မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ဟာ လုပ်ဖော်ဆောင်ဖက်ကောင်းလား

သင်ဟာ လုပ်ဖော်ဆောင်ဖက်ကောင်းလား

“ကျွမ်းကျင်​လုပ်သား​အဖြစ် ဘုရား​ရဲ့ ဘေးမှာ ငါ ရှိနေခဲ့တယ်။ . . . ရှေ့​တော်​မှာ ငါ အမြဲ ဝမ်းမြောက်နေ​တယ်။” (ပညာ. ၈:၃၀) ဘုရားသခင့် သားတော်ဟာ မြေကြီးပေါ် မလာခင် ဖခင်​နဲ့​အတူ ကောင်းကင်​မှာ နှစ်ပေါင်း​များစွာ တွဲလုပ်ဆောင်ခဲ့ကြောင်း အဲဒီ​ကျမ်းချက်​က ဖော်ပြ​တယ်။ ဘုရား​နဲ့ တွဲ​လုပ်ရတာကို ယေရှု “ဝမ်းမြောက်” ကြောင်း​လည်း သတိပြုပါ။

မြေကြီး​ပေါ်မှာ မိမိ​နဲ့ တွဲ​လုပ်ဆောင်​သူတွေ​အတွက် လုပ်ဖော်ဆောင်ဖက်​ကောင်း ဖြစ်စေ​မယ့် အရည်အသွေးကောင်း​တွေ​ကို ယေရှု သင်ယူ​ခဲ့တယ်။ ယေရှုရဲ့ ပုံ​နမူနာ​ကနေ ကျွန်တော်​တို့ ဘယ်လို အကျိုး​ရနိုင်သလဲ။ ယေရှုရဲ့ ပုံသက်သေ​ကို လေ့လာခြင်း​အားဖြင့် လုပ်ဖော်ဆောင်ဖက်​ကောင်း ဖြစ်စေ​နိုင်​မယ့် မူသုံးခု​ကို သိလာမယ်။ အဲဒီ​မူတွေ​က စည်းလုံးမှု တိုးများ​ဖို့၊ ပူးပေါင်း​လုပ်ဆောင်ဖို့ ကူညီ​ပေး​ပါ​လိမ့်မယ်။

ယေဟောဝါ​နဲ့ ယေရှုရဲ့ ပုံသက်သေ​ကို အမှတ်ရ​ပြီး လုပ်ဖော်ဆောင်ဖက်တွေ​ကို သင့်အတွေ့အကြုံ၊ အသိပညာ​တွေ ဝေမျှပေး​ပါ

မူ ၁– “အချင်းချင်း​ကို ဂုဏ်တင်​ပါ”

လုပ်ဖော်ဆောင်ဖက်​ကောင်း​ဟာ အလုပ်ဖော်တွေကို တန်ဖိုးထား​တယ်။ ကိုယ်​အထင်ကြီး​ခံရ​ဖို့​ပဲ မကြိုးစား​ဘူး။ အဲဒီလို နှိမ့်ချတဲ့ သဘောထားကို ဖခင်​ဆီကနေ ယေရှု သင်ယူ​ခဲ့တယ်။ ယေဟောဝါ​တစ်ပါး​တည်း ဖန်ဆင်း​ရှင်​လို့ အခေါ်​ခံထိုက်​ပေမဲ့ လုပ်ဖော်ဆောင်ဖက်​ ဖြစ်​တဲ့ သားတော်ရဲ့ ပြီးမြောက်မှု​တွေ​ကိုလည်း တခြား​သူတွေကို သိစေတယ်။ “ငါ​တို့​နဲ့​ တူ​တဲ့ လူကို ဖန်ဆင်း​ကြ​စို့” ဆို​တဲ့ စကား​မှာ အဲဒီ​အချက် ပေါ်လွင်​တယ်။ (က. ၁:၂၆) ယေဟောဝါရဲ့ နှိမ့်ချမှုကို ယေရှု တန်ဖိုးထား လေးမြတ်​မှာ သေချာတယ်။—ဆာ. ၁၈:၃၅

