မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၄

ယေဟောဝါဘုရားရဲ့ ကောင်းမြတ်ခြင်းကို ဘယ်လို “မြည်းစမ်း” မလဲ

ယေဟောဝါဘုရားရဲ့ ကောင်းမြတ်ခြင်းကို ဘယ်လို “မြည်းစမ်း” မလဲ

“ယေဟောဝါ ဘယ်လောက် ကောင်းမြတ်​သလဲ​ဆိုတာ မြည်းစမ်း​ပြီး ကိုယ်တိုင် ခံစား​ကြည့်​ပါ။ ဘုရား​ကို ခိုလှုံ​သူဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်။”—ဆာ. ၃၄:၈

သီချင်း ၁၁၇ ကောင်းမြတ်​ခြင်း အရည်အသွေး

အကြို​သုံးသပ်ချက် *

၁-၂။ ဆာလံ ၃၄:၈ အရ ယေဟောဝါ​ရဲ့ ကောင်းမြတ်​ခြင်း​ကို ကိုယ်တိုင် ဘယ်လို သိနိုင်​မလဲ။

ကိုယ်​တစ်ခါ​မှ မစားဖူး​တဲ့ အစားအစာ​တစ်ခု​ကို စား​ကြည့်​ဖို့ ပြော​လာတယ် ဆိုပါစို့။ အရင်ဆုံး ပုံစံ​ကို ကြည့်​တာ၊ အနံ့ခံ​ကြည့်​တာ၊ ဘာတွေ​ ပါ​လဲ မေး​တာ၊ တခြား​သူတွေရဲ့ ထင်မြင်ချက်​ကို မေး​တာ​ကနေ အစားအစာ​အကြောင်း သိလာမယ်။ ဒါပေမဲ့ တကယ် ကြိုက်​မကြိုက်​က​တော့ ကိုယ်တိုင် မြည်းကြည့်​ပြီး​မှ သိနိုင်မယ်။

ကျမ်းစာ၊ အဖွဲ့အစည်း​ထုတ် စာပေ​တွေ ဖတ်​တာ​နဲ့ တခြား​သူတွေရဲ့ အတွေ့အကြုံ​ကနေ ယေဟောဝါ​ရဲ့ ကောင်းမြတ်​ခြင်း​အကြောင်း သိနိုင်တယ်။ ဒါပေမဲ့ ကိုယ်တိုင် “မြည်းစမ်း” ကြည့်​မှ ဘုရား​ရဲ့ ကောင်းမြတ်​ခြင်း​ကို ကောင်းကောင်း နားလည်​မယ်။ (ဆာလံ ၃၄:၈ ကို ဖတ်ပါ။) ဥပမာ၊ အချိန်ပြည့်​လုပ်ငန်း တစ်မျိုး​မျိုးမှာ ပါဝင်​ချင်​တယ်။ အဲဒီ​ပန်းတိုင် ရောက်​ဖို့ ဘဝကို ရိုးရိုးရှင်းရှင်း ထား​ရမယ်ဆိုတာ သိတယ်။ နိုင်ငံတော်​ကို ဦးစားထား​ရင် လိုအပ်​တာတွေကို ယေဟောဝါ ဖြည့်ဆည်း​ပေး​မယ်​ဆို​တဲ့ ယေရှုရဲ့ ကတိ​ကို အကြိမ်ကြိမ် ဖတ်ဖူး​ပေမဲ့ ကိုယ်တိုင် မကြုံဖူး​သေး​ဘူး။ (မ. ၆:၃၃) ဒါပေမဲ့ ယေရှုရဲ့ ကတိ​ကို ယုံကြည်ပြီး အသုံးစရိတ် လျှော့၊ အလုပ်ချိန် လျှော့​ပြီး အမှုဆောင်​လုပ်ငန်းမှာ ပို​ပါဝင်တယ်။ အဲဒီလို လုပ်တဲ့​အခါ ကျွန်တော်​တို့​ရဲ့ လိုအပ်ရာတွေကို ယေဟောဝါ တကယ် ဖြည့်ဆည်း​ပေး​ကြောင်း ကိုယ်တွေ့ သိလာတယ်။ ယေဟောဝါ​ရဲ့ ကောင်းမြတ်​ခြင်း​ကို “မြည်းစမ်း” လိုက်​ရတာပဲ။

၃။ ဆာလံ ၁၆:၁၊ ၂ အရ ယေဟောဝါ​ရဲ့ ကောင်းမြတ်​ခြင်း​ကို ဘယ်သူတွေ ခံစား​နေရ​သလဲ။

ယေဟောဝါ​ဟာ မိမိ​အကြောင်း မသိ​သူတွေ အပါအဝင် “အားလုံး​အပေါ် ကောင်းမြတ်​တယ်။” (ဆာ. ၁၄၅:၉။ မ. ၅:၄၅) အထူးသဖြင့် မိမိကို ချစ်​ပြီး စိတ်နှလုံး အကြွင်းမဲ့ အမှုဆောင်​သူတွေကို ကောင်းချီး​များစွာ ပေးတယ်။ (ဆာလံ ၁၆:၁၊ ၂ ကို ဖတ်ပါ။) ကျွန်တော်​တို့ ခံစား​နေရ​တဲ့ ယေဟောဝါ​ရဲ့ ကောင်းမြတ်​မှု​တချို့​အကြောင်း ဆွေးနွေး​ကြည့်​ရအောင်။

