မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၉

တခြားသူတွေရဲ့ အကျိုး သယ်ပိုးခြင်းအားဖြင့် ယေရှုကို တုပပါ

တခြားသူတွေရဲ့ အကျိုး သယ်ပိုးခြင်းအားဖြင့် ယေရှုကို တုပပါ

“ရယူခြင်း​ထက် ပေးကမ်း​ခြင်း​က ပို​ပျော်ရွှင်​စေတယ်။”—တ. ၂၀:၃၅

သီချင်း ၁၇ “ငါ​ဆန္ဒရှိ”

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါရဲ့ လူမျိုး​အလယ်မှာ မွန်မြတ်တဲ့ ဘယ်​စိတ်ထား​ကို တွေ့​နေရ​သလဲ။

 ယေဟောဝါရဲ့ လူမျိုးဟာ သားတော်ရဲ့ လမ်းညွှန်မှု​အောက် အမှုတော်မှာ “စေတနာ​စိတ်​နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်​ကြလိမ့်မယ်” လို့ ရှေး​ကတည်းက ကျမ်းစာ​မှာ ကြို​ဟောထား​တယ်။ (ဆာ. ၁၁၀:၃) အဲဒီ​ကြို​ဟောချက် ဒီနေ့​အချိန်မှာ ပြည့်စုံ​နေတယ်။ နှစ်​တိုင်း ယေဟောဝါရဲ့ ကျေးကျွန်​တွေ​ဟာ ဟောပြောခြင်း​လုပ်ငန်းမှာ နာရီ​ သန်းပေါင်း​များစွာ အသုံးပြုကြတယ်။ ကိုယ့်​စရိတ် ကိုယ်​ခံ​ပြီး စိတ်လိုကိုယ်လျောက် ပေးဆက်​နေကြ​တာ​ပါ။ ယုံကြည်သူချင်းတွေကို​လည်း ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာ​ပိုင်း အချိန်ပေး ထောက်မ​ကြတယ်။ တာဝန်​ရှိ ညီအစ်ကို​တွေ​ဟာ အစည်းအဝေး​မှာ ရတဲ့ တာဝန်​တွေ​ကို ပြင်ဆင်​ဖို့၊ ယုံကြည်သူချင်းတွေ​ဆီ သိုးထိန်း​လည်ပတ်မှု လုပ်ဖို့ နာရီ​ပေါင်း​များစွာ အသုံးပြုကြတယ်။ ဒါတွေ​အားလုံး လုပ်ဆောင်​ရတဲ့ အကြောင်းရင်း​က ဘာလဲ။ ယေဟောဝါ​နဲ့ လူလူချင်းကို ချစ်​လို့​ပါ။—မ. ၂၂:၃၇-၃၉

၂။ ရောမ ၁၅:၁-၃ မှာ ဖော်ပြ​တဲ့​အတိုင်း ယေရှု ဘယ်လို ပုံသက်သေ ချမှတ်​သလဲ။

ကိုယ့်​အကျိုး​ထက် သူတစ်ပါး အကျိုး ဦးစားထားရာ​မှာ ယေရှု ပုံသက်သေ​ကောင်း ချမှတ်​ခဲ့တယ်။ ယေရှုရဲ့ ခြေရာ​ကို လိုက်လျှောက်ဖို့ ကျွန်တော်​တို့ အတတ်နိုင်ဆုံး ကြိုးစား​ကြတယ်။ (ရောမ ၁၅:၁-၃ ကို ဖတ်ပါ။) အဲဒီလို လိုက်လျှောက်​ရင် အကျိုးကျေးဇူး များစွာ ရပါလိမ့်မယ်။ “ရယူခြင်း​ထက် ပေးကမ်း​ခြင်း​က ပို​ပျော်ရွှင်​စေတယ်” လို့ ယေရှု ပြော​တယ်။—တ. ၂၀:၃၅

၃။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

တခြားသူ အကျိုး သယ်ပိုး​ဖို့ ယေရှု ဘာတွေ စွန့်လွှတ်​အနစ်နာခံ​ခဲ့​ကြောင်း၊ ကျွန်တော်​တို့ ဘယ်လို တုပ​နိုင်​ကြောင်း၊ တခြားသူ အကျိုး သယ်ပိုး​ချင်စိတ် တိုးများ​အောင် ဘယ်လို လုပ်ဆောင်​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

