မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၉

တခြားသူတွေကို ဆက်ဆံပုံနဲ့ပတ်သက်ပြီး ဝတ်ပြုရာကျမ်းထဲက သင်ခန်းစာများ

တခြားသူတွေကို ဆက်ဆံပုံနဲ့ပတ်သက်ပြီး ဝတ်ပြုရာကျမ်းထဲက သင်ခန်းစာများ

“လူလူချင်းကို ကိုယ်​နဲ့​ထပ်တူ ချစ်ပါ။”—ဝတ်. ၁၉:၁၈

သီချင်း ၁၀၉ နှစ်နှစ်ကာကာ ချစ်​ကြ​ပါ

အကြို​သုံးသပ်ချက် *

၁-၂။ ရှေ့​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ခဲ့​သလဲ။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ဝတ်ပြုရာ အခန်းကြီး ၁၉ ထဲ​က လက်တွေ့ကျ အကြံဉာဏ်​တချို့​ကို ရှေ့​ဆောင်းပါး​မှာ ဆွေးနွေး​ခဲ့​ကြတယ်။ ဥပမာ၊ အခန်းငယ် ၃ မှာ မိဘကို ရိုသေ​ဖို့ အစ္စရေး​တွေ​ကို ယေဟောဝါ မိန့်မှာတယ်။ မိဘတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာ​ပိုင်း လိုအပ်ချက်​တွေ​ကို ဂရုစိုက်​ပေးခြင်း​အားဖြင့် အဲဒီ​အကြံဉာဏ်​ကို ဘယ်လို လိုက်လျှောက်​နိုင်​ကြောင်း ဆွေးနွေး​ခဲ့​ကြတယ်။ အခန်းငယ် ၃ မှာပဲ ဥပုသ်​နေ့ကို စောင့်ထိန်း​ဖို့ အစ္စရေး​တွေ​ကို ဘုရား မှာတယ်။ ဒီနေ့​ခေတ် ကျွန်တော်​တို့​ဟာ ဥပုသ်​ပညတ်​အောက်မှာ မရှိတော့​ပေမဲ့ ဝတ်ပြုရေး​နဲ့​ဆိုင်​တဲ့ ကိစ္စ​တွေ​အတွက် ပုံမှန် အချိန် ဖယ်​ထားခြင်း​အားဖြင့် အဲဒီ​မူကို လိုက်နာ​နိုင်တယ်။ ဒီ​နည်း​အားဖြင့် ဝတ်ပြုရာ ၁၉:၂ နဲ့ ၁ ပေတရု ၁:၁၅ မှာ ပြော​ထား​တဲ့​အတိုင်း သန့်ရှင်း​ဖို့ ကြိုးစား​နေကြောင်း ဖော်ပြ​ရာ​ရောက်​ပါ​လိမ့်မယ်။

ဝတ်ပြုရာ အခန်းကြီး ၁၉ ထဲ​က တခြား အခန်းငယ်​တွေ​ကို ဒီ​ဆောင်းပါး​မှာ ဆက်​ဆွေးနွေး​ကြ​ပါ​မယ်။ ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို စာနာမှု ပြခြင်း၊ စီးပွားရေး လုပ်တဲ့​အခါ ရိုးသားခြင်း၊ အချင်းချင်း မေတ္တာပြ​ခြင်း​နဲ့​ပတ်သက်ပြီး ဒီ​အခန်းကြီး​က ဘာတွေ သင်ပေး​နိုင်​သလဲ။ ဘုရားသခင် သန့်ရှင်းတဲ့​အတွက် ကျွန်တော်​တို့​လည်း သန့်ရှင်း​ချင်​ကြတယ်။ ဘာတွေ သင်ယူ​နိုင်​ကြောင်း ကြည့်​ကြ​စို့။

ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ထောက်ထား​စာနာမှု ပြ​ပါ

နား​မကြား​သူ၊ မျက်စိ မမြင်​သူကို ဘယ်လို ဆက်ဆံ​ဖို့ ဝတ်ပြုရာ ၁၉:၁၄ မှာ မိန့်မှာ​ထား​သလဲ (စာပိုဒ် ၃-၅ ကို ကြည့်​ပါ) *

၃-၄။ ဝတ်ပြုရာ ၁၉:၁၄ အရ နား​မကြား​သူ၊ မျက်စိ မမြင်​သူတွေကို ဘယ်လို ဆက်ဆံ​ရမလဲ။

ဝတ်ပြုရာ ၁၉:၁၄ ကို ဖတ်ပါ။ ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ထောက်ထား​စာနာ​ဖို့ ယေဟောဝါ တောင်းဆိုထား​တယ်။ ဥပမာ၊ အစ္စရေး​တွေ​ဟာ နား​မကြား​သူကို မကျိန်ဆဲ​ရ​ဘူး။ အဲဒီ​ထဲမှာ ခြိမ်းခြောက်​တာ၊ မကောင်း​ပြော​တာ ပါဝင်တယ်။ တကယ် ဆိုးရွား​တဲ့ လုပ်ရပ်​ပဲ။ ကိုယ်​ပြော​တာ မကြား​လို့ နား​မကြား​သူ​ခမျာ ဘာမှ မတုံ့ပြန်​နိုင်ဘူး။

