မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၄

အကြီးအကဲတို့၊ တမန်တော် ပေါလုကို ဆက်တုပနေပါ

အကြီးအကဲတို့၊ တမန်တော် ပေါလုကို ဆက်တုပနေပါ

“ကျွန်တော့်​ကို အတုယူ​ကြ​ပါ။”—၁ ကော. ၁၁:၁

သီချင်း ၉၉ မြောက်မြား​လှတဲ့ ညီအစ်ကို​များ

အကြို​သုံးသပ်ချက် *

၁-၂။ တမန်တော် ပေါလု​ရဲ့ ပုံသက်သေ​က ​ဒီနေ့​ခေတ် အကြီးအကဲ​တွေ​ကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

 တမန်တော် ပေါလု​ဟာ ညီအစ်ကို/မ​တွေ​ကို ချစ်တယ်။ သူတို့​အကျိုးအတွက် မမော​နိုင် မ​ပန်း​နိုင် ကြိုးစား​လုပ်ဆောင်တယ်။ (တ. ၂၀:၃၁) ဒါ​ကြောင့် ယုံကြည်သူချင်းတွေ​က​လည်း ပေါလု​ကို သိပ်​ချစ်​ကြတယ်။ တစ်ကြိမ်​မှာ ဧဖက်​မြို့က အကြီးအကဲ​တွေ တမန်တော် ပေါလု​ကို နောက်​တစ်ခါ ပြန်တွေ့​တော့​မှာ မဟုတ်ဘူးလို့ သိတဲ့​အခါ “ရှိုက်ကြီးတငင် ငိုကြွေး​ကြတယ်။” (တ. ၂၀:၃၇) အလုပ်​ကြိုးစား​တဲ့ အကြီးအကဲ​တွေ​လည်း ညီအစ်ကို/မ​တွေ​ကို ချစ်​ကြတယ်။ အတတ်နိုင်ဆုံး ကူညီ​ပေး​ကြတယ်။ (ဖိ. ၂:၁၆၊ ၁၇) ဒါပေမဲ့ တစ်ခါ​တ​လေ အကြီးအကဲ​တွေ​လည်း အခက်အခဲ​တွေ ကြုံ​ရတယ်။ အဲဒါတွေကို ကျော်လွှား​ဖို့ သူတို့ကို ဘာက ကူညီ​ပေး​နိုင်​သလဲ။

အကြီးအကဲ​တွေ​ဟာ ပေါလု​ရဲ့ ပုံသက်သေ​ကို သုံးသပ်ကြည့်​နိုင်တယ်။ (၁ ကော. ၁၁:၁) သူဟာ သာမန်​လူသား​ပဲ ဖြစ်တယ်။ မစုံလင်​တဲ့​အတွက် မှန်ရာ​ လုပ်ဖို့ ခက်​တဲ့​အချိန်တွေ ရှိတယ်။ (ရော. ၇:၁၈-၂၀) အခက်အခဲ​တွေ​လည်း အများကြီး ကြုံ​ရတယ်။ ဒါပေမဲ့ ပျော်ရွှင်မှု မ​ပျောက်​သွား​ဘူး။ ပေါလု​ကို တုပ​မယ်​ဆိုရင် အကြီးအကဲ​တွေ​လည်း ကြုံ​ရတဲ့ အခက်အခဲတွေကို ကျော်လွှား​နိုင်​ပြီး အမှုတော်မှာ ဆက်​ပျော်ရွှင်​နေပါလိမ့်မယ်။ ဘယ်လို​နည်းနဲ့လဲ​ဆိုတာ သုံးသပ်ကြည့်​ကြ​စို့။

၃။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း သုံးသပ်ကြ​မလဲ။ ဘာတွေ ထပ်​သိရ​မလဲ။

ဒီ​ဆောင်းပါး​မှာ အကြီးအကဲ​တွေ ရင်ဆိုင်​ရတဲ့ အခက်အခဲ လေးခု​အကြောင်း သုံးသပ်​သွားမယ်။ (၁) ဟောပြောခြင်းနဲ့ တခြား​တာဝန်​တွေ​ကို မျှမျှတတ လုပ်ဆောင်ခြင်း၊ (၂) သိုးထိန်း​ကောင်း ဖြစ်ဖို့ အချိန်​ရှာ​ရခြင်း၊ (၃) ကိုယ်တိုင်​ရဲ့ အားနည်းချက်​တွေ​ကို ကိုင်တွယ်​ခြင်း၊ (၄) တခြား​သူတွေရဲ့ အားနည်းချက်​တွေ​ကို ကိုင်တွယ်​ခြင်း​တို့ ဖြစ်တယ်။ အဲဒီ​အခက်အခဲတွေကို ပေါလု ဘယ်လို ကျော်လွှား​ခဲ့​ကြောင်း၊ သူ့​ပုံသက်သေ​ကို အကြီးအကဲ​တွေ ဘယ်လို တုပ​နိုင်​ကြောင်း ဆွေးနွေး​ကြ​ပါ​မယ်။

