မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၅

သင်ဟာ ‘အပြောအဆိုမှာ စံနမူနာကောင်းသူ’ ဖြစ်သလား

သင်ဟာ ‘အပြောအဆိုမှာ စံနမူနာကောင်းသူ’ ဖြစ်သလား

‘အပြောအဆို​မှာ သစ္စာ​ရှိသူတွေ​အတွက် စံနမူနာ​ကောင်း ဖြစ်​ရမယ်။’—၁ တိ. ၄:၁၂

သီချင်း ၉၀ အချင်းချင်း အားပေး​ကြ

အကြို​သုံးသပ်ချက် a

၁။ စကား​ပြောနိုင်စွမ်း​ကို ဘယ်က ရသလဲ။

 စကား​ပြောနိုင်စွမ်း​ဟာ မေတ္တာရှင် ဘုရားသခင်​ဆီက လက်ဆောင် ဖြစ်တယ်။ ဦးဆုံး​လူသား အာဒံဟာ ဖန်ဆင်း​ခံ​ရပြီး​ပြီး​ချင်း​မှာပဲ စကားလုံး​တွေ သုံးပြီး ကောင်းကင်​ဖခင်​နဲ့ ပြောဆို​ဆက်သွယ်​နိုင်​ခဲ့တယ်။ စကားလုံး​သစ်​တွေ ဖန်တီး​ပြီး​တော့​လည်း ဝေါဟာရ​ကို ချဲ့ထွင်​တယ်။ ဒီ​အရည်အသွေးကို သုံးပြီး တိရစ္ဆာန်​အားလုံး​ကို နာမည်​ပေးတယ်။ (က. ၂:၁၉) လူသား​နောက်​တစ်ယောက် ဖြစ်​တဲ့ ဇနီး​ချော ဧဝ​ကို ဦးဆုံး​အကြိမ် စကားပြော​ချိန်မှာ သိပ်​ကို စိတ်​လှုပ်ရှား​ခဲ့​မှာပဲ။—က. ၂:၂၂၊ ၂၃

၂။ အရင်က​ရော အခု​ပါ စကား​ပြောနိုင်စွမ်း​ကို လူတွေ ဘယ်လို တလွဲ​အသုံးပြု​ကြသလဲ။

စကား​ပြောနိုင်စွမ်း လက်ဆောင်​ကို မကြာခင်​မှာပဲ တလွဲသုံး​လာကြတယ်။ ဧဝ​ကို စာတန်​မာရ်နတ် လိမ်လည်တယ်။ အဲဒီ​လိမ်လည်​စကား​ကြောင့် လူသားတွေ အပြစ်နဲ့ မစုံလင်မှု​အောက် ရောက်​ခဲ့​ရတယ်။ (က. ၃:၁-၄) အာဒံဟာ ကိုယ့်​အမှား​အတွက် ဧဝ​ကို​ရော ယေဟောဝါ​ကို​ပါ အပြစ်တင်​ချိန်မှာ စကား​ပြောနိုင်စွမ်း​ကို တလွဲသုံး​ခဲ့တယ်။ (က. ၃:၁၂) ကာအိန​က ညီ​အာဗေလ​ကို သတ်​ပြီး​နောက် ယေဟောဝါ​ကို လိမ်​တယ်။ (က. ၄:၉) နောက်ပိုင်း၊ ကာအိန​ရဲ့ မျိုးဆက် လာ​မက် ရေးခဲ့တဲ့ ကဗျာ​က သူတို့​ခေတ်​မှာ ဖြစ်​နေတဲ့ အကြမ်းဖက်မှုကို ဖော်ပြ​တယ်။ (က. ၄:၂၃၊ ၂၄) ဒီနေ့​ခေတ် အခြေအနေ​ကော။ နိုင်ငံရေး ခေါင်းဆောင်​တွေ​ဟာ လူထု​ရှေ့​မှာ​တောင် ရိုင်းစိုင်းတာ​တွေ ပြော​လာကြတယ်။ ညစ်ညမ်း​တဲ့ စကား မပါတဲ့ ရုပ်ရှင် မရှိသလောက်​ပဲ။ ကျောင်းသား​တွေ​က ကျောင်း​မှာ၊ လူကြီးတွေ​က အလုပ်မှာ ညစ်ညမ်း​တဲ့ စကား​တွေ ကြားနေ​ရတယ်။ ညစ်ညမ်း​တဲ့ အပြောအဆို ပျံ့နှံ့​နေတာ​က လောက​အခြေအနေ ဘယ်လောက် ဆိုး​နေပြီ​လဲ​ဆိုတာ ဖော်ပြ​တယ်။

