မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိုးရိမ်ပူပန်မှုကို အောင်မြင်စွာ ဖြေရှင်းနည်း

စိုးရိမ်ပူပန်မှုကို အောင်မြင်စွာ ဖြေရှင်းနည်း

စိုးရိမ်​ပူပန်မှု​ဟာ စိတ်ဓာတ်ကျ​စေနိုင်​တဲ့ ဝန်ထုပ်ကြီး​နဲ့ တူတယ်။ (ပညာ. ၁၂:၂၅) သင် စိုးရိမ်​ပူပန်​ဖူး​သလား။ မခံမရပ်​နိုင်​လောက်​အောင် စိုးရိမ်​ပူပန်​ဖူး​သလား။ ဒါဆိုရင် သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်​တို့ အများစုဟာ တခြား​သူတွေကို ပြုစု​စောင့်ရှောက်​ပေး​ရလို့၊ ချစ်ရသူ သေဆုံး​သွား​လို့၊ သဘာဝဘေး ကြုံ​ရလို့ ဒါမှ​မဟုတ် တခြား အခြေအနေ​တစ်ခုခု​ကြောင့် စိတ်​ပန်း​လူ​ပန်း ဖြစ်နေ​ကြတယ်။ စိုးရိမ်​ပူပန်မှု​ကို အောင်မြင်စွာ ဖြေရှင်း​ဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။ a

ဘုရင် ဒါဝိဒ်ရဲ့ ပုံ​နမူနာကို သုံးသပ်ခြင်းကနေ စိုးရိမ်​ပူပန်မှု​ကို ဖြေရှင်း​ပုံ​အကြောင်း အများကြီး သင်ယူနိုင်တယ်။ ဒါဝိဒ်ဟာ အခက်အခဲ များစွာ ကြုံ​ခဲ့​ရတယ်။ အသက်​အန္တရာယ် ကြုံ​ရချိန်​တွေ​တောင် ရှိတယ်။ (၁ ရှ. ၁၇:၃၄၊ ၃၅။ ၁၈:၁၀၊ ၁၁) စိုးရိမ်​ပူပန်မှု​ကို သူ ဘယ်လို အောင်မြင်စွာ ဖြေရှင်း​ခဲ့​သလဲ။ သူ့​ပုံသက်သေ​ကို ကျွန်တော်​တို့ ဘယ်လို တုပ​နိုင်​သလဲ။

စိုးရိမ်​ပူပန်မှု​ကို ဒါဝိဒ် အောင်မြင်စွာ ဖြေရှင်း​ပုံ

ဒါဝိဒ်ဟာ အခက်အခဲ အမျိုးမျိုးကို တစ်ပြိုင်တည်း ရင်ဆိုင်ခဲ့​ရတယ်။ ဥပမာ၊ ဘုရင် ရှောလု လိုက်​သတ်​လို့ ထွက်ပြေး​နေချိန်မှာ အခြေအနေ​ဆိုး​တစ်ခု ရင်ဆိုင်​ရတယ်။ တိုက်ပွဲ​တစ်ခု ပြီးလို့ ဇိကလတ်​မြို့ကို ဒါဝိဒ်​နဲ့ သူ့​လူတွေ ပြန်​လာတော့ ရန်သူတွေက အိမ်တွေ မီးရှို့​ပြီး မိသားစု​တွေ​ကို ဖမ်း​ခေါ်သွား​မှန်း သူတို့ သိလိုက်​ရတယ်။ ဒါဝိဒ် ဘာ​လုပ်သလဲ။ “ဒါဝိဒ်​နဲ့ သူ့​လူတွေ အားကုန်​တဲ့​အထိ အကြီးအကျယ် ငိုကြွေး​ကြတယ်။” မိမိ​ယုံကြည်​စိတ်ချ​ရသူတွေ​က “ကျောက်ခဲ​နဲ့ ပေါက်​ဖို့ လုပ်” ကြလို့ ဒါဝိဒ်​ခမျာ တစ်​ပူ​ပေါ် နှစ်ပူဆင့် ဖြစ်​သွားတယ်။ (၁ ရှ. ၃၀:၁-၆) ပြဿနာကြီး သုံးခု​ကို တစ်ပြိုင်တည်း ရင်ဆိုင်​လိုက်​ရတာပဲ။ မိသားစု အန္တရာယ် ကြုံ​ရတယ်။ ကိုယ့်​လူတွေက ကိုယ့်ကို ပြန်​သတ်​မလား စိုးရိမ်​နေ​ရတယ်။ ဘုရင် ရှောလုလည်း လိုက်​ဖမ်း​နေတယ်။ ဒါဝိဒ် ဘယ်လောက် စိုးရိမ်​ပူပန်​နေ​မလဲ​ဆိုတာ တွေးကြည့်​ပါ။

