မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၈

ယေဟောဝါဘုရားရဲ့ မိသားစုနဲ့ ရင်းရင်းနှီးနှီး နေပါ

ယေဟောဝါဘုရားရဲ့ မိသားစုနဲ့ ရင်းရင်းနှီးနှီး နေပါ

‘ခင်ဗျား​တို့​ရဲ့​ အဖ၊ ကျွန်တော့်​ဘုရားသခင်​ဆီ ကျွန်တော် သွား​ရတော့မယ်။’—ယော. ၂၀:၁၇

သီချင်း ၃ တို့​မျှော်လင့်​ကိုးစားရာ

အကြို​သုံးသပ်ချက် *

၁။ သစ္စာရှိ လူသားတွေဟာ ယေဟောဝါ​နဲ့ ဘယ်လို ဆက်ဆံ​ရေး​မျိုး ရရှိနိုင်​သလဲ။

ယေဟောဝါ​ရဲ့ မိသားစုမှာ ‘ဖန်ဆင်း​ရာ​အားလုံး​ထဲ​က သားဦး’ ဖြစ်​တဲ့ ယေရှုနဲ့ ကောင်းကင်တမန်​တွေ ပါဝင်တယ်။ (ကော. ၁:၁၅။ ဆာ. ၁၀၃:၂၀) ယေဟောဝါ​ကို ဖခင်​အဖြစ် သစ္စာရှိ လူသားတွေ သဘောထား​နိုင်​ကြောင်း ယေရှု မြေကြီးပေါ် ရှိ​တုန်း သွန်သင်​ပေးတယ်။ တပည့်​တွေ​နဲ့ စကားပြော​ချိန်မှာ ယေဟောဝါ​ကို “ကျွန်တော့်​အဖ​ ဖြစ်​တဲ့ ခင်ဗျား​တို့​ရဲ့​ အဖ” လို့ ခေါ်ခဲ့တယ်။ (ယော. ၂၀:၁၇) ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ချိန်မှာ ကျွန်တော်​တို့​ဟာ မေတ္တာ​ရှိတဲ့ ညီအစ်ကို/မ မိသားစုဝင် ဖြစ်​လာတယ်။—မာ. ၁၀:၂၉၊ ၃၀

၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

တချို့က ယေဟောဝါ​ကို မေတ္တာရှင် ဖခင်​အဖြစ် ရှုမြင်ဖို့ ခက်တယ်။ တချို့က​လည်း ညီအစ်ကို/မ​တွေ​ကို ဘယ်လို မေတ္တာပြ​ရမလဲ​ဆိုတာ မသိကြဘူး။ ယေဟောဝါ​ကို မေတ္တာရှင် ဖခင်​အဖြစ် ရှုမြင်​နိုင်အောင် ယေရှု ဘယ်လို ကူညီ​ပေး​ကြောင်း၊ ညီအစ်ကို/မ​တွေ​နဲ့ ဆက်ဆံ​ရာ​မှာ ယေဟောဝါ​ကို ဘယ်လို တုပ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။

ယေဟောဝါ​က ကျွန်တော်​တို့ကို မိမိ​နဲ့ ရင်းနှီး​စေ​ချင်

၃။ စံပြ​ဆုတောင်းချက်​က ကျွန်တော်​တို့ကို ယေဟောဝါ​နဲ့ ဘယ်လို ရင်းနှီး​စေ​သလဲ။

ယေဟောဝါ​ဟာ မေတ္တာရှင် ဖခင် ဖြစ်တယ်။ မာကျော​ခက်ထန်​သူ မဟုတ်ဘဲ အချိန်မရွေး ချဉ်းကပ်​နိုင်​တဲ့ မိဘ၊ နွေးထွေး​လှိုက်လှဲ​ပြီး မေတ္တာ​ရှိတဲ့ မိဘ​အဖြစ် ယေဟောဝါ​ကို ယေရှု ရှုမြင်တယ်။ ကျွန်တော်တို့ကိုလည်း အဲဒီလိုပဲ ရှုမြင်​စေချင်တယ်။ တပည့်​တွေ​ကို သင်ပေးတဲ့ ဆုတောင်းချက်​မှာ အဲဒီ​အချက် ပေါ်လွင်​တယ်။ “ကျွန်တော်​တို့​ရဲ့ အဖ” လို့ ဆုတောင်းချက်​ကို အစပြု​ထား​တယ်။ (မ. ၆:၉) “အနန္တ​ တန်ခိုးရှင်၊” ‘ဖန်ဆင်း​ရှင်၊’ “ထာဝရ​ ဘုရင်” စတဲ့ ဘွဲ့ထူး​တွေ​နဲ့ ယေဟောဝါ​ကို ခေါ်​ဖို့ ယေရှု သင်ပေး​နိုင်တယ်။ (က. ၄၉:၂၅။ ဟေရှာ. ၄၀:၂၈။ ၁ တိ. ၁:၁၇) ဒါပေမဲ့ “အဖ” လို့​ပဲ ရင်းရင်းနှီးနှီး ခေါ်​ဖို့ သင်ပေးတယ်။