“မျက်မမြင်​ရှေ့​မှာ ခလုတ်​တိုက်​စရာ မချ​ထား​နဲ့” လို့ အခန်းငယ် ၁၄ မှာ ဆက်​ပြော​တယ်။ “ရှေးခေတ် အရှေ့​အလယ်ပိုင်းဒေသ​မှာ ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေဟာ မမျှမတ၊ ရက်ရက်စက်စက် ဆက်ဆံခံရ​လေ့ ရှိတယ်” လို့ စာအုပ်​တစ်အုပ်​က ဆိုတယ်။ ထောက်ထား​စာနာမှု မရှိသူ​တချို့ဟာ မျက်စိ မမြင်​သူ တကယ် ထိခိုက်အောင် ဒါမှ​မဟုတ် ဟာသ​သဘော​နဲ့ ခလုတ်​တိုက်​စရာ တစ်ခုခု ချထား​တာ ဖြစ်​နိုင်တယ်။ တကယ့်ကို ကြင်နာ​မှု​မဲ့တဲ့ လုပ်ရပ်ပါပဲ။ ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ထောက်ထား​စာနာ​ဖို့ ဒီ​ပညတ်​က​တစ်ဆင့် မိမိ​လူမျိုးကို ယေဟောဝါ ကူညီ​ပေးတယ်။

၅။ ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ထောက်ထား​စာနာမှု ဘယ်လိုပြနိုင်​သလဲ။

ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ယေရှု ထောက်ထား​စာနာ​တယ်။ “မျက်မမြင်​တွေ ပြန်မြင်​လာပြီ။ ခြေမသန်​သူတွေ လမ်းလျှောက်​နိုင်ပြီ။ အနာကြီး​ ရောဂါ​သည်​တွေ ပြန်ကောင်း​လာပြီ။ နား​မကြား​သူတွေ ကြား​ရပြီ။ သေလွန်သူ​တွေ အသက်ပြန်ရှင်​လာပြီ” လို့ နှစ်ခြင်း​ပေး​သူ ယောဟန်​ကို သတင်း​ပါး​လိုက်တာ သတိရပါ။ ယေရှု​ လုပ်တဲ့ အံ့ဖွယ်​အမှုတွေ​ကို မြင်ပြီး “လူအားလုံး​က ဘုရားသခင်​ကို ချီးမွမ်း​ကြတယ်။” (လု. ၇:၂၀-၂၂။ ၁၈:၄၃) ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ထောက်ထား​စာနာ​တဲ့ ယေရှုရဲ့ သဘောထားကို ခရစ်ယာန်​တွေ တုပ​ကြတယ်။ သူတို့​အပေါ် ကြင်နာ၊ ထောက်ထား​စာနာ​ပြီး စိတ်ရှည်​ကြတယ်။ အံ့ဖွယ်​အမှုတွေ လုပ်ဖို့ ကျွန်တော်​တို့ကို ယေဟောဝါ တန်ခိုး မပေး​ထား​ဘူး။ ဒါပေမဲ့ ပကတိ​ဖြစ်စေ၊ ပုံဆောင်​သဘော​အရ​ဖြစ်စေ မျက်စိ မမြင်​သူတွေကို သတင်းကောင်း ဟောပြော​ခွင့် ရထား​ကြတယ်။ မကြာခင် ကမ္ဘာသစ်​မှာ လူတိုင်း ပြည့်ဝ​စုံလင်​လာပြီး ပုံဆောင်​သဘော​အရ မျက်စိ မမြင်​သူတွေလည်း မျက်စိ ပြန်မြင်​လာမယ်၊ တစ်နည်း​အားဖြင့် ဘုရား​နဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​လာမယ်​ဆိုတဲ့ သတင်းကောင်း​ပါ​ပဲ။ (လု. ၄:၁၈) ဒီ​သတင်းကောင်း​ကြောင့် ဘုရား​ကို လူများစွာ ချီးမွမ်း​နေကြတယ်။

စီးပွားရေး လုပ်တဲ့​အခါ ရိုးသားပါ

၆။ ပညတ်တော် ဆယ်ပါး​ကို ပို​နားလည်အောင် ဝတ်ပြုရာ အခန်းကြီး ၁၉ က ဘယ်လို ကူညီ​ပေး​သလဲ။

