မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၇

သင့်ယုံကြည်ခြင်း ဘယ်လောက် ခိုင်မာသလဲ

သင့်ယုံကြည်ခြင်း ဘယ်လောက် ခိုင်မာသလဲ

“သိပ်​မစိုးရိမ်ပါနဲ့။ ဘုရားသခင်​ကို ယုံကြည်​သက်ဝင်​ကြ​ပါ။”—ယော. ၁၄:၁

သီချင်း ၁၁၉ ယုံကြည်ခြင်း ရှိရမယ်

အကြို​သုံးသပ်ချက် *

၁။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို မေး​မိ​နိုင်​သလဲ။

မှားယွင်းတဲ့ ဘာသာရေး ဖျက်ဆီး​ခံရတာ၊ မာဂေါဂ​ပြည်​က ဂေါဂ​မင်း တိုက်ခိုက်​တာ၊ အာမဂေဒုန် စစ်ပွဲ စတဲ့ ရှေ့မှာ ဖြစ်​မယ့် ဖြစ်ရပ်​တွေ​အကြောင်း စဉ်းစား​လိုက်တဲ့အခါ တစ်ခါ​တလေ စိုးရိမ်​မိ​သလား။ ‘အဲဒီလို ကြောက်စရာ​ကောင်း​တာ​တွေ ဖြစ်လာ​ချိန်မှာ ငါ သမာဓိ စောင့်ထိန်း​နိုင်​ပါ့​မလား’ လို့ စဉ်းစား​ဖူး​သလား။ အဲဒီလို စဉ်းစား​ဖူး​တယ်​ဆိုရင် အဓိက​ ကျမ်းချက်​မှာ ပါ​တဲ့ ယေရှုရဲ့ စကား​က ကူညီ​ပေး​ပါ​လိမ့်မယ်။ “ခင်ဗျား​တို့ သိပ်​မစိုးရိမ်ပါနဲ့။ ဘုရားသခင်​ကို ယုံကြည်​သက်ဝင်​ကြ​ပါ” လို့ တပည့်​တွေ​ကို ယေရှု ပြော​တယ်။ (ယော. ၁၄:၁) ခိုင်မာ​တဲ့ ယုံကြည်ခြင်းက အနာဂတ်​ကို ရဲ​ရဲ ရင်ဆိုင်ဖို့ ကူညီ​ပေး​ပါ​လိမ့်မယ်။

၂။ ယုံကြည်ခြင်း ခိုင်မာ​အောင် ဘာလုပ်​နိုင်​သလဲ။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

လက်ရှိ​ ကြုံနေ​ရတဲ့ စမ်းသပ်မှု​တွေ​ကို ဘယ်လို ဖြေရှင်း​နေသလဲ​ဆိုတာ ဆန်းစစ်ခြင်း​အားဖြင့် အနာဂတ်​မှာ ကြုံ​ရမယ့် စမ်းသပ်မှု​တွေ​ကို ဘယ်လို ဖြေရှင်း​ရမယ်၊ ဘယ်​ကဏ္ဍ​တွေ​မှာ ယုံကြည်ခြင်း ပို​ခိုင်မာ​အောင် လုပ်ရမယ်​ဆိုတာ သိလာမယ်။ စမ်းသပ်မှု​တစ်ခုစီ​ကို ခံရပ်​နိုင်တာ​နဲ့​အမျှ ယုံကြည်ခြင်း ပို​ခိုင်မာ​လာမယ်။ ဒါက အနာဂတ်​မှာ ကြုံ​ရမယ့် စမ်းသပ်မှု​တွေ​ကို ခံရပ်​နိုင်​ဖို့ ကူညီ​ပေး​ပါ​လိမ့်မယ်။ ယုံကြည်ခြင်း ပို​လိုအပ်​တဲ့ အခြေအနေ လေးခု​ကို ယေရှုရဲ့ တပည့်​တွေ ကြုံ​ခဲ့​ရတယ်။ အဲဒီ​အကြောင်း ဒီ​ဆောင်းပါး​မှာ သုံးသပ်ကြ​ပါ​မယ်။ ဒီနေ့​ခေတ်​မှာလည်း အဲဒီလို စမ်းသပ်မှု​တွေ ဘယ်လို ကြုံ​ရနိုင်​ကြောင်း၊ အဲဒါတွေ​က အနာဂတ်​အတွက် ဘယ်လို အသင့်​ပြင်ပေး​ကြောင်း​လည်း သုံးသပ်ကြ​ပါ​မယ်။

ရုပ်ပိုင်း လိုအပ်ရာတွေကို ဘုရား ထောက်မ​ပေး​မယ်​ဆို​တဲ့ ယုံကြည်ခြင်း

စီးပွားရေး အခက်အခဲ ကြုံ​ရနိုင်​ပေမဲ့ နိုင်ငံတော်​ကို ဆက်​ဦးစားထား​ဖို့ ယုံကြည်ခြင်းက ကူညီ​ပေး​မယ် (စာပိုဒ် ၃-၆ ကို ကြည့်​ပါ)