၄။ ကျွန်တော်​တို့​နဲ့ ယေဟောဝါ ရင်းနှီး​ချင်​ကြောင်း ဘယ်လို သိရသလဲ။

ယေဟောဝါ​ကို မေတ္တာရှင် ဖခင်​အဖြစ် ရှုမြင်ဖို့ ခက်​နေ​သလား။ ကြီးပြင်း​လာပုံ နောက်ခံ မကောင်း​လို့ မေတ္တာ​ရှိတဲ့ မိဘ​ဆို​တဲ့ အချက်​ကို လက်ခံဖို့ တချို့​အတွက် ခက်​နိုင်တယ်။ ကျွန်တော်​တို့​ရဲ့ ခံစားချက်​တွေ​ကို ယေဟောဝါ အပြည့်အဝ နားလည်​ကြောင်း သိရတာ စိတ်​ချမ်းသာ​စရာ​ပဲ။ ကျွန်တော်​တို့​နဲ့ ဘုရား ရင်းနှီး​ချင်​တယ်။ ဒါ​ကြောင့် “ဘုရားသခင်​နဲ့ ရင်းနှီးအောင် ကြိုးစား​ပါ။ ဒါဆိုရင် ဘုရားသခင်​လည်း ခင်ဗျား​တို့​နဲ့ ရင်းနှီး​လာလိမ့်မယ်” လို့ ကျမ်းစာ တိုက်တွန်း​တယ်။ (ယာ. ၄:၈) ကျွန်တော်​တို့ကို ယေဟောဝါ ချစ်တယ်၊ အကောင်းဆုံး ဖခင် ဖြစ်​ပေး​မယ်လို့ ပြော​တယ်။

၅။ လုကာ ၁၀:၂၂ အရ ယေဟောဝါ​နဲ့ ရင်းနှီး​ဖို့ ယေရှု ဘာကြောင့် ကူညီ​ပေး​နိုင်​သလဲ။

ယေဟောဝါ​နဲ့ ရင်းနှီးအောင် ယေရှု ကူညီ​ပေး​နိုင်တယ်။ ယေဟောဝါ​အကြောင်း ကောင်းကောင်း သိ​ပြီး ဘုရား​အရည်အသွေးတွေကို အပြည့်ဝ​ဆုံး တင်ပြ​တဲ့​အတွက် “ကျွန်တော့်​ကို မြင်​တာ​ဟာ အဖဘုရား​ကို မြင်​တာ​ပဲ” လို့ ယေရှု ပြော​တယ်။ (ယော. ၁၄:၉) ဖခင်​ကို လေးစား​နာခံ​ကြောင်း ဘယ်လို ပြ​ရမယ်၊ ဖခင် မနှစ်သက်တာကို ဘယ်လို ရှောင်ရမယ်၊ ဖခင် မျက်နှာသာ ရအောင် ဘယ်လို လုပ်ရမယ်​ဆိုတာ အစ်ကိုကြီး​တစ်ယောက်လို​ပဲ ယေရှု သင်ပေးတယ်။ ယေဟောဝါ ဘယ်လောက် ကြင်နာ​ကြောင်း၊ မေတ္တာ ရှိကြောင်း​လည်း နားလည်အောင် ကူညီ​ပေးတယ်။ (လုကာ ၁၀:၂၂ ကို ဖတ်ပါ။) ဥပမာ​တချို့ သုံးသပ်ကြည့်​ရအောင်။

မေတ္တာ​ရှိတဲ့ ဖခင်​အနေ​နဲ့ ကောင်းကင်တမန်​တစ်ပါး စေလွှတ်​ပြီး သားတော်ကို ယေဟောဝါ အားပေး (စာပိုဒ် ၆ ကို ကြည့်​ပါ) *

