မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၄

ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ကျေးဇူးတင် လေးမြတ်ပါ

ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ကျေးဇူးတင် လေးမြတ်ပါ

“[ယေဟောဝါရဲ့] ခိုင်မြဲ​တဲ့ မေတ္တာတော် ထာဝစဉ် တည်မြဲ​တယ်။”—ဆာ. ၁၃၆:၁

သီချင်း ၁၀၈ ဘုရား​ရဲ့ ခိုင်မြဲ​တဲ့ မေတ္တာ

အကြို​သုံးသပ်ချက် *

၁။ ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်လို အားပေး​သလဲ။

ခိုင်မြဲ​တဲ့ မေတ္တာ ပြ​ရတာကို ယေဟောဝါ နှစ်သက်တယ်။ (ဟော. ၆:၆) ကျေးကျွန်​တွေ​ကိုလည်း အဲဒီ​မေတ္တာ ပြဖို့ တိုက်တွန်း​တယ်။ “သစ္စာစောင့်သိမှု၊” မူရင်း​စကား​အရ “ခိုင်မြဲ​တဲ့ မေတ္တာ” ကို “မြတ်နိုး​ဖို့” ပရောဖက် မိက္ခာ​က​တစ်ဆင့် အားပေးတယ်။ (မိ. ၆:၈) ဒါပေမဲ့ ခိုင်မြဲ​တဲ့ မေတ္တာ​ဆိုတာ ဘာကို ဆိုလို​ကြောင်း အရင် သိဖို့ လိုတယ်။

၂။ ခိုင်မြဲ​တဲ့ မေတ္တာ​ဆိုတာ ဘာလဲ။

ခိုင်မြဲ​တဲ့ မေတ္တာ​ဆိုတာ ဘာလဲ။ ကမ္ဘာသစ် ဘာသာပြန်​ကျမ်း မှာ “ခိုင်မြဲ​တဲ့ မေတ္တာ” ဆို​တဲ့ အသုံးအနှုန်း အကြိမ်ပေါင်း ၂၃၀ လောက် ပါ​တယ်။ ကျမ်းစာ “ခက်ဆစ်” အရ ခိုင်မြဲ​တဲ့ မေတ္တာ​ဆိုတာ “ကတိ​သစ္စာ၊ သမာဓိ၊ သစ္စာစောင့်သိမှု၊ နက်ရှိုင်း​တဲ့ သံယောဇဉ်​ကြောင့် ဖြစ်ပေါ်​လာတဲ့ မေတ္တာကို ဆိုလိုတယ်။ လူတွေ​အပေါ်​ ထား​တဲ့ ဘုရားသခင့်​မေတ္တာနဲ့ ဆက်စပ်​ပြီး သုံးနှုန်း​လေ့​ရှိတယ်၊ လူ​လူ​ချင်း​ ထား​ရှိတဲ့ မေတ္တာ​အတွက်​လည်း သုံးနှုန်း​လေ့​ရှိတယ်။” ခိုင်မြဲ​တဲ့ မေတ္တာ ပြ​ရာ​မှာ ယေဟောဝါ​ဟာ အကောင်းဆုံး ပုံသက်သေ​ပဲ။ လူသားတွေကို ယေဟောဝါ ခိုင်မြဲ​တဲ့ မေတ္တာ ဘယ်လို ပြ​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။ အချင်းချင်း ခိုင်မြဲ​တဲ့ မေတ္တာ ပြ​ခြင်း​အားဖြင့် ယေဟောဝါ​ကို ဘယ်လို တုပ​နိုင်​ကြောင်း နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

ယေဟောဝါ ‘ခိုင်မြဲ​တဲ့ မေတ္တာ ကြီးမား’

၃။ မိမိ​အကြောင်း မောရှေ​ကို ယေဟောဝါ ဘယ်လို ဖော်ပြ​သလဲ။

အီဂျစ်​ပြည်​ကနေ အစ္စရေး​တွေ ထွက်​လာပြီး မကြာခင်​မှာ မိမိ​နာမည်​နဲ့ အရည်အသွေးတွေ​အကြောင်း မောရှေ​ကို ယေဟောဝါ ဖော်ပြ​တယ်။ ‘ယေဟောဝါ​ဟာ ကရုဏာ​ ရှိပြီး သနား​စာနာ​တတ်​တဲ့​ ဘုရား၊ ယေဟောဝါ​ဟာ အမျက်ထွက်​နှေး​ပြီး ခိုင်မြဲ​တဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမား​တဲ့ ဘုရား၊ လူထောင်ပေါင်း​များစွာ​ကို ခိုင်မြဲ​တဲ့ မေတ္တာ ပြ​တဲ့ ဘုရား၊ အမှားတွေ၊ ကျူးလွန်​မှု​တွေ၊ အပြစ်တွေ​ကို ခွင့်လွှတ်​တဲ့ ဘုရား​ပဲ’ လို့ ပြော​တယ်။ (ထွ. ၃၄:၆၊ ၇) ဒီ​စကား​တွေ​အားဖြင့် မိမိရဲ့ ခိုင်မြဲ​တဲ့ မေတ္တာနဲ့​ပတ်သက်​တဲ့ ထူးခြားချက် တစ်ခု မောရှေ​ကို ယေဟောဝါ ဖော်ပြ​တယ်။ အဲဒါ ဘာလဲ။

