မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၈

‘မင်းတို့ သန့်ရှင်းရမယ်’

‘မင်းတို့ သန့်ရှင်းရမယ်’

“ပြုမူ​ကျင့်ကြံ​လေ​သမျှ​မှာ သန့်ရှင်း​ကြ​ပါ။”—၁ ပေ. ၁:၁၅

သီချင်း ၃၄ သမာဓိ​ရှိ​ရှိ လျှောက်လှမ်းခြင်း

အကြို​သုံးသပ်ချက် *

၁။ ယုံကြည်သူချင်းတွေကို တမန်တော် ပေတရု ဘယ်လို အကြံပေး​သလဲ။ အဲဒီ​အကြံဉာဏ်​ကို လိုက်လျှောက်ဖို့ မဖြစ်​နိုင်ဘူး​လို့ ဘာကြောင့် ထင်​ရသလဲ။

ကောင်းကင် မျှော်လင့်ချက် ရှိသူ​ဖြစ်စေ၊ မြေကြီး မျှော်လင့်ချက် ရှိသူ​ဖြစ်စေ ပထမ​ရာစု ဘိသိက်ခံ ခရစ်ယာန်​တွေ​ကို တမန်တော် ပေတရု ပေး​ခဲ့​တဲ့ အကြံဉာဏ်​ကနေ အကျိုး​ရနိုင်ပါတယ်။ “ခင်ဗျား​တို့ကို ခေါ်ယူ​တဲ့​ အရှင်ဟာ သန့်ရှင်းတဲ့​အတွက် ခင်ဗျား​တို့​လည်း ပြုမူ​ကျင့်ကြံ​လေ​သမျှ​မှာ သန့်ရှင်း​ကြ​ပါ။ ‘ငါဟာ သန့်ရှင်းတဲ့​အတွက် မင်းတို့လည်း သန့်ရှင်း​ရမယ်’ ဆိုပြီး ကျမ်းစာ​မှာ ရေးထားတယ်” လို့ ပေတရု ပြော​တယ်။ (၁ ပေ. ၁:၁၅၊ ၁၆) သန့်ရှင်းခြင်း​နဲ့​ပတ်သက်​ရင် အကောင်းဆုံး စံနမူနာရှင်​ ဖြစ်​တဲ့ ယေဟောဝါ​ကို တုပ​နိုင်​ကြောင်း အဲဒီ​စကား​တွေ​ကနေ သိရတယ်။ ကျွန်တော်​တို့ ပြုမူ​ကျင့်ကြံ​ပုံ သန့်ရှင်း​နိုင်တယ်၊ သန့်ရှင်း​ရမယ်။ ဒါဟာ မစုံလင်​တဲ့​ လူသားတွေ​အတွက် မဖြစ်​နိုင်ဘူး​လို့ ထင်​ရတယ်။ ပေတရု​ကိုယ်တိုင် အမှား အများကြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ သူ့​ပုံသက်သေ​က ကျွန်တော်​တို့ “သန့်ရှင်း” နိုင်​ကြောင်း ဖော်​ပြ​တယ်။

၂။ ဒီ​ဆောင်းပါး​မှာ ဘယ်​မေးခွန်းတွေ ဆွေးနွေး​ကြ​မလဲ။

ဒီ​ဆောင်းပါး​မှာ အောက်ပါ​မေးခွန်းတွေ ဆွေးနွေးပါ​မယ်– သန့်ရှင်းမှု​ဆိုတာ ဘာလဲ။ ယေဟောဝါရဲ့ သန့်ရှင်းမှု​အကြောင်း ကျမ်းစာ ဘာ​သွန်သင်ပေး​သလဲ။ ပြုမူ​ကျင့်ကြံ​သမျှ​မှာ ဘယ်လို သန့်ရှင်း​နိုင်​သလဲ။ ကျွန်တော်​တို့​နဲ့ ယေဟောဝါ​ကြား​က ဆက်ဆံ​ရေး​နဲ့ သန့်ရှင်းခြင်း ဘယ်လို ဆက်စပ်​သလဲ။

သန့်ရှင်းမှု​ဆိုတာ ဘာလဲ

၃။ သန့်ရှင်းသူ​လို့​ ပြော​ရင် ဘယ်လို​လူကို မြင်တတ်​ကြသလဲ။ သန့်ရှင်းခြင်းက ဘာကို ဆိုလို​ကြောင်း ဘယ်​ကနေ သိနိုင်​မလဲ။

