မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၅

သစ္စာရှိ အသက်ကြီးသူတွေကို တန်ဖိုးထားပါ

သစ္စာရှိ အသက်ကြီးသူတွေကို တန်ဖိုးထားပါ

“ဖြောင့်မတ်​တဲ့​ လမ်းစဉ်​မှာ ရှိနေမယ်​ဆိုရင် ဖြူ​တဲ့​ ဆံပင်​ဟာ အလှ​သရဖူ​ပဲ။”—ပညာ. ၁၆:၃၁

သီချင်း ၁၃၈ ဖြူ​သော​ ဆံပင်​ရဲ့ တင့်တယ်မှု

အကြို​သုံးသပ်ချက် *

၁-၂။ ​(က) ပညာအလိမ္မာ ၁၆:၃၁ အရ သစ္စာရှိ အသက်​ကြီး​သူတွေကို ဘယ်လို ရှုမြင်​သင့်သလဲ။ (ခ) ဒီဆောင်းပါး​မှာ ဘယ်​မေးခွန်းတွေကို သုံးသပ်ကြ​မလဲ။

အမေရိကန်​နိုင်ငံ၊ အာ​ကင်​ဆော​ပြည်နယ် ပန်းခြံ​တစ်ခု​ရဲ့ လမ်းပေါ်မှာ စိန်​တုံး​တွေ တွေ့​နိုင်တယ်။ ဒါပေမဲ့ မ​သွေး​ရသေးတဲ့ အ​ရိုင်း​တုံး​တွေ ဖြစ်လို့ လူတွေက စိန်​တုံး​မှန်း​တောင် မသိ​လိုက်​ဘဲ ဖြတ်ကျော်​သွား​ကြတယ်။

သစ္စာရှိ အသက်ကြီးသူ​တွေ​လည်း အဲဒီ​စိန်​တုံး​တွေ​လို အဖိုးတန် ရတနာတွေ​ပဲ။ ကျမ်းစာ​မှာ အသက်ကြီးသူတွေရဲ့ ဆံပင်​ဖြူ​ကို သရဖူ​နဲ့ ခိုင်းနှိုင်း​ထား​တယ်။ (ပညာအလိမ္မာ ၁၆:၃၁ ကို ဖတ်ပါ။ ၂၀:၂၉) ဒါပေမဲ့ ဒီ​ရတနာတွေ​ကို သတိ​မထားမိတာ​မျိုး အလွယ်တကူ ဖြစ်သွား​နိုင်တယ်။ အသက်ကြီးသူတွေရဲ့ တန်ဖိုး​ကို အသိအမှတ်ပြု​တဲ့ လူငယ်တွေဟာ ရွှေငွေ​ရတနာ​ထက် ပို​တန်ဖိုး​ရှိတာကို ရပါလိမ့်မယ်။ ဒီ​ဆောင်းပါး​မှာ မေးခွန်း သုံးခု ဆွေးနွေး​ကြ​မယ်– သစ္စာရှိ အသက်​ကြီး​သူတွေကို အဖိုးတန် ရတနာ​အဖြစ် ယေဟောဝါ ဘာကြောင့် ရှုမြင်​သလဲ။ သူတို့ဟာ ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​မှာ ဘာကြောင့် အရေးပါ​သလဲ။ သူတို့ရဲ့ ပုံသက်သေ​ကနေ အကျိုး အပြည့်အဝ ရဖို့ ဘာလုပ်​နိုင်​သလဲ။

သစ္စာရှိ အသက်​ကြီး​သူတွေကို အဖိုးတန် ရတနာ​အဖြစ် ယေဟောဝါ ဘာကြောင့် ရှုမြင်

သစ္စာရှိ အသက်​ကြီး​သူတွေဟာ ယေဟောဝါ​နဲ့ လူမျိုးတော်​အတွက် တန်ဖိုး​ရှိ (စာပိုဒ် ၃ ကို ကြည့်​ပါ)

၃။ ဆာလံ ၉၂:၁၂-၁၅ အရ သစ္စာရှိ အသက်​ကြီး​သူတွေကို ယေဟောဝါ ဘာကြောင့် တန်ဖိုး​ထား​သလဲ။