မြေကြီးပေါ် ရှိ​တုန်း ယေရှုလည်း နှိမ့်ချမှု တင်ပြ​တယ်။ ကိုယ့်ရဲ့ ပြီးမြောက်​အောင်မြင်မှု​တွေ​အတွက် ချီးမွမ်း​ခံရတဲ့​အခါ ဘုရား​ကိုပဲ ချီးမွမ်း​စေတယ်။ (မာ. ၁၀:၁၇၊ ၁၈။ ယော. ၇:၁၅၊ ၁၆) တပည့်​တွေ​နဲ့ သင့်မြတ်​ဖို့ ကြိုးစား​တယ်။ တပည့်​တွေ​ကို ကျွန်​လို မဟုတ်ဘဲ မိတ်ဆွေ​လို ဆက်ဆံ​တယ်။ (ယော. ၁၅:၁၅) နှိမ့်ချမှု သင်ခန်းစာ သင်ပေးဖို့ သူတို့ရဲ့ ခြေ​ကို​တောင် ဆေးပေး​ခဲ့တယ်။ (ယော. ၁၃:၅၊ ၁၂-၁၄) ကျွန်တော်​တို့​လည်း လုပ်ဖော်ဆောင်ဖက်တွေ​ကို တန်ဖိုးထား​သင့်တယ်။ သူတို့​အကျိုး​ထက် ကိုယ့်​အကျိုးကို ရှေ့​တန်း မတင်​သင့်ဘူး။ “အချင်းချင်း​ကို ဂုဏ်တင်” မယ်၊ ဘယ်သူ နာမည်​ရမယ်ဆိုတာ မစိုးရိမ်​ဘူးဆို​ရင် အလုပ်​များစွာ ပြီးမြောက်​ပါ​လိမ့်မယ်။—ရော. ၁၂:၁၀

‘အကြံပေး​သူ များ​ရင် အောင်မြင်​တတ်’ ကြောင်း နှိမ့်ချ​သူ အသိအမှတ်ပြု​တယ်။ (ပညာ. ၁၅:၂၂) အတွေ့အကြုံ၊ အရည်အချင်း ဘယ်လောက်​ရှိ​ရှိ အရာအားလုံး သိတဲ့​သူ​ဆိုတာ မရှိဘူး။ ယေရှု​တောင် မိမိ မသိတာ​တွေ ရှိကြောင်း ဝန်ခံတယ်။ (မ. ၂၄:၃၆) မစုံလင်​တဲ့ တပည့်​တွေ ဘာသိ​ထား​ကြောင်း၊ ဘယ်လို ထင်မြင်​ကြောင်း စိတ်ဝင်စား​တယ်။ (မ. ၁၆:၁၃-၁၆) ဒါ​ကြောင့် ယေရှု​နား​မှာ လုပ်ဖော်ဆောင်ဖက်တွေ သက်သောင့်သက်သာ ရှိကြတာ မဆန်းပါဘူး။ ကျွန်တော်​တို့​လည်း ကိုယ်​မသိတာ​တွေ​ကို နှိမ့်ချစွာ အသိအမှတ်​ပြုပြီး တခြား​သူတွေရဲ့ အကြံဉာဏ်​ကို နားထောင်မယ်​ဆိုရင် သင့်သင့်မြတ်မြတ် ရှိမယ်၊ အလုပ် ပို “အောင်မြင်” ပြီးမြောက်​မယ်။

အထူးသဖြင့် အကြီးအကဲ​တွေ​ဟာ အချင်းချင်း တွဲ​လုပ်ဆောင်​ချိန်မှာ ယေရှုရဲ့ နှိမ့်ချမှုကို တုပ​ဖို့ အရေးကြီးတယ်။ ဘယ်​အကြီးအကဲ​ကို​မဆို သန့်ရှင်းသော စွမ်းအားတော် လှုံ့ဆော်​နိုင်​ကြောင်း အသိအမှတ် ပြု​ဖို့ လိုတယ်။ အကြီးအကဲ အစည်းအဝေး​မှာ ယောက်​တိုင်း ကိုယ့်​အမြင် သဘောထားကို လွတ်လွတ်လပ်လပ် ပြောရဲဆိုရဲ​တဲ့ အခြေအနေ​မျိုး ရှိအောင် ကူညီ​မယ်​ဆိုရင် အသင်းတော်​တစ်ခုလုံး​ကို အကျိုးပြုမယ့် ဆုံးဖြတ်ချက်​တွေ ချ​နိုင်​ပါလိမ့်မယ်။

