မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၈

သင့်ရဲ့ အကြံပေးစကားက “စိတ်ကို ရွှင်လန်းစေ” သလား

သင့်ရဲ့ အကြံပေးစကားက “စိတ်ကို ရွှင်လန်းစေ” သလား

“ဆီ​နဲ့ အမွှေးနံ့သာ​က စိတ်​ကို ရွှင်လန်း​စေတယ်။ စိတ်ရင်းမှန်​နဲ့ အကြံပေး​တတ်​တဲ့ မိတ်ဆွေကလည်း စိတ်​ကို ရွှင်လန်း​စေတယ်။”—ပညာ. ၂၇:၉

သီချင်း ၁၀၂ ‘အားနည်း​သူတွေကို ထောက်မ​ပေး​ပါ’

အကြို​သုံးသပ်ချက် *

၁-၂။ အကြံပေး​တာ​နဲ့​ပတ်သက်ပြီး ညီအစ်ကို​ တစ်ယောက် ဘာ​သိလာ​သလဲ။

 လွန်ခဲ့တဲ့ နှစ်ပေါင်း​များစွာ​တုန်း​က အစည်းအဝေး​ ပျက်​တာ နည်းနည်း​ ကြာပြီ ​ဖြစ်​တဲ့ ညီအစ်မ​ဆီ အကြီးအကဲ​ နှစ်ယောက် လည်ပတ်​ကြတယ်။ အစည်းအဝေး တက်တာ​နဲ့​ပတ်သက်​တဲ့ ကျမ်းချက် အတော်များများကို အကြီးအကဲ​ တစ်ယောက် ဖတ်ပြ​တယ်။ ညီအစ်မ တော်​တော် အား​ရှိသွား​မှာပဲ​လို့ ထင်​ပြီး ပြန်​ဖို့ လုပ်ကြ​တော့ ညီအစ်မ​က “ကျွန်မ ဘာတွေ ကြုံနေ​ရတယ်ဆိုတာ ညီအစ်ကို​တို့ မသိ​ဘူး” လို့ ပြော​တယ်။ ညီအစ်မရဲ့ ပြဿနာ​တွေ၊ အခြေအနေ​တွေ​ကို မ​မေး​ဘဲ အကြံဉာဏ် ပေး​မိ​ကြ​တာ​ကိုး။ ဒါ​ကြောင့် ညီအစ်မ ဘာမှ အကျိုး​မရ​လိုက်​ဘူး။

အဲဒီ​အဖြစ်အပျက်​ကို ပြန်​စဉ်းစား​ရင်း ညီအစ်မ​ကို ကျမ်းစာ​ ဖတ်ပြ​တဲ့ အကြီးအကဲ ဒီလို​ပြော​တယ်– “အစကတော့ ဒီ​ညီအစ်မ မလေးမစား​နဲ့​လို့ ခံစား​မိတယ်။ ဒါပေမဲ့ အသေအချာ ပြန်​တွေးကြည့်​တော့ ‘ညီအစ်မ ဘာတွေ ကြုံနေ​ရသလဲ၊’ ‘ဘာ​ကူညီ​ပေး​ရမလဲ’ လို့ ကျွန်တော် မေးမယ့်​အစား ကျမ်းချက်​တွေ​ပဲ ဖတ်ပြ​မိ​တာ​ကိုး။” အဲဒီ​အကြီးအကဲ တော်​တော် သင်ခန်းစာ​ ရသွားတယ်။ အခုတော့ ထောက်ထား​စာနာ​တတ်​တဲ့၊ ကူညီ​ပေး​တတ်​တဲ့ သိုးထိန်း ဖြစ်​နေပြီ။

