မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၅၀

သိုးထိန်းကောင်းရဲ့ စကားသံကို နားထောင်ပါ

သိုးထိန်းကောင်းရဲ့ စကားသံကို နားထောင်ပါ

“သူတို့က ကျွန်တော့်​အသံကို နားထောင်တယ်။”—ယော. ၁၀:၁၆

သီချင်း ၃ တို့​မျှော်လင့်​ကိုးစားရာ

အကြို​သုံးသပ်ချက် *

၁။ တပည့်​တွေ​ကို သိုး​တွေ​နဲ့ ယေရှု ဘာကြောင့် နှိုင်းယှဉ်တာ​လဲ။

ယေရှု​က တပည့်​တွေ​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိတာကို သိုးထိန်း​နဲ့ သိုး​တွေ​ကြား​က ရင်းနှီးမှု​နဲ့ နှိုင်းယှဉ်ခဲ့​တယ်။ (ယော. ၁၀:၁၄) အဲဒီလို နှိုင်းယှဉ်တာ သင့်တော်တယ်။ သိုး​တွေ​ဟာ သိုးထိန်း​ရဲ့ အသံကို သိ​ပြီး နားထောင်​ကြတယ်။ အဲဒါကို ခရီး​သွား​တစ်ယောက် ကိုယ်တွေ့ ကြုံ​ခဲ့တယ်။ “သိုး​တချို့​ကို ဓာတ်​ပုံ​ရိုက်​ချင်​လို့ အနား​လာအောင် လုပ်​ပေမဲ့ ကျွန်တော်​တို့ အသံကို မသိတော့ မလာကြဘူး။ သိုးထိန်း ကောင်လေး ရောက်လာ​ပြီး ခေါ်​တဲ့​အခါမှာ​တော့ အားလုံး သူ့​နောက်ကို လိုက်ကြတယ်” လို့ ပြော​တယ်။

၂-၃။ (က) ယေရှုရဲ့ စကား​ကို နားထောင်​ကြောင်း နောက်လိုက်​တွေ ဘယ်လို ပြ​နေသလဲ။ (ခ) ဒီဆောင်းပါး​နဲ့ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

အဲဒီ​ခရီး​သွား​ရဲ့ အတွေ့အကြုံ​က တပည့်​တွေ​ကို သိုး​နဲ့ ခိုင်းနှိုင်း​တဲ့ ယေရှုရဲ့ စကား​ကို သတိ​ရစေတယ်။ “သူတို့က ကျွန်တော့်​အသံကို နားထောင်တယ်” လို့ ယေရှု ပြော​တယ်။ (ယော. ၁၀:၁၆) ဒါပေမဲ့ ယေရှု​က ကောင်းကင်​မှာ ရှိနေ​တော့ သူ့​စကားသံ​ကို ကျွန်တော်​တို့ ဘယ်လို ကြား​နိုင်​မလဲ။ ယေရှုရဲ့ သွန်သင်ချက်​တွေ​ကို လေ့လာခြင်း​အားဖြင့် ကြား​နိုင်တယ်။ ဘဝမှာ လက်တွေ့​ကျင့်သုံး​ခြင်း​အားဖြင့် နားထောင်​နိုင်တယ်။—မ. ၇:၂၄၊ ၂၅

ဒီ​ဆောင်းပါး​နဲ့ နောက်​ဆောင်းပါး​မှာ ယေရှုရဲ့ သွန်သင်ချက် တချို့​ကို သုံးသပ်ကြ​ပါ​မယ်။ မလုပ်​ရမယ့်အရာ​တွေ​နဲ့ လုပ်​ရမယ့်​အရာ​တွေ​ကို ယေရှု သင်ပေး​မှန်း သိရ​ပါ​မယ်။ မလုပ်​ရမယ့်​အရာ နှစ်ခု​ကို အရင်ဆုံး ဆွေးနွေး​ကြရအောင်။

“အစိုးရိမ်လွန်​တာ​မျိုး မဖြစ်​ကြနဲ့​တော့”

၄။ လုကာ ၁၂:၂၉ အရ ဘာတွေ​ကြောင့် “အစိုးရိမ်လွန်​တာ​မျိုး” ဖြစ်တတ်​သလဲ။

လုကာ ၁၂:၂၉ ကို ဖတ်ပါ။ ရုပ်ပစ္စည်း လိုအပ်ရာတွေ​အတွက် “အစိုးရိမ်လွန်​တာ​မျိုး မဖြစ်​ကြနဲ့​တော့” လို့ နောက်လိုက်​တွေ​ကို ယေရှု ပြော​တယ်။ ယေရှုရဲ့ သွန်သင်ချက် အမြဲ မှန်​ပြီး ပညာရှိ​ကြောင်း သိလို့ ကျွန်တော်​တို့ လိုက်နာချင်​ပေမဲ့ တစ်ခါ​တ​လေ​တော့ ခက်တယ်။ ဘာကြောင့်လဲ။

