မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၆

ယေဟောဝါအတွက် ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးဆက်ခြင်းက ပျော်ရွှင်စေ

ယေဟောဝါအတွက် ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးဆက်ခြင်းက ပျော်ရွှင်စေ

“လူတိုင်း ကိုယ့်​လုပ်ရပ်တွေကို​ပဲ ဆန်းစစ်​ပါ။”—ဂလ. ၆:၄

သီချင်း ၃၇ ယေဟောဝါ​ကို တစ်သက်တာလုံး ဝတ်ပြုခြင်း

အကြို​သုံးသပ်ချက် a

၁။ ဘာက ပျော်ရွှင်​စေ​သလဲ။

 ကျွန်တော်​တို့ကို ယေဟောဝါ ပျော်ရွှင်​စေချင်တယ်။ ဝမ်းမြောက်ခြင်းဟာ သန့်ရှင်းသော စွမ်းအားတော် အရည်အသွေး ဖြစ်​မှန်း ကျွန်တော်​တို့ သိတယ်။ (ဂလ. ၅:၂၂) ရယူခြင်း​ထက် ပေးကမ်း​ခြင်း​က ပို​ပျော်ရွှင်​စေ​တဲ့​အတွက် အမှုဆောင်​လုပ်ငန်းမှာ အပြည့်အဝ ပါဝင်​တဲ့​အခါ၊ ညီအစ်ကို/မ​တွေ​ကို နည်း​အမျိုးမျိုးနဲ့ ကူညီ​တဲ့​အခါ ပျော်ရွှင်မှု ခံစား​ရတယ်။—တ. ၂၀:၃၅

၂-၃။ (က) ဂလာတိ ၆:၄ အရ ယေဟောဝါရဲ့ အမှုတော်မှာ ဆက်​ပျော်ရွှင်​နေဖို့ ဘယ်​အချက်​နှစ်ချက်​က ကူညီ​ပေး​မလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ဆက်​ပျော်ရွှင်​နေဖို့ ကူညီ​ပေး​တဲ့ အချက်​နှစ်ချက်​ကို ဂလာတိ ၆:၄ မှာ တမန်တော် ပေါလု ဖော်ပြ​တယ်။ (ဖတ်ပါ။) ပထမ၊ ကျွန်တော်​တို့​ရဲ့ ပန်းတိုင်​ဟာ ယေဟောဝါ​အတွက် ကိုယ့်ရဲ့ အကောင်းဆုံး​ကို ပေးဆက်​ဖို့ ဖြစ်​သင့်တယ်။ ကိုယ့်ရဲ့ အကောင်းဆုံး​ကို ပေး​နေတယ်​ဆိုရင် ပျော်ရွှင်​သင့်တယ်။ (မ. ၂၂:၃၆-၃၈) ဒုတိယ၊ တခြား​သူတွေနဲ့ မနှိုင်းယှဉ်သင့်​ဘူး။ ကျန်းမာ​ရေး၊ ကျွမ်းကျင်​မှု၊ ပင်ကိုစွမ်းရည်​ကြောင့် ဘာတွေ​ပဲ ပြီးမြောက်​နိုင်​ပါစေ ယေဟောဝါ​ကို ကျေးဇူး​တင်​သင့်တယ်။ တကယ်တော့ ကိုယ်​ရထားတာ အားလုံး ဘုရား​ဆီက​ပါ။ အမှုဆောင်​လုပ်ငန်း ကဏ္ဍ​တစ်ခုခု​မှာ တခြား​သူတွေ ကိုယ့်ထက် ပို​ထိရောက်တဲ့​အခါ ဝမ်းသာ​ပေး​သင့်တယ်။ သူတို့ရဲ့ အစွမ်းအစ​ကို ကိုယ်ကျိုး​အတွက်၊ ကိုယ်​ထင်ပေါ်​ဖို့​အတွက် မ​သုံး​ဘဲ ယေဟောဝါ​ကို ချီးမွမ်း​ဖို့ သုံး​နေလို့ပဲ။ သူတို့နဲ့ ပြိုင်ဆိုင်​မယ့်​အစား သူတို့ဆီကနေ သင်ယူ​သင့်တယ်။

