မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၀

“စရိုက်ဟောင်း” ကို သင် “ချွတ်ပယ်” နိုင်

“စရိုက်ဟောင်း” ကို သင် “ချွတ်ပယ်” နိုင်

“စရိုက်ဟောင်း​ကို​ရော စရိုက်ဟောင်း​ရဲ့ အကျင့်တွေကိုပါ ချွတ်ပယ်​ကြ​ပါ။”—ကော. ၃:၉

သီချင်း ၂၉ နာမည်​နဲ့ လျော်ညီ​အောင် နေထိုင်ပါ

အကြို​သုံးသပ်ချက် *

၁။ ကျမ်းစာ စ​မ​လေ့လာ​ခင်​က သင့်​ဘဝ​ပုံစံ ဘယ်လို ရှိသလဲ။

 ယေဟောဝါသက်သေ​တွေ​နဲ့ ကျမ်းစာ စ​မ​လေ့လာ​ခင် သင့်​ဘဝ​ပုံစံ ဘယ်လို ရှိခဲ့သလဲ။ အဲဒီ​အချိန်​က အကြောင်း​တွေ​ကို ကျွန်တော်​တို့ အများစု ပြန်​တောင် မစဉ်း​စားချင်​ကြဘူး။ ကျွန်တော်​တို့​ရဲ့ သဘောထား​နဲ့ စရိုက်​တွေ​ကို ဒီ​လောကရဲ့ အမှားအမှန် စံနှုန်း​တွေ လွှမ်းမိုး​ထား​တယ်။ “မျှော်လင့်ချက်​ မဲ့ပြီး ဘုရားသခင်​ကို မသိတဲ့​သူတွေ ဖြစ်​ခဲ့တယ်။” (ဧ. ၂:၁၂) ကျမ်းစာ​လေ့လာ​ပြီး​နောက်​မှာ​တော့ ဘဝ​ပုံစံ​ကို ပြောင်းလဲ​ခဲ့​ကြတယ်။

၂။ ကျမ်းစာ လေ့လာ​တဲ့​အခါ ဘာတွေ သိလာ​သလဲ။

ကျမ်းစာ​လေ့လာ​ပြီး​နောက် ကျွန်တော်​တို့ကို အရမ်း​ ချစ်တဲ့ ကောင်းကင်​ဖခင် ယေဟောဝါ ရှိတယ်ဆိုတာ သိလာတယ်။ ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့၊ ဘုရား​ရဲ့ မိသားစုဝင် ဖြစ်ဖို့​ဆိုရင် ကိုယ့်​ဘဝ​ပုံစံ၊ သဘောထား၊ အတွေးအခေါ်​တွေ​ကို အကြီးအကျယ် ပြောင်းလဲ​ရမယ်ဆိုတာ သဘောပေါက်​လာတယ်။ ဘုရား​ရဲ့ မြင့်မား​တဲ့ စံနှုန်း​တွေ​အတိုင်း အသက်ရှင်​နေထိုင်ဖို့ သင်ယူ​ရမယ်။—ဧ. ၅:၃-၅

၃။ ကောလောသဲ ၃:၉၊ ၁၀ အရ ကျွန်တော်​တို့ကို ယေဟောဝါ ဘာ​တောင်းဆို​ထား​သလဲ။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ဖန်ဆင်း​ရှင် ကောင်းကင်​ဖခင် ယေဟောဝါ​ဟာ မိမိကို ဝတ်ပြု​သူတွေ ဘယ်လို ပြုမူ​နေထိုင်​သင့်တယ်​ဆိုတာ ဆုံးဖြတ်​ပိုင်ခွင့်​ ရှိတယ်။ ကျွန်တော်​တို့ နှစ်ခြင်း​မခံခင် “စရိုက်ဟောင်း​ကို​ရော စရိုက်ဟောင်း​ရဲ့ အကျင့်တွေကိုပါ ချွတ်ပယ်” ဖို့ တောင်းဆို​ထား​တယ်။ * (ကောလောသဲ ၃:၉၊ ၁၀ ကို ဖတ်ပါ။) နှစ်ခြင်း​ခံ​ချင်​သူတွေ အောက်ပါ မေးခွန်း​ သုံးခု​ကို ဖြေ​နိုင်​ဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပေး​ပါ​လိမ့်မယ်။ (၁) “စရိုက်ဟောင်း” ဆိုတာ ဘာလဲ။ (၂) စရိုက်ဟောင်း​ကို ချွတ်ပယ်​ဖို့ ယေဟောဝါ ဘာကြောင့် တောင်းဆို​သလဲ။ (၃) ဘယ်လို ချွတ်ပယ်​နိုင်​သလဲ။ နှစ်ခြင်း​ခံ​ပြီး​သူတွေကိုလည်း စရိုက်ဟောင်း​ရဲ့ အကျင့်​တွေ ပြန်​မ​ပေါ်လာ​အောင် ဒီ​ဆောင်းပါး​က ကူညီ​ပေး​ပါ​မယ်။