ဟောပြောခြင်းနဲ့ တခြား​တာဝန်​တွေ​ကို မျှမျှတတ လုပ်ဆောင်ခြင်း

၄။ ဟောပြောခြင်း​လုပ်ငန်းမှာ ပုံသက်သေ​ကောင်း​ ပြဖို့ အကြီးအကဲ​တွေ ဘာကြောင့် ခက်​နိုင်​သလဲ။

ဒါက ဘာကြောင့် အခက်အခဲ ဖြစ်​သလဲ။ အကြီးအကဲ​တွေ​ဟာ ဟောပြောခြင်း​လုပ်ငန်း​ကို ဦးဆောင်​ပေး​ရတယ်။ ဒါပေမဲ့ တခြား​တာဝန်​တွေ​လည်း အများကြီး ရှိတယ်။ ဥပမာ၊ ကြား​ရက် အသင်းတော် အစည်းအဝေး အစီအစဉ်​နဲ့ အသင်းတော် ကျမ်းစာ​လေ့လာမှု အစီအစဉ်တွေကို အလှည့်ကျ ဦးဆောင်​ပေး​ရတယ်။ တခြား ဟောပြောချက် တာဝန်​တွေ​လည်း ရှိ​နိုင်တယ်။ အသင်းတော်​ အမှုထမ်းတွေကို လေ့ကျင့်ပေး​ရ​သလို ညီအစ်ကို/မ​တွေ​ကိုလည်း အားပေး​ကြရတယ်။ (၁ ပေ. ၅:၂) တချို့​အကြီးအကဲ​တွေ​ဟာ နိုင်ငံတော်​ခန်းမ​နဲ့ တခြား​ဝတ်ပြုရေး အဆောက်အဦ​တွေ ဆောက်လုပ်ရေး၊ ပြုပြင်​ထိန်းသိမ်းရေး​မှာ ပါဝင်​နေကြတယ်။ ဒါပေမဲ့ အသင်းတော်မှာ​ ရှိတဲ့ တခြားသူ​အားလုံး​လို​ပဲ သတင်းကောင်း ဟောပြောခြင်း​လုပ်ငန်း​ကို အဓိက​ထား​ကြတယ်။—မ. ၂၈:၁၉၊ ၂၀

၅။ ဟောပြောသူ​တစ်ယောက်​အနေ​နဲ့ ပေါလု ဘယ်လို ပုံသက်သေ ပြ​ခဲ့​သလဲ။

ပေါလု​ရဲ့ ပုံသက်သေ။ အောင်မြင်​တဲ့ ဟောပြောသူ​တစ်ယောက် ဖြစ်ဖို့ ‘ပို​အရေးကြီးတဲ့​အရာ​တွေ​ကို ပိုင်းခြား​သိပါ’ လို့ ဖိလိပ္ပိ ၁:၁၀ မှာ ပေါလု တိုက်တွန်း​တယ်။ ပေါလု ကိုယ်တိုင် အဲဒီအတိုင်း လုပ်ခဲ့တယ်။ အမှုဆောင်​သူ​အဖြစ် တာဝန်​ခန့်အပ်​ခံရ​တဲ့​အခါ ဟောပြောခြင်း​လုပ်ငန်း​ကို ဘဝမှာ အဓိက​ထား​တယ်။ “လူအများ​ရှေ့​မှာ​ရော၊ တစ်အိမ်​တက်​ဆင်း သွားပြီး​တော့​ရော ဟောပြော​သွန်သင်​ပေး​ခဲ့တယ်။” (တ. ၂၀:၂၀) သတ်သတ်မှတ်မှတ် အချိန်​ကျ​မှ ဟောပြောဖို့၊ တစ်ပတ် တစ်ရက်​ပဲ ဟော​ဖို့ မသတ်မှတ်​ထား​ဘူး။ အခွင့်အရေး ရ​တိုင်း ဟောပြောခဲ့တယ်။ ဥပမာ၊ အေ​သင်​မြို့မှာ မိတ်ဆွေတွေကို စောင့်​ရင်း အထင်ကရ လူအုပ်​တစ်အုပ်​ကို သတင်းကောင်း ဟောတဲ့​အခါ တချို့ လက်ခံကြတယ်။ (တ. ၁၇:၁၆၊ ၁၇၊ ၃၄) “အကျဉ်း​ကျ” နေချိန်မှာ​တောင် အနီးမှာ ရှိတဲ့​သူတွေကို ဟောပြောတယ်။—ဖိ. ၁:၁၃၊ ၁၄။ တ. ၂၈:၁၆-၂၄