ယေရှုရဲ့ ပုံသက်သေ​ကို တုပ​ပါ

ပင်ပန်း​နေပေမဲ့ လူအုပ်​ကို တွေ့​တဲ့​အခါ ယေရှု ဘာ​လုပ်သလဲ (စာပိုဒ် ၄ ကို ကြည့်​ပါ)

၄။ ကိုယ့်​အကျိုး​ထက် တခြား​သူတွေရဲ့ အကျိုးကို ယေရှု ဘယ်လို ဦးစားထား​သလဲ။

ပင်ပန်း​နေချိန်မှာ​တောင် တခြား​သူတွေကို ယေရှု ကူညီ​ပေးတယ်။ တောင်​ခြေ​တစ်ခု​နား​မှာ ယေရှုကို တွေ့​ဖို့ လူအုပ် လိုက်​လာတယ်။ ကပေရနောင်​မြို့နားမှာ ဖြစ်ပုံရ​တယ်။ ယေရှု တစ်ညလုံး ဆုတောင်း​ထား​လို့ တော်​တော် ပင်ပန်း​နေမှာ​ပဲ။ ဒါပေမဲ့ လူအုပ်​ထဲ​က နွမ်းပါး​သူတွေ၊ မကျန်းမာ​သူတွေကို တွေ့​တဲ့​အခါ သနား​သွားတယ်။ သူတို့ကို ကုသ​ပေး​ရုံ​သာမက အားရှိစရာ​ အကောင်းဆုံး ဟောပြောချက်​နဲ့ အားပေးတယ်။ အဲဒါကို တောင်ပေါ်​ တရားတော်​လို့ လူသိ​များ​တယ်။—လု. ၆:၁၂-၂၀

ဘဝမှာ ယေရှုရဲ့ စွန့်လွှတ်​အနစ်နာခံ​စိတ်​ကို ဘယ်လို တုပ​နိုင်​သလဲ (စာပိုဒ် ၅ ကို ကြည့်​ပါ)

၅။ အိမ်ထောင်ဦးစီး​တွေ​ဟာ ပင်ပန်း​နေချိန်မှာ​တောင် ယေရှုကို ဘယ်လို တုပ​နိုင်​သလဲ။

အိမ်ထောင်ဦးစီး​တွေ ယေရှုကို ဘယ်လို တုပ​နေသလဲ။ ဒီ​ဖြစ်ရပ်​ကို မြင်ယောင်​ကြည့်​ပါ– အိမ်ထောင်ဦးစီး​ တစ်ယောက် တစ်နေ့တာ အလုပ်​ပြီး​နောက် မော​မော​နဲ့ အိမ်​ပြန်​လာတယ်။ အဲဒီ​ညနေ​မှာ မိသားစု​ ဝတ်ပြုမှု​ကို ဖျက်​ချင်​ပေမဲ့ ခွန်အား​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​လိုက်တယ်။ ဆုတောင်းချက်​ကို ယေဟောဝါ အဖြေ​ပေးတယ်။ အရင်​လို​ပဲ မိသားစု​ ဝတ်ပြုမှု လုပ်တယ်။ မိဘတွေ​အတွက် ဘုရားရေးရာ​က အရေးကြီးဆုံး ဖြစ်တယ်​ဆို​တဲ့ အရေးကြီး သင်ခန်းစာ​ကို အဲဒီ​ညနေ​မှာ သားသမီးတွေ သင်ယူ​လိုက်ရတယ်။

၆။ တခြား​သူတွေကို ကူညီ​ဖို့ ကိုယ်ပိုင်​အချိန်ကို ယေရှု ဘယ်လို စွန့်လွှတ်​အနစ်နာခံ​သလဲ။