“စရိုက်ဟောင်း” ဆိုတာ ဘာလဲ

၄။ “စရိုက်ဟောင်း” ရဲ့ ထိန်းချုပ်မှု ခံရ​တဲ့​အခါ လူတစ်ယောက် ဘယ်လို ပြုမူ​မိ​နိုင်​သလဲ။

“စရိုက်ဟောင်း” ရဲ့ ထိန်းချုပ်မှု ခံရ​သူဟာ အပြစ်​ရှိတဲ့ နည်းလမ်း​အတိုင်း တွေးခေါ်​ပြုမူ​တယ်။ ဒေါသကြီး​သူ၊ ကျေးဇူး​မသိ​တတ်​သူ၊ တစ်ကိုယ်ကောင်း​ဆန်​သူ၊ မာနကြီး​သူ ဖြစ်​နိုင်တယ်။ ညစ်ညမ်း​ရုပ်ပုံ​စာပေ ကြည့်​တာ၊ လိင်​အကျင့်ပျက်​တဲ့၊ ကြမ်းတမ်း​တဲ့ ရုပ်ရှင်တွေ ကြည့်​တာ​ကို နှစ်သက်သူ ဖြစ်​နိုင်တယ်။ အရည်အသွေးကောင်း​တွေ ရှိပြီး မကောင်းတာ ပြော​မိ​လုပ်မိတဲ့​အခါ အပြစ်​ရှိတယ်လို့ ခံစား​ရနိုင်​ပေမဲ့ အတွေးအခေါ်၊ အမူအကျင့်တွေကို ပြုပြင်​ပြောင်းလဲ​ချင်စိတ် မရှိဘူး။—ဂလ. ၅:၁၉-၂၁။ ၂ တိ. ၃:၂-၅

“စရိုက်ဟောင်း” ကို ချွတ်ပယ်​လိုက်တဲ့အခါ မှားယွင်းတဲ့ သဘောထား​နဲ့ အကျင့်ဆိုး​တွေ​က ကျွန်တော်​တို့ကို မထိန်းချုပ်​တော့​ဘူး (စာပိုဒ် ၅ ကို ကြည့်​ပါ) *

၅။ စရိုက်ဟောင်း​ကို ကျွန်တော်​တို့ အပြီးအပိုင် ချွတ်ပစ်​နိုင်​မလား။ ရှင်းပြပါ။ (တမန်တော် ၃:၁၉)

ကျွန်တော်​တို့ မစုံလင်​တဲ့​အတွက် မကောင်းတဲ့ အတွေးအခေါ်​တွေ၊ ဆန္ဒ​တွေ​ကို စိတ်နှလုံး​ထဲ​ကနေ အပြီးအပိုင် မ​ထုတ်​နိုင်ဘူး။ တစ်ခါ​တ​လေ နောင်တ​ရ​စ​ရာတွေ ပြော​မိ၊ လုပ်မိ​နိုင်တယ်။ (ယေ. ၁၇:၉။ ယာ. ၃:၂) စရိုက်ဟောင်း​ကို ချွတ်ပယ်​မယ်​ဆိုရင်တော့ အပြစ်​ရှိတဲ့ သဘောထားတွေ၊ အမူအကျင့်တွေ​ရဲ့ ထိန်းချုပ်မှု အောက်​ကနေ လွတ်​နိုင်​ပါ​တယ်။ အရင်က​နဲ့ လုံးဝ မတူတဲ့​ လူတစ်ယောက် ဖြစ်လာ​နိုင်​ပါ​တယ်။—ဟေရှာ. ၅၅:၇။ တမန်တော် ၃:၁၉ ကို ဖတ်ပါ။

၆။ မှားယွင်းတဲ့ အတွေးအခေါ်နဲ့ အကျင့်ဆိုးတွေကို ချွတ်ပယ်​ဖို့ ယေဟောဝါ ဘာကြောင့် တိုက်တွန်း​သလဲ။

ယေဟောဝါ​က ကျွန်တော်​တို့ကို ချစ်​ပြီး ပျော်ရွှင်​တဲ့ အသက်တာ ရစေချင်တဲ့​အတွက် မှားယွင်းတဲ့ အတွေးအခေါ်နဲ့ အကျင့်ဆိုးတွေကို ဖယ်ရှား​ဖို့ တိုက်တွန်း​တယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) မှားယွင်းတဲ့ ဆန္ဒ​တွေ​ကို အလျှော့ပေး​မိရင် ကိုယ်တိုင်​နဲ့ တခြား​သူတွေကို ထိခိုက်​နိုင်တယ်​ဆိုတာ ဘုရား​ သိတယ်။ ကျွန်တော်​တို့​ကိုယ်တိုင်​နဲ့ တခြား​သူတွေ ထိခိုက်တာ​ကို ဘုရား​ မြင်တဲ့အခါ နာကျင်​ခံစား​ရတယ်။