၅။ ရုပ်ပစ္စည်း လိုအပ်ရာတွေ​အတွက် တချို့ ဘာကြောင့် စိုးရိမ်​ပူပန်​မိ​နိုင်​သလဲ။

 တချို့က စား​ဝတ်​နေ​ရေး​အတွက် စိုးရိမ်​ပူပန်​မိ​နိုင်တယ်။ ဆင်းရဲ​တဲ့ နိုင်ငံ​မှာ နေလို့၊ မိသားစုကို ထောက်ပံ့ဖို့ ငွေ လုံလုံလောက်လောက် မရှာ​နိုင်​လို့ ဖြစ်​နိုင်တယ်။ မိသားစုကို အဓိက ရှာဖွေ​ကျွေးမွေး​နေ​သူ သေဆုံး​သွား​လို့ ကျန်ရစ်သူ မိသားစုမှာ ငွေကြေး ခက်ခဲ​နေတာ ဖြစ်​နိုင်တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ​ကြောင့် အလုပ်ပြုတ်​ပြီး ဝင်ငွေ မရှိတော့​တာ ဖြစ်​နိုင်တယ်။ (ဒေ. ၉:၁၁) ဒီလို အခက်အခဲ​တွေ ဒါမှ​မဟုတ် တခြား​အခက်အခဲ​တွေ ကြုံနေ​ရချိန်မှာ အစိုးရိမ်လွန်​တာ​မျိုး မဖြစ်​ကြနဲ့တော့ ဆိုတဲ့ ယေရှုရဲ့ စကား​ကို ဘယ်လို လိုက်နာ​နိုင်​မလဲ။

စိုးရိမ်​ပူပန်မှု​ထဲ နစ်​မြုပ်​နေမယ့်​အစား ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပါ (စာပိုဒ် ၆-၈ ကို ကြည့်​ပါ) *

၆။ တစ်ကြိမ်​မှာ တမန်တော် ပေတရု ဘာဖြစ်​ခဲ့​သလဲ​ဆိုတာ ရှင်းပြပါ။

တစ်ကြိမ်​မှာ တမန်တော် ပေတရု​နဲ့ တခြား​တမန်တော်​တွေ ဂါလိလဲ​ပင်လယ်​မှာ မုန်တိုင်းမိ​တယ်။ အဲဒီ​အချိန် ယေရှု ရေပေါ် လမ်းလျှောက်​လာတယ်။ ပေတရု​က “သခင်၊ တကယ်ပဲ သခင်​ ဟုတ်တယ်​ဆိုရင် ကျွန်တော်​လည်း ရေပေါ် လမ်းလျှောက်​ပြီး သခင့်​ဆီ လာဖို့ အမိန့်​ရှိပါ” လို့ ပြော​တယ်။ “လာ​ခဲ့​လေ” လို့ ယေရှု ခေါ်​တဲ့​အခါ ပေတရု လှေပေါ်​ကနေ ဆင်း​ပြီး “ရေပေါ် လမ်းလျှောက်​လာတယ်။” နောက်​ဘာဆက်​ဖြစ်​သလဲ သတိပြု​ကြည့်ပါ။ “မုန်တိုင်း ထန်​နေတာကို မြင်​တော့ ကြောက်​စိတ်ဝင်​ပြီး နစ်တော့​မလို ဖြစ်​သွားတယ်။” ဒါနဲ့ “‘သခင်၊ ကယ်ပါဦး’ လို့ အော်​တဲ့​အခါ” ယေရှု လက်​ဆန့်​ပြီး ကယ်​လိုက်တယ်။ ယေရှုကို အာရုံစိုက်​နေသရွေ့ မုန်တိုင်းထန်​တဲ့ ရေပြင်​ပေါ် ပေတရု လမ်းလျှောက်​နိုင်​ခဲ့​တာ သတိပြုပါ။ ဒါပေမဲ့ မုန်တိုင်း​ကို အာရုံစိုက်မိ​တဲ့​အခါမှာ​တော့ ကြောက်​စိတ်၊ သံသယစိတ် ဝင်လာ​ပြီး ရေနစ်​သွားတယ်။—မ. ၁၄:၂၄-၃၁