၄။ မိမိ​နဲ့ ရင်းနှီး​လာ​သူတွေကို ယေဟောဝါ ကောင်းမြတ်​ကြောင်း ဘယ်လို ပြသ​လဲ။

ယေဟောဝါ သင်ပေးတာ​တွေ​ကို လက်တွေ့​ကျင့်သုံး​တဲ့​အခါတိုင်း ဘဝမှာ ကောင်းကျိုး ခံစား​ရတယ်။ ဥပမာ၊ ဘုရား​အကြောင်း ပို​သိလာပြီး ပို​ချစ်​လာတဲ့အခါ ဘုရား မနှစ်သက်တာတွေကို မ​လုပ်ဖို့၊ မစဉ်းစားဖို့ ဘုရား ကူညီ​ပေးတယ်။ (ကော. ၁:၂၁) ယေဟောဝါ​ဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​လိုက်တဲ့အခါ သိစိတ် ကြည်လင်​လာပြီး ဘုရား​နဲ့ ပို​ရင်းနှီး​လာတယ်။ ဘုရား​ရဲ့ ကောင်းမြတ်​ခြင်း​ကို ပို​ခံစား​လာ​ရတယ်။—၁ ပေ. ၃:၂၁

၅။ အမှုဆောင်​လုပ်ငန်းမှာ ယေဟောဝါ​ရဲ့ ကောင်းမြတ်​ခြင်း​ကို ဘယ်လို ခံစား​ရသလဲ။

အမှုဆောင်​လုပ်ငန်းမှာ ပါဝင်​တဲ့​အခါ ယေဟောဝါ​ရဲ့ ကောင်းမြတ်​ခြင်း​ကို ဆက်ခံစား​ရတယ်။ သင်ဟာ ရှက်တတ်​သူလား။ ယေဟောဝါ​ရဲ့ လူမျိုး အများစုဟာ ရှက်တတ်​ကြတယ်။ ယေဟောဝါသက်သေ မဖြစ်ခင်​က သူစိမ်း​တစ်ယောက်​ရဲ့ အိမ်တံခါး​ကို သွား​ခေါက်​ပြီး ကျမ်းစာ​အကြောင်း လိုက်​ပြော​မယ်လို့ တစ်ခါ​မှ စဉ်းစား​ဖူး​မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ အဲဒါကို ပုံမှန် လုပ်နေပြီ။ အဲဒီအပြင် ယေဟောဝါ​ရဲ့ အကူအညီ​နဲ့ ဟောပြောခြင်း လုပ်ငန်းမှာ ပျော်ရွှင်​နေပြီ။ ယေဟောဝါ​ရဲ့ အကူအညီကို နည်း​အမျိုးမျိုးနဲ့ ခံစား​ရတယ်။ အမှုဆောင်မှာ ဆန့်ကျင်မှု ကြုံ​ရတဲ့အခါ တည်ငြိမ်မှု ရှိဖို့ ဘုရား ကူညီ​ပေးတယ်။ စိတ်ဝင်စား​တဲ့ အိမ်ရှင်ကို ဖတ်​ပြဖို့ သင့်တော်မယ့် ကျမ်းချက်​တွေ ပြန်​မှတ်မိ​စေတယ်။ လူတွေ နားမထောင်တဲ့​အခါမှာ​တောင် ဆက်​ဟောပြောဖို့ ခွန်အား​ပေးတယ်။—ယေ. ၂၀:၇-၉

၆။ အမှုဆောင်​လုပ်ငန်း​အတွက် လေ့ကျင့်ပေး​တာ​က ယေဟောဝါ​ရဲ့ ကောင်းမြတ်​ခြင်း​ကို ဘယ်လို ပေါ်လွင်​စေ​သလဲ။

အမှုဆောင်​လုပ်ငန်း​အတွက် လေ့ကျင့်ပေး​တာ​က​လည်း ယေဟောဝါ​ရဲ့ ကောင်းမြတ်​မှု​ပဲ။ (ယော. ၆:၄၅) ကြားရက် အစည်းအဝေး​မှာ ကြား​ရတဲ့ စကားစမြည် ပြောဆို​နိုင်​ပုံ နမူနာ​တွေ​ကို အမှုဆောင်မှာ သုံး​နိုင်တယ်။ အစ​မှာ​တော့ နည်းသစ်​ကို သုံးဖို့ တွန့်ဆုတ်​မိ​နိုင်တယ်။ ဒါပေမဲ့ သုံးကြည့်​တဲ့​အခါ ရပ်ကွက်မှာ အသုံးတည့်​မှန်း သိလာ​နိုင်တယ်။ အစည်းအဝေးတွေ၊ အစည်းအဝေးကြီး​တွေ​မှာလည်း ဟောပြော​နည်းသစ်​တွေ သုံး​ကြည့်​ဖို့ အားပေးခံရ​တယ်။ လုပ်နေကျ မဟုတ်လို့ စိုးရိမ်​မိ​နိုင်​ပေမဲ့ စမ်းသုံး​ကြည့်​မယ်​ဆိုရင် ယေဟောဝါ ကောင်းချီး​ပေး​ပါ​လိမ့်မယ်။ ကျွန်တော်​တို့​ရဲ့ အခြေအနေ ဘယ်လိုပဲ ရှိနေပါစေ နည်းလမ်း​သစ်တွေ​နဲ့ ယေဟောဝါ​ကို အကောင်းဆုံး ပေးဆက်​ရင် ဘယ်လို ကောင်းချီး​တွေ ခံစား​ရမလဲ​ဆိုတာ ဆွေးနွေး​ကြည့်​ရအောင်။ အမှုဆောင်​လုပ်ငန်း တိုးချဲ့​နိုင်​ပုံ​ကိုလည်း သုံးသပ်ကြ​မယ်။

