မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝ​အတ္ထုပ္ပတ္တိ

ဆေးပညာထက် သာလွန်ကောင်းမွန်တာကို တွေ့ခဲ့

ဆေးပညာထက် သာလွန်ကောင်းမွန်တာကို တွေ့ခဲ့

“ခင်ဗျား​တို့ ပြော​တာ​တွေ​က ကျွန်တော့် ကလေး​ဘဝက စိတ်ကူး​တွေ​ပဲ” လို့ ၁၉၇၁ တုန်း​က ကျွန်တော့်​ဆီ လာ​ပြ​တဲ့ လူနာ​သစ်​ နှစ်ယောက်ကို စိတ်​လှုပ်ရှား​ပြီး ပြော​လိုက်တယ်။ ဆရာဝန်​ ဖြစ်​ပြီး ကိုယ်ပိုင် ဆေးခန်း စ​ဖွင့်​ခါ​စ​ပဲ ရှိသေးတယ်။ အဲဒီ​လူနာ​တွေ​က ဘယ်သူတွေလဲ။ ကျွန်တော့် စိတ်ကူး​က​ကော ဘာလဲ။ သူတို့နဲ့ စကားပြော​ရာ​ကနေ ကျွန်တော့် ကလေး​ဘဝ စိတ်ကူး​တွေ မကြာခင်​ ဖြစ်လာ​တော့​မယ်​ဆိုတာ ဘာကြောင့် ယုံကြည်​လာ​ကြောင်း၊ ဘဝရဲ့ ဦးစား​ထား​ရာတွေ ပြောင်းလဲ​ခဲ့​ပုံ​အကြောင်း ပြောပြ​ပါ​ရစေ။

၁၉၄၁၊ ပြင်သစ်​နိုင်ငံ၊ ပဲရစ်​မြို့က သာမန်​ မိသားစု​လေးမှာ ကျွန်တော် မွေးလာတယ်။ ကျောင်းတက်​ရတာ ကျွန်တော် သိပ်​ပျော်​တယ်။ ဒါပေမဲ့ အသက် ဆယ်​နှစ်မှာ အဆုတ်​ရောဂါ​ ဖြစ်လို့ ကျောင်း​မသွား​ရတော့ အတော်လေး စိတ်ပျက်​မိတယ်။ ဆရာဝန်​က ကျွန်တော့်အဆုတ်​ အားနည်းနေ​လို့ အိပ်ရာ​ပေါ်မှာ​ပဲ နေဖို့ ပြော​တယ်။ ဒါကြောင့် လ​အတော်ကြာ အဘိဓာန် ဖတ်​လိုက်၊ ပဲရစ် တက္ကသိုလ်က​ လွှင့်တဲ့ ရေဒီယို အစီအစဉ် နားထောင်​လိုက်နဲ့ အချိန်ကုန်​သွားတယ်။ နောက်ဆုံး​မှာ ကျွန်တော့်ရောဂါ​ ပျောက်​သွား​လို့ ကျောင်း​ပြန်သွား​နိုင်ပြီ​လို့ ဆရာဝန် ပြော​တော့ ပျော်​လိုက်တာ။ ‘ဆရာဝန်​အလုပ်​က သိပ်​ကောင်း​တာ​ပဲ’ လို့ စဉ်းစား​မိတယ်။ အဲဒီ​အချိန်​က​စပြီး လူတွေကို ဆေးကု​ပေး​ချင်​လာတယ်။ ကြီး​လာ​ရင် ဘာလုပ်​မလဲ​လို့ အဖေ မေး​တိုင်း “ဆရာဝန် လုပ်မယ်” လို့ အမြဲ​ ဖြေ​ခဲ့​တာ။ ဒီလိုနဲ့ ဆေး​ပညာ​ဟာ ကျွန်တော့်ဘဝရဲ့ အရေးကြီးဆုံး ဖြစ်​လာတယ်။