ဝတ်ပြုရာ အခန်းကြီး ၁၉ ရဲ့ အခန်းငယ် တချို့ဟာ ပညတ်တော် ဆယ်ပါး​ထဲ​က အချက်​တွေ​ကို အကျယ်တဝင့် ပြန်​ရှင်းပြတယ်။ ဥပမာ၊ ရှစ်ပါးမြောက် ပညတ်​မှာ “မခိုးနဲ့” လို့ ရိုးရိုးလေး ပြော​ထား​တယ်။ (ထွ. ၂၀:၁၅) တခြားသူ ပိုင်ဆိုင်ရာ ဘာ​တစ်ခု​ကို​မှ မယူ​သရွေ့ ဒီ​ပညတ်​ကို လိုက်နာ​နေတာပဲ​လို့ တွေးမိ​နိုင်တယ်။ ဒါပေမဲ့ တခြား​နည်းတွေနဲ့​လည်း ခိုးမှု ကျူးလွန်​နိုင်တယ်။

၇။ ခိုးတာ​နဲ့​ပတ်သက်​တဲ့ ရှစ်ပါးမြောက် ပညတ်​ကို ကုန်သည်​တစ်ယောက် ဘယ်လို ချိုးဖောက်​မိ​နိုင်​သလဲ။

ကုန်သည်​တစ်ယောက်ဟာ တခြားသူ ပိုင်ဆိုင်​တာ တစ်ခု​မှ မယူ​ဖူး​ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိ​နိုင်တယ်။ ဒါပေမဲ့ အရောင်းအဝယ် လုပ်တဲ့​အခါ အမြဲ ရိုးသား​ရဲ့​လား။ “တိုင်းထွာ​တဲ့​အခါ၊ ချိန်တွယ်​တဲ့​အခါ၊ ခြင်တွယ်​တဲ့​အခါ မရိုးမသား​ မလုပ်နဲ့။ တိကျ​တဲ့​ ချိန်ခွင်၊ တိကျ​တဲ့​ အလေး၊ တိကျ​တဲ့ ကုန်​ခြောက်​အခြင်အတွယ်၊ တိကျ​တဲ့ အရည်​အခြင်အတွယ်​ကို သုံး​ရမယ်” လို့ ဝတ်ပြုရာ ၁၉:၃၅၊ ၃၆ မှာ ယေဟောဝါ မိန့်မှာတယ်။ ဝယ်​သူကို လိမ်​ပြီး မတိကျတဲ့ ချိန်ခွင်၊ အခြင်အတွယ်​တွေ သုံးတာ​ဟာ ခိုးတာ​ပဲ။ ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ ပါ​တဲ့ တခြား​အခန်းငယ်​တွေ​က​လည်း အဲဒီ​အချက်​ကို ပို​ရှင်းရှင်းလင်းလင်း နားလည်​စေတယ်။

ဝတ်ပြုရာ ၁၉:၁၁-၁၃ အရ စီးပွားရေး လုပ်တဲ့​အခါ ဘယ်​အချက်​တွေ​ကို ခရစ်ယာန်​တစ်ယောက် ထည့်​စဉ်းစား​သင့်သလဲ (စာပိုဒ် ၈-၁၀ ကို ကြည့်​ပါ) *

၈။ ရှစ်ပါးမြောက် ပညတ်​ရဲ့ နောက်ကွယ်​က မူကို ကျင့်သုံး​ဖို့ ဝတ်ပြုရာ ၁၉:၁၁-၁၃ က ဂျူး​တွေ​ကို ဘယ်လို ကူညီ​ပေး​သလဲ။ ကျွန်တော်​တို့ ဘယ်လို အကျိုး​ရနိုင်သလဲ။

ဝတ်ပြုရာ ၁၉:၁၁-၁၃ ကို ဖတ်ပါ။ အခန်းငယ် ၁၁ အစ​မှာ “သူတစ်ပါး​ပစ္စည်း မခိုး​နဲ့” လို့ ပြော​ထား​တယ်။ အခန်းငယ် ၁၃ မှာ “သူတစ်ပါးကို ဖြတ်စားလျှပ်စား မလုပ်နဲ့” လို့ ပြော​ပြီး ခိုးတာ​နဲ့ မရိုးမသား စီးပွားရေး လုပ်တာကို ဆက်စပ်​ထား​တယ်။ က​လိမ်​က​ကျစ်​နည်းနဲ့ စီးပွားရေး လုပ်တာဟာ ခိုးတာ​နဲ့ ဆက်နွှယ်​တယ်။ ရှစ်ပါးမြောက် ပညတ်​က ခိုးတာ​ကို တားမြစ်​ထား​ပေမဲ့ ဝတ်ပြုရာကျမ်း​မှာ ပါ​တဲ့ အသေးစိတ် အချက်​တွေ​က အဲဒီ​ပညတ်​နောက်ကွယ်​က မူကို ဘယ်လို ကျင့်သုံး​နိုင်​ကြောင်း နားလည်​ဖို့ ဂျူး​တွေ​ကို ကူညီ​ပေးတယ်။ မရိုးသားတာ၊ ခိုးတာ​နဲ့​ပတ်သက်​တဲ့ ယေဟောဝါရဲ့ အမြင်ကို စဉ်းစားခြင်း​ကနေ ကျွန်တော်​တို့ အကျိုး​ရနိုင်တယ်။ ‘ဝတ်ပြုရာ ၁၉:၁၁-၁၃ ကို ဖတ်​ပြီး​နောက် ငါ့​ဘဝမှာ ပြုပြင်​ပြောင်းလဲ​ဖို့ လို​တာ​တွေ၊ အထူးသဖြင့် စီးပွားရေး လုပ်တာ​နဲ့​ပတ်သက်ပြီး ပြုပြင်​ဖို့ လို​တာ​တွေ ရှိသလား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​ကြည့်​နိုင်တယ်။