ယုံကြည်​ကိုးစား​သူတွေကို ယေဟောဝါ ကောင်းချီး​ပေး

၇။ အမှုဆောင်​လုပ်ငန်း​ကို တိုးချဲ့​ဖို့ ကြိုးစား​မယ်​ဆိုရင် ဘယ်​ကောင်းချီး​တွေ ရမလဲ။

ယေဟောဝါ​နဲ့ ပို​ရင်းနှီး​လာမယ်။ အခု ကိုလံဘီယာ​မှာ ဇနီး​နဲ့​အတူ အမှုဆောင်​နေတဲ့ အကြီးအကဲ ဆန်မြူရယ် * အကြောင်း သုံးသပ်ကြည့်​ပါ။ ဒီ​မောင်နှံဟာ မူလ​အသင်းတော်မှာ ရှေ့ဆောင်​ လုပ်​နေပေမဲ့ ပို​လိုအပ်​တဲ့​နေရာမှာ သွား​အမှုဆောင်​ချင်​ကြတယ်။ အဲဒီလို လုပ်နိုင်ဖို့ ကိုယ်ကျိုး​စွန့်​မှု​တချို့ လုပ်ခဲ့​ရတယ်။ “မဿဲ ၆:၃၃ ကို လက်တွေ့​ကျင့်သုံး​တယ်။ မလိုအပ်တာတွေ မဝယ်​တော့​ဘူး။ ဒါပေမဲ့ အခက်ဆုံး​က​တော့ အိမ်ကို ထားခဲ့​ရမှာပဲ။ ဒီ​အိမ်လေး​က ကိုယ့်​စိတ်ကြိုက် ပြင်​ထား​တာ။ အကြွေး​လည်း ကျေ​ပြီ” လို့ ဆန်မြူရယ် ပြော​တယ်။ အခု​ ရောက်နေတဲ့ ကိုလံဘီယာ​မှာ အရင်က​လောက် အကုန်အကျ မများ​ဘူး။ “ယေဟောဝါ​က ကျွန်တော်​တို့​ရဲ့ ဆုတောင်းချက်​ကို အဖြေပေး​ပြီး လမ်းညွှန်​ပေးတယ်။ ကျွန်တော်​တို့ကို ချစ်​မှန်း၊ နှစ်သက်​မှန်း တစ်ခါ​မှ မခံစား​ဖူး​တဲ့​ နည်းနဲ့ ခံစား​ရတယ်” လို့ ပြော​တယ်။ သင်​ကော အမှုဆောင်​လုပ်ငန်း​ကို တစ်နည်းနည်းနဲ့ တိုးချဲ့​နိုင်​မလား။ အဲဒီလို လုပ်မယ်ဆိုရင် ယေဟောဝါ​နဲ့ ပို​ရင်းနှီး​လာမယ်။ ယေဟောဝါ​ရဲ့ ထောက်မမှု ခံစား​ရမယ်။—ဆာ. ၁၈:၂၅

၈။ အိုင်​ဗန်​နဲ့ ဗစ်တိုးရီးယား​ရဲ့ စကား​ကနေ ဘာ​သိရသလဲ။

အမှုတော်မှာ ပျော်ရွှင်​မယ်။ ကာဂျစ္စတန်​မှာ ရှေ့ဆောင်​အဖြစ် အမှုဆောင်​နေတဲ့ အိုင်​ဗန်​နဲ့ ဗစ်​တိုး​ရီး​ယား ပြော​တာ​ကို နားထောင်​ကြည့်​ပါ။ ဘဝကို ရိုးရိုးရှင်းရှင်း ထား​လို့ ဆောက်လုပ်ရေး လုပ်ငန်း အပါအဝင် ဘယ်​တာဝန်​မှာ​မဆို စေတနာ့​ဝန်ထမ်း လုပ်နိုင်​ကြတယ်။ “တာဝန်​တိုင်း​ကို ကြိုးစား​လုပ်ဆောင်တယ်။ တစ်နေ့တာ အကုန်​ဆို ပင်ပန်း​နေပေမဲ့ ကိုယ့်​ခွန်အား​ကို နိုင်ငံတော်​လုပ်ငန်း​အတွက် သုံး​လိုက်ရတယ်​ဆို​တဲ့ အသိ​ကြောင့် စိတ်​ငြိမ်သက်​တယ်။ ကျေနပ်​တယ်။ မိတ်ဆွေသစ်​တွေ ရလာ​လို့၊ အတွေ့အကြုံ​ကောင်း​တွေ ရလာ​လို့​လည်း သိပ်​ပျော်​တယ်” လို့ အိုင်​ဗန် ပြော​တယ်။—မာ. ၁၀:၂၉၊ ၃၀

၉။ အခက်အခဲ​တွေ​ကြား အမှုဆောင်​လုပ်ငန်း တိုးချဲ့​ဖို့ ညီအစ်မ​တစ်​ယောက် ဘာလုပ်ခဲ့​သလဲ။ ဘာ​ရလဒ် ရသလဲ။