၃။ မဿဲ ၆:၃၀၊ ၃၃ မှာ ဘယ်​အချက်​ကို ယေရှု ရှင်းရှင်းလင်းလင်း ဖော်ပြ​သလဲ။

အိမ်ထောင်ဦးစီး တစ်ယောက်​အနေ​နဲ့ မိသားစုရဲ့ စား​ဝတ်​နေ​ရေး​ကို ဖူဖူလုံလုံ ထောက်မ​ပေး​ချင်​တာ သဘာဝပါပဲ။ ဒီ​နောက်ဆုံး​ကာလ​မှာ အဲဒီလို ထောက်မ​ပေးဖို့ အမြဲ​တော့ မလွယ်​ဘူး။ အလုပ်ပြုတ်​သွားတာမျိုး၊ အတတ်နိုင်ဆုံး ကြိုးစား​တဲ့​ကြား အလုပ် နောက်တစ်ခု ပြန်​ရှာ​လို့ မရတာ​မျိုး ဖြစ်​နိုင်တယ်။ ခရစ်ယာန်​တွေ​နဲ့ မ​ကိုက်​တဲ့ အလုပ်​ ဖြစ်နေ​လို့ ငြင်း​လိုက်ရ​တာ​မျိုး​လည်း ရှိ​နိုင်တယ်။ အဲဒီလို အခြေအနေ​မျိုးမှာ မိသားစုရဲ့ လိုအပ်ရာတွေကို ယေဟောဝါ တစ်နည်းနည်းနဲ့ ထောက်မ​ပေး​မယ်​ဆိုတာ အခိုင်အမာ ယုံကြည်ဖို့ လိုတယ်။ အဲဒီ​အချက်​ကို တောင်ပေါ်​တရားတော်​မှာ ယေရှု ရှင်းရှင်းလင်းလင်း ပြော​ခဲ့တယ်။ (မဿဲ ၆:၃၀၊ ၃၃ ကို ဖတ်ပါ။) ကျွန်တော်​တို့ကို ယေဟောဝါ ပစ်ထား​မှာ မဟုတ်​ကြောင်း အပြည့်အဝ ယုံကြည်တယ်​ဆိုရင် ဘုရား​နိုင်ငံတော်​ကို ဆက်​ဦးစားထား​နိုင်​ကြ​ပါ​လိမ့်မယ်။ ယေဟောဝါရဲ့ ရုပ်ပိုင်း ထောက်မ​ပေး​မှု​ကို ခံစား​ရတဲ့အခါ ဘုရား​နဲ့ ပို​ရင်းနှီး​လာမယ်။ ယုံကြည်ခြင်း ပို​ခိုင်မာ​လာမယ်။

၄-၅။ ရုပ်ပိုင်း လိုအပ်ချက်​တွေ​ကြောင့် မိသားစု​တစ်စု စိုးရိမ်​ပူပန်​နေချိန်မှာ ဘယ်လို အကူအညီ ရခဲ့​သလဲ။

ရုပ်ပိုင်း လိုအပ်ရာတွေ​ကြောင့် စိုးရိမ်​ပူပန်​နေတဲ့ မိသားစု​တစ်စု​ကို ယေဟောဝါ ဘယ်လို ကူညီ​ပေး​ကြောင်း သုံးသပ်ကြည့်​ပါ။ ဗင်နီဇွဲလား​မှာ တစ်ချိန်က ကက်စ်​ထ​ရို​တို့ မိသားစုဟာ ကိုယ်ပိုင် လယ်ကွက်​လေး​နဲ့ ဖူဖူလုံလုံ နေနိုင်​ခဲ့​ကြတယ်။ နောက်ပိုင်း၊ လက်နက်ကိုင်​တွေ ရောက်လာ​ပြီး လယ်​ကို သိမ်း​လိုက်ကြတယ်။ “အခုတော့ ငှား​ထား​တဲ့ မြေကွက်​လေးမှာ​ပဲ စိုက်​ပျိုး​နေ​ရတယ်။ မနက်​မိုးလင်းတာနဲ့ တစ်နေ့တာ လိုအပ်ရာတွေကို ထောက်ပံ့​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​တယ်” လို့ ဖခင် မီ​ဂူ​လ် ပြော​တယ်။ သူတို့​မိသားစု​အတွက် ဘဝဟာ ခက်ခဲ​ပေမဲ့ နေ့စဉ် လိုအပ်ရာတွေကို ကောင်းကင်​ဖခင် ထောက်မ​ပေး​မယ်​ဆိုတာ အပြည့်အဝ ယုံကြည်​စိတ်ချ​တဲ့​အတွက် အစည်းအဝေးတွေ မှန်မှန် တက်တယ်၊ ဟောပြောခြင်း​မှာ ပါဝင်တယ်။ ဘဝမှာ နိုင်ငံတော်​ကို ဦးစားထား​လို့ သူတို့ လိုအပ်ရာတွေကို ယေဟောဝါ ထောက်ပံ့​ပေးတယ်။