သန့်ရှင်းသူ​လို့ ပြောလိုက်​ရင် လူအများစုက ဘာသာရေး ဝတ်စုံ ဝတ်​ထား​သူ၊ မျက်နှာထား ခပ်​တည်တည်​နဲ့ အပြုံး​အရယ် မရှိသူ​ကို မြင်တတ်​ကြတယ်။ ဒါပေမဲ့ သန့်ရှင်းသူ​ဆိုတာ အဲဒီလို မဟုတ်ဘူး။ သန့်ရှင်းတဲ့​ ဘုရား ယေဟောဝါ​ကို “ပျော်ရွှင်​တဲ့​ ဘုရား” လို့ ဖော်ပြ​ထား​တယ်။ (၁ တိ. ၁:၁၁) ဘုရား​ကို ဝတ်ပြုသူ​တွေ​ကိုလည်း “ပျော်ရွှင်​ချမ်းမြေ့” သူတွေ​လို့ ပြော​ထား​တယ်။ (ဆာ. ၁၄၄:၁၅) ဘာသာရေး ဝတ်စုံ​တွေ ဝတ်​ပြီး ဖြောင့်မတ်​တဲ့ လုပ်ရပ်တွေကို လူ​မြင်​ကောင်း​အောင် လူ​ရှေ့​သူ​ရှေ့ လုပ်ပြ​သူတွေကို ယေရှု ပြစ်တင်​ရှုတ်ချ​တယ်။ (မ. ၆:၁။ မာ. ၁၂:၃၈) ခရစ်ယာန်​စစ်​တွေ​က​တော့ ကျမ်းစာ​သွန်သင်ချက်​တွေ​ကို သိထားလို့ သန့်ရှင်းခြင်းက ဘာကို ဆိုလို​ကြောင်း နားလည်​ကြတယ်။ သန့်ရှင်း​ပြီး မေတ္တာ​ရှိတဲ့ ဘုရားသခင်ဟာ ကျွန်တော်​တို့ မလိုက်လျှောက်​နိုင်​တဲ့ ပညတ်​ကို ဘယ်တော့မှ ပေး​မှာ မဟုတ်ဘူးဆိုတာ ယုံကြည်​စိတ်ချ​ကြတယ်။ ဒါကြောင့် ‘မင်းတို့ သန့်ရှင်း​ရမယ်’ ဆိုတဲ့ ယေဟောဝါရဲ့ ပညတ်​ကို လိုက်နာ​နိုင်တာ သေချာ​ပါ​တယ်။ အရင်ဆုံး၊ သန့်ရှင်းမှု​ဆိုတာ ဘာကို ဆိုလို​ကြောင်း နားလည်အောင် ဆွေးနွေး​ကြည့်​ကြ​စို့။

၄။ “သန့်ရှင်းမှု” ဆိုတဲ့ စကားလုံး​က ဘာကို ဆိုလို​သလဲ။

သန့်ရှင်းမှု​ဆိုတာ ဘာလဲ။ ကျမ်းစာ​မှာ “သန့်ရှင်းမှု” ဆိုတဲ့ စကားလုံး​ဟာ အခြေခံ​အားဖြင့် ကိုယ်ကျင့်တရား​နဲ့ ဘာသာရေး​ပိုင်း သန့်ရှင်း​မြင့်မြတ်​တာ​ကို ဆိုလိုတယ်။ ဘုရား​အတွက် သီးသန့် ဖြစ်နေ​တာ​ကိုလည်း ဆိုလိုတယ်။ တစ်နည်း​ပြော​ရ​ရင် ကျွန်တော်​တို့ ကိုယ်ကျင့်တရား သန့်ရှင်း​မယ်၊ ယေဟောဝါ နှစ်သက်​လက်ခံနိုင်တဲ့​နည်းနဲ့ ဝတ်ပြုမယ်၊ ဘုရား​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိမယ်ဆိုရင် သန့်ရှင်းတဲ့​သူ​အဖြစ် ယူမှတ်​ခံရ​ပါ​လိမ့်မယ်။ ကျွန်တော်​တို့ မစုံလင်​ပေမဲ့ သန့်ရှင်းတဲ့​ ဘုရား ယေဟောဝါ​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရနိုင်တယ် ဆိုတဲ့​အချက်​က တကယ့်ကို အံ့သြမှင်တက်​စရာ​ပါ​ပဲ။

“ယေဟောဝါ​ဟာ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်”

၅။ သစ္စာရှိ ကောင်းကင်တမန်​တွေ​ဆီကနေ ယေဟောဝါ​အကြောင်း ဘာ​သိရသလဲ။

ယေဟောဝါ​ဟာ အပြည့်ဝ​ဆုံး​သဘော​နဲ့ သန့်ရှင်း​မြင့်မြတ်​တယ်။ ယေဟောဝါရဲ့ ပလ္လင်​နား​မှာ အမှုဆောင်တဲ့ ကောင်းကင်တမန် သရပ်​တွေ​ရဲ့ စကား​ကနေ အဲဒီ​အချက်​ကို သိနိုင်တယ်။ “ဗိုလ်ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ဟာ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်” လို့ သရပ်​တချို့ ကြွေးကြော်​နေကြတယ်။ (ဟေရှာ. ၆:၃) သန့်ရှင်းတဲ့ ဘုရား​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိဖို့ အဲဒီ​ကောင်းကင်တမန်​တွေ သန့်ရှင်း​ရမယ်။ တကယ်လည်း သန့်ရှင်း​ကြ​ပါ​တယ်။ ဒါကြောင့် မြေကြီးပေါ် ယေဟောဝါရဲ့ ကောင်းကင်တမန်​တွေ သတင်း​စကား လာ​ကြေညာ​တဲ့​အခါ သူတို့ ရှိတဲ့​နေရာ သန့်ရှင်း​သွားတာ ဖြစ်တယ်။ မီးလောင်​နေတဲ့ ချုံပုတ်​နား မောရှေ ရှိနေတုန်း အဲဒီလို ဖြစ်​ခဲ့တယ်။—ထွ. ၃:၂-၅။ ယောရှု ၅:၁၅

ပုရောဟိတ်​မင်း ခေါင်း​ပေါင်း​ပေါ်​က ရွှေ​ပြား​ပေါ်မှာ “ယေဟောဝါ​ဟာ သန့်ရှင်း​မြင့်မြတ်​တယ်” ဆို​တဲ့ စာတန်း ရေးထွင်း​ထား (စာပိုဒ် ၆-၇ ကို ကြည့်​ပါ)

