မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၆

လူငယ့်ခွန်အားကို တန်ဖိုးထားပါ

လူငယ့်ခွန်အားကို တန်ဖိုးထားပါ

“လူငယ်တွေရဲ့​ ဂုဏ်​ဟာ အစွမ်း​ခွန်အား။”—ပညာ. ၂၀:၂၉

သီချင်း ၈၈ ကိုယ်တော့်​လမ်းစဉ်​တွေ​အကြောင်း သိ​နားလည်​စေပါ

အကြို​သုံးသပ်ချက် *

၁။ အသက်ကြီး​လာတဲ့အခါ ဘယ်​လက်တွေ့ကျ ပန်းတိုင်​တွေ ချမှတ်​နိုင်​သလဲ။

ကျွန်တော်​တို့ အသက်ကြီး​လာတာ​နဲ့​အမျှ အရင်က​လောက် ယေဟောဝါ​အတွက် အသုံးမဝင်​တော့​မှာ စိုးရိမ်​မိ​နိုင်တယ်။ အရင်က​လောက် ခွန်အား မရှိတော့​တာ မှန်ပေမဲ့ ကိုယ်​ရထားတဲ့ ဉာဏ်ပညာ​နဲ့ အတွေ့အကြုံ​တွေ သုံးပြီး ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​မှာ လူငယ်တွေ ပို​အသုံးဝင်​အောင်၊ တာဝန်​သစ်​တွေ ပို​လက်ခံ​လာအောင် ကူညီ​ပေး​နိုင်တယ်။ “ကိုယ်​ဇ​ရာ​ထောင်း​လာပေမဲ့ အလုပ်​တာဝန်​တွေ ပခုံး​လွှဲယူ​မယ့် အရည်အချင်း​ရှိ လူငယ်​ ညီအစ်ကို​တွေ ရှိနေလို့ သိပ်​ကျေးဇူး​တင်​တယ်” လို့ သက်တမ်းကြာ အကြီးအကဲ​တစ်ယောက် ပြော​တယ်။

၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

လူကြီးတွေ​နဲ့ ရင်းနှီးအောင် လုပ်ရင် လူငယ်တွေ ဘာ​အကျိုး ရမလဲ​ဆိုတာ ရှေ့​ဆောင်းပါး​မှာ ဆွေးနွေး​ခဲ့​ကြတယ်။ ဒီ​ဆောင်းပါး​မှာ နှိမ့်ချမှု၊ ကျိုးနွံ​မှု၊ ကျေးဇူး​တင်​လေးမြတ်မှု၊ ရက်ရောမှု စတဲ့ အရည်အသွေးတွေ​က လူငယ်တွေ​နဲ့ တွဲ​အမှုဆောင်ဖို့ လူကြီးတွေကို ဘယ်လို ကူညီ​ပေး​နိုင်​ကြောင်း၊ ရလဒ်အနေနဲ့ အသင်းတော်​တစ်ခုလုံး ဘယ်လို အကျိုး​ရ​ကြောင်း ဆွေးနွေးပါ​မယ်။

နှိမ့်ချမှု ရှိပါ

၃။ ဖိလိပ္ပိ ၂:၃၊ ၄ အရ နှိမ့်ချမှု​ဆိုတာ ဘာလဲ။ နှိမ့်ချမှု​က ခရစ်ယာန်​ တစ်ယောက်ကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

အသက်​ကြီး​သူတွေဟာ လူငယ်တွေကို ကူညီ​ပေး​နိုင်​ဖို့ နှိမ့်ချ​ရမယ်။ နှိမ့်ချ​သူဟာ တခြား​သူကို ကိုယ့်ထက်​ သာတယ်လို့ သဘောထား​တယ်။ (ဖိလိပ္ပိ ၂:၃၊ ၄ ကို ဖတ်ပါ။) အဲဒီလို သဘောထား ရှိတဲ့ အသက်​ကြီး​သူတွေဟာ တာဝန်​တစ်ခု​ကို ကျမ်းစာ​နဲ့​အညီ ထိထိရောက်ရောက် လုပ်နိုင်တဲ့​နည်း တစ်နည်း​ထက်မက ရှိကြောင်း သိကြတယ်။ ဒါ​ကြောင့် အရင်က လုပ်ခဲ့တဲ့ နည်း​အတိုင်း လိုက်လုပ်​ရမယ်​လို့ တရားသေ မယူဆ​ကြဘူး။ (ဒေ. ၇:၁၀) လူငယ်တွေကို ဝေမျှ​စ​ရာ အတွေ့အကြုံ များစွာ ရှိပေမဲ့ “ဒီ​လောကရဲ့ ဇာတ်ကွက် ပြောင်းလဲ​နေ” ကြောင်း၊ အခြေအနေ​သစ်တွေ​နဲ့​အညီ ပြုပြင်​ပြောင်းလဲ​ဖို့ လိုအပ်​နိုင်​ကြောင်း သိ​နားလည်​ကြတယ်။—၁ ကော. ၇:၃၁