ကိုယ်ပိုင်​အချိန်ကို​တောင် တခြား​သူတွေ​အတွက် ယေရှု ရက်ရက်ရောရော ပေးတယ်။ မိမိရဲ့​ မိတ်ဆွေ နှစ်ခြင်း​ပေး​သူ ယောဟန် ခေါင်းဖြတ်​အသတ်ခံ​လိုက်ရ​ကြောင်း ယေရှု ကြား​တဲ့​အခါ ဘယ်လို ခံစား​ရမယ်ဆိုတာ မြင်ယောင်​ကြည့်​ပါ။ အကြီးအကျယ် ဝမ်းနည်း​မှာပဲ။ “ဒီ​သတင်းကို ကြား​တဲ့​အခါ ယေရှု​က တစ်ယောက်တည်း နေချင်လို့ လူသူမရှိ​တဲ့​ နေရာဆီ လှေ​နဲ့ ထွက်သွား​တယ်” လို့ ကျမ်းစာ ပြော​တယ်။ (မ. ၁၄:၁၀-၁၃) ဘာကြောင့် တစ်ယောက်တည်း နေချင်​မှန်း နားလည်​နိုင်​ပါ​တယ်။ ကျွန်တော်​တို့ အများစုက တစ်ယောက်တည်း ရှိချိန်​မှာပဲ ကြိတ်​ပြီး ငိုကြွေး​တတ်ကြ​တယ်။ ဒါပေမဲ့ အဲဒီ​လူသူမရှိ​တဲ့​ နေရာကို လူအုပ်​က ယေရှု​ထက် အရင် ကြိုရောက်​နေတယ်။ ယေရှု ဘယ်လို တုံ့ပြန်​သလဲ။ လူအုပ်ရဲ့ လိုအပ်ရာ​ကို ထည့်​စဉ်းစား​ပြီး “သနားစိတ် ယိုဖိတ်​လာ” တယ်။ ဘုရား​ရဲ့ စကား​ကို သူတို့ ကြား​ဖို့ လို​နေမှန်း သိတဲ့​အတွက် “အများကြီး သွန်သင်​ပေးတယ်။”—မာ. ၆:၃၁-၃၄။ လု. ၉:၁၀၊ ၁၁

၇-၈။ အကူအညီ လိုအပ်​ချိန်မှာ အကြီးအကဲ​တွေ ယေရှုကို ဘယ်လို တုပ​နေကြ​သလဲ။

မေတ္တာ​ရှိ အကြီးအကဲ​တွေ ယေရှုကို ဘယ်လို တုပ​နေသလဲ။ ကျွန်တော်​တို့​အကျိုးအတွက် အကြီးအကဲ​တွေ​ရဲ့ စွန့်လွှတ်​အနစ်နာခံ​မှု​ကို သိပ်​ကျေးဇူး​တင် လေးမြတ်​ကြတယ်။ သူတို့​ လုပ်​နေတာတွေကို ညီအစ်ကို/မ​တွေ အကုန် မသိ​နိုင်ဘူး။ ဥပမာ၊ အရေးပေါ် ကျန်းမာ​ရေး​ကိစ္စ ပေါ်လာတဲ့​အခါ ကူညီ​ဖို့ ဆေးရုံ​ဆက်သွယ်ရေး ကော်မတီဝင်​တွေ အပြေးအလွှား သွားရတယ်။ အများအားဖြင့် ည​သန်းခေါင်မှာ အဲဒီလို အရေးပေါ်​ ကိစ္စ​တွေ ဖြစ်တတ်​တယ်။ ဒါပေမဲ့ အဲဒီ​အကြီးအကဲ​တွေ​နဲ့ သူတို့ရဲ့ မိသားစုဝင်​တွေ​ဟာ ဒုက္ခ​ရောက်နေတဲ့ ညီအစ်ကို/မ​တွေ​ကို ချစ်​လို့ ကိုယ့်​အကျိုး​ထက် ယုံကြည်သူချင်းတွေရဲ့ အကျိုးကို ဦးစားပေး​ကြတယ်။