၃။ အသင်းတော်မှာ ဘယ်သူတွေ အကြံဉာဏ် ပေး​နိုင်​သလဲ။

  သိုးထိန်း​တွေ​အနေ​နဲ့ အကြီးအကဲ​တွေ​ဟာ လိုအပ်​တဲ့​အခါ အကြံဉာဏ်​ ပေးဖို့ တာဝန်​ရှိတယ်။ ဒါပေမဲ့ အကြီးအကဲ​တွေ​ပဲ မဟုတ်ဘူး။ ဥပမာ၊ ညီအစ်ကို ဒါမှ​မဟုတ် ညီအစ်မ​ တစ်ယောက်က မိတ်ဆွေ​တစ်ယောက်ကို ကျမ်းစာ​အခြေပြု အကြံဉာဏ်​ ပေးဖို့ လို​လာနိုင်တယ်။ (ဆာ. ၁၄၁:၅။ ပညာ. ၂၅:၁၂) အသက်ကြီးတဲ့ ညီအစ်မ​ဟာ တိတု ၂:၃-၅ ပါ ကိစ္စ​တွေ​မှာ ‘အသက်ငယ်​တဲ့ အမျိုးသမီးတွေကို အကြံပေး​နိုင်တယ်။’ မိဘတွေ​လည်း သားသမီးတွေကို မကြာမကြာ အကြံပေး​ဆုံးမ​ကြတယ်။ ဒါ​ကြောင့် ဒီ​ဆောင်းပါး​ဟာ အထူးသဖြင့် အကြီးအကဲ​တွေ​အတွက် ဖြစ်​ပေမဲ့ ကျွန်တော်​တို့အားလုံး အကျိုး​ရနိုင်တယ်။ လက်တွေ့ကျတဲ့၊ လှုံ့ဆော်မှု ဖြစ်စေ​တဲ့၊ “စိတ်​ကို ရွှင်လန်း​စေ” တဲ့ အကြံဉာဏ်​ ပေး​နိုင်​မယ့် နည်းတွေကို သုံးသပ်ကြ​ပါ​မယ်။—ပညာ. ၂၇:၉

၄။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

အကြံဉာဏ်​ ပေး​တာ​နဲ့​ပတ်သက်​တဲ့ မေးခွန်း​ လေးခု​ကို ဒီဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်– (၁) ဘယ်လို စိတ်ရင်း​နဲ့ ပေး​သင့်သလဲ။ (၂) အကြံ​ပေးဖို့ တကယ် လိုအပ်​သလား။ (၃) ဘယ်သူ အကြံပေး​သင့်သလဲ။ (၄) ဘယ်လို ထိထိရောက်ရောက် အကြံပေး​နိုင်​သလဲ။

ဘယ်လို စိတ်ရင်း​နဲ့ ပေး​သင့်သလဲ

၅။ စိတ်ရင်းမှန်​နဲ့ အကြံပေး​ရင် ဘာကြောင့် လက်ခံရ ပို​လွယ်​သလဲ။ (၁ ကောရိန္သု ၁၃:၄၊ ၇)

ညီအစ်ကို/မ​တွေ​ကို အကြီးအကဲ​တွေ ချစ်​ကြတယ်။ တစ်ခါ​တ​လေ ခြေလှမ်း​မှားတော့မယ့်​သူ တစ်ယောက်ကို အကြံဉာဏ်​ ပေးခြင်း​အားဖြင့် မေတ္တာပြ​ကြတယ်။ (ဂလ. ၆:၁) ဒါပေမဲ့ အကြံဉာဏ် မပေးခင် မေတ္တာနဲ့​ပတ်သက်ပြီး တမန်တော် ပေါလု ပြော​တဲ့ အချက်​တချို့​ကို ပြန်​သုံးသပ်​သင့်တယ်။ “မေတ္တာဟာ စိတ်ရှည်​တတ်တယ်။ ကြင်နာ​တတ်တယ်။ . . . မေတ္တာဟာ အရာရာကို သည်းခံ​တတ်တယ်။ အရာရာကို ယုံတတ်တယ်။ အရာရာကို မျှော်လင့်​တတ်တယ်။ အရာရာကို ကြံ့ကြံ့ခံ​တတ်တယ်။” (၁ ကောရိန္သု ၁၃:၄၊  ကို ဖတ်ပါ။) အဲဒီ​ကျမ်းချက်​ကို တွေးတော​ဆင်ခြင်ခြင်း​က စိတ်ရင်းမှန်​နဲ့ အကြံပေး​နိုင်အောင် ကူညီ​ပေး​ပါ​လိမ့်မယ်။ အကြံပေး​ခံရ​သူဟာ အကြီးအကဲ​ရဲ့ မေတ္တာကို ခံစားရ​မယ်​ဆိုရင် အကြံဉာဏ်​ကို လက်ခံရ ပို​လွယ်​ပါ​လိမ့်မယ်။—ရော. ၁၂:၁၀