၃။ ဘာကို သတိထား​ရမလဲ။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ကျွန်တော်​တို့ သတိ​မထားဘူးဆို​ရင် ညစ်ညမ်း​တဲ့ စကား​တွေ ကြား​တာ နားယဉ်​လာပြီး ကိုယ်တိုင် စ​သုံး​မိ​နိုင်တယ်။ ခရစ်ယာန်​တွေ​အနေ​နဲ့ ယေဟောဝါရဲ့ နှစ်သက်မှု ရ​ချင်​ကြ​လို့ ညစ်ညမ်း​တဲ့ စကား​တွေ ဘယ်တော့မှ ပြော​မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ​လောက်​ပဲ မဟုတ်ဘူး။ စကား​ပြောနိုင်စွမ်း လက်ဆောင် သုံးပြီး ဘုရား​ကို ချီးမွမ်း​သင့်တယ်။ (၁) အမှုဆောင်မှာ၊ (၂) အသင်းတော် အစည်းအဝေး​မှာ၊ (၃) နေ့စဉ် စကားပြော​ဆို​ရာ​မှာ ဘုရား​ကို ဘယ်လို ချီးမွမ်း​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။ ဦးဆုံး၊ ကျွန်တော်​တို့​ရဲ့ အပြောအဆိုကို ယေဟောဝါ ဘာကြောင့် စိတ်ဝင်စား​ကြောင်း ဆွေးနွေး​ကြည့်​ရအောင်။

ကျွန်တော်​တို့​ရဲ့ အပြောအဆိုကို ယေဟောဝါ စိတ်ဝင်စား

ကိုယ့်​အပြောအဆို​က စိတ်နှလုံး​ထဲ ရှိတာကို ဘယ်လို ဖော်ပြ​သလဲ (စာပိုဒ် ၄-၅ ကို ကြည့်​ပါ) d

၄။ မာလခိ ၃:၁၆ အရ ကျွန်တော်​တို့​ရဲ့ အပြောအဆိုကို ယေဟောဝါ ဘာကြောင့် စိတ်ဝင်စား​သလဲ။

မာလခိ ၃:၁၆ ကို ဖတ်ပါ။ ယေဟောဝါကို ကြောက်ရွံ့​ရိုသေပြီး နာမတော်​အကြောင်း တွေးတော​ဆင်ခြင်​နေမှန်း ကိုယ့်​အပြောအဆို​နဲ့ ဖော်ပြ​သူတွေရဲ့ နာမည်​ကို “အောက်မေ့​ရာ စာစောင်” ထဲမှာ ဘုရား ရေးမှတ်​ထား​တယ်။ ဘာကြောင့်လဲ။ အပြောအဆို​ဟာ စိတ်နှလုံး​ထဲ ရှိတာကို ဖော်ပြ​လို့​ပဲ။ “စိတ်ထဲ ရှိတာ​တွေ​ပဲ နှုတ်​က ထွက်​တတ်တယ်” လို့ ယေရှု ပြော​တယ်။ (မ. ၁၂:၃၄) ယေဟောဝါ​ကို ဘယ်လောက် ချစ်တယ်​ဆိုတာ ကိုယ့်​အပြောအဆို​က ဖော်ပြ​တယ်။ ယေဟောဝါ​က မိမိကို ချစ်တဲ့​သူတွေကို ကမ္ဘာသစ်​မှာ ထာဝရ​အသက် ရစေ​ချင်​တယ်။

၅။ (က) ကိုယ့်​အပြောအဆို​နဲ့ ဝတ်ပြုမှု ဘယ်လို ဆက်စပ်​နေသလဲ။ (ခ) ရုပ်ပုံ​မှာ ဖော်ပြ​ထား​တဲ့​အတိုင်း အပြောအဆို​နဲ့​ပတ်သက်ပြီး ဘာကို သတိထား​ရမလဲ။

ကိုယ့်​ဝတ်ပြုမှု​ကို ယေဟောဝါ လက်ခံ မခံ ကိုယ့်​ပြောဆို​ပုံ​က ပိုင်းဖြတ်​ပေး​နိုင်တယ်။ (ယာ. ၁:၂၆) ဘုရား​ကို မချစ်​သူတချို့ ကြမ်းကြမ်းတမ်းတမ်း၊ မောက်မောက်မာမာ ပြောဆို​ကြတယ်။ (၂ တိ. ၃:၁-၅) ကျွန်တော်​တို့​က​တော့ သူတို့နဲ့ မတူ​ချင်​ကြဘူး။ ကိုယ့်​အပြောအဆို​အားဖြင့် ယေဟောဝါရဲ့ နှစ်သက်မှု ရချင်ကြတယ်။ ဒါပေမဲ့ အသင်းတော် အစည်းအဝေး၊ အမှုဆောင်မှာ​ပဲ စကား​ကို ချိုချိုသာသာ ပြော​ပြီး ဘယ်သူမှ မမြင်နိုင်​တဲ့ အိမ်မှာ​တော့ မိသားစုဝင်တွေကို မကြင်မနာ၊ ကြမ်းကြမ်းတမ်းတမ်း ပြော​တယ်​ဆိုရင် ယေဟောဝါရဲ့ နှစ်သက်မှု ရနိုင်​ပါ့​မလား။—၁ ပေ. ၃:၇