၆။ ယေရှုရဲ့ ဆုတောင်းချက်​ကို ယေဟောဝါ နားထောင်​ကြောင်း ဥပမာ​ပေး​ပါ။

သားသမီးတွေရဲ့ စကား​ကို ယေဟောဝါ နားထောင်တယ်။ သားဦး​ရဲ့ စကား​ကို ဘယ်လို နားထောင်​ကြောင်း စဉ်းစား​ကြည့်​ပါ။ သားတော် မြေကြီးပေါ် ရှိ​တုန်း သူ့​ဆုတောင်းချက် များစွာ​ကို ယေဟောဝါ နားထောင်​ပေးတယ်။ (လု. ၅:၁၆) တမန်တော် ၁၂ ယောက် ရွေးချယ်​တာ​လို​မျိုး အရေးကြီး​ ဆုံးဖြတ်ချက်​တွေ​အတွက် ယေရှု ဆုတောင်း​တာ​ကို ကြားတယ်။ (လု. ၆:၁၂၊ ၁၃) စိတ်ဒုက္ခ​ရောက်ချိန်​မှာ ဆုတောင်း​တာ​ကိုလည်း ကြားတယ်။ သစ္စာဖောက် မခံရ​ခင်​မှာလည်း ရှေ့မှာ ကြုံ​ရမယ့် စမ်းသပ်မှု​အတွက် ဖခင်​ဆီ ယေရှု အကြီးအကျယ် ဆုတောင်း​တယ်။ ယေဟောဝါ​ဟာ ယေရှုရဲ့ ဆုတောင်းချက်​ကို ကြားရုံ​သာမက ခွန်အား​ပေးဖို့ ကောင်းကင်တမန်​တစ်ပါး​ကို စေလွှတ်​ပေးတယ်။—လု. ၂၂:၄၁-၄၄

၇။ ဆုတောင်းချက်​တွေ​ကို ယေဟောဝါ နားထောင်​ကြောင်း သိရလို့ ဘယ်လို ခံစား​ရသလဲ။

ဒီနေ့​ခေတ်​မှာလည်း ကျေးကျွန်​တွေ​ရဲ့ ဆုတောင်းချက်​တွေ​ကို ယေဟောဝါ ဆက်​နားထောင်​နေတယ်။ အသင့်တော်ဆုံး အချိန်​မှာ အကောင်းဆုံးနည်းနဲ့ အဖြေ​ပေးတယ်။ (ဆာ. ၁၁၆:၁၊ ၂) အိန္ဒိယ​က ညီအစ်မ​ တစ်ယောက်​အကြောင်း စဉ်းစား​ကြည့်​ပါ။ ကြုံနေ​ရတဲ့ စိတ်ဖိစီး​စ​ရာ ပြဿနာ​တွေ​အကြောင်း ယေဟောဝါ​ဆီ ပြင်းပြင်းပြပြ ဆုတောင်း​တယ်။ “စိုးရိမ်​ပူပန်မှု​တွေ​ကို ဘယ်လို ရင်ဆိုင်​ဖြေရှင်း​ရမလဲ​ဆို​တဲ့ ၂၀၁၉၊ မေလ JW ရုပ်သံ အစီအစဉ်​က ကျွန်မ လို​နေတာ​နဲ့ ကွက်တိ​ပဲ။ ဆုတောင်းချက်​တွေ​ရဲ့ အဖြေ​ပဲ” လို့ ညီအစ်မ ပြော​တယ်။

၈။ ယေရှုကို ယေဟောဝါ ဘယ်​နည်းတွေနဲ့ မေတ္တာပြ​သလဲ။

မြေကြီးပေါ် ယေရှု အသက်ရှင်​ချိန်​တစ်လျှောက် ယေဟောဝါ မေတ္တာ​ပြပြီး ဂရုစိုက်​ခဲ့​သလို ကျွန်တော်တို့ကိုလည်း မေတ္တာ​ပြပြီး ဂရုစိုက်​နေတယ်။ (ယော. ၅:၂၀) ယေရှုရဲ့ ဘုရားရေးရာ​ပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း လိုအပ်ရာ အားလုံး​ကို ဖြည့်ဆည်း​ပေး​ခဲ့တယ်။ ချစ်​မြတ်နိုး​ကြောင်း၊ နှစ်သက်​ကြောင်း ထုတ်ပြော​တယ်။ (မ. ၃:၁၆၊ ၁၇) မေတ္တာ​ရှိတဲ့ ကောင်းကင်​ဖခင်​ကို အမြဲ အားကိုးလို့ ရ​မှန်း သိတဲ့​အတွက် တစ်ကိုယ်တည်း ဖြစ်တယ်လို့ ယေရှု တစ်ခါ​မှ မခံစား​ခဲ့​ရ​ဘူး။—ယော. ၈:၁၆