၆။ တမန်တော် ပေါလု ဘယ်​ပုံသက်သေ​ကောင်း ချမှတ်​သလဲ။

တမန်တော် ပေါလု​ဟာ အကြီးအကဲ​တွေ​အတွက် ပုံသက်သေ​ကောင်း ချမှတ်​ခဲ့တယ်။ ဥပမာ၊ သက်သာလောနိတ်​မြို့က ညီအစ်ကို​တွေ​ကို အကြံ​ပေးဖို့ လို​တဲ့​အခါ ပေါလု တွန့်ဆုတ်​မနေဘူး။ သူတို့ဆီ​ ရေး​တဲ့ စာ​မှာ သူတို့ရဲ့ သစ္စာရှိ​မှု၊ မေတ္တာ၊ ခံနိုင်ရည်​တွေ​ကို ချီးမွမ်း​တယ်။ ညှဉ်းပန်း​နှိပ်စက်မှု၊ ဆင်းရဲ​ခက်ခဲ​မှု​တွေ ခံ​နေရ​တာ​ကို သိကြောင်းလည်း ပြော​တယ်။ (၁ သက်. ၁:၃။ ၂ သက်. ၁:၄) သူတို့ဟာ တခြား​ခရစ်ယာန်​တွေ​အတွက် ပုံသက်သေ ဖြစ်တယ်လို့​တောင် ပြော​တယ်။ (၁ သက်. ၁:၈၊ ၉) ပေါလု​ရဲ့ ချီးမွမ်း​စကား ကြား​ရလို့ သူတို့ သိပ်​ဝမ်းသာ​ကြ​မှာပဲ။ ညီအစ်ကို​တွေ​ကို ပေါလု သိပ်​ချစ်တာ ထင်ရှား​တယ်။ ဒါ​ကြောင့် သက်သာလောနိတ် အသင်းတော်​ဆီ ရေး​တဲ့ စာ​နှစ်စောင်​စ​လုံး​မှာ ပါ​တဲ့ အကြံဉာဏ်​တွေ ထိရောက်​တာ ဖြစ်တယ်။—၁ သက်. ၄:၁၊ ၃-၅၊ ၁၁။ ၂ သက်. ၃:၁၁၊ ၁၂

၇။ အကြံပေး​တာ​ကို တချို့ ဘာကြောင့် နားမထောင်​ကြသလဲ။

နည်း​မှန်​လမ်းမှန် အကြံ​မပေး​ရင် ဘာဖြစ်​နိုင်​သလဲ။ “အကြံပေး​တာ​ကို တချို့ နားမထောင်​တာ​ဟာ အကြံဉာဏ်​က မှား​နေလို့ မဟုတ်ဘဲ အကြံပေး​ပုံ​က မေတ္တာ​မပါ​လို့ ဖြစ်တယ်” ဆိုပြီး အတွေ့အကြုံ​ရှိ အကြီးအကဲ​ တစ်ယောက် ပြော​တယ်။ ဘာ​သိရသလဲ။ ကြမ်းကြမ်းတမ်းတမ်း မဟုတ်ဘဲ မေတ္တာနဲ့ အကြံပေး​ရင် လက်ခံရ ပို​လွယ်တယ်။

အကြံ​ပေးဖို့ တကယ် လိုအပ်​သလား

၈။ တစ်ယောက်ယောက်​ကို အကြံ​ပေးဖို့ ဆုံးဖြတ်​တဲ့​အခါ အကြီးအကဲ​တွေ ကိုယ့်ကိုယ်ကိုယ် ဘယ်လို မေးသင့်​သလဲ။

အကြီးအကဲ​တွေ​ဟာ အကြံ​ပေးဖို့​လောက်​ပဲ စိတ်စော​မနေ​သင့်ဘူး။ အကြံ​မပေးခင် ‘အကြံ​ပေးဖို့ တကယ် လိုအပ်​သလား။ သူ အမှား​လုပ်ထားတာ သေချာ​လို့လား။ ကျမ်းစာ​ပညတ်​ကို ချိုးဖောက်​ထား​တာ​လား။ ဒါမှ​မဟုတ် သူနဲ့ ငါ အမြင်မတူ​ရုံ​လေး​လောက်​ပဲ​လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ အကြီးအကဲ​တွေ​ဟာ “စကား​ကို လွှတ်​ခ​နဲ​ပြော” တာ​မျိုး ရှောင်ကြတယ်။ (ပညာ. ၂၉:၂၀) အကြံပေး​သင့်၊ မသင့် မသေ​မ​ချာ ဖြစ်နေရင် ကိုယ်​အကြံပေး​မယ့်​သူ ကျမ်းစာ​နဲ့ မညီ​တာ​ တစ်ခုခု တကယ် လုပ်​နေ​သလား​ဆိုတာ သိဖို့ တခြား​အကြီးအကဲ​ တစ်ယောက်​နဲ့ တိုင်ပင်​နိုင်တယ်။—၂ တိ. ၃:၁၆၊ ၁၇