အသက်​ကြီး​သူတွေဟာ တခြား​သူတွေကို အတွေ့အကြုံ​တွေ ရက်ရက်ရောရော ဝေမျှပေး (စာပိုဒ် ၄-၅ ကို ကြည့်​ပါ) *

၄။ လေဝိ​အမျိုးသားတွေရဲ့ ဘယ်​သဘောထားကို တိုက်နယ်​ကြီးကြပ်မှူး​တွေ ပြ​နေကြ​သလဲ။

အသက်အရွယ်​ကြောင့် အရင်က​လောက် မလုပ်နိုင်တော့ဘူး​ဆိုတာ နှိမ့်ချတဲ့ အသက်​ကြီး​သူတွေ အသိအမှတ်ပြု​ကြတယ်။ ဥပမာ၊ တိုက်နယ်​ကြီးကြပ်မှူး​တွေ​ဟာ အသက် ၇၀ ဆိုရင် တခြား​တာဝန် ပြောင်း​ရတယ်။ အဲဒီလို​လုပ်ဖို့ ခက်​နိုင်တယ်။ ညီအစ်ကို​တွေ​အတွက် အမှုဆောင်​ရတဲ့ အခွင့်ထူး​ကို သူတို့ မြတ်နိုး​ကြတယ်။ ကိုယ်​မြတ်နိုးတဲ့ တာဝန် ဖြစ်လို့ ဆက်လုပ်​ချင်​နေကြ​တုန်း​ပဲ။ ဒါပေမဲ့ ဒီ​လုပ်ငန်း​ကို လူငယ်တွေ လုပ်ဖို့ လိုအပ်​မှန်း နားလည်​ပြီး ရှေးခေတ်​ အစ္စရေး လေဝိ​အမျိုးသားတွေရဲ့ သဘောထားမျိုး တင်ပြ​ကြတယ်။ လေဝိ​အမျိုးသားတွေဟာ အသက် ၅၀ ဆိုရင် တဲ​တော်​မှာ ဆက်​အမှု​မ​ဆောင်​ရတော့ဘူး။ အသက်ကြီးတဲ့ လေဝိ​အမျိုးသားတွေရဲ့ ပျော်ရွှင်မှု​ဟာ တာဝန်​နဲ့ မဆိုင်​ဘူး။ ကိုယ်​နိုင်​တဲ့​ဘက်က​နေ အတတ်နိုင်ဆုံး ဆက်​အမှုဆောင်​ပြီး လူငယ်တွေကို ကူညီ​ထောက်မ​ပေးတယ်။ (တော. ၈:၂၅၊ ၂၆) ဒီနေ့​ခေတ်​မှာလည်း တိုက်နယ်​ကြီးကြပ်မှူး​တာဝန် ထမ်းဆောင်​ခဲ့​သူတွေဟာ အသင်းတော် များစွာ​အတွက် အမှု​မဆောင်နိုင်​တော့​ပေမဲ့ ကိုယ်​တာဝန်ကျ​တဲ့ အသင်းတော်​အတွက် တကယ့်​ ကောင်းချီး​ပါ​ပဲ။