မီ​ဂူ​လ်​နဲ့ ဇနီး ယူ​ရီ​ဟာ ခက်ခဲ​ချိန်​တစ်လျှောက် ယေဟောဝါ ဘယ်လို ထောက်မ​ပေးတယ်​ဆိုတာ​ကို အာရုံစိုက်​ကြတယ်။ လိုအပ်ရာတွေ ထောက်မ​ပေးဖို့၊ သင့်တော်​တဲ့ အလုပ် ရှာတွေ့နိုင်​ဖို့ တစ်ခါ​တလေ ယုံကြည်သူချင်းတွေကို သုံးပြီး ယေဟောဝါ ကူညီ​ပေးတယ်။ တစ်ခါ​တ​လေ​မှာ​တော့ ဌာနခွဲ ကယ်ဆယ်​ရေး အစီအစဉ်တွေ​ကနေ အခြေခံ​ လိုအပ်ရာတွေကို ထောက်ပံ့​ပေးတယ်။ သူတို့ကို ယေဟောဝါ ဘယ်တော့မှ မစွန့်ပစ်​ပါ​ဘူး။ ဒါ​ကြောင့် သူတို့​မိသားစု ယုံကြည်ခြင်း ပို​ခိုင်မာ​လာတယ်။ ယေဟောဝါရဲ့ အကူအညီကို ကိုယ်တွေ့ ခံစား​ရပြီး​နောက် “ယေဟောဝါရဲ့ လက်တော်ကို ဒီလို​ထင်ထင်ရှားရှား မြင်ရ​တာ သိပ်​အား​ရှိတယ်။ အမြဲ အားကိုး​နိုင်​တဲ့ မိတ်ဆွေ​အဖြစ် ဘုရား​ကို မြင်လာ​ပြီ။ ကျွန်မတို့ မိသားစု ကြုံ​ရတဲ့ စမ်းသပ်မှု​တွေ​က အနာဂတ်​မှာ ကြုံ​ရမယ့် ပို​ပြင်းထန်​တဲ့ စမ်းသပ်မှု​တွေ​အတွက် အသင့်​ပြင်ပေး​တာ” လို့ သမီးကြီး ယို​စ​လင်း ပြော​တယ်။

၆။ စီးပွားရေး အခက်အခဲ ကြုံ​ရချိန်မှာ ယုံကြည်ခြင်း ခိုင်မာ​အောင် ဘယ်လို လုပ်နိုင်သလဲ။

သင်​ကော စီးပွားရေး အခက်အခဲ ရင်ဆိုင်​နေရ​သလား။ ဒါဆိုရင် သိပ်​ခက်ခဲ​နေမှာ​ပဲ။ ဒါပေမဲ့ အခက်အခဲ​တွေ​ကြား ယုံကြည်ခြင်း ခိုင်မာ​အောင် တည်ဆောက်​နိုင်​ပါ​တယ်။ မဿဲ ၆:၂၅-၃၄ မှာ ပါတဲ့ ယေရှုရဲ့ စကား​တွေ​ကို ဆုတောင်း​ပြီး ဖတ်ပါ။ တွေးတော​ဆင်ခြင်​ပါ။ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ အလုပ်များ​နေသူတွေကို ယေဟောဝါ ကူညီ​ထောက်မ​ပေး​တဲ့ ဒီနေ့​ခေတ် တွေ့ကြုံမှု​တွေ​ကို စဉ်းစားပါ။ (၁ ကော. ၁၅:၅၈) ဒါဆိုရင် ကိုယ်​နဲ့ အခြေအနေ​ တူ​တဲ့ တခြား​သူတွေကို ယေဟောဝါ ကူညီ​ပေး​ခဲ့​သလို ကိုယ့်ကိုလည်း ကူညီ​ပေး​မယ်​ဆိုတဲ့ ယုံကြည်​စိတ်ချမှု ခိုင်မာ​လာပါလိမ့်မယ်။ သင် ဘာ​လိုအပ်​တယ်၊ ဘယ်လို ကူညီ​ပေး​ရမယ်ဆိုတာ ဘုရား သိတယ်။ ဘဝမှာ ယေဟောဝါရဲ့ အကူအညီကို ခံစား​ရတာ​နဲ့​အမျှ ယုံကြည်ခြင်း ပို​ခိုင်မာ​လာမယ်။ အနာဂတ်​မှာ ကြုံ​ရမယ့် ပို​ဆိုး​တဲ့ အခက်အခဲတွေကို ခံရပ်​နိုင်​ပါ​လိမ့်မယ်။—ဟဗ. ၃:၁၇၊ ၁၈

ပြဿနာ​တွေ​ကို ခံရပ်​နိုင်​တဲ့ ယုံကြည်ခြင်း

ပကတိ မုန်တိုင်း​ဖြစ်စေ၊ မုန်တိုင်း​လို ကြီးမား​တဲ့ ပြဿနာ​တွေ​ကို​ဖြစ်စေ ခံရပ်​ဖို့ ခိုင်မာ​တဲ့ ယုံကြည်ခြင်းက ကူညီ​ပေး​နိုင် (စာပိုဒ် ၇-၁၁ ကို ကြည့်​ပါ)

၇။ မဿဲ ၈:၂၃-၂၆ အရ “မုန်တိုင်း” က တပည့်​တွေ​ရဲ့ ယုံကြည်ခြင်းကို ဘယ်လို စမ်းသပ်မှု ဖြစ်စေ​သလဲ။