၇။ ရောမ ၁၂:၁၊ ၂ အရ ကျွန်တော်​တို့ ဘာ​ရွေးချယ်​ရမလဲ။

ကျွန်တော်​တို့ ဘဝ​ပုံစံ ပြောင်းလဲ​တဲ့​အခါ မိတ်ဆွေတွေနဲ့ မိသားစုဝင်​တချို့ လှောင်ပြောင်​နိုင်တယ်။ (၁ ပေ. ၄:၃၊ ၄) ကိုယ်​ကြိုက်​တာ လုပ်ပိုင်ခွင့်​ ရှိတယ်၊ ကိုယ်​ဘာလုပ်​ရမယ်ဆိုတာ တခြား​သူတွေ ပြောပိုင်ခွင့် မရှိဘူးလို့ ပြောကောင်း​ ပြော​မယ်။ တကယ်တော့ ယေဟောဝါရဲ့ စံနှုန်း​တွေ​ကို ငြင်းပယ်​သူတွေ လွတ်လပ်​နေတာ မဟုတ်ဘူး။ အမှန်​က စာတန့်​လောကရဲ့ ပုံသွင်းမှု​ကို ခံ​နေကြ​ရတာ။ (ရောမ ၁၂:၁၊ ၂ ကို ဖတ်ပါ။) ကျွန်တော်​တို့အားလုံး စာတန့်​လောကရဲ့ စရိုက်​အတိုင်း ဆက်နေ​မလား ဒါမှ​မဟုတ် အကောင်းဆုံး လူတစ်ယောက် ဖြစ်လာ​ဖို့ ယေဟောဝါ ပုံသွင်း​ပေး​တာ​ကို ခံယူ​မလား​ဆိုတာ ရွေးချယ်​ရမယ်။—ဟေရှာ. ၆၄:၈

စရိုက်ဟောင်း​ကို ဘယ်လို “ချွတ်ပယ်” နိုင်​သလဲ

၈။ မှားယွင်းတဲ့ အတွေးအခေါ်နဲ့ အကျင့်ဆိုးတွေကို ကျော်လွှား​ဖို့ ဘယ်အရာ​က သင့်ကို ကူညီ​ပေး​နိုင်​သလဲ။

မှားယွင်းတဲ့ အတွေးအခေါ်နဲ့ အကျင့်ဆိုးတွေကို ကျော်လွှား​ဖို့ အချိန်နဲ့ ခွန်အား စိုက်ထုတ်​မှု လိုတယ်​ဆိုတာ ယေဟောဝါ သိတယ်။ (ဆာ. ၁၀၃:၁၃၊ ၁၄) ဒါပေမဲ့ ကျမ်းစာ၊ စွမ်းအားတော်၊ အဖွဲ့အစည်း​က​တစ်ဆင့် ဉာဏ်ပညာ၊ ခွန်အား၊ ထောက်မမှု​တွေ ပေးတယ်။ သင့်ကိုလည်း ဘုရား ကူညီ​ပေး​ခဲ့​မှာပဲ။ စရိုက်ဟောင်း​ကို ချွတ်ပယ်​ပြီး နှစ်ခြင်း​ခံ​ဖို့ အရည်အချင်း ပြည့်မီ​အောင် ကျွန်တော်​တို့ လုပ်ဆောင်​နိုင်တဲ့ အချက်​တချို့​ကို ဆွေးနွေး​ကြည့်​ကြ​စို့။

၉။ ကျမ်းစာ​က ဘာလုပ်ဖို့ ကူညီ​ပေး​နိုင်​သလဲ။

ကျမ်းစာ သုံးပြီး ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဆန်းစစ်​ပါ။ ကျမ်းစာ​ဟာ မှန်​နဲ့​ တူတယ်။ ကျွန်တော်​တို့​ရဲ့ တွေးခေါ်၊ ပြောဆို၊ ပြုမူပုံ​ကို ဆန်းစစ်​ဖို့ ကူညီ​ပေး​နိုင်တယ်။ (ယာ. ၁:၂၂-၂၅) ကျမ်းစာ​သင်ပေး​သူနဲ့ ရင့်ကျက်တဲ့ တခြား​ခရစ်ယာန်​တွေ​လည်း အကြံဉာဏ်​တွေ ပေး​နိုင်တယ်။ ဥပမာ၊ သင့်ရဲ့ အားသာချက်၊ အားနည်းချက်​တွေ​ကို ကျမ်းစာ​ သုံးပြီး ဖော်ပြ​ပေး​နိုင်တယ်။ အကျင့်ဆိုးတွေကို ကျော်လွှား​နိုင်​ဖို့ လက်တွေ့ကျတဲ့ ကျမ်းစာ​အခြေပြု အချက်အလက်​တွေ ဘယ်လို ရှာ​ရမလဲ​ဆိုတာ သင်ပေး​နိုင်တယ်။ ယေဟောဝါ​လည်း ကူညီ​ပေးဖို့ အမြဲ အသင့်​ရှိတယ်။ သင့်​စိတ်နှလုံး​ထဲမှာ ဘာ​ရှိသလဲ​ဆိုတာ သိလို့ ဘယ်လို ကူညီ​ရမယ်ဆိုတာ အသိဆုံး ဖြစ်တယ်။ (ပညာ. ၁၄:၁၀။ ၁၅:၁၁) ဒါ​ကြောင့် ဘုရားဆီ နေ့တိုင်း ဆုတောင်း​တဲ့​အကျင့်၊ ကျမ်းစာ​လေ့လာ​တဲ့​အကျင့် ရှိအောင် ကြိုးစား​ပါ။