သစ္စာရှိ အသက်​ကြီး​သူတွေဟာ ယေဟောဝါ​ဘုရား​အတွက် တန်ဖိုး​ရှိတယ်။ စိတ်​နှလုံးကို ကြည့်​တဲ့ ယေဟောဝါ​က သူတို့ရဲ့ အရည်အသွေးကောင်း​တွေ​ကို မြင်ပြီး တန်ဖိုး​ထား​တယ်။ သစ္စာရှိ​ရှိ အမှုဆောင်ခဲ့တဲ့ နှစ်တွေ​အတွင်း ရခဲ့တဲ့ အသိပညာ​တွေ​ကို လူငယ်တွေ​ဆီ လက်ဆင့်ကမ်း​ပေး​တာ မြင်တဲ့အခါ ဘုရား သိပ်​ဝမ်းသာတယ်။ (ယောဘ ၁၂:၁၂။ ပညာ. ၁:၁-၄) သူတို့ရဲ့ ခံနိုင်ရည်​ကိုလည်း တန်ဖိုး​ထား​တယ်။ (မာ​လ. ၃:၁၆) ဘဝမှာ ပြဿနာ​တွေ ရင်ဆိုင်​ရပေမဲ့ ယုံကြည်ခြင်း မယိမ်းယိုင်​ကြဘူး။ အမှန်တရား စ​သိ​ချိန်​က​ထက် အနာဂတ် မျှော်လင့်ချက် ပို​ခိုင်မာ​လာတယ်။ “ဇ​ရာ​အို​အရွယ်မှာ​တောင်” နာမတော်​ကို ဆက်​ကြေညာ​နေလို့ သူတို့ကို ယေဟောဝါ ချစ်တယ်။ဆာလံ ၉၂:၁၂-၁၅ ကို ဖတ်ပါ။

၄။ သက်ကြီး ညီအစ်ကို/မ​တွေ​ကို ဘာက အားပေးမှု ဖြစ်စေ​သင့်သလဲ။

သင် အရင်က လုပ်ခဲ့တာတွေကို ယေဟောဝါ သတိရ​တယ်​ဆိုတာ စိတ်ချ​ပါ။ (ဟီ. ၆:၁၀) သင်ဟာ ဟောပြောခြင်း​လုပ်ငန်း​ကို ဇွဲရှိ​ရှိ ထောက်မ​ခဲ့တယ်။ အခက်အခဲ​တွေ၊ နာကျင်​ကြေကွဲစရာ​တွေ​ကို ခံရပ်​ခဲ့တယ်။ ဖြောင့်မတ်​တဲ့ ကျမ်းစာ​စံနှုန်း​တွေ​အတိုင်း နေထိုင်တယ်။ တာဝန်​ကြီး​တွေ ထမ်းဆောင်​ခဲ့တယ်။ တခြား​သူတွေကို လေ့ကျင့်ပေး​ခဲ့တယ်။ ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​နဲ့ အတတ်နိုင်ဆုံး အမီလိုက်​တယ်။ အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​နေသူတွေကို အားပေး​ထောက်မ​တယ်။ အဲဒီလို သစ္စာရှိ​မှု​အတွက် ယေဟောဝါ သိပ်​ချစ်​မြတ်နိုးတယ်။ “သစ္စာစောင့်သိ​သူတွေကို ဘယ်တော့မှ မစွန့်​ဘူး” လို့ ကတိပေး​ထား​တယ်။ (ဆာ. ၃၇:၂၈) “မင်းတို့ ဆံပင်​ဖြူ​လာချိန်​အထိ ငါ​ကျောပိုး​ထား​ဦး​မှာ​ပါ” လို့ အာမခံ​ထား​တယ်။ (ဟေရှာ. ၄၆:၄) ဒါ​ကြောင့် အသက်ကြီး​လာလို့ ဘုရား​အဖွဲ့အစည်း​မှာ အရေးမပါ​တော့​ဘူးဆို​ပြီး မယူဆ​လိုက်ပါ​နဲ့။ သင် သိပ်​ကို အရေးပါ​နေဆဲ​ပါ။

ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​မှာ အသက်​ကြီး​သူတွေ အရေးပါ

၅။ ဘယ်​အချက်​ကို အသက်​ကြီး​သူတွေ မှတ်ထား​သင့်သလဲ။

အသက်​ကြီး​သူတွေဟာ ဘုရား​အဖွဲ့အစည်း​မှာ နည်း​များစွာ​နဲ့ အသုံးဝင်​နေဆဲပဲ။ အရင်က​လောက် အားအင် မရှိတော့​တာ ဖြစ်​နိုင်​ပေမဲ့ နှစ်တွေ​တစ်လျှောက် ရထားတဲ့ အတွေ့အကြုံ​တွေ အများကြီး ရှိတယ်။ သူတို့ကို နည်း​အမျိုးမျိုးနဲ့ ယေဟောဝါ ဆက်​သုံး​နိုင်တယ်။ ရှေးခေတ်နဲ့ ဒီနေ့​ခေတ် ပုံ​နမူနာ​တချို့​ကို ဆွေးနွေး​ကြည့်​ကြ​စို့။

၆-၇။ သစ္စာစောင့်သိမှု​ကြောင့် ကောင်းချီး ရခဲ့တဲ့ ကျမ်းစာပါ အသက်ကြီးသူ​တချို့​အကြောင်း ပြောပြ​ပါ။

အသက်ကြီးချိန်မှာ တက်ကြွ​ထက်သန်​စွာ အမှုဆောင်ခဲ့တဲ့ သစ္စာ​ရှိသူတွေ​အကြောင်း ကျမ်းစာ​မှာ တွေ့​နိုင်တယ်။ ဥပမာ၊ မောရှေဟာ အသက် ၈၀ လောက်​မှာ ယေဟောဝါ​ရဲ့ ပရောဖက်​နဲ့ အစ္စရေး​လူမျိုး​ရဲ့ ခေါင်းဆောင်​အဖြစ် စ​အမှုဆောင်တယ်။ ဒံယေလ အသက် ၉၀ ကျော်​အထိ ပရောဖက်​အဖြစ် ယေဟောဝါ ဆက်​သုံး​နေတုန်းပဲ။ တမန်တော် ယောဟန်လည်း အသက် ၉၀ ကျော်​မှာ ဗျာဒိတ်ကျမ်း ရေးဖို့ စွမ်းအားတော် လမ်းညွှန်မှု ရခဲ့​ပုံ​ပဲ။

တခြား သစ္စာရှိ​သူများစွာ​က​တော့ ထင်ပေါ်​သူတွေ မဟုတ်​ကြဘူး။ ဒါ​ကြောင့် သူတို့ကို အလွယ်တကူ သတိ​မထားမိဘဲ ဖြစ်​နိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ သတိပြုမိ​ပြီး ဆုချ​ခဲ့တယ်။ ဥပမာ၊ “ဖြောင့်မတ်​သူ၊ ဘုရားတရား​ကြည်ညို​သူ” ရှိမောင်​အကြောင်း ကျမ်းစာ​မှာ နည်းနည်း​ပဲ ပါ​တယ်။ ဒါပေမဲ့ သူ ဘယ်သူလဲ​ဆိုတာ ယေဟောဝါ သိတယ်။ ကလေး​ငယ်​ ယေရှုကို မြင်တွေ့ခွင့်၊ ကလေး​နဲ့ မိခင်​အကြောင်း ပရောဖက်ပြု​ခွင့် ပေး​ခဲ့တယ်။ (လု. ၂:၂၂၊ ၂၅-၃၅) မုဆိုးမ​ ဖြစ်​တဲ့ ပရောဖက်မ အန္န​အကြောင်းလည်း စဉ်းစား​ကြည့်​ပါ။ အသက် ၈၄ နှစ် ရှိပြီ ဖြစ်​ပေမဲ့ “ဗိမာန်တော်ကို အမြဲ​ လာ” တဲ့​အတွက် ဆုချ​ခံရ​တယ်။ ကလေး​ငယ်​ ယေရှုကို မြင်တွေ့ခွင့် ရခဲ့တယ်။ ယေဟောဝါ​အတွက် ရှိမောင်​နဲ့ အန္န တကယ် တန်ဖိုး​ရှိတယ်။—လု. ၂:၃၆-၃၈