၅။ ဒန်​နဲ့ ကေ​တီ​ရဲ့ ပုံသက်သေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် ၂၃ နှစ်လောက် အမှုဆောင်ခဲ့တဲ့ ဒန်​အကြောင်း စဉ်းစား​ကြည့်​ပါ။ အသက် ၇၀ ပြည့်​တဲ့​အခါ ဒန်​နဲ့ ဇနီး ကေ​တီ​ဟာ အထူး​ရှေ့ဆောင်​အဖြစ် တာဝန်​ရတယ်။ အခြေအနေ​သစ်​နဲ့ နေသားကျ​အောင် ဘယ်လို ကြိုးစား​သလဲ။ အရင်ကထက် ပို​အလုပ်များ​လာတယ်လို့ ဒန် ပြော​တယ်။ အသင်းတော် တာဝန်​တွေ​အပြင် ညီအစ်ကို​တွေ​ကို အသင်းတော် အမှုထမ်း​အဖြစ် အရည်အချင်း ပြည့်မီ​လာအောင် ကူညီ​ပေး​နေတယ်။ မြို့ကြီး​တွေ​နဲ့ အကျဉ်းထောင်​တွေ​မှာ သက်သေခံဖို့ တခြား​သူတွေကို လေ့ကျင့်ပေး​နေတယ်။ အသက်ကြီးသူတို့၊ သင်တို့ဟာ အချိန်ပြည့် အမှုဆောင် ဟုတ်​သည် ဖြစ်စေ၊ မဟုတ်​သည် ဖြစ်စေ တခြား​သူတွေကို များစွာ ကူညီ​ပေး​နိုင်​ပါ​တယ်။ ဘယ်လို​နည်းနဲ့လဲ။ ပြောင်းလဲ​သွားတဲ့ အခြေအနေ​သစ်​မှာ နေသားကျ​အောင် ကြိုးစား​ပါ။ ပန်းတိုင်​သစ်​တွေ ချပါ။ မလုပ်နိုင်တာ​ကို မဟုတ်ဘဲ လုပ်နိုင်တာ​ကို အာရုံစိုက်ပါ။

ကျိုးနွံ​မှု ရှိပါ

၆။ ကျိုးနွံ​တာ ဘာကြောင့် ပညာရှိ​သလဲ။ ဥပမာ​ပေး​ပါ။

ကျိုးနွံ​သူဟာ ကိုယ့်​ကန့်သတ်ချက်​တွေ​ကို အသိအမှတ်ပြု​တယ်။ (ပညာ. ၁၁:၂) ကိုယ်​လုပ်နိုင်တာ​ထက် ပို​လုပ်ဖို့ စိတ်​မ​ကူး​ဘူး။ ဒါ​ကြောင့် ပျော်ရွှင်​ကျေနပ်​တယ်။ ကျိုးနွံ​သူကို စက်ဘီး​စီး​သူနဲ့ နှိုင်းယှဉ်​နိုင်တယ်။ သစ်လုံး​တံတား​ကို ရောက်တဲ့အခါ စက်ဘီး​ပေါ်​က ဆင်း​ပြီး တွန်း​သွားရမယ်။ အရှိန်​နှေး​သွားပေ​မဲ့ ရှေ့ဆက် သွား​နေမယ်။ အလားတူပဲ၊ ကျိုးနွံ​သူဟာ ယေဟောဝါ​ရဲ့ လုပ်ငန်းမှာ ဘယ်​အချိန် “အပြောင်းအလဲ လုပ်” ရမယ်ဆိုတာ သိတယ်။ ဒါမှ ယေဟောဝါ​နဲ့ တခြား​သူတွေ​အတွက် ဆက်​အမှုဆောင်​နိုင်​မှာ။—ဖိ. ၄:၅

၇။ ကျိုးနွံ​မှု ရှိကြောင်း ဗာဇိလဲ ဘယ်လို ပြသ​လဲ။

ဗာဇိလဲ​အကြောင်း စဉ်းစား​ကြည့်​ပါ။ နန်းတော်​ကို လိုက်​လာဖို့ ဘုရင် ဒါဝိဒ် ကမ်း​လှမ်း​ချိန်မှာ ဗာဇိလဲ အသက် ၈၀ ရှိပြီ။ ကျိုးနွံ​သူ ဖြစ်လို့ ကမ်း​လှမ်း​မှု​ကို ငြင်း​လိုက်တယ်။ အသက်အရွယ်​ကြောင့် အကန့်အသတ် ရှိလာ​တာတွေကို အသိအမှတ်​ပြုပြီး မိမိ​အစား လူငယ် ခိမဟံ​ကို ခေါ်​သွားဖို့ ထောက်ခံ​ပေးတယ်။ (၂ ရှ. ၁၉:၃၅-၃၇) ဗာဇိလဲ​လို​ပဲ အသက်ကြီးသူ​တွေ​လည်း လူငယ်တွေကို လုပ်ငန်းတော် အခွင့်ထူး​တွေ​အတွက် နေရာ​ပေး​ကြတယ်။