၄-၅။ (က) မိမိ​ကိုယ်တိုင်​အကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြ​သလဲ။ (ခ) ဘယ်​မေးခွန်းတွေကို ဆွေးနွေး​ကြ​မလဲ။

ခိုင်မြဲ​တဲ့ မေတ္တာ ရှိ​ရုံ​သာမက ‘ခိုင်မြဲ​တဲ့ မေတ္တာ ကြီးမား’ တယ်​ဆိုပြီး မိမိ​အကြောင်း ယေဟောဝါ ဖော်ပြ​တယ်။ အဲဒီ​အသုံးအနှုန်း ကျမ်းစာ​မှာ ခြောက်​ကြိမ် ပါ​တယ်။ (တော. ၁၄:၁၈။ နေ. ၉:၁၇။ ဆာ. ၈၆:၁၅။ ၁၀၃:၈။ ယောလ ၂:၁၃။ ယောန ၄:၂) သုံးနှုန်း​တဲ့ အကြိမ်တိုင်း လူတွေကို မဟုတ်ဘဲ ယေဟောဝါ​ကိုပဲ ဆိုလိုတယ်။ မိမိ​ကိုယ်တိုင်​နဲ့​ပတ်သက်ပြီး ယေဟောဝါ အဲဒီလို ဖော်ပြ​တာ ထူးခြားတယ်။ ခိုင်မြဲ​တဲ့ မေတ္တာဟာ ဘုရား​အတွက် သိပ်​အရေးပါ​တာ ထင်ရှား​တယ်။ * ဒါ​ကြောင့် ဘုရင် ဒါဝိဒ်က ‘ယေဟောဝါ​ဘုရား၊ ခိုင်မြဲ​တဲ့ မေတ္တာတော်​ဟာ ကောင်းကင်​အထိ မြင့်မား​လှတယ်။ အို ဘုရားသခင်၊ ခိုင်မြဲ​တဲ့ မေတ္တာတော်​ဟာ အဖိုးထိုက်​လှတယ်။ အတောင်​တော် အရိပ်​အောက်မှာ လူသားတွေ ခိုလှုံ​ကြတယ်’ လို့ ပြော​ခဲ့​တာ မဆန်းပါဘူး။ (ဆာ. ၃၆:၅၊) ဒါဝိဒ်လို​ပဲ ဘုရား​ရဲ့ ခိုင်မြဲ​တဲ့ မေတ္တာကို ကျွန်တော်​တို့ တကယ် ကျေးဇူး​တင်​ လေးမြတ်​သလား။

ခိုင်မြဲ​တဲ့ မေတ္တာ​အကြောင်း ပို​နားလည်​ဖို့ မေးခွန်း ​နှစ်ခု​ကို ဆွေးနွေး​ကြ​စို့– ဘယ်သူတွေကို ယေဟောဝါ ခိုင်မြဲ​တဲ့ မေတ္တာ ပြသ​လဲ။ ယေဟောဝါရဲ့ ခိုင်မြဲ​တဲ့ မေတ္တာ​ကနေ ကျွန်တော်​တို့ ဘယ်လို အကျိုး​ရနိုင်သလဲ။

ဘယ်သူတွေကို ယေဟောဝါ ခိုင်မြဲ​တဲ့ မေတ္တာ ပြသ​လဲ

၆။ ဘယ်သူတွေကို ယေဟောဝါ ခိုင်မြဲ​တဲ့ မေတ္တာ ပြသ​လဲ။

ဘယ်သူတွေကို ယေဟောဝါ ခိုင်မြဲ​တဲ့ မေတ္တာ ပြသ​လဲ။ လူတိုင်းကို ပြ​တာ​တော့ မဟုတ်ဘူး။ မိမိ​နဲ့ အထူး​ ဆက်ဆံ​ရေး ရှိသူတွေကို​သာ ပြ​တာ ဖြစ်တယ်။ ယေဟောဝါ​ဟာ မိတ်ဆွေ​တွေ​အပေါ် သစ္စာ​ရှိတယ်။ သူတို့နဲ့​ပတ်သက်ပြီး သိပ်​ကောင်း​တဲ့ ရည်ရွယ်ချက် ရှိတယ်။ ဘယ်တော့မှ မေတ္တာ ပျက်​မှာ မဟုတ်ဘူး။

မိမိကို ဝတ်မပြု​သူတွေ အပါအဝင် လူအားလုံးကို ယေဟောဝါ ကောင်းမွန်​ရာ များစွာ ပေး​ထား (စာပိုဒ် ၇ ကို ကြည့်​ပါ) *