သိပ္ပံ​ပညာ​က ဘုရား​နဲ့ ပို​ရင်းနှီး​လာ​စေ

ကျွန်တော်​တို့ မိသားစုက ကက်သလစ် ဘာသာဝင်တွေပါ။ ဒါပေမဲ့ ဘုရား​အကြောင်း သိပ်​မသိ​ဘူး။ ဘုရား​နဲ့​ပတ်သက်ပြီး ကျွန်တော့်​မှာ မေးခွန်းတွေ အများကြီး ရှိနေတယ်။ တက္ကသိုလ်​ တက်ပြီး ဆေး​ပညာ သင်ယူ​တော့​မှ​ပဲ အသက်ဟာ ဖန်ဆင်း​ခံရတယ်​ဆိုတာ ယုံကြည်​လာတယ်။

ကျူ​လစ်​အပင်ရဲ့ ဆဲလ်​တွေ​ကို ဦးဆုံး​အကြိမ် မိုက်ခရို​စ​ကုပ်​နဲ့ လေ့လာခဲ့​တာ မှတ်မိ​သေး​တယ်။ အဲဒီ​ဆဲလ်​တွေ​ရဲ့ အပူ​အအေး တုံ့ပြန်​ပုံ​ကို အံ့ဩ​မိတယ်။ ဆဲလ်​အတွင်းပိုင်း​ဟာ ဆား​နဲ့​ ထိ​တဲ့​အခါ ကျုံ့​သွားပြီး ရေ​နဲ့​ ထိ​တဲ့​အခါ ပျံ့​ကား​လာတာ တွေ့​မိတယ်။ ဒီလို တုံ့ပြန်​နိုင်စွမ်း​တွေ​ကြောင့် ပတ်ဝန်းကျင်​ အခြေအနေ​ကို လိုက်ပြီး သက်ရှိ​တွေ ပြောင်းလဲ​နိုင်​ကြ​တာ။ ဆဲလ်​တွေ​ရဲ့ အံ့ဩစရာ ရှုပ်ထွေးမှု​တွေ​ကို တွေ့​တော့ အသက်​ဆိုတာ မတော်တဆ ဖြစ်လာ​တာ မဟုတ်မှန်း သိလာတယ်။

တက္ကသိုလ် ဒုတိယ​နှစ်မှာ ဘုရား​ တကယ်​ ရှိတယ်ဆိုတဲ့ အထောက်​အထား​တွေ ထပ်​တွေ့​လာတယ်။ ခန္ဓာဗေဒ သင်တန်း​မှာ လူသားတွေရဲ့ လက်ချောင်း​တွေ ကွေး​နိုင်၊ ဆန့်​နိုင်အောင် လက်​ဖျံ​က ဘယ်လို လုပ်ဆောင်ပေး​ကြောင်း လေ့လာ​ကြတယ်။ ကြွက်သားနဲ့ အရွတ်​တွေ​ရဲ့ ဆက်စပ် လုပ်ဆောင်ပုံ​က တကယ့်ကို အံ့ဩစရာ​ပဲ။ ဥပမာ၊ လက်​ဖျံ​ကြွက်သား​တစ်ခု​နဲ့ လက်ချောင်း​ရဲ့ ဒုတိယ​ အရိုး​ဆစ်​ကို ချိတ်ဆက်​ပေး​တဲ့ အရွတ်​က နှစ်​ပိုင်း​ ဖြာထွက်​သွားပြီး တစ်ခု​က လက်​ထိပ်​အောက်မှာ ကပ်​နေတယ်။ တစ်သျှူး​တွေ​က အရွတ်​နဲ့ လက်ချောင်း​အရိုး​တွေ ကပ်​နေ​အောင် ဆွဲ​ထား​ပေးတယ်။ အဲလို​သာ​ မဟုတ်​ရင် အရွတ်​တွေ တင်းကျပ်​နေပြီး လှုပ်ရှား​ရ လွယ်​မှာ မဟုတ်ဘူး။ လူ့​ကိုယ်ခန္ဓာ တည်ဆောက်​ပုံ​ဟာ ဉာဏ်ကြီးရှင်​ တစ်ယောက်​ရဲ့ လက်ရာ​ ဖြစ်​မှန်း ကောင်းကောင်း သိလာတယ်။