၆။ တခြား​သူတွေကို ပေါလု ဘယ်လို လေ့ကျင့်ပေး​သလဲ။

ပေါလု​ဟာ အချိန်ကို အကျိုးရှိရှိ အသုံးပြုတယ်။ တခြား​သူတွေကိုလည်း အမှုဆောင်​လုပ်ငန်းမှာ မိမိ​နဲ့​အတူ ပါ​ဝင်​ဖို့ ဖိတ်ခေါ်တယ်။ ဥပမာ၊ ပထမ သာသနာပြု ခရီးစဉ်​မှာ မာကု​လို့​လည်း​ ခေါ်​တဲ့ ယောဟန်၊ ဒုတိယ ခရီးစဉ်​မှာ တိမောသေ​ကို ခေါ်​သွားတယ်။ (တ. ၁၂:၂၅။ ၁၆:၁-၄) အသင်းတော် ဖွဲ့စည်းပုံ၊ သိုးထိန်း​လုပ်ငန်း လုပ်ဆောင်ပုံ၊ သွန်သင်သူ​ကောင်း ဖြစ်​နိုင်​ပုံ​တွေ​ကို ကောင်းကောင်း လေ့ကျင့်ပေး​ခဲ့​မှာ သေချာတယ်။—၁ ကော. ၄:၁၇

ဟောပြောဖို့ အသင့်ရှိနေ​ခြင်း​အားဖြင့် ပေါလု​ကို တုပ​ပါ (စာပိုဒ် ၇ ကို ကြည့်​ပါ) *

၇။ ဧဖက် ၆:၁၄၊ ၁၅ မှာ ပါတဲ့ ပေါလု​ရဲ့ စကား​ကို အကြီးအကဲ​တွေ ဘယ်လို လိုက်လျှောက်​နိုင်​သလဲ။

သင်ခန်းစာ။ ပေါလု​လို​ပဲ အကြီးအကဲ​တွေ​ဟာ တစ်အိမ်​တက်​ဆင်း​မှာ​သာမက အချိန်​အခါ​မရွေး ဟောပြောဖို့ အသင့်ရှိနေ​သင့်တယ်။ (ဧဖက် ၆:၁၄၊ ၁၅ ကို ဖတ်ပါ။) ဥပမာ၊ စျေး​ဝယ်​ချိန်မှာ၊ အလုပ်မှာ သက်သေ​ခံနိုင်​တယ်။ ဝတ်ပြုရေး အဆောက်အဦ ဆောက်လုပ်ရေး​မှာ ပါဝင်​တဲ့​အခါ အိမ်နီးချင်းတွေ၊ စျေး​ဆိုင်​ပိုင်ရှင်​တွေ​ကို သတင်းကောင်း ဟော​နိုင်တယ်။ ပေါလု​လို​ပဲ အမှုဆောင်​လုပ်ငန်းမှာ တွဲ​လုပ်ဆောင်​ရင်း အသင်းတော် အမှုထမ်းတွေ​နဲ့ တခြား​သူတွေကို လေ့ကျင့်ပေး​နိုင်တယ်။

၈။ တစ်ခါ​တ​လေ အကြီးအကဲ​တွေ ဘာလုပ်ဖို့ လိုသလဲ။

အကြီးအကဲ​တွေ​ဟာ ဟောပြောခြင်း​လုပ်ငန်းမှာ မပါဝင်နိုင်​တဲ့​အထိ တိုက်နယ်​မှာ၊ အသင်းတော်မှာ တာဝန်​တွေ​နဲ့ အလုပ်များ​နေတာမျိုး မဖြစ်သင့်ဘူး။ မျှမျှတတ ရှိဖို့ တချို့​တာဝန်​တွေ​ကို ငြင်းပယ်​ရနိုင်တယ်။ မိသားစု ဝတ်ပြုမှု လုပ်ဖို့၊ ဟောပြောခြင်း လုပ်ငန်းမှာ အပြည့်အဝ ပါဝင်​နိုင်​ဖို့၊ သားသမီးတွေကို လေ့ကျင့်​ပေးဖို့ စတဲ့ ပို​အရေးကြီးတဲ့ တာဝန်​တွေ လုပ်ဆောင်​နိုင်အောင် တချို့​တာဝန်​တွေ​ကို ငြင်း​ဖို့ လို​ကြောင်း ဆုတောင်း သုံးသပ်​ပြီး​နောက် သိလာ​နိုင်တယ်။ လုပ်ငန်းတော် အခွင့်ထူး​တချို့​ကို ငြင်းပယ်​ဖို့ ခက်​နိုင်​ပေမဲ့ အရာအားလုံးကို မျှမျှတတ​ ဖြစ်အောင် လုပ်ချင်တဲ့ သင့်ရဲ့ ဆန္ဒ​ကို ယေဟောဝါ နားလည်​ကြောင်း စိတ်ချ​ပါ။