အမှုတော်မှာ ဆန္ဒ​ရှိသလောက် မပါဝင်နိုင်​တဲ့​အခါ ဘယ်လို ရင်ဆိုင်​ဖြေရှင်း​ရမလဲ​ဆိုတာ ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။ ကိုယ့်​မှာ ရှိ​ထား​တဲ့ ဘယ်​ဆု​ကျေးဇူး​ကို​မဆို ဘယ်လို အကောင်းဆုံး သုံး​မလဲ၊ တခြား​သူတွေရဲ့ ပုံ​နမူနာ​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ​ဆိုတာ​လည်း ဆွေးနွေး​ကြ​ပါ​မယ်။

ဆန္ဒ​ရှိသလောက် မ​လုပ်နိုင်တဲ့​အခါ

ဘဝ​တစ်လျှောက်​လုံး အကောင်းဆုံး ပေးဆက်ခြင်း​အားဖြင့် ယေဟောဝါရဲ့ နှစ်သက်မှု ရရှိ (စာပိုဒ် ၄-၆ ကို ကြည့်​ပါ) b

၄။ ဘယ်​အခြေအနေ​က စိတ်ဓာတ်ကျ​စေနိုင်​သလဲ။ ဥပမာ​ပေး​ပါ။

ယေဟောဝါရဲ့ ကျေးကျွန်​တချို့ဟာ အသက်ကြီး​လာလို့၊ ကျန်းမာ​ရေး မကောင်း​လို့ အမှုတော်မှာ ဆန္ဒ​ရှိသလောက် မပါဝင်နိုင်​ကြဘူး။ ညီအစ်မ ကယ်ရို အဲဒီလို ဖြစ်​ခဲ့တယ်။ တစ်ချိန်က ကယ်ရို​ဟာ ပို​လိုအပ်​တဲ့ ဒေသမှာ အမှုဆောင်ခဲ့​သူ ဖြစ်တယ်။ အဲဒီ​တုန်း​က ကျမ်းစာ​သင်အံမှု ၃၅ ခု ရှိပြီး ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​တဲ့​အထိ အတော်များများကို ကူညီ​ပေး​နိုင်​ခဲ့တယ်။ အမှုဆောင်​လုပ်ငန်းမှာ တကယ် အောင်မြင်​တယ်။ ဒါပေမဲ့ ကျန်းမာ​ရေး မကောင်း​လို့ အခုတော့ အိမ်ပြင် သိပ်​မသွား​နိုင်​တော့​ဘူး။ “ကျန်းမာ​ရေး​ကြောင့် တခြား​သူတွေ​လောက် မ​လုပ်နိုင်​တော့​မှန်း သိပါတယ်။ ဒါပေမဲ့ သူတို့​လောက် သစ္စာ​မရှိဘူးလို့ ခံစား​ရတယ်။ ဆန္ဒ​နဲ့ ဘဝ တစ်ထပ်တည်း မကျ​လို့ တော်​တော် ခံရ​ခက်တယ်” လို့ ပြော​တယ်။ ယေဟောဝါ​အတွက် ကယ်ရို အတတ်နိုင်ဆုံး ပေး​ချင်​တယ်။ တကယ် ချီးမွမ်းစရာ​ပါ​ပဲ။ ထောက်ထား​စာနာ​တတ်​တဲ့ ဘုရားသခင်ဟာ သူ့ရဲ့ စိတ်ထား​ကောင်း​ကို တန်ဖိုးထား​မှာ သေချာ​ပါ​တယ်။

၅။ (က) ကိုယ့်​ကန့်သတ်မှု​တွေ​ကြောင့် စိတ်ဓာတ်​ကျနေ​ရင် ဘာကို သတိရ​သင့်သလဲ။ (ခ) ရုပ်ပုံ​မှာ တွေ့ရတဲ့​အတိုင်း ညီအစ်ကို​တစ်ယောက် အမှုတော်မှာ ဘယ်လိုနည်းနဲ့ အကောင်းဆုံး​ကို ဆက်​ပေး​နေသလဲ။