တစ်ချိန်​မှာ ယေရှုနဲ့ တပည့်​တွေ ပင်လယ်​မှာ မုန်တိုင်း ကြုံ​ရတယ်။ အဲဒီ​အခြေအနေ​ကို သုံးပြီး တပည့်​တွေ​ရဲ့ ယုံကြည်ခြင်း ခိုင်မာ​အောင် လုပ်ဖို့ လို​ကြောင်း နားလည်အောင် ယေရှု ကူညီ​ပေးတယ်။ (မဿဲ ၈:၂၃-၂၆ ကို ဖတ်ပါ။) မုန်တိုင်း​ကြောင့် လှိုင်း​ထန်​လာပြီး လှေ​ထဲ ရေ​တွေ ဝင်လာ​ပေမဲ့ ယေရှု​က​တော့ အိပ်ပျော်နေတယ်။ တပည့်​တွေ ကြောက်လန့်​တကြား ယေရှုကို နှိုး​ပြီး ကယ်​ဖို့ ပြော​တဲ့​အခါ “ယုံကြည်ခြင်း နည်း​သူတို့၊ ဘာလို့ ကြောက်​နေတာလဲ” ဆိုပြီး ဆုံးမ​တယ်။ ယေရှုနဲ့ မိမိတို့ကို ယေဟောဝါ အပြည့်အဝ ကာကွယ်​ပေး​နိုင်စွမ်း ရှိကြောင်း တပည့်​တွေ သိ​သင့်တယ်။ ဘာ​သင်ခန်းစာ ရသလဲ။ ပကတိ မုန်တိုင်း​ဖြစ်စေ၊ မုန်တိုင်း​လို ကြီးမား​တဲ့ ပြဿနာ​တွေ​ကို​ဖြစ်စေ ခံရပ်​နိုင်​ဖို့ ခိုင်မာ​တဲ့ ယုံကြည်ခြင်းက ကူညီ​ပေး​နိုင်တယ်။

၈-၉။ အဲ​နယ်ရဲ့ ယုံကြည်ခြင်း ဘယ်လို စမ်းသပ်ခံ​ရသလဲ။ သူ့ကို ဘာက ကူညီ​ပေး​သလဲ။

ခက်ခဲ​တဲ့ စမ်းသပ်မှု​ကို ခံရပ်​ခဲ့လို့ ယုံကြည်ခြင်း ခိုင်မာ​လာတဲ့ ပွာတိုရီကို​က တစ်ကိုယ်ရေ ညီအစ်မ အဲ​နယ်​အကြောင်း စဉ်းစား​ကြည့်​ပါ။ သူဟာ ပကတိ မုန်တိုင်း​ကို ရင်ဆိုင်ခဲ့​ရတာ။ ၂၀၁၇ မှာ ဟာရီကိန်း မာ​ရီ​ယာ​ကြောင့် အဲ​နယ်ရဲ့​ အိမ် ပျက်စီး​သွားတယ်။ အလုပ်​လည်း မရှိတော့ဘူး။ “ဒီလို​ခက်ခဲ​တဲ့​အချိန်​မှာ စိုးရိမ်​ပူပန်​မိ​ပေမဲ့ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပြီး ဆုတောင်း​တဲ့​အတွက် ထိတ်ထိတ်ပျာပျာ မဖြစ်​ဘူး” လို့ ပြော​တယ်။

စမ်းသပ်မှု​ကို ခံရပ်​နိုင်​ဖို့ ကူညီ​ပေး​ခဲ့​တဲ့​အရာ နောက်တစ်ခု​က​တော့ နာခံခြင်း​ပဲလို့ အဲ​နယ် ပြော​တယ်။ “အဖွဲ့အစည်း​ရဲ့ လမ်းညွှန်ချက်တွေကို လိုက်လျှောက်​တာ​က စိတ်​တည်ငြိမ်​အောင် ကူညီ​ပေးတယ်။ ညီအစ်ကို/မ​တွေ​ရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာ​ပိုင်း ကူညီ၊ အားပေးမှု​တွေ​က​တစ်ဆင့် ယေဟောဝါရဲ့ အကူအညီကို ခံစား​ရတယ်။ ကျွန်မ တောင်း​တာ​ထက် ယေဟောဝါ ပို​လုပ်ပေးလို့ ယုံကြည်ခြင်း ခိုင်မာ​လာတယ်” လို့ ပြော​တယ်။

၁၀။ “မုန်တိုင်း” ကြုံနေ​ရ​ရင် ဘာလုပ်​နိုင်​သလဲ။

၁၀ သင်​ကိုယ်တိုင်​ကော ဘဝမှာ “မုန်တိုင်း” နဲ့ ကြုံနေ​ရ​သလား။ သဘာဝဘေး ဖြစ်​နိုင်တယ်။ ကျန်းမာ​ရေး ပြဿနာ​လို​မျိုး ပုံဆောင် မုန်တိုင်း​လည်း ဖြစ်​နိုင်တယ်။ အဲဒါ​ကြောင့် စိတ်ဓာတ်ကျ​ပြီး ဘာလုပ်​ရ​မှန်း မသိအောင် ဖြစ်​မိ​နိုင်တယ်။ ဒါပေမဲ့ စိုးရိမ်​ပူပန်​လွန်း​ပြီး ယေဟောဝါ​ကို မယုံကြည်​တော့​တာ​မျိုး မဖြစ်ပါစေနဲ့။ ထက်ထက်သန်သန် ဆုတောင်း​ပြီး ယေဟောဝါ​နဲ့ ရင်းနှီးအောင် လုပ်ပါ။ အရင်က ယေဟောဝါ ကူညီ​ပေး​ခဲ့​တာတွေကို ပြန်တွေး​ပြီး ယုံကြည်ခြင်း ခိုင်မာ​အောင် လုပ်ပါ။ (ဆာ. ၇၇:၁၁၊ ၁၂) အခု​ကော၊ နောင်ကော သင့်ကို ယေဟောဝါ ဘယ်တော့မှ မစွန့်​ဘူးဆို​တာ ယုံကြည်​စိတ်ချ​နိုင်​ပါ​တယ်။

