မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၂

ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း ခိုင်ခံ့စေပါ

ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း ခိုင်ခံ့စေပါ

‘ယုံကြည်ခြင်း​ဆိုတာ ကိုယ်​ယုံကြည်တဲ့​အရာ​ကို မမြင်​ရပေမဲ့ အမှန်တကယ်​ ရှိတယ်လို့ စိတ်ချ​နေတာ ဖြစ်တယ်။’—ဟီ. ၁၁:၁

သီချင်း ၁၁ ဖန်ဆင်း​ရာ​များ​က ဘုရား​ကို ချီးမွမ်း

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါ​အကြောင်း သင် ဘာ​သင်ယူ​ထား​သလဲ။

ယေဟောဝါသက်သေ​အဖြစ် သင် ကြီးပြင်း​လာတယ်​ဆိုရင် ငယ်ငယ်​ကတည်းက ယေဟောဝါ​အကြောင်း သိ​ပြီး​ဖြစ်​မယ်။ ဖန်ဆင်း​ရှင် ဖြစ်​ကြောင်း၊ အရည်အသွေးကောင်း​တွေ ရှိကြောင်း၊ လူသားတွေ​အတွက် ရည်ရွယ်ချက်​တစ်ခု ရှိကြောင်း သင်ယူ​ခဲ့​ရမယ်။—က. ၁:၁။ တ. ၁၇:၂၄-၂၇

၂။ ဖန်ဆင်း​ရှင်​ကို ယုံတဲ့သူ​တွေ​နဲ့​ပတ်သက်ပြီး လူတချို့ ဘယ်လို ထင်ကြ​သလဲ။

လူများစွာက​တော့ ဖန်ဆင်း​ရှင်​ကို ယုံဖို့ မပြော​နဲ့ ဘုရား ရှိတယ်ဆိုတာ​တောင် မယုံကြဘူး။ အသက် မတော်တဆ ဖြစ်​လာတယ်၊ ရိုးရှင်းတဲ့ သက်ရှိ​တွေ​ကနေ ရှုပ်ထွေး​တဲ့ သက်ရှိ​တွေ တဖြည်းဖြည်း ဆင့်ကဲ​ဖြစ်ပေါ်​လာတယ်လို့ ယုံကြ​တယ်။ အဲဒီလို ယုံတဲ့သူ​တချို့က တကယ့်​ ပညာတတ်​ကြီး​တွေ။ ကျမ်းစာ မှားကြောင်း၊ ဖန်ဆင်း​ရှင်​ကို ယုံကြည်​သူတွေဟာ ပညာ​မတတ်​သူ၊ ရိုး​အ​သူ၊ အယုံလွယ်​သူတွေ​သာ ဖြစ်​ကြောင်း သိပ္ပံ​ပညာ​က ဖော်ထုတ်​ပေးတယ်​လို့ သူတို့ ပြော​ကြတယ်။

၃။ ယုံကြည်ခြင်း ခိုင်ခံ့​အောင် တည်ဆောက်​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

ပညာတတ်​တချို့​ရဲ့ အပြော​ကြောင့် ယေဟောဝါ​ဟာ ဖန်ဆင်း​ရှင် ဖြစ်တယ်​ဆို​တဲ့ ကျွန်တော်​တို့​ရဲ့ ယုံကြည်ခြင်း အားနည်း​သွား​မလား။ အဖြေကတော့ ယေဟောဝါ​ကို ဖန်ဆင်း​ရှင်​အဖြစ် ဘာကြောင့် ယုံကြည်တယ်​ဆို​တဲ့​အပေါ် များစွာ မူတည်​ပါ​လိမ့်မယ်။ သူများ ပြော​လို့ ယုံကြည်တာ​လား၊ ဒါမှ​မဟုတ် အထောက်အထား​တွေ​ကို ကိုယ်တိုင် အချိန်​ယူ​ဆန်းစစ်​ပြီး​မှ ယုံကြည်တာ​လား။ (၁ ကော. ၃:၁၂-၁၅) ယေဟောဝါသက်သေ ဖြစ်လာ​တာ ဘယ်လောက်​ပဲ ကြာနေ​ပါစေ ယုံကြည်ခြင်း ခိုင်ခံ့​အောင် တည်ဆောက်​နေဖို့ လိုတယ်။ ဒါမှ ကျမ်းစာ​နဲ့ ဆန့်ကျင်​တဲ့ “အတွေးအခေါ်​တွေ၊ အဓိပ္ပာယ်​မဲ့တဲ့ လှည့်ဖြားမှု​တွေ​နဲ့” လှည့်ဖြား​မခံရ​မှာ။ (ကော. ၂:၈။ ဟီ. ၁၁:၆) ဒီ​ဆောင်းပါး​မှာ (၁) ဖန်ဆင်း​ရှင်​ကို လူများစွာ ဘာကြောင့် မယုံ​ကြောင်း၊ (၂) ဖန်ဆင်း​ရှင် ယေဟောဝါ​အပေါ် ယုံကြည်ခြင်း ဘယ်လို တည်ဆောက်​နိုင်​ကြောင်း၊ (၃) ယုံကြည်ခြင်း ဆက်​ခိုင်ခံ့​နေ​အောင် ဘယ်လို လုပ်နိုင်​ကြောင်း ဆွေးနွေး​ကြ​ပါ​မယ်။