သိုးထိန်း​ကောင်း ဖြစ်ဖို့ အချိန်​ရှာ​ရခြင်း

၉။ အလုပ်များ​တဲ့ အကြီးအကဲ​တွေ ဘယ်​အခက်အခဲ ကြုံ​ရသလဲ။

ဒါက ဘာကြောင့် အခက်အခဲ ဖြစ်​သလဲ။ ယေဟောဝါရဲ့ လူမျိုးဟာ အခက်အခဲ​တွေ အများကြီး ရင်ဆိုင်​ရတယ်။ ဒီ​နောက်ဆုံး​ကာလ​မှာ ကျွန်တော်​တို့ အားလုံး အားပေး​ထောက်မမှု​နဲ့ နှစ်သိမ့်မှု လိုအပ်​ကြတယ်။ တစ်ခါ​တ​လေ မကောင်းတဲ့​ အကျင့်​တချို့​ကို ရှောင်နိုင်ဖို့ အကူအညီ လိုအပ်​တယ်။ (၁ သက်. ၅:၁၄) ယေဟောဝါရဲ့​လူမျိုး ကြုံနေ​ရတဲ့ ပြဿနာ​အားလုံး​ကို အကြီးအကဲ​တွေ မဖယ်ရှား​ပေး​နိုင်ဘူး။ ဒါပေမဲ့ သိုးတော်စု​ကို အားပေးဖို့၊ ကာကွယ်​ပေးဖို့ အကြီးအကဲ​တွေ​ဆီက ယေဟောဝါ မျှော်လင့်တယ်။ လိုအပ်​သူတွေကို ကူညီ​ပေးဖို့ အလုပ်များ​တဲ့ အကြီးအကဲ​တွေ ဘယ်လို အချိန်​ရမလဲ။

တခြား​သူတွေကို ချီးမွမ်း​ပါ၊ အားပေးပါ (စာပိုဒ် ၁၀၊ ၁၂ ကို ကြည့်​ပါ) *

၁၀။ ၁ သက်သာလောနိတ် ၂:၇ အရ ယေဟောဝါရဲ့ လူမျိုးကို ပေါလု ဘယ်လို ဂရုစိုက်​သလဲ။

၁၀ ပေါလု​ရဲ့ ပုံသက်သေ။ ပေါလု​ဟာ ညီအစ်ကို​တွေ​ကို အခွင့်အရေးရှာ ချီးမွမ်း၊ အားပေးတယ်။ အကြီးအကဲ​တွေ​လည်း ယေဟောဝါရဲ့ လူမျိုးကို မေတ္တာနဲ့ ကြင်နာ​စွာ ဆက်ဆံခြင်း​အားဖြင့် ပေါလု​ရဲ့ ပုံသက်သေ​ကို တုပ​သင့်တယ်။ (၁ သက်သာလောနိတ် ၂:၇ ကို ဖတ်ပါ။) ညီအစ်ကို/မ​တွေ​ကို မိမိ ချစ်​ကြောင်း၊ ယေဟောဝါ​လည်း ချစ်​ကြောင်း ပေါလု စိတ်ချ​စေတယ်။ (၂ ကော. ၂:၄။ ဧ. ၂:၄၊ ၅) အသင်းတော်မှာ ရှိသူတွေကို မိတ်ဆွေ​တွေ​အဖြစ် အချိန်ပေး ပေါင်းသင်း​တယ်။ ကိုယ့်ရဲ့ စိုးရိမ်မှု​တွေ၊ အားနည်းချက်​တွေ​ကို ဖွင့်ပြော​ခြင်း​အားဖြင့် သူတို့ကို ယုံကြည်​စိတ်ချကြောင်း ပြ​တယ်။ (၂ ကော. ၇:၅။ ၁ တိ. ၁:၁၅) ဒါပေမဲ့ ကိုယ့်​ပြဿနာ​တွေ​ကိုပဲ အာရုံစိုက်​မယ့်​အစား ညီအစ်ကို/မ​တွေ​ကို ကူညီ​ပေး​ချင်​တယ်။

၁၁။ ညီအစ်ကို/မ​တွေ​ကို ပေါလု ဘာကြောင့် ဆုံးမ​သလဲ။

၁၁ တစ်ခါ​တ​လေ ညီအစ်ကို/မ​တွေ​ကို ပေါလု ဆုံးမ​တယ်။ ဒါပေမဲ့ ဘယ်တော့မှ ဒေါသ​နဲ့ မဆုံးမ​ဘူး။ သူတို့ကို ချစ်​လို့၊ အန္တရာယ်​ အမျိုးမျိုး​ကနေ ကာကွယ်​ပေး​ချင်​လို့ ဆုံးမ​တာ။ နားလည်​ရ လွယ်​စေမယ့်၊ လက်ခံရ လွယ်​စေမယ့်​ နည်းနဲ့ ပြောဆို​ဆုံးမ​တယ်။ ဥပမာ၊ ကောရိန္သု​ အသင်းတော်ကို ပေါလု စာရေး​ပြီး ပြင်းပြင်းထန်ထန် ဆုံးမ​တယ်။ စာ​ကို သူတို့ ဘယ်လို တုံ့ပြန်​သလဲ​ဆိုတာ သိချင်​လို့ နောက်ပိုင်း တိတု​ကို လွှတ်လိုက်တယ်။ ဆုံးမမှု​ကို သူတို့ ကောင်းကောင်း​ လက်ခံ​ပြီး လက်တွေ့​ကျင့်သုံး​နေကြောင်း ကြား​တဲ့​အခါ ပေါလု သိပ်​ဝမ်းသာ​မှာပဲ။—၂ ကော. ၇:၆၊ ၇