ဗိမာန်တော်ကို သား​ဖြစ်သူ​ပဲ ဆောက်​ရမယ်ဆို​တဲ့ ဘုရား​ဆုံးဖြတ်ချက်​ကို ဘုရင် ဒါဝိဒ် လက်ခံ (စာပိုဒ် ၈ ကို ကြည့်​ပါ)

၈။ ဗိမာန်တော် ဆောက်​တာ​နဲ့​ပတ်သက်ပြီး ကျိုးနွံ​မှု ရှိကြောင်း ဘုရင် ဒါဝိဒ် ဘယ်လို ပြသ​လဲ။

ဘုရင် ဒါဝိဒ်​လည်း ကျိုးနွံ​မှု ပြ​ရာ​မှာ ပုံသက်သေ​ကောင်း​ပါ​ပဲ။ ယေဟောဝါ​အတွက် အိမ်တော် တည်ဆောက်​ပေး​ချင်​တယ်။ ဒါပေမဲ့ ဒီ​အခွင့်ထူး​ကို လူငယ် ရှောလမုန် ရမယ်​လို့ ယေဟောဝါ အသိပေး​ချိန်မှာ ဆုံးဖြတ်ချက်ကို ဒါဝိဒ် လက်ခံ​ပြီး လုပ်ငန်း​ကို စိတ်နှလုံး အကြွင်းမဲ့ ထောက်မ​ပေးတယ်။ (၁ ရာ. ၁၇:၄။ ၂၂:၅) ရှောလမုန်ဟာ အသက် ‘ငယ်​ပြီး အတွေ့အကြုံ​လည်း မရှိ’ တဲ့​အတွက် ဒီတာဝန်ကို မိမိ​ပဲ ပို​ကောင်းကောင်း လုပ်နိုင်​မယ်လို့ ဒါဝိဒ် မတွေးဘူး။ (၁ ရာ. ၂၉:၁) ဆောက်လုပ်ရေး လုပ်ငန်း အောင်မြင်ဖို့​ဆိုတာ ယေဟောဝါ​ရဲ့ ကောင်းချီး​ပေါ်ပဲ မူတည်​မှန်း၊ ဦးဆောင်​သူတွေရဲ့ အသက်အရွယ်၊ အတွေ့အကြုံ​ပေါ် မမူတည်​မှန်း ဒါဝိဒ် သိတယ်။ ဒါဝိဒ်လို​ပဲ ဒီနေ့ခေတ် အသက်​ကြီး​သူတွေဟာ တာဝန် ပြောင်းလဲ​သွားတာတောင် အမှုတော်မှာ တက်တက်ကြွကြွ ဆက်​ပါဝင်​နေကြ​တယ်။ အရင်က ကိုယ်​လုပ်ခဲ့တဲ့ တာဝန်​တွေ​ကို ထမ်းဆောင်​နေတဲ့ လူငယ်တွေကို ယေဟောဝါ ကောင်းချီး​ပေး​မယ်​ဆိုတာ သိကြတယ်။

၉။ ကျိုးနွံ​မှု ရှိကြောင်း ဌာနခွဲ ကော်မတီဝင်​ တစ်ယောက် ဘယ်လို ပြသ​လဲ။

ဒီနေ့​ခေတ်​မှာ ကျိုးနွံ​မှု​နဲ့​ပတ်သက်ပြီး ညီအစ်ကို ရှီ​ဂို​ရဲ့ ပုံသက်သေ​ကို စဉ်းစား​ကြည့်​ပါ။ ၁၉၇၆ ခုနှစ်၊ အသက် ၃၀ မှာ ဌာနခွဲ ကော်မတီဝင်​အဖြစ် ခန့်အပ်​ခံရ​တယ်။ ၂၀၀၄ မှာ ဌာနခွဲ​ ကော်မတီ ညှိနှိုင်းရေးမှူး ဖြစ်​လာတယ်။ နောက်ပိုင်း၊ အရင်က​လောက် ခွန်အား မရှိတော့လို့ ကိုယ့်​အလုပ်​တာဝန်​တွေ ပြီးစီး​အောင် မြန်မြန်ဆန်ဆန် မလုပ်နိုင်တော့ဘူး။ ဒါကြောင့် လူငယ်​ ညီအစ်ကို​ တစ်ယောက်​သာ ညှိနှိုင်းရေးမှူး လုပ်ရင် ဘာ​အကျိုး​တွေ ရမလဲ​ဆိုတာ ဆုတောင်း​သုံးသပ်​တယ်။ ညှိနှိုင်းရေးမှူး မ​လုပ်နိုင်​တော့​ပေမဲ့ ဌာနခွဲ​ ကော်မတီဝင်​အဖြစ် ဆက်​အမှုဆောင်​နေတုန်းပဲ။ ဗာဇိလဲ၊ ဘုရင် ဒါဝိဒ်၊ ရှီ​ဂို​တို့​ရဲ့ တွေ့ကြုံမှု​က ဖော်ပြ​တဲ့​အတိုင်း နှိမ့်ချ​ကျိုးနွံ​သူဟာ လူငယ်တွေ အတွေ့အကြုံ မရှိတာကို အာရုံမစိုက်​ဘဲ လူငယ့်​အစွမ်း​ခွန်အား​ကိုပဲ အာရုံစိုက်​ကြတယ်။ လူငယ်တွေကို ပြိုင်ဘက်​အဖြစ် မဟုတ်ဘဲ လုပ်ဖော်ဆောင်ဖက်တွေ​အဖြစ် သဘောထား​ကြတယ်။—ပညာ. ၂၀:၂၉