တစ်ခါ​တ​လေ ကိုယ့်ရဲ့ ကန့်သတ်မှု​ကြောင့် စိတ်ဓာတ်​ကျနေ​ရင် ‘ငါ့​ဆီက ယေဟောဝါ ဘာ​တောင်းဆို​သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ လက်ရှိ​အခြေအနေ​မှာ အကောင်းဆုံး ပေးဖို့​ပဲ တောင်းဆို​တာ​ပါ။ ဒီ​အဖြစ်အပျက်​ကို စဉ်းစား​ကြည့်​ပါ– အသက် ၈၀ ဝန်းကျင် ညီအစ်မ​တစ်ယောက်ဟာ အမှုတော်မှာ အသက် ၄၀ အရွယ်​တုန်း​က​လောက် မ​လုပ်နိုင်​လို့ စိတ်ဓာတ်​ကျနေ​တယ်။ အကောင်းဆုံး​ကို ပေး​နေပေမဲ့ ယေဟောဝါ မနှစ်သက်ဘူးလို့ ခံစား​နေ​ရတယ်။ ဘုရား တကယ် မနှစ်သက်တာလား။ အသက် ၄၀ တုန်း​က အကောင်းဆုံး​ကို ပေး​ခဲ့​သလို အသက် ၈၀ မှာလည်း အကောင်းဆုံး​ကို ပေး​နေတာပဲ။ ကျွန်တော်​တို့​လည်း ကိုယ့်​လုပ်ဆောင်မှုကို ယေဟောဝါ မနှစ်သက်ဘူးလို့ ခံစား​နေ​ရတယ်​ဆိုရင် ဘာကို နှစ်သက်​မယ်၊ မနှစ်သက်ဘူး သတ်မှတ်​သူဟာ ယေဟောဝါ ဖြစ်​ကြောင်း သတိရပါ။ ကိုယ့်ရဲ့ အကောင်းဆုံး​ကို ပေး​နေသရွေ့ “တော်​လိုက်တာ” လို့ ယေဟောဝါ ပြော​မှာ သေချာ​ပါ​တယ်။—မဿဲ ၂၅:၂၀-၂၃ နဲ့ နှိုင်းယှဉ်ပါ။

၆။ မာ​ရီ​ယာ​ရဲ့ အဖြစ်ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

ကိုယ်​မ​လုပ်နိုင်တာ​ကို မဟုတ်ဘဲ လုပ်နိုင်တာ​ကို အာရုံစိုက်​ရင် ပို​ပျော်ရွှင်​လာမယ်။ ကျန်းမာ​ရေး​ကြောင့် အမှုတော်မှာ သိပ်​မပါဝင်နိုင်​တဲ့ ညီအစ်မ မာ​ရီ​ယာ​အကြောင်း စဉ်းစား​ကြည့်​ပါ။ အစပိုင်း​မှာ စိတ်ဓာတ်ကျ​ပြီး အသုံးမဝင်​ဘူးလို့ ခံစား​ရတယ်။ ဒါပေမဲ့ အိပ်ရာ​ထဲ လဲနေ​တဲ့ ညီအစ်မ​တစ်ယောက်ကို သတိထား​မိ​ပြီး ကူညီ​ပေးဖို့ ဆုံးဖြတ်​လိုက်တယ်။ “သူနဲ့အတူ ဖုန်း​ဆက်၊ စာရေး သက်သေခံဖို့ အစီအစဉ်​ဆွဲ​တယ်။ အဲဒီလို လုပ်ပြီး အိမ်ပြန်ရောက်​တိုင်း သူ့ကို ကူညီ​ခွင့် ရလို့ ပျော်ရွှင်​ကျေနပ်​တယ်” လို့ မာ​ရီ​ယာ ပြော​တယ်။ ကျွန်တော်​တို့​လည်း ကိုယ်​မ​လုပ်နိုင်တာ​ကို မဟုတ်ဘဲ လုပ်နိုင်တာ​ကို အာရုံစိုက်​ရင် ပို​ပျော်ရွှင်​လာမယ်။ ဒါပေမဲ့ ကိုယ်​က အမှုတော်မှာ ပို​လုပ်နိုင်​ရင် ဒါမှ​မဟုတ် ကဏ္ဍ​တချို့​မှာ ပို​ကျွမ်းကျင်​နေရင်​ကော။