၆။ စကား​ပြောနိုင်စွမ်း​ကို ကောင်းကောင်း အသုံးပြု​လို့ ကင်ဘာလီ ဘာ​ရလဒ်ကောင်း ရသလဲ။

စကား​ပြောနိုင်စွမ်း လက်ဆောင်​ကို ကောင်းကောင်း အသုံးပြုမယ်​ဆိုရင် ယေဟောဝါ​ကို ဝတ်ပြု​သူတွေ ဖြစ်ကြောင်း ခွဲခြား​သိစေတယ်။ “ဘုရား​အမှုဆောင်​သူနဲ့ ဘုရား​အမှု မ​ဆောင်​သူရဲ့ ကွာခြား​ချက်​ကို” ကိုယ့်​ဝန်းကျင်​က လူတွေ ကွဲကွဲပြားပြား သိအောင် ကူညီ​ပေး​နိုင်တယ်။ (မာလ. ၃:၁၈) အဲဒီ​အချက် မှန်ကန်ကြောင်း ညီအစ်မ ကင်ဘာလီရဲ့ အတွေ့အကြုံ​က ဖော်ပြ​တယ်။ b ကျောင်း​မှာ အတန်းဖော်​တစ်ယောက်​နဲ့ အိမ်စာ​တွဲ​လုပ်ဖို့ တာဝန်​ရတယ်။ တခြား​ကျောင်းသား​တွေ​နဲ့ မတူ​ကြောင်း အိမ်စာ​လုပ်ပြီးနောက် အတန်းဖော် သတိထား​မိတယ်။ ကင်ဘာလီဟာ တခြား​သူတွေ​အကြောင်း ကွယ်ရာ​မှာ အတင်းအဖျင်း မပြောဘူး။ အကောင်း​ပဲ ပြော​တယ်။ ညစ်ညမ်း​တဲ့ စကား​တွေ မသုံး​ဘူး။ ဒါ​ကြောင့် အတန်းဖော် အထင်ကြီး​လေးစား​သွားပြီး နောက်ဆုံး​မှာ ကျမ်းစာ​လေ့လာ​ဖို့ သဘောတူ​လိုက်တယ်။ လူတွေကို အမှန်တရား​ထဲ ဆွဲဆောင်​နိုင်​မယ့် နည်းနဲ့ ကျွန်တော်​တို့ စကားပြော​တဲ့​အခါ ယေဟောဝါ သိပ်​နှစ်သက်တယ်။

၇။ စကား​ပြောနိုင်စွမ်း​ဆို​တဲ့ ဘုရား​ပေး လက်ဆောင်​ကို ဘယ်လို သုံးချင်​သလဲ။

ကျွန်တော်​တို့အားလုံး ယေဟောဝါ​ကို ဂုဏ်တင်​ဖို့၊ ညီအစ်ကို/မ​တွေ​နဲ့ ပို​ရင်းနှီး​ဖို့ ကိုယ့်​စကား​ပြောနိုင်စွမ်း​ကို သုံးချင်​ကြတယ်။ ဒါ​ကြောင့် ‘အပြောအဆို​မှာ စံနမူနာ​ကောင်း’ ဆက်​ဖြစ်စေ​မယ့် လက်တွေ့ကျ​နည်းတွေကို သုံးသပ်ကြည့်​ကြ​စို့။

အမှုဆောင်​လုပ်ငန်းမှာ စံနမူနာ​ကောင်း ဖြစ်ပါ

အမှုဆောင်မှာ ကြင်ကြင်နာနာ ပြော​တာ​ကို ယေဟောဝါ နှစ်သက် (စာပိုဒ် ၈-၉ ကို ကြည့်​ပါ)