၇။ လူအားလုံးကို ယေဟောဝါ ဘယ်လို မေတ္တာ ပြသ​လဲ။

လူအားလုံးကို ယေဟောဝါ မေတ္တာ ပြ​တယ်။ “ဘုရားသခင်​က လူ့​လောကကို အလွန်​ ချစ်တယ်။ ဒါ​ကြောင့် မိမိရဲ့​ သားကို ယုံကြည်​သက်ဝင်​သူ​တိုင်း ဖျက်ဆီး​မခံရ​ဘဲ ထာဝရ​အသက်​ ရနိုင်ဖို့ အဲဒီ​တစ်ဦးတည်း​သော သားကိုတောင် ပေးအပ်​ခဲ့တယ်” လို့ နိကောဒင်​ဆိုတဲ့ အမျိုးသားကို ယေရှု ပြော​တယ်။—ယော. ၃:၁၊ ၁၆။ မ. ၅:၄၄၊ ၄၅

ဘုရင် ဒါဝိဒ်​နဲ့ ပရောဖက် ဒံယေလ​ရဲ့ စကား​အရ မိမိကို သိကျွမ်း၊ ကြောက်ရွံ့၊ ချစ်​ပြီး ပညတ်​စောင့်ထိန်း​သူတွေကို ယေဟောဝါ ခိုင်မြဲ​တဲ့ မေတ္တာ ပြ (စာပိုဒ် ၈-၉ ကို ကြည့်​ပါ)

၈-၉။ (က) ကျေးကျွန်​တွေ​ကို ယေဟောဝါ ဘာကြောင့် ခိုင်မြဲ​တဲ့ မေတ္တာ ပြသ​လဲ။ (ခ) အခု ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

အစောပိုင်းမှာ ဖော်ပြ​သလို ယေဟောဝါ​ဟာ မိမိ​နဲ့ အထူး ဆက်ဆံ​ရေး ရှိတဲ့ ကျေးကျွန်​တွေ​ကို​သာ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​တယ်။ ဒါကို ဘုရင် ဒါဝိဒ်​နဲ့ ပရောဖက် ဒံယေလ​ရဲ့ စကား​ကနေ သိရတယ်။ ဥပမာ၊ “ကိုယ်တော့်​ကို သိကျွမ်းသူ​တွေ​အပေါ် ခိုင်မြဲ​တဲ့ မေတ္တာ ဆက်​ပြ​လှည့်ပါ၊” “ယေဟောဝါရဲ့ ခိုင်မြဲ​တဲ့ မေတ္တာက​တော့ မိမိကို ကြောက်ရွံ့​သူတွေ​အပေါ် ထာဝစဉ် တည်မြဲ​တယ်” လို့ ဒါဝိဒ် ပြော​တယ်။ ‘အို စစ်မှန်တဲ့​ ဘုရား ယေဟောဝါ၊ ကိုယ်တော်​ဟာ ကိုယ်တော့်​ကို ချစ်​ပြီး ပညတ်​စောင့်ထိန်း​သူတွေကို ခိုင်မြဲ​တဲ့ မေတ္တာ ပြ​တဲ့ အရှင်​ပါ’ လို့ ဒံယေလ ပြော​တယ်။ (ဆာ. ၃၆:၁၀။ ၁၀၃:၁၇။ ဒံ. ၉:၄) အဲဒီ​စကား​တွေ​အရ မိမိကို သိကျွမ်း၊ ကြောက်ရွံ့၊ ချစ်​ပြီး ပညတ်​စောင့်ထိန်း​တဲ့၊ နည်း​မှန်​လမ်း​ကျ ဝတ်ပြု​နေတဲ့ ကျေးကျွန်​တွေ​ကို​သာ ယေဟောဝါ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​တယ်။

ယေဟောဝါ​ကို ဝတ်မပြု​ခင်​တုန်း​က ကျွန်တော်​တို့​ဟာ လူအားလုံးကို ပြ​တဲ့ ဘုရား​မေတ္တာ ခံစား​ရတယ်။ (ဆာ. ၁၀၄:၁၄) ဘုရား​ကျေးကျွန် ဖြစ်လာ​ချိန်မှာ​တော့ ဘုရား​ရဲ့ ခိုင်မြဲ​တဲ့ မေတ္တာကို ခံစား​ရတယ်။ “ငါ့ရဲ့ ခိုင်မြဲ​တဲ့ မေတ္တာကို​တော့ မင်း​ဆီကနေ မ​ရုပ်သိမ်း​ဘူး” လို့ ယေဟောဝါ ကတိပေး​ထား​တယ်။ (ဟေရှာ. ၅၄:၁၀) ဒါဝိဒ် ကိုယ်တွေ့ သိခဲ့​သလို “ယေဟောဝါ​က မိမိ​အပေါ် သစ္စာစောင့်သိ​သူကို အရေးတယူ ဆက်ဆံ​တယ်။” (ဆာ. ၄:၃) ယေဟောဝါရဲ့ အထူး​ ဂရုစိုက်​စောင့်ရှောက်မှု​ကို ဘယ်လို တုံ့ပြန်​သင့်သလဲ။ “ဉာဏ်ပညာ​ရှိသူက​တော့ ဒါတွေကို သတိထား​မိ​ပြီး ယေဟောဝါ ပြ​တဲ့ ခိုင်မြဲ​တဲ့ မေတ္တာ​အကြောင်း အသေအချာ စဉ်းစား​ဆင်ခြင်​လိမ့်မယ်” လို့ ဆာလံဆရာ ပြော​တယ်။ (ဆာ. ၁၀၇:၄၃) အဲဒီ​အချက်​ကို စိတ်စွဲ​မှတ်​ရင်း ယေဟောဝါရဲ့ ခိုင်မြဲ​တဲ့ မေတ္တာ​ကနေ ကျေးကျွန်​တွေ အကျိုး​ရ​နေတဲ့ နည်း​သုံးနည်း​အကြောင်း ဆွေးနွေး​ကြည့်​ကြ​စို့။