၉။ ကျွန်တော်​တို့ကို ယေဟောဝါ ချစ်​ကြောင်း ဘယ်​အထောက်အထား ရှိသလဲ။

ယေရှု​လို​ပဲ ကျွန်တော်​တို့အားလုံး ယေဟောဝါ​ရဲ့ မေတ္တာကို နည်း​မျိုးစုံ​နဲ့ ခံစား​နေ​ရတယ်။ ကျွန်တော်​တို့ကို ဆွဲဆောင်​ထား​တယ်။ စိတ်ဓာတ်ကျ​ချိန်မှာ ပျော်ရွှင်​အားတက်စေဖို့ ကမ္ဘာချီ ညီအစ်ကို/မ မိသားစုကို ပေး​ထား​တယ်။ (ယော. ၆:၄၄) ယုံကြည်ခြင်း ခိုင်မာ​စေ​တဲ့ ကျမ်းစာ​အကြောင်းအရာတွေ ပုံမှန် ပြင်ဆင်​ပေးတယ်။ နေ့စဉ် ရုပ်ပိုင်း လိုအပ်ရာတွေကို​လည်း ဖြည့်ဆည်း​ပေးတယ်။ (မ. ၆:၃၁၊ ၃၂) ယေဟောဝါ​ရဲ့ မေတ္တာ​အကြောင်း စဉ်းစား​မယ်​ဆိုရင် ဘုရား​ကို ချစ်တဲ့ မေတ္တာ တိုးများ​လာပါလိမ့်မယ်။

ညီအစ်ကို/မ​တွေ​ကို ယေဟောဝါ ဆက်ဆံ​သလို ဆက်ဆံ​ပါ

၁၀။ ညီအစ်ကို/မ​တွေ​ကို ယေဟောဝါ ဆက်ဆံပုံ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၀ ညီအစ်ကို/မ​တွေ​ကို ယေဟောဝါ ချစ်တယ်။ ဒါပေမဲ့ သူတို့ကို ချစ်​ဖို့၊ ချစ်​ကြောင်း ပြဖို့ ကျွန်တော်​တို့အတွက် အမြဲ​တော့ လွယ်​မှာ မဟုတ်ဘူး။ ယဉ်ကျေးမှု၊ နောက်ခံ​တွေ မတူကြဘူး။ တခြား​သူတွေကို စိတ်ထိခိုက်၊ စိတ်ပျက်​စေနိုင်​တဲ့ အမှားတွေ ကျွန်တော်​တို့အားလုံး လုပ်တတ်​ကြတယ်။ ဒါပေမဲ့ မေတ္တာ တိုးများ​အောင် လုပ်ဆောင်​နိုင်​ပါ​တယ်။ ဘယ်​နည်းနဲ့လဲ။ ညီအစ်ကို/မ​တွေ​အပေါ် ဘုရား​ ပြ​တဲ့ မေတ္တာကို တုပခြင်း​အားဖြင့်​ပါ​ပဲ။ (ဧ. ၅:၁၊ ၂။ ၁ ယော. ၄:၁၉) ယေဟောဝါ​ရဲ့ ပုံသက်သေ​ကနေ ဘာ​သင်ယူ​နိုင်​ကြောင်း ကြည့်​ကြ​စို့။

၁၁။ ယေဟောဝါ​ရဲ့ “ကရုဏာ” ကို ယေရှု ဘယ်လို တုပ​သလဲ။

၁၁ ယေဟောဝါ​ဟာ “ကရုဏာ” ရှိတယ်။ (လု. ၁:၇၈) ကရုဏာ ရှိသူဟာ တခြား​သူတွေ ဒုက္ခ​ရောက်တာကို မြင်တဲ့အခါ စိတ်ဒုက္ခ​ရောက်​ပြီး ကူညီ​ပေးဖို့၊ နှစ်သိမ့်​ပေးဖို့ ကြိုးစား​တယ်။ လူတွေကို ဆက်ဆံ​တဲ့​အခါ ယေဟောဝါ​ရဲ့ ကရုဏာ​ကို ယေရှု တုပ​တယ်။ (ယော. ၅:၁၉) တစ်ကြိမ်​မှာ လူအုပ်​ကို မြင်တဲ့အခါ ‘အရေခွံ ဆုတ်​ပြီး ပစ်ထား​ခံရ​တဲ့ သိုး​တွေ၊ ထိန်း​သူ​ မရှိတဲ့ သိုး​တွေ​လို ဖြစ်နေ​လို့ သနား’ သွားတယ်။ (မ. ၉:၃၆) ယေရှုရဲ့ ကရုဏာ​ဟာ ခံစားချက်​လောက်​ပဲ မဟုတ်ဘူး။ လူနာ​တွေ​ကို ကုသ​ပေးတယ်။ “ဝန်ပိ​လို့ ပင်ပန်း​နေ​သူ” တွေ​ကို လန်းဆန်း​စေတယ်။—မ. ၁၁:၂၈-၃၀။ ၁၄:၁၄

ညီအစ်ကို/မ​တွေ​ကို ထောက်ထား​စာနာ​ပြီး ရက်ရော​ခြင်း​အားဖြင့် ယေဟောဝါ​ကို တုပ​ပါ (စာပိုဒ် ၁၂-၁၄ ကို ကြည့်​ပါ) *