ကျေးဇူး​တင်​လေးမြတ်ပါ

၁၀။ အသင်းတော်မှာ ရှိတဲ့ လူငယ်တွေကို အသက်​ကြီး​သူတွေ ဘယ်လို သဘောထား​သလဲ။

၁၀ အသက်​ကြီး​သူတွေဟာ လူငယ်တွေကို ယေဟောဝါ​ဆီက လက်ဆောင်​အဖြစ် သဘော​ထားပြီး ကျေးဇူး​တင်​လေးမြတ်​ကြတယ်။ ကိုယ့်​ကာယ​ခွန်အား နည်းလာ​ချိန်မှာ အသင်းတော် တာဝန်​တွေ လိုလိုလားလား လက်​လွှဲယူ​နိုင်​မယ့်၊ အစွမ်း​ခွန်အား ပြည့်​နေတဲ့ လူငယ်တွေ ရှိနေတာကို ကျေးဇူး​တင်​ကြတယ်။

၁၁။ လူငယ်တွေရဲ့ အကူအညီကို ကျေးဇူး​တင်​စွာ လက်ခံ​ရင် ရမယ့် ကောင်းချီး​တွေ​ကို ရုသ ၄:၁၃-၁၆ မှာ ဘယ်လို ဖော်ပြ​ထား​သလဲ။

၁၁ ကျမ်းစာ​ထဲ​က နောမိ​ဟာ အသက်​ကြီး​သူတွေ​အတွက် အကောင်းဆုံး ပုံ​နမူနာ​တစ်ခု​ပဲ။ လူငယ်​ဆီက အကူအညီကို ကျေးဇူး​တင်​စွာ လက်ခံခဲ့တယ်။ မုဆိုးမ​ ဖြစ်သွား​တဲ့ ချွေး​မ ရုသ​ကို ကိုယ့်​လူမျိုး ရှိရာ ပြန်​ဖို့ အစပိုင်း​မှာ နောမိ တိုက်တွန်း​တယ်။ ဒါပေမဲ့ ဘက်သလီဟင်​မြို့ကို လိုက်​ခွင့်ပြု​ဖို့ ရုသ အတင်း​ တောင်းပန်​တဲ့​အခါ ခွင့်ပြု​လိုက်တယ်။ ရုသရဲ့ အကူအညီကို ဝမ်းမြောက်​ဝမ်းသာ လက်ခံခဲ့တယ်။ (ရု. ၁:၇၊ ၈၊ ၁၈) ဒါဟာ အမျိုးသမီး နှစ်ယောက်စလုံး​အတွက် ကောင်းချီး ​ဖြစ်​ခဲ့တယ်။ (ရုသ ၄:၁၃-၁၆ ကို ဖတ်ပါ။) နှိမ့်ချတဲ့ အသက်​ကြီး​သူတွေဟာ နောမိ​ရဲ့ ပုံ​နမူနာကို တုပ​ကြ​ပါ​လိမ့်မယ်။

