မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၁

နှစ်ခြင်းခံပြီးနောက် “စရိုက်သစ်” ကို ဆက်ဝတ်ဆင်နေပါ

နှစ်ခြင်းခံပြီးနောက် “စရိုက်သစ်” ကို ဆက်ဝတ်ဆင်နေပါ

“စရိုက်သစ်​ကို ဝတ်ဆင်​ကြ​ပါ။”—ကော. ၃:၁၀

သီချင်း ၄၉ ယေဟောဝါရဲ့ စိတ်နှလုံး ရွှင်ပြုံး​စေခြင်း

အကြို​သုံးသပ်ချက် *

၁။ ကျွန်တော်​တို့​ရဲ့ စရိုက်​ကို ဘာက အဓိက လွှမ်းမိုး​သလဲ။

 နှစ်ခြင်း​ခံ​ပြီး​တာ ရက်​အနည်းငယ်​ပဲ ရှိသေးတာ​ဖြစ်ဖြစ်၊ နှစ်ပေါင်း​များစွာ ကြာပြီ​ပဲ​ဖြစ်ဖြစ် ယေဟောဝါ နှစ်သက်တဲ့ စရိုက်​တွေ ကျွန်တော်​တို့ ရှိချင်ကြတယ်။ အဲဒီလို ဖြစ်​နိုင်​ဖို့ စဉ်းစား​တွေးခေါ်ပုံ​ကို ထိန်းချုပ်ဖို့ လိုတယ်။ ဘာကြောင့်လဲ​ဆိုတော့ အတွေးအခေါ်​က အကျင့်​စရိုက်​ကို လွှမ်းမိုး​လို့​ပဲ။ အပြစ်​ရှိတဲ့ အလိုဆန္ဒ​အတိုင်း အမြဲ တွေး​နေရင် မကောင်းတာတွေ ပြော​မိ၊ လုပ်မိ​လိမ့်မယ်။ (ဧ. ၄:၁၇-၁၉) စိတ်​ကို ကောင်း​တဲ့ အတွေး​တွေ​နဲ့ ဖြည့်​ထား​မယ်​ဆိုရင်တော့ ဖခင်​ ယေဟောဝါ နှစ်သက်တဲ့​ နည်း​အတိုင်း ပြုမူ​ပြောဆို​နိုင်​ပါ​လိမ့်မယ်။—ဂလ. ၅:၁၆

၂။ ဒီ​ဆောင်းပါး​မှာ ဘယ်​မေးခွန်းတွေကို ဆွေးနွေး​ကြ​မလဲ။

ရှေ့​ဆောင်းပါး​မှာ ဖော်ပြ​ခဲ့​တဲ့​အတိုင်း စိတ်ထဲ​ ဝင်လာတဲ့ မကောင်းတဲ့​ အတွေး အားလုံး​ကို ကျွန်တော်​တို့ မ​ဖျောက်ပစ်​နိုင်ဘူး။ ဒါပေမဲ့ အဲဒီ​အတွေး​တွေ​အတိုင်း လိုက်​မ​လုပ်ဖို့​တော့ ရွေးချယ်​ဆုံးဖြတ်​နိုင်တယ်။ ယေဟောဝါ မုန်းတဲ့ အပြောအဆို၊ လုပ်ရပ်တွေကို နှစ်ခြင်း​မခံခင်​ကတည်းက ရှောင်​ဖို့ လိုတယ်။ စရိုက်ဟောင်း​ကို ချွတ်ပစ်​ရာ​မှာ အဲဒါ အဓိက​ ခြေလှမ်း​ပဲ။ ဒါပေမဲ့ ယေဟောဝါရဲ့ နှစ်သက်မှု အပြည့်အဝ ရဖို့​ဆိုရင် “စရိုက်သစ်​ကို ဝတ်ဆင်​ကြ​ပါ” ဆို​တဲ့ မိန့်မှာချက်ကို နာခံ​ဖို့​လည်း လိုတယ်။ (ကော. ၃:၁၀) “စရိုက်သစ်” ဆိုတာ ဘာလဲ၊ စရိုက်သစ်​ကို ဘယ်လို ဝတ်ဆင်​နိုင်​မလဲ၊ ဘယ်လို ကာကွယ်​ထိန်းသိမ်း​နိုင်​မလဲ​ဆို​တဲ့ မေးခွန်းတွေကို ဒီ​ဆောင်းပါး​မှာ သုံးသပ်ကြ​ပါ​မယ်။

