မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၃

စစ်မှန်တဲ့ ဝတ်ပြုရေးက သင့်ကို ပျော်ရွှင်စေ

စစ်မှန်တဲ့ ဝတ်ပြုရေးက သင့်ကို ပျော်ရွှင်စေ

‘ယေဟောဝါ​ဘုရား၊ ဂုဏ်တင်မှု၊ ချီးမွမ်းမှု​နဲ့ အစွမ်း​ခွန်အား​တွေ​ကို ကိုယ်တော် ရထိုက်​ပါ​တယ်။’—ဗျာ. ၄:၁၁

သီချင်း ၃၁ ဘုရား​နဲ့​အတူ လျှောက်လှမ်းပါ

အကြို​သုံးသပ်ချက် *

၁-၂။ ကျွန်တော်​တို့​ရဲ့ ဝတ်ပြုမှု​ကို ဘုရား လက်ခံဖို့ ဘာလုပ်ရမလဲ။

 “ဝတ်ပြု” ဆို​တဲ့ စကားလုံး​ကို ကြား​တဲ့​အခါ သင် ဘာ​စဉ်းစားမိ​သလဲ။ အိပ်ရာ​ဘေးမှာ ညီအစ်ကို​တစ်ယောက် ဒူးထောက်​ဆုတောင်း​နေတာ ဒါမှ​မဟုတ် မိသားစု​တစ်စု ပျော်ရွှင်စွာ ကျမ်းစာ​လေ့လာ​နေတာကို မြင်ယောင်မိ​နိုင်တယ်။

အခြေအနေ​ နှစ်ခုစလုံး​မှာ ဝတ်ပြုရေး လုပ်ဆောင်မှုတွေ လုပ်ဆောင်နေ​ကြ​တာ​ပါ။ သူတို့ရဲ့ ဝတ်ပြုမှု​ကို ယေဟောဝါ လက်ခံ​မလား။ ဘုရား​ရည်ရွယ်ချက်​အတိုင်း ဖြစ်​မယ်၊ ဘုရား​ကို ချစ်​ပြီး ရိုသေ​လေးစား​မယ်​ဆိုရင် လက်ခံပါ​လိမ့်မယ်။ ယေဟောဝါ​ကို ကျွန်တော်​တို့ သိပ်​ချစ်​ကြတယ်။ ကျွန်တော်​တို့​ရဲ့ ဝတ်ပြုမှု​ကို ဘုရား ရထိုက်​မှန်း သိလို့ အကောင်းဆုံးနည်းနဲ့ ဝတ်ပြု​ချင်​ကြတယ်။

၃။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ရှေးခေတ်​တုန်း​က ယေဟောဝါ လက်ခံ​တဲ့ ဝတ်ပြုရေး​အကြောင်း၊ ဒီနေ့​ခေတ် ဘုရား​ လက်ခံ​တဲ့ ဝတ်ပြုရေး ကဏ္ဍ ရှစ်ခု​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။ ကိုယ့်ရဲ့ ဝတ်ပြုမှု အရည်အသွေးကို ဘယ်လို တိုးတက်​စေနိုင်​ကြောင်း၊ စစ်မှန်တဲ့ ဝတ်ပြုရေး​က ကျွန်တော်​တို့ကို ဘာကြောင့် ပျော်ရွှင်​စေ​ကြောင်း​လည်း ဆန်းစစ်​ကြ​ပါ​မယ်။

ရှေးခေတ်​တုန်း​က ယေဟောဝါ လက်ခံ​တဲ့ ဝတ်ပြုရေး

၄။ ခရစ်ယာန်​ခေတ် မတိုင်ခင်​တုန်း​က ဝတ်ပြု​သူတွေဟာ ယေဟောဝါ​ကို ချစ်​ပြီး ရိုသေ​လေးစားကြောင်း ဘယ်လို ဖော်ပြ​ကြသလဲ။