အခု အသက် ၈၀ ကျော်​အထိ ယေဟောဝါ​ကို သစ္စာရှိ​ရှိ ဆက်​အမှုဆောင်​နေတဲ့ ညီအစ်မ ဒီ​ဒါ (စာပိုဒ် ၈ ကို ကြည့်​ပါ)

၈-၉။ မုဆိုးမ​တွေ​ဟာ ဘုရား​အဖွဲ့အစည်း​ကို ဘယ်လို ဆက်​ထောက်မ​နေကြ​သလဲ။

ဒီနေ့​ခေတ်​မှာလည်း သစ္စာရှိ အသက်​ကြီး​သူများစွာ​ဟာ လူငယ်တွေ​အတွက် ပုံသက်သေ​ကောင်း ပြ​နေတယ်။ ညီအစ်မ လို​အစ် ဒီ​ဒါ​အကြောင်း စဉ်းစား​ကြည့်​ပါ။ ကနေဒါ​မှာ အထူး​ရှေ့ဆောင်​အဖြစ် စ​အမှုဆောင်​တုန်း​က အသက် ၂၁ နှစ်ပဲ ရှိသေးတယ်။ ပြီး​နောက် ခင်ပွန်း ဂျွန်​နဲ့​အတူ နယ်လှည့်​လုပ်ငန်းမှာ နှစ်​အတော်များများ ပါဝင်တယ်။ နောက်ပိုင်း၊ ကနေဒါ ဗေသလမှာ နှစ် ၂၀ ကျော် အမှုဆောင်တယ်။ အသက် ၅၈ နှစ် ရောက်တော့ ဂျွန်​နဲ့​အတူ ယူကရိန်း​မှာ အမှုဆောင်ဖို့ တာဝန်​ရတယ်။ ဘာဆက်​လုပ်ကြ​မလဲ။ တိုင်းတစ်ပါး​မှာ အမှုဆောင်ဖို့ အသက်ကြီး​လွန်း​ပြီ​လို့ တွေး​သလား။ မတွေး​ပါ​ဘူး။ တာဝန်ကို လက်ခံ​လိုက်ကြတယ်။ ယူကရိန်း ဌာနခွဲ​ ကော်မတီဝင်​အဖြစ် ဂျွန် ခန့်အပ်​ခံရ​တယ်။ ခု​နစ်​နှစ်​အကြာမှာ ဂျွန် ဆုံး​သွားတယ်။ လို​အစ်​က​တော့ အဲဒီမှာ​ပဲ ဆက်​နေဖို့ ဆုံးဖြတ်​တယ်။ အခု အသက် ၈၁ နှစ် ရှိနေပြီ။ ယူကရိန်း ဗေသလမှာ ဆက်​အမှုဆောင်​နေတယ်။ အဲဒီ​က ညီအစ်ကို/မ​အားလုံး သူ့ကို ချစ်​ကြတယ်။

ညီအစ်မ လို​အစ်​လို​ပဲ မုဆိုးမ​တွေ​ဟာ ခင်ပွန်း ရှိတုန်းက​လောက် ဂရုစိုက် ခံရ​ချင်​မှ ခံရ​မယ်။ ဒါပေမဲ့ တန်ဖိုး​တော့ မကျ​သွားပါ​ဘူး။ ခင်ပွန်း​ကို နှစ်ပေါင်း​များစွာ ထောက်မ​ခဲ့​ပြီး သစ္စာရှိ​ရှိ ဆက်​အမှုဆောင်​နေတဲ့ ညီအစ်မ​တွေ​ကို ယေဟောဝါ သိပ်​တန်ဖိုး​ထား​ပါ​တယ်။ (၁ တိ. ၅:၃) လူငယ်တွေ​အတွက်​လည်း တကယ့်​ အားပေးမှု​ပါ​ပဲ။