“စရိုက်သစ်” ဆိုတာ ဘာလဲ

၃။ ဂလာတိ ၅:၂၂၊ ၂၃ အရ “စရိုက်သစ်” ဆိုတာ ဘာလဲ။ ဘယ်လို ဝတ်ဆင်​နိုင်​သလဲ။

“စရိုက်သစ်” ဆိုတာ ယေဟောဝါရဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေ​အတိုင်း တုပ​တာ​ကို ဆိုလိုတယ်။ ဘုရား​စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်​လာတဲ့ အရည်အသွေးတွေ တင်ပြခြင်း၊ စွမ်းအားတော် လမ်းညွှန်​တဲ့​အတိုင်း တွေးခေါ်၊ ခံစား၊ ပြုမူခြင်း​အားဖြင့် စရိုက်သစ်​ကို ဝတ်ဆင်​နိုင်တယ်။ (ဂလာတိ ၅:၂၂၊ ၂၃ ကို ဖတ်ပါ။) ဥပမာ၊ စရိုက်သစ် ဝတ်ဆင်​ထား​သူဟာ ယေဟောဝါ​နဲ့ ဘုရား​လူမျိုးကို ချစ်တယ်။ (မ. ၂၂:၃၆-၃၉) အခက်အခဲ​တွေ ကြုံ​ရချိန်မှာ​တောင် ဆက်​ပျော်ရွှင်​နေတယ်။ (ယာ. ၁:၂-၄) ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်တယ်။ (မ. ၅:၉) တခြား​သူတွေနဲ့ ဆက်ဆံ​တဲ့​အခါ စိတ်ရှည်​တယ်၊ ကြင်နာ​တယ်။ (ကော. ၃:၁၃) ကောင်းမြတ်​တာ​ကို နှစ်သက်​ပြီး ကောင်းမှု​ပြု​တယ်။ (လု. ၆:၃၅) ကောင်းကင်​ဖခင်​ကို အခိုင်အမာ ယုံကြည်​ကြောင်း လုပ်ရပ်​နဲ့ ပြ​တယ်။ (ယာ. ၂:၁၈) ဒေါသ​ဆွခံ​ရတဲ့အခါ အေးဆေး​တည်ငြိမ်​နေပြီး သွေးဆောင်​ခံရ​တဲ့​အခါ ချုပ်တည်း​မှု ရှိတယ်။—၁ ကော. ၉:၂၅၊ ၂၇။ တိ. ၃:၂

၄။ စရိုက်သစ်​ကို ဝတ်ဆင်​နိုင်​ဖို့ ဂလာတိ ၅:၂၂၊ ၂၃ နဲ့ တခြား ကျမ်းချက်​တွေ​မှာ ပါ​တဲ့ အရည်အသွေး​အားလုံး​ကို မွေးမြူဖို့ ဘာကြောင့် လိုသလဲ။ ရှင်းပြပါ။

စရိုက်သစ်​ကို ဝတ်ဆင်​ဖို့ ဂလာတိ ၅:၂၂၊ ၂၃ နဲ့ တခြား ကျမ်းချက်​တွေ​မှာ ပါ​တဲ့ အရည်အသွေး​အားလုံး​ကို မွေးမြူဖို့ လိုတယ်။ * အဲဒီ​အရည်အသွေးတွေ​ဟာ တစ်ခု​ချင်း​စီ သီးသန့်​ ရှိနေတာ မဟုတ်ဘူး။ တစ်ခု​နဲ့​တစ်ခု ဆက်စပ်​နေတဲ့ ဆင်တူ အရည်အသွေးတွေ ဖြစ်တယ်။ ဥပမာ၊ သင်ဟာ လူလူချင်းကို ချစ်မယ်​ဆိုရင် စိတ်ရှည်​မယ်၊ ကြင်နာ​မယ်။ ကောင်းမြတ်​သူ ဖြစ်​မယ်​ဆိုရင် နူးညံ့​သိမ်မွေ့​မယ်၊ ချုပ်တည်း​မှု ရှိမယ်။

စရိုက်သစ်​ကို ဘယ်လို ဝတ်ဆင်​နိုင်​သလဲ

ယေရှု​လို စဉ်းစား​တွေးခေါ်​လေ ယေရှုရဲ့ စရိုက်​ကို ပို​တုပ​နိုင်​လေ ဖြစ်ပါ​လိမ့်မယ် (စာပိုဒ် ၅၊ ၈၊ ၁၀၊ ၁၂၊ ၁၄ ကို ကြည့်​ပါ)