၁၁။ ဦးဆောင်​နေသူတွေကို နာခံ​ဖို့ ဘာကြောင့် စိတ်ပိုင်း​ဖြတ်​ထားသင့်​သလဲ။

၁၁ အခက်အခဲတွေကို ခံရပ်​နိုင်​ဖို့ ဘာတွေ​က ကူညီ​ပေး​နိုင်​သေး​သလဲ။ အဲ​နယ် ပြော​သလို နာခံမှု​ပါ​ပဲ။ ယေဟောဝါ​နဲ့ ယေရှု ယုံကြည်​စိတ်ချ​သူတွေကို ယုံကြည်ပါ။ တစ်ခါ​တ​လေ ကိုယ့်​အတွက် အဓိပ္ပာယ် မရှိဘူးလို့ ထင်​ရတဲ့ လမ်းညွှန်မှု​တွေ​ကို ဦးဆောင်​သူတွေ ပေး​လာနိုင်တယ်။ ဒါပေမဲ့ နာခံမှု​ကို ယေဟောဝါ ကောင်းချီး​ပေးတယ်။ နာခံမှု​ဟာ အသက် ကယ်​နိုင်​ကြောင်း ကျမ်းစာ​ထဲ​က ပုံ​နမူနာ​တွေ၊ သစ္စာရှိ ညီအစ်ကို/မ​တွေ​ရဲ့ တွေ့ကြုံမှု​တွေ​ကနေ သိရတယ်။ (ထွ. ၁၄:၁-၄။ ၂ ရာ. ၂၀:၁၇) အဲဒါတွေကို တွေးတော​ဆင်ခြင်​ပါ။ ဒါဆိုရင် အခုရော၊ အနာဂတ်​မှာ​ပါ အဖွဲ့အစည်း အစီအစဉ်​အတိုင်း ပူးပေါင်း​လုပ်ဆောင်မယ်​ဆိုတဲ့ စိတ်ပိုင်း​ဖြတ်​ချက် ခိုင်မာ​လာပါလိမ့်မယ်။ (ဟီ. ၁၃:၁၇) မကြာခင် ရောက်လာ​မယ့် ကြီးစွာ​သော ဒုက္ခ​ကိုလည်း ကြောက်​မှာ မဟုတ်ဘူး။—ပညာ. ၃:၂၅

မတရားမှုကို ခံရပ်​နိုင်​တဲ့ ယုံကြည်ခြင်း

ဇွဲ​မလျှော့​ဘဲ ဆုတောင်း​တာ​က ယုံကြည်ခြင်း ခိုင်မာ​စေမယ် (စာပိုဒ် ၁၂ ကို ကြည့်​ပါ)

၁၂။ လုကာ ၁၈:၁-၈ မှာ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည်​ကို ဘယ်လို ဆက်စပ်​ဖော်ပြ​ထား​သလဲ။

၁၂ မတရားမှု​က တပည့်​တွေ​ရဲ့ ယုံကြည်ခြင်းကို စမ်းသပ်မှု ဖြစ်စေ​မယ်​ဆိုတာ ယေရှု သိတယ်။ ဒါကို ခံရပ်​နိုင်အောင် ကူညီ​ပေးဖို့ လုကာ​ကျမ်း​မှာ ပါ​တဲ့ ပုံ​ဥပမာတစ်ခု ပြောပြ​တယ်။ မဖြောင့်မတ်တဲ့ တရား​သူကြီး​ဆီ တရား​မျှတမှု ရဖို့ တောင်းဆို​တဲ့ မုဆိုးမ​အကြောင်း ဖြစ်တယ်။ ဇွဲ​မလျှော့​ဘဲ တောင်း​ရင် ရမယ်ဆိုတာ မုဆိုးမ သိတယ်။ နောက်ဆုံး၊ တောင်း​တဲ့​အတိုင်း တရားသူကြီး စီရင်​ပေး​လိုက်တယ်။ ဘာ​သင်ခန်းစာ ရသလဲ။ ယေဟောဝါ​ဟာ မတရားတဲ့​သူ မဟုတ်ဘူး။ ဒါ​ကြောင့် “ဘုရားသခင်​ဆိုရင် သူ​ ရွေးချယ်​ထား​တဲ့​သူတွေ နေ့​ည​မပြတ် တောင်းလျှောက်​တဲ့​အခါ တရား​သဖြင့် မစီရင်​ပေး​ဘဲ နေ​ပါ့​မလား” လို့ ယေရှု ပြော​တယ်။ (လုကာ ၁၈:၁-၈ ကို ဖတ်ပါ။) “လူသား ရောက်လာတဲ့​အခါ ကမ္ဘာ​ပေါ်မှာ အဲဒီလို ယုံကြည်ခြင်း​မျိုး တွေ့ရ​ပါ့​မလား” လို့​လည်း ဆက်​ပြော​တယ်။ မတရားမှုတွေ ကြုံ​ရတဲ့အခါ မုဆိုးမလို ခိုင်မာ​တဲ့ ယုံကြည်ခြင်း ရှိကြောင်း ကျွန်တော်​တို့​ရဲ့ စိတ်ရှည်မှု၊ ဇွဲ​ထက်သန်မှု​အားဖြင့် သက်သေ​ပြဖို့ လိုတယ်။ အဲဒီလို ခိုင်မာ​တဲ့ ယုံကြည်ခြင်း ရှိမယ်ဆိုရင် ကျွန်တော်​တို့ကို ယေဟောဝါ အနှေး​နဲ့ အမြန် ကူညီ​ပေး​မယ်​ဆိုတာ စိတ်ချ​လာမယ်။ ဆုတောင်းခြင်း​ရဲ့ အစွမ်း​ကိုလည်း ယုံကြည်​ရမယ်။ တစ်ခါ​တ​လေ ထင်မှတ်​မထားတဲ့ နည်းနဲ့ ဆုတောင်းချက် အဖြေ ရတာ​မျိုး ရှိ​နိုင်တယ်။