သင့်​မှာ ဆု​ကျေးဇူး ရထား​ရင် ‘သုံးပါ’

၇။ ခရစ်ယာန်​တွေ​ကို တမန်တော် ပေတရု ဘယ်​လက်တွေ့ကျ အကြံဉာဏ် ပေး​သလဲ။

ကိုယ်​ရထားတဲ့ ဘယ်​ဆု​ကျေးဇူး၊ အစွမ်းအစ​ကို​မဆို ယုံကြည်သူချင်းတွေကို တည်ဆောက်​ပေးဖို့ သုံးပါ​ဆိုပြီး မိမိရဲ့ ပထမ​စာ​မှာ ညီအစ်ကို​တွေ​ကို တမန်တော် ပေတရု အားပေးတယ်။ ‘ခင်ဗျား​တို့​ဟာ မဟာ​ကရုဏာတော်​ကို ခံစား​ရတဲ့ ဘဏ္ဍာစိုး​ကောင်း​တွေ ဖြစ်တယ်။ ဒါ​ကြောင့် ကိုယ်စီ ရရှိ​ထား​တဲ့ ဆု​ကျေးဇူး အတိုင်းအတာ​နဲ့​အညီ အဲဒီ​ဆု​ကျေးဇူး​ကို အချင်းချင်း​အတွက် အကျိုးဆောင်ဖို့ အသုံးပြု​ကြ​ပါ’ လို့ ပေတရု ပြော​တယ်။ (၁ ပေ. ၄:၁၀) တခြား​သူတွေ မနာလို​ဖြစ်​မှာ၊ စိတ်ဓာတ်ကျ​မှာ စိုး​ပြီး ကိုယ့်​ဆု​ကျေးဇူး​ကို အပြည့်အဝ မ​သုံးတာ​မျိုး မဖြစ်သင့်ဘူး။ အဲဒီလို လုပ်မယ်ဆိုရင် ယေဟောဝါ​ကို အကောင်းဆုံး ပေးဆက်​နေတာ မဟုတ်ဘူး။

၈။ ၁ ကောရိန္သု ၄:၆၊ ၇ အရ ကိုယ့်​ဆု​ကျေးဇူး​အကြောင်း ဝါကြွား​တာ​ကို ဘာကြောင့် ရှောင်သင့်​သလဲ။

ကိုယ့်​ဆု​ကျေးဇူး​ကို အပြည့်အဝ သုံး​ရမယ် ဆိုပေမဲ့ မဝါကြွား​ဖို့ သတိထား​ရမယ်။ (၁ ကောရိန္သု ၄:၆၊ ၇ ကို ဖတ်ပါ။) ဥပမာ၊ သင်ဟာ ကျမ်းစာ​သင်အံမှု စ​တာ သိပ်​တော်တယ် ဆိုပါစို့။ ဒီ​ဆု​ကျေးဇူး​ကို မတွန့်မဆုတ် အသုံးပြုပါ။ မ​ဝါကြွား​ဖို့​တော့ အရေးကြီးတယ်။ လောလောလတ်လတ် အမှုဆောင်မှာ သင်အံမှု စ​နိုင်​ခဲ့တယ် ဆိုပါစို့။ အမှုဆောင်​အုပ်စု​မှာ အဲဒီ​အကြောင်း ပြောပြ​ချင်​နေတယ်။ အုပ်စု​ကို ရောက်တော့ ညီအစ်မ​တစ်ယောက်က မဂ္ဂဇင်း ဝေငှ​တဲ့ တွေ့ကြုံမှု ပြောပြ​နေတယ်။ သူက မဂ္ဂဇင်း​ပဲ ဝေငှ​နိုင်​ခဲ့​တာ။ ကိုယ်​က​တော့ သင်အံမှု စ​နိုင်တာ။ ဒါဆို ဘာလုပ်​မလဲ။ ကိုယ့်​တွေ့ကြုံမှု​ကြောင့် အားလုံး အားရှိသွား​မှာ ဖြစ်​ပေမဲ့ မဂ္ဂဇင်း ဝေငှ​တဲ့ ညီအစ်မ​ကို ထောက်ထား​ပြီး နောက်​ကြုံ​မှ​ပဲ ပြော​မယ်လို့ ဆုံးဖြတ်​လိုက်တယ်။ အဲဒါ ကြင်နာ​မှု ပြ​ရာ ရောက်တယ်။ ကျမ်းစာ​သင်အံမှု ဆက်​မ​ကမ်း​လှမ်း​ဘဲ​တော့ မနေ​ပါ​နဲ့။ သင့်​မှာ ဆု​ကျေးဇူး ရှိ​ထား​တယ်။ အသုံးပြု​လိုက်ပါ။