၅။ “ခရစ်တော်​ရဲ့ စိတ်သဘောထား” ရှိတယ်ဆိုတာ ဘာကို ဆိုလို​သလဲ။ ယေရှုရဲ့ ဘဝ​အသက်တာ​အကြောင်း ဘာကြောင့် လေ့လာ​သင့်သလဲ။ (၁ ကောရိန္သု ၂:၁၆)

၁ ကောရိန္သု ၂:၁၆ ကို ဖတ်ပါ။ စရိုက်သစ်​ကို ဝတ်ဆင်​နိုင်​ဖို့​ဆိုရင် “ခရစ်တော်​ရဲ့ စိတ်သဘောထား” ရှိဖို့ လိုတယ်။ တစ်နည်း​ပြော​ရ​ရင် ယေရှု​လို စဉ်းစား​တွေးခေါ်​ပြီး ယေရှုကို တုပ​ဖို့ ကြိုးစား​ရမယ်။ ယေရှုဟာ ဘုရား​စွမ်းအားတော် အရည်အသွေးတွေကို အပြည့်အဝ တင်ပြ​ခဲ့တယ်။ အပြစ်​အနာအဆာ မရှိတဲ့ မှန်​လို​ပဲ ယေဟောဝါရဲ့ အရည်အသွေးတွေကို ရောင်ပြန်ဟပ်​တယ်။ (ဟီ. ၁:၃) ယေရှု​လို စဉ်းစား​တွေးခေါ်​လေ ယေရှု​လို ပို​ပြုမူ​နိုင်​လေ ​ဖြစ်​ပြီး ယေရှုရဲ့ စရိုက်​ကို ပို​တုပ​နိုင်​လေ ဖြစ်​မယ်။—ဖိ. ၂:၅

၆။ စရိုက်သစ် ဝတ်ဆင်​ရာ​မှာ ဘယ်​အချက်​တွေ​ကို သတိရ​သင့်သလဲ။

ယေရှုရဲ့ ပုံသက်သေ​ကို လိုက်လျှောက်ဖို့ တကယ် ဖြစ်​နိုင်​သလား။ ‘ယေရှု​က စုံလင်​တယ်။ ယေရှု​လို​တော့ တစ်ထပ်တည်း မဖြစ်​နိုင်ဘူး’ လို့ ကျွန်တော်​တို့ တွေးမိ​မယ်။ သင် အဲဒီလို ခံစား​နေ​ရတယ်​ဆိုရင် ဒီ​အချက်​တွေ​ကို သတိရပါ– ပထမ၊ ယေဟောဝါ​နဲ့ ယေရှုရဲ့ ပုံသဏ္ဌာန်​အတိုင်း သင် ဖန်ဆင်း​ခံ​ထား​ရတယ်။ ဒါ​ကြောင့် သူတို့ကို အတိုင်းအတာ​တစ်ခု​အထိ​တော့ တုပ​နိုင်​ပါ​တယ်။ (က. ၁:၂၆) ဒုတိယ၊ ဘုရားသခင့် စွမ်းအားတော်​ဟာ စကြဝဠာ​မှာ တန်ခိုး​အကြီးဆုံး စွမ်းအား ဖြစ်တယ်။ ကိုယ့်​အစွမ်းအစနဲ့ မတတ်နိုင်​တာတွေကို စွမ်းအားတော် အကူအညီ​နဲ့ လုပ်ဆောင်​နိုင်​ပါ​လိမ့်မယ်။ တတိယ၊ စွမ်းအားတော် အရည်အသွေးတွေကို အပြည့်အဝ တင်ပြ​ဖို့ ယေဟောဝါ မမျှော်လင့်​ဘူး။ တကယ်တော့ မေတ္တာရှင် ဖခင်​ဟာ မြေကြီး​မျှော်လင့်ချက် ရှိသူတွေ ပြည့်ဝ​စုံလင်​လာဖို့ နှစ်ပေါင်း ၁၀၀၀ တောင် အချိန်ပေး​မှာ။ (ဗျာ. ၂၀:၁-၃) အခု​အချိန်မှာ ကျွန်တော်​တို့​ဆီက ယေဟောဝါ​ဘုရား တောင်းဆို​တာ​က အတတ်နိုင်ဆုံး ကြိုးစားဖို့၊ ဘုရား​အကူအညီကို အားကိုး​ဖို့​ပဲ။