၆-၇။ (က) ထွက်မြောက်ရာ ၁၅:၁၊ ၁၁ အရ ဘုရား​ရဲ့ သန့်ရှင်းမှုကို မောရှေ ဘယ်လို အလေးပေး ဖော်ပြ​သလဲ။ (ခ) ဘုရား​ရဲ့ သန့်ရှင်းမှုကို အစ္စရေး​အားလုံး ဘယ်လိုနည်းနဲ့ အမှတ်ရ​ကြသလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

ယေဟောဝါ​ဟာ သန့်ရှင်းတဲ့ ဘုရား ဖြစ်တယ် ဆိုတဲ့​အချက်​ကို ပင်လယ်နီ​ကနေ အစ္စရေး​တွေ လွတ်မြောက်​လာပြီး​နောက် မောရှေ အလေးပေး ဖော်ပြ​ခဲ့တယ်။ (ထွက်မြောက်ရာ ၁၅:၁၊ ၁၁ ကို ဖတ်ပါ။) အီဂျစ် နတ်​ဘုရား ကိုးကွယ်​သူတွေရဲ့ အကျင့်အကြံ​တွေ​ဟာ လုံးဝ မသန့်ရှင်း​ဘူး။ ခါနန် နတ်​ဘုရား ကိုးကွယ်​သူတွေလည်း အဲဒီလိုပဲ။ သူတို့ရဲ့ ဝတ်ပြုမှု​ထဲမှာ ကလေး ယဇ်​ပူဇော်​တာ​တွေ၊ ညစ်ညမ်း​တဲ့ လိင်​အကျင့်​တွေ ပါဝင်တယ်။ (ဝတ်. ၁၈:၃၊ ၄၊ ၂၁-၂၄။ တရား. ၁၈:၉၊ ၁၀) ယေဟောဝါ​က​တော့ ညစ်ညမ်း​တဲ့​အရာ​တွေ လုပ်ဖို့ ဝတ်ပြုသူ​တွေ​ဆီကနေ ဘယ်တော့မှ မတောင်းဆိုဘူး။ အပြည့်ဝ​ဆုံး သဘော​နဲ့ သန့်ရှင်း​မြင့်မြတ်သူ ဖြစ်တယ်။ ဒါကို ပုရောဟိတ်​မင်း ခေါင်း​ပေါင်း​ပေါ်​က ရွှေ​ပြား​ပေါ် ရေးထွင်း​ထား​တဲ့ စာသား​တွေ​မှာ ရှင်းရှင်းလင်းလင်း ဖော်ပြ​ထား​တယ်။ “ယေဟောဝါ​ဟာ သန့်ရှင်း​မြင့်မြတ်​တယ်” ဆိုပြီး ရေးထွင်း​ထား​တယ်။—ထွ. ၂၈:၃၆-၃၈

ရွှေ​ပြား​ပေါ်​က စာ​ကို မြင်​သူ​တိုင်း ယေဟောဝါ​ဟာ အမှန်တကယ် သန့်ရှင်း​ကြောင်း သတိ​ရကြမယ်။ ပုရောဟိတ်​မင်း အနား မရောက်​နိုင်​လို့ ရွှေ​ပြား​ကို မမြင်နိုင်​တဲ့ အစ္စရေး​တွေ​ကော။ ယေဟောဝါ သန့်ရှင်းတယ် ဆိုတဲ့​အချက်​ကို သတိမရ​ဘဲ နေ​မလား။ မနေပါဘူး။ ယောက်ျား၊ မိန်းမ၊ ကလေး​တွေ​ရှေ့ ပညတ်တရား ဖတ်ပြ​ချိန်မှာ အစ္စရေး​အားလုံး အဲဒီ​အချက်​ကို ကြား​ရလို့ပဲ။ (တရား. ၃၁:၉-၁၂) သင်သာ အဲဒီမှာ ရှိနေမယ်​ဆိုရင် “ငါဟာ မင်းတို့ရဲ့​ ဘုရား ယေဟောဝါ​ပဲ။ ငါဟာ သန့်ရှင်းတဲ့​အတွက် မင်းတို့လည်း . . . သန့်ရှင်း​နေ​ရမယ်။” “ငါ​ယေဟောဝါ​ဟာ သန့်ရှင်းတဲ့​အတွက် မင်းတို့လည်း သန့်ရှင်း​နေ​ရမယ်” ဆိုတဲ့ စကား​တွေ​ကို ကြားရမှာပဲ။—ဝတ်. ၁၁:၄၄၊ ၄၅။ ၂၀:၇၊ ၂၆

၈။ ဝတ်ပြုရာ ၁၉:၂ နဲ့ ၁ ပေတရု ၁:၁၄-၁၆ အရ ဘာ​သိရသလဲ။

ဝတ်ပြုရာ ၁၉:၂ မှာ ပါတဲ့ အချက်​ကို အာရုံစိုက်ပါ။ “အစ္စရေး​တစ်မျိုးလုံး​ကို ပြောလိုက်​ပါ– ‘မင်းတို့ရဲ့​ ဘုရား ငါ​ယေဟောဝါ​ဟာ သန့်ရှင်းတဲ့​အတွက် မင်းတို့လည်း သန့်ရှင်း​ရမယ်’” လို့ မောရှေ​ကို ယေဟောဝါ ပြော​တယ်။ “သန့်ရှင်း​ကြ​ပါ” လို့ ခရစ်ယာန်​တွေ​ကို ပေတရု တိုက်တွန်းချိန်​မှာ အဲဒီ​စကား​တွေ​ကို ကိုးကား​နေ​ပုံ ရတယ်။ (၁ ပေတရု ၁:၁၄-၁၆ ကို ဖတ်ပါ။) ပညတ်တရား​အောက်မှာ ကျွန်တော်​တို့ မရှိတော့​ပေမဲ့ ဝတ်ပြုရာ ၁၉:၂ မှာ ပါ​တဲ့​ အချက်​ကို ပေတရု​ရဲ့ စကား​တွေ​က အတည်ပြု​ပေးတယ်။ ယေဟောဝါ​ဟာ သန့်ရှင်းတယ်၊ ဘုရား​ကို ချစ်တဲ့​သူတွေဟာ သန့်ရှင်း​ဖို့ ကြိုးစား​ရမယ်။ ကောင်းကင် မျှော်လင့်ချက် ရှိသူ​ဖြစ်စေ၊ မြေကြီး မျှော်လင့်ချက် ရှိသူ​ဖြစ်စေ အဲ​ဒီ​လို ကြိုးစား​ရမယ်။—၁ ပေ. ၁:၄။ ၂ ပေ. ၃:၁၃