၉။ ဝတ်စား​ဖြီးလိမ်းပုံ​နဲ့​ပတ်သက်ပြီး အကြံပေး​တဲ့​အခါ ပေါလု​ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ။ (၁ တိမောသေ ၂:၉၊ ၁၀)

ဥပမာ​တစ်ခု စဉ်းစား​ကြည့်​ပါ။ ယုံကြည်သူချင်း​ တစ်ယောက်​ရဲ့ ဝတ်စား​ဖြီးလိမ်းပုံ​ကို အကြီးအကဲ​ တစ်ယောက် စိုးရိမ်​နေတယ် ဆိုပါစို့။ ‘အကြံပေး​သင့်တဲ့ ကျမ်းစာ​အကြောင်းရင်း ရှိလို့လား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေး​နိုင်တယ်။ ကိုယ်ပိုင် ထင်မြင်​ယူဆချက်​ကို ပြော​မိ​တာ​မျိုး မဖြစ်အောင် တခြား အကြီးအကဲ ဒါမှ​မဟုတ် ရင့်ကျက်တဲ့ ကြေညာသူ​ တစ်ယောက်​ရဲ့ သဘောထားကို မေးကြည့်​နိုင်တယ်။ ဝတ်စား​ဖြီးလိမ်းပုံ​နဲ့​ပတ်သက်​တဲ့ ပေါလု​ရဲ့ အကြံပြုချက်ကို အတူ​သုံးသပ်​နိုင်တယ်။ (၁ တိမောသေ ၂:၉၊ ၁၀ ကို ဖတ်ပါ။) ခရစ်ယာန်​ တစ်ယောက်​ရဲ့ ဝတ်စား​ဖြီးလိမ်းပုံ​ဟာ ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှု​ရှိ​ရှိ​နဲ့ တော်ရုံ​သင့်​ရုံ​ပဲ ဖြစ်​ရမယ်လို့ ပေါလု ပြော​တယ်။ တော်​တော် ကျယ်ပြန့်​တဲ့ မူတွေ ဖြစ်​ပေမဲ့ ဝတ်​ရမယ့်၊ မ​ဝတ်​ရမယ့် စာရင်း​ကို​တော့ ပေါလု မပေးဘူး။ ကျမ်းစာမူ​တွေ​ရဲ့ ဘောင်​အတွင်း ကိုယ့်​စိတ်ကြိုက် ဝတ်စား​ဖြီးလိမ်း​ပိုင်ခွင့် ရှိကြောင်း အသိအမှတ်ပြု​တယ်။ ဒါ​ကြောင့် အကြီးအကဲ​တွေ​ဟာ တစ်ယောက်ယောက်​ကို အကြံပေး​သင့်၊ မသင့် ဆုံးဖြတ်​တဲ့​အခါ ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှု​ရှိ​ရှိ သူ ဝတ်စား​ဖြီးလိမ်း​သလား​ဆိုတာ ထည့်​စဉ်းစား​သင့်တယ်။

၁၀။ တခြား​သူတွေရဲ့ ရွေးချယ်မှု​နဲ့​ပတ်သက်ပြီး ဘာကို နားလည်​ထား​ရမလဲ။

၁၀ ရင့်ကျက်တဲ့ ခရစ်ယာန် နှစ်ယောက်​ရဲ့ ရွေးချယ်မှု​တွေ​ဟာ လက်ခံနိုင်စရာ ဖြစ်​ပေမဲ့ တစ်ထပ်တည်း​တော့ ကျ​နိုင်​မှာ မဟုတ်​ကြောင်း နားလည်​ထား​ဖို့ အရေးကြီးတယ်။ ကိုယ့်ရဲ့ အမှားအမှန် စံနှုန်း​တွေ​ကို ယုံကြည်သူချင်းတွေ လက်ခံဖို့ အတင်း​ ဖိအား​မပေးသင့်ဘူး။—ရော. ၁၄:၁၀

ဘယ်သူ အကြံပေး​သင့်သလဲ

၁၁-၁၂။ အကြံ​ပေးဖို့ လို​လာတဲ့အခါ အကြီးအကဲ​ တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေးသင့်​သလဲ။ ဘာကြောင့်လဲ။