ခရစ်ယာန်​ခေတ် မတိုင်ခင်​တုန်း​က အာဗေလ၊ နောဧ၊ အာဗြဟံ၊ ယောဘ စတဲ့ သစ္စာရှိ​သူတွေဟာ ယေဟောဝါ​ကို ချစ်​ပြီး ရိုသေ​လေးစား​ကြတယ်။ အဲဒါကို ဘယ်လိုနည်းနဲ့ ဖော်ပြ​ကြသလဲ။ နာခံမှု၊ ယုံကြည်ခြင်း၊ စွန့်လွှတ်​အနစ်နာခံ​ခြင်း​အားဖြင့်​ပါ​ပဲ။ သူတို့ ဘယ်လို​ပုံစံ​နဲ့ ဝတ်ပြု​ခဲ့တယ်​ဆိုတာ ကျမ်းစာ​မှာ အသေးစိတ် မဖော်​ပြ​ထား​ပေမဲ့ ယေဟောဝါ​ကို အကောင်းဆုံးနည်းနဲ့ ဂုဏ်တင်​ခဲ့​ကြ​မှာ သေချာတယ်။ သူတို့ရဲ့ ဝတ်ပြုမှု​ကို ဘုရား လက်ခံတယ်။ နောက်ပိုင်း၊ အာဗြဟံရဲ့ သားစဉ်မြေးဆက်​တွေ​ကို မောရှေ​ပညတ် ပေးတယ်။ အဲဒီ​ပညတ်​မှာ ဘုရား​ နှစ်သက်တဲ့​ နည်းနဲ့ ဘယ်လို ဝတ်ပြု​ရမယ်ဆို​တဲ့ အသေးစိတ် ညွှန်ကြားချက်​တွေ ပါ​တယ်။

၅။ ယေရှု သေဆုံး၊ ထမြောက်​ပြီး​နောက် စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ဘယ်​အပြောင်းအလဲ ဖြစ်​သလဲ။

ယေရှု သေဆုံး၊ ထမြောက်​ပြီး​နောက် မောရှေ​ပညတ်​ကို ဆက်​နာခံ​ဖို့ ယေဟောဝါ မတောင်းဆို​တော့​ဘူး။ (ရော. ၁၀:၄) ခရစ်ယာန်​တွေ​ဟာ “ခရစ်တော်​ရဲ့​ တရား” ကို လိုက်နာ​ရတော့မယ်။ (ဂလ. ၆:၂) အဲဒီ “တရား” ကို အလွတ်ကျက်​မှတ်​ခြင်း၊ ဆောင်ရန်​ ရှောင်ရန် စာရင်း​ရှည်​အတိုင်း လိုက်နာခြင်း​အားဖြင့် မဟုတ်ဘဲ ယေရှုရဲ့ ပုံသက်သေ​ကို တုပခြင်း၊ သွန်သင်ချက်​တွေ​ကို လိုက်နာခြင်း​အားဖြင့် နာခံ​နိုင်တယ်။ ဒီနေ့​ခေတ် ခရစ်ယာန်​တွေ​လည်း ယေဟောဝါရဲ့ မျက်နှာသာ ရဖို့၊ ကိုယ်တိုင် “လန်းဆန်း​ရ” ဖို့ ခရစ်တော်​ကို အတတ်နိုင်ဆုံး တုပ​နေကြတယ်။—မ. ၁၁:၂၉

၆။ ဒီ​ဆောင်းပါး​ကနေ ဘယ်လို အကျိုး​ရနိုင်သလဲ။

ဝတ်ပြုရေး ကဏ္ဍ​တစ်ခုစီ​ကို သုံးသပ်​ရင်း ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘ဒီ​ကဏ္ဍ​မှာ ငါ ဘယ်လောက် တိုးတက်​နေပြီ​လဲ၊ ငါ့ရဲ့ ဝတ်ပြုမှု အရည်အသွေးကို ဘယ်လို တိုးတက်​စေနိုင်​သလဲ။’ လောလောဆယ် ကိုယ့်​တိုးတက်မှု​အတွက် ကျေနပ်​သင့်​ပေမဲ့ တိုးတက်​ဖို့ လို​နေတာတွေကို ဆုတောင်း​စဉ်းစား​သင့်တယ်။