၈။ အမှုဆောင်​လုပ်ငန်းမှာ အပြောအဆို​နဲ့​ပတ်သက်ပြီး ယေရှု ဘယ်​စံနမူနာ ချမှတ်​သလဲ။

ဒေါသ​ဆွခံ​ရတဲ့အခါ ကြင်ကြင်နာနာ၊ လေးလေးစားစား ပြန်ပြော​ပါ။ မြေကြီးပေါ် အမှုဆောင်​တုန်း​က ယေရှုဟာ စားကြူး​သောက်ကြူး​သူ၊ မာရ်နတ် ဘက်တော်သား၊ ဥပုသ်​ပညတ် ချိုးဖောက်​သူ၊ ဘုရား​ကို စော်ကား​ပြောဆိုသူ​အဖြစ် မတရား​စွပ်စွဲ​ခံရတယ်။ (မ. ၁၁:၁၉။ ၂၆:၆၅။ လု. ၁၁:၁၅။ ယော. ၉:၁၆) ဒါပေမဲ့ ယေရှု ဒေါသ​နဲ့ မတုံ့ပြန်​ဘူး။ ယေရှု​လို​ပဲ ကျွန်တော်​တို့​လည်း ကြမ်းကြမ်းတမ်းတမ်း ပြောဆို​ခံရတဲ့​အခါ ဒေါသ​နဲ့ မတုံ့ပြန်​သင့်ဘူး။ (၁ ပေ. ၂:၂၁-၂၃) ဒါပေမဲ့ ချုပ်တည်း​ဖို့ မလွယ်​ဘူး။ (ယာ. ၃:၂) ဘာက ကူညီ​ပေး​မလဲ။

၉။ ဟောပြောခြင်း​လုပ်ငန်းမှာ အပြောအဆို ထိန်းချုပ်​နိုင်​ဖို့ ဘာက ကူညီ​ပေး​မလဲ။

ကောင်းကောင်း မတုံ့ပြန်​တဲ့ အိမ်ရှင်​နဲ့ တွေ့​တဲ့​အခါ စိတ်မဆိုး​ပါ​နဲ့။ ညီအစ်ကို ဆမ်က “အိမ်ရှင် အမှန်တရား ကြား​ဖို့ လို​တာ၊ ပြောင်းလဲ​နိုင်တဲ့ အလားအလာ ရှိတာကို​ပဲ ကျွန်တော် အာရုံစိုက်​တယ်” လို့ ပြော​တယ်။ တစ်ခါ​တ​လေ အိမ်ရှင် စိတ်ဆိုး​နေတဲ့ အချိန် သွား​မိ​တာ ဖြစ်​နိုင်တယ်။ စိတ်ဆိုး​နေ​သူ​တစ်ယောက်​နဲ့ တွေ့​တဲ့​အခါ ညီအစ်မ လူ​စီ​ယာ​လို လုပ်ပါ။ တည်တည်ငြိမ်ငြိမ် ဆက်​ရှိအောင်၊ မကြင်မနာ၊ မလေးမစား ပြန်​မပြော​မိအောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​နိုင်တယ်။

၁၀။ ၁ တိမောသေ ၄:၁၃ အရ ဘယ်​ပန်းတိုင် ထား​သင့်သလဲ။

၁၀ ပို​ထိရောက်တဲ့ သွန်သင်သူ ဖြစ်ပါ။ တိမောသေ​ဟာ အတွေ့အကြုံ​ရှိ အမှုဆောင်​တစ်ယောက် ဖြစ်တာ​တောင် ဆက်​တိုးတက်​ဖို့ လိုအပ်​ခဲ့တယ်။ (၁ တိမောသေ ၄:၁၃ ကို ဖတ်ပါ။) ကျွန်တော်​တို့​လည်း အမှုဆောင်​လုပ်ငန်းမှာ ပို​ထိရောက်တဲ့ သွန်သင်သူ ဘယ်လို ဖြစ်​နိုင်​သလဲ။ ကောင်းကောင်း ပြင်ဆင်​ပါ။ ထိရောက်တဲ့ သွန်သင်သူ ဖြစ်အောင် ကူညီ​ပေး​နိုင်တဲ့ ကိရိယာ အမျိုးမျိုး ရထားလို့ ကျေးဇူး​တင်စရာ​ပါ​ပဲ။ ဖတ်ရှုခြင်း​နဲ့ သွန်သင်ခြင်း​မှာ ကြိုးစား​ပါ စာစောင်၊ ခရစ်ယာန် အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း လေ့ကျင့်ခန်း​စာစောင် ရဲ့ “အမှုဆောင်​လုပ်ငန်းမှာ ကျင့်သုံး​ပါ” အပိုင်း​မှာ အကူအညီ ဖြစ်စေ​မယ့် အချက်အလက်​တွေ ရှာတွေ့​နိုင်တယ်။ အဲဒီ​ကိရိယာ​တွေ​ကနေ သင် အကျိုး​ရယူ​နေ​သလား။ ကောင်းကောင်း ပြင်ဆင်​မယ်​ဆိုရင် ကြောက်​စိတ် နည်းလာ​ပြီး ယုံကြည်​စိတ်ချမှု တိုးများ​လာပါလိမ့်မယ်။