မူ ၂– ‘အကျိုးသင့်အကြောင်းသင့်​သဘောကို သိမြင်စေပါ’

လုပ်ဖော်ဆောင်ဖက်​ကောင်း​ဟာ အလုပ်ဖော်တွေနဲ့ ဆက်ဆံ​ရာ​မှာ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ တစ်ယူသန် မဟုတ်ဘူး။ လိုက်လျော​တတ်တယ်။ ဖခင်​ရဲ့ အကျိုးသင့်အကြောင်းသင့် သဘောကို ယေရှု အကြိမ်​များစွာ တွေ့မြင်​ခဲ့တယ်။ ဥပမာ၊ သေဒဏ်​ခံထိုက်​တဲ့ လူသားတွေကို ကယ်တင်​ဖို့ ယေရှုကို ယေဟောဝါ စေလွှတ်ခဲ့​တယ်။—ယော. ၃:၁၆

သင့်တော်​တဲ့ အခါတိုင်း ယေရှု လိုက်လျော​ပေးတယ်။ အစ္စရေး​လူမျိုးကို ကူညီ​ဖို့ စေလွှတ်​ခံရတာ ဖြစ်​ပေမဲ့ ဖိုနီးရှား အမျိုးသမီးကို ကူညီ​ပေး​ခဲ့​ကြောင်း သတိရပါ။ (မ. ၁၅:၂၂-၂၈) တပည့်တွေ​ဆီကနေ​လည်း တရားလွန် မမျှော်လင့်​ဘူး။ မိမိကို မိတ်ဆွေ ပေတရု လူ​ရှေ့​သူ​ရှေ့ ငြင်းပယ်​တာ​ကို ခွင့်လွှတ်​ခဲ့တယ်။ နောက်ပိုင်း၊ တာဝန်​ကြီး​တွေ​တောင် ပေး​ခဲ့တယ်။ (လု. ၂၂:၃၂။ ယော. ၂၁:၁၇။ တ. ၂:၁၄။ ၈:၁၄-၁၇။ ၁၀:၄၄၊ ၄၅) ယေရှုရဲ့ ပုံသက်သေ​က “အကျိုးသင့်အကြောင်းသင့် သဘောကို လူတိုင်း သိမြင်” အောင် ကြိုးစား​ရမယ်ဆိုတာ သင်ပေးတယ်။—ဖိ. ၄:၅

အကျိုးသင့်အကြောင်းသင့် သဘော​က လူအမျိုးမျိုး​နဲ့ သင့်သင့်မြတ်မြတ် တွဲ​လုပ်နိုင်အောင် လိုက်လျောညီထွေ နေတတ်​ဖို့​လည်း ကူညီ​ပေး​ပါ​လိမ့်မယ်။ ယေရှုဟာ တခြား​သူတွေနဲ့ သင့်မြတ်​လွန်းလို့ “အခွန်ခံ​တွေ၊ အပြစ်သားတွေ​နဲ့ မိတ်ဖွဲ့​သူ” ဆိုပြီး မနာလို​တဲ့ ရန်သူတွေ စွပ်စွဲ​ကြတယ်။ (မ. ၁၁:၁၉) ယေရှု​လို​ပဲ ကျွန်တော်​တို့​လည်း တခြား​သူတွေနဲ့ သင့်မြတ်​စွာ တွဲလုပ်နိုင်​မလား။ နယ်လှည့်​လုပ်ငန်းမှာ၊ ဗေသလမှာ နောက်ခံ​အမျိုးမျိုး ရှိသူတွေနဲ့ တွဲ​လုပ်ခဲ့တဲ့ ညီအစ်ကို လူဝီ​အကြောင်း စဉ်းစား​ကြည့်​ပါ။ “ကိုယ်​နဲ့ တွဲလုပ်​ရသူ​တိုင်း​ကို ပုံစံ​မတူတဲ့ ကျောက်တုံး​တွေ​နဲ့ ဆောက်​ထား​တဲ့ အုတ်တံတိုင်း​လို့ သဘောထား​ကြည့်​တယ်။ ကျောက်တုံး​တွေ ပုံစံ မတူ​လို့ ဖြောင့်တန်း​တဲ့ အုတ်တံတိုင်း ဖြစ်ဖို့ လိုအပ်​တဲ့​နေရာမှာ လိုအပ်​သလို အစားထိုး ဖြည့်စွက်​ရတယ်။ ကျွန်တော်​လည်း အလုပ်​ပြီးမြောက်​အောင် တခြား​သူတွေနဲ့ သင့်သင့်မြတ်မြတ် ရှိဖို့ လိုအပ်​တာ​တွေ ပြုပြင်​ပြောင်းလဲ​တယ်” လို့ ပြော​တယ်။ မွန်မြတ်​လှတဲ့ စိတ်ထား​ပါ​ပဲ။