ယေဟောဝါရဲ့ ခိုင်မြဲ​တဲ့ မေတ္တာ​ကနေ ဘယ်လို အကျိုး​ရနိုင်သလဲ

မိမိကို ဝတ်ပြု​သူတွေကို ယေဟောဝါ ထပ်ဆင့်​ ကောင်းချီး​တွေ ပေး (စာပိုဒ် ၁၀-၁၆ ကို ကြည့်​ပါ) *

၁၀။ ဘုရား​ရဲ့ ခိုင်မြဲ​တဲ့ မေတ္တာက ကျွန်တော်​တို့ကို ဘယ်လို ကူညီ​ပေး​သလဲ။ (ဆာလံ ၃၁:၇)

၁၀ ဘုရား​ရဲ့ ခိုင်မြဲ​တဲ့ မေတ္တာ အမြဲ တည်​တယ်။ ခိုင်မြဲ​တဲ့ မေတ္တာ​အကြောင်း ဆာလံ ၁၃၆ မှာ ၂၆ ကြိမ် ဖော်ပြ​ထား​တယ်။ အခန်းငယ် ၁ မှာ “ယေဟောဝါ​ကို ကျေးဇူး​တင်​ကြ။ ဘုရားသခင်ဟာ ကောင်းမြတ်​တယ်။ ခိုင်မြဲ​တဲ့ မေတ္တာတော် ထာဝစဉ် တည်မြဲ​တယ်” လို့ ပြော​ထား​တယ်။ (ဆာ. ၁၃၆:၁) အခန်းငယ် ၂ ကနေ ၂၆ မှာ “ခိုင်မြဲ​တဲ့ မေတ္တာတော် ထာဝစဉ် တည်မြဲ​တယ်” ဆို​တဲ့ စကားစု တောက်လျှောက် ဖတ်​ရတယ်။ ဒါက လူမျိုးတော်အပေါ် ထား​တဲ့ ဘုရား​မေတ္တာ ပြောင်းလဲ​မှာ မဟုတ်​ကြောင်း စိတ်ချ​စေတယ်။ ကျေးကျွန်​တွေ​ကို နည်းလမ်း​များစွာ​နဲ့ ခိုင်မြဲ​တဲ့ မေတ္တာ မပြတ်​တမ်း ပြ​နေလို့ အံ့ဩစရာ​ပါ​ပဲ။ ကျေးကျွန်​တွေ​အပေါ် လွယ်လွယ်နဲ့ မေတ္တာ မပျက်​ကြောင်း သိရတာ အားရှိစရာ​ပါ​ပဲ။ အထူးသဖြင့် သူတို့ ဒုက္ခ​ရောက်ချိန်​မှာ ဘုရား မစွန့်​ဘူး။ ကျွန်တော်​တို့ အကျိုး​ရ​ပုံ– ကျွန်တော်​တို့​နဲ့​အတူ ယေဟောဝါ ရှိနေမှန်း သိရတာက ပျော်ရွှင်​စေပြီး ဒုက္ခတွေကို ခံရပ်​ဖို့၊ အသက်​လမ်းပေါ် ဆက်လျှောက်​ဖို့ လိုအပ်​တဲ့ ခွန်အား ရစေတယ်။ဆာလံ ၃၁:၇ ကို ဖတ်ပါ။