၁၁။ ခရစ်ယာန်​တချို့ ဘယ်လိုနည်းနဲ့ ပို​ထိရောက်တဲ့ သွန်သင်သူ ဖြစ်လာ​သလဲ။

၁၁ အသင်းတော်မှာ တခြား​သူတွေဆီ​ကနေ လေ့လာ​သင်ယူခြင်း​အားဖြင့်လည်း သွန်သင်သူ​ကောင်း ဖြစ်​နိုင်တယ်။ အစောပိုင်းမှာ ဖော်ပြ​တဲ့ ဆမ်က ညီအစ်ကို/မတ​ချို့ ဘာကြောင့် သွန်သင်သူ​ကောင်း​တွေ ဖြစ်နေ​တာလဲ​လို့ ကိုယ့်ကိုယ်ကိုယ် မေးလေ့​ရှိတယ်။ သူတို့ရဲ့ သွန်သင်​နည်းတွေကို သေသေချာချာ လေ့လာ​ပြီး တုပ​ဖို့ ကြိုးစား​တယ်။ ညီအစ်မ တာလီယာက အတွေ့အကြုံ​ရှိ ညီအစ်ကို​တွေ​ရဲ့ လူထု​ဟောပြောချက် ပေး​ပုံ​ကို သေသေချာချာ အာရုံစိုက်​ခြင်း​အားဖြင့် အမှုဆောင်မှာ လူတွေ မေးလေ့​ရှိတဲ့ မေးခွန်းတွေကို ဘယ်လို ဆွေးနွေး​ရမလဲ​ဆိုတာ သင်ယူတယ်။

အစည်းအဝေး​မှာ စံနမူနာ​ကောင်း ဖြစ်ပါ

အစည်းအဝေးတွေမှာ လှိုက်လှိုက်လှဲလှဲ သီချင်းဆို​တာ​ကို ယေဟောဝါ နှစ်သက် (စာပိုဒ် ၁၂-၁၃ ကို ကြည့်​ပါ)

၁၂။ တချို့​အတွက် ဘာလုပ်ဖို့ ခက်​သလဲ။

၁၂ အသင်းတော် အစည်းအဝေးတွေမှာ သီချင်း ပါဝင်​သီဆိုခြင်း၊ ကောင်းကောင်း ပြင်ဆင်​ထား​တဲ့ မှတ်ချက်​တွေ ပေးခြင်း​အားဖြင့် အစီအစဉ်ကို ထောက်မ​နိုင်တယ်။ (ဆာ. ၂၂:၂၂) လူအများ​ရှေ့ သီချင်းဆို​ရမှာ၊ မှတ်ချက်​ပေး​ရမှာ တချို့​အတွက် ခက်​နိုင်တယ်။ သင့်အတွက်​ကော။ ခက်တယ်​ဆိုရင် အဲဒီ​အခက်အခဲ​ကို ကျော်ဖြတ်​ခဲ့​သူတွေဆီ​ကနေ သင်ယူ​နိုင်​ပါ​တယ်။

၁၃။ အစည်းအဝေးတွေမှာ လှိုက်လှိုက်လှဲလှဲ သီချင်းဆို​ဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။

၁၃ လှိုက်လှိုက်လှဲလှဲ သီချင်း​ဆိုပါ။ နိုင်ငံတော်​သီချင်းတွေ ဆို​တဲ့ အဓိက ရည်ရွယ်ချက်​ဟာ ယေဟောဝါ​ကို ချီးမွမ်း​ဖို့ ဖြစ်တယ်။ ညီအစ်မ စာရာ​ဟာ ကိုယ့်ကိုယ်ကိုယ် သီချင်းဆို​ကောင်း​သူ​လို့ မယူဆ​ဘူး။ ဒါပေမဲ့ သီချင်း​ဆိုပြီး ယေဟောဝါ​ကို ချီးမွမ်း​ချင်​တယ်။ ဒါ​ကြောင့် အစည်းအဝေး​အတွက် ပြင်ဆင်​တဲ့​အခါ သီချင်းတွေကို​လည်း ကြိုတင်​လေ့ကျင့်​တယ်။ လေ့လာ​မယ့် အကြောင်းအရာနဲ့ သီချင်း​စာသား ဘယ်လို ဆက်စပ်​နေကြောင်း သိအောင် ကြိုးစား​တယ်။ “ဒါက သီချင်းဆို​နိုင်စွမ်း​ထက် စကားလုံး​တွေ​ကို ပို​အာရုံစိုက်​ဖို့ ကူညီ​ပေးတယ်” လို့ ပြော​တယ်။

၁၄။ သင်ဟာ ရှက်တတ်​သူ ဖြစ်​မယ်​ဆိုရင် အစည်းအဝေးတွေမှာ မှတ်ချက်​ပေးဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။