၉။ ဝတ်ပြုရာ ၁၉:၁၃ မှာ ပါ​တဲ့ ပညတ်​က အလုပ်သမားတွေကို ဘယ်လို ကာကွယ်​ပေး​သလဲ။

စီးပွားရေး လုပ်တဲ့​အခါ ခရစ်ယာန်​တစ်ယောက် ထည့်​စဉ်းစား​သင့်တဲ့ နောက်​ကဏ္ဍ​တစ်ခု ရှိသေးတယ်။ “စာရင်း​ငှား​ကို လုပ်အားခ နေ့​ချင်း ရှင်း​ပေး​လိုက်ပါ။ နောက်​နေ့​မနက်​အထိ မဆိုင်း​ထား​နဲ့” လို့ ဝတ်ပြုရာ ၁၉:၁၃ မှာ ဆက်​ပြော​တယ်။ စိုက်ပျိုးရေး​ကို အဓိက​ထား​တဲ့ အစ္စရေး​မှာ စာရင်း​ငှား​တွေ​ကို တစ်နေ့တာ ကုန်​တဲ့​အခါ လုပ်အားခ နေ့​ချင်း ရှင်း​ပေး​ရတယ်။ အဲဒီလို မရှင်း​ပေး​ရင် အဲဒီ​နေ့​အတွက် သူ့​မိသားစု စားစရာ ခက်​သွားနိုင်တယ်။ ‘သူက ဆင်းရဲ​ပြီး အဲဒီ​လုပ်အားခ​နဲ့ အသက်ဆက်​နေ​ရတယ်’ လို့ ယေဟောဝါ ပြော​တယ်။—တရား. ၂၄:၁၄၊ ၁၅။ မ. ၂၀:၈

၁၀။ ဝတ်ပြုရာ ၁၉:၁၃ ကနေ ဘာ​သင်ယူ​ရသလဲ။

၁၀ ဒီနေ့​ခေတ်​မှာ အလုပ်သမားတွေဟာ နေ့တိုင်း မဟုတ်ဘဲ တစ်လ တစ်ခါ ဒါမှ​မဟုတ် နှစ်ခါ လုပ်ခ ရတယ်။ ဒါပေမဲ့ ဝတ်ပြုရာ ၁၉:၁၃ မှာ ပါ​တဲ့ မူ​က သက်ဆိုင်​နေတုန်းပဲ။ အလုပ်ရှင်​တချို့ဟာ အလုပ်သမားတွေ ရထိုက်​တာ​ထက် အဆ​များစွာ ဈေး​နှိမ်​ပြီး လုပ်ခ ပေး​ကြတယ်။ ရွေးချယ်စရာ မရှိလို့ ဘယ်လောက် လုပ်ခ​နည်းနည်း လုပ်မှာ​ပဲ​ဆိုတာ အလုပ်ရှင်တွေ သိတယ်။ တကယ်တော့ အဲဒါဟာ ‘စာရင်း​ငှား​ရဲ့ လုပ်အားခ​ကို ဆိုင်း​ထား’ တာ​ပဲ။ စီးပွားရေး လုပ်နေတဲ့ ခရစ်ယာန်​တွေ​ဟာ အလုပ်သမားတွေ​အပေါ် ခေါင်းပုံ မဖြတ်ရဘူး။ ဝတ်ပြုရာ အခန်းကြီး ၁၉ ကနေ ဘာ​ထပ်​သင်ယူ​နိုင်​ကြောင်း ကြည့်​ကြ​စို့။