ဒါဝိဒ် ဘာ​ဆက်လုပ်​သလဲ။ ချက်ချင်းပဲ “ယေဟောဝါ​ဘုရား​ရဲ့ အကူအညီ​နဲ့ အားတင်း” လိုက်တယ်။ ဘယ်လိုနည်းနဲ့ ဖြစ်​မလဲ။ လုပ်နေကျ​အတိုင်း ယေဟောဝါ​ဆီ ဆုတောင်း​ပြီး အကူအညီ​တောင်း​တယ်။ အရင်က ဘုရား ကူညီ​ပေး​ခဲ့​တာတွေကို ပြန်​စဉ်းစား​တယ်။ (၁ ရှ. ၁၇:၃၇။ ဆာ. ၁၈:၂၊ ၆) ယေဟောဝါရဲ့ လမ်းညွှန်မှု လိုတယ်​ဆိုတာ သိလို့ ဘာလုပ်​ရမယ်ဆိုတာ မေးမြန်းတယ်။ လမ်းညွှန်မှု ရတဲ့အခါ အဲဒီအတိုင်း ချက်ချင်း လုပ်ဆောင်တယ်။ ရလဒ်အနေနဲ့ ဒါဝိဒ်​နဲ့ သူ့​လူတွေကို ယေဟောဝါ ကောင်းချီး​ပေးတယ်။ မိသားစုနဲ့ ပိုင်ဆိုင်ရာတွေ အကုန် ပြန်​ရ​လိုက်တယ်။ (၁ ရှ. ၃၀:၇-၉၊ ၁၈၊ ၁၉) ဒါဝိဒ် လုပ်ခဲ့တဲ့​အရာ သုံးခု​ကို သတိထား​မိ​သလား။ ယေဟောဝါ​ဆီ ဆုတောင်း​ပြီး အကူအညီ​တောင်း​တယ်။ အရင်က ယေဟောဝါ လုပ်​ပေး​တာတွေကို ပြန်​စဉ်းစား​တယ်။ ယေဟောဝါရဲ့ လမ်းညွှန်မှု​အတိုင်း လက်တွေ့​လုပ်ဆောင်တယ်။ ဒါဝိဒ်​ကို ဘယ်လို တုပ​နိုင်​သလဲ။ နည်း​သုံးနည်း​ကို ဆွေးနွေး​ကြည့်​ကြ​စို့။