၁၂။ ယုံကြည်သူချင်းတွေကို အကြီးအကဲ​တွေ ဘယ်လို အားပေးနိုင်​သလဲ။

၁၂ သင်ခန်းစာ။ ယုံကြည်သူချင်းတွေနဲ့ အချိန်ပေး ပေါင်းသင်း​ခြင်း​အားဖြင့် ပေါလု​ရဲ့ ပုံသက်သေ​ကို အကြီးအကဲ​တွေ တုပ​နိုင်တယ်။ လုပ်နိုင်တဲ့ တစ်နည်း​က​တော့ အသင်းတော် အစည်းအဝေးတွေကို စောစော​ရောက်နေပြီး တခြား​သူတွေကို အားပေး​စကားပြော​ခြင်း ဖြစ်တယ်။ လိုအပ်​နေတဲ့ ညီအစ်ကို/မ​တစ်ယောက်ကို မေတ္တာပါ​တဲ့ အားပေး​စကားပြော​ဖို့ အချိန်​အနည်းငယ်​လောက်​ပဲ လို​ပါ​တယ်။ (ရော. ၁:၁၂။ ဧ. ၅:၁၆) အကြီးအကဲ​တွေ​ဟာ ပေါလု​ရဲ့ ပုံသက်သေ​ကို တုပ​ပြီး ညီအစ်ကို/မ​တွေ ယုံကြည်ခြင်း ခိုင်မာ​အောင် ကျမ်းစာ​သုံးပြီး အားပေးနိုင်တယ်။ သူတို့ကို ဘုရား ချစ်​မြတ်နိုး​ကြောင်း၊ မိမိတို့​လည်း ချစ်​ကြောင်း စိတ်ချ​စေ​ကြတယ်။ သူတို့နဲ့ အမြဲ ပြောဆို ဆက်သွယ်​တယ်။ အခွင့်အရေး ရှာပြီး ချီးမွမ်း​တယ်။ ဆုံးမ​ဖို့ လို​တဲ့​အခါ ကျမ်းစာ​နဲ့​အညီ ဆုံးမ​တယ်။ ဆုံးမ​စကား​ကို လိုက်နာ​စေ​ချင်​လို့ ကြင်ကြင်နာနာ၊ တိတိကျကျ ပြော​တယ်။—ဂလ. ၆:၁

ကိုယ်တိုင်​ရဲ့ အားနည်းချက်​တွေ​ကို ကိုင်တွယ်​ခြင်း

၁၃။ အားနည်းချက်​တွေ​က အကြီးအကဲ​တစ်ယောက်​အပေါ် ဘယ်လို အကျိုး​သက်ရောက်​နိုင်​သလဲ။

၁၃ ဒါက ဘာကြောင့် အခက်အခဲ ဖြစ်​သလဲ။ အကြီးအကဲ​တွေ မစုံလင်​ကြဘူး။ တခြား​သူတွေလို​ပဲ မှား​တတ်ကြ​တယ်။ (ရော. ၃:၂၃) ကိုယ့်​အားနည်းချက်ကို မျှမျှတတ မ​ရှုမြင်​တဲ့ အချိန်တွေ ရှိ​နိုင်တယ်။ တချို့က ကိုယ်​မ​လုပ်​နိုင်တာ​တွေ​ကိုပဲ အာရုံစိုက်​လွန်းလို့ စိတ်ဓာတ်ကျ​လာတယ်။ တချို့​ကျ​တော့​လည်း ကိုယ့်​အားနည်းချက်​တွေ​ကို အရေး​မကြီး​ပါ​ဘူးလို့ သဘော​ထားပြီး ဘာ​အပြောင်းအလဲ​မှ မလုပ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကျေနပ်​နေတတ်တယ်။

၁၄။ ဖိလိပ္ပိ ၄:၁၃ အရ အားနည်းချက်​တွေ​ကို ရင်ဆိုင်ဖို့ နှိမ့်ချမှု​က ပေါလု​ကို ဘယ်လို ကူညီ​ပေး​သလဲ။