၇။ အခု ဘာ​အကြောင်း လေ့လာ​သုံးသပ်ကြ​မလဲ။

ယေရှုကို ဘယ်လို သတ်သတ်မှတ်မှတ် တုပ​နိုင်​သလဲ။ ဘုရား​စွမ်းအားတော် အရည်အသွေး လေးခု​ကို အတိုချုပ် လေ့လာ​ကြ​ပါ​မယ်။ တစ်ခုစီ​ကို လေ့လာ​တိုင်း အဲဒီ​အရည်အသွေးတွေကို ယေရှု တင်ပြ​ခဲ့​ပုံ​ကနေ ဘာ​သင်ယူ​နိုင်​ကြောင်း သိလာ​ပါ​မယ်။ စရိုက်သစ် ဝတ်ဆင်​ရာ​မှာ ဘယ်လောက် တိုးတက်​နေပြီ​လဲ​ဆိုတာ သိအောင် ကူညီ​ပေး​မယ့် မေးခွန်း​တချို့​ကိုလည်း သုံးသပ်ကြ​ပါ​မယ်။

၈။ ယေရှု ဘယ်လို မေတ္တာ ပြသ​လဲ။

ယေရှုဟာ ယေဟောဝါ​ဘုရား​ကို အလွန်​ ချစ်တယ်။ အဲဒီ​မေတ္တာက ဘုရား​အတွက်​ကော၊ ကျွန်တော်​တို့အတွက်​ပါ စွန့်လွှတ်​အနစ်နာခံ​ဖို့ လှုံ့ဆော်​ပေးတယ်။ (ယော. ၁၄:၃၁။ ၁၅:၁၃) မြေကြီးပေါ် အသက်ရှင်​နေထိုင်ပုံ​အားဖြင့် လူတွေကို ဘယ်လောက်​ ချစ်​ကြောင်း ယေရှု ပြ​တယ်။ လူတချို့ ဆန့်ကျင်​တာ​တောင် မေတ္တာ၊ ထောက်ထား​စာနာမှု နေ့တိုင်း တင်ပြ​တယ်။ လူတွေကို ချစ်​ကြောင်း ယေရှု​ ပြ​တဲ့ အဓိက​ နည်း​က​တော့ ဘုရား​နိုင်ငံတော်​အကြောင်း သွန်သင်​ပေးခြင်း​အားဖြင့်​ပါ​ပဲ။ (လု. ၄:၄၃၊ ၄၄) အပြစ်သားတွေ လက်ထဲ ဝေဒနာ ပြင်းထန်​စွာ ခံစား​ပြီး သေဆုံး​ဖို့ လိုလိုလားလား ရှိ​ခြင်း​အားဖြင့်လည်း ဘုရား​နဲ့ လူတွေ​အပေါ် ကိုယ်ကျိုး​စွန့်​မေတ္တာ​ ရှိကြောင်း ပြ​တယ်။ ဒီ​နည်း​အားဖြင့် ကျွန်တော်​တို့အားလုံး ထာဝရ​အသက်​ ရဖို့ လမ်းဖွင့်​ပေးတယ်။

၉။ မေတ္တာ ပြ​ရာ​မှာ ယေရှုကို ဘယ်လို တုပ​နိုင်​သလဲ။

ကောင်းကင်​ဖခင်​ကို ချစ်​လို့ ကျွန်တော်​တို့ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ခဲ့​ကြတယ်။ ဒါ​ကြောင့် ယေရှု​လို​ပဲ ယေဟောဝါ​ကို ချစ်​ကြောင်း လူတွေကို ဆက်ဆံပုံ​အားဖြင့် သက်သေပြ​သင့်တယ်။ “မြင်​နေရတဲ့ ညီအစ်ကို​ကို မချစ်​ရင် မမြင်​ရတဲ့ ဘုရားသခင်​ကို မချစ်​နိုင်ဘူး” လို့ တမန်တော် ယောဟန် ပြော​တယ်။ (၁ ယော. ၄:၂၀) ကိုယ့်ကိုယ်ကိုယ် ဒီလို​မေး​နိုင်တယ်– ‘လူတွေကို ငါ တကယ် ချစ်​ရဲ့​လား။ ကိုယ့်​အပေါ် ရိုင်းစိုင်း​သူတွေကို​တောင် ထောက်ထား​စာနာ​သလား။ ကိုယ့်​ကြိုးစား​အားထုတ်မှုကို လူအများစု တန်ဖိုး​မထား​ရင်တောင်၊ ဆန့်ကျင်​ရင်တောင် အချိန်၊ ခွန်အား​စိုက်ထုတ်​ပြီး ယေဟောဝါ​အကြောင်း သိလာအောင် လိုလိုလားလား ကူညီ​ပေး​သလား။ တပည့်​ဖြစ်စေခြင်း လုပ်ငန်းမှာ အချိန်ပို​ပေးဖို့ နည်းလမ်း​တွေ ရှာ​နိုင်​မလား။’—ဧ. ၅:၁၅၊ ၁၆