၁၁ အကြံ​ပေးဖို့ လိုအပ်​တာ သေချာ​ရင် ဘယ်သူ ပေး​သင့်သလဲ။ အိမ်ထောင်သည် ညီအစ်မ ဒါမှ​မဟုတ် ကလေး​ တစ်ယောက်ကို အကြံ​မပေးခင် အကြီးအကဲ​ဟာ အိမ်ထောင်ဦးစီး​နဲ့ တိုင်ပင်​သင့်တယ်။ အိမ်ထောင်ဦးစီး​က ဒီ​ကိစ္စ​ကို ကိုယ်တိုင် ကိုင်တွယ်​ချင်​ပါ​လိမ့်မယ်။ * ဒါမှ​မဟုတ် အကြီးအကဲ အကြံပေး​တဲ့​အခါ မိမိ​ပါ ရှိနေဖို့ တောင်းဆို​နိုင်တယ်။  စာပိုဒ် ၃ မှာ ဖော်ပြ​တဲ့​အတိုင်း အသက်ငယ်​တဲ့ ညီအစ်မ​ကို အသက်ကြီးတဲ့ ညီအစ်မ အကြံပေး​တာ ပို​သင့်တော်​တဲ့ အခါတွေလည်း ရှိ​နိုင်တယ်။

၁၂ အကြီးအကဲ​တွေ ထည့်​စဉ်းစား​ရမယ့် နောက်​တစ်ချက် ရှိသေးတယ်။ ‘ငါ​က အကြံ​ပေးဖို့ အသင့်တော်ဆုံး​သူလား။ နောက်​တစ်ယောက် ပေး​ရင် ပို​ကောင်း​မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေး​နိုင်တယ်။ ဥပမာ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုး​မရှိဘူးလို့ ခံစား​နေရသူ​ တစ်ယောက်ဟာ အဲဒီလို​ခံစား​ဖူး​တဲ့ အကြီးအကဲ​ရဲ့ အကြံဉာဏ်​ကို ပိုလိုက်​နာ​ချင်စိတ်​ ရှိမယ်။ အဲဒီ​အကြီးအကဲ​က သူ့​ခံစားချက်​ကို ပို​နားလည်​ပေး​နိုင်​မယ်။ ပို​ထိထိရောက်ရောက် အကြံပေး​နိုင်​မယ်။ ဒါပေမဲ့ ကျမ်းစာ တောင်းဆိုချက်​တွေ​နဲ့​အညီ ပြုပြင်​ပြောင်းလဲ​ဖို့ ညီအစ်ကို/မ​တွေ​ကို အားပေး​ရမှာ အကြီးအကဲ​ အားလုံး​ရဲ့ တာဝန် ဖြစ်တယ်။ ဒါ​ကြောင့် လို​နေတဲ့ အကြံဉာဏ်​ကို ပေးဖို့​က အရေးကြီးဆုံးပါ။

ဘယ်လို ထိထိရောက်ရောက် အကြံပေး​နိုင်​သလဲ

ခရစ်ယာန် အကြီးအကဲ​တွေ​ဟာ ဘာကြောင့် “နားထောင်ဖို့ အမြဲ​ အသင့်​ဖြစ်နေ​ရ” မလဲ (စာပိုဒ် ၁၃-၁၄ ကို ကြည့်​ပါ)

၁၃-၁၄။ အကြီးအကဲ​တွေ နားထောင်ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၃ နားထောင်ဖို့ အသင့်ရှိ​ပါ။ အကြံဉာဏ်​ ပေးဖို့ အကြီးအကဲ​ တစ်ယောက် ပြင်ဆင်​တဲ့​အခါ ‘ဒီ​ညီအစ်ကို​ရဲ့ အခြေအနေ​ကို ငါ ဘယ်လောက် သိ​သလဲ။ သူ့​ဘဝမှာ ဘာတွေ ကြုံနေ​ရသလဲ။ ငါ​မသိတဲ့ အခက်အခဲ​တွေ ရှိနေ​သလား။ အခု​အချိန်မှာ သူ့​အတွက် ဘာ​အလိုအပ်ဆုံး ဖြစ်​မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။