၁၂။ ထောက်ထား​စာနာမှု ဘယ်လို ပြ​နိုင်​ကြောင်း ဥပမာ​ပေး​ပါ။

၁၂ ညီအစ်ကို/မ​တွေ​ကို ထောက်ထား​စာနာမှု မပြ​ခင် သူတို့ ဘယ်​အခက်အခဲ​တွေ ကြုံနေ​ရ​ကြောင်း ထည့်​စဉ်းစား​ဖို့ လိုတယ်။ ဥပမာ၊ ညီအစ်မ​တစ်ယောက် ကျန်းမာ​ရေး ပြဿနာ ကြုံနေ​ရတယ် ဆိုပါစို့။ တစ်ခါ​မှ မ​ညည်းညူ​ပေမဲ့ တစ်ယောက်ယောက် ကူညီ​ပေး​ရင်​တော့ ကျေးဇူး​တင်​မှာ။ မိသားစုရဲ့ ရုပ်ပိုင်း လိုအပ်ရာတွေ သူ ဘယ်လို ဖြည့်ဆည်း​ပေး​နေသလဲ။ ချက်ပြုတ်​တာ၊ အိမ်​သန့်ရှင်းရေး လုပ်တာ​တွေ ကျွန်တော်​တို့ ဝိုင်းလုပ်​ပေး​နိုင်​မလား။ ညီအစ်ကို​တစ်ယောက် အလုပ်ပြုတ်​သွားတယ် ဆိုပါစို့။ သူ မသိအောင်​ ဖြစ်စေ ငွေကြေး​နည်းနည်း ကူညီ​ပေး​တာ​က အလုပ်​ရတဲ့​အချိန်အထိ ကာမိ​စေ​မလား။

၁၃-၁၄။ ယေဟောဝါ​လို​ပဲ ရက်ရောမှု ဘယ်လို ပြ​နိုင်​သလဲ။

၁၃ ယေဟောဝါ​ဟာ ရက်ရော​တယ်။ (မ. ၅:၄၅) ယေဟောဝါ​လို​ပဲ ကျွန်တော်​တို့​လည်း ကိုယ့်​ဘက်က အစ​ပြုပြီး ရက်ရောမှု ပြ​ရမယ်။ ညီအစ်ကို/မ​တွေ အကူအညီ တောင်း​တဲ့​အထိ မ​စောင့်​သင့်ဘူး။ ဘုရား​က ကျွန်တော်​တို့ တောင်းဆို​စ​ရာ မလို​ဘဲ နေ့တိုင်း နေ​ထွက်​စေတယ်။ ကျေးဇူး​သိ​တတ်​သူတွေ​သာ မဟုတ်ဘဲ လူတိုင်း နေရောင်​ကနေ အကျိုး​ရတယ်။ ကျွန်တော်​တို့ လိုအပ်ရာတွေကို ဖြည့်ဆည်း​ပေး​တာ​ဟာ ယေဟောဝါ မေတ္တာ ပြ​နေတာပဲ မဟုတ်လား။ ဒီလောက် ကြင်နာ​ရက်ရောတဲ့​အတွက် ယေဟောဝါ​ကို သိပ်ချစ်​ကြတယ်။

၁၄ ကောင်းကင်​ဖခင်​ကို တုပ​တဲ့​အနေ​နဲ့ ညီအစ်ကို/မ​များစွာ​ဟာ ကိုယ့်​ဘက်က အစ​ပြုပြီး ရက်ရောမှု ပြ​နေကြ​တယ်။ ဥပမာ၊ ၂၀၁၃၊ စူပါ ​တိုင်ဖွန်း​မုန်တိုင်း ဟိုင်ယန်​ကြောင့် ဖိလစ်ပိုင်​မှာ တော်​တော် ထိခိုက်​ပျက်စီး​သွားတယ်။ ညီအစ်ကို/မများ​စွာ အိမ်တွေ၊ ပစ္စည်းဥစ္စာ​တွေ ဆုံးရှုံး​သွားတယ်။ ကမ္ဘာ​တစ်ဝန်း​က ညီအစ်ကို/မ​တွေ ချက်ချင်း ကူညီ​ပေး​ကြတယ်။ ဆောက်လုပ်ရေး လုပ်ငန်း​အတွက် အလှူငွေ ထည့်ဝင်​ကြတယ်။ ဆောက်လုပ်ရေး လုပ်ငန်းမှာ ပါဝင်​ကြတယ်။ ဒါ​ကြောင့် တစ်နှစ်​ မပြည့်​ခင်​မှာပဲ အိမ်​အလုံးပေါင်း ၇၅၀ နီးပါး ပြန်​ပြင်၊ ပြန်​ဆောက်​ပေး​နိုင်​ခဲ့တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ​အတွင်းမှာ​လည်း ညီအစ်ကို/မ​တွေ အချင်းချင်း ကူညီ​ထောက်မ​ကြတယ်။ ချက်ချင်း ကူညီ​ထောက်မ​ပေး​တာ​ဟာ မေတ္တာပြ​နေတာပါ​ပဲ။