ဖန်ဆင်း​ရှင်​ကို လူများစွာ ဘာကြောင့် မယုံကြ

၄။ ဟီဘရူး ၁၁:၁ အရ စစ်မှန်တဲ့ ယုံကြည်ခြင်းဟာ ဘယ်​အပေါ် အခြေခံ​သလဲ။

ယုံကြည်တယ်လို့ ပြော​တဲ့​အခါ အထောက်အထား မရှိဘဲ မျက်စိမှိတ် ယုံတာ​လို့ လူတချို့ ထင်​ကြတယ်။ ဒါပေမဲ့ ကျမ်းစာ​အဆို​အရ အဲဒါ စစ်မှန်တဲ့ ယုံကြည်ခြင်း မဟုတ်ဘူး။ (ဟီဘရူး ၁၁:၁ ကို ဖတ်ပါ။) တစ်ခုခု​ကို ယုံကြည်​စိတ်ချ​ဖို့​ဆိုရင် ခိုင်လုံ​တဲ့ အချက်အလက်​တွေ​ကို သိဖို့ လိုတယ်။ ယေဟောဝါ၊ ယေရှု၊ ကောင်းကင်​နိုင်ငံ စ​တာတွေကို မမြင်​ရပေမဲ့ အဲဒါတွေ တကယ်​ တည်ရှိတယ်​ဆို​တဲ့ ခိုင်လုံ​တဲ့ အထောက်အထား​တွေ အများကြီး ရှိတယ်။ (ဟီ. ၁၁:၃) ဇီဝ​ဓာတု ပညာရှင် သက်သေခံ​တစ်ယောက်က “ကျွန်တော်​တို့​ရဲ့ ယုံကြည်ခြင်းဟာ သိပ္ပံ​အချက်အလက်​တွေ​ကို လျစ်လျူရှုပြီး မျက်စိမှိတ် ယုံတာ မဟုတ်ဘူး” လို့ ပြော​တယ်။

၅။ ဖန်ဆင်း​ရှင် မရှိဘဲ အသက် စတင်​လာတယ်လို့ လူများစွာ ဘာကြောင့် ယူဆ​ကြသလဲ။

‘ဖန်ဆင်း​ရှင် ရှိတယ်ဆိုတဲ့ ခိုင်လုံ​တဲ့ အထောက်အထား ရှိတယ်ဆိုရင် ဖန်ဆင်း​ရှင် မရှိဘဲ အသက် စတင်​လာတယ်လို့ လူများစွာ ဘာကြောင့် ယူဆ​နေကြ​တာလဲ’ ဆိုပြီး စဉ်းစားမိ​နိုင်တယ်။ အကြောင်းရင်း​က​တော့ အထောက်အထား​တွေ​ကို ကိုယ်တိုင် တစ်ခါ​မှ မဆန်းစစ်​လို့​ပဲ။ အခု ယေဟောဝါသက်သေ ဖြစ်​နေတဲ့ ရောဘတ်​က “ကျောင်းမှာ ဖန်ဆင်းခြင်း​အကြောင်း တစ်ခါ​မှ မသင်​ရတဲ့​အတွက် ဖန်ဆင်း​ခြင်း မှားတယ်လို့​ပဲ ထင်​လာတာ။ အသက် ၂၀ လောက်​မှာ ယေဟောဝါသက်သေ​တွေ​နဲ့ စကားပြော​ကြည့်​တော့​မှ အရာအားလုံးကို ဘုရား ဖန်ဆင်း​တယ်​ဆို​တဲ့ ယုတ္တိ​ရှိတဲ့ ကျမ်းစာ​အကြောင်းရင်း​တွေ သိလာတယ်” လို့ ပြော​တယ်။ *—“ မိဘများ​ထံ ပေးစာ” လေးထောင့်ကွက်​ကို ကြည့်​ပါ။