၁၄ မှန်မှန် မှတ်ချက်​ပေး​ပါ။ အဲဒီလို​လုပ်ဖို့ တချို့​အတွက် ခက်​နိုင်တယ်။ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ တာလီယာက “ကျွန်မ လူ​ကြောက်​တတ်တယ်။ ကိုယ့်​အသံ​က တည်တည်ငြိမ်ငြိမ်​ပဲ​ဆိုတော့ လူတွေ သတိ​မထား​မိ​ပေမဲ့ မှတ်ချက်​ပေး​တာ ကျွန်မ​အတွက် အရမ်း​ခက်တယ်” လို့ ပြော​တယ်။ ဒါပေမဲ့ မှတ်ချက်​မပေး​ဘဲ မနေပါဘူး။ ဦးဆုံး​မှတ်ချက်​ဟာ မေးခွန်းရဲ့ တိုက်ရိုက်​အဖြေကို လိုရင်းတိုရှင်း ပေးဖို့ ဖြစ်​ကြောင်း မှတ်ထားပြီး ပြင်ဆင်​တယ်။ “ကိုယ့်​မှတ်ချက်​က လိုရင်းတိုရှင်း တိုက်ရိုက်​အဖြေ ဖြစ်​ပေမဲ့ အဆင်ပြေတယ်။ အဲဒီလို မှတ်ချက်​ကိုပဲ သင်တန်း​ကိုင်​သူ လိုချင်​တာ” လို့ ပြော​တယ်။

၁၅။ ကိုယ့်ရဲ့ မှတ်ချက်​နဲ့​ပတ်သက်ပြီး ဘာကို သတိရ​သင့်သလဲ။

၁၅ ပြောရဲဆိုရဲ ရှိတဲ့ ခရစ်ယာန်​တွေ​တောင် တစ်ခါ​တ​လေ မှတ်ချက်​ပေးဖို့ တွန့်ဆုတ်​ကြတယ်။ ဘာကြောင့်လဲ။ “ကိုယ့်​အဖြေ ရိုးရှင်း​လွန်း​ပြီး သိပ်​မကောင်း​မှာ စိုးလို့ အဖြေ​ပေးဖို့ တွန့်ဆုတ်​တဲ့​အခါ​တွေ ရှိတယ်” လို့ ညီအစ်မ ဂျူလီယက် ပြော​တယ်။ ဒါပေမဲ့ ကျွန်တော်​တို့ တတ်​နိုင်သလောက် အကောင်းဆုံး ဖြေဖို့​ကိုပဲ ယေဟောဝါ မျှော်လင့်တယ်​ဆိုတာ သတိရပါ။ c ကြောက်​စိတ်​ကို ဘေးဖယ်​ပြီး အသင်းတော် အစည်းအဝေးတွေမှာ ချီးမွမ်း​ဖို့ ကျွန်တော်​တို့​ရဲ့ စိတ်ပိုင်း​ဖြတ်​ချက်​ကို ဘုရား သိပ်​တန်ဖိုးထား​လေးမြတ်တယ်။

နေ့စဉ် စကားပြော​ဆို​တဲ့​အခါ စံနမူနာ​ကောင်း ဖြစ်ပါ

၁၆။ ဘယ်လို​စကား​မျိုးကို ရှောင်​ရမလဲ။

၁၆ “ဆဲဆို​ခြင်း” ပုံစံ​အမျိုးမျိုးကို ရှောင်ပါ။ (ဧ. ၄:၃၁) အစောပိုင်းမှာ ဖော်ပြ​သလို ခရစ်ယာန်​တွေ​ဟာ ညစ်ညမ်း​တဲ့ စကား ဘယ်တော့မှ မပြော​သင့်ဘူး။ ဒါပေမဲ့ သိပ်​မသိသာ​တဲ့ ဆဲဆို​ခြင်း ပုံစံ​တွေ​လည်း ရှိလို့ သတိထား​သင့်တယ်။ ဥပမာ၊ တခြား ယဉ်ကျေးမှု၊ လူမျိုး​အကြောင်း ချိုးချိုးဖဲ့ဖဲ့ နှိမ်​ပြော​တာ​ကို သတိထား​ရမယ်။ တခြား​သူတွေကို ထိခိုက်အောင် မှိုချိုးမျှစ်ချိုး ဝေဖန်တာ​မျိုး​လည်း မ​လုပ်သင့်​ဘူး။ ညီအစ်ကို​တစ်ယောက်က “တစ်ခါ​တ​လေ ဟာသ​သဘော​နဲ့ ဘာမှ မဖြစ်ပါဘူး​လို့ ထင်​ပြီး ချိုးချိုးနှိမ်နှိမ် ပြောလိုက်​ပေမဲ့ တခြား​သူကို စိတ်ထိခိုက်​စေ​တာ​မျိုး ဖြစ်​သွားတယ်။ ကျွန်တော့်​ဇနီး​က သူ့​အပေါ်၊ တခြား​သူတွေ​အပေါ် ကျွန်တော် ရိုင်းရိုင်းစိုင်းစိုင်း ပြော​မိ​တာ၊ စိတ်ထိခိုက်​စေ​တာတွေကို နှစ်ယောက်​တည်း ရှိတဲ့​အချိန်တွေမှာ ထောက်ပြ​ပြီး ကူညီ​ပေးတယ်” လို့ ပြော​တယ်။