ဝတ်ပြုရေးမှာ ဘာတွေ ပါဝင်​သလဲ

၇။ လှိုက်လှဲ​တဲ့ ဆုတောင်းချက်​တွေ​ကို ယေဟောဝါ ဘယ်လို သဘောထား​သလဲ။

ဆုတောင်း​တာ​ဟာ ယေဟောဝါ​ကို ဝတ်ပြု​နေတာ ဖြစ်တယ်။ ကျမ်းစာ​မှာ ဆုတောင်းချက်​တွေ​ကို အသေအချာ ပြင်ဆင်၊ ပူဇော်​တဲ့ နံ့သာပေါင်းနဲ့ ခိုင်းနှိုင်း​ထား​တယ်။ (ဆာ. ၁၄၁:၂) နံ့သာပေါင်း​ရဲ့ မွှေး​ရနံ့​ကို ဘုရား နှစ်သက်တယ်။ အဲဒီလိုပဲ အလွန်​ ရိုးရှင်းတဲ့ စကားလုံး​တွေ​နဲ့​ပဲ ဆုတောင်း​ရင်တောင် လှိုက်လှဲ​တဲ့ ဆုတောင်းချက်​တွေ​ကို ဘုရား “နှစ်သက်” တယ်။ (ပညာ. ၁၅:၈။ တရား. ၃၃:၁၀) မိမိကို ချစ်​ကြောင်း၊ ကျေးဇူး​တင်​ကြောင်း ကျွန်တော်​တို့ ထုတ်ပြော​တာ​က ဘုရား​ရဲ့​ စိတ်​ကို ပျော်ရွှင်​စေတယ်။ ကျွန်တော်​တို့​ရဲ့ စိုးရိမ်​ပူပန်မှု၊ မျှော်လင့်ချက်၊ ဖြစ်ချင်​တဲ့ ဆန္ဒ​တွေ​ကို ပြောပြ​စေချင်တယ်။ ဆု​မ​တောင်း​ခင် ဘာ​တောင်း​မယ်​ဆိုတာ အသေအချာ စဉ်းစား​သင့်တယ်။ ဒါမှ အကောင်းဆုံး “နံ့သာပေါင်း” ကို ပူဇော်​နိုင်​မှာ ဖြစ်တယ်။

၈။ ဘုရား​ကို ချီးမွမ်း​ဖို့ ဘယ်​အခွင့်ကောင်း ရထား​သလဲ။

ယေဟောဝါ​ကို ချီးမွမ်း​တာ​ဟာ ဝတ်ပြု​နေတာ ဖြစ်တယ်။ (ဆာ. ၃၄:၁) ဘုရား​ရဲ့ အံ့ဖွယ် အရည်အသွေးတွေ၊ လုပ်ဆောင်မှုတွေ​အကြောင်း တခြား​သူတွေကို ပြောပြ​ခြင်း​အားဖြင့် ယေဟောဝါ​ကို ကျွန်တော်​တို့ ချီးမွမ်း​ကြတယ်။ ကျေးဇူး​တင်​စိတ် ရှိ​မှ ချီးမွမ်း​နိုင်​မယ်။ ယေဟောဝါ လုပ်ပေးတာ​တွေ​အကြောင်း၊ ဘုရား​ရဲ့ ကောင်းမြတ်​မှု​အကြောင်း အချိန်​ယူ တွေးတော​မယ်​ဆိုရင် ချီးမွမ်းစရာ အကြောင်း​များစွာ ရှိနေမှာ ဖြစ်တယ်။ အထူးသဖြင့် ဟောပြောခြင်း​လုပ်ငန်းဟာ “ဘုရားသခင်​ကို အမြဲ​ ချီးမွမ်း” ဖို့ အခွင့်ကောင်း​ပါ​ပဲ။ “အဲဒီလို​ချီးမွမ်း​တာ​က ဘုရားသခင်​ဆီ ပူဇော်သက္ကာ ဆက်သ​တာ​နဲ့ တူတယ်။” (ဟီ. ၁၃:၁၅) ယေဟောဝါ​ဆီ ဆု​မ​တောင်း​ခင် အသေအချာ စဉ်းစား​သင့်​သလို အမှုဆောင်​လုပ်ငန်းမှာလည်း ကိုယ်​နဲ့ ဆုံတွေ့​သူတွေကို ဘာ​ပြော​မယ်​ဆိုတာ အသေအချာ စဉ်းစား​သင့်တယ်။ ‘ချီးမွမ်း​ခြင်း ပူဇော်သက္ကာ’ ကို အကောင်းဆုံး ပေးဆက်​ချင်​ကြ​လို့ စိတ်နှလုံး​ပါ​ပါ ဟောပြော​သင့်တယ်။

၉။ ရှေး​အစ္စရေး​တွေ​လို​ပဲ အတူတကွ စည်းဝေး​ခြင်း​ကနေ ကျွန်တော်​တို့ ဘယ်လို အကျိုး​ရသလဲ။ ကိုယ်ပိုင် တွေ့ကြုံမှု ပြောပြ​ပါ။