ဖန်ဆင်း​ရှင်​ရဲ့ လက်ရာ​နဲ့​ပတ်သက်ပြီး အထူး​ အံ့ဩ​မိ​တာ​က​တော့ ကလေး​မွေးတဲ့ အဆင့်​တွေ​ကို လေ့လာ​တဲ့ အချိန်မှာ​ပဲ။ ကလေး​ဟာ မိခင်​ဝမ်း​ထဲ ရှိ​ချိန်မှာ ချက်​ကြိုး​ကနေ​တစ်ဆင့် အောက်ဆီဂျင်ကို ရတယ်။ ဒါ​ကြောင့် အဆုတ်​ထဲ​က ပူဖောင်း​ပုံ လေ​အိတ်​လေး​တွေ​ထဲမှာ လေ​ မရှိ​သေး​ဘူး။ မမွေးဖွား​ခင် အပတ်​အနည်းငယ်​မှာ လေ​အိတ်တွေ​ထဲ အထူး​ အရည်​တစ်မျိုး ပြည့်​လာတယ်။ ကလေး​မွေးလာ​ပြီး ဦးဆုံး​ အသက်ရှူ​လိုက်​ချိန်မှာ အံ့ဩစရာ​တစ်ခု စ​ဖြစ်​လာတယ်။ နှလုံးမှာ​ ရှိတဲ့ အပေါက် ပိတ်​သွားပြီး သွေး​တွေ​ကို အဆုတ်​ဆီ စီးဆင်း​စေတယ်။ အဲဒီအချိန်မှာ​ပဲ အထူး​ အရည်​တွေ​ကြောင့် လေ​အိတ်​လေး​တွေ ကပ်​မသွား​ဘဲ လေ​တွေ ဝင်​လာတယ်။ ချက်ချင်းပဲ ကလေး​ဟာ သူ့ဘာသာ​သူ အသက်ရှူ​နိုင်​လာတယ်။

ဒီလို​အံ့ဩစရာ​တွေ ဖန်ဆင်း​တဲ့​သူ​အကြောင်း ပို​သိချင်​လာလို့ ကျမ်းစာ​ကို အသေအချာ စ​ဖတ်​တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ ကျော်​လောက်​က အစ္စရေး​လူမျိုးတွေကို ဘုရား ပေး​ခဲ့​တဲ့ ပညတ်တရား​ထဲ​က တစ်ကိုယ်ရေ​ သန့်ရှင်းခြင်း​နဲ့​ပတ်သက်​တဲ့ အကြောင်းကို ကျွန်တော် သိပ်​သဘောကျ​တယ်။ မ​စင်​ကို မြေ​မြှုပ်​ဖို့၊ ရေ​မှန်မှန်​ ချိုး​ဖို့၊ ကူးစက်​ရောဂါ လက္ခဏာ​ ရှိတဲ့​သူကို သီးသန့်​ ခွဲထား​ဖို့ ဘုရား ညွှန်ကြား​တယ်။ (ဝတ်. ၁၃:၅၀။ ၁၅:၁၁။ တရား. ၂၃:၁၃) ရောဂါ​ ပျံ့နှံ့​ပုံ​အကြောင်း သိပ္ပံ​ပညာရှင်​တွေ သိလာ​တာ နှစ် ၁၅၀ လောက်​ပဲ ရှိသေး​ပေမဲ့ ကျမ်းစာ​မှာ ဒီ​အကြောင်း​တွေ​ကို ဖော်ပြ​ထား​နှင့်​ပြီ။ ဝတ်ပြုရာကျမ်း​မှာ ဖော်ပြ​ထား​တဲ့ လိင်ဆိုင်ရာ သန့်ရှင်းခြင်း​ ပညတ်​က​လည်း အစ္စရေး​လူမျိုးတွေကို ကျန်းမာ​စေတယ်​ဆိုတာ ကျွန်တော် လက်ခံတယ်။ (ဝတ်. ၁၂:၁-၆။ ၁၅:၁၆-၂၄) ဖန်ဆင်း​ရှင်ဟာ အစ္စရေး​တွေ​ရဲ့ အကျိုးအတွက် ပညတ်တရား​ကို ပေး​ခဲ့​ကြောင်း၊ ပညတ် နာခံ​သူတွေကို ကောင်းချီး​ပေး​ကြောင်း သိလာတယ်။ ကျမ်းစာ​ဟာ ဘုရား​လမ်းညွှန်မှုနဲ့ ရေးထားတယ်ဆိုတာ ယုံကြည်​စိတ်ချ​လာတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နာမည်​ကို​တော့ အဲဒီ​အချိန်အထိ မသိ​သေး​ဘူး။