၁၀။ ယေရှုဟာ ငြိမ်သက်မှု ရှိအောင် ဘယ်လို လုပ်ဆောင်​သလဲ။

၁၀ ယေရှုဟာ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်​သူ ဖြစ်တယ်။ လူတွေ သူ့ကို ကောင်းကောင်း မဆက်ဆံ​တဲ့​အခါမှာ​တောင် အဆိုးကို အဆိုးနဲ့ မတုံ့ပြန်​ဘူး။ ဒါပေမဲ့ ဒီလောက်ပဲ မဟုတ်ဘူး။ ငြိမ်သက်မှု ရှိအောင် ကိုယ့်​ဘက်က အစပြု လုပ်ဆောင်တယ်။ အငြင်းပွားမှုတွေကို ဖြေရှင်း​ဖို့​လည်း တခြား​သူတွေကို အားပေးတယ်။ ဥပမာ၊ ကိုယ့်​ဝတ်ပြုရေးကို ယေဟောဝါ လက်ခံဖို့ ညီအစ်ကို​နဲ့ သင့်မြတ်​အောင် လုပ်ရမယ်လို့ သွန်သင်​ပေးတယ်။ (မ. ၅:၉၊ ၂၃၊ ၂၄) ဘယ်သူ အကြီးမြတ်ဆုံးလဲ​ဆိုပြီး တမန်တော်​တွေ ငြင်းခုံ​တဲ့​အခါ ဖြေရှင်း​နိုင်​ဖို့ အကြိမ်ကြိမ် ကူညီ​ပေးတယ်။—လု. ၉:၄၆-၄၈။ ၂၂:၂၄-၂၇

၁၁။ ဘယ်လိုနည်းနဲ့ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်​နိုင်​သလဲ။

၁၁ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်​သူ ဖြစ်ဖို့​ဆိုရင် ပြဿနာ မဖြစ်အောင် ရှောင်​ရုံ​လောက်​နဲ့ မပြီး​ဘူး။ တခြား​သူတွေနဲ့ သင့်မြတ်​ဖို့ ကိုယ့်​ဘက်က အစပြု​လုပ်ဆောင်​ရမယ်။ ပြဿနာ​တွေ​ကို ဖြေရှင်း​ဖို့ ညီအစ်ကို/မ​တွေ​ကို အားပေး​ရမယ်။ (ဖိ. ၄:၂၊ ၃။ ယာ. ၃:၁၇၊ ၁၈) ကိုယ့်ကိုယ်ကိုယ် ဒီ​မေးခွန်းတွေ မေး​နိုင်တယ်– ‘တခြား​သူတွေနဲ့ သင့်မြတ်​ဖို့ ငါ ဘာတွေ စွန့်လွှတ်​အနစ်နာခံ​သလဲ။ ညီအစ်ကို/မ​တစ်ယောက်ယောက် စိတ်​ထိခိုက်အောင် လုပ်တဲ့​အခါ အငြိုး​ထား​သလား။ တခြားသူ လာ​ဖြေရှင်း​တဲ့​အထိ စောင့်​သလား ဒါမှ​မဟုတ် တစ်ဖက်​လူ​ကြောင့် ပြဿနာ ဖြစ်​ရတာ​လို့ ယူဆ​ရင်တောင် ကိုယ့်​ဘက်က အစ​ပြုပြီး သင့်မြတ်​အောင် လုပ်ဆောင်​သလား။ သင့်တော်​တဲ့​အခါတိုင်း အချင်းချင်း ပြေလည်​အောင် ဖြေရှင်း​ဖို့ အားပေး​သလား။’