၁၃။ ဆုတောင်းခြင်း​က မိသားစု​တစ်စု​ကို ဘယ်လို ကူညီ​ပေး​သလဲ။

၁၃ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ​နိုင်ငံ​မှာ နေတဲ့ ညီအစ်မ ဗာရို​အကြောင်း စဉ်းစား​ကြည့်​ပါ။ လက်နက်ကိုင်​အုပ်စု​ရဲ့ တိုက်ခိုက်မှု​ကြောင့် မယုံကြည်သူ​ ခင်ပွန်း၊ ၁၅ နှစ်အရွယ် သမီးနဲ့​အတူ ရွာ​ကနေ ထွက်ပြေး​ခဲ့​ရတယ်။ လမ်းမှာ လက်နက်ကိုင်​တွေ​နဲ့ တွေ့​တော့ အဖမ်း​ခံရ​ပြီး သတ်ပစ်​မယ်လို့ ခြိမ်းခြောက်​ခံရတယ်။ ဗာရို ငို​တဲ့​အခါ သမီး​ဖြစ်သူ​က အမေ စိတ်​တည်ငြိမ်​အောင် ယေဟောဝါရဲ့ နာမည် သုံးပြီး အသံ ကျယ်ကျယ် ဆုတောင်း​ပေးတယ်။ ဆုတောင်း​လို့​လည်း ပြီး​ရော လက်နက်ကိုင် ခေါင်းဆောင်​က “ဆုတောင်း​တတ်​အောင် မင်းကို ဘယ်သူ သင်ပေးတာ​လဲ” လို့ မေးတယ်။ “အမေ သင်ပေးတာ။ မဿဲ ၆:၉-၁၃ မှာ အဲဒီ​ဆုတောင်း​နည်း ပါ​တယ်” လို့ ပြန်ဖြေ​တယ်။ ခေါင်းဆောင်​က “မိဘတွေ​နဲ့​အတူ သွားတော့။ မင်းတို့ရဲ့ ဘုရား ယေဟောဝါ ကာကွယ်​ပေး​ပါစေ” လို့ ပြော​တယ်။

၁၄။ ဘာက ယုံကြည်ခြင်း စမ်းသပ်မှု ဖြစ်စေ​နိုင်​သလဲ။ ခံရပ်​နိုင်​ဖို့ ဘာက ကူညီ​ပေး​မလဲ။

၁၄ ဆုတောင်းခြင်း​ရဲ့ အစွမ်း​ကို လျှော့မတွက်​ဖို့ အဲဒီလို တွေ့ကြုံမှု​တွေ​က ဖော်ပြ​တယ်။ ဒါပေမဲ့ ဆုတောင်းချက်​တွေ ချက်ချင်း အဖြေ​မရ​ရင်​ကော။ ယေရှုရဲ့ ပုံ​ဥပမာ​ထဲ​က မုဆိုးမလို​ပဲ သင့်ကို ဘုရား စွန့်​မှာ မဟုတ်​ကြောင်း၊ အချိန်တန်​တဲ့​အခါ တစ်နည်းနည်းနဲ့ အဖြေပေး​မှာ ဖြစ်​ကြောင်း စိတ်ချ​ပြီး ဆက်​ဆုတောင်း​ပါ။ စွမ်းအားတော် ဆက်​တောင်းခံ​ပါ။ (ဖိ. ၄:၁၃) အရင်က ကြုံ​ခဲ့​တဲ့ ဒုက္ခတွေကို မေ့သွား​တဲ့​အထိ မကြာခင် ယေဟောဝါ ကြွယ်ဝ​စွာ ကောင်းချီး​ပေး​မယ်​ဆိုတာ သတိရပါ။ အခက်အခဲတွေကို ယေဟောဝါရဲ့ အကူအညီ​နဲ့ သစ္စာရှိရှိ ခံရပ်​တာ​နဲ့​အမျှ ရှေ့မှာ ကြုံ​ရမယ့်​အရာ​တွေ​အတွက် ယုံကြည်ခြင်း ပို​ခိုင်မာ​လာပါလိမ့်မယ်။—၁ ပေ. ၁:၆၊ ၇

အခက်အခဲတွေကို ကျော်လွှား​နိုင်​တဲ့ ယုံကြည်ခြင်း

၁၅။ မဿဲ ၁၇:၁၉၊ ၂၀ အရ ယေရှုရဲ့ တပည့်​တွေ ဘယ်​အခက်အခဲ ရင်ဆိုင်​ရသလဲ။

၁၅ အခက်အခဲတွေကို ကျော်လွှား​နိုင်အောင် ယုံကြည်ခြင်းက ကူညီ​ပေး​မယ်​ဆိုပြီး တပည့်​တွေ​ကို ယေရှု သင်ပေးတယ်။ (မဿဲ ၁၇:၁၉၊ ၂၀ ကို ဖတ်ပါ။) တစ်ကြိမ်​မှာ တပည့်​တွေ​ဟာ နတ်ဆိုး မ​နှင်ထုတ်​နိုင်​ဘဲ ဖြစ်​နေတယ်။ အရင်က​တော့ နှင်ထုတ်​နိုင်တယ်။ အခု ဘာ​ဖြစ်နေ​တာလဲ။ ယုံကြည်ခြင်း ပိုလို​နေတာ​လို့ ယေရှု ရှင်းပြတယ်။ ယုံကြည်ခြင်း​သာ ရှိမယ်ဆိုရင် တောင်​လို ကြီးမား​တဲ့ အခက်အခဲတွေကို​တောင် ကျော်ဖြတ်​နိုင်​မယ်လို့ ပြော​တယ်။ ဒီနေ့လည်း အဲဒီလို အခက်အခဲ​တွေ ရင်ဆိုင်​ရနိုင်တယ်။