လူလူချင်းကို ကိုယ်​နဲ့​ထပ်တူ ချစ်ပါ

၁၁-၁၂။ ဝတ်ပြုရာ ၁၉:၁၇၊ ၁၈ ကို ကိုးကား​ပြီး ဘယ်​အချက်​ကို ယေရှု အလေးပေး​ပြော​သလဲ။

၁၁ အချင်းချင်း ထိခိုက်အောင် မလုပ်​ရုံ​နဲ့ လုံလောက်​ပြီ​လို့ ဘုရား မယူဆ​ဘူး။ အဲဒါကို ဝတ်ပြုရာ ၁၉:၁၇၊ ၁၈ မှာ တွေ့​နိုင်တယ်။ (ဖတ်ပါ။) “လူလူချင်းကို ကိုယ်​နဲ့​ ထပ်တူ ချစ်ပါ” လို့ ဘုရား ရှင်းရှင်းလင်းလင်း မှာတယ်။ ဘုရား​မျက်နှာသာ ရ​ချင်​တဲ့ ခရစ်ယာန်​တွေ အဲဒီအတိုင်း လုပ်ဆောင်​ရမယ်။

၁၂ ဝတ်ပြုရာ ၁၉:၁၈ မှာ ပါ​တဲ့ ပညတ် အလွန်​ အရေးကြီးကြောင်း ယေရှု အလေးပေး​ပြော​တယ်။ “ပညတ်​ကျမ်း​မှာ ဘယ်​ပညတ်​ဟာ အရေးကြီးဆုံးလဲ” လို့ ဖာရိရှဲ​တစ်ယောက် မေးတဲ့အခါ ယေဟောဝါ​ကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှနဲ့ ချစ်တာ​ဟာ “ပထမဆုံး၊ အရေးကြီးဆုံး ပညတ်” ဖြစ်တယ်လို့ ယေရှု ဖြေ​တယ်။ ပြီး​နောက် ဝတ်ပြုရာ ၁၉:၁၈ ကို ကိုးကား​ပြီး “‘လူလူချင်းကို ကိုယ်​နဲ့​ ထပ်တူ ချစ်ပါ’ ဆိုတဲ့ ဒုတိယ​ပညတ်​ဟာ ပထမပညတ်​နဲ့ ဆင်တူ​တယ်” လို့ ပြော​တယ်။ (မ. ၂၂:၃၅-၄၀) လူ​လူ​ချင်း ချစ်​ကြောင်း ပြ​နိုင်​တဲ့ နည်း​များစွာ ရှိတယ်။ နည်း​တချို့​ကို ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ တွေ့​နိုင်တယ်။

၁၃။ ယောသပ်ရဲ့ လုပ်ရပ်ဟာ ဝတ်ပြုရာ ၁၉:၁၈ မှာ ပါတဲ့ အကြံဉာဏ်​နဲ့ ဘယ်လို ကိုက်ညီ​သလဲ။

၁၃ လူ​လူ​ချင်း ချစ်​ကြောင်း ပြ​နိုင်​တဲ့ တစ်နည်း​က​တော့ ဝတ်ပြုရာ ၁၉:၁၈ ပါ အကြံဉာဏ်​ကို လိုက်လျှောက်ခြင်း​ပါ​ပဲ။ “အချင်းချင်း လက်စားမချေ​နဲ့၊ အငြိုး​မထား​နဲ့” လို့ ပြော​ထား​တယ်။ တချို့က အလုပ်ဖော်၊ အတန်းဖော်၊ မိသားစုဝင်​ တစ်ယောက်ကို နှစ်ပေါင်း​များစွာ အငြိုး​ထား​ကြတယ်။ ယောသပ်​ကို အစ်ကို ဆယ်ယောက် အငြိုး​ထားပြီး နောက်ဆုံး​မှာ မုန်းတီးစိတ်​ကြောင့် ရောင်းစား​လိုက်တာ သတိရပါ။ (က. ၃၇:၂-၈၊ ၂၅-၂၈) ယောသပ်​က​တော့ သူတို့​လို မဟုတ်ဘူး။ အာဏာ​ရှိလာ​ချိန်မှာ လက်စားချေ​လို့ ရပေမဲ့ ကရုဏာ ပြ​ခဲ့တယ်။ အငြိုး​မထားဘူး။ နောက်ပိုင်း၊ ဝတ်ပြုရာ ၁၉:၁၈ မှာ အဲဒီလိုပဲ အကြံပေး​ထား​တယ်။—က. ၅၀:၁၉-၂၁

၁၄။ ဝတ်ပြုရာ ၁၉:၁၈ မှာ ပါ​တဲ့ မူတွေ ဒီနေ့​အထိ သက်ဆိုင်​နေဆဲ ဖြစ်ကြောင်း ဘာက ဖော်ပြ​သလဲ။