၇။ ပေတရု​ရဲ့ အဖြစ်ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

ပေတရု​ရဲ့ အဖြစ်ကနေ သင်ယူ​နိုင်​ပါ​တယ်။ လှေ​ထဲ​ကနေ ဆင်း​ပြီး ရေပေါ် စ​လမ်းလျှောက်​ချိန်မှာ စိုးရိမ်​စိတ်​ကြောင့် နစ်​သွားမယ်လို့ ပေတရု ထင်​မှာ မဟုတ်ဘူး။ သခင့်​ဆီ ရောက်တဲ့​အထိ ရေ​ပေါ်မှာ ဆက်လျှောက်​သွား​ချင်​တာ။ ဒါပေမဲ့ ယေရှုကို ဆက်​အာရုံမစိုက်​တဲ့​အတွက် အဲဒီလို မလျှောက်​နိုင်​ခဲ့​ဘူး။ ပေတရု​လို​ပဲ ကျွန်တော်​တို့​လည်း စမ်းသပ်မှု​တွေ​ကို ခံရပ်​နိုင်​ဖို့ ယုံကြည်ခြင်း လိုတယ်။ ယေဟောဝါ​နဲ့ ကတိတော်​တွေ​ကို အာရုံမစိုက်​တော့​ဘူးဆိုရင် ယုံကြည်ခြင်း အားနည်း​လာပြီး စိုးရိမ်​ပူပန်မှု​တွေ​ထဲ နစ်မြုပ်​သွားနိုင်တယ်။ မုန်တိုင်း​နဲ့​ တူ​တဲ့ ဘယ်လို ပြဿနာ​မျိုး​ပဲ ကြုံရ​ပါစေ ယေဟောဝါ​နဲ့ ဘုရား​ရဲ့ ကူညီ​နိုင်စွမ်း​ကို ဆက်​အာရုံစိုက်​နေ​ရမယ်။ ဘယ်လို လုပ်နိုင်မလဲ။

၈။ ရုပ်ပိုင်း လိုအပ်ရာတွေ​အတွက် အစိုးရိမ်လွန်​တာ​မျိုး မဖြစ်ဖို့ ဘာက ကူညီ​ပေး​မလဲ။

ပြဿနာ​တွေ​အတွက် စိုးရိမ်​ပူပန်​နေမယ့်​အစား ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ဖို့ လိုတယ်။ ဘုရားရေးရာ​ကို ဦးစားထား​မယ်​ဆိုရင် ရုပ်ပိုင်း လိုအပ်ရာတွေကို ဖြည့်ဆည်း​ပေး​မယ်လို့ မေတ္တာရှင် ဖခင် ယေဟောဝါ ကတိပေး​ထား​တာ သတိရပါ။ (မ. ၆:၃၂၊ ၃၃) အဲဒီ​ကတိ​အတိုင်း​လည်း အမြဲ ဖြည့်ဆည်း​ပေးတယ်။ (တရား. ၈:၄၊ ၁၅၊ ၁၆။ ဆာ. ၃၇:၂၅) ငှက်​တွေ၊ ပန်း​တွေ​ကို​တောင် ယေဟောဝါ ပစ်မထား​ဘူးဆိုရင် ကျွန်တော်​တို့ စားဖို့၊ ဝတ်ဖို့ စိုးရိမ်​ပူပန် မနေ​သင့်ဘူး။ (မ. ၆:၂၆-၃၀။ ဖိ. ၄:၆၊ ၇) မိဘတွေဟာ သားသမီးတွေကို ချစ်​လို့ လိုအပ်ရာတွေ ထောက်ပံ့​ပေး​သလို ကောင်းကင်​ဖခင်​လည်း မိမိ​လူတွေကို ချစ်​လို့ လိုအပ်ရာတွေ ထောက်ပံ့​ပေးတယ်။ ဒါ​ကြောင့် ကျွန်တော်​တို့ကို ကြည့်ရှု​ထောက်မပေး​မယ်​ဆိုတာ စိတ်ချ​နိုင်တယ်။