နိုင်ငံတော်​ခန်းမ​နဲ့ တခြား အဆောက်အအုံ ဆောက်လုပ်ရေး၊ သဘာဝဘေး ကယ်ဆယ်​ရေး​တွေ​မှာလည်း အကြီးအကဲ​တွေ ကူညီ​ပေး​ကြတယ်။ ကျွန်တော်​တို့ကို လမ်းညွှန်၊ အားပေး၊ ထောက်မ​ဖို့ အသင်းတော် အကြီးအကဲ​တွေ နာရီ​ပေါင်း​များစွာ သုံး​နေကြတယ်။ အဲဒီ​ညီအစ်ကို​တွေ​နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို တကယ်ပဲ ချီးမွမ်း​ထိုက်​ပါ​တယ်။ သူတို့ ​ပြ​တဲ့ စိတ်ဓာတ်​ကို ယေဟောဝါ ကောင်းချီး​ပေး​ပါစေ။ ဒါပေမဲ့ တခြား​သူတွေလို​ပဲ အကြီးအကဲ​တွေ​လည်း မျှတမှု ရှိဖို့​တော့ လိုတယ်။ အသင်းတော်​ တာဝန်​တွေ​နဲ့​ပဲ အချိန်ကုန်​ပြီး မိသားစုရဲ့ လိုအပ်ရာတွေကို ဂရုမစိုက်​တာ​မျိုး မဖြစ်သင့်ဘူး။

စွန့်လွှတ်​အနစ်နာခံ​စိတ် မွေးမြူ​နိုင်​ပုံ

၉။ ဖိလိပ္ပိ ၂:၄၊ ၅ အရ ခရစ်ယာန်​အားလုံး ဘယ်​စိတ်သဘောထား မွေးမြူ​သင့်သလဲ။

ဖိလိပ္ပိ ၂:၄၊ ၅ ကို ဖတ်ပါ။ ကျွန်တော်​တို့အားလုံး အကြီးအကဲ​တွေ မဟုတ်ပေမဲ့ ယေရှုရဲ့ စွန့်လွှတ်​အနစ်နာခံ​စိတ်​ကို တုပ​နိုင်​ပါ​တယ်။ ယေရှုဟာ “ကျွန်​အဖြစ်ကို ခံယူ” တယ်လို့ ကျမ်းစာ ပြော​တယ်။ (ဖိ. ၂:၇) အဲဒီ​အခန်းငယ်​ကနေ ဘာ​သင်ယူ​နိုင်​ကြောင်း စဉ်းစား​ကြည့်​ပါ။ တန်ဖိုးထား​ခံရ​တဲ့ ကျွန်​ဟာ သခင့်မျက်နှာသာ​ ရဖို့ အခွင့်အရေး ရှာတယ်။ ယေဟောဝါ​နဲ့ ညီအစ်ကို/မ​တွေ​ရဲ့ ကျွန်​အနေ​နဲ့ ကျွန်တော်​တို့​လည်း သူတို့​အတွက် ပို​အသုံးဝင်​ချင်စိတ် ရှိမှာပဲ။ အောက်ပါ​အကြံပြုချက်တွေကို လိုက်နာခြင်း​အားဖြင့် ပို​အသုံးဝင်​သူတွေ ဖြစ်လာ​နိုင်တယ်။

၁၀။ ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေး​နိုင်​သလဲ။

၁၀ ကိုယ့်​သဘောထားကို ဆန်းစစ်​ပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘တခြား​သူတွေကို ကူညီ​ဖို့ ငါ ဘယ်လောက် လိုလိုလားလား ရှိသလဲ။ ဥပမာ၊ ပြုစု​စောင့်ရှောက်ရေး​ ဂေဟာ​မှာ နေတဲ့ သက်ကြီး​ ညီအစ်ကို​ဆီ သွားလည်​ဖို့ ဒါမှ​မဟုတ် သက်ကြီး​ ညီအစ်မ​ တစ်ယောက်ကို အစည်းအဝေး ကြို​ပေးဖို့ တောင်းဆို​ခံရ​ရင် ဘယ်လို တုံ့ပြန်​သလဲ။ အစည်းအဝေးကြီး ကျင်းပ​မယ့်​ နေရာကို သန့်ရှင်းရေး လုပ်ဖို့ ဒါမှ​မဟုတ် နိုင်ငံတော်​ခန်းမ ပြုပြင်​ဖို့ စေတနာ့​ဝန်ထမ်း လိုအပ်​လာ​ရင် ချက်ချင်း ကူညီ​ပေး​သလား။’ ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​တုန်း​က ကိုယ့်​မှာ​ ရှိတာ​အားလုံး အမှုတော်မှာ သုံးဖို့ ကတိပေး​ခဲ့တယ်။ ကိုယ့်​အချိန်၊ ခွန်အား​နဲ့ ရုပ်ပစ္စည်းတွေကို တခြား​သူတွေကို ကူညီ​တဲ့​နေရာမှာ ဘုရား သုံး​စေချင်တယ်။ အဲဒီလို စွန့်လွှတ်​အနစ်နာခံ ပေးဆက်​မယ်​ဆိုရင် ဘုရား နှစ်သက်ပါ​လိမ့်မယ်။ ဒီ​ကဏ္ဍ​မှာ တိုးတက်​ဖို့ လို​နေတာ သတိထား​မိရင် ဘာလုပ်​နိုင်​သလဲ။