“ပြုမူ​ကျင့်ကြံ​လေ​သမျှ​မှာ သန့်ရှင်း​ကြ​ပါ”

၉။ ဝတ်ပြုရာ အခန်းကြီး ၁၉ ကို သုံးသပ်ခြင်းကနေ ဘယ်လို အကျိုး​ရမလဲ။

ဘုရား နှစ်သက်မှု ရ​ချင်​တဲ့​အတွက် သန့်ရှင်း​အောင် ဘယ်လို နေထိုင်​ရမယ်ဆိုတာ ကျွန်တော်​တို့ သိချင်​ကြတယ်။ အဲဒါနဲ့​ပတ်သက်ပြီး လက်တွေ့ကျ အကြံဉာဏ်​တွေ​ကို ယေဟောဝါ ပေး​ထား​တယ်။ အကောင်းဆုံး အကြံဉာဏ်​ကို ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ တွေ့ရ​တယ်။ ဟီဘရူး ကျမ်း​ပညာရှင် မား​ကပ် ကာ​လစ်​က “ဒီ​အခန်းကြီး​ဟာ အပြည့်စုံဆုံး၊ ကဏ္ဍ အစုံလင်​ဆုံး ဖြစ်တယ်။ ဝတ်ပြုရာကျမ်း​ထဲမှာ​ကော ပထမကျမ်း​ငါး​စောင်​ထဲမှာ​ပါ အရေးကြီးဆုံး အခန်းကြီး​လည်း ဖြစ်တယ်” လို့ ပြော​တယ်။ နေ့စဉ် ဘဝ​ကဏ္ဍ​တွေ​နဲ့​ပတ်သက်ပြီး အဖိုးတန် သင်ခန်းစာ​တွေ ပါ​တဲ့ ဒီ​အခန်းကြီး​ထဲ​က အခန်းငယ်​တချို့​ကို လေ့လာ​ကြည့်​ကြ​စို့။ ‘မင်းတို့ သန့်ရှင်း​ရမယ်’ ဆိုတဲ့ စကား​တွေ​နဲ့ ဝတ်ပြုရာ အခန်းကြီး ၁၉ ကို အစပြု​ထား​ကြောင်း သတိရပါ။

ဝတ်ပြုရာ ၁၉:၃ မှာ ပါ​တဲ့ မိဘတွေ​နဲ့​ပတ်သက်​တဲ့ ပညတ်​က ခရစ်ယာန်​တွေ​ကို ဘာလုပ်ဖို့ လှုံ့ဆော်ပေး​သင့်သလဲ (စာပိုဒ် ၁၀-၁၂ ကို ကြည့်​ပါ) *

၁၀-၁၁။ ဝတ်ပြုရာ ၁၉:၃ မှာ ဘာလုပ်ဖို့ ပြော​ထား​သလဲ။ အဲဒါ ဘာကြောင့် အရေးကြီး​သလဲ။

၁၀ အစ္စရေး​တွေ သန့်ရှင်း​ရမယ်လို့ ယေဟောဝါ ပြော​ပြီး​နောက် “မိဘကို ရိုသေပါ။ . . . ငါဟာ မင်းတို့ရဲ့​ ဘုရား ယေဟောဝါ​ပဲ” လို့ ဆက်​ပြော​တယ်။—ဝတ်. ၁၉:၂၊ ၃

၁၁ မိဘကို ရိုသေပါ​ဆိုတဲ့ ဘုရား ညွှန်ကြားချက်​ကို နာခံ​ဖို့ အရေးကြီးတယ်။ “ထာဝရ​အသက် ရဖို့ ကျွန်တော် ဘာကောင်းမှု လုပ်ရမလဲ” လို့ ယေရှုကို လူတစ်ယောက် မေးတဲ့အခါ ယေရှုရဲ့ အဖြေ​ထဲမှာ မိဘကို ရိုသေပါဆိုတဲ့​ အချက်​လည်း ပါ​တယ်။ (မ. ၁၉:၁၆-၁၉) မိဘကို ကြည့်ရှု​ပြုစု​ရမယ့် တာဝန်ကို နည်း​အမျိုးမျိုးနဲ့ ရှောင်လွှဲ​လို့ ဖာရိရှဲတွေ​နဲ့ ကျမ်းတတ်​တွေ​ကို ယေရှု အပြစ်တင်​တယ်။ အဲဒီလို ရှောင်လွှဲ​တာ​ဟာ “ဘုရားသခင်ရဲ့ တရား​စကား” ကို ဘေးချိတ်​တာ​ပဲ။ (မ. ၁၅:၃-၆) အဲဒီ “ဘုရားသခင်ရဲ့ တရား​စကား” ထဲမှာ ဝတ်ပြုရာ ၁၉:၃ မှာ ဖတ်​ရတဲ့ ငါး​ခု​မြောက် ပညတ်​လည်း ပါ​တယ်။ (ထွ. ၂၀:၁၂) “မင်းတို့ရဲ့​ ဘုရား ငါ​ယေဟောဝါ​ဟာ သန့်ရှင်းတဲ့​အတွက် မင်းတို့လည်း သန့်ရှင်း​ရမယ်” ဆိုတဲ့​စကား ပြော​ပြီး​ပြီး​ချင်း မိဘကို ရိုသေပါ​လို့ ပြော​တာ သတိပြုပါ။