၉။ မောင်နှံ​တစ်စုံ​ရဲ့ တွေ့ကြုံမှု​ကနေ ဘာ​သိရသလဲ။

ရုပ်ပိုင်း လိုအပ်ရာတွေကို ယေဟောဝါ ထောက်မပေး​နိုင်​ကြောင်း ဖော်ပြ​တဲ့ တွေ့ကြုံမှု​တစ်ခု သုံးသပ်ကြည့်​ပါ။ ရှေ့​ဆောင် မောင်နှံ​တစ်စုံ​ဟာ ကားဟောင်း​လေး​နဲ့ တစ်​နာရီ​ကျော် မောင်း​ပြီး ဒုက္ခသည်​စခန်း​မှာ နေတဲ့ ညီအစ်မတချို့​ကို အစည်းအဝေး သွားကြို​တယ်။ “အစည်းအဝေး ပြီးနောက် အိမ်မှာ တစ်ခုခု လိုက်စားဖို့ ဖိတ်​လိုက်တယ်။ ဒါပေမဲ့ ဖိတ်ပြီး​မှ ကျွေး​ဖို့ ဘာမှ​ မရှိမှန်း သတိရ​လိုက်တယ်” လို့ ညီအစ်ကို ပြော​တယ်။ ဘာဆက်​ဖြစ်​သလဲ။ “အိမ်ကိုလည်း ရောက်​ရော တံခါး​ရှေ့​မှာ စျေး​ဝယ်​အိတ် နှစ်လုံး အပြည့် အစားအစာ​တွေ ရောက်နေတယ်။ ဘယ်သူ ထား​သွား​မှန်း မသိ​ဘူး။ ကျွန်တော်​တို့ကို ယေဟောဝါ တကယ် ဂရုစိုက်​တယ်” လို့ ညီအစ်ကို ပြော​တယ်။ နောက်ပိုင်း၊ သူတို့ရဲ့ ကား​လေး ပျက်​သွားတယ်။ ဒီ​ကား​ကို အမှုဆောင်​အတွက် သုံး​နေရ​တာ။ ဒါပေမဲ့ ပြန်​ပြင်​ဖို့ ပိုက်ဆံ မရှိဘူး။ ကားပြင်​ရင် ဘယ်လောက် ကျ​မလဲ သိရ​အောင် အနီး​က ဝပ်ရှော့​မှာ မေး​နေတုန်း အမျိုးသား​တစ်ယောက် ရောက်လာ​ပြီး “ဒါ ဘယ်သူ့ ကား​လဲ” လို့ မေးတယ်။ ညီအစ်ကို​က သူ့​ကား​ ဖြစ်​ကြောင်း၊ ပြင်​ဖို့ လို​နေကြောင်း ပြော​တဲ့​အခါ “ကိစ္စ မရှိဘူး။ ဒီလို​ကား​မျိုး ကျွန်တော့်​ဇနီး လိုချင်​နေတာ။ အရောင်​က​လည်း ကွက်တိ​ပဲ။ ဘယ်လောက်​နဲ့ ရောင်း​မလဲ” လို့ မေးတယ်။ ညီအစ်ကို​လည်း ရောင်းလိုက်တယ်။ နောက်​တစ်စီး ဝယ်​ဖို့ ငွေ​အလုံအလောက် ရသွားတယ်။ “ကျွန်တော်​တို့ ပြော​မပြ​တတ်​အောင် ဝမ်းသာ​သွားတယ်။ ဒါ မတော်တဆ မဟုတ်ဘူး။ ယေဟောဝါ ကူညီ​ပေး​တာ” လို့ ညီအစ်ကို ပြော​တယ်။

၁၀။ ရုပ်ပိုင်း လိုအပ်ရာတွေ​အတွက် မစိုးရိမ်​ဖို့ ဆာလံ ၃၇:၅ က ဘယ်လို ကူညီ​ပေး​သလဲ။

၁၀ သိုးထိန်း​ကောင်း​ရဲ့ စကား​ကို နားထောင်ပြီး ရုပ်ပိုင်း လိုအပ်ရာတွေ​အတွက် အစိုးရိမ် မလွန်​ဘူးဆိုရင် ကျွန်တော်​တို့ကို ယေဟောဝါ ထောက်မပေး​မယ်​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။ (ဆာလံ ၃၇:၅ ကို ဖတ်ပါ။ ၁ ပေ. ၅:၇)  စာပိုဒ် ၅ မှာ ဖော်ပြ​ထား​တဲ့ အခြေအနေ​တွေ​ကို စဉ်းစား​ကြည့်​ပါ။ အခု​အချိန်​ထိ အိမ်ထောင်ဦးစီး ဒါမှ​မဟုတ် အလုပ်ရှင် တစ်ယောက်ယောက်​ကို သုံးပြီး ကျွန်တော်​တို့​ရဲ့ နေ့စဉ်​လိုအပ်ရာတွေကို ယေဟောဝါ ထောက်မပေး​နေတာ ဖြစ်​နိုင်တယ်။ ဒါပေမဲ့ အိမ်ထောင်ဦးစီး မထောက်ပံ့​နိုင်​တော့​တဲ့​အခါ ဒါမှ​မဟုတ် ကျွန်တော်​တို့ အလုပ် ပြုတ်​သွားတဲ့အခါ ယေဟောဝါ တစ်နည်းနည်းနဲ့ ဂရုစိုက်​စောင့်ရှောက်​မယ်၊ ထောက်မပေး​မယ်​ဆိုတာ စိတ်ချ​နိုင်တယ်။ မလုပ်နဲ့​တော့​လို့ သိုးထိန်း​ကောင်း ပြော​တဲ့ နောက်တစ်ခု​ကို ဆက်​သုံးသပ်ကြည့်​ရအောင်။