၁၀။ ညီအစ်ကို တိုနီ ဘယ်​ပုံသက်သေ​ကောင်း ပြ​ခဲ့​သလဲ။

၁၀ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာ​မှာ နေတဲ့၊ အိမ်ပြင် မ​ထွက်​နိုင်​တဲ့ သစ္စာရှိ အသက်​ကြီး​သူများစွာ​လည်း တန်ဖိုး​ရှိပါတယ်။ ဥပမာ၊ ညီအစ်ကို တိုနီ​ဟာ အဲဒီလို ဂေဟာ​တစ်ခု​မှာ နေတယ်။ ၁၉၄၂၊ ဩဂုတ်​လ၊ အသက် ၂၀ အရွယ်၊ အမေရိကန်​နိုင်ငံ၊ ပင်စီဗေးနီးယား​ပြည်နယ်​မှာ နှစ်ခြင်း​ခံ​တယ်။ မကြာခင်​မှာပဲ ကြားနေ​မှု အရေးကိစ္စ ကြုံ​ရပြီး ထောင် နှစ်နှစ်ခွဲ ကျ​တယ်။ ဇနီး ဟေး​ဒါနဲ့​အတူ သားသမီး​ နှစ်ယောက်ကို အမှန်တရား​ထဲမှာ ကျွေးမွေး​စောင့်ရှောက်​ခဲ့တယ်။ နှစ်တွေ​တစ်လျှောက် အသင်းတော် သုံးခု​မှာ ဦးစီး​ကြီးကြပ်မှူး (အခု​အခေါ် အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူး) နဲ့ တိုက်နယ်​စည်းဝေးပွဲ ကြီးကြပ်မှူး​အဖြစ် အမှုဆောင်တယ်။ ပြည်နယ် အကျဉ်းထောင်​မှာ အစည်းအဝေးတွေ၊ ကျမ်းစာ​သင်အံမှု​တွေ လုပ်ပေးတယ်။ အခု အသက် ၉၈ နှစ် ရှိပြီ​ ဖြစ်​ပေမဲ့ နား​နား​နေ​နေ နေဖို့ မစဉ်း​စား​ဘူး။ ယေဟောဝါ​အတွက် အတတ်နိုင်ဆုံး ဆက်​အမှုဆောင်​နေတယ်။ ဒေသခံ အသင်းတော်​နဲ့ အနီးကပ် ပူးပေါင်း​လုပ်ဆောင်​နေတယ်။

၁၁။ အသက်​ကြီး​သူတွေကို တန်ဖိုး​ထား​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၁၁ အသက်​ကြီး​သူတွေကို ဘယ်လို ဂုဏ်တင်​နိုင်​သလဲ။ အကြီးအကဲ​တွေ​ဟာ အသင်းတော် လုပ်ဆောင်မှုတွေမှာ သူတို့ကို အတတ်နိုင်ဆုံး ထည့်သွင်း​သင့်တယ်။ သူတို့ဆီ သွားလည်​ခြင်း၊ ဗီဒီယို​နဲ့ ချိတ်ဆက်​ပြီး စကားပြော​ဖို့ ဖိတ်ခေါ်​ခြင်း​အားဖြင့် စိတ်ဝင်စားမှု ပြ​နိုင်တယ်။ အသင်းတော်​နဲ့ ဝေး​တဲ့ နေရာမှာ နေထိုင်​သူတွေကို အထူး​ စိတ်ဝင်စားမှု ပြ​သင့်တယ်။ သတိ​မထားဘူးဆို​ရင် သူတို့ကို လျစ်လျူရှု​မိ​နိုင်တယ်။ တချို့က ကိုယ့်​အကြောင်း ပြော​ဖို့ အား​နာ​တာ​မျိုး၊ မသင့်တော်ဘူးလို့ ယူဆတာ​မျိုး ရှိ​နိုင်တယ်။ ဒါပေမဲ့ သူတို့​အကြောင်း မေး​တာ၊ ပျော်စရာ​ကောင်း​တဲ့ တွေ့ကြုံမှု​တွေ​အကြောင်း နားထောင်ပေး​တာ​ကနေ ကျွန်တော်​တို့ အကျိုးများစွာ ရပါလိမ့်မယ်။