၆။ ဖန်ဆင်း​ရှင်​ကို တချို့ ဘာကြောင့် မယုံကြ​သလဲ။

တချို့က​လည်း မြင်ရ​တဲ့​အရာ​ကိုပဲ ယုံတယ်​လို့ ပြော​ပြီး ဖန်ဆင်း​ရှင်​ကို မယုံကြဘူး။ ဒါပေမဲ့ ကမ္ဘာ့​ဆွဲအား​လို​မျိုး မမြင်​ရတဲ့​အရာ​တွေ​ကို​တော့ အထောက်အထား ခိုင်လုံ​တဲ့​အတွက် ခြွင်းချက်​အနေ​နဲ့ လက်ခံကြတယ်။ ကျမ်းစာ​မှာ ပြော​ထား​တဲ့ ယုံကြည်ခြင်းလည်း အဲဒီလိုပဲ။ မမြင်​ရတဲ့ အရာ​တွေ​ရဲ့ ခိုင်လုံ​တဲ့ အထောက်အထား​ကို အခြေခံ​တယ်။ (ဟီ. ၁၁:၁) အထောက်အထား​တွေ​ကို ကိုယ်တိုင် ဆန်းစစ်​ဖို့ အချိန်နဲ့ ခွန်အား လိုတယ်။ ဒါပေမဲ့ လူများစွာက အချိန် မပေး​ချင်​ကြဘူး။ ခွန်အား မစိုက်​ထုတ်​ချင်​ကြဘူး။ အထောက်အထား​တွေ​ကို ကိုယ်တိုင် မဆန်းစစ်​တဲ့​အတွက် ဘုရား မရှိဘူးလို့ ကောက်ချက်​ချ​နေကြ​တယ်။

၇။ စကြဝဠာ​ကို ဘုရား ဖန်ဆင်း​တယ်​ဆိုတာ ပညာတတ်​အားလုံး ငြင်းပယ်​သလား။ ရှင်းပြပါ။

အထောက်အထား​တွေ​ကို ဆန်းစစ်​ပြီး​နောက် စကြဝဠာ​ကို ဘုရား ဖန်ဆင်း​ကြောင်း သိပ္ပံ​ပညာရှင်​တချို့ ယုံကြည်​လာကြတယ်။ * အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ရောဘတ်​လိုပဲ တချို့က တက္ကသိုလ်​မှာ ဖန်ဆင်း​ခြင်း​အကြောင်း တစ်ခါမှ မသင်​ရလို့ ဖန်ဆင်း​ရှင် မရှိဘူးလို့ ယူဆ​နေကြ​တယ်။ ဒါပေမဲ့ သိပ္ပံ​ပညာရှင်​များစွာ ယေဟောဝါ​ကို သိ​ပြီး ချစ်​လာကြတယ်။ ပညာရေး​နောက်ခံ ဘယ်လိုပဲ ရှိပါစေ အဲဒီ​သိပ္ပံ​ပညာရှင်​တွေ​လို​ပဲ ကျွန်တော်​တို့အားလုံး ဘုရား​အပေါ် ယုံကြည်ခြင်း တည်ဆောက်​နေ​ရမယ်။ ကျွန်တော်​တို့​ကိုယ်စား ဘယ်သူမှ လုပ်ပေးလို့ မရဘူး။

ဖန်ဆင်း​ရှင်​အပေါ် ယုံကြည်ခြင်း တည်ဆောက်​နိုင်​ပုံ

၈-၉။ (က) အခု ဘယ်​မေးခွန်း​ကို ဆွေးနွေး​ကြ​မလဲ။ (ခ) ဖန်ဆင်း​ခြင်း​အကြောင်း လေ့လာ​တာ​ကနေ သင် ဘယ်လို အကျိုး​ရမလဲ။

ဖန်ဆင်း​ရှင်​အပေါ် သင့်​ယုံကြည်ခြင်း ဘယ်လို တည်ဆောက်​နိုင်​သလဲ။ နည်းလေး​နည်းကို ဆွေးနွေး​ကြည့်​ကြ​စို့။

ဖန်ဆင်း​ခြင်း​အကြောင်း လေ့လာ​ပါ။ တိရစ္ဆာန်၊ သစ်ပင်၊ ကြယ်​တွေ​ကို ကြည့်​ပြီး ဖန်ဆင်း​ရှင်​အပေါ် ယုံကြည်ခြင်း တည်ဆောက်​နိုင်တယ်။ (ဆာ. ၁၉:၁။ ဟေရှာ. ၄၀:၂၆) အဲဒါတွေ​အကြောင်း လေ့လာ​လေ ယေဟောဝါ​ဟာ ဖန်ဆင်း​ရှင် ဖြစ်​ကြောင်း ပို​ယုံကြည်​စိတ်ချ​လေ ဖြစ်ပါ​လိမ့်မယ်။ အဖွဲ့အစည်း​ထုတ် စာပေ​တွေ​မှာ ဖန်ဆင်း​ခြင်း​အကြောင်း အသေးစိတ် ရှင်းပြ​ထား​တဲ့ ဆောင်းပါး​တွေ ပါလေ့​ရှိတယ်။ နားလည်​ရ ခက်​လို့ မဖတ်​ဘဲ ကျော်သွား​တာ​မျိုး မလုပ်ပါနဲ့။ နိုင်သလောက် လေ့လာ​မှတ်သားပါ။ မကြာသေး​ခင် နှစ်တွေ​တုန်း​က ခရိုင်​အစည်းအဝေး​မှာ တင်ဆက်​တဲ့ ဖန်ဆင်း​ခြင်း ဗီဒီယိုတွေ​ကိုလည်း jw.org ဝက်ဘ်ဆိုက်​မှာ ဝင်ကြည့်​နိုင်တယ်။