အစည်းအဝေး တက်တာ​ဟာ ယေဟောဝါ​ကို ဝတ်ပြု​နေတာ ဖြစ်တယ်။ ‘ယေဟောဝါ​ဘုရား ရွေးချယ်​တဲ့​နေရာမှာ ယောက်ျား​အားလုံး ရှေ့​တော်​ကို တစ်နှစ်​ သုံးကြိမ် လာ​ရမယ်’ လို့ ရှေး​အစ္စရေး​တွေ​ကို ဘုရား မှာတယ်။ (တရား. ၁၆:၁၆) အဲဒီလို သွားတဲ့အခါ အိမ်နဲ့ သီးနှံ​တွေ​ကို ဒီအတိုင်း ထားခဲ့​ရမယ်။ ဒါပေမဲ့ “ယေဟောဝါ​ဘုရား​ရှေ့​ကို တစ်နှစ်​ သုံးကြိမ် သွား​နေချိန်မှာ မင်းတို့ရဲ့​ ပြည်​ကို ဘယ်သူမှ လာ​သိမ်း​မှာ​ မဟုတ်ဘူး” လို့ ယေဟောဝါ ကတိ​ပေးတယ်။ (ထွ. ၃၄:၂၄) ယေဟောဝါ​အပေါ် ယုံကြည်ခြင်း အပြည့် ရှိလို့ အစ္စရေး​တွေ နှစ်စဉ် ပွဲတော် တက်ရောက်​ကြတယ်။ ဒီ​နည်းနဲ့ ကောင်းချီး အလျှံပယ် ရ​ကြတယ်။ ဘုရား​ပညတ်​ကို ပို​နားလည်​လာတယ်။ ဘုရား​ကောင်းမြတ်​မှု​အကြောင်း ပို​တွေးတော​နိုင်​ပြီး ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်း​ခြင်း​ကနေ အားပေးမှု ရရှိ​ကြတယ်။ (တရား. ၁၆:၁၅) ကျွန်တော်​တို့​လည်း စွန့်လွှတ်​အနစ်နာခံ​ပြီး ခရစ်ယာန် အစည်းအဝေးတွေ တက်​ခြင်း​အားဖြင့် အလားတူ ကောင်းကျိုး​တွေ ရတယ်။ ထိရောက်တဲ့ မှတ်ချက်တို​လေး​တွေ ပေးဖို့ ပြင်ဆင်​လာတာကို ယေဟောဝါ သိပ်​ကျေနပ်​နှစ်သက်မှာ​ပဲ။

၁၀။ သီချင်းဆို​ခြင်း​ဟာ ဝတ်ပြုရေးရဲ့ အရေးကြီး အစိတ်အပိုင်း ဘာကြောင့် ဖြစ်​သလဲ။

၁၀ ညီအစ်ကို/မ​တွေ​နဲ့​အတူ သီချင်းဆို​တာ​ဟာ ယေဟောဝါ​ကို ဝတ်ပြု​နေတာ ဖြစ်တယ်။ (ဆာ. ၂၈:၇) အစ္စရေး​တွေ​အတွက် သီချင်းဆို​တာ​ဟာ ဝတ်ပြုရေးရဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်တယ်။ ဘုရင် ဒါဝိဒ်ဟာ ဗိမာန်တော်မှာ လေဝိ​ အမျိုးသား ၂၈၈ ယောက်​ကို သီချင်းဆို​ဖို့ တာဝန်​ပေးတယ်။ (၁ ရာ. ၂၅:၁၊ ၆-၈) ဒီနေ့​ခေတ်​မှာလည်း ချီးမွမ်း​သီချင်းတွေ သီဆိုခြင်း​အားဖြင့် ဘုရား​ကို ချစ်​ကြောင်း ဖော်ပြ​နိုင်တယ်။ အသံ​ကောင်း​တာ၊ မကောင်းတာ အရေး​မကြီး​ဘူး။ ဒီ​အချက်​ကို စဉ်းစား​ကြည့်​ပါ– ကျွန်တော်​တို့အားလုံး “ခဏ​ခဏ” စကား “မှား​တတ်ကြ” တယ်။ ဒါပေမဲ့ စကား​မှား​မှာ စိုး​ပြီး အသင်းတော်မှာ၊ အမှုဆောင်မှာ စကား​မပြော​ဘဲ မနေကြ​ပါ​ဘူး။ (ယာ. ၃:၂) အဲဒီလိုပဲ အသံ​မကောင်း​လို့​ဆိုပြီး ယေဟောဝါ​ကို ချီးမွမ်း​သီချင်း မဆို​တာ​မျိုး မဖြစ်သင့်ဘူး။

၁၁။ ဆာလံ ၄၈:၁၃ အရ မိသားစု​လိုက် ကျမ်းစာ​လေ့လာ​ဖို့ ဘာကြောင့် ဇယား​ဆွဲ​ထား​သင့်သလဲ။