၁၁။ စွန့်လွှတ်​အနစ်နာခံ​ချင်စိတ် မွေးမြူဖို့ ဆုတောင်းခြင်း​က ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၁ ယေဟောဝါ​ဆီ စိတ်​ထက်သန်​စွာ ဆုတောင်း​ပါ။ ကဏ္ဍ​တချို့​မှာ တိုးတက်​ဖို့ လို​နေတယ်လို့ ထင်​ပေမဲ့ ပြုပြင်​ပြောင်းလဲ​ချင်စိတ် မရှိဘူး ဆိုပါစို့။ ဒါဆိုရင် ယေဟောဝါ​ဆီ စိတ်​ထက်သန်​စွာ ဆုတောင်း​ပါ။ ကိုယ့်​ခံစားချက်​ကို ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ပြောပြ​ပါ။ “လုပ်ဆောင်​ချင်စိတ်​ သာမက လုပ်ဆောင်​နိုင်စွမ်း​ကို​ပါ” ပေးဖို့ ဆုတောင်း​ပါ။—ဖိ. ၂:၁၃

၁၂။ အသင်းတော်မှာ နှစ်ခြင်း​ခံ​ပြီး​သား လူငယ်​ ညီအစ်ကို​တွေ ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၂ သင်ဟာ နှစ်ခြင်း​ခံ​ပြီး​သား လူငယ်​ ညီအစ်ကို ဖြစ်​မယ်​ဆိုရင် အသင်းတော်မှာ ပို​အသုံးခံ​ချင်စိတ် ရှိ​လာအောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ နိုင်ငံ​တချို့​မှာ အသင်းတော် အမှုထမ်း​ထက် အကြီးအကဲ​တွေ ပို​များနေ​တယ်။ အဲဒီ​အမှုထမ်းတွေ​က​လည်း သက်​လတ်​ပိုင်း၊ သက်ကြီး​ပိုင်း​တွေ​ပဲ။ အဖွဲ့အစည်း ပို​ကြီး​လာတာ​နဲ့​အမျှ ယေဟောဝါရဲ့ လူမျိုးကို ကြည့်ရှု​စောင့်ရှောက်​ဖို့ လူငယ်​ ညီအစ်ကို​တွေ ပို​လိုအပ်​နေတယ်။ လိုအပ်​တဲ့ ဘယ်​နေရာမှာ​မဆို လိုလိုလားလား အမှုဆောင်​ချင်စိတ် ရှိမယ်ဆိုရင် ပျော်ရွှင်မှု ခံစား​ရပါလိမ့်မယ်။ ဘာကြောင့်လဲ။ ယေဟောဝါရဲ့ နှစ်သက်မှု၊ နာမည်​ကောင်း၊ တခြား​သူတွေကို ကူညီ​ပေးခြင်း​ကနေ ကျေနပ်မှု ရမှာ​ ဖြစ်လို့​ပဲ။

ယုဒ​နယ်​က ခရစ်ယာန်​တွေ ဂျော်ဒန်​မြစ် တစ်ဖက်​ကမ်း​က ပဲလ္လမြို့ကို ထွက်ပြေး​ကြ။ မြို့မှာ ကြိုရောက်​နေ​သူတွေက ခု​မှ ရောက်လာ​တဲ့ ခရစ်ယာန်​ချင်း​တွေ​ကို အစားအစာ​တွေ ဝေပေး​နေ (စာပိုဒ် ၁၃ ကို ကြည့်​ပါ)