၁၂။ ယေရှု ကြင်နာ​မှု ဘယ်လို ပြသ​လဲ။

၁၂ ယေရှုဟာ ကြင်နာ​တယ်။ (မ. ၁၁:၂၈-၃၀) ခက်ခဲ​တဲ့ အခြေအနေ​တွေ​မှာ​တောင် နူးညံ့​သိမ်မွေ့​ခြင်း၊ အကျိုးသင့်အကြောင်းသင့် ရှိ​ခြင်း​အားဖြင့် ကြင်နာ​မှု ပြ​တယ်။ ဥပမာ၊ သမီးကို ရောဂါ​ကုသ​ပေးဖို့ ဖိုနီးရှား အမျိုးသမီး တောင်းဆို​တဲ့​အခါ အစပိုင်း​မှာ မ​လိုက်လျော​ပေမဲ့ ကြီးမား​တဲ့ ယုံကြည်ခြင်းကို မြင်ပြီး ကုသ​ပေး​လိုက်တယ်။ (မ. ၁၅:၂၂-၂၈) ယေရှုဟာ ကြင်နာ​ပေမဲ့ လိုအပ်​ချိန်မှာ မဆုံးမ​ဘဲ မနေဘူး။ တစ်ခါ​တ​လေ ခိုင်မာ​ပြတ်သား​ခြင်း​အားဖြင့်လည်း ကြင်နာ​မှု ပြ​တယ်။ ဥပမာ၊ ယေဟောဝါရဲ့ အလိုအတိုင်း မ​လုပ်ဖို့ ပေတရု တားဆီး​တဲ့​အခါ တခြား​တပည့်တွေ​ရှေ့​မှာ သူ့ကို ယေရှု ဆုံးမ​တယ်။ (မာ. ၈:၃၂၊ ၃၃) ဒီလို​လုပ်တာ ပေတရု​ကို အရှက်ခွဲ​ဖို့ မဟုတ်ဘဲ လေ့ကျင့်​ပေးဖို့၊ တခြား​တပည့်တွေ​ကိုလည်း ရောင့်မတက်​လာအောင် သတိ​ပေးဖို့ ဖြစ်တယ်။ ပေတရု စိတ်​ကသိကအောက် ဖြစ်​သွားမှာ ဖြစ်​ပေမဲ့ ပဲ့ပြင်​ဆုံးမမှု​ကနေ အကျိုး​ရခဲ့တယ်။

၁၃။ ဘယ်လိုနည်းနဲ့ ကြင်နာ​မှု ပြ​နိုင်​သလဲ။

၁၃ ကိုယ်​ချစ်တဲ့​သူတွေကို ကြင်နာ​မှု ပြဖို့​ဆိုရင် တစ်ခါ​တ​လေ ပွင့်ပွင့်လင်းလင်း ပြော​ဖို့ လိုအပ်​နိုင်တယ်။ အဲဒီလို ပြော​တဲ့​အခါ ကျမ်းစာ​မူတွေကို အခြေခံ​ခြင်း​အားဖြင့် ယေရှုကို တုပ​ပါ။ နူးညံ့​သိမ်မွေ့​ပါ။ သူတို့ မှန်ရာကို လုပ်ချင်​တယ်​ဆိုတာ ယုံကြည်ပါ။ ယေဟောဝါ​နဲ့ သင့်ကို ချစ်​ရင် သင့်​အကြံပေး​စကား​ကို နားထောင်မယ်​ဆိုတာ စိတ်ချ​ပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘ကိုယ်​ချစ်တဲ့​သူ​တစ်ယောက်ယောက် အမှား​လုပ်​နေတာ တွေ့​တဲ့​အခါ တည့်မတ်​ပေး​ရဲ​သလား။ အကြံပေး​ဆုံးမ​ဖို့ လို​တဲ့​အခါ ကြင်ကြင်နာနာ ပြော​သလား ဒါမှ​မဟုတ် ကြမ်းကြမ်းတမ်းတမ်း ပြော​သလား။ ဘယ်လို စိတ်ရင်း​နဲ့ အကြံပေး​တာလဲ။ စိတ်ဆိုး​လို့လား ဒါမှ​မဟုတ် သူ့ရဲ့ အကောင်းဆုံး​ အကျိုးကို လိုလား​လို့လား။’

၁၄။ ယေရှု ဘယ်လို ကောင်းမှု ပြု​သလဲ။

၁၄ ယေရှုဟာ ကောင်းမြတ်​ရာ​ကို သိ​ရုံ​သာမက ကောင်းမှု​လည်း ပြု​တယ်။ ဖခင်​ကို ချစ်​လို့ မှန်ရာကို စိတ်ရင်းမှန်​နဲ့ အမြဲ လုပ်ဆောင်တယ်။ ကောင်းမြတ်​မှု​ဟာ တခြား​သူတွေ​အပေါ် အကျိုး​သက်ရောက်​တယ်။ ကောင်းမြတ်​တဲ့​သူဟာ တခြား​သူတွေကို ကူညီ​ဖို့ အမြဲ နည်းလမ်း​ရှာပြီး ကောင်းမှု ပြု​တယ်။ မှန်ရာကို သိ​ရုံ​နဲ့ မလုံလောက်​ဘူး။ မှန်ရာကို စိတ်ရင်းမှန်​နဲ့ လုပ်ရမယ်။ ‘မှန်ရာကို မကောင်းတဲ့​ စိတ်​နဲ့ လုပ်လို့​ ရ​သလား’ လို့ တချို့ မေး​ကောင်း​ မေးမယ်။ လုပ်လို့ ရတယ်။ ဥပမာ၊ ဆင်းရဲသား​တွေ​ကို ပေးကမ်း​စွန့်ကြဲ​ပေမဲ့ လူသိရှင်ကြား ပေးကမ်း​သူတွေ​အကြောင်း ယေရှု ပြော​တယ်။ အဲဒီလို လူ​မြင်​ကောင်း​အောင် လုပ်တဲ့ ကောင်းမှု​တွေ​ကို ယေဟောဝါ မနှစ်သက်ဘူး။—မ. ၆:၁-၄