၉။ ကိုယ့်​ဆု​ကျေးဇူး​ကို ဘယ်လို သုံးသင့်​သလဲ။

ကိုယ်​ရထားတဲ့ ဘယ်​ပင်ကိုစွမ်းရည်​မဆို ဘုရား​ဆီက ဖြစ်​ကြောင်း သတိရပါ။ အဲဒါကို ကိုယ်​ထင်ပေါ်​ဖို့ မဟုတ်ဘဲ အသင်းတော်ကို တည်ဆောက်​ဖို့ သုံးသင့်တယ်။ (ဖိ. ၂:၃) ကိုယ့်​ခွန်အား၊ အစွမ်းအစတွေကို ဘုရား​အလိုတော် ဆောင်ဖို့၊ ဘုရား​ကို ချီးမွမ်း​ဖို့ သုံး​နေတယ်​ဆိုရင် ပျော်ရွှင်​ကျေနပ်​ရပါလိမ့်မယ်။ တခြား​သူတွေ​ထက် ပို​လုပ်နိုင်​ကြောင်း၊ ပိုသာ​ကြောင်း ပြဖို့ သုံး​နေတာ မဟုတ်လို့​ပဲ။

၁၀။ ကိုယ့်ကိုယ်ကိုယ် တခြား​သူတွေနဲ့ ဘာကြောင့် မနှိုင်းယှဉ်သင့်​သလဲ။

၁၀ ကျွန်တော်​တို့ သတိ​မထားဘူးဆို​ရင် ကိုယ့်​အားသာချက်​ကို တခြား​သူရဲ့ အားနည်းချက်​နဲ့ နှိုင်းယှဉ်​မိ​နိုင်တယ်။ ဥပမာ၊ ညီအစ်ကို​တစ်ယောက် လူထု​ဟောပြောချက် ပေးတာ သိပ်​တော်တယ် ဆိုပါစို့။ အဲဒါ သူ့​အားသာချက်​ပဲ။ ဒါပေမဲ့ သူ့​စိတ်​ထဲမှာ ဟောပြောချက် ပေး​တာ သိပ်​မကောင်းတဲ့ ညီအစ်ကို​ကို အထင်သေး​မိ​နိုင်တယ်။ အဲဒီညီအစ်ကို​က ဧည့်ဝတ်​ပျူ​ငှာ​တဲ့​နေရာ၊ သားသမီး ထိန်းကျောင်း​တဲ့​နေရာ၊ ဇွဲ​ထက်သန်​စွာ အမှုဆောင်တဲ့​နေရာမှာ​တော့ ပိုသာ​နေ​နိုင်တယ်။ ယေဟောဝါ​အတွက် အမှုဆောင်ဖို့၊ တခြား​သူတွေကို ကူညီ​ဖို့ ကိုယ့်​အစွမ်းအစတွေကို သုံး​နေတဲ့ ညီအစ်ကို/မများ​စွာ ရှိ​ထား​တာ ကျေးဇူး​တင်စရာ​ပါ​ပဲ။