စိုးရိမ်​ပူပန်​တဲ့​အခါ ဒါဝိဒ်​ကို တုပ​ပါ

၁။ ဆုတောင်း​ပါ။ စိုးရိမ်​ပူပန်​တဲ့​အခါတိုင်း အကူအညီ​နဲ့ ဉာဏ်ပညာ ရဖို့ ယေဟောဝါ​ဆီ ဆုတောင်း​နိုင်တယ်။ စိုးရိမ်​ပူပန်မှု အားလုံး​ကို ရင်ဖွင့်​ပြောပြ​ပြီး အကြာကြီး ဆုတောင်း​နိုင်​သလို အခြေအနေ​အရ စိတ်ထဲ​ကနေ​ပဲ တို​တို​လေး ဆုတောင်း​နိုင်တယ်။ ယေဟောဝါ​ဆီ အကူအညီ တောင်း​တဲ့​အခါတိုင်း ‘ယေဟောဝါ​ဟာ ငါ့​ကျောက်ဆောင်၊ ငါ့ရဲတိုက်၊ ငါ့ကို ကယ်တင်​တဲ့​အရှင်​ပါ။ ဘုရားသခင်ဟာ ငါ​ခိုလှုံတဲ့ ကျောက်ဆောင်​ပါ’ လို့ ပြော​ခဲ့​တဲ့ ဒါဝိဒ်လို ယုံကြည်​စိတ်ချမှု ရှိကြောင်း ဖော်ပြ​ရာ​ရောက်တယ်။ (ဆာ. ၁၈:၂) ဆုတောင်း​တာ တကယ် အလုပ်​ဖြစ်​ရဲ့​လား။ ရှေ့​ဆောင် ညီအစ်မ ကာလီယာ​က “ဆုတောင်း​ပြီး​နောက် စိတ်​ငြိမ်သက်မှု ရတယ်။ ယေဟောဝါ​လို စဉ်းစား​တတ်​လာတယ်။ ဘုရား​ကို ပို​ယုံကြည်​ကိုးစား​လာတယ်” လို့ ပြော​တယ်။ ဆုတောင်းခြင်း​ဟာ စိုးရိမ်​ပူပန်မှု​ကို ဖြေရှင်း​ဖို့ ယေဟောဝါ ပြင်ဆင်​ပေး​တဲ့ အစွမ်းထက် အကူအညီ​ပါ​ပဲ။

၂။ ပြန်​စဉ်းစားပါ။ ဘဝမှာ ယေဟောဝါရဲ့ အကူအညီ​ကြောင့်​သာ ခံရပ်​နိုင်​ခဲ့​တဲ့ စမ်းသပ်မှု​တွေ ရှိသလား။ ကိုယ့်ကို​ရော ရှေးခေတ်​ ကျေးကျွန်​တွေ​ကို​ပါ ယေဟောဝါ ဘယ်လို ထောက်မ​ပေး​ကြောင်း ပြန်​စဉ်းစား​တဲ့​အခါ စိတ်​ငြိမ်သက်မှု ရ​လာမယ်။ ဘုရား​ကို ပို​ယုံကြည်​ကိုးစား​လာမယ်။ (ဆာ. ၁၈:၁၇-၁၉) အကြီးအကဲ ညီအစ်ကို ဂျော်ရွှာ​က “အဖြေ​ရတဲ့ ဆုတောင်းချက်​တွေ​ကို စာရင်း​လုပ်ထား​တယ်။ ဒါက ယေဟောဝါ​ဆီ တစ်ခုခု သတ်သတ်မှတ်မှတ် တောင်း​ပြီး လိုအပ်​တာ ရ​လိုက်တဲ့ အချိန်တွေကို ပြန်သတိရ​ဖို့ ကူညီ​ပေးတယ်” လို့ ပြော​တယ်။ ကျွန်တော်​တို့အတွက် ယေဟောဝါ လုပ်​ပေး​တာတွေကို ပြန်​စဉ်းစား​မယ်​ဆိုရင် စိုးရိမ်​ပူပန်မှု​ကို တိုက်ထုတ်​နိုင်​ဖို့ ခွန်အား ရလာမယ်။