ဝမ်းနည်း​ကြေကွဲ​နေရင်တောင် ယေဟောဝါရဲ့ အမှုတော်မှာ ဆက်​အလုပ်​များနေ​ဖို့ ယုံကြည်ခြင်းက ကူညီ​ပေး​မယ် (စာပိုဒ် ၁၆ ကို ကြည့်​ပါ)

၁၆။ အဖြစ်ဆိုး​ကို ခံရပ်​ဖို့ ဂေ​ဒီကို ယုံကြည်ခြင်းက ဘယ်လို ကူညီ​ပေး​သလဲ။

၁၆ ဂွါ​တီ​မာ​လာ​က ညီအစ်မ ဂေ​ဒီ​အကြောင်း စဉ်းစား​ကြည့်​ပါ။ တစ်နေ့၊ အစည်းအဝေး​ပြီး​လို့ အိမ်အပြန်မှာ ခင်ပွန်း​ဖြစ်သူ အယ်​ဒီ အသတ်​ခံရတယ်။ ဒီ​ဝမ်းနည်း​ကြေကွဲမှု​ကို ခံရပ်​ဖို့ ယုံကြည်ခြင်းက ဂေ​ဒီကို ဘယ်​လို ကူညီ​ပေး​သလဲ။ “ယေဟောဝါ​ဆီ ဆုတောင်း​ပြီး ဝန်ထုပ်​ကို ပုံအပ်​လိုက်တယ်။ ဒါ​ကြောင့် စိတ်​ငြိမ်သက်မှု​ ရတယ်။ မိသားစုနဲ့ အသင်းတော်​ထဲ​က မိတ်ဆွေ​တွေ​က​တစ်ဆင့် ယေဟောဝါ ကူညီ​ပေးတယ်။ အမှုဆောင်​လုပ်ငန်းမှာ အလုပ်​များနေ​တာ​က ဝမ်းနည်း​ကြေကွဲမှု​ကို သက်သာ​စေ​သလို နောက်​နေ့​အတွက် အလွန်အမင်း မစိုးရိမ်​ဖို့၊ တစ်ရက်တာ​အတွက်ပဲ စဉ်းစားဖို့ ကူညီ​ပေးတယ်။ ဒီ​အဖြစ်ဆိုး ကြုံ​ရပြီး​နောက် အနာဂတ်​မှာ ဘယ်လို စမ်းသပ်မှု​ပဲ ကြုံ​ရ​ပါစေ ယေဟောဝါ၊ ယေရှု၊ အဖွဲ့အစည်း​ရဲ့ အကူအညီ​နဲ့ ရင်ဆိုင်​နိုင်​မယ်​ဆိုတာ စိတ်ချ​လာတယ်” လို့ ပြော​တယ်။

၁၇။ တောင်​လို ကြီးမား​တဲ့ အခက်အခဲ​တွေ ရင်ဆိုင်​ရတဲ့အခါ ဘာလုပ်​နိုင်​သလဲ။

၁၇ ချစ်ရသူ​တစ်ယောက် သေဆုံး​သွား​လို့ ဝမ်းနည်း​နေ​သလား။ ကျမ်းစာပါ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းတွေကို လေ့လာခြင်း​အားဖြင့် မျှော်လင့်ချက် ပို​ခိုင်မာ​လာအောင် လုပ်ဆောင်ပါ။ မိသားစုဝင်​တစ်ယောက် နှင်ထုတ်​ခံရ​လို့ ဝမ်းနည်း​နေ​သလား။ ဘုရား​ရဲ့ ဆုံးမ​နည်းဟာ အကောင်းဆုံး ​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​လာအောင် ရှာဖွေ​လေ့လာ​ပါ။ ဘယ်လို ပြဿနာ​ပဲ ကြုံ​ရ​ပါစေ ယုံကြည်ခြင်း ခိုင်မာ​အောင် တည်ဆောက်​ဖို့ အခွင့်အရေး​အဖြစ် အသုံးချပါ။ ယေဟောဝါ​ဆီ ရင်ဖွင့်​ဆုတောင်း​ပါ။ တစ်သီးပုဂ္ဂလ မနေ​ပါ​နဲ့။ ညီအစ်ကို/မ​တွေ​နဲ့ ရင်းရင်းနှီးနှီး နေပါ။ (ပညာ. ၁၈:၁) စိတ်​ထဲမှာ ဝမ်းနည်း​ငိုကြွေး​နေရင်တောင် ခံနိုင်ရည် တိုးများ​အောင် ကူညီ​ပေး​မယ့် လုပ်ဆောင်မှုတွေမှာ ပါဝင်​ပါ။ (ဆာ. ၁၂၆:၅၊ ၆) အစည်းအဝေး၊ အမှုဆောင်မှာ ပုံမှန် ပါဝင်​ပါ။ ကျမ်းစာ ပုံမှန် ဖတ်ပါ။ ယေဟောဝါ ပေး​မယ့် ကောင်းချီး​တွေ​ကို အာရုံစိုက်​နေပါ။ ယေဟောဝါရဲ့ အကူအညီကို ခံစား​ရတာ​နဲ့​အမျှ ယုံကြည်ခြင်း ပို​ခိုင်မာ​လာပါလိမ့်မယ်။