အခက်အခဲ​တွေ ရှိနေရင်တောင် ယေဟောဝါ​ရဲ့ အမှုတော်မှာ ရွှင်လန်း​နိုင်​ပါ​တယ်။ ဥပမာ၊ အနောက်​ အာဖရိက​မှာ နေတဲ့ သက်ကြီး​ မုဆိုးမ မိုင်​ရာ​ဟာ ဆေးရုံ​အလုပ်​ကနေ ပင်စင်​ယူပြီး ရှေ့ဆောင် စ​လုပ်တယ်။ လေး​ဘက်​နာ ရောဂါ ရှိလို့ တစ်အိမ်​တက်​ဆင်း​မှာ တစ်​နာရီ​လောက်​ပဲ ပါဝင်​နိုင်​ပေမဲ့ အများ​ရှေ့ သက်သေခံခြင်း​မှာ​တော့ အချိန်​များများ ပါဝင်တယ်။ ပြန်လည်ပတ်မှု၊ သင်အံမှု​တွေ အများကြီး ရှိ​လာတယ်။ တချို့​ကို ဖုန်း​နဲ့ ဆက်သွယ်​တယ်။ အမှုဆောင်မှာ ပို​ပါဝင်​ဖို့ မိုင်​ရာ​ကို ဘာက လှုံ့​ဆော်​သလဲ။ “ယေဟောဝါ​နဲ့ ယေရှု​ခရစ်​ကို သိပ်​ချစ်တယ်။ ဒါ​ကြောင့် အမှုတော်မှာ အတတ်နိုင်ဆုံး ဆက်​ပါဝင်​နိုင်အောင် ကူညီ​ပေး​ပါ​လို့ ယေဟောဝါ​ဆီ မကြာခဏ ဆုတောင်း​တယ်” လို့ ပြော​တယ်။—မ. ၂၂:၃၆၊ ၃၇

၁၀။ တက်လှမ်းဖို့ ကြိုးစား​သူတွေဟာ ၁ ပေတရု ၅:၁၀ မှာ ဖော်ပြ​တဲ့​အတိုင်း ယေဟောဝါ​ဆီက ဘာ​ရမလဲ။

၁၀ ယေဟောဝါ​ဆီက ထပ်ဆင့် လေ့ကျင့်မှု​တွေ ရမယ်။ ဒီ​အချက် မှန်တယ်​ဆိုတာ မောရေးရှပ်မှာ ရှေ့ဆောင်​လုပ်နေတဲ့ ကန်​နီ သိခဲ့ရတယ်။ အမှန်တရား သိလာ​ချိန်မှာ တက္ကသိုလ်​က ထွက်​ပြီး နှစ်ခြင်း​ခံ​တယ်။ အချိန်ပြည့်​လုပ်ငန်းမှာ စ​ပါဝင်တယ်။ “‘ကျွန်တော်​ ရှိပါတယ်။ ကျွန်တော့်​ကို စေလွှတ်ပါ’ ဆို​တဲ့ ပရောဖက် ဟေရှာယ စကား​အတိုင်း နေဖို့ ကြိုးစား​တယ်” လို့ ပြော​တယ်။ (ဟေရှာ. ၆:၈) ဆောက်လုပ်ရေး လုပ်ငန်း​တွေ​မှာ ပါဝင်တယ်။ ကျမ်းစာ စာပေ​တွေ​ကို မိခင်​ဘာသာ​စကားနဲ့ ဘာသာပြန်​တဲ့ လုပ်ငန်းမှာလည်း ကူညီ​ပေးတယ်။ “တာဝန်​တွေ ပြီးမြောက်​နိုင်​ဖို့ လိုအပ်​တဲ့ အရည်အချင်းတွေ ရှိ​လာအောင် လေ့ကျင့်ပေး​ခံရ​တယ်” လို့ ကန်​နီ ပြော​တယ်။ ဒါပေမဲ့ အလုပ် ပြီး​အောင် ဘယ်လို လုပ်ရမယ် ဆိုတာ​လောက်​ပဲ လေ့ကျင့်ပေး​ခံရတာ မဟုတ်ဘူး။ “ကိုယ့်​ကန့်သတ်ချက်​တွေ​ကို သိလာတယ်။ ယေဟောဝါ​ရဲ့ ကျေးကျွန်​ကောင်း​တစ်ယောက် ဖြစ်ဖို့ လိုအပ်​နေတဲ့ အရည်အသွေးတွေကိုလည်း သိလာတယ်” လို့ ပြော​တယ်။ (၁ ပေတရု ၅:၁၀ ကို ဖတ်ပါ။) သင်​ကော ကိုယ့်​အခြေအနေ​ကို ဆန်းစစ်​ပြီး ယေဟောဝါ​ရဲ့ ထပ်ဆင့် လေ့ကျင့်မှု​တွေ ရဖို့ ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်နိုင်​မလား။

ကြေညာသူ ပို​လိုအပ်​တဲ့ ဒေသမှာ မောင်နှံ​တစ်စုံ ဟောပြောနေ။ နိုင်ငံတော်​ခန်းမ ဆောက်လုပ်ရေး​မှာ ညီအစ်မ​ငယ်​တစ်ယောက် လုပ်အား​ပေး​နေ။ ဖုန်း​သက်သေခံခြင်း​မှာ သက်ကြီး​မောင်နှံ ပါဝင်​နေ။ သူတို့​အားလုံး အမှုဆောင်​လုပ်ငန်း​က ရတဲ့ ပျော်ရွှင်မှု ခံစား​နေရ (စာပိုဒ် ၁၁ ကို ကြည့်ပါ)

၁၁။ တောင်ကိုရီးယား​က ညီအစ်မ​တွေ အမှုဆောင်မှာ ပါဝင်​နိုင်​ဖို့ ဘယ်လို ကြိုးစား​ခဲ့​ကြသလဲ။ ဘာ​ရလဒ် ရသလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