၁၂။ အသင်းတော်မှာ ဘယ်လို ညီအစ်ကို/မ​တွေ​ကို ရှာတွေ့နိုင်​သလဲ။

၁၂ အသင်းတော်မှာ ပုံသက်သေ​ကောင်း​တဲ့ သစ္စာရှိ အသက်ကြီးသူ များစွာ ရှိတယ်။ အမေရိကန်၊ န​ယူးဂျာစီ အသင်းတော်မှာ ညီအစ်မ ဟဲ​ရီ​အ​တ် နှစ်ပေါင်း​များစွာ သစ္စာရှိ​ရှိ အမှုဆောင်ခဲ့တယ်။ နောက်ပိုင်း သမီးနဲ့​အတူ နေဖို့ ပြောင်းရွှေ့​သွားတယ်။ အသင်းတော်သစ်​က ညီအစ်ကို/မ​တွေ​ဟာ ဟဲ​ရီ​အ​တ်​နဲ့ ရင်းနှီး​ဖို့ အချိန်​ယူ ကြိုးစား​ခဲ့လို့ သိပ်​အဖိုးတန်​သူ ဖြစ်​မှန်း သိခဲ့ကြတယ်။ အမှန်တရား စ​ရတဲ့ ၁၉၂၅ လောက်​က အမှုဆောင်​လုပ်ငန်း အတွေ့အကြုံ​တွေ​အကြောင်း ဟဲ​ရီ​အ​တ် ပြောပြ​ပြီး အားပေးတယ်။ အဲဒီတုန်းက အမှုဆောင်ထွက်​ရင်း အဖမ်းခံရ​နိုင်​လို့ သွား​ပွတ်တံ အမြဲ ဆောင်​သွားရတယ်။ ၁၉၃၃ တုန်းက ထောင် နှစ်ခါ ကျ​ဖူး​တယ်။ နှစ်ကြိမ်​စ​လုံး ထောင်​မှာ တစ်ပတ် နေခဲ့​ရတယ်။ သက်သေခံ မဟုတ်တဲ့ ခင်ပွန်း​က ဟဲ​ရီ​အ​တ် ထောင်ကျ​ချိန်​တွေ​မှာ သားသမီး​ငယ် သုံးယောက်ကို ဂရုစိုက်​ပေးတယ်။ ဟဲ​ရီ​အ​တ်​လို သစ္စာရှိ အသက်​ကြီး​သူတွေဟာ တကယ် အဖိုးထိုက်​ပါ​တယ်။

၁၃။ ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​မှာ အသက်​ကြီး​သူတွေနဲ့​ပတ်သက်ပြီး ဘာ​သိရသလဲ။

၁၃ ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​မှာ သက်ကြီး ညီအစ်ကို/မ​တွေ​ဟာ အရေးပါတဲ့ နေရာ ရထား​ကြတယ်။ မိမိတို့​ကိုယ်တိုင်​နဲ့ အဖွဲ့အစည်း​ကို ယေဟောဝါ နည်းလမ်း​များစွာ​နဲ့ ဘယ်လို ကောင်းချီး​ပေး​ကြောင်း မြင်တွေ့ခဲ့​သူတွေ၊ ကိုယ့်​အမှားတွေ​ကနေ သင်ခန်းစာ ယူ​ခဲ့​သူတွေ ဖြစ်တယ်။ သူတို့ကို “ဉာဏ်ပညာ စမ်းရေ​တွင်း” အဖြစ် ရှုမြင်ပါ။ သူတို့ရဲ့ အတွေ့အကြုံ​တွေ​ကနေ သင်ယူပါ။ (ပညာ. ၁၈:၄) အချိန်​ယူပြီး သူတို့နဲ့ သိကျွမ်း​အောင် လုပ်ရင် ယုံကြည်ခြင်း ခိုင်မာ​လာမယ်။ များစွာ သင်ယူ​သိရှိ​လာမယ်။