ဇနီး​နဲ့ ဆုံတွေ့​ပုံ၊ ယေဟောဝါ​အကြောင်း သိလာ​ပုံ

၁၉၆၅၊ ဧပြီ ၃၊ လီဒီနဲ့ ကျွန်တော် မင်္ဂလာဆောင်​တဲ့​နေ့

ကျွန်တော် ဆေး​တက္ကသိုလ်​ တက်​နေတုန်း လီဒီ​ ဆို​တဲ့ မိန်းကလေး​နဲ့ ဆုံ​ပြီး ချစ်​ကြိုက်​သွားတယ်။ ကျောင်း​မပြီးသေး​ခင် ၁၉၆၅ မှာ လက်ထပ်​လိုက်ကြတယ်။ ၁၉၇၁ မှာ ကလေး ၃ ယောက် ရှိနေပြီ။ လီဒီဟာ အိမ်မှုကိစ္စ​တွေ​မှာ​ကော ကျွန်တော့် အလုပ်မှာ​ပါ အများကြီး ကူညီ​ပေးတယ်။

ကိုယ်ပိုင်​ ဆေးခန်း မ​ဖွင့်​ခင် ဆေးရုံ​တစ်ခု​မှာ သုံးနှစ် လုပ်ခဲ့တယ်။ ဆေးခန်း ဖွင့်ပြီး သိပ်​မကြာခင် အစပိုင်း​မှာ ဖော်ပြ​ခဲ့​တဲ့ လူနာ​ နှစ်ယောက် ရောက်​လာတယ်။ လူနာ​ယော​က်ျား​အတွက် ဆေးညွှန်း​ ရေး​မ​လို့ ပြင်ဆင်​နေတုန်း သူ့​အမျိုးသမီး​က “ဒေါက်တာ၊ ကျေးဇူးပြု​ပြီး သွေး​မပါတဲ့​ ဆေး ပေး​ပါ” လို့ တောင်းဆိုတယ်။ ကျွန်တော် အံ့ဩ​သွားပြီး “ဘာဖြစ်​လို့လဲ” လို့ မေးတော့ အမျိုးသမီး​က “ကျွန်မတို့​က ယေဟောဝါသက်သေ​တွေ​ပါ” လို့ ပြန်ပြော​တယ်။ ယေဟောဝါသက်သေ​တွေ​အကြောင်း၊ သွေး​နဲ့​ပတ်သက်​တဲ့ သူတို့ရဲ့ ရပ်တည်ချက်​တွေ​အကြောင်း ကျွန်တော် တစ်ခါ​မှ မကြား​ဖူး​ဘူး။ အမျိုးသမီး​က ကျမ်းစာ​ ဖွင့်ပြီး သွေး​နဲ့​ပတ်သက်​တဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်​ကို ရှင်းပြတယ်။ (တ. ၁၅:၂၈၊ ၂၉) နောက်တော့ အမျိုးသမီးနဲ့ ခင်ပွန်း​က မကြာခင် ဆင်းရဲ​ဒုက္ခ၊ ဖျားနာ​မှု​နဲ့ သေခြင်းကို ဘုရားသခင့် နိုင်ငံတော် ဖယ်ရှား​ပေး​တော့​မယ့်​အကြောင်း ပြောပြ​တယ်။ (ဗျာ. ၂၁:၃၊ ၄) ကျွန်တော် စိတ်​လှုပ်ရှား​ပြီး “ခင်ဗျား​တို့ ပြော​တာ​တွေ​က ကျွန်တော့် ကလေး​ဘဝက စိတ်ကူး​တွေ​ပဲ။ လူတွေရဲ့ ဝေဒနာ သက်သာအောင် ကူညီ​ပေးဖို့ ကျွန်တော် ဆရာဝန်​ လုပ်တာ” ဆိုပြီး ပြော​လိုက်တယ်။ စိတ်​ထက်သန်​လွန်းလို့ စကားပြော​တာ တစ်​နာရီ​ခွဲ​လောက် ကြာ​သွားတယ်။ ကျွန်တော် သိပ်​လေးစားတဲ့ ဖန်ဆင်း​ရှင်​ရဲ့ နာမည်​ဟာ ယေဟောဝါ​ဆိုတာ သိလိုက်​ရတယ်။ သူတို့ ထွက်သွား​ပြီး​တဲ့​နောက်​မှာ​တော့ ကျွန်တော် ကက်သလစ် ဘာသာဝင် မဟုတ်တော့ဘူး။