၁၂။ ဝတ်ပြုရာ ၁၉:၃ မှာ ပါ​တဲ့ မိန့်မှာချက်ကို ဘယ်လို လိုက်နာ​နိုင်​သလဲ။

၁၂ ယေဟောဝါရဲ့ မိန့်မှာချက်​အတိုင်း ‘ငါ မိဘကို ရိုသေ​နေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​နိုင်တယ်။ အရင်က ရိုရိုသေသေ မဆက်ဆံ​ခဲ့​ဘူးလို့ ခံစားရ​ရင် အခုချိန်ဟာ ပြောင်းလဲ​ရမယ့် အချိန်​ပဲ။ အတိတ်ကို ပြောင်း​လို့ မရ​ပေမဲ့ အခု​က​စပြီး မိဘတွေကို အချိန် ပိုပေး​ဖို့၊ ပို​ကူညီ​ပေးဖို့ စိတ်ပိုင်း​ဖြတ်​နိုင်တယ်။ သူတို့ရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာ​ပိုင်း၊ စိတ်ပိုင်း​ကို ပို​ထောက်မပေး​နိုင်တယ်။ ဒီလို​လုပ်တာဟာ ဝတ်ပြုရာ ၁၉:၃ မှာ ပါ​တဲ့ အချက်​ကို လိုက်နာ​ရာ​ရောက်တယ်။

၁၃။ (က) ဝတ်ပြုရာ ၁၉:၃ မှာ နောက်ထပ် ဘယ်​ညွှန်ကြားချက် ပါ​သေး​သလဲ။ (ခ) လုကာ ၄:၁၆-၁၈ မှာ ပါ​တဲ့ ယေရှုရဲ့ ပုံသက်သေ​ကို ဘယ်လို တုပ​နိုင်​သလဲ။

၁၃ ဝတ်ပြုရာ​ ၁၉:၃ က သန့်ရှင်း​တာ​နဲ့​ပတ်သက်ပြီး နောက်​တစ်ချက်​ကိုလည်း သင်ပေးတယ်။ ဥပုသ်​စောင့်​ခြင်း​အကြောင်း ပြော​ထား​တယ်။ ဒီနေ့​ခေတ် ခရစ်ယာန်​တွေ​ဟာ ပညတ်တရား​အောက် မရှိတော့လို့ အပတ်စဉ် ဥပုသ် မစောင့်​ကြဘူး။ ဒါပေမဲ့ အစ္စရေး​တွေ ဥပုသ်​စောင့်​ပုံ၊ အကျိုး​ရ​ပုံ​ကနေ ကျွန်တော်​တို့ များစွာ သင်ယူနိုင်တယ်။ ဥပုသ်​နေ့မှာ ပုံမှန်​အလုပ်တွေ​ကနေ နား​ပြီး ဝတ်ပြုရေး​ကိစ္စ​တွေ​ကို အာရုံစိုက်​ကြရတယ်။ * ဒါ​ကြောင့် အဲဒီ​နေ့မှာ ယေရှုဟာ ဇာတိ​မြို့ တရား​ဇရပ်​ကို သွားပြီး ကျမ်းစာ ဖတ်​တယ်။ (ထွ. ၃၁:၁၂-၁၅။ လုကာ ၄:၁၆-၁၈ ကို ဖတ်ပါ။) “ဥပုသ်​နေ့​တွေ​ကို စောင့်ထိန်း​ပါ” ဆိုတဲ့ ဝတ်ပြုရာ ၁၉:၃ ပါ မိန့်မှာချက်​က ဒီနေ့​အချိန်မှာ​လည်း ဝတ်ပြုရေး​ကိစ္စ​တွေ​ကို ပို​အာရုံစိုက်​နိုင်အောင် နေ့စဉ် လုပ်ငန်းဆောင်တာ​တွေ​ကနေ အချိန်​ဝယ်ယူ​ဖို့ လှုံ့ဆော်ပေး​သင့်တယ်။ ဒီ​ကဏ္ဍ​မှာ ပြုပြင်​ပြောင်းလဲမှု​တချို့ လုပ်ဖို့ လိုတယ်လို့ ခံစားရ​သလား။ ဝတ်ပြုရေး​အတွက် ပုံမှန် အချိန်ဖယ်​ထား​မယ်​ဆိုရင် ယေဟောဝါ​နဲ့ ပို​ရင်းနှီး​လာမယ်။ ယေဟောဝါ​နဲ့ ရင်းနှီး​မှ ကျွန်တော်​တို့ သန့်ရှင်း​နိုင်​မယ်။

ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ပို​ကောင်း​အောင် ကြိုးစား​ပါ

၁၄။ ဝတ်ပြုရာ အခန်းကြီး ၁၉ တစ်ခန်းလုံး​မှာ ဘယ်​အခြေခံ အမှန်တရားကို ဖော်ပြ​ထား​သလဲ။