၃။ လက်တွေ့​လုပ်ဆောင်ပါ။ ဘာလုပ်​မယ်​ဆိုတာ မဆုံးဖြတ်​ခင် ယုံကြည်​စိတ်ချ​ရ​ဆုံး လမ်းညွှန် ဖြစ်​တဲ့ ကျမ်းစာ​မှာ ရှာဖွေ​လေ့လာ​ပါ။ (ဆာ. ၁၉:၇၊ ၁၁) ကျမ်းချက်​တစ်ခု​ကို ရှာဖွေ​လေ့လာ​တဲ့​အခါ ကိုယ့်​ဘဝနဲ့ ဘယ်လို သက်ဆိုင်​ကြောင်း ပို​နားလည်​လာလေ့​ရှိတာကို လူများစွာ တွေ့ရှိ​ကြတယ်။ အကြီးအကဲ ညီအစ်ကို ဂျဲရက်​က “အဲဒီလို ရှာဖွေ​လေ့လာ​တဲ့​အခါ ကျမ်းချက်​ကို ရှုထောင့် အမျိုးမျိုး​ကနေ မြင်တတ်​လာတယ်။ ယေဟောဝါ ပြော​ချင်​တာ​ကို ပို​သဘောပေါက်​လာတယ်။ စိတ်နှလုံး​ထဲ စိမ့်ဝင်​သွားပြီး လက်တွေ့​ကျင့်သုံး​ဖို့ အကူအညီ ဖြစ်​စေတယ်” လို့ ပြော​တယ်။ ကျမ်းစာ​မှာ ပါ​တဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ရှာဖွေပြီး အဲဒီအတိုင်း လုပ်ဆောင်မယ်​ဆိုရင် စိုးရိမ်​ပူပန်မှု​ကို အောင်မြင်စွာ ဖြေရှင်း​နိုင်​ပါ​လိမ့်မယ်။

အောင်မြင်​ဖို့ ယေဟောဝါ ကူညီ​မယ်

စိုးရိမ်​ပူပန်မှု​ကို အောင်မြင်စွာ ဖြေရှင်း​ဖို့​ဆိုရင် ယေဟောဝါရဲ့ အကူအညီ လိုအပ်ကြောင်း ဒါဝိဒ် နားလည်တယ်။ ဘုရားရဲ့ ကူညီ​ထောက်မမှုကို ကျေးဇူး​တင်​လွန်းလို့ “ဘုရားသခင် ပေးတဲ့ ခွန်အား​ကြောင့် မြို့ရိုး​ကို တက်​နိုင်ပြီ။ စစ်မှန်တဲ့ ဘုရားသခင်​က ငါ့ကို အစွမ်း​ခွန်အား​နဲ့ လွှမ်းခြုံ​ပေးတယ်” လို့ ပြော​တယ်။ (ဆာ. ၁၈:၂၉၊ ၃၂) ကျွန်တော်​တို့​လည်း ကြုံနေ​ရတဲ့ အခက်အခဲ​တွေ​ဟာ တက်​လို့ မရ​နိုင်တဲ့ မြို့ရိုး​လို​ပဲ​လို့ ခံစား​မိ​နိုင်တယ်။ ဒါပေမဲ့ မြို့ရိုး​နဲ့​ တူ​တဲ့ ဘယ်လို အခက်အခဲ​ကို​မဆို ယေဟောဝါရဲ့ အကူအညီ​နဲ့ ကျော်လွှား​နိုင်​ပါ​တယ်။ ယေဟောဝါ​ဆီ ဆုတောင်း​ပြီး အကူအညီ​တောင်း​မယ်၊ ဘုရား လုပ်​ပေး​တာတွေကို ပြန်​စဉ်းစား​မယ်၊ ဘုရား လမ်းညွှန်​တဲ့​အတိုင်း လုပ်ဆောင်မယ်​ဆိုရင် စိုးရိမ်​ပူပန်မှု​တွေ​ကို အောင်မြင်စွာ ရင်ဆိုင်​ဖြေရှင်း​နိုင်​ဖို့ လိုအပ်​တဲ့ ခွန်အား​နဲ့ ဉာဏ်ပညာ ရမယ်ဆိုတာ ယုံကြည်​စိတ်ချ​နိုင်​ပါ​တယ်။

a ပြင်းထန်​တဲ့ စိုးရိမ်​ပူပန်မှု​ကို​တော့ ဆရာဝန်​နဲ့ ပြပြီး ကုသ​သင့်တယ်။