သက်သေခံ​ မောင်နှံ​နဲ့ ဆေးခန်း​မှာ သုံးကြိမ်​ တွေ့​ဖြစ်တယ်။ တွေ့တိုင်း တစ်​နာရီ​ကျော်​ကြာ​အောင် စကားပြော​ကြတယ်။ ကျမ်းစာ​အကြောင်း ပို​ဆွေးနွေး​နိုင်​ဖို့ ကျွန်တော့်​အိမ်ကို ဖိတ်ခေါ်​လိုက်တယ်။ လီဒီက ကျွန်တော်​တို့ ကျမ်းစာ​လေ့လာမှု​မှာ ပါဝင်​ပေမဲ့ ကက်သလစ်​ရဲ့ သွန်သင်ချက်​တွေ မှားတယ်​ဆိုတာ​ကို​တော့ လက်မခံ​ဘူး။ ဒါ​ကြောင့် ဒေသခံ ဓမ္မ​ဆရာ​ကို ကျွန်တော် ဖိတ်​လိုက်တယ်။ ချာ့ခ်ျ​ရဲ့ သွန်သင်ချက်​တွေ​အကြောင်း ကျမ်းစာ​ကိုပဲ သုံးပြီး ည​အထိ ဆွေးနွေး​ကြတယ်။ အဲဒီ​ဆွေးနွေးမှု​ကြောင့် ယေဟောဝါ​သက်သေတွေဟာ အမှန်တရားကို သွန်သင်ပေး​နေကြောင်း လီဒီ ယုံကြည်​သွားတယ်။ ယေဟောဝါ​ကို ချစ်တဲ့​ စိတ်​ကြောင့် ကျွန်တော်​တို့ နှစ်ယောက်စလုံး ၁၉၇၄ မှာ နှစ်ခြင်း​ခံ​လိုက်တယ်။

ယေဟောဝါ​ကို ဦးစားထား

လူသားတွေနဲ့​ပတ်သက်​တဲ့ ဘုရား​ရဲ့ ရည်ရွယ်ချက်​အကြောင်း သိလာ​တာ​က ကျွန်တော့်ဘဝရဲ့ ဦးစား​ထား​ရာတွေ​အပေါ် သက်ရောက်မှု​ ရှိ​လာတယ်။ ကျွန်တော်​တို့​ဘဝမှာ ယေဟောဝါရဲ့ အမှုဆောင်ဖို့ အဓိက​ထား​လာတယ်။ သားသမီးတွေကို ကျမ်းစာ​စံနှုန်း​အတိုင်း လေ့ကျင့်​ပျိုးထောင်​ဖို့ ဆုံးဖြတ်​ကြတယ်။ ဘုရား​ကို ချစ်​ဖို့၊ လူလူချင်းကို ချစ်​ဖို့ ကလေး​တွေ​ကို သွန်သင်​ပေးတယ်။ အဲဒါက မိသားစုကို ပို​ပြီး​ ရင်းနှီး​စေတယ်။—မ. ၂၂:၃၇-၃၉