၁၀။ ဖန်ဆင်း​ရှင် ရှိတယ်ဆိုတာ ဖော်ပြ​တဲ့ ဥပမာတစ်ခု ပေး​ပါ။ (ရောမ ၁:၂၀)

၁၀ ဖန်ဆင်း​ခြင်း​အကြောင်း လေ့လာ​တဲ့​အခါ ဖန်ဆင်း​ရှင်​အကြောင်း ဖော်ပြ​တဲ့ အချက်​တွေ​ကို အသေအချာ အာရုံစိုက်ပါ။ (ရောမ ၁:၂၀ ကို ဖတ်ပါ။) ဥပမာ၊ နေဟာ သက်ရှိ​တွေ လိုအပ်​တဲ့ အပူ​နဲ့ အလင်းရောင်​ကို ပေး​ပေမဲ့ အန္တရာယ် ရှိတဲ့ ခရမ်း​လွန်​ရောင်ခြည်​တွေ​လည်း ထုတ်​ပေးတယ်။ အဲဒီ​ရောင်ခြည်​တွေ မထိ​အောင် ကာကွယ်​ဖို့ လိုတယ်။ တကယ်တော့ ကာကွယ် ခံရ​ပြီး​သားပါ။ ဘယ်လို​နည်းနဲ့လဲ။ ကမ္ဘာ​မှာ ရှိတဲ့ အိုဇုန်းလွှာက အန္တရာယ် ရှိတဲ့ ရောင်ခြည်​တွေ​ကို ကာ​ပေးတယ်။ နေ​က ထုတ်​တဲ့ ခရမ်း​လွန်​ရောင်ခြည် များ​လာ​လေ အိုဇုန်း​ဓာတ်ငွေ့ များ​လာ​လေ​ပဲ။ ဒီ​ဖြစ်​စဉ်​ရဲ့ နောက်ကွယ်​မှာ တစ်ယောက်ယောက် ရှိနေတယ်၊ အဲဒီ​တစ်ယောက်​ဟာ မေတ္တာနဲ့ ဉာဏ်ပညာ ပြည့်ဝ​တဲ့ ဖန်ဆင်းရှင် ဖြစ်တယ်​ဆိုတာ ဖော်ပြ​နေတယ် မဟုတ်လား။

၁၁။ ဖန်ဆင်း​ခြင်း​အပေါ် ယုံကြည်ခြင်း ခိုင်မာ​စေ​တဲ့ အချက်အလက်​တွေ​ကို ဘယ်မှာ တွေ့​နိုင်​သလဲ။ (“ ယုံကြည်ခြင်း ခိုင်မာ​အောင် ကူညီ​ပေး​တဲ့ အရာများ” လေးထောင့်ကွက်​ကို ကြည့်​ပါ။)

၁၁ အဖွဲ့အစည်း​ထုတ် စာပေ​တွေ​နဲ့ jw.org ဝက်ဘ်ဆိုက်​မှာ ဖန်ဆင်း​ခြင်း​အပေါ် ယုံကြည်ခြင်း ခိုင်မာ​စေ​တဲ့ အချက်​တွေ တွေ့​နိုင်တယ်။ “အလိုလို ဖြစ်လာ​နိုင်​ပါ့​မလား” ဆောင်းပါးတွဲ​နဲ့ ဗီဒီယိုတွေကို စ​လေ့လာ​နိုင်တယ်။ တိရစ္ဆာန်​နဲ့ တခြား ဖန်ဆင်း​ရာတွေ​အကြောင်း အံ့ဖွယ်​အချက်အလက်​တွေ​ကို လိုရင်းတိုရှင်း ဖော်ပြ​ထား​တယ်။ သဘာဝ​မှာ ရှိတာတွေကို သိပ္ပံ​ပညာရှင်​တွေ ဘယ်လို အတုခိုး​ကြ​ကြောင်း နမူနာ​တွေ​လည်း ပါ​တယ်။