၁၁ အတွေ့အကြုံ​ရှိ သက်သေခံတွေ​တောင် အမှုဆောင်​လုပ်ငန်းမှာ နည်းသစ်​တွေ​နဲ့ ပါဝင်​တဲ့​အခါ အကျိုး​ရ​ကြတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ​မှာ တောင်ကိုရီးယား​နိုင်ငံ​က အကြီးအကဲ​တစ်ယောက် ဒီလို ပြော​တယ်– “တစ်ချိန်က ကျန်းမာ​ရေး​ကြောင့် အမှုဆောင်မှာ မပါ​နိုင်ဘူး​လို့ ထင်​ခဲ့​သူတွေ အခု​ဆို ဗီဒီယို ချိတ်ဆက်​နည်းနဲ့ ပါဝင်​နေကြပြီ။ အသက် ၈၀ ဝန်းကျင် ညီအစ်မ သုံးယောက်​ဆိုရင် နည်း​ပညာ​သစ်​တွေ သင်ယူပြီး အမှုဆောင်မှာ နေ့တိုင်း​နီးပါး ပါဝင်​နေကြ​တယ်။” (ဆာ. ၉၂:၁၄၊ ၁၅) သင်လည်း အမှုဆောင်​လုပ်ငန်း တိုးချဲ့​ပြီး ယေဟောဝါ​ရဲ့ ကောင်းမြတ်​ခြင်း​ကို မြည်းစမ်း​ကြည့်​ချင်​သလား။ အဲဒီလို လုပ်နိုင်ဖို့ အကူအညီ ဖြစ်စေ​မယ့် အဆင့်​တချို့​ကို သုံးသပ်ကြည့်​ပါ။

သင် လုပ်ဆောင်​နိုင်ရာ​များ

၁၂။ မိမိကို အားကိုး​သူတွေ​အတွက် ယေဟောဝါ ဘာ​ကတိ​ပေး​သလဲ။

၁၂ ယေဟောဝါ​ကို အားကိုး​တတ်​ဖို့ သင်ယူပါ။ ဘုရား​ကို ယုံကြည်​ကိုးစား​ပြီး အတတ်နိုင်ဆုံး လုပ်ဆောင်မယ်​ဆိုရင် ကောင်းချီး​ပေး​မယ်လို့ ကတိပေး​ထား​တယ်။ (မာလ. ၃:၁၀) အဲဒီ​ကတိ​အတိုင်း ယေဟောဝါ လုပ်ပေးတာ​ကို ကိုလံဘီယာ​က ညီအစ်မ ဖာဘီယိုလာ ကြုံ​ခဲ့​ရတယ်။ နှစ်ခြင်း​ခံပြီး​တာ​နဲ့ မှန်မှန်ရှေ့ဆောင် လုပ်ချင်​ပေမဲ့ မိသားစုကို ထောက်ပံ့ဖို့ အလုပ် လုပ်​နေ​ရတယ်။ ဒါ​ကြောင့် အလုပ်​ကနေ ပင်စင်​ယူဖို့ စီစဉ်​တဲ့​အခါ ယေဟောဝါ​ဆီ ပြင်းပြင်းပြပြ ဆုတောင်း​ခဲ့တယ်။ “ပုံမှန်​ဆိုရင် ပင်စင်​ထုတ်​ခွင့် ရဖို့ အချိန် သိပ်​ကြာ​တယ်။ ဒါပေမဲ့ ကျွန်မကျ​တော့ တစ်လ​အတွင်းမှာပဲ ပင်စင် ကျ​လာတယ်။ တကယ် အံ့ဩစရာ​ပဲ” လို့ ပြော​တယ်။ နှစ်လ​အကြာမှာ ရှေ့ဆောင် စ​လုပ်တယ်။ အခု အသက် ၇၀ ဝန်းကျင် ရှိနေပြီး ရှေ့ဆောင်​လုပ်တာ နှစ် ၂၀ ကျော်​ပြီ။ အဲဒီ​အချိန်အတွင်း လူ​ရှစ်ယောက်​ကို နှစ်ခြင်း​ခံ​တဲ့​အထိ ကူညီ​ပေး​နိုင်​ခဲ့တယ်။ “တစ်ခါတလေ အားမရှိဘူးလို့ ခံစား​ရပေမဲ့ ရှေ့ဆောင် ဆက်​လုပ်နိုင်အောင် ယေဟောဝါ နေ့တိုင်း ကူညီ​ပေးတယ်” လို့ ညီအစ်မ ပြော​တယ်။

အာဗြဟံ​နဲ့ စာရာ၊ ယာကုပ်၊ ဂျော်ဒန်​မြစ်ကို ဖြတ်ကူး​ခဲ့​တဲ့ ပုရောဟိတ်​တွေ​ဟာ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း ဘယ်လို ပြသ​လဲ (စာပိုဒ် ၁၃ ကို ကြည့်ပါ)

၁၃-၁၄။ ယေဟောဝါ​ကို အားကိုး​ပြီး ကြိုးစား​တက်လှမ်းဖို့ ဘယ်​ပုံသက်သေ​တွေ​က ကူညီ​ပေး​နိုင်​သလဲ။