တခြား​သူတွေရဲ့ ပုံ​နမူနာ​တွေ​ကနေ သင်ယူပါ

၁၁။ ယေရှုရဲ့ ပုံသက်သေ​ကို တုပ​ဖို့ ဘာကြောင့် ကြိုးစား​သင့်သလဲ။

၁၁ တခြား​သူတွေနဲ့ မနှိုင်းယှဉ်သင့်​ပေမဲ့ သစ္စာ​ရှိသူတွေရဲ့ ပုံ​နမူနာ​တွေ​ကနေ သင်ယူနိုင်တယ်။ ဥပမာ၊ ကျွန်တော်​တို့​ဟာ ယေရှု​လို​တော့ ပြည့်ဝ​စုံလင်သူ​တွေ မဟုတ်ပေမဲ့ ယေရှုရဲ့ အရည်အသွေးကောင်း​တွေ၊ နည်းလမ်းတွေက​နေ သင်ယူနိုင်တယ်။ (၁ ပေ. ၂:၂၁) ယေရှုရဲ့ ပုံသက်သေ​ကို အနီးစပ်ဆုံး တုပ​ဖို့ ကြိုးစား​မယ်​ဆိုရင် ယေဟောဝါရဲ့ ပိုကောင်း​တဲ့ ကျေးကျွန်​တွေ ဖြစ်လာ​မယ်။ အမှုဆောင်မှာ ပို​ထိရောက်​မယ်။

၁၂-၁၃။ ဘုရင် ဒါဝိဒ်​ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၂ မစုံလင်​ပေမဲ့ တုပထိုက်​စ​ရာ သစ္စာရှိ အမျိုးသား/သမီးတွေ​ရဲ့ ပုံသက်သေ​များစွာ ကျမ်းစာ​မှာ ပါ​တယ်။ (ဟီ. ၆:၁၂) ဘုရင် ဒါဝိဒ်​ကို “ငါ​နဲ့ စိတ်သဘောထား​ချင်း ကိုက်ညီ​သူ” လို့ ယေဟောဝါ ပြော​တယ်။ (တ. ၁၃:၂၂) ဒါဝိဒ်ဟာ ပြည့်ဝ​စုံလင်သူ မဟုတ်ဘူး။ ကြီး​လေး​တဲ့ အပြစ်တွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်​တို့အတွက် ပုံသက်သေ​ကောင်း ဖြစ်တယ်။ ဘာကြောင့်လဲ​ဆိုတော့ ဆုံးမခံ​ရတဲ့အခါ ဆင်ခြေ​မပေးဘူး။ ဆုံးမမှု​ကို လက်ခံတယ်။ လုပ်မိတာတွေ​အတွက် စိတ်ရင်းမှန်​နဲ့ နောင်တ​ရတယ်။ ဒါ​ကြောင့် သူ့ကို ယေဟောဝါ ခွင့်လွှတ်​ပေးတယ်။—ဆာ. ၅၁:၃၊ ၄၊ ၁၀-၁၂

၁၃ ကိုယ့်ကိုယ်ကိုယ် ဒီ​မေးခွန်းတွေ မေး​ခြင်း​အားဖြင့် ဒါဝိဒ်​ဆီကနေ သင်ယူနိုင်တယ်– ‘ဆုံးမခံ​ရတဲ့အခါ ဘယ်လို တုံ့ပြန်​သလဲ။ အမှား​ကို ချက်ချင်း အသိအမှတ်ပြု​သလား ဒါမှ​မဟုတ် ဆင်ခြေ​ပေး​သလား။ တခြား​သူတွေ​ပေါ် အပြစ်​ပုံချ​သလား။ အဲဒီ​အမှား​မျိုး ထပ်​မ​လုပ်ဖို့ ကြိုးစား​သလား။’ ကျမ်းစာ​ထဲ​က တခြား သစ္စာရှိ အမျိုးသား/သမီးတွေ​အကြောင်း ဖတ်​တဲ့​အခါလည်း အဲဒီ​မေးခွန်းတွေ မေး​နိုင်တယ်။ သူတို့ ကြုံ​ခဲ့​တဲ့ အခက်အခဲ​လို​မျိုး သင် ကြုံနေ​ရ​သလား။ သူတို့မှာ ဘယ်​အရည်အသွေးကောင်း​တွေ ရှိသလဲ။ ‘ယေဟောဝါရဲ့ ဒီ​သစ္စာရှိ ကျေးကျွန်​ကို ငါ ဘယ်လို တုပ​နိုင်​သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