၁၇။ ဧဖက် ၄:၂၉ အရ တခြား​သူတွေကို ဘယ်လို တည်ဆောက်​နိုင်​သလဲ။

၁၇ တခြား​သူတွေ​အတွက် တည်ဆောက်မှု ဖြစ်စေ​မယ့်​နည်းနဲ့ ပြောဆို​ပါ။ ပြစ်တင်​ဝေဖန်တာ၊ ညည်းညူ​မြည်တမ်းတာ​ထက် ချီးမွမ်း​စကား​ကို အမြဲ ပြောပါ။ (ဧဖက် ၄:၂၉ ကို ဖတ်ပါ။) အစ္စရေး​တွေ​မှာ ကျေးဇူး​တင်စရာ များစွာ ရှိပေမဲ့ အမြဲလိုလို ညည်းညူ​မြည်တမ်း​ကြတယ်။ ညည်းညူ​တဲ့ စိတ်​ဟာ ကူးစက်​တတ်တယ်။ သူလျှို​ဆယ်ယောက်​ရဲ့ စိတ်ဓာတ်ကျ​စ​ရာ စကား​ကြောင့် ‘အစ္စရေး​အားလုံး မောရှေ​ကို ပြစ်တင်​ညည်းညူ’ ကြ​တာ သတိရပါ။ (တော. ၁၃:၃၁–၁၄:၄) ချီးမွမ်း​စကား​က​တော့ လူတိုင်းကို ပျော်ရွှင်​စေတယ်။ ယေဖသရဲ့ သမီးဟာ သူငယ်ချင်းတွေရဲ့ ချီးမွမ်း​စကား​ကြောင့် သစ္စာရှိ​ရှိ အမှုဆောင်ဖို့ အားရှိခဲ့​တယ်။ (သူကြီး. ၁၁:၄၀) အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ စာရာ​က “တခြား​သူတွေကို ချီးမွမ်း​တဲ့​အခါ ယေဟောဝါ​ကော ညီအစ်ကို/မ​တွေ​ပါ သူတို့ကို ချစ်တယ်လို့ ခံစား​ရအောင် ကူညီ​ပေး​ရာ​ရောက်တယ်” လို့ ပြော​တယ်။ ဒါ​ကြောင့် စိတ်ရင်းမှန်​နဲ့ ချီးမွမ်း​ဖို့ အခွင့်အရေး ရှာပါ။

၁၈။ ဆာလံ ၁၅:၁၊ ၂ အရ ဘာကြောင့် အမှန်အတိုင်း ပြော​ရမလဲ။ အဲဒီ​ထဲမှာ ဘာ​ပါဝင်​သလဲ။

၁၈ မှန်တာကို ပြောဆို​ပါ။ အမှန်အတိုင်း မပြော​ရင် ယေဟောဝါရဲ့ နှစ်သက်မှု မရ​နိုင်ဘူး။ လိမ်လည်မှု ပုံစံ​အားလုံး​ကို ဘုရား မုန်းတယ်။ (ပညာ. ၆:၁၆၊ ၁၇) ဒီနေ့​ခေတ် လူများစွာ​အတွက် လိမ်ပြော​တာ ဘာမှ မ​ဆန်း​ပေမဲ့ ကျွန်တော်​တို့​က​တော့ ယေဟောဝါရဲ့ အမြင်မျိုး ရှိရမယ်။ (ဆာလံ ၁၅:၁၊ ၂ ကို ဖတ်ပါ။) တမင်တကာ လိမ်ပြော​တာ၊ ထင်ယောင်ထင်မှား ဖြစ်အောင် ပြော​တာတွေကို ရှောင်ရမယ်။

အတင်းအဖျင်း​စကား​ကို တည်ဆောက်မှု ဖြစ်စေ​တဲ့ စကား​ဘက် လမ်းကြောင်း ပြောင်း​ပေး​တဲ့​အခါ ယေဟောဝါ နှစ်သက် (စာပိုဒ် ၁၉ ကို ကြည့်​ပါ)

၁၉။ စကားပြော​တဲ့​အခါ နောက်ထပ် ဘာကို သတိထား​ရမလဲ။

၁၉ အန္တရာယ်​ရှိတဲ့ အတင်းအဖျင်း ပြော​တာ​ကို ရှောင်ပါ။ (ပညာ. ၂၅:၂၃။ ၂ သက်. ၃:၁၁) အစောပိုင်းမှာ ဖော်ပြ​တဲ့ ဂျူလီယက်​က “အတင်းအဖျင်း​စကား​တွေ နားထောင်တာ စိတ်ဓာတ်​ကျစေ​တယ်။ အတင်း​ပြောသူ​ကို အယုံအကြည် ပျက်​စေတယ်။ အဲဒီလို​လူက ကိုယ့်​အကြောင်းလည်း တခြား​သူတွေကို အတင်း​ပြော​မှာပဲ” လို့ ပြော​တယ်။ စကားပြော​နေရင်း အန္တရာယ်​ရှိတဲ့ အတင်းအဖျင်း​ဘက် ရောက်သွား​ရင် လမ်းကြောင်း​ ပြောင်း​လိုက်ပါ။—ကော. ၄:၆