၁၀။ အီလီ​ရဲ့ တွေ့ကြုံမှု​ကနေ ဘာ​သင်ယူ​ရသလဲ။

၁၀ ယေဟောဝါရဲ့ စံနှုန်း​တွေ အကောင်းဆုံး ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​ပါ။ ယေဟောဝါ တောင်းဆို​တာ​ မှန်သမျှဟာ ကျွန်တော်​တို့အကျိုးအတွက် ဖြစ်တယ်။ ဘုရား​စံနှုန်း​တွေ​အတိုင်း နေထိုင်​သူတွေဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ အဓိပ္ပာယ်​ရှိတဲ့ ဘဝနဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှု ရရှိ​ပါ​လိမ့်မယ်။ (ဆာ. ၁၉:၇-၁၁) ငြင်းပယ်​သူတွေကတော့ အပြစ်​ရှိတဲ့​ အကျင့်​တွေ​ရဲ့ ဆိုးကျိုး​တွေ ခံစား​ရမယ်။ ဘုရား​စံနှုန်း​တွေ​ကို ငြင်းပယ်​တာ​နဲ့​ပတ်သက်ပြီး အီလီ​လို့​ ခေါ်​တဲ့ အမျိုးသား​တစ်ယောက် ပြော​တာ​ကို သတိပြု​ကြည့်​ပါ။ အီလီ​ဟာ ယေဟောဝါ​ကို ချစ်တဲ့ မိဘတွေ လက်အောက်မှာ ကြီးပြင်း​လာတယ်။ ဆယ်ကျော်သက်​အရွယ် ရောက်တော့ အပေါင်းအသင်း မှား​ပြီး မူးယစ်​ဆေး အလွဲသုံး​လာတယ်။ အကျင့်ပျက်​တယ်။ ခိုး​တယ်။ ဒေါသကြီး​ပြီး ကြမ်းတမ်း​လာတယ်။ “ခရစ်ယာန်​တစ်ယောက် မလုပ်သင့်တဲ့ အရာ​မှန်သမျှ အကုန်​ လုပ်ခဲ့တယ်” လို့ ဝန်ခံတယ်။ ဒါပေမဲ့ ငယ်ငယ်​တုန်း​က သင်ယူ​ခဲ့​ရတာတွေကို မမေ့ဘူး။ အကျင့်ဆိုးတွေကို ကြိုးစား​ဖြတ်​ပြီး ၂၀၀၀ ပြည့်နှစ်​မှာ နှစ်ခြင်း​ခံ​တယ်။ ယေဟောဝါရဲ့ စံနှုန်း​တွေ​အတိုင်း အသက်ရှင်​လို့ ဘယ်လို အကျိုး​ရသလဲ။ “စိတ်​ငြိမ်သက်မှု​ ရပြီး ကိုယ့်ကိုယ်ကိုယ်​သိစိတ်လည်း ကြည်လင်​လာတယ်” လို့ အီလီ ပြော​တယ်။ * ယေဟောဝါရဲ့ စံနှုန်း​တွေ​ကို ငြင်းပယ်​သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်​နာကျင်​စေတယ်​ဆိုတာ ဒီ​အဖြစ်အပျက်ကနေ သိရတယ်။ ဒါပေမဲ့ သူတို့ ပြောင်းလဲ​နိုင်အောင် ယေဟောဝါ ကူညီ​ပေး​ချင်​ပါ​တယ်။