၁၄ ကျွန်တော်​တို့ သန့်ရှင်း​အောင် ကူညီ​ပေး​မယ့် အခြေခံ အမှန်တရား​တစ်ခု​ကို ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ အကြိမ်ကြိမ် ဖော်ပြ​ထား​တယ်။ “ငါဟာ မင်းတို့ရဲ့ ဘုရား ယေဟောဝါ​ပဲ” လို့ အခန်းငယ် ၄ ကို နိဂုံး​ချုပ်​ထား​တယ်။ အဲဒီလို စကားစု​မျိုး ဒီ​အခန်းကြီး​မှာ ၁၆ ကြိမ် ပါ​တယ်။ ဒါက “ငါဟာ . . . ယေဟောဝါ​ပဲ။ ငါ​က​လွဲလို့ တခြား​ဘုရား​တွေ​ကို မကိုးကွယ်​နဲ့” ဆိုတဲ့ ပထမမြောက် ပညတ်​ကို သတိ​ရစေတယ်။ (ထွ. ၂၀:၂၊ ၃) သန့်ရှင်းမှု ရှိ​ချင်​တဲ့ ခရစ်ယာန်​တိုင်း​ဟာ ဘုရား​နဲ့ ဆက်ဆံ​ရေး ထိခိုက်​စေမယ့် ဘယ်အရာ​ကို​မှ၊ ဘယ်သူ့ကိုမှ ခွင့်​မပြု​သင့်ဘူး။ ယေဟောဝါသက်သေ​ဆိုတဲ့ နာမည် ခံယူ​ထား​တဲ့​အတွက် ဘုရား​ရဲ့ သန့်ရှင်းတဲ့ နာမည် ရှုတ်ချ​စရာ ဖြစ်စေ​မယ့် ဘယ်​လုပ်ရပ်​ကို​မဆို ရှောင်​ဖို့ စိတ်ပိုင်း​ဖြတ်​ထား​ကြတယ်။—ဝတ်. ၁၉:၁၂။ ဟေရှာ. ၅၇:၁၅

၁၅။ ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ ပါတဲ့ တိရစ္ဆာန် ပူဇော်သက္ကာ​နဲ့​ပတ်သက်တဲ့ အခန်းငယ်​တွေ​က ဘာလုပ်ဖို့ ကျွန်တော်​တို့ကို လှုံ့ဆော်ပေး​သင့်သလဲ။

၁၅ ယေဟောဝါ​ကို ဘုရား​အဖြစ် အသိအမှတ်ပြု​ကြောင်း ပြဖို့ အစ္စရေး​တွေ​ဟာ ဘုရား​ပညတ်​တွေ​ကို နာခံ​ရတယ်။ “ငါ့​တရား​စီရင်ချက်​တွေ​ကို လိုက်နာပါ။ ငါ့​ဥပဒေတွေကို စောင့်ထိန်း​ပါ။ ငါဟာ မင်းတို့ရဲ့ ဘုရား ယေဟောဝါ​ပဲ” လို့ ဝတ်ပြုရာ ၁၈:၄ မှာ ပြော​တယ်။ အဲဒီ “ဥပဒေ” တချို့​ကို ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ ဖော်ပြ​ထား​တယ်။ ဥပမာ၊ အခန်းငယ် ၅-၈၂၁၊ ၂၂ မှာ တိရစ္ဆာန် ပူဇော်သက္ကာ​တွေ​အကြောင်း ပြော​ထား​တယ်။ “ယေဟောဝါရဲ့ သန့်ရှင်း​မြင့်မြတ်​ရာ​ကို မထီလေးစား” မဖြစ်စေ​မယ့် နည်းနဲ့ ပူဇော်​ကြရမယ်။ အဲဒီ​အခန်းငယ်​တွေ​က ဟီဘရူး ၁၃:၁၅ မှာ တိုက်တွန်း​တဲ့​အတိုင်း ယေဟောဝါရဲ့ နှစ်သက်မှု ရအောင် လုပ်ဖို့၊ လက်ခံဖွယ် ချီးမွမ်း​ခြင်း ပူဇော်သက္ကာ​တွေ ဆက်သ​ဖို့ ကျွန်တော်​တို့ကို လှုံ့ဆော်ပေး​သင့်တယ်။

၁၆။ ဘုရား​ကို ဝတ်ပြုသူ​နဲ့ ဝတ်မပြု​သူ​ကြား ကွာခြားမှု​ကို ဘာက အမှတ်​ရစေ​နိုင်​သလဲ။