၁၁။ ဆာလံ ၈၆:၅ အရ ခွင့်လွှတ်​ဖို့ ယေဟောဝါ​ကို ဘာက လှုံ့ဆော်ပေး​သလဲ။

၁၁ ဘုရား​ရဲ့ ခိုင်မြဲ​တဲ့ မေတ္တာက ခွင့်လွှတ်​ဖို့ လှုံ့ဆော်​ပေးတယ်။ အပြစ်​ကျူးလွန်​သူ​တစ်ယောက် နောင်တ ရပြီး အပြစ်​လမ်းစဉ်​ကို စွန့်​လိုက်တဲ့အခါ ခိုင်မြဲ​တဲ့ မေတ္တာက ခွင့်လွှတ်​ဖို့ ဘုရား​ကို လှုံ့ဆော်​ပေးတယ်။ “ငါ​တို့ကို အပြစ်​ရှိတဲ့​အလျောက် ဒဏ်​မပေးဘူး။ အမှား​ရှိတဲ့​အလျောက် ပြန်မဆပ်​ပေး​ဘူး” လို့ ဆာလံဆရာ ဒါဝိဒ် ပြော​တယ်။ (ဆာ. ၁၀၃:၈-၁၁) အပြစ်​ရှိတယ်ဆိုတဲ့ သိစိတ်ဟာ ဝန်ထုပ်​လို ဘယ်လောက် လေးလံ​ကြောင်း ဒါဝိဒ် ကိုယ်တွေ့ သိခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါ​ဟာ “ခွင့်လွှတ်​ဖို့ အသင့်ရှိ” ကြောင်းလည်း သိခဲ့ရတယ်။ ခွင့်လွှတ်​ဖို့ ဘုရား​ကို ဘာက လှုံ့ဆော်ပေး​သလဲ။ အဖြေကို ဆာလံ ၈၆:၅ မှာ တွေ့ရ​တယ်။ (ဖတ်ပါ။) ဒါဝိဒ်ရဲ့ စကား​က ဖော်ပြ​တဲ့​အတိုင်း ယေဟောဝါ​ဟာ ဆုတောင်း​သူ အားလုံး​အပေါ် ခိုင်မြဲ​တဲ့ မေတ္တာ ကြီးမား​တဲ့​အတွက် ခွင့်လွှတ်​ပေးတယ်။

၁၂-၁၃။ အရင်က အမှားတွေ​အတွက် အပြစ်​ရှိတယ်လို့ ခံစား​နေ​ရတယ်​ဆိုရင် ဘာက စိတ်သက်သာရာ ရစေ​မလဲ။

၁၂ အပြစ်​လုပ်မိတဲ့​အခါ ဝမ်းနည်း​တာ ကောင်း​ပါ​တယ်။ နောင်တ​ ရဖို့၊ အမှား​ကို ပြုပြင်​ဖို့ လှုံ့ဆော်ပေး​နိုင်​လို့​ပဲ။ ဒါပေမဲ့ တချို့က အရင်က လုပ်မိတဲ့ အမှားတွေ​ကြောင့် အပြစ်​ရှိတယ်လို့ ခံစား​နေရ​ဆဲ​ပဲ။ ဘယ်လောက်​ပဲ နောင်တ ရ​ပါစေ ယေဟောဝါ ဘယ်တော့မှ ခွင့်လွှတ်​မှာ မဟုတ်ဘူး​ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​နေဆဲပဲ။ သင် အဲဒီလို ခံစား​နေ​ရတယ်​ဆိုရင် ကျေးကျွန်​တွေ​ကို ဘုရား ခိုင်မြဲ​တဲ့ မေတ္တာ လိုလိုလားလား ပြ​ကြောင်း နားလည်​ထား​တာ​က စိတ်သက်သာရာ ရစေပါ​လိမ့်မယ်။

၁၃ ကျွန်တော်​တို့ အကျိုး​ရ​ပုံ– ကျွန်တော်​တို့ မစုံလင်​ပေမဲ့ ယေဟောဝါ​ကို ကြည်လင်​တဲ့ သိစိတ်နဲ့ ပျော်ရွှင်စွာ ဝတ်ပြု​နိုင်တယ်။ “သားတော် ယေရှုရဲ့ သွေး​က ကျွန်တော်​တို့​ရဲ့ အပြစ်​အားလုံး​ကို သန့်စင်ပေး” လို့​သာ အဲဒီလို ဝတ်ပြု​နိုင်တာ။ (၁ ယော. ၁:၇) ကိုယ့်​အားနည်းချက်​တချို့​ကြောင့် စိတ်ဓာတ်​ကျနေ​တယ်​ဆိုရင် နောင်တ​ယူ​တဲ့ အပြစ်​ကျူးလွန်​သူတွေကို ယေဟောဝါ ခွင့်လွှတ်​ဖို့ အသင့်​ရှိကြောင်း သတိရပါ။ ခိုင်မြဲ​တဲ့ မေတ္တာနဲ့ ခွင့်လွှတ်​မှု ဆက်စပ်​နေကြောင်း ဒါဝိဒ် ဒီလို​ပြော​တယ်– “မိုးကောင်းကင်​ဟာ မြေကြီး​ထက် မြင့်မား​သလို ဘုရား​ကို ကြောက်ရွံ့​သူတွေ​အပေါ် ခိုင်မြဲ​တဲ့ မေတ္တာတော် ကြီးမား​လှတယ်။ နေ​ထွက်​ရာ​အရပ်​နဲ့ နေဝင်ရာ​အရပ် အလှမ်းဝေး​သလို အပြစ်တွေ​ကို ငါ​တို့​နဲ့ အလှမ်းဝေး​စေတယ်။” (ဆာ. ၁၀၃:၁၁၊ ၁၂) ယေဟောဝါ​ဟာ တကယ်ပဲ “အကြွင်းမဲ့ ခွင့်လွှတ်” ဖို့ အသင့်ရှိ​ပါ​တယ်။—ဟေရှာ. ၅၅:၇