၁၄ ယာကုပ် ၁:၁၉ မှာ ပါ​တဲ့ မူ​က အကြံပေး​မယ့်​သူတွေနဲ့ သက်ဆိုင်တယ်။ “လူတိုင်းဟာ နားထောင်ဖို့ အမြဲ​ အသင့်​ဖြစ်နေ​ရမယ်။ စကားပြော​တဲ့​အခါမှာ မစဉ်း​စား​မဆင်​ခြင်​ဘဲ မပြော​ရ​ဘူး။ လွယ်လွယ်နဲ့ ဒေါသ​မ​ထွက်​ရ​ဘူး” လို့ ယာကုပ် ပြော​တယ်။ အချက်အလက်​ အားလုံး သိတယ်လို့ အကြီးအကဲ ထင်​နိုင်​ပေမဲ့ တကယ်​ကော သိလို့လား။ “အကြောင်းစုံကို နားမထောင်​သေး​ဘဲ​နဲ့ ပြန်ပြော​တဲ့​သူဟာ မိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရ​တတ်တယ်” လို့ ပညာအလိမ္မာ ၁၈:၁၃ မှာ သတိပေး​ထား​တယ်။ ကာယ​ကံ​ရှင်​ကိုယ်တိုင် ပြော​တာ​ကို နားထောင်တာ အကောင်းဆုံးပါပဲ။ ဒါ​ကြောင့် စကား​မပြော​ခင် နားထောင်​သင့်တယ်။ ဒီ​ဆောင်းပါး​အစ​မှာ ပါ​တဲ့ အကြီးအကဲ ရ​လိုက်တဲ့ သင်ခန်းစာ​ကို အမှတ်ရပါ။ ကိုယ်​ပြင်ဆင်​ထား​တဲ့ အကြောင်းအရာကို တန်း​ပြော​မယ့်​အစား “ညီအစ်မ ဘာတွေ ကြုံနေ​ရသလဲ၊” “ဘာ​ကူညီ​ပေး​ရမလဲ” လို့ စ​မေးသင့်တယ်​ဆိုတာ သူ​ သိလာတယ်။ ဒါကြောင့် အရင်ဆုံး အကြောင်းစုံ သိအောင် လုပ်ထား​မယ်​ဆိုရင် ညီအစ်ကို/မ​တွေ​ကို ပို​အားပေး​ထောက်မ​နိုင်​ပါ​လိမ့်မယ်။

၁၅။ ပညာအလိမ္မာ ၂၇:၂၃ မှာ ပါ​တဲ့ အကြံဉာဏ်​ကို အကြီးအကဲ​တွေ ဘယ်လို လိုက်လျှောက်​နိုင်​သလဲ။

၁၅ သိုး​တွေ​အကြောင်း သိအောင် လုပ်ပါ။ အစပိုင်း​မှာ ပြော​သလို ထိရောက်တဲ့ အကြံဉာဏ် ဖြစ်ဖို့​ဆိုရင် ကျမ်းချက်​လေး ဖတ်ပြ​ရုံ၊ အကြံပြုချက် တစ်ခု​နှစ်ခု​လောက် ပေးရုံ​နဲ့ မလုံလောက်​ဘူး။ မိမိတို့ကို စိတ်ဝင်စား​ကြောင်း၊ နားလည်​ကြောင်း၊ ကူညီ​ပေး​ချင်​ကြောင်း ညီအစ်ကို/မ​တွေ ခံစား​ရဖို့ လိုတယ်။ (ပညာအလိမ္မာ ၂၇:၂၃ ကို ဖတ်ပါ။) ဒါကြောင့် ညီအစ်ကို/မ​တွေ​နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ​ ဖြစ်ဖို့ အကြီးအကဲ​တွေ အတတ်နိုင်ဆုံး ကြိုးစား​သင့်တယ်။

အကြံ​ပေးဖို့ အကြီးအကဲ​တွေ​ကို ဘာက ပို​လွယ်ကူ​စေ​မလဲ (စာပိုဒ် ၁၆ ကို ကြည့်ပါ)