“ဝေဖန်​အကဲဖြတ်တာ​မျိုး မလုပ်ပါနဲ့​တော့”

တခြား​သူရဲ့ ကောင်းကွက်​တွေ​ကို အာရုံစိုက်​ခြင်း​က ဝေဖန်​အကဲဖြတ်တာ​မျိုး မလုပ်ဖို့ ကူညီ​ပေး​နိုင် (စာပိုဒ် ၁၁၊ ၁၄-၁၆ ကို ကြည့်​ပါ) *

၁၁။ မဿဲ ၇:၁၊ ၂ အရ ဘာ​မလုပ်​တော့​ဖို့ ယေရှု ပြော​သလဲ။ လိုက်နာ​ဖို့ ဘာကြောင့် ခက်​နိုင်​သလဲ။

၁၁ မဿဲ ၇:၁၊ ၂ ကို ဖတ်ပါ။ မစုံလင်​သူတွေ​အနေ​နဲ့ တခြား​သူတွေကို ကျွန်တော်​တို့ ဝေဖန်​အကဲဖြတ်​တတ်​မှန်း ယေရှု သိတယ်။ ဒါ​ကြောင့် “ဝေဖန်​အကဲဖြတ်တာ​မျိုး မလုပ်ပါနဲ့​တော့” လို့ ပြော​တယ်။ ယုံကြည်သူချင်းတွေကို မဝေဖန်​မိဖို့ အတတ်နိုင်ဆုံး ကြိုးစား​ပေမဲ့ မစုံလင်​သူတွေ ဖြစ်လို့ အမြဲတော့ မအောင်မြင်​ဘူး။ တစ်ခါ​တ​လေ ကိုယ်တိုင် ဝေဖန်ခံ​ရတဲ့အခါ​မျိုး​တွေ ရှိ​နိုင်တယ်။ အဲဒီအခါ ဘယ်လို တုံ့ပြန်​မလဲ။ ဝေဖန်​အကဲဖြတ်တာ​မျိုး မလုပ်ပါနဲ့​တော့​ဆိုတဲ့ ယေရှုရဲ့ စကား​ကို နားထောင်ဖို့ ကြိုးစား​ရမယ်။

၁၂-၁၃။ တခြား​သူတွေကို အကဲမဖြတ်​ဖို့ ယေဟောဝါရဲ့ ပုံသက်သေ​က ဘယ်လို ကူညီ​ပေး​သလဲ။

၁၂ ယေဟောဝါရဲ့ ပုံသက်သေ​ကို တွေးတော​ဆင်ခြင်ခြင်း​ကနေ အကျိုး​ရနိုင်တယ်။ လူတွေရဲ့ ကောင်းကွက်​ကို ဘုရား အာရုံစိုက်​တယ်။ ကြီး​လေး​တဲ့ အမှားတွေ ကျူးလွန်​ခဲ့​တဲ့ ဘုရင် ဒါဝိဒ်​နဲ့ ဆက်ဆံ​ရာ​မှာ အဲဒီ​အချက်​ကို တွေ့​နိုင်တယ်။ ဥပမာ၊ ဒါဝိဒ်ဟာ ဗာသရှေဘ​နဲ့ ဖောက်ပြန်​ပြီး သူ့​ယောက်ျား​ကို​တောင် သတ်ခဲ့​တယ်။ (၂ ရှ. ၁၁:၂-၄၊ ၁၄၊ ၁၅၊ ၂၄) ဒါ​ကြောင့် ကိုယ်တိုင်​သာမက တခြား​ဇနီး​မယား​တွေ အပါအဝင် တစ်​မိသားစု​လုံး ဒုက္ခ​ရောက်​ရတယ်။ (၂ ရှ. ၁၂:၁၀၊ ၁၁) နောက်​တစ်ကြိမ်​မှာလည်း စစ်သည်​အင်အား​ကို ရေတွက်​ခဲ့တယ်။ ယေဟောဝါ​ကို အပြည့်အဝ အားမကိုး​တဲ့ လုပ်ရပ်​ပဲ။ စစ်တပ်​အင်အား​ကို အားကိုး​စိတ်၊ မာန​စိတ်​ကြောင့် လုပ်ခဲ့တာ ဖြစ်​နိုင်တယ်။ ရလဒ်အနေနဲ့ ကပ်ရောဂါ​ကြောင့် အစ္စရေး​လူမျိုး ၇၀၀၀၀ လောက် သေဆုံး​ခဲ့​ရတယ်။—၂ ရှ. ၂၄:၁-၄၊ ၁၀-၁၅