၁၁ ကျမ်းစာ လေ့လာ​တာ၊ သားသမီးတွေကို သွန်သင်​ပေး​တာ​ဟာ ယေဟောဝါ​ကို ဝတ်ပြု​နေတာ ဖြစ်တယ်။ ဥပုသ်​နေ့ အစီအစဉ်​ကြောင့် အစ္စရေး​တွေ​ဟာ ပုံမှန်​အလုပ်တွေ​ကနေ အနားယူ​ခွင့် ရပြီး ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကို အာရုံစိုက်​နိုင်​ခဲ့​ကြတယ်။ (ထွ. ၃၁:၁၆၊ ၁၇) သားသမီးတွေကို ယေဟောဝါ​အကြောင်း၊ ဘုရား​ရဲ့ ကောင်းမြတ်​မှု​အကြောင်း သွန်သင်ပေး​နိုင်​ကြတယ်။ ကျွန်တော်​တို့​လည်း ပုံမှန် ကျမ်းစာ ဖတ်ရှု​လေ့လာ​ဖို့ ဇယား​ဆွဲ​ထား​သင့်တယ်။ ဒါဟာ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း ဖြစ်​ပြီး ဘုရား​နဲ့ ပို​ရင်းနှီး​စေတယ်။ (ဆာ. ၇၃:၂၈) မိသားစု​လိုက် လေ့လာ​တဲ့​အခါ မျိုးဆက်သစ် ဖြစ်​တဲ့ သားသမီးတွေကို မေတ္တာရှင် ကောင်းကင်​ဖခင်​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိ​လာအောင် ကူညီ​ပေး​နိုင်တယ်။ဆာလံ ၄၈:၁၃ ကို ဖတ်ပါ။

၁၂။ တဲ​တော်​အသုံးအဆောင်​တွေ လုပ်ဆောင်တဲ့ လုပ်ငန်း​ကို ယေဟောဝါ ရှုမြင်ပုံ​ကနေ ကျွန်တော်​တို့ ဘာ​သင်ယူ​ရသလဲ။

၁၂ ဝတ်ပြုရာ​နေရာတွေ ဆောက်လုပ်တာ၊ ပြုပြင်​ထိန်းသိမ်း​တာ​ဟာ ယေဟောဝါ​ကို ဝတ်ပြု​နေတာ ဖြစ်တယ်။ တဲ​တော် ဆောက်လုပ်တာ၊ တဲ​တော်​အသုံးအဆောင်​တွေ လုပ်ဆောင်တာဟာ ‘သန့်ရှင်းတဲ့ လုပ်ငန်း’ ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။ (ထွ. ၃၆:၁၊ ၄) ဒီနေ့လည်း နိုင်ငံတော်​ခန်းမ​နဲ့ တခြား ဝတ်ပြုရေး အဆောက်အအုံ​တွေ ဆောက်လုပ်တာကို သန့်ရှင်း​မြင့်မြတ်​တဲ့ လုပ်ငန်း​အဖြစ် ယေဟောဝါ ရှုမြင်တယ်။ အဲဒီ​လုပ်ငန်းမှာ ညီအစ်ကို/မတချို့ အချိန်​များစွာ ပေးဆက်​နေကြတယ်။ နိုင်ငံတော်​လုပ်ငန်း​အတွက် သူတို့ရဲ့ ပေးဆက်​မှု​ကို ကျွန်တော်​တို့ တန်ဖိုးထား​လေးမြတ်​ကြတယ်။ ဟောပြောခြင်း​လုပ်ငန်းမှာလည်း သူတို့ ပါဝင်​ကြတယ်။ တချို့​ဆိုရင် ရှေ့​ဆောင်​တောင် လုပ်နိုင်​ကြတယ်။ အလုပ်​ကြိုးစား​တဲ့ အဲဒီ​အမျိုးသား/သမီးတွေ အရည်အချင်း ပြည့်မီ​တဲ့​အခါတိုင်း ရှေ့​ဆောင်​တွေ​အဖြစ် ခန့်အပ်​ဖို့ မတွန့်​ဆုတ်​ခြင်း​အားဖြင့် ဆောက်လုပ်ရေး​လုပ်ငန်း​ကို ထောက်မ​ကြောင်း အသင်းတော် အကြီးအကဲ​တွေ ပြ​နိုင်တယ်။ ကျွန်တော်​တို့အားလုံး ဆောက်လုပ်ရေး​မှာ ကျွမ်းကျင်​သည် ဖြစ်စေ၊ မ​ကျွမ်းကျင်​သည် ဖြစ်စေ အဲဒီ​အဆောက်အအုံတွေကို သန့်ရှင်းရေး​လုပ်ခြင်း၊ ပြုပြင်​ထိန်းသိမ်း​ခြင်း​မှာ ပါဝင်​နိုင်​ကြတယ်။

၁၃။ နိုင်ငံတော်​လုပ်ငန်း​ကို ထောက်ပံ့ဖို့ အလှူငွေ ထည့်ဝင်​တာ​ကို ဘယ်လို သဘောထား​သင့်သလဲ။