၁၄ ပေါလု​ရဲ့ ပုံသက်သေ။ ကိုယ်တိုင်​ရဲ့ အားနည်းချက်​တွေ​ကို ကိုယ့်​အစွမ်း​နဲ့ မဖြေရှင်း​နိုင်​မှန်း၊ ဘုရား​ရဲ့ ထောက်မမှု လိုအပ်​မှန်း ပေါလု နှိမ့်ချစွာ အသိအမှတ်ပြု​တယ်။ အစောပိုင်းမှာ ပေါလု​ဟာ ခေါင်းမာ​သူ၊ ခရစ်ယာန်​တွေ​ကို နှိပ်စက်​ညှဉ်းပန်း​သူ ဖြစ်တယ်။ နောက်ပိုင်း၊ ကိုယ့်​အမှားတွေကို သိလာပြီး စိတ်သဘောထား​နဲ့ စရိုက်​တွေ​ကို လိုလိုလားလား ပြောင်းလဲ​ခဲ့တယ်။ (၁ တိ. ၁:၁၂-၁၆) ယေဟောဝါရဲ့ အကူအညီ​ကြောင့် မေတ္တာ​ရှိတဲ့၊ သနား​စာနာ​တဲ့၊ နှိမ့်ချတဲ့ သိုးထိန်း ဖြစ်​လာတယ်။ အားနည်းချက်​တွေ အများကြီး​ ရှိ​မှန်း သိပေမဲ့ အဲဒါ​တွေ​ကိုပဲ မစဉ်းစားဘူး။ ယေဟောဝါ ခွင့်လွှတ်​ပေး​မယ်​ဆိုတာ ယုံကြည်တယ်။ (ရော. ၇:၂၁-၂၅) ပြည့်ဝ​စုံလင်​ဖို့ မမျှော်လင့်​ဘူး။ အဲဒီအစား ခရစ်ယာန်​ အရည်အသွေးတွေ တင်ပြ​ရာ​မှာ တိုးတက်​ဖို့ နှိမ့်ချစွာ ကြိုးစား​တယ်။ အမှုဆောင်​လုပ်ငန်း အောင်မြင်​ဖို့ ယေဟောဝါရဲ့ အကူအညီကို ပေါလု အားကိုး​တယ်။—၁ ကော. ၉:၂၇။ ဖိလိပ္ပိ ၄:၁၃ ကို ဖတ်ပါ။

ကိုယ့်​အားနည်းချက်​တွေ​ကို ကျော်လွှား​နိုင်​ဖို့ ကြိုးစား​ပါ (စာပိုဒ် ၁၄-၁၅ ကို ကြည့်​ပါ) *

၁၅။ ကိုယ့်​မစုံလင်မှုနဲ့​ပတ်သက်ပြီး အကြီးအကဲ​တွေ ဘယ်​မျှတတဲ့​အမြင် ရှိ​သင့်သလဲ။

၁၅ သင်ခန်းစာ။ ပြည့်ဝ​စုံလင်​လို့ အကြီးအကဲ​အဖြစ် ခန့်အပ်​ခံရတာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်​အမှားတွေကို အသိအမှတ်ပြု ဝန်ခံဖို့၊ ခရစ်ယာန်​ အရည်အသွေးတွေ မွေးမြူဖို့ ယေဟောဝါ မျှော်လင့်တယ်။ (ဧ. ၄:၂၃၊ ၂၄) အကြီးအကဲ​ တစ်ယောက်ဟာ ကျမ်းစာ​ သုံးပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​သင့်တယ်။ လိုအပ်​သလို ပြုပြင်​ပြောင်းလဲ​သင့်တယ်။ ဒါဆိုရင် ပျော်ရွှင်၊ အောင်မြင်​ဖို့ ယေဟောဝါ ကူညီ​ပေး​ပါ​လိမ့်မယ်။—ယာ. ၁:၂၅

တခြား​သူတွေရဲ့ အားနည်းချက်​တွေ​ကို ကိုင်တွယ်​ခြင်း

၁၆။ တခြား​သူတွေရဲ့ မစုံလင်မှုကို အကြီးအကဲ​တွေ အာရုံစိုက်​နေရင် ဘာ​ဖြစ်သွား​နိုင်​သလဲ။

၁၆ ဒါက ဘာကြောင့် အခက်အခဲ ဖြစ်​သလဲ။ အကြီးအကဲ​တွေ​ဟာ အသင်းတော်မှာ ညီအစ်ကို/မ​တွေ​နဲ့ အနီးကပ်​ လုပ်ဆောင်​ရလို့ သူတို့ရဲ့ အားနည်းချက်​တွေ​ကို သိလာ​နိုင်တယ်။ ဒါ​ကြောင့် သတိ​မထားဘူးဆို​ရင် စိတ်ပျက်​မိ​နိုင်တယ်။ ကြမ်းကြမ်းတမ်းတမ်း ပြော​မိ​နိုင်တယ်။ ပြစ်တင်​ဝေဖန်​မိ​နိုင်တယ်။ စာတန် အဲဒီလို​ဖြစ်စေချင်​တာ​လို့ ခရစ်ယာန်​တွေ​ကို ပေါလု သတိ​ပေးတယ်။—၂ ကော. ၂:၁၀၊ ၁၁

၁၇။ ညီအစ်ကို/မ​တွေ​ကို ပေါလု ဘယ်လို ရှုမြင်​သလဲ။

၁၇ ပေါလု​ရဲ့ ပုံသက်သေ။ ပေါလု​ဟာ ညီအစ်ကို/မ​တွေ​ရဲ့ ကောင်းကွက်​တွေ​ကိုပဲ အမြဲ ကြည့်​တယ်။ သူတို့ရဲ့ အမှားတွေကို ကောင်းကောင်း သိတယ်။ တစ်ခါ​တ​လေ သူတို့​ကြောင့် ပေါလု နာကျင်​ခံစား​ရတယ်။ ဒါပေမဲ့ မကောင်းတဲ့​လူနဲ့ မကောင်းတဲ့ လုပ်ရပ်​ရဲ့ ကွာခြား​ချက်​ကို ပေါလု သိတယ်။ ညီအစ်ကို/မ​တွေ​ကို ချစ်​ပြီး သူတို့ရဲ့ အရည်အသွေးကောင်း​တွေ​ကို အာရုံစိုက်​တယ်။ မှန်ရာကို​ လုပ်ဖို့ သူတို့ အခက်တွေ့​နေရင်တောင် စိတ်ရင်းကောင်း ရှိတယ်၊ အကူအညီ​ပဲ လို​နေတာ​လို့ ရှုမြင်တယ်။