“ယုံကြည်ခြင်း တိုးများ​အောင် လုပ်ပေး​ပါ”

၁၈။ ကိုယ့်​ယုံကြည်ခြင်း အားနည်းနေ​မှန်း သတိထား​မိရင် ဘာလုပ်​နိုင်​သလဲ။

၁၈ အရင်က ဒါမှ​မဟုတ် လောလောဆယ် ကြုံ​ရတဲ့ ပြဿနာ​တွေ​ကြောင့် ယုံကြည်ခြင်း အားနည်းနေ​မှန်း သတိထား​မိရင် စိတ်ဓာတ်​မကျပါနဲ့။ ယုံကြည်ခြင်း ခိုင်မာ​အောင် လုပ်နိုင်တဲ့ အခွင့်အရေး​အဖြစ် ရှုမြင်ပါ။ “ယုံကြည်ခြင်း တိုးများ​အောင် လုပ်ပေး​ပါ” လို့ ယေရှုရဲ့ တမန်တော်​တွေ​လို ဆုတောင်း​ပါ။ (လု. ၁၇:၅) ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ခဲ့​တဲ့ တွေ့ကြုံမှု​တွေ​ကို တွေးတောပါ။ မီ​ဂူ​လ်​နဲ့ ယူ​ရီ​လို​ပဲ ယေဟောဝါ ကူညီ​ပေး​ခဲ့​တာတွေကို အမြဲ သတိရပါ။ ဗာရို​ရဲ့ သမီးနဲ့ အဲ​နယ်​လို​ပဲ ဘေးကျပ်နံကျပ် အခြေအနေ ကြုံ​လာ​ရင် ယေဟောဝါ​ဆီ ထက်ထက်သန်သန် ဆုတောင်း​ပါ။ ဂေဒီ​လိုပဲ မိသားစုနဲ့ မိတ်ဆွေ​တွေ​က​တစ်ဆင့် ယေဟောဝါ ကူညီ​ပေး​နိုင်တယ်​ဆိုတာ အသိအမှတ်ပြု​ပါ။ လက်ရှိ ကြုံနေ​ရတဲ့ အခက်အခဲတွေကို ခံရပ်​ဖို့ ယေဟောဝါ​ကို ကူညီ​ခွင့်ပြု​မယ်​ဆိုရင် အနာဂတ်​မှာ ကြုံ​ရမယ့် အခက်အခဲတွေကို​လည်း ခံရပ်​နိုင်အောင် ဘုရား ကူညီ​ပေး​မယ်​ဆိုတာ ပို​စိတ်ချ​လာပါလိမ့်မယ်။

၁၉။ ယေရှု ဘာကို စိတ်ချ​သလဲ။ သင် ဘာ​စိတ်ချ​နိုင်​သလဲ။

၁၉ တပည့်​တွေ​ရဲ့ ယုံကြည်ခြင်း အားနည်းနေ​တာ​ကို ယေရှု ထောက်ပြ​ပေမဲ့ ယေဟောဝါရဲ့ အကူအညီ​နဲ့ စမ်းသပ်မှု​တွေ​ကို သူတို့ အောင်မြင်စွာ ရင်ဆိုင်​နိုင်​မယ်​ဆိုတာ စိတ်ချ​တယ်။ (ယော. ၁၄:၁။ ၁၆:၃၃) ခိုင်မာ​တဲ့ ယုံကြည်ခြင်း ရှိမယ်ဆိုရင် လာမယ့် ကြီးစွာ​သော​ ဒုက္ခ​ကို လူအုပ်ကြီး ကပ်ကျော်​မယ်​ဆိုတာ​လည်း ယေရှု စိတ်ချ​တယ်။ (ဗျာ. ၇:၉၊ ၁၄) သင်​ကော လူအုပ်ကြီး​အဝင် ဖြစ်​မလား။ အခု​ကတည်းက ယုံကြည်ခြင်း ခိုင်မာ​အောင် အတတ်နိုင်ဆုံး ကြိုးစား​နေမယ်​ဆိုရင် ယေဟောဝါရဲ့ အကူအညီ​နဲ့ ဖြစ်​နိုင်​ပါ​တယ်။—ဟီ. ၁၀:၃၉

သီချင်း ၁၁၈ ‘ယုံကြည်ခြင်း တိုးများ​စေပါ’

^ အပိုဒ်၊ 5 ဒီ​လောက​စနစ် အဆုံးတိုင်​မယ့်​အချိန်ကို ကျွန်တော်​တို့ စောင့်မျှော်​နေကြတယ်။ ဒါပေမဲ့ အဆုံး​ထိ ခံနိုင်ရည် ရှိပါ့မလားလို့ တွေးမိ​နိုင်တယ်။ ယုံကြည်ခြင်း ခိုင်မာ​စေ​တဲ့ တွေ့ကြုံမှု​တွေ၊ လက်တွေ့ကျ သင်ခန်းစာတွေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။