၁၅။ ဘယ်လိုနည်းနဲ့ အမှန်တကယ် ကောင်းမြတ်​သူတွေ ဖြစ်​နိုင်​သလဲ။

၁၅ မှန်ရာကို အတ္တစိတ် မပါဘဲ လုပ်​မှ​သာ တကယ်​ ကောင်းမြတ်​သူတွေ ဖြစ်​နိုင်​မယ်။ ဒါ​ကြောင့် ‘မှန်ရာကို သိ​ရုံ​သာမက အဲဒီအတိုင်း လုပ်​သလား။ ဘယ်လို​ စိတ်ရင်း​နဲ့ လုပ်တာ​လဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

စရိုက်သစ်​ကို ဘယ်လို ကာကွယ်​ထိန်းသိမ်း​နိုင်​သလဲ

၁၆။ နေ့တိုင်း ဘာ​လုပ်သင့်သလဲ။ ဘာကြောင့်လဲ။

၁၆ နှစ်ခြင်း​ခံ​ချိန်မှာ စရိုက်သစ်​ကို ကျွန်တော်​တို့ အပြီးအပိုင် ဝတ်​ပြီးသွား​ပြီ​လို့ မယူဆ​သင့်ဘူး။ “အဝတ်အစား​သစ်” လို​ပဲ စရိုက်သစ်​ကိုလည်း ကာကွယ်​ထိန်းသိမ်း​ရမယ်။ ထိန်းသိမ်း​နိုင်တဲ့ တစ်နည်း​က​တော့ နေ့တိုင်း ဘုရား​စွမ်းအားတော် အရည်အသွေးတွေ တင်ပြခြင်း​အားဖြင့်​ပါ​ပဲ။ ဘာကြောင့်လဲ​ဆိုတော့ ယေဟောဝါ​ဘုရား​ဟာ အပြောသမား မဟုတ်ဘူး။ လက်တွေ့သမား ဖြစ်တယ်။ စွမ်းအားတော်​ကို သုံးပြီး ကိစ္စရပ်​တွေ​ကို လက်တွေ့​လုပ်ဆောင်တယ်။ ဒါ​ကြောင့် ကျွန်တော်​တို့​လည်း စွမ်းအားတော် အရည်အသွေးတွေကို လက်တွေ့​ တင်ပြ​ရမယ်။ ဥပမာ၊ ‘လုပ်ရပ်​ မပါတဲ့ ယုံကြည်ခြင်းက အသေ​ပဲ’ လို့ တပည့်တော် ယာကုပ် ပြော​တယ်။ (ယာ. ၂:၂၆) တခြား အရည်အသွေးတွေ​လည်း အဲဒီလိုပဲ။ စွမ်းအားတော် အရည်အသွေးတွေ တင်ပြ​တဲ့​အခါတိုင်း ကျွန်တော်​တို့​အပေါ် ဘုရား​စွမ်းအားတော် သက်ရောက်​နေတယ်​ဆို​တဲ့ အထောက်အထား​ပါ​ပဲ။

၁၇။ စွမ်းအားတော် အရည်အသွေးတွေ တင်ပြ​ဖို့ ပျက်ကွက်​မိ​တဲ့​အခါ ဘယ်လို တုံ့ပြန်​သင့်သလဲ။