၁၈။ ဧဝေါဒိ​နဲ့ သုန္တုတ်​ရဲ့ အခြေအနေ​ကို ပေါလု ကိုင်တွယ်​ပုံ​ကနေ ဘာ​သိရသလဲ။ (ဖိလိပ္ပိ ၄:၁-၃)

၁၈ ဖိလိပ္ပိ အသင်းတော်က ညီအစ်မ နှစ်ယောက်ကို ပေါလု ဘယ်လို ကူညီ​ပေး​ကြောင်း သုံးသပ်ကြည့်​ပါ။ (ဖိလိပ္ပိ ၄:၁-၃ ကို ဖတ်ပါ။) ဧဝေါဒိ​နဲ့ သုန္တုတ်​ဟာ ကိုယ်ရေးကိုယ်တာ ကိစ္စ​တွေ​ကြောင့် အဆင်မပြေ ဖြစ်လာ​ကြတယ်။ သူတို့ကို ပေါလု ကြမ်းကြမ်းတမ်းတမ်း ပြစ်တင်​ဝေဖန်မယ့်​အစား အရည်အချင်း​ကောင်း​တွေ​ကို အာရုံစိုက်​တယ်။ နှစ်ပေါင်း​များစွာ သစ္စာရှိ​ရှိ အမှုဆောင်ခဲ့​သူတွေ ဖြစ်​မှန်း၊ သူတို့ကို ယေဟောဝါ ချစ်​မှန်း ပေါလု သိတယ်။ ပေါလု​မှာ အဲဒီလို အကောင်းမြင်​စိတ် ရှိတဲ့​အတွက် ပြန်​သင့်မြတ်​အောင်​ လုပ်ဖို့ သူတို့ကို တိုက်တွန်း​တယ်။ ညီအစ်ကို/မ​တွေ​ရဲ့ အရည်အချင်း​ကောင်း​တွေ​ကို ပေါလု အာရုံစိုက်​တဲ့​အတွက် ကိုယ်တိုင် ပျော်ရွှင်​သလို သူတို့နဲ့ ဆက်ဆံ​ရေး​ကောင်း ဆက်​ရှိနေခဲ့တယ်။

တခြား​သူတွေကို ပြစ်တင်​ဝေဖန်တာ​မျိုး မလုပ်ပါနဲ့ (စာပိုဒ် ၁၉ ကို ကြည့်​ပါ) *

၁၉။ (က) အကြီးအကဲ​တွေ​အနေ​နဲ့ ယုံကြည်သူချင်းတွေ​အပေါ် အကောင်းမြင်​ သဘောထား ဘယ်လို ဆက်​ရှိ​နိုင်​မလဲ။ (ခ) နိုင်ငံတော်​ခန်းမ သန့်ရှင်းရေး လုပ်နေတဲ့ အကြီးအကဲ​ရဲ့ ရုပ်ပုံ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၉ သင်ခန်းစာ။ အကြီးအကဲ​တို့၊ ညီအစ်ကို/မ​တွေ​ရဲ့ အရည်အချင်း​ကောင်း​တွေ​ကို ရှာပါ။ မစုံလင်​ကြ​ပေမဲ့ ယောက်​တိုင်း​မှာ နှစ်သက်ဖွယ် အရည်အသွေးကောင်း​တွေ ရှိကြတယ်။ (ဖိ. ၂:၃) အကြီးအကဲ​တွေ​အနေ​နဲ့ မကြာခဏ တည့်မတ်​ပေး​ရတာတွေ ရှိ​နိုင်တယ်။ ဒါပေမဲ့ ပေါလု​လို​ပဲ တစ်ယောက်ယောက်ရဲ့ စိတ်ဆိုး​စ​ရာ အပြော၊ လုပ်ရပ်​ကိုပဲ အာရုံ​မစိုက်ပါနဲ့။ အဲဒီအစား ယေဟောဝါ​ကို သူတို့ ချစ်တယ်၊ သစ္စာရှိ​ရှိ အမှုဆောင်​နေတယ်၊ သူတို့ ပြန်ကောင်း​လာနိုင်တယ်​ဆိုတာ အာရုံစိုက်​သင့်တယ်။ အကြီးအကဲ​တွေ​မှာ အကောင်းမြင်​တဲ့ သဘောထား ရှိမယ်ဆိုရင် ညီအစ်ကို/မ​တွေ နွေးထွေးမှု​နဲ့ မေတ္တာ ခံစား​ရပါလိမ့်မယ်။