၁၅-၁၆။ လုကာ ၆:၃၆ အရ ကောင်းကင်​ဖခင်​ကို တုပ​နိုင်​တဲ့ အရေးကြီး​ နည်း​တစ်နည်း​က ဘာလဲ။

၁၅ ယေဟောဝါ​ဟာ သနား​စာနာ၊ ခွင့်လွှတ်​တယ်။ (လုကာ ၆:၃၆ ကို ဖတ်ပါ။) ကောင်းကင်​ဖခင်​ရဲ့ သနား​စာနာမှု​ကို ကျွန်တော်​တို့ နေ့တိုင်း ခံစား​နေ​ရတယ်။ (ဆာ. ၁၀၃:၁၀-၁၄) ယေရှုလည်း နောက်လိုက်​တွေ မစုံလင်​ပေမဲ့ သနား​စာနာ၊ ခွင့်လွှတ်​ပေးတယ်။ ကျွန်တော်​တို့​ရဲ့ အပြစ်တွေ ခွင့်လွှတ်​ခံရ​ဖို့ အသက်ကိုတောင် လိုလိုလားလား ပေးဆက်​ခဲ့တယ်။ (၁ ယော. ၂:၁၊ ၂) ယေဟောဝါ​နဲ့ ယေရှုရဲ့ သနား​စာနာမှု၊ ခွင့်လွှတ်​မှု​ကြောင့် သူတို့နဲ့ ပို​ရင်းနှီး​လာတယ် မဟုတ်လား။

၁၆ ကျွန်တော်​တို့​လည်း “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်” မယ်​ဆိုရင် ညီအစ်ကို/မ​တွေ​နဲ့ မေတ္တာ​နှောင်ကြိုး ပို​ခိုင်မာ​လာမယ်။ (ဧ. ၄:၃၂) တခြား​သူတွေကို ခွင့်လွှတ်​ဖို့ တစ်ခါ​တလေ သိပ်​ခက်​နိုင်​လို့ ကြိုးစား​အားထုတ်​ရမယ်။ “အကြွင်းမဲ့ ခွင့်လွှတ်​ကြ​ပါ” ဆို​တဲ့ ကင်းမျှော်စင် ဆောင်းပါး​က ညီအစ်မ​ တစ်ယောက်ကို အကူအညီ ဖြစ်​စေတယ်။ * “ဒီ​ဆောင်းပါး​က အပြုသဘော ပို​ရှိဖို့ ကျွန်မ​ကို ကူညီ​ပေးတယ်။ တခြား​သူတွေကို တလိုတလား ခွင့်လွှတ်​တယ်​ဆိုတာ သူတို့ရဲ့ မှားယွင်းတဲ့​ လုပ်ရပ်​ကို လက်ခံ​တာ ဒါမှ​မဟုတ် သူတို့ရဲ့ အမှား​က ကိုယ့်ကို ထိခိုက်​နစ်နာမှု မရှိစေ​ဘူးလို့ ယူဆတာ​ကို မဆိုလို​ဘဲ သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်​ကြောင့် ဆက်​ပြီး ဒေါသ မ​ထွက်​တာ၊ ကိုယ့်​စိတ်​ထဲမှာ ငြိမ်သက်မှု ရှိဖို့ ကြိုး​စားတာ​ကို ဆိုလိုတယ်​လို့ ဆောင်းပါး​မှာ ရှင်းပြ​ထား​တယ်” ဆိုပြီး ညီအစ်မ ရေးတယ်။ ညီအစ်ကို/မ​တွေ​ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​တာ​ဟာ သူတို့ကို မေတ္တာပြ​နေတာ၊ ဖခင် ယေဟောဝါ​ကို တုပ​နေတာပါ​ပဲ။

ယေဟောဝါ​ရဲ့ မိသားစုမှာ ကိုယ့်​နေရာကို တန်ဖိုး​ထား​ပါ

လူကြီးလူငယ်​အားလုံး ညီအစ်ကို/မ အချင်းချင်း​ကို မေတ္တာပါပါ စိတ်ဝင်စားမှု ပြ​နေ (စာပိုဒ် ၁၇ ကို ကြည့်​ပါ) *