၁၆။ ထိထိရောက်ရောက် အကြံပေး​နိုင်​ဖို့ အကြီးအကဲ​တွေ​ကို ဘာက ကူညီ​ပေး​မလဲ။

၁၆ အကြီးအကဲ​တွေ​ဟာ အလုပ်​သဘော​အရ​ပဲ လုပ်​နေတာ​လို့ ညီအစ်ကို/မ​တွေ​ကို မထင်​စေ​ချင်ဘူး။ ဆိုလို​တာ​က အကြံပေး​စ​ရာ ရှိ​မှ စကား​လာ​ပြော​ပြီး ကျန်​တဲ့​အချိန်​ဆို အရေး​တောင် မ​လုပ်တာမျိုး မဖြစ်ချင်​ကြဘူး။ အဲဒီအစား ညီအစ်ကို/မ​တွေ​နဲ့ ပုံမှန် စကားပြော​ပြီး အခက်အခဲ ကြုံရချိန်​တွေ​မှာ စိတ်ဝင်တစား ဂရုစိုက်​ပေး​ကြတယ်။ “အဲဒီလို လုပ်မယ်ဆိုရင် ဆက်ဆံ​ရေး​ကောင်း ရှိလာမယ်။ အကြံ​ပေးဖို့ လို​လာတဲ့အခါ ပေး​ရတာ ပို​လွယ်​မယ်” လို့ အတွေ့အကြုံ​ရှိ အကြီးအကဲ​ တစ်ယောက် ပြော​တယ်။ အကြံပေး​ခံရ​သူ​အနေ​နဲ့​လည်း လက်ခံရ ပို​လွယ်​ပါ​လိမ့်မယ်။

အကြံပေး​တဲ့​အခါ အကြီးအကဲ​တွေ ဘာကြောင့် စိတ်ရှည်၊ ကြင်နာ​သင့်သလဲ (စာပိုဒ် ၁၇ ကို ကြည့်​ပါ)

၁၇။ အထူးသဖြင့် ဘယ်​အချိန်မှာ အကြီးအကဲ​ တစ်ယောက် စိတ်ရှည်၊ ကြင်နာ​ဖို့ လိုသလဲ။

၁၇ စိတ်ရှည်ပါ။ ကြင်နာ​ပါ။ ကျမ်းစာ​အခြေပြု အကြံဉာဏ်​ကို တစ်ယောက်ယောက် အစပိုင်း​မှာ လက်မခံ​တဲ့​အခါ အထူးသဖြင့် စိတ်ရှည်မှု၊ ကြင်နာ​မှု လိုအပ်​တယ်။ အကြံဉာဏ်​ကို ချက်ချင်း လက်မခံ​တဲ့​အခါ၊ မကျင့်​သုံးတဲ့​အခါ စိတ်မဆိုး​မိဖို့ အကြီးအကဲ​တွေ သတိထား​ရမယ်။ ယေရှုဟာ “နင်း​ခြေ​ခံရ​တဲ့ ကျူပင်​ကို ချိုး​မှာ မဟုတ်ဘူး။ ငြိမ်းခါနီး မီး​စာ​ကိုလည်း ငြိမ်းသတ်​မှာ မဟုတ်ဘူး” လို့ ကျမ်းစာ ပြော​တယ်။ (မ. ၁၂:၂၀) ဒါ​ကြောင့် အကြီးအကဲ​ဟာ အကြံဉာဏ် လိုအပ်​နေသူကို ကောင်းချီး​ပေးဖို့၊ အကြံပေး​ရတဲ့ အကြောင်းရင်းကို နားလည်​ပြီး ကျင့်သုံး​နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ သီးသန့်​ ဆုတောင်း​နိုင်တယ်။ အကြံပေး​ခံရ​တဲ့ ညီအစ်ကို​ဘက်ကလည်း ရတဲ့ အကြံဉာဏ်​ကို စဉ်းစားဖို့ အချိန်​လို​နိုင်တယ်။ အကြီးအကဲ​သာ စိတ်ရှည်၊ ကြင်နာ​မယ်​ဆိုရင် အကြံပေး​တဲ့ ပုံစံ​ကို ညီအစ်ကို အာရုံစိုက်မိ​မှာ မဟုတ်ဘဲ အကြံဉာဏ်​ကိုပဲ အာရုံစိုက်​နိုင်​ပါ​လိမ့်မယ်။ အကြံဉာဏ်ဟာ ကျမ်းစာ​ကို အမြဲ အခြေခံ​သင့်တယ်။

၁၈။ (က) အကြံပေး​တဲ့​အခါ ဘာကို စိတ်​စွဲမှတ်​ထား​သင့်သလဲ။ (ခ) လေးထောင့်ကွက်​နဲ့ ပုံ​အရ မိဘတွေ ဘာ​လုပ်သင့်သလဲ။