လုပ်ဖော်ဆောင်ဖက်​ကောင်း​ဟာ တခြား​သူတွေ ကိုယ့်​ထိန်းချုပ်မှု​အောက် မရှိတော့မှာ စိုး​ပြီး ဆရာ​စား​ချန်​တာ​မျိုး မ​လုပ်​ဘူး

ဘယ်​အချိန်တွေမှာ ပူးပေါင်း​လုပ်ဆောင်ဖို့ လို​နိုင်​သလဲ။ အမှုဆောင်မှာ ပါဝင်​တဲ့​အခါ​တွေ ဖြစ်တယ်။ ကိုယ့်ထက် မိသားစု​တာဝန် ပို​များ​သူ၊ အသက်အရွယ် မတူ​သူတွေနဲ့ တွဲ​အမှုဆောင်​ရနိုင်တယ်။ အမှုဆောင်မှာ သူတို့ အဓိပ္ပာယ်ရှိရှိ ပါဝင်​နိုင်အောင် ကိုယ့်ရဲ့ အရှိန်၊ ဟော​ပုံ​ဟော​နည်းကို အပြောင်းအလဲ လုပ်နိုင်​မလား။

မူ ၃– ‘ဝေမျှပေး​ရာ​မှာ အသင့်ရှိ​ပါ’

လုပ်ဖော်ဆောင်ဖက်​ကောင်း​ဟာ “ဝေမျှပေး​ရာ​မှာ အသင့်ရှိ” တယ်။ (၁ တိ. ၆:၁၈) ယေဟောဝါ​ဟာ ပညာ​လျှို​သူ မဟုတ်​ကြောင်း အလုပ်​တွဲ​လုပ်​ရင်း ယေရှု သိလာ​မှာပဲ။ “ကောင်းကင်​ကို ဘုရား ပြင်ဆင်​တဲ့​အခါ” ယေရှု “ရှိနေ” တဲ့​အတွက် သင်ယူ​နိုင်​ခဲ့တယ်။ (ပညာ. ၈:၂၇) နောက်ပိုင်း၊ ဖခင်​ဆီက “ကြားနာ​ခဲ့​သမျှ” တပည့်​တွေ​ကို ဝေမျှ​ပေးတယ်။ (ယော. ၁၅:၁၅) ကျွန်တော်​တို့​လည်း လုပ်ဖော်ဆောင်ဖက်တွေ​ကို ကိုယ့်​အသိပညာ၊ အတွေ့အကြုံ​တွေ ဝေမျှပေး​သင့်တယ်။ လုပ်ဖော်ဆောင်ဖက်​ကောင်း​ဟာ တခြား​သူတွေ ကိုယ့်​ထိန်းချုပ်မှု​အောက် မရှိတော့မှာ စိုး​ပြီး ဆရာ​စား​ချန်​တာ​မျိုး မ​လုပ်​ဘူး။ သိထား​သမျှ​ကို လိုလိုလားလား ဝေမျှ​ပေးတယ်။