၁၄။ ဘုရားသခင့် ခိုင်မြဲ​တဲ့ မေတ္တာရဲ့ ကာကွယ်​မှု​ကို ဒါဝိဒ် ဘယ်လို ဖော်ပြ​သလဲ။

၁၄ ဘုရားသခင့် ခိုင်မြဲ​တဲ့ မေတ္တာက ဘုရားရေးရာ​ဘက် ကာကွယ်​မှု ပေးတယ်။ “ကိုယ်တော်​ဟာ ပုန်းခိုရာ​နေရာပါ။ ကျွန်တော် ဒုက္ခ​မရောက်ရ​အောင် ကာကွယ်​စောင့်ရှောက်​ပေး​လိမ့်မယ်။ လွတ်မြောက်သွား​လို့ ရွှင်လန်းစွာ​ သီဆို​တဲ့ သီချင်း​သံ​တွေ​နဲ့ ကျွန်တော့်​ကို ခြံရံ​ပေး​လိမ့်မယ်။ . . . ယေဟောဝါ​ကို ယုံကြည်​ကိုးစား​သူကို​တော့ ခိုင်မြဲ​တဲ့ မေတ္တာတော် ဝိုင်းရံ​နေတယ်” လို့ ယေဟောဝါ​ဆီ ဒါဝိဒ် ဆုတောင်း​တယ်။ (ဆာ. ၃၂:၇၊ ၁၀) ရှေးခေတ်​တုန်း​က မြို့ရိုး​တွေ​ဟာ မြို့သားတွေ​ကို ကာကွယ်​ပေး​သလို ယေဟောဝါရဲ့ ခိုင်မြဲ​တဲ့ မေတ္တာက​လည်း ဘုရား​နဲ့ ဆက်ဆံ​ရေး ထိခိုက်​စေနိုင်​တဲ့ အရာ​မှန်သမျှ​ကနေ ကာကွယ်​ပေးတယ်။ အဲဒီအပြင် ကျွန်တော်​တို့ကို မိမိ​ဆီ ဆွဲဆောင်​ဖို့ ခိုင်မြဲ​တဲ့ မေတ္တာက ဘုရား​ကို လှုံ့ဆော်​ပေးတယ်။—ယေ. ၃၁:၃

၁၅။ ယေဟောဝါရဲ့ ခိုင်မြဲ​တဲ့ မေတ္တာဟာ ခိုလှုံရာ၊ ရဲတိုက်​နဲ့ ဘယ်လို တူ​သလဲ။

၁၅ ဘုရား​လူမျိုး ခံစား​နေရတဲ့ ကာကွယ်​မှု​ကို ဒါဝိဒ် နောက်​တစ်မျိုး နှိုင်းယှဉ်​ဖော်ပြ​တယ်။ ‘ဘုရားသခင်ဟာ လုံခြုံတဲ့​ ခိုလှုံရာ၊ ကျွန်တော့်​ကို ခိုင်မြဲ​တဲ့ မေတ္တာ ပြ​တဲ့​ ဘုရား ဖြစ်တယ်’ လို့ ပြော​တယ်။ ‘ဘုရား​ဟာ ငါ့ကို ခိုင်မြဲ​တဲ့ မေတ္တာ ပြ​တဲ့​ အရှင်၊ ငါ့​ရဲတိုက်၊ လုံခြုံတဲ့​ ခိုလှုံရာ၊ ကယ်တင်ရှင်​ပါ။ ငါ့​ဒိုင်းလွှား၊ ငါ​ခိုလှုံ​တဲ့​ အရှင်​ပါ’ လို့​လည်း ပြော​တယ်။ (ဆာ. ၅၉:၁၇။ ၁၄၄:၂) ယေဟောဝါရဲ့ ခိုင်မြဲ​တဲ့ မေတ္တာကို ခိုလှုံရာ၊ ရဲတိုက်​နဲ့ ဒါဝိဒ် ဘာကြောင့် ခိုင်းနှိုင်း​တာလဲ။ ကျွန်တော်​တို့ ဘယ်​နေရာမှာပဲ နေထိုင်​ပါစေ ဘုရား​ကျေးကျွန် ဖြစ်​နေသရွေ့ ဘုရား​နဲ့ အဖိုးတန် ဆက်ဆံ​ရေး ဆက်​ရှိနေ​အောင် ဘုရားသခင် ကာကွယ်​ပေး​ပါ​လိမ့်မယ်။ ဆာလံ ၉၁ မှာ အဲဒီလို အာမခံ​ထား​တယ်။ ‘“ကိုယ်တော်​ဟာ ကျွန်တော့်​ခိုလှုံရာ၊ ကျွန်တော့်​ရဲတိုက်” လို့ ယေဟောဝါ​ကို ငါ​ပြော​မယ်’ ဆိုပြီး ဆာလံဆရာ ပြော​တယ်။ (ဆာ. ၉၁:၁-၃၊ ၉၊ ၁၄) မောရှေလည်း အလားတူ နှိုင်းယှဉ်​တယ်။ (ဆာ. ၉၀:၁၊ အောက်ခြေမှတ်ချက်) “ဘုရားသခင်ဟာ ရှေး​ကတည်းက ခိုလှုံရာ​ပဲ။ ထာဝရ​ လက်ရုံးတော်​က မင်းကို ထောက်မ​ပေးတယ်” လို့ မသေဆုံးခင်​လေးမှာ မောရှေ ပြော​တယ်။ (တရား. ၃၃:၂၇) “ထာဝရ​ လက်ရုံးတော်​က မင်းကို ထောက်မ​ပေးတယ်” ဆို​တဲ့ စကားစု​က ယေဟောဝါ​အကြောင်း ဘာ​ဖော်ပြ​သလဲ။