၁၃ အဲဒီအချိန်မှာ သင်​သာ အစ္စရေး​နိုင်ငံ​မှာ ရှိနေတယ်​ဆိုရင် ဒါဝိဒ်​ကို ဘယ်လို မြင်​မလဲ။ ဘုရား​ရဲ့ ကရုဏာ မခံစားထိုက်​ဘူးလို့ မြင်​မလား။ ယေဟောဝါ​က​တော့ အဲဒီလို မမြင်​ဘူး။ ဘဝ​တစ်လျှောက်​လုံး ဒါဝိဒ် သစ္စာရှိခဲ့​တာ​ကို ခြုံငုံ​ကြည့်​ပြီး စစ်မှန်တဲ့ နောင်တ​ကို အာရုံစိုက်​တယ်။ ဒါကြောင့် ကြီး​လေး​တဲ့ အပြစ်တွေ​ကို ခွင့်လွှတ်​ပေးတယ်။ မိမိကို ဒါဝိဒ် သိပ်​ချစ်​မှန်း၊ မှန်ရာကို လုပ်ချင်စိတ်​ ရှိ​မှန်း သိတယ်။ ကျွန်တော်​တို့​ရဲ့ ကောင်းကွက်​ကို ဘုရား ကြည့်​ပေး​တဲ့​အတွက် ကျေးဇူး​တင်စရာ​ပဲ မဟုတ်လား။—၁ ဘု. ၉:၄။ ၁ ရာ. ၂၉:၁၀၊ ၁၇

၁၄။ တခြား​သူတွေကို မဝေဖန်​မိဖို့ ဘာက ကူညီ​ပေး​သလဲ။

၁၄ မစုံလင်​တဲ့ လူသားတွေ​ဆီက ပြည့်ဝ​စုံလင်မှု​ကို ယေဟောဝါ မမျှော်လင့်​ဘူးဆိုရင် မစုံလင်သူ အချင်းချင်း ပြည့်ဝ​စုံလင်​ဖို့ မမျှော်လင့်​ဘဲ ကောင်းကွက်​ကို ရှာ​သင့်တယ်။ တခြား​သူရဲ့ အားနည်းချက်ကို မြင်ပြီး ဝေဖန်​အကဲဖြတ်ဖို့ သိပ်​လွယ်တယ်။ ဒါပေမဲ့ ယေဟောဝါ​ကို တုပသူ​က​တော့ တခြား​သူရဲ့ အားနည်းချက်တွေကို မြင်ရင်​တောင် အဆင်ပြေပြေ ရှေ့​ဆက်​နိုင်တယ်။ စိန်​ရိုင်း​တစ်ပွင့်​ဟာ မလှ​ပေမဲ့ စိန်​အကြောင်း နားလည်​သူကတော့ အပေါ်ယံ​ကို​သာ မကြည့်​ဘဲ သွေး​လိုက်ရင် ဘယ်လောက် လှ​ပြီး တန်ဖိုး​ရှိလာ​မလဲ​ဆိုတာ မြင်တယ်။ ယေဟောဝါ​နဲ့ ယေရှု​လို​ပဲ ကျွန်တော်​တို့​လည်း တခြား​သူရဲ့ အားနည်းချက်တွေကို မဟုတ်ဘဲ ကောင်းကွက်​တွေ​ကို မြင်တတ်ဖို့ လိုတယ်။

