၂၃) ဒါ​ကြောင့် ဘာမှ ပြန်​မတုံ့ပြန်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ နောက်ပိုင်း၊ အဲဒီ​အလုပ်ဖော်​မှာ ကျန်းမာ​ရေး ပြဿနာ​တွေ​ကြောင့် ဖိစီးမှုတွေ များနေ​တယ်​ဆိုတာ သိလိုက်​ရတယ်။ ဒါ​ကြောင့် မရည်ရွယ်​ဘဲ ပြော​မိ​တာ ဖြစ်​မှာ​ပါ​လို့ သဘောထား​လိုက်တယ်။ မတရားမှုကို စိတ်ရှည်ရှည် ခံရပ်​ခဲ့လို့ ညီအစ်မ ဝမ်းသာ​ရပြီး စိတ်​ငြိမ်သက်မှု ရသွားတယ်။

၁၆။ မတရားမှု ကြုံနေ​ရ​ရင် ဘယ်​ကနေ နှစ်သိမ့်မှု ရနိုင်သလဲ။ (၁ ပေတရု ၃:၁၂)

၁၆ မတရားမှု​ကြောင့်၊ တခြား အကြောင်းရင်း​တွေ​ကြောင့် စိတ်ထိခိုက်​နေရင် “စိတ်​ကြေကွဲ​နေ​သူတွေ” အနီးအပါး​မှာ ယေဟောဝါ ရှိကြောင်း သတိရပါ။ (ဆာ. ၃၄:၁၈) သင် စိတ်ရှည်​တဲ့​အတွက်၊ ထမ်း​ထား​ရတဲ့ ဝန်ကို မိမိ​ဆီ ပုံအပ်​ထား​တဲ့​အတွက် သင့်ကို ဘုရား ချစ်​မြတ်နိုး​တယ်။ (ဆာ. ၅၅:၂၂) ယေဟောဝါ​ဟာ မြေတစ်ပြင်လုံးရဲ့ တရားသူကြီး ဖြစ်တယ်။ သတိ​မထားမိတာ ဘာမှ မရှိဘူး။ (၁ ပေတရု ၃:၁၂ ကို ဖတ်ပါ။) ဒါ​ကြောင့် ကိုယ်​မဖြေရှင်း​နိုင်​တဲ့ အခက်အခဲ​တွေ ကြုံနေ​ရ​ရင် ဘုရား​ကို စိတ်ရှည်ရှည် စောင့်ဆိုင်း​မလား။

ယေဟောဝါ​ကို စောင့်ဆိုင်း​သူတွေ ရမယ့် အဆုံးမဲ့ ကောင်းချီး​များ

၁၇။ ဟေရှာယ ၃၀:၁၈ မှာ ယေဟောဝါ ဘယ်လို ကတိပေး​ထား​သလဲ။

၁၇ မကြာခင် နိုင်ငံတော်​အားဖြင့် ကျွန်တော်​တို့ကို ကောင်းကင်​ဖခင် ကြွယ်ဝ​စွာ ကောင်းချီး​ပေး​ပါ​တော့​မယ်။ “ယေဟောဝါ​က မင်းတို့ကို မျက်နှာသာ​ ပေးဖို့ စိတ်ရှည်ရှည် စောင့်​နေတယ်။ မင်းတို့ကို ကရုဏာ​ပြဖို့ ကြွ​လာမယ်။ ယေဟောဝါ​ဟာ တရား​မျှတတဲ့ ဘုရားသခင်​ပဲ။ ဘုရား​ကို မျှော်လင့်​စောင့်စား​နေ​သူတွေ ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်” လို့ ဟေရှာယ ၃၀:၁၈ မှာ ပြော​တယ်။ ဒါကြောင့် ယေဟောဝါ​ကို မျှော်လင့်​စောင့်စား​နေ​သူတွေဟာ အခု လောလောဆယ်​ရော လာမယ့် ကမ္ဘာသစ်​မှာ​ပါ ကောင်းချီး​များစွာ ခံစား​ရပါလိမ့်မယ်။