၁၆။ ဘယ်​ကောင်းချီး နှစ်ခု ကျွန်တော်​တို့ ရထား​သလဲ။ (ဆာလံ ၁၃၆:၂၃)

၁၆ ယေဟောဝါ​ဟာ ခိုလှုံရာ ဖြစ်​တဲ့​အတွက် ကျွန်တော်​တို့ ဘေးကင်း​လုံခြုံမှု ခံစား​ရတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျ​ချိန်​တွေ၊ ပြန်​ရုန်းထ​ဖို့ ကြိုးစား​ရချိန်​တွေ ရှိ​နိုင်တယ်။ အဲဒီလို အခါမျိုးမှာ ယေဟောဝါ ဘာလုပ်​ပေး​မလဲ။ (ဆာလံ ၁၃၆:၂၃ ကို ဖတ်ပါ။) လက်တော်​နဲ့ ချီမ​ပြီး ပြန်​ရပ်​နိုင်အောင် ကူညီ​ပေး​ပါ​လိမ့်မယ်။ (ဆာ. ၂၈:၉။ ၉၄:၁၈) ကျွန်တော်​တို့ အကျိုး​ရ​ပုံ– ဘုရားသခင့် ထောက်မမှုကို အမြဲ အားကိုး​နိုင်​ကြောင်း သိရတာက ဘုရား​ရဲ့ ကောင်းချီး​ နှစ်ခု​ကို အမှတ်​ရစေတယ်။ ပထမ၊ ဘယ်မှာပဲ​ နေ​နေ ကျွန်တော်​တို့​မှာ လုံခြုံတဲ့ ခိုလှုံရာ ရှိ​ထား​တယ်။ ဒုတိယ၊ ကျွန်တော်​တို့ကို ကောင်းကင်​ဖခင် အလွန် ဂရုစိုက်​စောင့်ရှောက်​တယ်။

ဘုရားသခင့် ခိုင်မြဲ​တဲ့ မေတ္တာကို ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်

၁၇။ ဘုရားသခင့် ခိုင်မြဲ​တဲ့ မေတ္တာ​ကြောင့် ဘာကို ယုံကြည်​စိတ်ချ​နိုင်​သလဲ။ (ဆာလံ ၃၃:၁၈-၂၂)

၁၇ ဆွေးနွေး​ခဲ့​တဲ့​အတိုင်း စမ်းသပ်မှု ကြုံ​ရချိန်မှာ သမာဓိ စောင့်ထိန်း​နိုင်အောင် ထောက်မခြင်း​အားဖြင့် ယေဟောဝါ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​မယ်​ဆိုတာ စိတ်ချ​နိုင်တယ်။ (၂ ကော. ၄:၇-၉) “ယေဟောဝါရဲ့ ခိုင်မြဲ​တဲ့ မေတ္တာ​ကြောင့် ကျွန်တော်​တို့ ဇာတ်သိမ်း​သွားမှာ မဟုတ်ဘူး။ ကရုဏာတော် ဘယ်တော့မှ မကုန်ဆုံး​ဘူး” လို့ ပရောဖက် ယေရမိ ပြော​တယ်။ (မြည်. ၃:၂၂) “ယေဟောဝါ​က မိမိကို ကြောက်ရွံ့​သူတွေ၊ ခိုင်မြဲ​တဲ့ မေတ္တာတော်ကို စောင့်မျှော်​နေသူတွေကို ကြည့်ရှု​နေတယ်” လို့ ဆာလံဆရာ အာမခံတယ်။ ဒါ​ကြောင့် ကျွန်တော်​တို့ကို ယေဟောဝါ ခိုင်မြဲ​တဲ့ မေတ္တာ ဆက်​ပြ​မယ်​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။ဆာလံ ၃၃:၁၈-၂၂ ကို ဖတ်ပါ။