၁၇။ မဿဲ ၅:၁၆ အရ ကောင်းကင်​ဖခင်​ကို ဘယ်လို ဂုဏ်တင်​နိုင်​သလဲ။

၁၇ မေတ္တာ​ရှိတဲ့ ကမ္ဘာချီ မိသားစုဝင် ဖြစ်​ရတာ အခွင့်ထူးပါပဲ။ လူများ​နိုင်​သမျှ များများ ဝတ်ပြုရေးမှာ ပူးပေါင်း​လာဖို့ ကျွန်တော်​တို့ ဆန္ဒ​ရှိတယ်။ ဒါ​ကြောင့် ယေဟောဝါ​ရဲ့ ဂုဏ်​သိက္ခာ၊ ယေဟောဝါလူမျိုး​ရဲ့ ဂုဏ်​သိက္ခာ ထိခိုက်အောင် ဘာမှ မလုပ်မိဖို့ သတိပြု​ကြပါစို့။ ကျွန်တော်​တို့​ရဲ့ အကျင့်ကောင်း​ကြောင့် သတင်းကောင်းကို လူတွေ စိတ်ဝင်စား​လာအောင် အမြဲ ကြိုးစား​ကြပါစို့။မဿဲ ၅:၁၆ ကို ဖတ်ပါ။

၁၈။ သတ္တိရှိရှိ သက်သေခံဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။

၁၈ ကောင်းကင်​ဖခင်​ကို နာခံ​လို့ ကျွန်တော်​တို့ တစ်ခါ​တ​လေ ပြစ်တင်​ဝေဖန်ခံ​ရ၊ နှိပ်စက်​ညှဉ်းပန်း ခံရ​နိုင်တယ်။ တခြား​သူတွေကို ယုံကြည်ချက်​အကြောင်း ပြော​ဖို့ ကြောက်​နေရင် ဘာလုပ်​မလဲ။ ယေဟောဝါ​နဲ့ သားတော်​ဆီ အကူအညီ​ တောင်း​ပါ။ ဘယ်လို ပြော​ရမယ်၊ ဘာ​ပြော​ရမယ်ဆိုတာ မစိုးရိမ်​ဖို့ တပည့်​တွေ​ကို ယေရှု မှာ​ထား​တယ်။ “ပြော​ရမယ့် စကား​ကို အဲဒီ​အချိန်ကျရင် သိလာ​လိမ့်မယ်။ ခင်ဗျား​တို့​ပဲ ပြော​ရမှာ မဟုတ်ဘူး၊ ကောင်းကင်​အဖ​ဆီက လာတဲ့ စွမ်းအားတော်​က ကူ​ပြောပေး​လိမ့်မယ်” လို့ ယေရှု ပြော​တယ်။—မ. ၁၀:၁၉၊ ၂၀

၁၉။ သတ္တိရှိရှိ သက်သေခံ​ခဲ့​သူ​ တစ်ယောက်​အကြောင်း ပြောပြ​ပါ။

၁၉ ရောဘတ်​အကြောင်း စဉ်းစား​ကြည့်​ပါ။ ကျမ်းစာ အသိပညာ သိပ်​မရှိ​သေး​တဲ့ ကျမ်းစာ​သင်သား ဘဝ​တုန်း​က တောင်​အာဖရိက စစ်ခုံရုံး​ရှေ့ ဆင့်ခေါ်​ခံရ​တယ်။ ခရစ်ယာန် ညီအစ်ကို/မ​တွေ​ကို ချစ်​လို့ ကြားနေ​ချင်​တဲ့​အကြောင်း သတ္တိရှိရှိ ရှင်းပြတယ်။ ယေဟောဝါ​ရဲ့ မိသားစုမှာ ကိုယ့်​နေရာကို ရောဘတ် တန်ဖိုး​ထား​တယ်။ “မင်းရဲ့ ညီအစ်ကို/မ​တွေ​ဆိုတာ ဘယ်သူတွေလဲ” လို့ တရားသူကြီး မေးတယ်။ မမျှော်လင့်​ဘဲ အဲဒီလို မေး​ခံရ​ချိန်မှာ အဲဒီ​နေ့​ရဲ့ နေ့စဉ်​ကျမ်းချက် ချက်ချင်း ခေါင်း​ထဲ ဝင်​လာတယ်။ “ကောင်းကင်​မှာ စံမြန်း​တဲ့ အဖဘုရား​ရဲ့ အလိုတော်ကို ဆောင်​တဲ့​သူတိုင်းဟာ ကျွန်တော့်​အမေ၊ ကျွန်တော့် ညီအစ်ကို​မောင်နှမ​တွေ​ပဲ” ဆိုတဲ့ မဿဲ ၁၂:၅၀ ပါ​ပဲ။ ရောဘတ် ကျမ်းစာ​အကြောင်း သင်ယူ​ခါ​စ​ပဲ ရှိသေး​ပေမဲ့ အဲဒီ​မေးခွန်း​နဲ့ တခြား မေးခွန်းတွေ ဖြေဖို့ ယေဟောဝါ​ရဲ့ စွမ်းအားတော်​က ကူညီ​ပေးတယ်။ ရောဘတ်​အတွက် ယေဟောဝါ ဂုဏ်ယူ​နေမှာ​ပဲ။ ခက်ခဲ​တဲ့ အခြေအနေ​တွေ​မှာ သတ္တိရှိရှိ သက်သေခံဖို့ ဘုရား​ကို အားကိုးမယ်​ဆိုရင် ကျွန်တော်​တို့အတွက်​လည်း ယေဟောဝါ ဂုဏ်ယူ​နေပါလိမ့်မယ်။