၁၃-၁၄။ ညီအစ်ကို/မ​တွေ​ကို ဘယ်လို လက်တွေ့ကျကျ ကူညီ​ပေး​နိုင်​သလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

၁၃ တခြား​သူတွေရဲ့ လိုအပ်ချက်​ကို အကင်းပါးပါး သိပါ။ “ကောင်းမှု​ ပြု​ဖို့၊ ကိုယ့်​မှာ​ ရှိတာကို သူတစ်ပါးကို ဝေမျှ​ဖို့ မမေ့ပါနဲ့။ ဘာလို့လဲ​ဆိုတော့ အဲဒီလို​ပူဇော်သက္ကာ​တွေ​ကို ဘုရားသခင် နှစ်သက်တယ်” လို့ ယုဒနယ်မှာ ရှိတဲ့ ခရစ်ယာန်​တွေ​ကို တမန်တော် ပေါလု တိုက်တွန်း​တယ်။ (ဟီ. ၁၃:၁၆) လက်တွေ့ကျ အကြံဉာဏ်​ပါ​ပဲ။ ဒီ​စာ​ကို ရပြီး မကြာခင်​မှာပဲ သူတို့ဟာ ကိုယ့်​အိမ်၊ အလုပ်အကိုင်၊ မယုံကြည်သူ​ ဆွေမျိုး​တွေ​ကို ထားရစ်​ပြီး “တောင်ပေါ်​ကို ပြေး” ခဲ့​ကြရတယ်။ (မ. ၂၄:၁၆) အချင်းချင်း ကူညီ​ဖို့ အလိုအပ်ဆုံး အချိန်​ပဲ။ သူတို့​သာ ဒီ့​မတိုင်ခင်​ကတည်းက ပေါလု​ရဲ့ အကြံဉာဏ်​အတိုင်း ကိုယ့်​မှာ​ ရှိတာကို အချင်းချင်း ဝေမျှ​ကြတယ်​ဆိုရင် အခု ဘဝ​သစ်​မှာ နေသားကျ​ဖို့ ပို​လွယ်ကူ​ပါ​လိမ့်မယ်။

၁၄ ညီအစ်ကို/မ​တွေ​ဟာ သူတို့ လိုအပ်​တာ​ကို အမြဲ ထုတ်ပြော​ချင်​မှ ပြော​မယ်။ ဥပမာ၊ ဇနီး သေဆုံး​သွား​လို့ ညီအစ်ကို​ တစ်ယောက်ပဲ ဝမ်းနည်း​ကျန်ရစ်​တယ်။ အစားအစာ ချက်ပြုတ်​ဖို့၊ သွားလာ​ဖို့၊ အိမ်မှုကိစ္စ​တွေ လုပ်ပေးဖို့ အကူအညီ လို​နေ​မလား။ ကျွန်တော်​တို့ကို ဒုက္ခ​မပေးချင်လို့ ထုတ်ပြော​ချင်​မှ ပြော​မယ်။ ဒါပေမဲ့ ကိုယ့်​ဘက်က​စပြီး ကူညီ​ပေး​မယ်​ဆိုရင် သူ​ သိပ်​ကျေးဇူး​တင်​မှာပဲ။ ဒါ​ကြောင့် သူ့​ဟာ​နဲ့​သူ အဆင်ပြေ​သွားမှာပါ ဒါမှ​မဟုတ် အကူအညီ လို​ရင် ပြော​မှာ​ပါ​လို့ ဘယ်တော့မှ မစဉ်း​စား​သင့်ဘူး။ ‘ငါ​သာ သူ့​နေရာမှာ​ဆိုရင် ဘယ်လို အကူအညီ​မျိုး ရ​ချင်​မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