၁၆ ကျွန်တော်​တို့ သန့်ရှင်း​ဖို့​ဆိုရင် ဘုရား​ကို ဝတ်မပြု​သူတွေနဲ့ မတူဘဲ ကွဲပြား​နေ​ရမယ်။ အဲဒီလို​ဖြစ်ဖို့ ခက်​နိုင်တယ်။ တစ်ခါ​တ​လေ အတန်းဖော်၊ အလုပ်ဖော်၊ မယုံကြည်သူ ဆွေမျိုး​တွေ​နဲ့ တခြား​သူတွေက ဝတ်ပြုရေးကို အနှောင့်အယှက် ဖြစ်စေ​တဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်​ဖို့ ဖိအားပေး​နိုင်တယ်။ အဲဒီအခါ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချ​ရတော့မယ်။ မှန်မှန်ကန်ကန် ဆုံးဖြတ်​နိုင်အောင် ဘာက ကူညီ​ပေး​မလဲ။ ဝတ်ပြုရာ ၁၉:၁၉ မှာ ပါ​တဲ့ မူကို သုံးသပ်ခြင်း​ပါ​ပဲ။ “ချည်​နှစ်မျိုး​ ရောပြီး ရက်လုပ်​ထား​တဲ့ အဝတ်ကို မဝတ်နဲ့” လို့ အဲဒီ​ပညတ်​က ဆိုတယ်။ ဒီ​ပ​ညတ်​က အစ္စရေး​တွေ​ကို ပတ်ဝန်းကျင် လူမျိုး​တွေ​နဲ့ ကွဲပြား​စေတယ်။ ဒီနေ့​ခေတ်​မှာ​တော့ ပညတ်တရား​အောက် ကျွန်တော်​တို့ မရှိတော့တဲ့​အတွက် ချည်၊ စီ​လွန်၊ သိုးမွေး စ​တာ​တွေ ရော​ထား​တဲ့ အဝတ်​တွေ ဝတ်​တာ မမှားပါဘူး။ ဒါပေမဲ့ အတန်းဖော်၊ အလုပ်ဖော်၊ ဆွေမျိုး​တွေ ဖြစ်​နေရင်တောင် ဘုရား​ကို မယုံတဲ့​သူတွေ လုပ်​သလို ကျွန်တော်​တို့ လိုက်​မလုပ်ကြဘူး။ ဆွေမျိုး​တွေ၊ တခြား​သူတွေကို သံယောဇဉ် ရှိပေမဲ့ ဘဝရဲ့ အရေးကြီး ကဏ္ဍ​တွေ​နဲ့​ပတ်သက်​လာ​ရင် ယေဟောဝါရဲ့ လူမျိုး​အဖြစ် ကျွန်တော်​တို့ သီးခြား ရပ်တည်​ချင်​ကြတယ်။ သန့်ရှင်း​ဖို့​ဆိုရင် ဘုရား​အတွက် သီး​သီးသန့်​သန့် ဖြစ်နေ​ဖို့ အရေးကြီးတယ်။—၂ ကော. ၆:၁၄-၁၆။ ၁ ပေ. ၄:၃၊ ၄

ဝတ်ပြုရာ ၁၉:၂၃-၂၅ အရ အစ္စရေး​တွေ ဘာသိ​သင့်သလဲ။ အဲဒီ​အခန်းငယ်​တွေ​ကနေ သင် ဘာ​သင်ခန်းစာ ရသလဲ (စာပိုဒ် ၁၇-၁၈ ကို ကြည့်​ပါ) *

၁၇-၁၈။ ဝတ်ပြုရာ ၁၉:၂၃-၂၅ အရ ဘယ်​အဖိုးတန် သင်ခန်းစာ ရသလဲ။

၁၇ “ငါဟာ မင်းတို့ရဲ့ ဘုရား ယေဟောဝါ​ပဲ” ဆိုတဲ့ စကားစု​က ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကို ဦးစားထား​ဖို့ အစ္စရေး​တွေ​ကို ကူညီ​ပေးတယ်။ ဘယ်လို​နည်းနဲ့လဲ။ တစ်နည်းကို ဝတ်ပြုရာ ၁၉:၂၃-၂၅ မှာ ဖော်ပြ​ထား​တယ်။ (ဖတ်ပါ။) ကတိထားရာ​ပြည်​ထဲ ဝင်ပြီး​နောက် အဲဒီ​စကား​တွေ​က အစ္စရေး​တွေ​အတွက် ဘာ​ဆိုလို​ကြောင်း စဉ်းစား​ကြည့်​ပါ။ လူတစ်ယောက်ဟာ သီး​ပင်​စားပင်​တွေ စိုက်​ပျိုး​ပြီး သုံးနှစ်​လုံး မစားရဘူး။ လေးနှစ်​မြောက်​မှာ သီးနှံ​တွေ​ကို တဲ​တော်​အတွက် ဆက်သ​ရမယ်။ ငါး​နှစ်​မြောက်​ကျ​မှ စိုက်​ပျိုး​သူ စား​ရမယ်။ ဒီ​ပညတ်​က ကိုယ့်​အကျိုးကို ဦးစား​မထား​ရ​ဘူးဆိုတာ နားလည်အောင် ကူညီ​ပေးတယ်။ မိမိတို့ကို ထောက်မပေး​သူ​အဖြစ် ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ရမယ်။ ဝတ်ပြုရေးကို ဦးစားထား​ရမယ်။ ဝတ်ပြုရေးရဲ့ အဓိက​နေရာ ဖြစ်​တဲ့ တဲ​တော်​အတွက် ရက်ရက်ရောရော လှူဒါန်း​ရမယ်။ ဒါဆိုရင် သူတို့ ဖူဖူလုံလုံ စား​နိုင်အောင် ဘုရား စီစဉ်​ပေး​မှာ သေချာတယ်။