၁၂။ ကျမ်းစာ လေ့လာ​တဲ့​အခါ ဘယ်​အချက်​တွေ​ကို လေ့လာ​မှတ်သား​သင့်သလဲ။

၁၂ ကျမ်းစာ​ကို လေ့လာ​ပါ။ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ဇီဝ​ဓာတု ပညာရှင်ဟာ အစပိုင်း​မှာ ဖန်ဆင်း​ရှင် ရှိတယ်ဆိုတာ လက်မခံ​ဘူး။ နောက်ပိုင်း​မှာ​တော့ ယုံကြည်​လာတယ်။ “သိပ္ပံ​ပညာ​ကို လေ့လာ​ရုံ တစ်ခု​တည်း​ကြောင့် မဟုတ်ဘဲ ကျမ်းစာ​ကို သေသေချာချာ လေ့လာ​လို့​လည်း ယုံကြည်ခြင်း ရှိလာ​တာ” လို့ ပြော​တယ်။ သင့်​မှာ တိကျ​မှန်ကန်​တဲ့ ကျမ်းစာ အသိ​ပညာ ရှိပြီး​သား ဖြစ်​မယ်။ ဒါပေမဲ့ ဖန်ဆင်း​ရှင်​အပေါ် ယုံကြည်ခြင်း ခိုင်မာ​နေ​အောင် ကျမ်းစာ ဆက်​လေ့လာ​ဖို့ လိုတယ်။ (ယောရှု ၁:၈။ ဆာ. ၁၁၉:၉၇) ဥပမာ၊ ကျမ်းစာ​မှာ သမိုင်း​ဖြစ်ရပ်​တွေ​ကို ဘယ်လောက် တိတိကျကျ ဖော်ပြ​ထား​တယ်​ဆိုတာ လေ့လာ​မှတ်သားပါ။ ပရောဖက်ပြုချက်​တွေ​ကို လေ့လာ​ပါ။ ကျမ်း​ရေးသူတွေ မတူ​ပေမဲ့ ရေး​တဲ့ အကြောင်းအရာတွေ ကိုက်ညီ​မှု ရှိတယ်ဆိုတာ​လည်း မှတ်သားပါ။ ဒီ​နည်း​အားဖြင့် မေတ္တာနဲ့ ဉာဏ်ပညာ ပြည့်ဝ​တဲ့ ဖန်ဆင်း​ရှင်​က ကျွန်တော်​တို့ကို ဖန်ဆင်း​ထား​တယ်၊ ကျမ်းစာ​ကို စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးသား​စေတယ်​ဆို​တဲ့ ကျွန်တော်​တို့​ရဲ့ ယုံကြည်မှု ခိုင်မာ​လာပါလိမ့်မယ်။ *၂ တိ. ၃:၁၄။ ၂ ပေ. ၁:၂၁

၁၃။ ကျမ်းစာ အကြံဉာဏ်​တွေ ပညာရှိ​ကြောင်း ဖော်ပြ​တဲ့ ဥပမာတစ်ခု ပေး​ပါ။

၁၃ ကျမ်းစာ​အကြံဉာဏ်​တွေ ဘယ်လောက် ပညာရှိ​ကြောင်း​လည်း လေ့လာ​ပါ။ ဥပမာ၊ ငွေ​တပ်မက်​ခြင်းဟာ အန္တရာယ် ရှိတယ်၊ “ဝေဒနာ​များစွာ” ရစေတယ်လို့ ကျမ်းစာ​မှာ ကြို​သတိပေး​ထား​တယ်။ (၁ တိ. ၆:၉၊ ၁၀။ ပညာ. ၂၈:၂၀။ မ. ၆:၂၄) အဲဒီ​သတိပေး​ချက် လက်တွေ့ကျ​သေးလား။ စာအုပ်​တစ်အုပ် (The Narcissism Epidemic) မှာ “ပစ္စည်းဥစ္စာ တပ်မက်သူ​တွေ​ဟာ သိပ်​မပျော်​ကြဘူး။ ဖိစီးမှု ပို​များ​တယ်။ ချမ်းသာ​ချင်​သူတွေဟာ စိတ်​ကျန်းမာ​ရေး​ရော ခန္ဓာကိုယ် ကျန်းမာ​ရေးပါ ထိခိုက်​လေ့​ရှိတယ်” လို့ ဆိုတယ်။ ငွေ​တပ်မက်​ခြင်း​နဲ့​ပတ်သက်​တဲ့ ကျမ်းစာ သတိပေး​ချက် သိပ်​ပညာရှိ​ပါ​တယ်။ အကျိုးပြုတဲ့ တခြား​ကျမ်းစာ​မူတွေကို​ရော စဉ်းစားမိ​သလား။ ကျမ်းစာ အကြံဉာဏ်​တွေ​ကို ပို​တန်ဖိုး​ထား​လေ မေတ္တာပြည့်​ဝ​တဲ့ ဖန်ဆင်း​ရှင်​ရဲ့ ဉာဏ်ပညာ​ကို အမြဲ အားကိုး​လေ ဖြစ်လာ​မယ်။ (ယာ. ၁:၅) ရလဒ်အနေနဲ့ ဘဝမှာ ပို​ပျော်ရွှင်​လာမယ်။—ဟေရှာ. ၄၈:၁၇၊ ၁၈