၁၂။ ကျေးဇူး​တင်​ကြောင်း တမန်တော် ပေါလု ဘယ်လို ပြသ​လဲ။

၁၂ တမန်တော် ပေါလု​ဟာ မိမိ​ ရတဲ့ အကူအညီ​တွေ​အတွက် ကျေးဇူး​တင်​တယ်။ ဥပမာ၊ ဖိလိပ္ပိ​ အသင်းတော်က ညီအစ်ကို/မ​တွေ ပို့လိုက်​တဲ့ လက်ဆောင်​တွေ​ကြောင့် ကျေးဇူး​တင်​တယ်။ (ဖိ. ၄:၁၆) တိမောသေ​ရဲ့ အကူအညီ​အတွက်​လည်း ကျေးဇူး​တင်​တယ်။ (ဖိ. ၂:၁၉-၂၂) အကျဉ်းသား​အဖြစ် ရောမကို သွား​နေချိန်မှာ မိမိကို လာ​အားပေးသူ​တွေ​အတွက် ဘုရား​ကို ကျေးဇူး​တင်​တယ်။ (တ. ၂၈:၁၅) ပေါလု​ဟာ ဟောပြောဖို့၊ အသင်းတော်တွေကို အားပေးဖို့ မိုင်​ပေါင်း​များစွာ ခရီး​သွားခဲ့တဲ့ တက်ကြွ​ထက်သန်​သူ ဖြစ်တယ်။ ဒါပေမဲ့ ညီအစ်ကို/မ​တွေ​ရဲ့ ကူညီ​ထောက်မမှုကို နှိမ့်ချစွာ လက်ခံခဲ့တယ်။

၁၃။ လူငယ်တွေ​အတွက် ကျေးဇူး​တင်​ကြောင်း အသက်​ကြီး​သူတွေ ဘယ်လို ပြ​နိုင်​သလဲ။

၁၃ အသက်ကြီးသူတို့၊ အသင်းတော်မှာ ရှိတဲ့ လူငယ်တွေကို ကျေးဇူး​တင်​ကြောင်း နည်း​များစွာ​နဲ့ ပြ​နိုင်တယ်။ သွားရေး​လာ​ရေး၊ ဈေးဝယ်​ခြမ်း​ရေး၊ တခြားလိုအပ်ရာတွေ သူတို့ ကူညီ​ပေး​တဲ့​အခါ ကျေးဇူး​တင်​စွာ လက်ခံပါ။ ယေဟောဝါ​ရဲ့ မေတ္တာ​အဖြစ် သဘောထား​ပါ။ ဒါဆိုရင် သူတို့နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ​တွေ ဖြစ်လာ​မယ်။ လူငယ်​ မိတ်ဆွေ​တွေ​ရဲ့ ဘုရားရေးရာ တိုးတက်မှု​ကို အမြဲ စိတ်ဝင်စား​ပါ။ ပို​ကြီးမား​တဲ့ အသင်းတော် တာဝန်​တွေ ထမ်းဆောင်​ဖို့ လူငယ်တွေ တက်လှမ်း​နေတာ မြင်ရလို့ ဘယ်လောက် ဝမ်းသာ​ကြောင်း ပြောပြ​ပါ။ ကိုယ့်​ဘဝ အတွေ့အကြုံ​တွေ ဝေမျှပေး​ပါ။ ဒါဆိုရင် အသင်းတော်​ထဲ ယေဟောဝါ ဆွဲဆောင်​ထား​တဲ့ လူငယ်တွေ​အတွက် “ကျေးဇူး​သိ​တတ်” ကြောင်း ပြ​ရာ ရောက်​ပါ​လိမ့်မယ်။—ကော. ၃:၁၅။ ယော. ၆:၄၄။ ၁ သက်. ၅:၁၈

ရက်ရော​ပါ

၁၄။ ဘုရင် ဒါဝိဒ် ရက်ရောမှု ဘယ်လို ပြသ​လဲ။

၁၄ အသက်​ကြီး​သူတွေ ပြ​သင့်တဲ့ နောက်​အရည်အသွေး​တစ်ခု ဘုရင် ဒါဝိဒ်​မှာ ရှိသေးတယ်။ အဲဒါက​တော့ ရက်ရောမှု​ပါ​ပဲ။ ဗိမာန်တော် ဆောက်လုပ်ရေး​အတွက် မိမိ​ဥစ္စာ​ထဲ​က အမြောက်အမြား လှူဒါန်း​တယ်။ (၁ ရာ. ၂၂:၁၁-၁၆။ ၂၉:၃၊ ၄) ဒီ​လုပ်ငန်း​အတွက် သား​ရှောလမုန်​ပဲ နာမည် ရမှာ​တောင် အဲဒီလို လှူဒါန်းခဲ့​တယ်။ ကျွန်တော်​တို့​လည်း ဆောက်လုပ်ရေး​ လုပ်ငန်းမှာ ပါဝင်​ဖို့ ခွန်အား မရှိတော့​ပေမဲ့ ကိုယ့်​အခြေအနေ ခွင့်ပြု​သရွေ့ အလှူငွေ ထည့်ခြင်း​အားဖြင့် ဆက်​ထောက်မ​နိုင်တယ်။ နှစ်တွေ​တစ်လျှောက် ကိုယ်​ရခဲ့တဲ့ အတွေ့အကြုံ​တွေ​ကိုလည်း လူငယ်တွေ အကျိုး​ရအောင် ဝေမျှပေး​နိုင်တယ်။