အသက်ကြီးသူတွေရဲ့ ပုံသက်သေ​ကနေ အကျိုး အပြည့်အဝ ရယူပါ

ဧလိယ​ဆီကနေ ဧလိရှဲ အကျိုး​ရ​သလို ယေဟောဝါ​ကို နှစ်ပေါင်း​များစွာ အမှုဆောင်​လာ​သူတွေရဲ့ အတွေ့အကြုံ​ကနေ ညီအစ်ကို/မ​တွေ အကျိုး​ရနိုင် (စာပိုဒ် ၁၄-၁၅ ကို ကြည့်​ပါ)

၁၄။ တရားဟောရာ ၃၂:၇ မှာ လူငယ်တွေကို ဘာလုပ်ဖို့ အားပေးထား​သလဲ။

၁၄ ကိုယ့်​ဘက်က အစ​ပြုပြီး အသက်​ကြီး​သူတွေနဲ့ စကား​ပြောပါ။ (တရားဟောရာ ၃၂:၇ ကို ဖတ်ပါ။) အသက်​ကြီး​သူတွေဟာ မျက်စိမှုန်​တာ၊ သွက်သွက်​လက်​လက် မသွား​လာနိုင်​တာ၊ စကား ကောင်းကောင်း မပြော​နိုင်​တော့​တာ ဖြစ်​ကောင်း ဖြစ်​မယ်။ ဒါပေမဲ့ စိတ်​က​တော့ နုပျို​နေတုန်းပဲ။ ယေဟောဝါ​ရှေ့ “နာမည်​ကောင်း” ရထား​ကြတယ်။ (ဒေ. ၇:၁) သူတို့ကို ယေဟောဝါ ဘာကြောင့် တန်ဖိုး​ထား​ကြောင်း သတိရပါ။ ဆက်​ပြီး ဂုဏ်တင်​ပါ။ ဧလိရှဲ​လို ဖြစ်ပါ။ အတူ​ရှိ​ခွင့်​ ရတဲ့ နောက်ဆုံး​နေ့​အထိ ဧလိယ​အနားမှာ နေမယ်လို့ သူ အတင်း​ တောင်းဆို​ခဲ့တယ်။ “သခင့်​ကို ခွဲ​မသွား​နိုင်​ပါ​ဘူး” ဆိုပြီး သုံးကြိမ်​တောင် ပြော​ခဲ့တယ်။—၂ ဘု. ၂:၂၊ ၄၊ ၆

၁၅။ အသက်​ကြီး​သူတွေကို ဘယ်​မေးခွန်းတွေ မေး​နိုင်​သလဲ။

၁၅ အသက်​ကြီး​သူတွေ​အကြောင်း လေးလေးစားစား မေးခြင်း​အားဖြင့် စိတ်ရင်းမှန်​နဲ့ စိတ်ဝင်စား​ကြောင်း ပြ​ပါ။ (ပညာ. ၁:၅။ ၂၀:၅။ ၁ တိ. ၅:၁၊ ၂) “လူငယ်​ဘဝ​တုန်း​က ဒါ အမှန်တရား​ပဲ​လို့ ယုံကြည်​စိတ်ချ​သွားတာ ဘာကြောင့်လဲ၊” “ဘယ်လို အတွေ့အကြုံ​တွေ​ကြောင့် ယေဟောဝါ​နဲ့ ပို​ရင်းနှီး​လာသလဲ၊” “ယေဟောဝါ​ရဲ့ အမှုတော်မှာ ဆက်​ပျော်​နေဖို့ ဘာက ကူညီ​ပေး​သလဲ” စတဲ့ မေးခွန်းတွေ မေး​နိုင်တယ်။ (၁ တိ. ၆:၆-၈) သူတို့ အတွေ့အကြုံ​တွေ ပြောပြ​တဲ့​အခါ အသေအချာ နားထောင်ပါ။