၁၄။ ကျမ်းစာ လေ့လာ​တဲ့​အခါ ယေဟောဝါ​အကြောင်း ဘာတွေ သိလာ​ရသလဲ။

၁၄ ကျမ်းစာ လေ့လာ​တဲ့​အခါ စိတ်ရင်းမှန်​ရမယ်။ ယေဟောဝါ​အကြောင်း သိဖို့ ဖြစ်​ရမယ်။ (ယော. ၁၇:၃) ကျမ်းစာ​ကနေ သိလာ​ရတဲ့ ယေဟောဝါ​ရဲ့ အရည်အသွေးတွေ​ဟာ ဖန်ဆင်း​ခြင်း​အကြောင်း လေ့လာ​တဲ့​အခါ သိလာ​ရတဲ့ အရည်အသွေးတွေ​နဲ့ အတူတူပဲ​ဆိုတာ သတိပြုမိ​ပါ​လိမ့်မယ်။ အဲဒီ​အရည်အသွေးတွေ​အကြောင်း လေ့လာ​တာ​က ယေဟောဝါ​ဟာ တကယ်​ရှိတဲ့ ပုဂ္ဂိုလ် ဖြစ်​ကြောင်း ပို​ယုံကြည်​စိတ်ချ​စေတယ်။ (ထွ. ၃၄:၆၊ ၇။ ဆာ. ၁၄၅:၈၊ ၉) ယေဟောဝါ​အကြောင်း ပို​သိ​လေ ဘုရား​ကို ပို​ယုံကြည်​လေ၊ ပို​ချစ်​လေ၊ ပို​ရင်းနှီး​လေ ဖြစ်လာ​လိမ့်မယ်။

၁၅။ ကိုယ့်​ယုံကြည်ချက်​အကြောင်း တခြား​သူတွေကို ပြောပြ​တဲ့​အခါ ဘယ်လို အကျိုး​ရမလဲ။

၁၅ ကိုယ့်​ယုံကြည်ချက်​အကြောင်း တခြား​သူတွေကို ပြောပြ​ပါ။ ဒါဆိုရင် ယုံကြည်ခြင်း ပို​ခိုင်မာ​လာမယ်။ တစ်ယောက်ယောက်​က ဘုရား ရှိသလား​ဆိုပြီး မေးခွန်းထုတ်​လာလို့ ဘယ်လို ပြန်ဖြေ​ရမလဲ​ဆိုတာ မသေ​မ​ချာ ဖြစ်နေရင် အဖွဲ့အစည်း​ထုတ် စာပေ​တွေ​မှာ ရှင်းပြ​ထား​တဲ့ ကျမ်းစာ​အဖြေကို ရှာပြီး ပြန်​ပြောပြ​ပါ။ (၁ ပေ. ၃:၁၅) တခြား ညီအစ်ကို/မ​တွေ​ဆီ​မှာလည်း အကူအညီ တောင်း​နိုင်တယ်။ ကျမ်းစာ​အဖြေကို အဲဒီ​လူ လက်ခံ​သည်​ဖြစ်စေ၊ လက်မခံသည်​ဖြစ်စေ ရှာဖွေ​လေ့လာမှု​ကနေ သင် အကျိုး​ရပါလိမ့်မယ်။ သင့်​ယုံကြည်ခြင်း ပို​ခိုင်မာ​လာမယ်။ ဖန်ဆင်း​ရှင် မရှိဘူးလို့ ပြော​တဲ့ ပညာတတ်​တွေ​ရဲ့ စွပ်စွဲချက်​အမှားတွေကို နား​ယောင်​မိ​မှာ မဟုတ်တော့ဘူး။