မိဘတွေ​အနေ​နဲ့ ကျွန်တော်​တို့ စည်းစည်းလုံးလုံး ရှိနေတာကို ကလေး​တွေ သတိပြုမိတယ်။ ယေရှုရဲ့ စကား​အတိုင်း “ဟုတ်​ရင် ‘ဟုတ်တယ်၊’ မဟုတ်​ရင် ‘မဟုတ်ဘူး’” ဆို​တဲ့ မူကို အိမ်မှာ ကျင့်သုံး​တယ်။ (မ. ၅:၃၇) ဥပမာ၊ အသက် ၁၇ နှစ်​ ရှိပြီ​ ဖြစ်​တဲ့ သမီးကို လီဒီက ရွယ်တူ​ သူငယ်ချင်းတွေ​နဲ့ အပြင်​ထွက်ခွင့်​ မပေးဘူး။ တခြား​သူတွေက သမီးကို “အမေ ခွင့်​မပြု​ရင် အဖေ့​ဆီ ခွင့်​တောင်း​ပေါ့” လို့ ပြော​ကြတယ်။ အဲဒီအခါ သမီး​က “ပြော​လည်း ထူး​မှာ မဟုတ်ဘူး။ သူတို့က အမြဲ တစ်စိတ်​တည်း​ပဲ” လို့ ပြန်​ပြောလေ့​ရှိတယ်။ ကျမ်းစာ​မူတွေ​အတိုင်း လိုက်လျှောက်​ရာ​မှာ ကျွန်တော်​တို့ တစ်စိတ်​တည်း​ပဲ​ဆိုတာ သားသမီး​ ခြောက်​ယောက်​စ​လုံး သိကြတယ်။ အခု မိသားစုဝင်​ အတော်များများ ယေဟောဝါ​ကို ဝတ်ပြု​နေကြ​လို့ ဘုရား​ကို သိပ်​ကျေးဇူး​တင်​တယ်။

ဘဝရဲ့ ဦးစား​ထား​ရာတွေ ပြောင်းလဲ​သွားပေ​မဲ့ ကျွန်တော်​ တတ်​ထား​တဲ့ ဆေး​ပညာ​ကို ဘုရား​လူမျိုး​ရဲ့ အကျိုးအတွက် အသုံးပြု​ချင်​တယ်။ ဒါ​ကြောင့် ပဲရစ်​မှာ​ ရှိတဲ့ ဗေသလ​နဲ့ နောက်ပိုင်း လူဗီယာက ဗေသလ​အိမ် အသစ်​မှာ စေတနာ့​ဝန်ထမ်း လုပ်ခဲ့တယ်။ ဗေသလမှာ အချိန်ပိုင်း စေတနာ့​ဝန်ထမ်း​ လုပ်​နေတာ နှစ် ၅၀ ကျော်​ပြီ။ အဲဒီ​အချိန်အတွင်း ဗေသလ​ မိသားစုဝင်​တချို့​နဲ့ ရင်းနှီးတဲ့​ မိတ်ဆွေ ဖြစ်ခွင့်​ ရခဲ့တယ်။ အဲဒီ​ထဲ​က တချို့​ဆို အခု အသက် ၉၀ လောက် ရှိနေကြပြီ။ တစ်ရက်၊ ဗေသလ အိမ်သား​အသစ် တစ်ယောက်​နဲ့ တွေ့​တော့ အံ့ဩ​ဝမ်းသာ​ခဲ့​ရတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်​တုန်း​က သူ့ကို ကျွန်တော် မွေး​ပေး​ခဲ့​တာ။

မိမိ​လူမျိုးကို ယေဟောဝါ စောင့်ရှောက်​မှန်း မြင်တွေ့ခဲ့​ရ

နှစ်တွေ​တစ်လျှောက် အဖွဲ့အစည်း​က​တစ်ဆင့် မိမိ​လူမျိုးကို ယေဟောဝါ လမ်းညွှန်၊ စောင့်ရှောက်​နေတာ တွေ့ခွင့်​ ရလို့ ယေဟောဝါ​ကို ပို​ချစ်​လာတယ်။ ၁၉၈၀ ဝန်းကျင်​မှာ အုပ်ချုပ်ရေး​အဖွဲ့က ယေဟောဝါသက်သေ​တွေ​နဲ့ ဆရာဝန်​တွေ​ကြား ဆက်သွယ်ရေး​ ကောင်း​ဖို့ အမေရိကန်မှာ အစီအစဉ် တစ်ခု စတင်​ခဲ့တယ်။