၁၅။ တိမောသေ​ကို တမန်တော် ပေါလု ဘာတွေ ဝေမျှပေး​သလဲ။

၁၅ ရက်ရောမှု​နဲ့​ပတ်သက်ပြီး တမန်တော် ပေါလု​ရဲ့ ပုံ​နမူနာကို​လည်း စဉ်းစား​ကြည့်​ပါ။ သာသနာပြု လုပ်ငန်းမှာ မိမိ​နဲ့​အတူ ပါဝင်​ဖို့ လူငယ် တိမောသေ​ကို ဖိတ်ခေါ်​ပြီး ဟောပြော​သွန်သင်ခြင်း နည်းလမ်း​တွေ သင်ပေးတယ်။ (တ. ၁၆:၁-၃) ပေါလု​ရဲ့ လေ့ကျင့်မှု​က ထိထိရောက်ရောက် ဟောပြော​နိုင်အောင် တိမောသေ​ကို ကူညီ​ပေးတယ်။ (၁ ကော. ၄:၁၇) ပေါလု​ရဲ့ နည်းတွေကို သုံးပြီး တခြား​သူတွေကို တိမောသေ ပြန်​လေ့ကျင့်​ပေးတယ်။

၁၆။ တခြား​သူတွေကို ရှီ​ဂို ဘာကြောင့် လေ့ကျင့်ပေး​သလဲ။

၁၆ ဒီနေ့​ခေတ် သက်ကြီး ညီအစ်ကို​တွေ​လည်း အသင်း​တော်မှာ လူငယ် ညီအစ်ကို​တွေ​ကို ကိုယ်​လုပ်ခဲ့တာ​တွေ သင်ပေး​လိုက်ရင် ချောင်​ထိုး​ခံရ​တော့​မှာပဲ​လို့ တွေး​မ​ပူ​ဘူး။ ဥပမာ၊ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ရှီ​ဂို​ဟာ နှစ်တွေ​တစ်လျှောက် လူငယ် ဌာနခွဲ ကော်မတီဝင်​တွေ​ကို လေ့ကျင့်​ပေးတယ်။ သူ​တာဝန်ကျ​တဲ့ တိုင်းပြည်​မှာ နိုင်ငံတော်​လုပ်ငန်း တိုးတက်​ဖို့​ပဲ အဓိက​ထားလို့ပါ။ ရလဒ်အနေနဲ့ ကောင်းကောင်း လေ့ကျင့်​ခံ​ထား​ရတဲ့ ညီအစ်ကို​က ရှီ​ဂို ညှိနှိုင်းရေးမှူး မ​လုပ်နိုင်​တော့​ချိန်မှာ အစားဝင်​နိုင်​ခဲ့တယ်။ ဌာနခွဲ ကော်မတီဝင် အဖြစ် အမှုဆောင်ခဲ့တဲ့ ၄၅ နှစ်​ကျော် အတွေ့အကြုံ​တွေ​ကို လူငယ်​ ညီအစ်ကို​တွေ​ကို ရှီ​ဂို ဝေမျှပေး​နေဆဲပဲ။ အဲဒီလိုလူ​တွေ​ဟာ ဘုရား​လူမျိုး​အတွက် တကယ့်​ ကောင်းချီး​ပါ​ပဲ။