၁၇ နှစ်ခြင်း​ခံ​ပြီး​တာ နှစ်ပေါင်း​များစွာ ရှိပြီ​ ဖြစ်​တဲ့ ခရစ်ယာန်​တွေ​တောင် စွမ်းအားတော် အရည်အသွေး တင်ပြ​ဖို့ ပျက်ကွက်​တဲ့​အခါ​တွေ ရှိတယ်။ ဒါပေမဲ့ လက်မလျှော့​ပါ​နဲ့။ ဒီ​ဥပမာ​ကို စဉ်းစား​ကြည့်​ပါ။ ကိုယ့်​အကြိုက်ဆုံး အင်္ကျီ စုတ်ပြဲ​သွား​ရင် ချက်ချင်း ပစ်လိုက်​မလား။ မ​ပစ်​ပါ​ဘူး။ အတတ်နိုင်ဆုံး ပြင်​မှာပဲ။ ပြီး​နောက် အရင်ကထက် ပို​ဂရုစိုက်​တော့​မယ်။ အဲဒီလိုပဲ ကြင်နာ​ဖို့၊ စိတ်ရှည်​ဖို့၊ မေတ္တာ​ပြဖို့ ပျက်ကွက်​မိ​တဲ့​အခါ စိတ်ဓာတ်​မကျပါနဲ့။ စိတ်ရင်းမှန်​နဲ့ တောင်းပန်​တာ​က ဆက်ဆံ​ရေး ပြန်ကောင်း​စေနိုင်​တယ်။ အနာဂတ်​မှာ ဒီ့ထက်​ ပို​ကောင်း​အောင် ကြိုးစားဖို့ စိတ်ပိုင်း​ဖြတ်​ထား​ပါ။

၁၈။ ဘာကို စိတ်ချ​နိုင်​သလဲ။

၁၈ ယေရှုရဲ့ ပုံသက်သေ​အတွက် ကျေးဇူး​တင်စရာ​ပါ​ပဲ။ ယေရှုရဲ့ အတွေးအခေါ်၊ သဘောထားကို တုပ​လေ ယေရှု​လို ပြုမူ​ဖို့ ပို​လွယ်​လေ ဖြစ်ပါ​လိမ့်မယ်။ ယေရှု​လို ပြုမူ​လေ စရိုက်သစ်​ကို ပို​ကောင်းကောင်း ဝတ်ဆင်​နိုင်​လေ ဖြစ်ပါ​လိမ့်မယ်။ ဘုရား​စွမ်းအားတော် အရည်အသွေး လေးခု​ကိုပဲ ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ခဲ့​ကြတယ်။ တခြား စွမ်းအားတော် အရည်အသွေးတွေကိုလည်း အချိန်​ယူ သုံးသပ်ပါ။ အဲဒီ​အရည်အသွေးတွေကို ဘယ်လောက် ကောင်းကောင်း တင်ပြ​နေသလဲ​ဆိုတာ ဆန်းစစ်​ကြည့်​ပါ။ ယေဟောဝါသက်သေ​တွေ​အတွက် ကျမ်းစာ​လေ့လာမှု​လမ်းညွှန် ထဲ​က “ခရစ်ယာန်​အသက်တာ၊” “စွမ်းအားတော် အရည်အသွေးများ” ခေါင်းစဉ်​အောက်မှာ ဆောင်းပါး​တွေ ရှာတွေ့​နိုင်တယ်။ စရိုက်သစ် ဝတ်ဆင်​ဖို့၊ ဆက်​ဝတ်ဆင်​ထား​ဖို့ အတတ်နိုင်ဆုံး ကြိုးစား​နေမယ်​ဆိုရင် ယေဟောဝါ ကူညီ​ပေး​မှာ စိတ်ချ​နိုင်​ပါ​တယ်။

သီချင်း ၁၂၇ ဘယ်လို​လူစားမျိုး ဖြစ်​သင့်

^ အပိုဒ်၊ 5 ကျွန်တော်​တို့ နောက်ခံ ဘယ်လိုပဲ ရှိပါစေ “စရိုက်သစ်” ကို ဝတ်ဆင်​နိုင်တယ်။ အဲဒီလို ဝတ်ဆင်​နိုင်​ဖို့ ကျွန်တော်​တို့​ရဲ့ တွေးခေါ်ပုံ​ကို ယေရှု တွေးခေါ်ပုံ​နဲ့​အညီ ပြောင်းလဲ​ဖို့ လိုတယ်။ ယေရှုရဲ့ အတွေးအခေါ်၊ လုပ်ရပ် ပုံ​နမူနာ​တွေ​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။ နှစ်ခြင်း​ခံ​ပြီး​နောက်​မှာ​တောင် ယေရှုကို ဘယ်လို ဆက်​တုပ​နိုင်​ကြောင်း​လည်း သုံးသပ်ကြ​ပါ​မယ်။

^ အပိုဒ်၊ 4 ဂလာတိ ၅:၂၂၊ ၂၃ မှာ ဖော်ပြ​ထား​တာ​တွေ​ဟာ ဘုရား​စွမ်းအားတော် အရည်အသွေး အားလုံး မဟုတ်ဘူး။ ထပ်​သိချင်ရင် ၂၀၂၀၊ ဇွန်​လထုတ် ကင်းမျှော်စင်စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ” ကို ကြည့်​ပါ။