၁၁။ ဘာတွေကို ယေဟောဝါ မုန်း​သလဲ။

၁၁ ယေဟောဝါ မုန်း​တာ​ကို မုန်း​တတ်​အောင် သင်ယူပါ။ (ဆာ. ၉၇:၁၀) “မောက်မာ​တဲ့​ မျက်လုံး၊ လိမ်​တတ်​တဲ့​ လျှာ၊ အပြစ်မဲ့​သူကို သတ်​တဲ့​ လက်” ကို ယေဟောဝါ မုန်းတယ်​လို့ ကျမ်းစာ​မှာ ပြော​တယ်။ (ပညာ. ၆:၁၆၊ ၁၇) “အကြမ်းဖက်​သူတွေ၊ လှည့်စား​တတ်​သူတွေကို ယေဟောဝါ ရွံမုန်းတယ်။” (ဆာ. ၅:၆) အဲဒီလို သဘောထား​နဲ့ လုပ်ရပ်တွေကို မုန်း​လွန်းလို့ ကမ္ဘာ​ကို အကြမ်းဖက်မှုနဲ့ ပြည့်စေ​တဲ့ နောဧ​ခေတ်​က လူဆိုး​အားလုံး​ကို အဆုံးစီရင်​ခဲ့တယ်။ (က. ၆:၁၃) ပရောဖက် မာလခိ​ခေတ်​မှာလည်း အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်​ကို သစ္စာဖောက်​ပြီး ကွာရှင်း​ဖို့ ကြံစည်​သူတွေကို ယေဟောဝါ မုန်းတယ်​လို့ ပြော​တယ်။ သူတို့ရဲ့ ဝတ်ပြုမှု​ကို ဘုရား လက်ခံ​မှာ မဟုတ်သလို သူတို့ရဲ့ လုပ်ရပ်​အတွက်​လည်း ပြစ်ဒဏ်​စီရင်​မှာ ဖြစ်တယ်။—မာ​လ. ၂:၁၃-၁၆။ ဟီ. ၁၃:၄

ယေဟောဝါ မနှစ်သက်တာကို ပုပ်သိုး​တဲ့ အစာ​တွေ​လို သဘောထား​သင့် (စာပိုဒ် ၁၁-၁၂ ကို ကြည့်​ပါ)

၁၂။ “ဆိုးညစ်​တဲ့​အရာ​ကို ရွံမုန်းပါ” ဆိုတာ ဘာကို ဆိုလို​သလဲ။

၁၂ ယေဟောဝါ​က ကျွန်တော်​တို့ကို “ဆိုးညစ်​တဲ့​ အရာ​ကို ရွံမုန်း” စေချင်တယ်။ (ရော. ၁၂:၉) “ရွံမုန်း” ဆို​တဲ့ စကားလုံး​ဟာ ပြင်းထန်​တဲ့ စိတ်​ခံစားချက်၊ တစ်ခုခု​ကို မုန်းတီး​တာ၊ ရွံရှာ​တာ​ကို ဆိုလိုတယ်။ ဥပမာ၊ ကျွန်တော်​တို့ကို ပုပ်သိုး​နေတဲ့ အစားအစာ တစ်ခုခု စား​ခိုင်းတယ် ဆိုပါစို့။ စဉ်းစား​ကြည့်​လိုက်တာနဲ့​တင် ဖျား​ချင်​သလို ဖြစ်သွား​နိုင်တယ်။ အဲဒီလိုပဲ ဘုရား မ​ကြိုက်​တဲ့ အရာ​တစ်ခုခု လုပ်မယ်​ဆို​တဲ့ အတွေး​က​တောင် ကျွန်တော်​တို့အတွက် ရွံရှာဖွယ် ဖြစ်​သင့်တယ်။

၁၃။ ကိုယ့်​အတွေး​တွေ​ကို ဘာကြောင့် ကာကွယ်​စောင့်ရှောက်​သင့်သလဲ။

၁၃ ကိုယ့်​အတွေး​တွေ​ကို ကာကွယ်​စောင့်ရှောက်​ပါ။ အတွေး​က လုပ်ရပ်​ကို လွှမ်းမိုးတယ်။ ဒါ​ကြောင့် ကြီး​လေး​တဲ့ အပြစ်တွေ လုပ်မိ​စေနိုင်​တဲ့ အတွေးအခေါ်​တွေ​ကို ရှောင်​ဖို့ ယေရှု သင်ပေးတာ ဖြစ်တယ်။ (မ. ၅:၂၁၊ ၂၂၊ ၂၈၊ ၂၉) ကျွန်တော်​တို့အားလုံး ကောင်းကင်​ဖခင်​ရဲ့ နှစ်သက်မှု ရချင်ကြတယ်။ ဒါ​ကြောင့် စိတ်ထဲ​ ဝင်လာတဲ့ မကောင်းတဲ့​ အတွေး​တွေ​ကို ချက်ချင်း ပယ်ဖျက်​ဖို့ သိပ်​အရေးကြီးတယ်။၊

၁၄။ ကျွန်တော်​တို့​ရဲ့ အပြောအဆို​က ဘာကို ဖော်ပြ​သလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို မေးသင့်​သလဲ။