၁၆။ လူကြီး​နဲ့ လူငယ် စကားပြော​တဲ့​အခါ နှစ်ဦး​နှစ်ဖက် ဘယ်လို အကျိုး​ရနိုင်သလဲ။

၁၆ လူကြီး​နဲ့ လူငယ် စကားပြော​တဲ့​အခါ နှစ်ဦး​နှစ်ဖက် အကျိုး​ရတယ်။ (ရော. ၁:၁၂) သစ္စာရှိ ကျေးကျွန်​တွေ​ကို ယေဟောဝါ ဂရုစိုက်​စောင့်ရှောက်​ကြောင်း လူငယ်တွေ ပို​ယုံကြည်​စိတ်ချ​လာမယ်။ အသက်ကြီးသူ​တွေ​လည်း ချစ်မြတ်နိုး​ခံရ​တယ်လို့ ခံစား​ရမယ်။ ယေဟောဝါ​ရဲ့ ကောင်းချီး​တွေ ဘယ်လို ရခဲ့တယ်​ဆိုတာ ပြောပြ​ရလို့ ပျော်ရွှင်​ကြ​ပါ​လိမ့်မယ်။

၁၇။ သစ္စာရှိ အသက်​ကြီး​သူတွေ ပို​လှ​လာတယ်လို့ ဘာကြောင့် ပြော​နိုင်​သလဲ။

၁၇ အသက်​ရလာ​တာ​နဲ့​အမျှ ရုပ်ပိုင်း အလှအပ​တွေ ပျောက်​သွားပေ​မဲ့ သစ္စာရှိ​သူတွေကတော့ ယေဟောဝါ​အတွက် တစ်နှစ်​ပြီး​ တစ်နှစ် ပို​လှ​လာတယ်။ (၁ သက်. ၁:၂၊ ၃) ဘာကြောင့်လဲ။ နှစ်တွေ​တစ်လျှောက် ဘုရား​စွမ်းအားတော်​ရဲ့ ပုံသွင်း​လေ့ကျင့်မှု​ကို ခံယူ​ခဲ့​ကြလို့ပဲ။ အဖိုးတန် သက်ကြီး ညီအစ်ကို/မ​တွေ​အကြောင်း ပို​သိအောင် လုပ်မယ်၊ ဂုဏ်တင်​မယ်၊ သူတို့ဆီက သင်ယူမယ်​ဆိုရင် တန်ဖိုး​မ​ဖြတ်​နိုင်​တဲ့ ရတနာ​အဖြစ် ပို​ရှုမြင်​နိုင်​လာပါလိမ့်မယ်။

၁၈။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

၁၈ အသက်​ကြီး​သူတွေနဲ့ လူငယ်တွေ အပြန်အလှန် တန်ဖိုး​ထား​မယ်​ဆိုရင် အသင်းတော် ခိုင်ခံ့​လာမယ်။ အသင်းတော်မှာ ရှိတဲ့ လူငယ်တွေကို တန်ဖိုး​ထား​တယ်​ဆိုတာ အသက်​ကြီး​သူတွေ ဘယ်လို ပြ​နိုင်​ကြောင်း နောက်​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။

သီချင်း ၁၄၄ ဆုလာဘ်​တော်​ကို မျက်ခြည်မပြတ်​စေ​နဲ့

^ အပိုဒ်၊ 5 သစ္စာရှိ အသက်​ကြီး​သူတွေဟာ အဖိုးတန် ရတနာတွေ​ပဲ။ ဒီ​ဆောင်းပါး​က သူတို့​အပေါ် တန်ဖိုး​ထား​လေးမြတ်စိတ် တိုးများ​လာ​စေပါ​လိမ့်မယ်။ သူတို့ရဲ့ ဉာဏ်ပညာ​နဲ့ အတွေ့အကြုံ​ကနေ ဘယ်လို အကျိုး အပြည့်အဝ ရနိုင်​ကြောင်း ဆွေးနွေး​ကြ​မယ်။ ဘုရား​အဖွဲ့အစည်း​မှာ အသက်​ကြီး​သူတွေ အရေးပါတဲ့​နေရာ ရထား​ကြောင်း စိတ်ချ​စေပါ​လိမ့်မယ်။