၂၀။ ဘာလုပ်ဖို့ စိတ်ပိုင်း​ဖြတ်​ထား​သင့်သလဲ။ (ယောဟန် ၁၇:၁၁၊ ၁၅)

၂၀ အကောင်းဆုံး ဖခင်​နဲ့ မေတ္တာ​ရှိတဲ့ ညီအစ်ကို/မ မိသားစု​ဝင်တွေကို ကျွန်တော်​တို့ ရထားတယ်။ အဲဒီ​ကောင်းချီး​ကို ဆက်​တန်ဖိုး​ထား​လေးမြတ်ပါ။ ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘော​မထားပါနဲ့။ စာတန်​နဲ့ နောက်လိုက်​တွေ​ဟာ ကောင်းကင်​ဖခင်​ရဲ့ မေတ္တာကို ကျွန်တော်​တို့ သံသယဝင်​အောင်၊ စည်းလုံးမှု ပျက်​အောင် ကြိုးစား​နေတယ်။ ဒါပေမဲ့ ကျွန်တော်​တို့ စည်းလုံး​နေ​အောင် ကာကွယ်​စောင့်ရှောက်​ပေးဖို့ ယေရှု ဆုတောင်းပေး​ခဲ့တယ်။ (ယောဟန် ၁၇:၁၁၊ ၁၅ ကို ဖတ်ပါ။) အဲဒီ​ဆုတောင်းချက်​ကို ယေဟောဝါ ဖြေပေး​နေတယ်။ ယေရှု​လို​ပဲ ကောင်းကင်​ဖခင်​ရဲ့ မေတ္တာနဲ့ ထောက်မမှုကို ဘယ်တော့မှ သံသယ​ မဝင်​ကြ​ပါ​နဲ့။ ယေဟောဝါ​ဘုရား​ရဲ့ မိသားစုနဲ့ ရင်းရင်းနှီးနှီး ဆက်​နေဖို့ စိတ်ပိုင်း​ဖြတ်​ထား​ကြပါစို့။

သီချင်း ၉၉ မြောက်မြား​လှတဲ့ ညီအစ်ကို​များ

^ အပိုဒ်၊ 5 မေတ္တာ​ရှိတဲ့ ညီအစ်ကို/မ​တွေ​နဲ့ မိသားစုဝင် ဖြစ်​ရတာ တကယ့် အခွင့်ထူးပါပဲ။ မေတ္တာ​နှောင်ကြိုး ပို​ခိုင်မြဲ​အောင် ကျွန်တော်​တို့ လုပ်ချင်ကြတယ်။ ဘယ်လို လုပ်နိုင်သလဲ။ ယေဟောဝါ​ရဲ့ မေတ္တာကို တုပခြင်း၊ ယေရှုနဲ့ ညီအစ်ကို/မ​တွေ​ရဲ့ ပုံသက်သေ​ကို လိုက်လျှောက်ခြင်း​အားဖြင့်​ပါ​ပဲ။

^ အပိုဒ်၊ 57 ပုံ​အညွှန်း– ဂေသရှေမန်​ဥယျာဉ်​မှာ ယေရှုကို ခွန်အား​ပေးဖို့ ကောင်းကင်တမန်​တစ်ပါး ယေဟောဝါ စေလွှတ်​ပေး။

^ အပိုဒ်၊ 59 ပုံ​အညွှန်း– ကိုဗစ်-၁၉ ကပ်ရောဂါ​ကာလ​အတွင်း ညီအစ်ကို/မ​များစွာ​ဟာ အစားအစာ​တွေ ပြင်ဆင်​ပြီး ပို့ပေး​ကြ။

^ အပိုဒ်၊ 61 ပုံ​အညွှန်း– ထောင်ကျ​နေတဲ့ ညီအစ်ကို​ဆီ အားပေးစာ ရေး​နေတဲ့ သမီးကို မိခင်​တစ်ယောက် ကူညီ​ပေး​နေ။