၁၄ ကိုယ့်​အပြောအဆိုကို ထိန်းချုပ်​ပါ။ ‘ခံတွင်း​ထဲ​က ထွက်​တဲ့​အရာ​တွေ​က စိတ်နှလုံး​ထဲ​က ထွက်​လာတာ’ လို့ ယေရှု ပြော​တယ်။ (မ. ၁၅:၁၈) မှန်ပါတယ်၊ ကိုယ်​ပြော​တဲ့​ စကား​က ကိုယ်​ဘယ်လို​ လူစားမျိုး ဖြစ်​ကြောင်း အများကြီး ဖော်ပြ​တယ်။ ဒါ​ကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘အမှန်ပြော​လို့ ဒုက္ခ​ရောက်မယ်​ဆိုရင်တောင် အမှန်အတိုင်း ပြော​သလား။ အိမ်ထောင်သည်​ တစ်ယောက်​အနေ​နဲ့ လိင်​ခြား​သူတွေကို ပရောပရည် မလုပ်မိအောင် ဆင်ခြင်​သလား။ မသန့်ရှင်းတဲ့ အပြောအဆို​တွေ​ကို လုံးဝ ရှောင်ကြဉ်​သလား။ တစ်ယောက်ယောက်​က စိတ်ဆိုး​အောင် လုပ်တဲ့အခါ အေးအေးဆေးဆေး တုံ့ပြန်​သလား။’ ဒီလို​မေးခွန်းတွေကို အသေအချာ ဆင်ခြင်​တာ​က အထောက်အကူ ဖြစ်စေ​ပါ​လိမ့်မယ်။ ချုပ်ရိုး​က အင်္ကျီ​တစ်ထည်​ ဖြစ်အောင် တွဲ​ပေး​သလို မကောင်းတဲ့ အပြောအဆို​တွေ​ဟာ စရိုက်ဟောင်း​နဲ့ ဒွန်တွဲ​နေတယ်။ ဒါ​ကြောင့် ရိုင်းစိုင်း၊ လိမ်လည်၊ ညစ်ညမ်း​တဲ့ စကား​တွေ မပြောဖို့ အတတ်နိုင်ဆုံး ကြိုးစား​မယ်​ဆိုရင် စရိုက်ဟောင်း​ကို ချွတ်ပယ်​နိုင်​ပါ​လိမ့်မယ်။

၁၅။ စရိုက်ဟောင်း​ကို “သစ်တိုင်” မှာ ရိုက်​ထား​တယ်​ဆိုတာ ဘာကို ဆိုလို​သလဲ။

၁၅ ပြတ်ပြတ်သားသား လုပ်ဆောင်​ဖို့ ဆန္ဒ​ရှိပါ။ ဘဝ​ပုံစံ ပြောင်းလဲ​ဖို့ အလွန်​ အရေးကြီးကြောင်း ထိရောက်တဲ့ ဥပမာ​တစ်ခု သုံးပြီး တမန်တော် ပေါလု ဖော်ပြ​ခဲ့တယ်။ “ပင်ကို​စရိုက်ဟောင်း” ကို “သစ်တိုင်” မှာ ရိုက်​ထား​သင့်တယ်လို့ ရေးတယ်။ (ရော. ၆:၆) ဆိုလို​တာ​က ခရစ်တော်​ရဲ့ ပုံသက်သေ​ကို လိုက်လျှောက်​ရမယ်။ ယေဟောဝါ မုန်းတဲ့ သဘောထား၊ အမူအကျင့်တွေကို သေစေ​ရမယ်။ ဒါမှသာ ကြည်လင်​တဲ့ အမှားအမှန်​သိစိတ်နဲ့ ထာဝရ​အသက် မျှော်လင့်ချက် ရနိုင်​မှာ ဖြစ်တယ်။ (ယော. ၁၇:၃။ ၁ ပေ. ၃:၂၁) ယေဟောဝါ​က ကျွန်တော်​တို့​နဲ့ လိုက်လျောညီထွေ​ ဖြစ်ဖို့ မိမိ​စံနှုန်း​တွေ​ကို ပြောင်းလဲ​မှာ မဟုတ်ဘူးဆိုတာ သတိရပါ။ အဲဒီအစား ဘုရား​ရဲ့ စံနှုန်း​တွေ​နဲ့​အညီ​ ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲ​ရမယ်။—ဟေရှာ. ၁:၁၆-၁၈။ ၅၅:၉