၁၈ ကိုယ့်​အမှား​ကနေ သင်ယူပါ။ ကျွန်တော်​တို့ မစုံလင်သေး​သရွေ့ ဒီ​ဆောင်းပါး​မှာ ပါ​တဲ့ အကြံပြုချက်တွေကို တစ်ခု​မကျန် လိုက်​နိုင်​မှာ​တော့ မဟုတ်ဘူး။ (ယာ. ၃:၂) အမှားတွေ လုပ်မိ​နေ​ဦး​မှာပဲ။ ဒါပေမဲ့ အမှား​လုပ်မိတဲ့​အခါ အမှားတွေ​ကနေ သင်ယူဖို့ ကြိုးစား​ပါ။ ကျွန်တော်​တို့​ရဲ့ မေတ္တာကို ညီအစ်ကို/မ​တွေ ခံစားရ​မယ်​ဆိုရင် သူတို့ စိတ်​ထိခိုက်အောင် ပြော​မိ၊ လုပ်မိတဲ့​အခါမျိုးမှာ ကျွန်တော်​တို့ကို ခွင့်လွှတ်​ဖို့ ပို​လွယ်ကူ​ပါ​လိမ့်မယ်။—“ မိဘတွေ​ထံ ပေးစာ” လေးထောင့်ကွက်​ကို ကြည့်​ပါ။

ဘာတွေ သိခဲ့​ပြီ​လဲ

၁၉။ ညီအစ်ကို/မ​တွေ​ရဲ့ စိတ်​ကို ဘယ်လို ရွှင်လန်း​စေနိုင်​သလဲ။

၁၉ သိခဲ့ရတဲ့​အတိုင်း ထိထိရောက်ရောက် အကြံ​ပေးဖို့​ဆိုတာ မလွယ်​ဘူး။ ကိုယ်တိုင် မစုံလင်​သလို အကြံပေး​ခံရ​သူတွေလည်း မစုံလင်​ကြဘူး။ ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ခဲ့​တဲ့ မူတွေကို အမြဲ မှတ်ထားပါ။ စိတ်ရင်းမှန်​နဲ့ အကြံပေး​ပါ။ အကြံ​ပေးဖို့ တကယ် လိုအပ်​မှ၊ ကိုယ်​က အကြံ​ပေးဖို့ အသင့်တော်ဆုံး​သူ ဖြစ်​မှ ပေး​ပါ။ အကြံ​မပေးခင် သူ​ ကြုံနေ​ရတဲ့ ပြဿနာ​တွေ​ကို သိအောင် မေးခွန်းတွေ မေးပြီး ဂရုတစိုက် နားထောင်ပါ။ ကိစ္စရပ်​တွေ​ကို သူ့ဘက်ကနေ မြင်ဖို့ ကြိုးစား​ပါ။ နူးညံ့​သိမ်မွေ့​ပါ။ ညီအစ်ကို/မ​တွေ​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိအောင် ကြိုးစား​ပါ။ ပန်းတိုင်​က ထိထိရောက်ရောက် အကြံ​ပေးဖို့​လောက်​သာ မဟုတ်ဘဲ “စိတ်ကို ရွှင်လန်း​စေ” ဖို့ ဖြစ်တယ်​ဆိုတာ သတိရပါ။—ပညာ. ၂၇:၉

သီချင်း ၁၀၃ လူ့​အသွင်​ဆု သိုးထိန်း​များ

^ အပိုဒ်၊ 5 အကြံ​ပေးဖို့ အမြဲ​တော့ မလွယ်​ဘူး။ လိုအပ်​လာတဲ့အခါ အကျိုးရှိ​မယ့်နည်း၊ လန်းဆန်းမှု ဖြစ်စေ​မယ့်​နည်းနဲ့ ဘယ်လို အကြံပေး​နိုင်​သလဲ။ အထူးသဖြင့် တခြား​သူတွေ နားထောင်၊ ကျင့်သုံး​ချင်​တဲ့​နည်းနဲ့ အကြံပေး​နိုင်​ဖို့ ဒီ​ဆောင်းပါး​က အကြီးအကဲ​တွေ​ကို ကူညီ​ပေး​ပါ​လိမ့်မယ်။

^ အပိုဒ်၊ 11 ၂၀၂၁၊ ဖေဖော်ဝါရီ​လထုတ် ကင်းမျှော်စင်အသင်းတော်​ထဲ​က ဦးစီးမှု အစီအစဉ်” ဆောင်းပါး​ကို ကြည့်​ပါ။