ပေါလု​ကို ဆက်​တုပ​နေပါ

၂၀။ ပေါလု​ရဲ့ ပုံ​သက်​သေ​ကနေ အကြီးအကဲ​တွေ ဘယ်လို အကျိုး​ရနိုင်သလဲ။

၂၀ ပေါလု​ရဲ့ ပုံသက်သေ​ကို ဆက်​လေ့လာ​တာ အကူအညီ​ ဖြစ်​မှန်း အကြီးအကဲ​တွေ တွေ့​လာပါလိမ့်မယ်။ အဲဒီလို လေ့လာ​တဲ့​အခါ ‘အကြီးအကဲ​ တစ်ယောက်​ရဲ့ တာဝန်ကို ထမ်းဆောင်​ရင်း ဆက်​ပျော်ရွှင်​နေဖို့ ပေါလု​ရဲ့ ပုံသက်သေ​က ငါ့ကို ဘယ်လို ကူညီ​ပေး​သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (ဥပမာ၊ က​၉၇ ၈/၁ စာ. ၁၇-၁၈bt ၉၉၁၆၆-၁၆၇ တို့ကို ကြည့်​ပါ။)

၂၁။ အကြီးအကဲ​တွေ ဘာကို စိတ်ချ​နိုင်​သလဲ။

၂၁ အကြီးအကဲ​တို့၊ ယေဟောဝါ​က သင်တို့ ပြည့်ဝ​စုံလင်​ဖို့ မတောင်းဆို​ဘူး။ သစ္စာရှိ​ဖို့​ပဲ တောင်းဆို​တယ်​ဆိုတာ သတိရပါ။ (၁ ကော. ၄:၂) ပေါလု​ရဲ့ ကြိုးစား​လုပ်ဆောင်မှု​နဲ့ သစ္စာရှိ​မှု​ကို ယေဟောဝါ တန်ဖိုးထား​လေးမြတ်တယ်။ သင်တို့ရဲ့ လုပ်ဆောင်​မှု​ကိုလည်း တန်ဖိုးထား​လေးမြတ်​မယ်​ဆိုတာ စိတ်ချ​နိုင်တယ်။ “ခင်ဗျား​တို့​က သန့်ရှင်း​သူတွေကို အလုပ်အကျွေးပြု​ခဲ့တယ်၊ အခုလည်း အလုပ်အကျွေးပြု​နေတယ်။ . . . ခင်ဗျား​တို့​ရဲ့ လုပ်ရပ်​ကို၊ နာမတော်​အတွက် ​ပြ​တဲ့ မေတ္တာကို [ယေဟောဝါ] ဘယ်တော့မှ မမေ့​ပါ​ဘူး။”—ဟီ. ၆:၁၀

သီချင်း ၈၇ လာ​ကြ၊ လန်းဆန်းမှု ရယူ​ကြ

^ အပိုဒ်၊ 5 အကြီးအကဲ​တွေ​ရဲ့ မေတ္တာနဲ့ ဂရုစိုက်​မှု​ကနေ အကျိုး​ရလို့ ကျွန်တော်​တို့ ကျေးဇူး​တင်​ကြတယ်။ သူတို့​ရင်ဆိုင်​ရတဲ့ အခက်အခဲ လေးခု​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။ အဲဒီ​အခက်အခဲတွေကို ဖြေရှင်း​ဖို့ တမန်တော် ပေါလု​ရဲ့ ပုံသက်သေ​က ဒီနေ့​ခေတ် အကြီးအကဲ​တွေ​ကို ဘယ်လို ကူညီ​ပေး​ကြောင်း​လည်း လေ့လာ​ကြ​မယ်။ အကြီးအကဲ​တွေ​ကို ချစ်​မြတ်နိုး​လာပြီး ထောက်မ​ပေးဖို့၊ ကိုယ်ချင်းစာ​နိုင်​ဖို့ ဒီ​ဆောင်းပါး​က လှုံ့ဆော်ပေး​ပါ​လိမ့်မယ်။

^ အပိုဒ်၊ 61 ပုံ​အညွှန်း– ညီအစ်ကို​တစ်ယောက် အလုပ်​က အပြန် အလုပ်ဖော်​ကို သတင်းကောင်း ပြော​နေ။

^ အပိုဒ်၊ 63 ပုံ​အညွှန်း– တစ်ယောက်တည်း သီးသန့်​ ထိုင်​နေတဲ့ ညီအစ်ကို​တစ်ယောက်ကို အကြီးအကဲ သွား​စကားပြော​နေ။

^ အပိုဒ်၊ 65 ပုံ​အညွှန်း– ကိစ္စ​တစ်ခု​ကြောင့် စိတ်​အနှောင့်အယှက် ဖြစ်​နေတဲ့ ညီအစ်ကို​တစ်ယောက်ကို နောက်​ညီအစ်ကို အကြံဉာဏ်​ကောင်း ပေး​နေ။

^ အပိုဒ်၊ 67 ပုံ​အညွှန်း– လုပ်​လက်​စ အလုပ်ကို အာရုံမစိုက်​နိုင် ဖြစ်​နေတဲ့ ညီအစ်ကို​ကို အကြီးအကဲ အပြစ်မတင်။