၁၈။ ဘယ်​ကောင်းချီး​တွေ စောင့်ကြို​နေသလဲ။

၁၈ ဘုရား​လူမျိုး ကမ္ဘာသစ်​ထဲ ရောက်တဲ့အခါ ဒီနေ့ ကြုံနေ​ရတဲ့ စိုးရိမ်​ပူပန်မှု​တွေ၊ အခက်အခဲ​တွေ ထပ်​ကြုံ​ရတော့မှာ မဟုတ်ဘူး။ မတရားမှုတွေ၊ နာကျင်ခြင်း​တွေ ရှိတော့မှာ မဟုတ်ဘူး။ (ဗျာ. ၂၁:၄) အစစအရာရာ အလျှံပယ် ရှိမှာ ဖြစ်လို့ လိုအပ်ရာတွေ ရဖို့ စိုးရိမ်​တ​ကြီး စောင့်နေ​စရာ မလို​တော့​ဘူး။ (ဆာ. ၇၂:၁၆။ ဟေရှာ. ၅၄:၁၃) တကယ့် ကောင်းချီး​ပါ​ပဲ။

၁၉။ ကျွန်တော်​တို့ကို ယေဟောဝါ ဘာ​အတွက် အသင့်​ပြင်ပေး​နေသလဲ။

၁၉ ဒီ​အတောအတွင်း အကျင့်ဆိုး​တွေ ဖြတ်​ဖို့၊ အရည်အသွေးကောင်း​တွေ မွေးမြူဖို့ ကျွန်တော်​တို့ကို ကူညီ​ပေးခြင်း​အားဖြင့် ကမ္ဘာသစ် အသက်တာ​အတွက် ယေဟောဝါ အသင့်​ပြင်ပေး​နေတယ်။ ဒါ​ကြောင့် စိတ်ဓာတ်​မကျပါနဲ့။ လက်မလျှော့​ပါ​နဲ့။ အကောင်းဆုံး အသက်တာ ရောက်လာ​ပါ​တော့​မယ်။ အဲဒီ​အချိန်ကို စောင့်မျှော်​ရင်း ယေဟောဝါ အလုပ်​ပြီးမြောက်​အောင် လုပ်တဲ့​အချိန်အထိ စိတ်ရှည်ရှည် ဆက်​စောင့်ဆိုင်း​ကြပါစို့။

သီချင်း ၁၁၈ ‘ယုံကြည်ခြင်း တိုးများ​စေပါ’

^ အပိုဒ်၊ 5 ‘ဒီ​စနစ်​မှာ ဒီလောက် အသက်ကြီးတဲ့​အထိ နေရ​လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး’ ဆိုပြီး ယေဟောဝါ​ရဲ့ သက်တမ်းကြာ ကျေးကျွန်​တစ်ယောက်ယောက် ပြော​တာ ကြားဖူး​သလား။ ကျွန်တော်​တို့အားလုံး ဒီ​ခက်ခဲ​တဲ့ အစီအစဉ်​စနစ် အဆုံးတိုင်​မယ့်​အချိန်ကို ပြင်းပြင်းပြပြ စောင့်နေ​ကြတယ်။ ဒါပေမဲ့ စိတ်ရှည်​ရမယ်။ စောင့်မျှော်​တတ်​တဲ့ သဘောထား ရှိဖို့ ကူညီ​ပေး​နိုင်​တဲ့ ကျမ်းစာ​မူတွေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။ ယေဟောဝါ​ကို စိတ်ရှည်​စွာ စောင့်မျှော်​ဖို့ လိုအပ်​တဲ့ ကဏ္ဍ​နှစ်ခု​အကြောင်း၊ စောင့်မျှော်​လို​စိတ် ရှိသူတွေ ခံစား​ရမယ့် ကောင်းချီး​တွေ​အကြောင်းလည်း ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 56 ပုံ​အညွှန်း– ညီအစ်မ​တစ်ယောက် ကလေး​ကတည်းက ယေဟောဝါ​ဆီ ပုံမှန် ဆုတောင်း။ ဘယ်လို ဆုတောင်း​ရမယ်ဆိုတာ မိဘတွေ သင်ပေး။ ဆယ်ကျော်သက်​အရွယ်မှာ ရှေ့ဆောင် စ​လုပ်ပြီး အမှုဆောင်​လုပ်ငန်း​ကို ကောင်းချီး​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်းလေ့ရှိ။ နှစ်တွေ​ ကြာပြီး​နောက် ခင်ပွန်း နေမကောင်း​ဖြစ်​ချိန်မှာ ခံနိုင်ရည် ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း။ အခု မုဆိုးမ​ဘဝမှာ​လည်း ဆက်​ဆုတောင်း​နေ။ အရင်ကလို​ပဲ အခုလည်း ဆုတောင်းချက်​တွေ​ကို ယေဟောဝါ ဖြေပေး​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​နေ။