၁၅။ တခြား​သူတွေကို မဝေဖန်​မိဖို့ ဘာက ကူညီ​ပေး​နိုင်​သေး​သလဲ။

၁၅ ကောင်းကွက်​ကို မြင်တတ်ဖို့​အပြင် နောက်ထပ် ဘယ်​အချက်​က တခြား​သူတွေကို မဝေဖန်​မိဖို့ ကူညီ​ပေး​နိုင်​သလဲ။ သူတို့ရဲ့ ဘဝကို စာနာ​နားလည်​ပေးခြင်း​ပါ​ပဲ။ ဥပမာတစ်ခု သုံးသပ်ကြည့်​ပါ။ တစ်နေ့၊ ဗိမာန်တော်မှာ ဆင်းရဲ​တဲ့ မုဆိုးမ တစ်ယောက် တန်ဖိုး​နည်းတဲ့ ဒင်္ဂါးငယ်​နှစ်ပြား အလှူငွေ​ပုံး​ထဲ ထည့်​တာ​ကို ယေရှု မြင်တယ်။ “ဘာလို့ ဒီလောက်ပဲ ထည့်​တာလဲ” လို့ ယေရှု မပြောဘူး။ မုဆိုးမ ထည့်​တဲ့ ပမာဏ​ကို မကြည့်​ဘဲ သူ့​စိတ်ရင်း၊ အခြေအနေ​ကို ထည့်​စဉ်းစား​ပြီး အတတ်နိုင်ဆုံး ပေး​တာ​ကို ချီးမွမ်း​တယ်။—လု. ၂၁:၁-၄

၁၆။ ဗရော်နီကာ​ရဲ့ တွေ့ကြုံမှု​ကနေ ဘာ​သိရသလဲ။

၁၆ တခြား​သူတွေရဲ့ အခြေအနေ​ကို နားလည်​ပေးဖို့ ဘယ်လောက် အရေးကြီးကြောင်း ညီအစ်မ ဗရော်နီကာ​ရဲ့ တွေ့ကြုံမှု​က ဖော်ပြ​တယ်။ အသင်းတော်မှာ သားအမိ နှစ်ယောက် ရှိတယ်။ မိခင်​ဟာ ကြင်ဖော်​မဲ့​သူ ဖြစ်တယ်။ “အသင်းတော် လုပ်ဆောင်မှုတွေမှာ သူတို့ သိပ်​မပါ​ကြ​လို့ ကျွန်မ အမြင်စောင်း​မိတယ်။ ဒါပေမဲ့ တစ်ရက်၊ အမှုဆောင်မှာ မိခင်​ဖြစ်သူ​နဲ့ တွဲ​မိ​တော့ ဉာဏ်ရည် ချို့တဲ့​တဲ့ သား​ကြောင့် ကြုံ​ရတဲ့ အခက်အခဲတွေကို သူ ရှင်းပြတယ်။ ကိုယ်တိုင်​နဲ့ သား​ဖြစ်သူ​ရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာ​ပိုင်း လိုအပ်ချက်​တွေ​ကို အတတ်နိုင်ဆုံး ဖြည့်ဆည်း​ပေး​နေရ​တာ။ သားရဲ့ ကျန်းမာ​ရေး​ကြောင့် တစ်ခါ​တ​လေ တခြား​အသင်းတော်မှာ သွား​တက်​ရတာ​မျိုး ရှိတယ်။ ဒီလောက် အခက်အခဲ ကြုံနေ​မှန်း ကျွန်မ လုံးဝ မသိလိုက်ဘူး။ အခုတော့ ယေဟောဝါရဲ့ အမှုတော်မှာ ဒီ​ညီအစ်မ အတတ်နိုင်ဆုံး ကြိုးစား​နေတာတွေကို သိပ်​တန်ဖိုးထား​လေးမြတ်​မိတယ်” လို့ ဗရော်နီကာ ပြော​တယ်။

၁၇။ ယာကုပ် ၂:၈ မှာ ဘာလုပ်ဖို့ အားပေးထား​သလဲ။ ဘယ်လို လုပ်နိုင်မလဲ။

၁၇ ယုံကြည်သူချင်းတွေကို ဝေဖန်​အကဲဖြတ်တာ​မျိုး လုပ်တတ်​မှန်း သတိထား​မိရင် ဘာလုပ်​နိုင်​သလဲ။ ညီအစ်ကို/မတွေ​ကို ချစ်​ရမယ်ဆိုတာ သတိရပါ။ (ယာကုပ် ၂:၈ ကို ဖတ်ပါ။) တခြား​သူတွေကို ဝေဖန်​အကဲဖြတ်တာ​မျိုး မလုပ်မိအောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ စိတ်​ထက်သန်​စွာ ဆုတောင်း​ပါ။ ကိုယ်​အပြစ်​မြင်​နေသူကို ကိုယ့်​ဘက်က အစပြု စကားပြော​ခြင်း​အားဖြင့် ဆုတောင်း​တဲ့​အတိုင်း လုပ်ဆောင်ပါ။ ဒီ​နည်းနဲ့ သူ့​အကြောင်း ပို​သိလာမယ်။ အမှုဆောင်မှာ အတူ​တွဲ​ဖို့ ကမ်း​လှမ်း​နိုင်တယ်။ ထမင်း​စား ဖိတ်​နိုင်တယ်။ သူ့​အကြောင်း ပို​သိလာတဲ့​အခါ ကောင်းကွက်​တွေ​ကို မြင်​ဖို့ ကြိုးစား​ပါ။ ဒါဟာ ယေဟောဝါ​နဲ့ ယေရှုရဲ့ ပုံသက်သေ​ကို လိုက်လျှောက်​ရာ ရောက်တယ်။ ဒီ​နည်း​အားဖြင့် တခြား​သူတွေကို “ဝေဖန်​အကဲဖြတ်တာ​မျိုး မလုပ်ပါနဲ့​တော့” ဆိုတဲ့ သိုးထိန်း​ကောင်း​ရဲ့ စကား​ကို နားထောင်​ကြောင်း ပြ​နိုင်တယ်။