ယုံကြည်ခြင်း ခိုင်မာ​နေစေပါ

၁၆။ ယုံကြည်ခြင်း ခိုင်မာ​အောင် ဆက်​မတည်​ဆောက်​ရင် ဘာဖြစ်​နိုင်​သလဲ။

၁၆ ယေဟောဝါ​ကို ဝတ်ပြု​လာတာ ဘယ်လောက်​ပဲ ကြာနေ​ပါစေ ဘုရား​အပေါ် ယုံကြည်ခြင်း ခိုင်မာ​အောင် ဆက်​တည်ဆောက်​နေ​ရမယ်။ ဘာကြောင့်လဲ။ သတိ​မထားဘူးဆို​ရင် ယုံကြည်ခြင်း အားနည်း​သွား​နိုင်​လို့​ပဲ။ ယုံကြည်ခြင်း​ဆိုတာ မမြင်​ရပေမဲ့ တကယ်​ရှိတဲ့​အရာ​တွေ​ရဲ့ ခိုင်လုံ​တဲ့ အထောက်အထား​အပေါ် အခြေခံ​ကြောင်း သတိရပါ။ မမြင်​ရတဲ့​အရာ​ကို လွယ်လွယ် မေ့သွား​နိုင်တယ်။ ယုံကြည်ခြင်း ကင်းမဲ့​တာ​ကို “အလွယ်တကူ ကျော့မိ​စေ​တဲ့ အပြစ်” လို့ ပေါလု ပြော​တယ်။ (ဟီ. ၁၂:၁) အဲဒီ​ကျော့ကွင်း​ကို ဘယ်လို ရှောင်နိုင်​မလဲ။—၂ သက်. ၁:၃

၁၇။ ယုံကြည်ခြင်း တည်ဆောက်​နိုင်​ဖို့ ဘာ​အကူအညီ လိုသလဲ။

၁၇ ပထမ၊ ယေဟောဝါ​ဆီ မကြာခဏ သန့်ရှင်းသော​စွမ်းအားတော် တောင်း​ပါ။ ဘာကြောင့်လဲ။ ယုံကြည်ခြင်းဟာ စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်​လာတဲ့ အရည်အသွေး​တစ်ခု ဖြစ်လို့​ပဲ။ (ဂလ. ၅:၂၂၊ ၂၃) သန့်ရှင်းသော စွမ်းအားတော် အကူအညီ မပါဘဲ ဖန်ဆင်း​ရှင်​အပေါ် ယုံကြည်ခြင်း မတည်​ဆောက်​နိုင်ဘူး။ စွမ်းအားတော် တောင်းခံ​မယ်​ဆိုရင် ယေဟောဝါ ပေး​မယ်။ (လု. ၁၁:၁၃) “ယုံကြည်ခြင်း တိုးများ​အောင် လုပ်ပေး​ပါ” လို့ ကျွန်တော်​တို့ ဆုတောင်း​နိုင်တယ်။—လု. ၁၇:၅

၁၈။ ဆာလံ ၁:၂၊ ၃ အရ ကျွန်တော်​တို့ ဘယ်​အခွင့်ထူး ရထား​သလဲ။

၁၈ ကိုယ်ပိုင် ကျမ်းစာ​လေ့လာမှု ပုံမှန် လုပ်ပါ။ (ဆာလံ ၁:၂၊ ၃ ကို ဖတ်ပါ။) အဲဒီ​ဆာလံ​ကျမ်း​ကို ရေးသား​တုန်း​က အစ္စရေး အနည်းငယ်​မှာပဲ ကူးရေး​ထား​တဲ့ ဘုရား​ပညတ် အပြည့်အစုံ ရှိတယ်။ ဘုရင်​နဲ့ ပုရောဟိတ်​တွေ​ပဲ အဲဒီ​ပညတ်​မိတ္တူ​တွေ ရနိုင်တယ်။ “ယောက်ျား၊ မိန်း​မ၊ ကလေး” နဲ့ အစ္စရေး​ပြည်​မှာ နေထိုင်တဲ့ တိုင်းတစ်ပါးသား​တွေ​ဟာ ခု​နစ်​နှစ်​တစ်ခါ ပညတ်​ကျမ်း ဖတ်ပြ​တာ​ကို နားထောင်​ရတယ်။ (တရား. ၃၁:၁၀-၁၂) ယေရှု​ခေတ်​မှာ တရား​ဇရပ်​တွေ​နဲ့ လူ​အနည်းငယ်​မှာပဲ ကျမ်းလိပ်​တွေ ရှိတယ်။ ဒီနေ့ လူ​အများစုမှာ​တော့ ကိုယ်ပိုင်​ကျမ်းစာ​တွေ ရှိတယ်။ တကယ့်​ အခွင့်ထူးပါပဲ။ အဲဒီ​အခွင့်ထူး​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၁၉။ ယုံကြည်ခြင်း ဆက်​ခိုင်မာ​နေဖို့ ဘာလုပ်ရမလဲ။

၁၉ ကျမ်းစာ ပုံမှန် ဖတ်ရှုခြင်း​အားဖြင့် ကျမ်းစာ ရထားတဲ့ အခွင့်ထူး​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း ပြ​နိုင်တယ်။ ကြုံကြိုက်​မှ၊ အချိန်​ရှိ​မှ ကိုယ်ပိုင်​လေ့လာမှု လုပ်တာမျိုး မဖြစ်ရ​ဘူး။ ပုံမှန်​ဇယား​အတိုင်း လေ့လာ​မှ ယုံကြည်ခြင်း ဆက်​ခိုင်မာ​နိုင်​မယ်။