လုပ်ဖော်ဆောင်ဖက်တွေ​ကို အားပေး​စကား​လည်း ပြော​နိုင်တယ်။ ကိုယ့်​ကြိုးစား​မှု​ကို တစ်ယောက်ယောက် သတိထား​မိ​ပြီး လှိုက်လှိုက်လှဲလှဲ ချီးမွမ်း​တဲ့​အခါ အား​ရှိတယ် မဟုတ်လား။ လုပ်ဖော်ဆောင်ဖက်တွေ​ဆီ​မှာ သတိထား​မိ​တဲ့ ကောင်းကွက်​တွေ​ကို ယေရှု အချိန်​ယူ ချီးမွမ်း​ပေးတယ်။ (မဿဲ ၂၅:၁၉-၂၃။ လုကာ ၁၀:၁၇-၂၀ နဲ့ နှိုင်းယှဉ်ပါ။) မိမိ လုပ်ခဲ့တာ​ထက် “ကြီးမား​တာတွေကို လုပ်​လိမ့်မယ်” လို့​တောင် ပြော​တယ်။ (ယော. ၁၄:၁၂) မသေဆုံးခင် ည​မှာ “ခင်ဗျား​တို့​က ကျွန်တော် စမ်းသပ်မှု ကြုံ​ရချိန်​တွေ​မှာ ကျွန်တော့်​ကို မစွန့်ခွာ​ကြဘူး” လို့ သစ္စာရှိ တမန်တော်​တွေ​ကို ချီးမွမ်း​တယ်။ (လု. ၂၂:၂၈) အဲဒီ​စကား​တွေ​က တပည့်​တွေ​ကို ဘယ်လောက် အားရှိစေ​မလဲ​ဆိုတာ စဉ်းစား​ကြည့်​ပါ။ ပို​ကြိုးစားချင်​စိတ် ပေါ်လာ​စေမှာ​ပဲ။ ကျွန်တော်​တို့​လည်း လုပ်ဖော်ဆောင်ဖက်တွေ​ကို အချိန်​ယူ ချီးမွမ်း​မယ်​ဆိုရင် သူတို့ ပို​ပျော်​လာမယ်၊ အလုပ် ပို​ပြီးမြောက်​မယ်​ဆိုတာ သေချာ​ပါ​တယ်။

သင် လုပ်ဖော်ဆောင်ဖက်​ကောင်း ဖြစ်​နိုင်

“လုပ်ဖော်ဆောင်ဖက်​ကောင်း​ဆိုတာ ပြည့်ဝ​စုံလင်​ဖို့ မလိုဘူး။ ကိုယ်​နဲ့​ တွဲ​လုပ်​ရသူတွေကို ပျော်ရွှင်​စေတယ်။ သူတို့ရဲ့ အလုပ်ဝန်ကို ပေါ့​စေတယ်” လို့ ညီအစ်ကို ကာ​ယို​ဒီ ပြော​တယ်။ သင်ဟာ အဲဒီလို လုပ်ဖော်ဆောင်ဖက်​မျိုး​လား။ ကိုယ်​ဟာ ဘယ်လို အလုပ်ဖော်​မျိုး​လဲ​ဆိုတာ သိဖို့ ညီအစ်ကို/မတချို့​ကို မေးကြည့်ပါ။ ယေရှုနဲ့ တွဲ​လုပ်ရတာကို တပည့်​တွေ ပျော်သလို သင်နဲ့ တွဲလုပ်ရတာကို ပျော်​ကြတယ်​ဆိုရင် “ကျွန်တော်​တို့​ဟာ ခင်ဗျား​တို့ကို ပျော်ရွှင်​စေ​ချင်​တဲ့ လုပ်ဖော်ဆောင်ဖက်တွေ​ပဲ” လို့ တမန်တော် ပေါလု ပြော​သလို ပြော​နိုင်​ပါ​လိမ့်မယ်။—၂ ကော. ၁:၂၄