၁၈။ သိုးထိန်း​ကောင်း​ရဲ့ စကား​ကို နားထောင်​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၁၈ ပကတိ​သိုး​တွေ​ဟာ သိုးထိန်း​ရဲ့ စကား​ကို နားထောင်​သလို နောက်လိုက်​တွေ​လည်း ယေရှုရဲ့ စကား​ကို နားထောင်​ကြတယ်။ ရုပ်ပိုင်း လိုအပ်ရာတွေ​အတွက် အစိုးရိမ် မလွန်​ဖို့၊ တခြား​သူတွေကို မဝေဖန်​မိဖို့ ကြိုးစား​မယ်​ဆိုရင် ကျွန်တော်​တို့​ရဲ့ ကြိုးစား​မှု​ကို ယေဟောဝါ​နဲ့ ယေရှု ကောင်းချီး ပေး​ပါ​လိမ့်မယ်။ ကျွန်တော်​တို့​ဟာ “သိုးစုငယ်” အဝင်​ဖြစ်စေ၊ “တခြား​သိုး” အဝင်​ဖြစ်စေ သိုးထိန်း​ကောင်း​ရဲ့ စကား​ကို ဆက်​နားထောင်၊ နာခံ​ကြပါစို့။ (လု. ၁၂:၃၂။ ယော. ၁၀:၁၁၊ ၁၄၊ ၁၆) နောက်လိုက်​တွေ လုပ်ဆောင်ဖို့ ယေရှု မှာ​ခဲ့​တဲ့ အရာ​နှစ်ခု​အကြောင်း နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

သီချင်း ၁၀၁ စည်းလုံးစွာ လုပ်ဆောင်ခြင်း

^ အပိုဒ်၊ 5 ယေရှုရဲ့ သိုး​တွေ ယေရှုစကား နားထောင်မယ်​လို့ ပြော​တာ​ဟာ မိမိ​သွန်သင်ချက်​တွေ​ကို တပည့်​တွေ နားထောင်၊ ကျင့်သုံး​မှာ​ကို ဆိုလိုတယ်။ ရုပ်ပစ္စည်း​တွေ​အတွက် အစိုးရိမ် မလွန်​ဖို့၊ တခြား​သူတွေကို ဝေဖန်​အကဲဖြတ်တာ​မျိုး မလုပ်ဖို့ ဆိုတဲ့ ယေရှုရဲ့ သွန်သင်ချက် နှစ်ခုကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။ ဘယ်လို ကျင့်သုံး​နိုင်​ကြောင်းကို​လည်း ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 51 ပုံ​အညွှန်း– ညီအစ်ကို​တစ်ယောက် အလုပ်ပြုတ်​သွားတယ်။ မိသားစုရဲ့ လိုအပ်ရာတွေ ဝယ်​ဖို့ ငွေ လုံလုံလောက်လောက် မရှိတော့ဘူး။ အိမ်ပြောင်း​ဖို့​လည်း လို​လာတယ်။ အဲဒီလို ပြဿနာ​တွေ​ကြောင့် စိုးရိမ်​ပူပန်​ပြီး ဝတ်ပြုရေးကို ဦးစား​မထား​တော့​တာ​မျိုး ဖြစ်​နိုင်။

^ အပိုဒ်၊ 53 ပုံ​အညွှန်း– ညီအစ်ကို​တစ်ယောက် အစည်းအဝေး နောက်ကျ​ပေမဲ့ တခြား ကောင်းကွက်​တွေ ရှိ။ အလွတ်သဘော သက်သေခံ​နေ။ အသက်​ကြီး​သူကို ကူညီ​နေ။ နိုင်ငံတော်​ခန်းမမှာ လုပ်အား​ပေး​နေ။