၁၄ အငြိုး​မထား၊ လက်စားမချေ​ဘဲ ခွင့်လွှတ်​တဲ့ ယောသပ်ရဲ့ လုပ်ရပ်ဟာ ဘုရား​နှစ်သက်မှု ရ​ချင်​တဲ့ ခရစ်ယာန်​တွေ​အတွက် ပုံသက်သေ​ကောင်း​ပါ​ပဲ။ ယေရှု သင်ပေးတဲ့ စံပြ​ဆုတောင်းချက်​နဲ့​လည်း ကိုက်ညီတယ်။ ကိုယ့်ကို ပြစ်မှား​သူတွေကို ခွင့်လွှတ်​ဖို့ ယေရှု ပြော​တယ်။ (မ. ၆:၉၊ ၁၂) တမန်တော် ပေါလု​လည်း “ချစ်ရသူ​တို့၊ လက်စားမချေ​ပါ​နဲ့” ဆိုပြီး ခရစ်ယာန်​တွေ​ကို တိုက်တွန်း​ထား​တယ်။ (ရော. ၁၂:၁၉) “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်​ပြီး သည်းခံ​ကြ​ပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ကြ​ပါ” လို့​လည်း အားပေးတယ်။ (ကော. ၃:၁၃) ယေဟောဝါရဲ့ မူတွေ မပြောင်းလဲ​ပါ​ဘူး။ ဝတ်ပြုရာ ၁၉:၁၈ မှာ ပါ​တဲ့ ပညတ်​နောက်ကွယ်​က မူတွေ ဒီနေ့​အထိ သက်ဆိုင်​နေဆဲ​ပါ​ပဲ။

ပကတိ​ ဒဏ်ရာ​ကို မဆွ​သင့်​သလို စိတ်ဒဏ်ရာ​တွေ​ကို တနုံ့နုံ့ တွေး​မနေ​ဘဲ မေ့​ပစ်လိုက်​တာ အကောင်းဆုံး ဖြစ် (စာပိုဒ် ၁၅ ကို ကြည့်​ပါ) *

၁၅။ ခွင့်လွှတ်​ပြီး မေ့​ပစ်​သင့်​ကြောင်း နားလည်အောင် ဘယ်​ဥပမာ​က ကူညီ​ပေး​သလဲ။

၁၅ ဥပမာတစ်ခု စဉ်းစား​ကြည့်​ပါ။ နာကြည်း​နေတဲ့ ခံစားချက်​ကို ပကတိ​ ဒဏ်ရာ​နဲ့ နှိုင်းယှဉ်​နိုင်တယ်။ ဒဏ်ရာ​တချို့က သေး​တယ်။ တချို့က​တော့ ကြီး​တယ်။ ဥပမာ၊ ကြက်သွန် လှီး​ရင်း လက်​ရှ​သွားတယ်။ နာ​ပေမဲ့ ခဏလေး​နဲ့ ပျောက်​သွားတယ်။ နောက်​တစ်ရက် နှစ်​ရက်​လောက်​ဆို ဘယ်​နား လက်​ရှ​မှန်း​တောင် မသိတော့ဘူး။ အဲဒီလိုပဲ စိတ်ဒဏ်ရာ​တချို့က သိပ်​မကြီး​ကျယ်​ဘူး။ ဥပမာ၊ သူငယ်ချင်း​တစ်ယောက် မစဉ်းစားဘဲ ပြောလိုက်၊ လုပ်လိုက်တာ တစ်ခုခု​ကြောင့် စိတ်ထိခိုက်​မိ​နိုင်​ပေမဲ့ ခဏလေး​နဲ့ ခွင့်လွှတ်​လိုက်​နိုင်တယ်။ ဒဏ်ရာ​တချို့က​တော့ ပြင်း​တယ်။ ဆရာဝန် ချုပ်​ပေးဖို့၊ ပတ်တီး​စည်း​ပေးဖို့ လို​နိုင်တယ်။ ဒါပေမဲ့ ဒဏ်ရာ​ကို ဆွ​နေရင်​တော့ တော်​တော်​နဲ့ ကျက်​မှာ မဟုတ်ဘဲ ပို​ဆိုး​ဖို့​ပဲ ရှိမယ်။ အဲဒီလိုပဲ တစ်ယောက်ယောက်​ကြောင့် အကြီးအကျယ် စိတ်ဒဏ်ရာ ရတဲ့အခါ အဲဒီ​အကြောင်း တနုံ့နုံ့ တွေး​နေပြီး အငြိုး သိုထား​မယ်​ဆိုရင် ပို​ဆိုး​လာမယ်။ ဝတ်ပြုရာ ၁၉:၁၈ ပါ အကြံဉာဏ်​ကို နာခံ​တာ အကောင်းဆုံးပါပဲ။