၁၃ ယေဟောဝါ​ကို အားကိုး​သူတွေရဲ့ ပုံသက်သေ​ကနေ သင်ယူပါ။ ယေဟောဝါ​ရဲ့ အမှုတော်မှာ ကြိုးစား​ပါဝင်​ခဲ့​သူတွေရဲ့ ပုံသက်သေ​တွေ ကျမ်းစာ​မှာ ပါ​တယ်။ အများအားဖြင့် သူတို့ဟာ ယေဟောဝါ​ဆီက အထူး​ကောင်းချီး​တွေ မရ​ခင် ဘုရား​ကို ယုံကြည်​ကိုးစား​ကြောင်း လုပ်ရပ်​နဲ့ အရင်​ ပြ​ခဲ့​ကြတယ်။ ဥပမာ၊ အာဗြဟံဟာ အိမ်ကို ထားခဲ့​ပြီး “ဘယ်​ကို​ သွား​ရ​မှန်း မသိပေမဲ့​လည်း ထွက်သွား” ပြီး​မှ ယေဟောဝါ​ရဲ့ ကောင်းချီး​ရတယ်။ (ဟီ. ၁၁:၈) ယာကုပ်​လည်း ကောင်းကင်တမန်​နဲ့ နပန်းလုံး​ပြီး​နောက်​မှ အထူး​ကောင်းချီး ရခဲ့တယ်။ (က. ၃၂:၂၄-၃၀) ရေ​စီး​သန်​တဲ့ ဂျော်ဒန်​မြစ်​ထဲ ပုရောဟိတ်​တွေ ခြေချ​ပြီး​မှ​သာ အစ္စရေး​တွေ မြစ်ကို ဖြတ်ကူး​ပြီး ကတိထားရာ​ပြည်​ထဲ ဝင်နိုင်​ခဲ့​ကြတယ်။—ယောရှု ၃:၁၄-၁၆

၁၄ ယေဟောဝါ​ကို အားကိုး​ပြီး ကြိုးစား​တက်လှမ်း​ခဲ့​ကြ​တဲ့ ဒီနေ့​ခေတ် ပုံသက်သေ​တွေ​ကနေ​လည်း အကျိုး​ရနိုင်တယ်။ ဥပမာ၊ ညီအစ်ကို ပေ​တန်​နဲ့ ဇနီး ဒိုင်ယာနာ​တို့​ဟာ ယေဟောဝါ​ရဲ့ အမှုတော်မှာ တိုးချဲ့​ပါဝင်​သူတွေ​အကြောင်း ဖတ်​ရတာ သိပ်​ကြိုက်တယ်။ “ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်​ကြ​သူများ” * ဆောင်းပါးတွဲ​တွေ​မှာ အဲဒီလို တွေ့ကြုံမှု​တွေ ပါ​တယ်။ “သူတို့ရဲ့ တွေ့ကြုံမှု​တွေ​ကို ဖတ်​ရတာဟာ အရသာရှိတဲ့ အစားအစာ​တွေ စား​ပြ​တာကို ကြည့်​နေရ​သလိုပဲ။ ကြည့်​လေ​ ကြည့်​လေ ‘ယေဟောဝါ ဘယ်လောက် ကောင်းမြတ်​သလဲ​ဆိုတာ’ ကိုယ်တိုင် ‘မြည်းစမ်း’ ကြည့်​ချင်​လေ ဖြစ်​လာတယ်” လို့ ပေ​တန် ပြော​တယ်။ နောက်ပိုင်း၊ ပေ​တန်​နဲ့ ဒိုင်ယာနာ​တို့​ဟာ ပို​လိုအပ်​တဲ့ နေရာမှာ သွား​အမှုဆောင်​ကြတယ်။ သင်​ကော အဲဒီ​ဆောင်းပါးတွဲ​တွေ​ကို ဖတ်​ပြီးပြီ​လား။ jw.org မှာ တင်ထား​တဲ့ သီးခြား​ရပ်ကွက်မှာ သက်သေခံခြင်း—ဩစတြေးလျသီးခြား​ရပ်ကွက်မှာ သက်သေခံခြင်း—အိုင်ယာလန် ဗီဒီယိုတွေကိုကော ကြည့်​ပြီးပြီ​လား။ အဲဒါတွေ​က အမှုဆောင်​လုပ်ငန်း တိုးချဲ့​နိုင်​မယ့် နည်း​တွေ သိအောင် ကူညီ​ပေး​နိုင်​ပါ​တယ်။

၁၅။ အပေါင်းအသင်းကောင်း​တွေ​က ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၅ အပေါင်းအသင်းကောင်း ရွေးပါ။ အစားအစာ​တစ်မျိုး​ကို တစ်ခါ​မှ မစားဖူး​ပေမဲ့ အဲဒီ​အစာကို ကြိုက်​တဲ့​သူတွေနဲ့ ပေါင်း​ရင် စား​ကြည့်​ချင်စိတ် ဝင်လာ​နိုင်တယ်။ အဲဒီလိုပဲ ဘဝမှာ ယေဟောဝါ​ရဲ့ အမှုတော်ကို ဦးစားထား​သူတွေနဲ့ ပေါင်း​ရင် အမှုတော်မှာ တိုးချဲ့​ပါဝင်​ချင်​လာမယ်။ အဲဒီ​အချက် မှန်ကန်ကြောင်း ကန်​နဲ့ ဘရော်နီကာ​တို့ မောင်နှံ သိခဲ့ရတယ်။ “အမှုဆောင် လုပ်ငန်း အသွင်သစ်​ တစ်မျိုး​မျိုးကို စမ်း​ကြည့်​ဖို့ သူငယ်ချင်းတွေ​နဲ့ မိသားစု​တွေ အားပေးကြတယ်။ နိုင်ငံတော်​ကို ဦးစားထား​သူတွေနဲ့ ပေါင်း​တဲ့​အခါ ကျွန်တော်​တို့​လည်း အမှုဆောင် လုပ်ငန်း အသွင်သစ်​ကို စမ်း​ကြည့်​ဖို့ ယုံကြည်​စိတ်ချမှု ရှိ​လာတယ်” လို့ ကန် ပြော​တယ်။ အခု အထူး​ရှေ့ဆောင်​တွေ​အဖြစ် ဆာဗီးယားမှာ သူတို့ အမှုဆောင်​နေကြ​တယ်။