၁၈ ဝတ်ပြုရာ ၁၉:၂၃-၂၅ မှာ ပါ​တဲ့ ပညတ်​က တောင်ပေါ်​တရားတော်​မှာ ပါ​တဲ့ ယေရှုရဲ့ စကား​တွေ​ကို အမှတ်​ရစေတယ်။ “ဘာ​စား​ရမလဲ၊ ဘာ​သောက်​ရမလဲ ဆိုပြီး မစိုးရိမ်​ကြနဲ့​တော့။ . . . ဒါတွေ​အားလုံး ခင်ဗျား​တို့ လိုအပ်​မှန်း ကောင်းကင်​အဖ သိ​ပြီး​သား​ပဲ” လို့ ယေရှု ပြော​တယ်။ ငှက်​တွေ​ကို ဂရုစိုက်​စောင့်ရှောက်​သလို ကျွန်တော်တို့ကိုလည်း ဘုရား ဂရုစိုက်​ပါ​လိမ့်မယ်။ (မ. ၆:၂၅၊ ၂၆၊ ၃၂) မိမိတို့ကို ထောက်မပေး​သူ​အဖြစ် ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ရမယ်။ လိုအပ်​သူတွေကို သိုသိုသိပ်သိပ် “ပေးကမ်း​စွန့်ကြဲ” ရမယ်။ အသင်းတော် ကုန်ကျ​စရိတ်​တွေ​အတွက်​လည်း အလှူငွေ ထည့်​ရမယ်။ အဲဒီလို ရက်ရောတဲ့ လုပ်ရပ်တွေကို ယေဟောဝါ သတိပြုမိ​ပြီး ကောင်းချီး​ပေး​ပါ​လိမ့်မယ်။ (မ. ၆:၂-၄) ဒီလို လုပ်တာ​က ဝတ်ပြုရာ ၁၉:၂၃-၂၅ မှာပါတဲ့ သင်ခန်းစာတွေကို နားလည်​ကြောင်း ဖော်ပြ​ရာ ရောက်တယ်။

၁၉။ ဝတ်ပြုရာကျမ်း​ရဲ့ အခန်းငယ် တချို့​ကို လေ့လာခြင်း​ကနေ သင် ဘယ်လို အကျိုး​ရသလဲ။

၁၉ ဝတ်ပြုရာ အခန်းကြီး ၁၉ ရဲ့ အခန်းငယ် တချို့​ကို ကျွန်တော်​တို့ လေ့လာခဲ့​ကြပြီ။ သန့်ရှင်းတဲ့ ဘုရား​ကို ဘယ်လို တုပ​နိုင်​ကြောင်း သိခဲ့ရပြီ။ ဘုရား​ကို တုပခြင်း​အားဖြင့် “ပြုမူ​ကျင့်ကြံ​လေ​သမျှ​မှာ သန့်ရှင်း” ဖို့ ကျွန်တော်​တို့ ကြိုးစား​ကြတယ်။ (၁ ပေ. ၁:၁၅) ယေဟောဝါ​ကို ဝတ်မပြု​သူတွေဟာ ကျွန်တော်​တို့​ရဲ့ ကောင်းမွန်​တဲ့ အကျင့်ကို မြင်ပြီး ဘုရား​ကို ဂုဏ်တင်​ချီးမွမ်း​ကြလိမ့်မယ်။ (၁ ပေ. ၂:၁၂) ဝတ်ပြုရာ အခန်းကြီး ၁၉ ကနေ သင်ယူစရာ များစွာ ရှိသေးတယ်။ တခြား အခန်းငယ်​တွေ​ကို နောက်​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။ ဒါက တမန်တော် ပေတရု တိုက်တွန်း​သလို “သန့်ရှင်း” ဖို့ လို​တဲ့ ဘဝ​ကဏ္ဍ​တချို့​ကို သိမြင်စေပါ​လိမ့်မယ်။

သီချင်း ၈၀ ‘ယေဟောဝါ ကောင်းမြတ်​ကြောင်း မြည်းစမ်း​ကြည့်​ပါ’

^ အပိုဒ်၊ 5 ယေဟောဝါ​ကို ကျွန်တော်​တို့ သိပ်​ချစ်​ကြတယ်။ ဘုရား နှစ်သက်မှု ရချင်တယ်။ ယေဟောဝါ​ဟာ သန့်ရှင်း​ပြီး ဝတ်ပြုသူ​တွေ​ကိုလည်း သန့်ရှင်း​စေချင်တယ်။ မစုံလင်​တဲ့ လူသားတွေ​အတွက် အဲဒီလို သန့်ရှင်း​ဖို့ ဖြစ်​နိုင်​ပါ့​မလား။ ဖြစ်​နိုင်​ပါ​တယ်။ ရှေး​အစ္စရေး​တွေ​ကို ယေဟောဝါ ပေး​တဲ့ ညွှန်ကြားချက်​တွေ​နဲ့ တမန်တော် ပေတရုရဲ့ အကြံဉာဏ်​ကို စဉ်းစား​သုံးသပ်ခြင်းက ပြုမူ​ကျင့်ကြံ​သမျှ​မှာ သန့်ရှင်း​ဖို့ ကူညီ​ပေး​ပါ​လိမ့်မယ်။

^ အပိုဒ်၊ 13 ဥပုသ်​နေ့အကြောင်း၊ သင်ယူနိုင်တဲ့ သင်ခန်းစာ​တွေ​အကြောင်း အသေးစိတ် ဆွေးနွေးမှု​ကို ၂၀၁၉၊ ဒီဇင်ဘာ ကင်းမျှော်စင် အလုပ်လုပ်​ရမယ့်​အချိန်၊ အနားယူ​ရမယ့်​အချိန် ရှိတယ်” ဆောင်းပါး​မှာ ကြည့်​ပါ။

^ အပိုဒ်၊ 57 ပုံ​အညွှန်း– သား​ဖြစ်သူ မိဘတွေ​နဲ့ အချိန်ပေး ပေါင်းသင်း​နေ။ ဇနီး​နဲ့ ကလေး​ကို ခေါ်​ပြီး အလည်​လာ။ မိဘတွေ​နဲ့ ပုံမှန် ဆက်သွယ်။

^ အပိုဒ်၊ 59 ပုံ​အညွှန်း– ကိုယ့်​ခြံ​ထဲ​က အသီး​တွေ​ကို အစ္စရေး လယ်သမား စစ်ဆေး​နေ။