၁၃ နိုင်ငံတော်​လုပ်ငန်း​ကို ထောက်ပံ့ဖို့ အလှူငွေ ထည့်ဝင်​တာ​ဟာ ယေဟောဝါ​ကို ဝတ်ပြု​နေတာ ဖြစ်တယ်။ အစ္စရေး​တွေ​ဟာ ယေဟောဝါ​ရှေ့​ကို လက်​ဗလာ​နဲ့ မလာ​ရ​ဘူး။ (တရား. ၁၆:၁၆) ကိုယ်​တတ်​နိုင်သလောက် အလှူ​တွေ ယူလာ​ကြရတယ်။ ဒီ​နည်း​အားဖြင့် ဝတ်ပြုရေး​အတွက် ယေဟောဝါ လုပ်ပေးတာ​အားလုံး​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း ဖော်ပြ​ကြတယ်။ ကျွန်တော်​တို့​လည်း ယေဟောဝါ​ကို ချစ်​ကြောင်း၊ ဝတ်ပြုရေး​အတွက် ဘုရား လုပ်​ပေး​တာတွေကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။ တစ်နည်း​က​တော့ ဒေသခံ အသင်းတော်​နဲ့ ကမ္ဘာချီ လုပ်ငန်း​အတွက် ကိုယ်​တတ်​နိုင်သလောက် ငွေကြေး​ထောက်ပံ့ခြင်း​အားဖြင့်​ပါ​ပဲ။ “စေတနာ​စိတ်​နဲ့ ပေးလှူ​တာ​ကို ဘုရားသခင် နှစ်သက်တယ်။ မတတ်​နိုင်တာ​ကို မဟုတ်ဘဲ တတ်နိုင်​တာ​ကို ပေးလှူ​ဖို့ ဘုရားသခင် မျှော်လင့်တယ်” လို့ တမန်တော် ပေါလု ပြော​တယ်။ (၂ ကော. ၈:၄၊ ၁၂) ဘယ်လောက်​ပဲ ဖြစ်ပါစေ စေတနာ​စိတ်​နဲ့ ပေးလှူ​တာ​ကို ယေဟောဝါ တန်ဖိုးထား​တယ်။—မာ. ၁၂:၄၂-၄၄။ ၂ ကော. ၉:၇

၁၄။ ပညာအလိမ္မာ ၁၉:၁၇ အရ လိုအပ်​နေတဲ့ ညီအစ်ကို​တွေ​ကို ကျွန်တော်​တို့ ကူညီ​တာ​ကို ယေဟောဝါ ဘယ်လို သဘောထား​သလဲ။

၁၄ လိုအပ်​နေတဲ့ ယုံကြည်သူချင်းတွေကို ကူညီ​တာ​ဟာ ယေဟောဝါ​ကို ဝတ်ပြု​နေတာ ဖြစ်တယ်။ ဆင်းရဲသား​တွေ​ကို ကရုဏာ ပြ​တဲ့ အစ္စရေး​တွေ​ကို ယေဟောဝါ ပြန်​ဆပ်ပေး​မယ်လို့ ကတိ​ပေးတယ်။ (တရား. ၁၅:၇၊ ၁၀) လိုအပ်​နေတဲ့ ယုံကြည်သူချင်း​တစ်ယောက်ကို ကျွန်တော်​တို့ ကူညီ​လိုက်​တိုင်း မိမိကို ချေးငှား​ပေး​နေတာ​လို့ ယေဟောဝါ ရှုမြင်တယ်။ (ပညာအလိမ္မာ ၁၉:၁၇ ကို ဖတ်ပါ။) ဥပမာ၊ ဖိလိပ္ပိ​မြို့က ခရစ်ယာန်​တွေ​ဟာ ထောင်ကျ​နေတဲ့ ပေါလု​အတွက် လက်ဆောင် ပို့​ပေးတယ်။ ဒါကို “ဘုရားသခင် နှစ်သက်​လက်ခံ​တဲ့ ပူဇော်သက္ကာ” လို့ ပေါလု ပြော​တယ်။ (ဖိ. ၄:၁၈) အသင်းတော်မှာ ‘ငါ ကူညီ​ပေး​နိုင်တဲ့​သူ တစ်ယောက်ယောက် ရှိသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ကိုယ့်​အချိန်၊ ခွန်အား၊ ကျွမ်းကျင်​မှု၊ ပစ္စည်းဥစ္စာ​တွေ သုံးပြီး လိုအပ်​နေသူတွေကို ကျွန်တော်​တို့ ကူညီ​တာ​ကို ယေဟောဝါ နှစ်သက်တယ်။ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ သဘောထား​တယ်။—ယာ. ၁:၂၇