၁၆။ လုကာ ၁၂:၁၆-၂၁ မှာ ယေရှု ပြော​တဲ့ ပုံ​ဥပမာ​အရ ကျွန်တော်​တို့ ဘာကြောင့် ကိုယ်ကျိုး​စွန့်​သင့်သလဲ။

၁၆ ယေဟောဝါ​အတွက် ကိုယ်ကျိုး​စွန့်​ပါ။ ယေဟောဝါ​ရဲ့ နှစ်သက်မှု​ ရဖို့ ကိုယ်​ကြိုက်​တဲ့​အရာ အားလုံး​ကို စွန့်လွှတ်​စရာ မလိုပါဘူး။ (ဒေ. ၅:၁၉၊ ၂၀) ဒါပေမဲ့ ကိုယ်ကျိုး​စွန့်​ရမှာ စိုးလို့ ဘုရားအမှုတော်မှာ ပို​မပါဝင်တာမျိုး ဖြစ်​မယ်​ဆိုရင် ယေရှု ပုံ​ဥပမာ​ထဲ​က သူဌေး​နဲ့ တူ​သွားမယ်။ အဲဒီ​သူဌေး​က ကိုယ်​ဇိမ်ကျကျ နေနိုင်​ဖို့​ပဲ စဉ်းစား​ပြီး ဘုရား​ကို လျစ်လျူရှု​ခဲ့တယ်။ (လုကာ ၁၂:၁၆-၂၁ ကို ဖတ်ပါ။) ပြင်သစ်​မှာ​ နေတဲ့ ညီအစ်ကို ခရစ်တိန်းက “ကျွန်တော့်​ရဲ့ အချိန်နဲ့ ခွန်အား​ကို ယေဟောဝါ​နဲ့ မိသားစု​အတွက် အကောင်းဆုံး မပေးခဲ့​ဘူး” လို့ ပြော​တယ်။ ဒါနဲ့ သူနဲ့ ဇနီး ရှေ့ဆောင်​လုပ်ဖို့ ဆုံးဖြတ်​လိုက်တယ်။ အဲဒီလို လုပ်နိုင်ဖို့ သူတို့ရဲ့ အလုပ်​ကနေ ထွက်​ပြီး သန့်ရှင်းရေး​အလုပ် လုပ်ကြတယ်။ ရှိတာနဲ့ ရောင့်ရဲတတ်​ဖို့ ကြိုးစား​တယ်။ စွန့်လွှတ်​ရကျိုးနပ်​ရဲ့​လား။ “အခု အမှုဆောင်​လုပ်ငန်းမှာ ပို​ပျော်​လာတယ်။ သင်အံမှု​တွေ၊ ပြန်လည်ပတ်မှု​တွေ ယေဟောဝါ​အကြောင်း သိလာ​တာ မြင်ရလို့ သိပ်​ပျော်​တယ်” ဆိုပြီး ခရစ်တိန်း ပြော​တယ်။

၁၇။ အမှုဆောင်​လုပ်ငန်း နည်းလမ်း​သစ်​ကို စမ်း​ကြည့်​ဖို့ ညီအစ်မ တစ်ယောက်ကို ဘာက ကူညီ​ပေး​သလဲ။

၁၇ အမှုဆောင်​လုပ်ငန်း နည်းလမ်း​သစ်​တွေ​ကို စမ်းကြည့်​ပါ။ (တ. ၁၇:၁၆၊ ၁၇။ ၂၀:၂၀၊ ၂၁) အမေရိကန်​နိုင်ငံ​မှာ​ နေတဲ့ ရှေ့ဆောင် ညီအစ်မ ရှယ်လီဟာ ကိုဗစ်-၁၉ ကပ်ရောဂါ​ကာလ​အတွင်း အမှုဆောင်​လုပ်ငန်း လုပ်ဆောင်ပုံကို ပြုပြင်​ခဲ့​ရတယ်။ အစပိုင်း​မှာ ဖုန်း​နဲ့ သက်သေခံဖို့ တွန့်ဆုတ်​မိတယ်။ ဒါပေမဲ့ တိုက်နယ်​ကြီးကြပ်မှူး လည်ပတ်ချိန်မှာ လေ့ကျင့်မှု ရပြီး​နောက်​မှာ​တော့ ဖုန်း​နဲ့ ပုံမှန် သက်သေခံ​နေပြီ။ “အစ​မှာ​တော့ ကြောက်​နေတာ။ အခုတော့ ပျော်​သွားပြီ။ တစ်အိမ်​တက်​ဆင်း သွားတာ​ထက်​တောင် လူတွေ​ဆီ ပို​ရောက်​ဖြစ်တယ်” လို့ ညီအစ်မ ပြော​တယ်။

၁၈။ အမှုဆောင်​လုပ်ငန်း တိုးချဲ့​တဲ့​အခါ အခက်အခဲတွေကို ဖြေရှင်း​ဖို့ ဘာက ကူညီ​ပေး​မလဲ။