၁၄။ ယုံကြည်သူချင်းတွေရဲ့ ပုံသက်သေ​ကို လေ့လာ​မှတ်သား​ခြင်း​ကနေ ဘယ်လို အကျိုး​ရနိုင်သလဲ။

၁၄ ယုံကြည်သူ ကြီးငယ်မရွေး​ဆီကနေ ကျွန်တော်​တို့ သင်ယူနိုင်တယ်။ ဥပမာ၊ ရွယ်တူချင်း​ဖိအား၊ မိသားစု ဆန့်ကျင်မှု၊ ကျန်းမာ​ရေး မကောင်းတာ စတဲ့ အခက်အခဲတွေကို သစ္စာရှိ​ရှိ ခံရပ်​နေတဲ့ ညီအစ်ကို/မ တစ်ယောက်ယောက်​ကို သိသလား။ သူ့ရဲ့ ဘယ်​အရည်အသွေးကောင်း​ကို ပို​တုပ​ချင်​သလဲ။ သူ့ရဲ့ ပုံသက်သေ​ကောင်း​ကို စဉ်းစားခြင်း​က ကိုယ့်​အခက်အခဲ​ကို ခံရပ်​ဖို့ နည်းလမ်း​ကောင်း​တွေ ရလာ​စေနိုင်​တယ်။ တုပ​ထိုက်တဲ့ သက်ရှိ ပုံသက်သေ​တွေ ရထားလို့ ကျေးဇူး​တင်စရာ​ပါ​ပဲ။ တကယ့်ကို ဝမ်းမြောက်စရာ​အကြောင်းပါပဲ။—ဟီ. ၁၃:၇။ ယာ. ၁:၂၊ ၃

ယေဟောဝါရဲ့ အမှုတော်မှာ ပျော်ရွှင်​ပါ

၁၅။ တမန်တော် ပေါလု ပေး​တဲ့ ဘယ်​အကြံဉာဏ်​က ယေဟောဝါရဲ့ အမှုတော်မှာ ဆက်​ပျော်ရွှင်​နေဖို့ ကူညီ​ပေး​နိုင်​သလဲ။

၁၅ အသင်းတော်မှာ စည်းလုံး​ငြိမ်သက်မှု တိုးများ​စေဖို့ ကျွန်တော်​တို့ ယောက်​တိုင်း ကိုယ့်ရဲ့ အကောင်းဆုံး​ကို ပေးဖို့ လိုတယ်။ ပထမ​ရာစု ခရစ်ယာန်​တွေ​အကြောင်း စဉ်းစား​ကြည့်​ပါ။ ဆု​ကျေးဇူး အမျိုးမျိုး၊ တာဝန် အမျိုးမျိုး ရရှိ​ထား​တယ်။ (၁ ကော. ၁၂:၄၊ ၇-၁၁) ဒါပေမဲ့ အချင်းချင်း မ​ပြိုင်ဆိုင်​ဘူး။ စိတ်ဝမ်း​မ​ကွဲ​ကြဘူး။ “ခရစ်တော်​ရဲ့ ခန္ဓာကိုယ်​ကို တည်ဆောက်​ပေးဖို့” လိုအပ်​တာ မှန်သမျှ လုပ်ဆောင်ပါ​လို့ သူတို့ကို ပေါလု အားပေးတယ်။ “ကိုယ်​အင်္ဂါအသီးသီး​က​လည်း ဆိုင်ရာ​တာဝန်ကို လုပ်ဆောင်တဲ့​အခါ ခန္ဓာကိုယ်​တစ်ခုလုံး ကြီးထွား​လာပြီး ချစ်ခြင်း​မေတ္တာ ခိုင်မြဲ​လာတယ်” လို့ ဧဖက် အသင်းတော်ကို ပြော​တယ်။ (ဧ. ၄:၁-၃၊ ၁၁၊ ၁၂၊ ၁၆) အဲဒီအတိုင်း လုပ်ဆောင်ကြ​တဲ့​အတွက် စည်းလုံး​ငြိမ်သက်မှု တိုးများ​လာတယ်။ ဒီနေ့​ခေတ် အသင်းတော်​တွေ​မှာလည်း အဲဒီလို​ပါ​ပဲ။