၁၅။ တခြား​သူတွေကို ကူညီ​ပေး​ချင်​ရင် ဘာလုပ်ရမလဲ။

၁၅ ချဉ်းကပ်​ရလွယ်​သူ ဖြစ်ပါ။ အသင်းတော်မှာ တခြား​သူတွေကို ကူညီ​ဖို့ အမြဲ အဆင်သင့်​ရှိတဲ့ ညီအစ်ကို/မ​တွေ​ကို သင် သိ​မှာပဲ။ သူတို့ကို ဒုက္ခ​ပေး​နေတယ်လို့ ကျွန်တော်​တို့ ခံစား​ရအောင် တစ်ခါ​မှ မလုပ်ကြဘူး။ အကူအညီ လိုအပ်ချိန်​တိုင်း သူတို့ကို အားကိုး​နိုင်တယ်။ ကျွန်တော်​တို့​လည်း သူတို့​လို ဖြစ်ချင်​မှာပဲ။ အသက် ၄၅ နှစ်အရွယ် အကြီးအကဲ အယ်လန်​ဟာ ချဉ်းကပ်​ရလွယ်​သူ ဖြစ်တယ်။ ယေရှုရဲ့ ပုံသက်သေ​ကို တွေး​ပြီး “ယေရှု အလုပ်​ သိပ်​များ​ပေမဲ့ လူကြီးလူငယ်​အားလုံး သူ့​နား​မှာ နေချင်​ကြတယ်။ သူ့​ဆီ အကူအညီ​ တောင်း​ရဲ​ကြတယ်။ သိပ်​ဂရုစိုက်​တတ်​သူ​အဖြစ် မြင်​ကြတယ်။ ကျွန်တော်​လည်း ယေရှု​လို ဖြစ်ချင်​တယ်။ ချဉ်းကပ်​ရလွယ်​သူ၊ နွေးထွေး​ဖော်ရွေ​သူ၊ ဂရုစိုက်​တတ်​သူ​ဆို​တဲ့ နာမည်​မျိုး ရချင်တယ်” လို့ ပြော​တယ်။

၁၆။ ဆာလံ ၁၁၉:၅၉၊ ၆၀ ကို ကျင့်သုံး​တာ​က ယေရှုရဲ့ ပုံသက်သေ​ကို အနီးစပ်ဆုံး လိုက်လျှောက်ဖို့ ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၆ ယေရှုကို အပြည့်အဝ မတုပ​နိုင်ဘူး​ဆိုရင် စိတ်ဓာတ်​မကျပါနဲ့။ (ယာ. ၃:၂) ပန်းချီ​ဆွဲ သင်​နေတဲ့ တပည့်​ဟာ ဆရာ​ရဲ့ ပန်းချီကား လက်ရာ​အတိုင်း တစ်ထပ်တည်း တူ​အောင် ဆွဲ​နိုင်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ အမှားတွေ​ကနေ သင်ယူပြီး ဆရာ့​ကို အတတ်နိုင်ဆုံး ကြိုးစား​တုပ​မယ်​ဆိုရင် လက်ရည်​တက်လာ​ပါ​လိမ့်မယ်။ အဲဒီလိုပဲ ကျွန်တော်​တို့​လည်း ကိုယ်ပိုင်​လေ့လာမှု​ကနေ သိလာတာတွေကို လက်တွေ့​ကျင့်​မယ်၊ ဘယ်​အားနည်းချက်ကို​မဆို ပြုပြင်​ဖို့ အတတ်နိုင်ဆုံး ကြိုးစား​မယ်​ဆိုရင် ယေရှုရဲ့ ပုံသက်သေ​ကို အနီးစပ်ဆုံး လိုက်လျှောက်​နိုင်​ပါ​လိမ့်မယ်။ဆာလံ ၁၁၉:၅၉၊ ၆၀ ကို ဖတ်ပါ။

စွန့်လွှတ်​အနစ်နာခံ​ခြင်း​ရဲ့ အကျိုးကျေးဇူးများ

အကြီးအကဲ​တွေ​ဟာ ယေရှုရဲ့ စွန့်လွှတ်​အနစ်နာခံ​စိတ်​ကို တုပခြင်း​အားဖြင့် လူငယ်တွေ​အတွက် ပုံသက်သေ​ကောင်း ချမှတ် (စာပိုဒ် ၁၇ ကို ကြည့်​ပါ) *