၁၈-၁၉။ (က) ဘယ်​အချက်​ကို စိတ်​စွဲမှတ်​ထား​သင့်သလဲ။ (ခ) နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

၁၈ ဘယ်​အချက်​ကို စိတ်​စွဲမှတ်​ထား​သင့်သလဲ။ ယေဟောဝါ​ကို ဝတ်မပြု​ခင်​တုန်း​က လူအားလုံး​အပေါ် ပြ​တဲ့ ဘုရား​မေတ္တာကို ကျွန်တော်​တို့ ခံစား​ခဲ့​ရတယ်။ ဘုရား​ကျေးကျွန် ဖြစ်လာ​ချိန်မှာ​တော့ ဘုရား​ရဲ့ ခိုင်မြဲ​တဲ့ မေတ္တာကို ခံစား​ရတယ်။ အဲဒီ​မေတ္တာ​ကြောင့် ကျွန်တော်​တို့ကို ယေဟောဝါ ကာကွယ်​ပေး​မယ်။ မိမိ​အနီးအနား​မှာ အမြဲ စောင့်ရှောက်​ပေး​မယ်။ ကတိ​တွေ ပြည့်စုံ​အောင် လုပ်ပေးမယ်။ ကျွန်တော်​တို့ကို အောင်မြင်​စေချင်တယ်။ (ဆာ. ၄၆:၁၊ ၂၊) ဒါ​ကြောင့် ဘယ်​အခက်အခဲ​ပဲ ရင်ဆိုင်​ရ​ပါစေ သမာဓိ စောင့်ထိန်း​နိုင်အောင် လိုအပ်​တဲ့ ခွန်အား​ကို ယေဟောဝါ ပေး​ပါ​လိမ့်မယ်။

၁၉ ကျေးကျွန်​တွေ​ကို ယေဟောဝါ ခိုင်မြဲ​တဲ့ မေတ္တာ ဘယ်လို ပြ​ကြောင်း သိခဲ့ရပြီ။ ကျွန်တော်​တို့ အချင်းချင်း ခိုင်မြဲ​တဲ့ မေတ္တာ ပြဖို့​လည်း ဘုရား မျှော်လင့်တယ်။ ဘယ်လို ပြ​နိုင်​ကြောင်း နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

သီချင်း ၁၃၆ ယေဟောဝါ​ဆီက “ပြီးပြည့်စုံ​တဲ့​ ဆု”

^ အပိုဒ်၊ 5 ခိုင်မြဲ​တဲ့ မေတ္တာ​ဆိုတာ ဘာလဲ။ ဘယ်သူတွေကို ယေဟောဝါ ခိုင်မြဲ​တဲ့ မေတ္တာ ပြသ​လဲ။ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​ခံရ​သူတွေ ဘာ​အကျိုး​တွေ ရသလဲ။ အဲဒီ​မေးခွန်းတွေကို ပထမ ဆောင်းပါး​ နှစ်ခု​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 4 ဘုရားသခင့် ခိုင်မြဲ​တဲ့ မေတ္တာ ကြီးမား​ကြောင်း တခြား ကျမ်းချက်​တွေ​မှာလည်း ဖော်ပြ​ထား​တယ်။—နေဟမိ ၁၃:၂၂။ ဆာလံ ၆၉:၁၃။ ၁၀၆:၇။ မြည်တမ်းစကား ၃:၃၂ တို့ကို ကြည့်​ပါ။

^ အပိုဒ်၊ 54 ပုံ​အညွှန်း– ကျေးကျွန်​တွေ အပါအဝင် လူအားလုံးကို ယေဟောဝါ မေတ္တာပြ။ လူအုပ်စု​ပုံ အပေါ်မှာ ပြ​ထား​တဲ့ ပုံ​အဝိုင်း​လေး​တွေက ဘုရား မေတ္တာ ပြ​ပုံ အမျိုးမျိုးကို ဖော်ပြ။ အဓိက​နည်း​က​တော့ ရွေးဖိုး အစီအစဉ်​ကနေ အကျိုး​ရအောင် အခွင့်အရေး ပေးခြင်း​ပဲ။

^ အပိုဒ်၊ 62 ပုံ​အညွှန်း– ယေဟောဝါရဲ့ ကျေးကျွန် ဖြစ်လာ​ပြီး ရွေးဖိုး​ကို ယုံကြည်​သူတွေဟာ ဘုရား​မေတ္တာကို နောက်တစ်နည်း​နဲ့ ခံစားရ။ လူအားလုံးကို ပြ​တဲ့ မေတ္တာ​အပြင် ဘုရား​ရဲ့ ခိုင်မြဲ​တဲ့ မေတ္တာကို သူတို့ ခံစားရ။ အဲဒါတွေကို ပုံ​အဝိုင်း​လေး​တွေ​နဲ့ ဖော်ပြ​ထား။