၂၀။ ဘယ်လို အပြောအဆို ဖြစ်ဖို့ စိတ်ပိုင်း​ဖြတ်​ထား​သင့်သလဲ။

၂၀ မကောင်းတဲ့ အပြောအဆို ပျံ့နှံ့​နေတဲ့ လောကမှာ ကျွန်တော်​တို့ အသက်ရှင်​နေရတဲ့​အတွက် ယေဟောဝါ နှစ်သက်​တဲ့ အပြောအဆို ဖြစ်အောင် ကြိုးစား​အားထုတ်​ရမယ်။ စကား​ပြောနိုင်စွမ်း​ဟာ ယေဟောဝါ​ဆီက လက်ဆောင် ဖြစ်​ကြောင်း၊ ဘယ်လို သုံး​နေတယ်​ဆိုတာ ဘုရား စိတ်ဝင်စား​ကြောင်း သတိရပါ။ အမှုဆောင်​လုပ်ငန်းမှာ၊ အစည်းအဝေးတွေမှာ၊ နေ့စဉ် စကားပြော​ဆို​ရာ​မှာ အပြုသဘောပါပါ ပြောဆို​ဖို့ ကြိုးစား​ရင် ဘုရား ကောင်းချီး​ပေး​ပါ​လိမ့်မယ်။ ဘုရားတရား​မဲ့တဲ့ အစီအစဉ်​စနစ် အဆုံးတိုင်​တဲ့​အခါ ယေဟောဝါ​ကို ဂုဏ်တင်​ချီးမွမ်း​ဖို့ ပို​လွယ်ကူ​လာပါလိမ့်မယ်။ (ယု. ၁၅) ဒီ​အတောအတွင်းမှာတော့ ‘ကိုယ့်​နှုတ်​က ထွက်​တဲ့ စကား​တွေ’ ကို ယေဟောဝါ နှစ်သက်တဲ့ စကား ဖြစ်စေ​ဖို့ စိတ်ပိုင်း​ဖြတ်​ထား​ကြပါစို့။—ဆာ. ၁၉:၁၄

သီချင်း ၁၂၁ ချုပ်တည်း​ကြရမယ်

a စကား​ပြောနိုင်စွမ်း​ဆို​တဲ့ အံ့ဖွယ် ဆု​လက်ဆောင်​ကို ယေဟောဝါ ပေး​ထား​တယ်။ ဒါပေမဲ့ လူအများစု​က အဲဒီ​လက်ဆောင်​ကို ယေဟောဝါ ရည်ရွယ်​တဲ့​အတိုင်း မသုံး​ကြဘူး။ လောက စံနှုန်း​တွေ ယိုယွင်း​ကျဆင်း​နေချိန်မှာ သန့်ရှင်းတဲ့၊ တည်ဆောက်မှု ဖြစ်စေ​တဲ့ စကား ပြောဆို​နိုင်​ဖို့ ဘာက ကူညီ​ပေး​မလဲ။ အမှုဆောင်မှာ ပါဝင်​တဲ့​အခါ၊ အသင်းတော် အစည်းအဝေးတွေ တက်​တဲ့​အခါ၊ တခြား​သူတွေနဲ့ စကားပြော​တဲ့​အခါ ယေဟောဝါ နှစ်သက်တဲ့ အပြောအဆို ဖြစ်အောင် ဘယ်လို လုပ်နိုင်သလဲ။ ဒီဆောင်းပါး​မှာ အဲဒီ​မေးခွန်းတွေကို ဆွေးနွေးပါ​မယ်။

b အမည်​လွှဲ​များ။

c မှတ်ချက်​ပေး​တာ​နဲ့​ပတ်သက်ပြီး ထပ်​သိချင်ရင် ၂၀၁၉၊ ဇန်နဝါရီ​လထုတ် ကင်းမျှော်စင်အသင်းတော်မှာ ယေဟောဝါ​ကို ချီးမွမ်း​ပါ” ဆောင်းပါး​ကို ကြည့်​ပါ။

d ပုံအညွှန်း– စိတ်ဆိုး​နေတဲ့ အိမ်ရှင်ကို ညီအစ်ကို​တစ်ယောက် ကြမ်းကြမ်းတမ်းတမ်း ပြန်ပြော​နေ။ အသင်းတော်မှာ ညီအစ်ကို​တစ်ယောက် သီချင်း မဆို။ ညီအစ်မ​တစ်ယောက် အတင်းအဖျင်း ပြော​နေ။