၁၉၈၈ မှာ​တော့ အုပ်ချုပ်ရေး​အဖွဲ့က ဗေသလမှာ ဆေးရုံ​သတင်း​အချက်အလက် ဌာန​သစ်​ကို ဖွဲ့စည်း​တယ်။ အစပိုင်း​မှာ ဒီဌာန​က အမေရိကန်မှာ​ ရှိတဲ့ ဆေးရုံ​ဆက်သွယ်ရေး​ ကော်မတီ​တွေ (HLC) ကို ဦးစီး​ပြီး သက်သေခံ​ လူနာ​တွေ သင့်တော်​တဲ့ ဆေး​ကုသမှု ရရှိဖို့ ကူညီ​ပေးတယ်။ နောက်ပိုင်း ဒီ​အစီအစဉ်ကို ကမ္ဘာ​တစ်ဝန်း တိုးချဲ့​တဲ့​အခါ ပြင်သစ်​မှာလည်း HLC တွေ​ကို ဖွဲ့စည်း​ခဲ့တယ်။ ဖျားနာ​နေတဲ့ ညီအစ်ကို/မ​တွေ လိုအပ်​နေချိန်မှာ ယေဟောဝါရဲ့ အဖွဲ့အစည်း​က မေတ္တာပါပါ ကူညီ​ပေး​တာ​ကို ကျွန်တော် မြင်တွေ့ခဲ့​ရတယ်။

စိတ်ကူး​တွေ တကယ်​ ဖြစ်လာ

နိုင်ငံတော်​ သတင်းကောင်း ဟောပြောခြင်း​မှာ ကျွန်တော်​တို့ ဆက်​ပါဝင်​နေ

ဆေး​ကုသ​တာ​ကို ကျွန်တော် သိပ်​နှစ်ခြိုက်​တာ။ ဒါပေမဲ့ ဦးစား​ထား​ရာတွေကို ပြန်​သုံးသပ်တဲ့​အခါ အသက်ရဲ့ ရင်းမြစ်​ ဖြစ်​တဲ့ ယေဟောဝါ​ဘုရား​နဲ့ လူတွေကို ပြန်​သင့်မြတ်​အောင် ကူညီ​ပေး​တာ​က ပိုအရေးကြီးကြောင်း နားလည်​လာတယ်။ အငြိမ်းစား​ယူပြီး​နောက် ကျွန်တော်​တို့ နှစ်ယောက်စလုံး မှန်မှန်​ရှေ့​ဆောင်​ လုပ်ပြီး နိုင်ငံတော်​ သတင်းကောင်းကို ကြေညာ​ကြတယ်။ ဒီ​အသက်ကယ်​ လုပ်ငန်းမှာ ကျွန်တော်​တို့ အတတ်နိုင်ဆုံး ပါဝင်​နေကြတယ်။

၂၀၂၁ မှာ လီဒီနဲ့​အတူ

နေမကောင်းတဲ့​သူတွေကိုလည်း ကျွန်တော် ဆက်​ကူညီ​ပေး​နေပါတယ်။ ဒါပေမဲ့ အကောင်းဆုံး ဆရာဝန်​ ဖြစ်​ရင်တောင် ရောဂါ​အားလုံး ပျောက်​အောင်၊ မသေ​အောင် မလုပ်ပေးနိုင်ဘူး။ ဒါ​ကြောင့် နာကျင်မှု၊ ဖျားနာ​မှု​နဲ့ သေခြင်း မရှိတော့မယ့်​ အချိန်ကို စောင့်​နေတယ်။ မကြာခင် ရောက်လာ​တော့​မယ့် ကမ္ဘာသစ်​ကျ​ရင် လူ့​ခန္ဓာကိုယ်​ တည်ဆောက်​ပုံ​နဲ့ တခြား အံ့ဖွယ်ကောင်း​တဲ့ ဘုရားဖန်ဆင်း​ရာတွေကို ထာဝရ လေ့လာ​နိုင်​တော့​မှာ။ ကလေး​ဘဝက စိတ်ကူး​တွေ မကြာခင် တကယ်​ ပြည့်စုံ​လာတော့​မယ်​ဆိုတာ ကျွန်တော် ယုံကြည်​စိတ်ချ​ပါ​တယ်။