၁၆။ မှားယွင်းတဲ့ အလိုဆန္ဒတွေကို ဘာကြောင့် တိုက်ထုတ်​နေရ​မလဲ။

၁၆ မှားယွင်းတဲ့ အလိုဆန္ဒတွေကို ဆက်​ပြီး တိုက်ထုတ်​နေပါ။ နှစ်ခြင်း​ခံ​ပြီး​နောက်​မှာ​တောင် မှားယွင်းတဲ့ အလိုဆန္ဒတွေကို ဆက်​ပြီး တိုက်ထုတ်​နေဖို့ လိုတယ်။ မာ​ရီ​စ​ယို​အကြောင်း စဉ်းစား​ကြည့်​ပါ။ ငယ်ရွယ်စဉ်​တုန်း​က လိင်တူ​ဘဝ​ပုံစံ​နဲ့ နေထိုင်ခဲ့တယ်။ နောက်ဆုံး​မှာ ယေဟောဝါသက်သေ​တွေ​နဲ့ တွေ့​ပြီး ကျမ်းစာ စ​လေ့လာ​တယ်။ ဘဝ​ပုံစံ ပြောင်းလဲ​ပြီး​နောက် ၂၀၀၂ မှာ နှစ်ခြင်း​ခံ​တယ်။ ယေဟောဝါ​ကို ဝတ်ပြု​လာတာ နှစ်​အတော်ကြာ​ပြီ ဖြစ်​ပေမဲ့ “မကောင်းတဲ့​ ဆန္ဒ​တွေ ပြန်​ပေါ်လာတဲ့​အခါ မနည်း ချိုးနှိမ်​ပစ်​ရတယ်” လို့ ပြော​တယ်။ ဒါပေမဲ့ စိတ်ဓာတ်​မကျ​ဘူး။ အဲဒီအစား “အဲဒီ​ဆန္ဒ​တွေ​အတိုင်း မလုပ်မိအောင် နေထိုင်တာက ယေဟောဝါရဲ့ နှစ်သက်မှု​ကို ရရှိစေ​နိုင်တယ်​ဆို​တဲ့​ အချက်​ကနေ ကျွန်တော် အား​ယူတယ်” * လို့ ပြော​တယ်။

၁၇။ နာ​ဘီ​ဟာ​ရဲ့ တွေ့ကြုံမှု​ကနေ ဘာ​သိရသလဲ။

၁၇ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ ကိုယ့်​အစွမ်း​ခွန်အား​ကို မဟုတ်ဘဲ စွမ်းအားတော်​ကို အားကိုးပါ။ (ဂလ. ၅:၂၂။ ဖိ. ၄:၆) စရိုက်ဟောင်း​ကို ချွတ်ပစ်​ဖို့​ဆိုရင် ကျွန်တော်​တို့ ကြိုးစား​အားထုတ်​ရမယ်။ နာ​ဘီ​ဟာ​ ဆို​တဲ့ အမျိုးသမီး​အကြောင်း သုံးသပ်ကြည့်​ပါ။ အသက်​ ခြောက်​နှစ်မှာ အဖေ စွန့်ပစ်​သွား​လို့ “ကျွန်မ စိတ်ဒဏ်ရာ ရသွားတယ်” လို့ ပြော​တယ်။ ကြီး​လာတော့ ဒေါသကြီး​ပြီး ရန်လို​တတ်​တဲ့ အမျိုးသမီး ဖြစ်​လာတယ်။ မူးယစ်​ဆေးဝါး မှောင်​ခို​ကူး​လို့ အဖမ်း​ခံရ​ပြီး ထောင်​လေးနှစ် ကျ​တယ်။ ထောင်​ကို လာ​လည်ပတ်​တဲ့ သက်သေခံတွေ​နဲ့ ကျမ်းစာ စ​လေ့လာ​ဖြစ်​ပြီး ပြောင်းလဲ​လာတယ်။ “ကျွန်မ​ရဲ့ အကျင့်ဆိုး တချို့​ကို​တော့ ဖြတ်ပစ်​ဖို့ မ​ခက်​ဘူး။ . . . ဒါပေမဲ့ ဆေးလိပ်​ဖြတ်​ဖို့​တော့ အရမ်း​ ခက်တယ်” လို့ ပြော​တယ်။ တစ်နှစ်​ကျော်​လောက် ခက်ခက်ခဲခဲ ကြိုးစား​တိုက်လှန်​ပြီး​နောက်​မှာ​တော့ ဆေးလိပ်​ပြတ်​သွားတယ်။ “အဓိက အကြောင်းရင်း​က​တော့ ကျွန်မ ဆေးလိပ်​ပြတ်​နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါ ဘုရားသခင်​ဆီ အဆက်မပြတ် ဆုတောင်း​လို့​ ဖြစ်တယ်။ . . . ဘုရားသခင်ရဲ့ စိတ်တော်​နဲ့ တွေ့​ဖို့ ကျွန်မ​ဘဝကို ပြုပြင်​ပြောင်းလဲ​နိုင်​ခဲ့တယ်​ဆိုရင် တခြား​သူတွေလည်း ပြောင်းလဲ​နိုင်​မယ်​ဆိုတာ ကျွန်မ​ ယုံကြည်တယ်” လို့ ပြော​တယ်။ *