၂၀။ ဘာလုပ်ဖို့ စိတ်ပိုင်း​ဖြတ်​သင့်သလဲ။

၂၀ လောက “ဉာဏ်ကြီးရှင်​တွေ၊ ပညာတတ်​တွေ” လို မဟုတ်ဘဲ ကျွန်တော်​တို့​မှာ ကျမ်းစာ အခြေပြု ခိုင်မာ​တဲ့ ယုံကြည်ခြင်း ရှိတယ်။ (မ. ၁၁:၂၅၊ ၂၆) ကျမ်းစာ လေ့လာ​တဲ့​အတွက် ကမ္ဘာ့​အခြေအနေ​တွေ ဘာကြောင့် ပို​ဆိုး​လာသလဲ၊ ယေဟောဝါ ဘာလုပ်​ပေး​တော့​မလဲ​ ဆိုတာ​တွေ သိလာတယ်။ ဒါ​ကြောင့် ယုံကြည်ခြင်း ခိုင်မာ​အောင် လုပ်ဖို့၊ ဖန်ဆင်း​ရှင်​ကို ယုံကြည်​လာအောင် လူများ​နိုင်​သမျှ များများ​ကို ကူညီ​ပေးဖို့ စိတ်ပိုင်း​ဖြတ်​ထား​ကြပါစို့။ (၁ တိ. ၂:၃၊ ၄) ‘ယေဟောဝါ​ဘုရား၊ ကိုယ်တော်​က အရာခပ်သိမ်း​ကို ဖန်ဆင်း​ခဲ့တယ်။ ဒါ​ကြောင့် ဂုဏ်တင်မှု​ကို ကိုယ်တော် ရထိုက်​ပါ​တယ်’ ဆို​တဲ့ ဗျာဒိတ် ၄:၁၁ ပါ စကား​တွေ​ကို မြေကြီးသား​အားလုံး ပြော​မယ့်​အချိန်ကို ဆက်​စောင့်မျှော်​ကြပါစို့။

သီချင်း ၂ နာမတော် ယေဟောဝါ

^ အပိုဒ်၊ 5 ယေဟောဝါ​ဘုရား​ဟာ ဖန်ဆင်းရှင် ဖြစ်တယ်လို့ ကျမ်းစာ သွန်သင်​တယ်။ ဒါပေမဲ့ လူများစွာ မယုံကြည်​ကြဘူး။ အသက် သူ့အလိုလို ဖြစ်လာ​တယ်လို့​ပဲ ယုံကြည်​နေကြ​တယ်။ ဘုရား​နဲ့ ကျမ်းစာ​ပေါ် ယုံကြည်ခြင်း ခိုင်ခံ့​အောင် မ​လုပ်ထား​ဘူးဆို​ရင် သူတို့ရဲ့ အပြော​တွေ​ကြောင့် ကျွန်တော်​တို့​ရဲ့ ယုံကြည်​စိတ်ချမှု အားနည်း​သွားနိုင်တယ်။ ယုံကြည်ခြင်း ခိုင်ခံ့​အောင် ဘယ်လို လုပ်နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။

^ အပိုဒ်၊ 5 ဘုရား ဖန်ဆင်း​လို့ ကျွန်တော်​တို့ တည်ရှိ​လာတယ်​ဆို​တဲ့​အကြောင်း ကျောင်း​တွေ​မှာ မသင်​ပေး​ကြဘူး။ အဲဒီလို သင်ပေး​ရင် ကျောင်းသား​တွေ​ရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို နှောင့်ယှက်​ရာ​ရောက်တယ်လို့ ဆရာ​တချို့ ပြော​ကြတယ်။

^ အပိုဒ်၊ 7 ဖန်ဆင်း​ခြင်း​ကို ယုံတဲ့ ပညာတတ်​တချို့​ရဲ့ မှတ်ချက်တွေကို ယေဟောဝါသက်သေ​တွေ​အတွက် ကျမ်းစာ​လေ့လာမှု​လမ်းညွှန် စာအုပ် “သိပ္ပံနဲ့ နည်း​ပညာ၊” “‘တွေ့ဆုံ​မေးမြန်းခန်း’ (နိုးလော့! ဆောင်းပါးတွဲ​များ)” ခေါင်းစဉ်​ငယ်​အောက်မှာ ကြည့်​ပါ။

^ အပိုဒ်၊ 12 ၂၀၀၈၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် ယေဟောဝါ ကြို၍​ မိန့်တော်မူရာ ပြည့်စုံ​လာ” ဆောင်းပါး​ကို ကြည့်​ပါ။