၁၇-၁၈။ ယေရှုရဲ့ စွန့်လွှတ်​အနစ်နာခံ​စိတ်​ကို တုပ​ရင် ဘယ်​အကျိုးကျေးဇူးတွေ ရမလဲ။

၁၇ စွန့်လွှတ်​အနစ်နာခံ​စိတ်​ဟာ ကူးစက်​နိုင်တယ်။ အကြီးအကဲ တင်မ် ဒီလို​ပြော​တယ်– “လူငယ်​တချို့ အမှုထမ်းတွေ ဖြစ်​လာတယ်။ တချို့​ဆို တော်​တော် ငယ်​သေး​တယ်။ အဲဒီလို ဖြစ်လာတဲ့ အကြောင်းရင်း​တစ်ခု​က တခြား​သူတွေရဲ့ ကူညီ​ပေး​ချင်စိတ်​ကို မြင်ပြီး သူတို့​လို ဖြစ်ချင်​လာလို့​ပဲ။ အဲဒီ​ညီအစ်ကို​ငယ်​လေး​တွေ​ရဲ့ စွန့်လွှတ်​အနစ်နာခံ​မှု​က အသင်းတော်​အတွက်​ကော အကြီးအကဲ​တွေ​အတွက်​ပါ သိပ်​အထောက်အကူ​ဖြစ်တယ်။”

၁၈ တစ်ကိုယ်ကောင်း​ဆန်​သူတွေ ပြည့်​နေတဲ့ လောကမှာ ကျွန်တော်​တို့ အသက်ရှင်​နေ​ရတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လူမျိုး​က​တော့ သူတို့နဲ့ မတူဘူး။ ယေရှုရဲ့ စွန့်လွှတ်​အနစ်နာခံ​စိတ်​ကြောင့် စိတ်ထိမိ​ပြီး ယေရှုရဲ့ ပုံသက်သေ​ကို လိုက်လျှောက်ဖို့ စိတ်ပိုင်း​ဖြတ်​ထား​ကြတယ်။ ယေရှုရဲ့ ခြေရာ​ကို တစ်ထပ်တည်း​တော့ မလိုက်​နိုင်​ပေမဲ့ “ထက်​ကြပ်​မ​ကွာ လိုက်လျှောက်” နိုင်တယ်။ (၁ ပေ. ၂:၂၁) ယေရှုရဲ့ စွန့်လွှတ်​အနစ်နာခံ​စိတ်​ကို အတတ်နိုင်ဆုံး ကြိုးစား​တုပ​မယ်​ဆိုရင် ယေဟောဝါရဲ့ မျက်နှာသာ​ ရတယ်ဆိုတဲ့ အသိစိတ်ကြောင့် ပျော်ရွှင်မှု ခံစား​ရပါလိမ့်မယ်။

သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်

^ အပိုဒ်၊ 5 ယေရှုဟာ ကိုယ့်​အကျိုး​ထက် တခြား​သူတွေရဲ့ အကျိုးကို အမြဲ ဦးစားထား​တယ်။ ယေရှုကို တုပ​နိုင်​တဲ့ နည်း​တွေ​အကြောင်း၊ ရမယ့် အကျိုးကျေးဇူးတွေ အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 57 ပုံ​အညွှန်း– ဆေးရုံ​တက်​နေတဲ့ ဖခင်​ဆီ အကြီးအကဲ​ နှစ်ယောက် လာလည်​ပတ်​တာ​ကို လူငယ်လေး ဒန် ကြည့်​နေ။ အကြီးအကဲ​တွေ​ရဲ့ မေတ္တာပါ ပုံသက်သေ​ကြောင့် စိတ်ထိမိ​သွား။ အသင်းတော်မှာ​ ရှိတဲ့ တခြား​သူတွေရဲ့ လိုအပ်ရာတွေကို အကင်းပါးပါး ဖြည့်ဆည်း​ပေးဖို့ လှုံ့ဆော်​ခံရ။ ဒန်​ရဲ့ ဂရုစိုက်​မှု​ကို နောက်​လူငယ် ညီအစ်ကို ဘ​န် သတိထား​မိ။ နိုင်ငံတော်​ခန်းမ သန့်ရှင်းရေး​မှာ ကူညီ​ပေးဖို့ ဒန်​ရဲ့ ပုံသက်သေ​က ဘန်ကို ကူညီ​ပေး။