စစ်မှန်တဲ့ ဝတ်ပြုရေး​က ပျော်ရွှင်​စေ

၁၅။ စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်​ဖို့ အချိန်နဲ့ ခွန်အား ပေး​ရတာဟာ ဘာကြောင့် မခက်ခဲ​လွန်း​သလဲ။

၁၅ စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်​ဖို့ အချိန်နဲ့ ခွန်အား လိုအပ်​တယ်။ ဒါပေမဲ့ မခက်ခဲ​လွန်း​ပါ​ဘူး။ (၁ ယော. ၅:၃) ဘာကြောင့်လဲ​ဆိုတော့ ယေဟောဝါ​ကို ချစ်​လို့ ဝတ်ပြု​နေတာ ဖြစ်လို့​ပဲ။ ဖခင်​ကို တစ်ခုခု​ ပေး​ချင်​တဲ့ ကလေး​တစ်ယောက်​အကြောင်း စဉ်းစား​ကြည့်​ပါ။ အဖေ့ကို ပေးဖို့ အချိန်​များစွာ အကုန်ခံ​ပြီး ပုံ​တစ်​ပုံ ဆွဲ​ထား​တယ်။ အဲဒီလို အချိန်ပေး​လိုက်ရ​တာ​ကို ကလေး နောင်တ မရဘူး။ အဖေ​ကို ချစ်​လို့ အဲဒီ​လက်ဆောင် ပေး​ရတာကို ပျော်ရွှင်​တယ်။ အဲဒီလိုပဲ ကျွန်တော်​တို့​လည်း ယေဟောဝါ​ကို ချစ်တဲ့​အတွက် စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်​ဖို့ အချိန်နဲ့ ခွန်အား ပေးဆက်​ရတာကို ပျော်ရွှင်​ကြတယ်။

၁၆။ ဟီဘရူး ၆:၁၀ အရ ဘုရား​နှစ်သက်မှု ရဖို့ ကျွန်တော်​တို့ တစ်ယောက်စီ​ရဲ့ ကြိုးစား​အားထုတ်မှုကို ဘုရား ဘယ်လို သဘောထား​သလဲ။

၁၆ မေတ္တာ​ရှိတဲ့ မိဘတွေ​ဟာ သားသမီးတွေ​ဆီက လက်ဆောင် တစ်​ပုံစံ​တည်း ရဖို့ မမျှော်လင့်​ကြဘူး။ သားသမီး​တစ်ယောက်စီ​ရဲ့ အခြေအနေ မတူ​မှန်း နားလည်​ကြတယ်။ အဲဒီလိုပဲ ကောင်းကင်​ဖခင်​လည်း ကျွန်တော်​တို့​ တစ်ယောက်စီ​ရဲ့ အခြေအနေ​ကို နားလည်တယ်။ သင်ဟာ တခြား​သူတွေ​ထက် ပို​လုပ်နိုင်တာ ဖြစ်​မယ်။ ဒါမှ​မဟုတ် အသက်အရွယ်၊ ကျန်းမာ​ရေး၊ မိသားစု တာဝန်​တွေ​ကြောင့် တခြား​သူတွေ​လောက် မ​လုပ်နိုင်တာ ဖြစ်​မယ်။ စိတ်ဓာတ်​မကျပါနဲ့။ (ဂလ. ၆:၄) သင့်​လုပ်ဆောင်မှုကို ယေဟောဝါ မမေ့​ပါ​ဘူး။ စိတ်ရင်းမှန်​နဲ့ အကောင်းဆုံး ပေးဆက်​နေသရွေ့ ဘုရား နှစ်သက်တယ်။ (ဟီဘရူး ၆:၁၀ ကို ဖတ်ပါ။) သင့်ရဲ့ စိတ်ရင်း​ကို ယေဟောဝါ မြင်တယ်။ ဝတ်ပြုရေးမှာ တတ်​နိုင်သလောက် ပေးဆက်​ရင်း ပျော်ရွှင်​ကျေနပ်​စေချင်တယ်။

၁၇။ (က) ဝတ်ပြုရေး ကဏ္ဍ​တချို့​မှာ ပါဝင်​ဖို့ ခက်​နေရင် ဘာလုပ်​နိုင်​သလဲ။ (ခ) “ ပို​ပျော်ရွှင်​စေ” လေးထောင့်ကွက်​မှာ ပါ​တဲ့ ကဏ္ဍ​တစ်ခုခု​ကနေ သင် ဘယ်လို အကျိုး​ရ​နေသလဲ။