၁၆။ ဝတ်ပြုရာ ၁၉:၃၃၊ ၃၄ အရ တိုင်းတစ်ပါးသား​တွေ​ကို အစ္စရေး​တွေ ဘယ်လို ဆက်ဆံ​ရမလဲ။ အဲဒီ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၆ လူ​လူ​ချင်း ချစ်ပါ​ဆိုတဲ့ ပညတ်​ဟာ ကိုယ်​နဲ့ လူမျိုး​တူ​သူတွေကို​ပဲ ဆိုလို​တာ မဟုတ်ဘူး။ အစ္စရေး​တွေ​ဟာ တိုင်းတစ်ပါးသား​တွေ​ကိုလည်း ချစ်​ရမယ်။ ဝတ်ပြုရာ ၁၉:၃၃၊ ၃၄ မှာ အဲဒီလိုပဲ ရှင်းရှင်းလင်းလင်း ပြော​ထား​တယ်။ (ဖတ်ပါ။) တိုင်းတစ်ပါးသား​ကို “ကိုယ့်​ပြည်သား​လို​ပဲ” ဆက်ဆံ​ရမယ်။ ကိုယ်​နဲ့ ထပ်တူ “ချစ်​ရမယ်။” ဥပမာ၊ တိုင်းတစ်ပါးသား​တွေ​ကို​ရော ဆင်းရဲသား​တွေ​ကို​ပါ ကိုယ့်​လယ်​မှာ ကောက်သင်း​ကောက်ခွင့် ပေး​ရမယ်။ (ဝတ်. ၁၉:၉၊ ၁၀) တိုင်းတစ်ပါးသား​တွေ​ကို ချစ်တာ​နဲ့​ပတ်သက်​တဲ့ မူ​ဟာ ဒီနေ့​ခေတ် ခရစ်ယာန်​တွေ​နဲ့​လည်း သက်ဆိုင်တယ်။ (လု. ၁၀:၃၀-၃၇) ဘယ်လို​နည်းနဲ့လဲ။ ကမ္ဘာ​တစ်ဝန်း​မှာ ပြောင်းရွှေ့​နေထိုင်သူ သန်းပေါင်း​များစွာ ရှိ​လာတယ်။ သင့်​အနီး​ဝန်းကျင်​ကို ပြောင်းရွှေ့​လာ​သူတချို့​တောင် ရှိ​နိုင်တယ်။ အဲဒီလို ပြောင်းရွှေ့​လာတဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေး​တွေ​ကို သိက္ခာရှိရှိ၊ လေးလေးစားစား ဆက်ဆံ​ဖို့ အရေးကြီးတယ်။

ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ မဖော်​ပြ​ထား​တဲ့ အရေးကြီး​လုပ်ငန်း

၁၇-၁၈။ (က) ဝတ်ပြုရာ ၁၉:၂ နဲ့ ၁ ပေတရု ၁:၁၅ မှာ ကျွန်တော်​တို့ကို ဘာ​အားပေးထား​သလဲ။ (ခ) ဘယ်​အရေးကြီး လုပ်ငန်းမှာ ပါဝင်​ဖို့ တမန်တော် ပေတရု တိုက်တွန်း​သလဲ။

၁၇ ဝတ်ပြုရာ ၁၉:၂ နဲ့ ၁ ပေတရု ၁:၁၅ မှာ ဘုရား​လူမျိုးကို သန့်ရှင်း​ဖို့ တိုက်တွန်း​ထား​တယ်။ ယေဟောဝါရဲ့ မျက်နှာသာ​ ရဖို့ ဘာလုပ်​နိုင်​ကြောင်း နားလည်အောင် ဝတ်ပြုရာ အခန်းကြီး ၁၉ ပါ အခန်းငယ်​များစွာ​က ကူညီ​ပေးတယ်။ ဆောင်​သင့်၊ ရှောင်သင့်​တာ တချို့​ကို ဖော်ပြ​ထား​တဲ့ အခန်းငယ်​တွေ​ကို ကျွန်တော်​တို့ ဆွေးနွေး​ခဲ့​ကြပြီ။ * အဲဒီ​မူတွေကို​ပဲ ခရစ်ယာန် ဂရိ​ကျမ်းစောင်​တွေ​မှာလည်း ထပ်​ဖော်ပြ​ထား​တယ်။ ဒါပေမဲ့ တမန်တော် ပေတရု ထပ်​ဖြည့်စွက်​ထား​တာ တစ်ခု ရှိသေးတယ်။