၁၇။ လုကာ ၆:၃၈ နဲ့​အညီ တခြား​သူတွေကို အသက်​ကြီး​သူတွေ ဘာ​ပေး​နိုင်​သလဲ။

၁၇ ယေဟောဝါ​ကို သစ္စာရှိ​ရှိ အမှုဆောင်တာ​ဟာ အကောင်းဆုံး ဘဝ​လမ်းစဉ် ဖြစ်​ကြောင်း သက်ကြီး ညီအစ်ကို/မ​တွေ​က သက်ရှိ​သာဓက​တွေ​ပါ​ပဲ။ ကျမ်းစာ​မူတွေကို သင်ယူပြီး ဘဝမှာ လက်တွေ့​ကျင့်​တာ အကျိုးနပ်​ကြောင်း သင်တို့ရဲ့ ပုံသက်သေ​အားဖြင့် ပြ​ခဲ့​ကြပြီ။ အရင်က ဘယ်လို လုပ်ခဲ့တယ်၊ အခုတော့ ဘယ်လို ပြုပြင်​ပြောင်းလဲ​ဖို့ လိုအပ်​တယ်​ဆိုတာ​လည်း အတွေ့အကြုံ​ကနေ သိလာ​ကြပြီ။ မကြာသေး​ခင်​ကမှ နှစ်ခြင်း​ခံ​ခဲ့​တဲ့ အသက်ကြီးသူ​တွေ​လည်း ဘဝ​နှောင်းပိုင်း​မှ ယေဟောဝါ​အကြောင်း သိလာ​ရတဲ့ ပျော်ရွှင်မှု​ကို ဝေမျှ​နိုင်တယ်။ သင်တို့ရဲ့ အတွေ့အကြုံ​တွေ၊ သင်ယူ​ခဲ့​တဲ့ သင်ခန်းစာ​တွေ​အကြောင်း ကြား​ရလို့ လူငယ်တွေ လေးမြတ်ပါ​လိမ့်မယ်။ အဲဒါတွေကို “ပေးကမ်း​တတ်​တဲ့ အကျင့် လုပ်” မယ်​ဆိုရင် ယေဟောဝါ ကြွယ်ဝ​စွာ ဆုချ​ပါ​လိမ့်မယ်။လုကာ ၆:၃၈ ကို ဖတ်ပါ။

၁၈။ လူကြီး​နဲ့ လူငယ် အချင်းချင်း ဘယ်လို ကူညီ​ထောက်မ​နိုင်​သလဲ။

၁၈ အသက်​ကြီး​သူတွေဟာ လူငယ်တွေ​နဲ့ ရင်းနှီးအောင် ကြိုးစား​မယ်​ဆိုရင် အချင်းချင်း ထောက်​မပေးနိုင်ပါ​လိမ့်မယ်။ (ရော. ၁:၁၂) ယောက်​တိုင်း​မှာ တန်ဖိုး​ရှိတာ တစ်ခုခု​တော့ ပိုင်ဆိုင်​ထား​ကြတယ်။ အသက်​ကြီး​သူတွေမှာ ဉာဏ်ပညာ​နဲ့ အတွေ့အကြုံ ရှိတယ်။ လူငယ်တွေ​မှာ အစွမ်း​ခွန်အား ရှိတယ်။ လူကြီး​နဲ့ လူငယ်တွေ မိတ်ဆွေ​အဖြစ် လက်တွဲ​အမှုဆောင်မယ်​ဆိုရင် ကောင်းကင်​ဖခင်​ကို ဂုဏ်တင်​ချီးမွမ်း​ရာ ရောက်​ပြီး အသင်းတော်​တစ်ခုလုံး ကောင်းချီး ခံစား​ရပါလိမ့်မယ်။

သီချင်း ၉၀ အချင်းချင်း အားပေး​ကြ

^ အပိုဒ်၊ 5 အသင်းတော်​တွေ​မှာ ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​ကို ထောက်မ​ပေး​နေတဲ့ လူငယ် ညီအစ်ကို/မများ​စွာ ရှိတယ်။ ယဉ်ကျေးမှု၊ နောက်ခံ ဘယ်လိုပဲ ရှိပါစေ အသက်​ကြီး​သူတွေဟာ လူငယ်တွေ အစွမ်း​ခွန်အား အပြည့်အဝ သုံးပြီး ယေဟောဝါရဲ့ လုပ်ငန်းမှာ ပါဝင်​ဖို့ ကူညီ​ပေး​နိုင်တယ်။

^ အပိုဒ်၊ 55 ပုံ​အညွှန်း– အသက် ၇၀ ပြည့်​သွားတဲ့ တိုက်နယ်​ ကြီးကြပ်မှူး​ဟာ ဇနီး​နဲ့​အတူ တာဝန်​သစ် ရ။ အရင်က အတွေ့အကြုံ​တွေ သုံးပြီး လက်ရှိ အသင်းတော်မှာ တခြား​သူတွေကို လေ့ကျင့်ပေး​နေ။