၁၈ ပန်းတိုင်​ချ​ပြီး ပြည့်မီ​အောင် ကြိုးစား​ပါ။ အခက်အခဲ​တွေ ကြုံ​ရတဲ့အခါ အကူအညီ ရဖို့ ဆုတောင်း​ပြီး ဘာလုပ်​ရမယ်ဆိုတာ အသေအချာ အစီအစဉ်​ဆွဲ​ဖို့ လိုတယ်။ (ပညာ. ၃:၂၁) ဥရောပ​က ရိုမန်နီ စကားပြော​အုပ်စု​မှာ မှန်မှန်ရှေ့ဆောင် လုပ်နေတဲ့ ညီအစ်မ ဆို​နီ​ယာ​က “ပန်းတိုင်​တွေ​ကို ချရေး​တယ်။ မြင်သာ​တဲ့ နေရာမှာ ကပ်​ထား​တယ်။ လမ်းဆုံ​လမ်းခွ​ပုံ ဆွဲ​ပြီး စားပွဲ​ပေါ် တင်ထား​တယ်။ ဆုံးဖြတ်ချက် ချဖို့ လို​လာတဲ့အခါ အဲဒီ​ပုံ​ကို ကြည့်​ပြီး ကိုယ့်​ဆုံးဖြတ်ချက်​က ဘယ်​ကို ဦးတည်​နေသလဲ​ဆိုတာ စဉ်းစား​တယ်” လို့ ပြော​တယ်။ အခက်အခဲ​တွေ ကြုံ​ရတဲ့အခါ​မှာလည်း အပြုသဘော ဆက်​ထိန်းထား​တယ်။ “အခြေအနေ​သစ်​တွေ​ဟာ ကာဆီး​ထား​တဲ့ တံတိုင်း​လား ဒါမှ​မဟုတ် ကူညီ​ပေး​တဲ့ တံတား​လား​ဆိုတာ ကိုယ့်​သဘောထား​ပေါ်မှာ​ပဲ မူတည်တယ်” လို့ ဆို​နီ​ယာ ပြော​တယ်။

၁၉။ ကျွန်တော်​တို့ ဘယ်လို စိတ်ပိုင်း​ဖြတ်​ထား​သင့်သလဲ။

၁၉ ကျွန်တော်​တို့ကို နည်း​အမျိုးမျိုးနဲ့ ယေဟောဝါ ကောင်းချီး​ပေးတယ်။ ဘုရား​ကို အတတ်နိုင်ဆုံး ဂုဏ်တင်​ချီးမွမ်း​ခြင်း​အားဖြင့် အဲဒီ​ကောင်းချီး​တွေ​အတွက် ကျေးဇူးတင်​ကြောင်း ပြ​နိုင်တယ်။ (ဟီ. ၁၃:၁၅) အဲဒီ​ထဲမှာ နည်းလမ်း​သစ်​တွေ​နဲ့ အမှုဆောင်​လုပ်ငန်း တိုးချဲ့​တာ ပါ​နိုင်တယ်။ ဒါဆိုရင် ယေဟောဝါ​ရဲ့ ကောင်းချီး​တွေ ပို​ခံစား​ရမယ်။ နေ့တိုင်း “ယေဟောဝါ ဘယ်လောက် ကောင်းမြတ်​သလဲ​ဆိုတာ မြည်းစမ်း​ပြီး ကိုယ်တိုင် ခံစား​ကြည့်​ပါ။” အဲဒီ​လိုလုပ်မယ်ဆိုရင် “ကျွန်တော့်​ကို စေလွှတ်တဲ့​အရှင်ရဲ့ အလိုတော်ကို ဆောင်​တာ၊ သူ​ ခိုင်း​ထား​တဲ့ အလုပ်ကို ပြီးစီး​အောင် လုပ်တာဟာ ကျွန်တော့်​အတွက် စားစရာ​ပဲ” ဆိုပြီး ယေရှု​ ပြော​သလို ပြော​နိုင်​ပါ​လိမ့်မယ်။—ယော. ၄:၃၄

သီချင်း ၈၀ ‘ယေဟောဝါ ကောင်းမြတ်​ကြောင်း မြည်းစမ်း​ကြည့်​ပါ’

^ အပိုဒ်၊ 5 ကောင်းမြတ်​ခြင်း​ဟာ ယေဟောဝါ​ဆီက လာတယ်။ ယေဟောဝါ​က လူဆိုး လူကောင်း အားလုံး​ကို ကောင်းမွန်​ရာတွေ ပေးတယ်။ အထူးသဖြင့် သစ္စာရှိ ဝတ်ပြု​သူတွေ​အတွက် ကောင်း​တာ​တွေ လုပ်ပေး​ချင်တယ်။ ကျေးကျွန်​တွေ​အပေါ် ဘုရား ဘယ်လို ကောင်းမြတ်​ကြောင်း၊ အမှုဆောင်​လုပ်ငန်းမှာ တိုးချဲ့​ပါဝင်​သူတွေ ယေဟောဝါ​ရဲ့ ကောင်းမြတ်​ခြင်း​ကို ဘယ်လို ခံစားရ​ကြောင်း ဒီ​ဆောင်းပါး​မှာ သုံးသပ်ကြ​ပါ​မယ်။

^ အပိုဒ်၊ 7 အမည်​လွှဲ​များ။

^ အပိုဒ်၊ 14 ဒီ​ဆောင်းပါးတွဲ​တွေ​ကို ကင်းမျှော်စင် မှာ ပုံနှိပ်​ခဲ့​ပြီး အခု jw.org မှာ ဖတ်​နိုင်တယ်။ ကျွန်တော်​တို့​အကြောင်း > တွေ့ကြုံမှုများ > ဘုရားရေးရာ​ ပန်းတိုင်​များ တက်လှမ်းခြင်း မှာ ကြည့်​ပါ။