၁၆။ ဘာလုပ်ဖို့ စိတ်ပိုင်း​ဖြတ်​ထား​သင့်သလဲ။ (ဟီဘရူး ၆:၁၀)

၁၆ ကိုယ့်ကိုယ်ကိုယ် တခြား​သူတွေနဲ့ မ​နှိုင်းယှဉ်​ဖို့ စိတ်ပိုင်း​ဖြတ်​ထား​ပါ။ ယေရှု​ဆီကနေ သင်ယူပါ။ ယေရှုရဲ့ အရည်အသွေးတွေကို တုပ​ပါ။ ရှေးခေတ်နဲ့ ဒီနေ့​ခေတ် ယုံကြည်ခြင်း ပုံသက်သေ​တွေ​ကနေ အကျိုး​ရယူပါ။ ကိုယ့်ရဲ့ အကောင်းဆုံး​ကို ဆက်​ပေး​နေမယ်​ဆိုရင် ‘ဘုရားသခင်ဟာ ဖြောင့်မတ်​တဲ့ ဘုရား ဖြစ်လို့ သင့်​လုပ်ရပ်​ကို ဘယ်တော့မှ မမေ့ဘူး’ ဆိုတာ စိတ်ချပါ။ (ဟီဘရူး ၆:၁၀ ကို ဖတ်ပါ။) ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ စိတ်နှလုံး အကြွင်းမဲ့ သင် ကြိုးစား​အားထုတ်​တာ​ကို ဘုရား တန်ဖိုးထား​တယ်​ဆိုတဲ့ သိစိတ်နဲ့ အမှုတော်မှာ ဆက်​ပျော်ရွှင်​နေပါ။

သီချင်း ၆၅ တိုးတက်​နေပါ

a တခြား​သူတွေရဲ့ ပုံ​နမူနာ​ကနေ ကျွန်တော်​တို့အားလုံး အကျိုး​ရနိုင်တယ်။ ဒါပေမဲ့ ရှောင်​ရမယ့် အန္တရာယ်​တွေ​လည်း ရှိတယ်။ တခြား​သူတွေ လုပ်နိုင်တာ​ကို ကြည့်​ပြီး မာန​တက်လာ​တာ ဒါမှမဟုတ် စိတ်ဓာတ်ကျ​တာ​မျိုး မဖြစ်ဖို့၊ ပျော်ရွှင်မှု ဆက်​ထိန်းထား​နိုင်​ဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပေး​ပါ​မယ်။

b ပုံအညွှန်း– ညီအစ်ကို​တစ်ယောက် လူငယ်​ဘဝ​တုန်းက ဗေသလမှာ အမှုဆောင်​နေ။ အိမ်ထောင်​ကျ​ပြီး ဇနီး​နဲ့​အတူ ရှေ့ဆောင်​လုပ်​နေ။ သားသမီးတွေ ရလာတော့ အမှုဆောင်မှာ လေ့ကျင့်ပေး​နေ။ အခု အသက်ကြီး​လာတော့ စာရေး​သက်သေခံ​ပြီး အကောင်းဆုံး ဆက်​လုပ်ဆောင်နေ။