၁၇ ကိုယ်ပိုင်​လေ့လာမှု၊ အမှုဆောင်​လုပ်ငန်း စတဲ့ ဝတ်ပြုရေး ကဏ္ဍ​တချို့​မှာ ပါဝင်​ဖို့ ခက်​နေတယ်​ဆိုရင် ဘယ်လို​ လုပ်မလဲ။ အဲဒီ​လုပ်ဆောင်မှုတွေမှာ မကြာခဏ ပါဝင်​လေ ပို​ပျော်ရွှင်​လေ၊ ပို​အကျိုး​ရလေ ဖြစ်လာ​ပါ​လိမ့်မယ်။ အဲဒါကို လေ့ကျင့်ခန်း လုပ်တာ ဒါမှ​မဟုတ် တူရိယာ တစ်မျိုး​မျိုး လေ့ကျင့်​တာ​နဲ့ နှိုင်းယှဉ်​နိုင်တယ်။ တစ်ခါ​တ​လေ​မှ လေ့ကျင့်​ရင် တိုးတက်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ နေ့တိုင်း အစပိုင်း​မှာ အချိန် နည်းနည်း၊ နောက်ပိုင်း အချိန် ပို​ကြာကြာ လေ့ကျင့်​မယ်​ဆိုရင် ရလဒ်ကောင်းတွေ ရ​လာမယ်။ ပို​ပျော်​လာမယ်။ အဲဒီ​အချိန်ကို မျှော်​တောင် မျှော်​လာမယ်။ ဝတ်ပြုရေး​မှာလည်း အဲဒီလိုပဲ။

၁၈။ ကျွန်တော်​တို့ လုပ်ဆောင်​နိုင်​သမျှ​မှာ အရေးကြီးဆုံး​က ဘာလဲ။ အဲဒီလို လုပ်ဆောင်​ရင် ဘာ​အကျိုး ရမလဲ။

၁၈ ယေဟောဝါ​ကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုဖို့​ဟာ ကျွန်တော်​တို့ လုပ်ဆောင်​နိုင်​သမျှ​မှာ အရေးကြီးဆုံးပါ​ပဲ။ အဲဒီလို ဝတ်ပြုမယ်​ဆိုရင် အဓိပ္ပာယ် ပြည့်ဝ​တဲ့ ပျော်ရွှင်စရာ ဘဝ ရမယ်။ ယေဟောဝါ​ကို ထာဝစဉ် ဝတ်ပြုဖို့ မျှော်လင့်ချက် ရှိလာမယ်။ (ပညာ. ၁၀:၂၂) အခက်အခဲ ကြုံ​ရချိန်မှာ ဝတ်ပြု​သူတွေကို ယေဟောဝါ ကူညီ​ပေးတယ်​ဆို​တဲ့ အသိစိတ်ကြောင့် စိတ်​ငြိမ်သက်မှု ခံစား​ရမယ်။ (ဟေရှာ. ၄၁:၉၊ ၁၀) ဒါ​ကြောင့် ဖန်ဆင်း​ရာ​အားလုံး​ရဲ့ “ဂုဏ်တင်မှု၊ ချီးမွမ်းမှု” ရထိုက်တဲ့ ကောင်းကင်​ဖခင်​ကို ဝတ်ပြု​ရင်း ပျော်ရွှင်​နေဖို့ အကြောင်းရင်း​များစွာ ရှိပါတယ်။—ဗျာ. ၄:၁၁

သီချင်း ၂၄ ယေဟောဝါရဲ့ တောင်တော်​ဆီ လာ​ကြ

^ အပိုဒ်၊ 5 ယေဟောဝါ​ဟာ အရာခပ်သိမ်း ဖန်ဆင်း​ရှင် ဖြစ်လို့ ကျွန်တော်​တို့​ရဲ့ ဝတ်ပြုမှု​ကို ရထိုက်တယ်။ ဘုရား​ပညတ်​နဲ့ မူတွေ​အတိုင်း အသက်ရှင်​မှ ကျွန်တော်​တို့​ရဲ့ ဝတ်ပြုမှု​ကို ဘုရား လက်ခံမယ်။ ဝတ်ပြုရေးရဲ့ ကဏ္ဍ ရှစ်ခု​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။ အဲဒီ​ကဏ္ဍ​တွေ​မှာ ပါဝင်​တဲ့​အခါ ဘယ်လို ပို​တိုးတက်​နိုင်​ကြောင်း၊ အဲဒါက ဘယ်လို ပို​ပျော်ရွှင်​စေ​ကြောင်း သိလာ​ပါ​လိမ့်မယ်။