၁၈ ကျွန်တော်​တို့​ဟာ ဝတ်ပြုရေး​နဲ့​ဆိုင်​တဲ့ လုပ်ဆောင်မှုတွေ၊ တခြား ကောင်း​တာ​တွေ အများကြီး လုပ်​နေမှာ​ပဲ။ ဒါပေမဲ့ ခရစ်ယာန်​တွေ လုပ်​ရမယ့် အရေးကြီး​တာဝန် တစ်ခု​ကို ပေတရု အလေးပေး​ဖော်ပြ​တယ်။ ပြုမူ​ကျင့်ကြံ​သမျှ​မှာ သန့်ရှင်း​ဖို့ မပြော​ခင် “အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့ စိတ်​ကို အသင့်ပြင်​ထား​ကြ​ပါ” လို့ ပေတရု ပြော​တယ်။ (၁ ပေ. ၁:၁၃၊ ၁၅) အဲဒီ​လုပ်ဆောင်မှု​ထဲမှာ ဘာ​ပါဝင်​သလဲ။ ခရစ်တော်​ရဲ့ ဘိသိက်ခံ​ ညီ​တွေ​ဟာ မိမိတို့ကို “ခေါ်ထုတ်​တဲ့ အရှင်ရဲ့ ‘မွန်မြတ်တဲ့ ဂုဏ်ရည်တော်​တွေ​ကို နေရာအနှံ့ ဟောပြော’” ကြ​မယ်လို့ ပေတရု ပြော​တယ်။ (၁ ပေ. ၂:၉) ဒီ​အရေးကြီးဆုံး​လုပ်ငန်းမှာ ခရစ်ယာန်​အားလုံး ပါဝင်ခွင့် ရထား​ကြတယ်။ တခြား​သူတွေ​အတွက် လုပ်ပေး​နိုင်​သမျှ​မှာ အကောင်းဆုံး လုပ်ဆောင်မှု​ပါ​ပဲ။ သန့်ရှင်းတဲ့ လူမျိုး​အဖြစ် ဟောပြောခြင်းနဲ့ သွန်သင်ခြင်း​မှာ ပုံမှန် ထက်သန်​စွာ ပါဝင်​ဖို့ ကျွန်တော်​တို့ အခွင့်ထူး ရထား​ကြတယ်။ (မာ. ၁၃:၁၀) ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ ပါ​တဲ့ မူတွေကို အတတ်နိုင်ဆုံး လိုက်နာတာ​ဟာ ဘုရား​နဲ့ လူလူချင်းကို ချစ်​ကြောင်း ဖော်ပြ​ရာ​ရောက်တယ်။ အဲဒီအပြင် ပြုမူ​ကျင့်ကြံ​သမျှ​မှာ “သန့်ရှင်း” ချင်​ကြောင်း ဖော်ပြ​ရာ​လည်း​ရောက်​ပါ​တယ်။

သီချင်း ၁၁၁ တို့​ဝမ်းမြောက်​ရတဲ့​ အကြောင်း​များ

^ အပိုဒ်၊ 5 ခရစ်ယာန်​တွေ​ဟာ မောရှေ​ပညတ်​အောက်မှာ မရှိတော့​ပေမဲ့ ကျွန်တော်​တို့ ဆောင်​သင့်၊ ရှောင်သင့်​တာ များစွာ​ကို မောရှေ​ပညတ်​မှာ ဖော်ပြ​ထား​တယ်။ အဲဒါတွေကို သိထားခြင်းက တခြား​သူတွေကို မေတ္တာ​ပြဖို့၊ ဘုရား​မျက်နှာသာ ရအောင် လုပ်ဖို့ ကူညီ​ပေး​နိုင်တယ်။ ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ ပါ​တဲ့ သင်ခန်းစာ​တချို့က​နေ ဘယ်လို အကျိုး​ရနိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 17 ဒီ​ဆောင်းပါး​နဲ့ ရှေ့​ဆောင်းပါး​မှာ မဆွေးနွေး​ထား​တဲ့ အခန်းငယ်​တွေ​က မျက်နှာ​လိုက်တာ၊ တခြား​သူတွေ​အကြောင်း သွားပုပ်လေလွင့် ပြော​တာ၊ သွေး​စား​တာ၊ နတ်ဆိုး​ပညာ လိုက်စား​တာ၊ ဗေဒင် မေး​တာ၊ လိင်​အကျင့်ပျက်​တာ​တွေ​နဲ့ သက်ဆိုင်တယ်။—ဝတ်. ၁၉:၁၅၊ ၁၆၊ ၂၆-၂၉၊ ၃၁။—ဒီ​စာစောင်​ထဲ​က “စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ” ကို ကြည့်​ပါ။

^ အပိုဒ်၊ 52 ပုံ​အညွှန်း– ဆရာဝန်​နဲ့ ပြောဆိုဆက်သွယ်​နိုင်​ဖို့ နား​မကြား ညီအစ်ကို​ကို ညီအစ်ကို​တစ်ယောက် ကူညီ​ပေး​နေ။

^ အပိုဒ်၊ 54 ပုံ​အညွှန်း– ဆေးသုတ်​လုပ်ငန်း လုပ်တဲ့ ညီအစ်ကို​ဟာ အလုပ်သမား​ကို လုပ်ခ ပေး​နေ။

^ အပိုဒ်၊ 56 ပုံ​အညွှန်း– လက်​ရှ​တဲ့ ဒဏ်ရာ​သေးသေးလေး​ကို ညီအစ်မတစ်ယောက် လွယ်လွယ်နဲ့ မေ့သွား​ပေမဲ့ ပို​ကြီး​တဲ့ ဒဏ်ရာ​ကို​ကော အဲဒီလိုပဲ မေ့​ပစ်​မလား။