နှစ်ခြင်း​ခံ​ဖို့ သင် အရည်အချင်း ပြည့်မီ​နိုင်

၁၈။ ၁ ကောရိန္သု ၆:၉-၁၁ အရ ဘုရား​ကျေးကျွန်​တွေ ဘာလုပ်​နိုင်​ခဲ့​ကြသလဲ။

၁၈ ပထမ​ရာစု​မှာ ခရစ်တော်​နဲ့​အတူ အုပ်ချုပ်​ဖို့ ယေဟောဝါ ရွေးချယ်​တဲ့ အမျိုးသား/သမီး​တချို့ဟာ တစ်ချိန်​တုန်း​က အကျင့်​မကောင်း​သူတွေ ဖြစ်​ခဲ့တယ်။ ဥပမာ၊ အိမ်ထောင်ရေး​ ဖောက်ပြန်သူ၊ လိင်တူသမား၊ သူခိုး​တွေ။ ဒါပေမဲ့ ဘုရား​ရဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီ​ကြောင့် ပြောင်းလဲ​နိုင်​ခဲ့​ကြတယ်။ (၁ ကောရိန္သု ၆:၉-၁၁ ကို ဖတ်ပါ။) ဒီနေ့​ခေတ်​မှာလည်း ကျမ်းစာ​က လူ​သန်းပေါင်း​များစွာ​ကို ကူညီ​ပေး​နေတယ်။ * အခိုင်အမာ အမြစ်စွဲ​နေတဲ့ အကျင့်ဆိုးတွေကို သူတို့ ဖြတ်ပစ်​နိုင်​ခဲ့​ကြတယ်။ သူတို့ရဲ့ ပုံသက်သေ​က သင်လည်း နှစ်ခြင်း​ခံ​ဖို့ အရည်အချင်း ပြည့်မီ​အောင် စရိုက် ပြောင်းလဲ​ပြီး အကျင့်ဆိုးတွေကို ဖြတ်​နိုင်တယ်​ဆိုတာ ဖော်ပြ​တယ်။

၁၉။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

၁၉ နှစ်ခြင်း​ခံ​ချင်​သူတွေဟာ စရိုက်ဟောင်း​ကို ချွတ်ပယ်​ပြီး စရိုက်သစ်​ကို ကြိုးစား ဝတ်ဆင်​ဖို့ လိုတယ်။ စရိုက်သစ်​ကို ဘယ်လို ဝတ်ဆင်​နိုင်​ကြောင်း၊ ဝတ်ဆင်​နိုင်​ဖို့ တခြား​သူတွေ ဘယ်လို ကူညီ​ပေး​နိုင်​ကြောင်း နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

သီချင်း ၄၁ ဆုတောင်းသံ​ကို နားထောင်ပေး​ပါ

^ အပိုဒ်၊ 5 နှစ်ခြင်း​ခံ​ဖို့ အရည်အချင်း ပြည့်မီ​အောင် အကျင့်​စရိုက်​တွေ​ကို ပြုပြင်​ပြောင်းလဲ​ဖို့ လိုလိုလားလား​ရှိရမယ်။ စရိုက်ဟောင်း​ဆိုတာ ဘာလဲ၊ ချွတ်ပယ်​ဖို့ ဘာကြောင့် အရေးကြီး​သလဲ၊ ဘယ်လို ချွတ်ပယ်​နိုင်​သလဲ​ဆိုတာ ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​သွားပါမယ်။ နှစ်ခြင်း​ခံ​ပြီး​ နောက်​မှာ​တောင် စရိုက်သစ်​ကို ဘယ်လို ဆက်​မွေးမြူ​နိုင်​ကြောင်း နောက်​ဆောင်းပါး​မှာ ဆွေးနွေး​သွားပါမယ်။

^ အပိုဒ်၊ 3 စကားလုံး ရှင်းလင်းချက်– ‘စရိုက်ဟောင်း​ကို ချွတ်ပယ်​တယ်’ ဆိုတာ ယေဟောဝါ မနှစ်သက်တဲ့ သဘောထား၊ အလိုဆန္ဒတွေကို စိတ်ထဲ​ကနေ ထုတ်ပစ်​တာ​ကို ဆိုလိုတယ်။ ဒါတွေကို နှစ်ခြင်း​မခံခင်​ကတည်းက စ​လုပ်သင့်တယ်။—ဧ. ၄:၂၂

^ အပိုဒ်၊ 10 ထပ်​သိချင်ရင် ၂၀၁၂၊ ဧပြီ ၁ ရက်ထုတ် ကင်းမျှော်စင်သမ္မာကျမ်းစာ​က ဘဝ​အသက်တာ​တွေ​ကို ပြောင်းလဲ​ပေး​နိုင်—‘ယေဟောဝါ​ဆီ​ကို ပြန်​လှည့်လာ​ဖို့ လိုနေပြီ’” ဆောင်းပါး​ကို ကြည့်​ပါ။

^ အပိုဒ်၊ 64 ပုံအညွှန်း– မကောင်းတဲ့ သဘောထား၊ အကျင့်ဆိုးတွေကို ဖယ်ရှား​တာ​ဟာ အဝတ်​ဟောင်း​ကို ချွတ်ပယ်​တာ​နဲ့ တူတယ်။