မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၅

ခွင့်လွှတ်သူတွေကို ယေဟောဝါ ကောင်းချီးပေး

ခွင့်လွှတ်သူတွေကို ယေဟောဝါ ကောင်းချီးပေး

“ယေဟောဝါ​က ခင်ဗျားတို့ကို ကြည်ကြည်​ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ။”—ကော. ၃:၁၃

သီချင်း ၁၃၀ ခွင့်လွှတ်တတ်ကြပါ

အကြို​သုံးသပ်ချက် *

၁။ အပြစ်လုပ်သူတွေ နောင်တ​ရတဲ့​အခါ ယေဟောဝါ ဘာ​ကတိ​ပေးသလဲ။

 ယေဟောဝါဟာ ဖန်ဆင်း​ရှင်၊ ပညတ်​ပြဋ္ဌာန်း​ရှင်၊ တရားသူကြီး ဖြစ်ပေမဲ့ မေတ္တာရှင် ဖခင်လည်း ဖြစ်တယ်။ (ဆာ. ၁၀၀:၃။ ဟေရှာ. ၃၃:၂၂) ဘုရားကို ပြစ်မှားမိပေမဲ့ စိတ်ရင်းမှန်နဲ့ ​နောင်တ​ရမယ်ဆိုရင် ကျွန်တော်တို့ကို ဘုရား ခွင့်လွှတ်နိုင်ရုံ သာမက ခွင့်လွှတ်ချင်စိတ် ပြင်းပြတယ်။ (ဆာ. ၈၆:၅) “မင်းတို့ရဲ့ အပြစ်တွေဟာ ကြက်သွေးရောင် ထနေရင်တောင် နှင်းပွင့်လို ဖြူဖွေး​သွားမယ်” လို့ ပရောဖက် ဟေရှာယကတစ်ဆင့် ကတိ​ပေးတယ်။—ဟေရှာ. ၁:၁၈

၂။ အချင်းချင်း ပြေလည်ချင်ရင် ဘာလုပ်ရမလဲ။

မစုံလင်တဲ့အတွက် ကျွန်တော်တို့ အချင်းချင်း စိတ်​ထိခိုက်အောင် ပြောမိ၊ လုပ်မိကြတယ်။ (ယာ. ၃:၂) ဒါပေမဲ့ ခွင့်လွှတ်တတ်ဖို့ ကြိုးစားမယ်ဆိုရင် ပြန်အဆင်ပြေနိုင်ပါတယ်။ (ပညာ. ၁၇:၉။ ၁၉:၁၁။ မ. ၁၈:၂၁၊ ၂၂) စိတ်​ထိခိုက်အောင် နည်းနည်းလေး ပြောမိ၊ လုပ်မိတာတွေကို ယေဟောဝါ ခွင့်လွှတ်စေချင်တယ်။ (ကော. ၃:၁၃) အဲဒီလို ခွင့်လွှတ်ဖို့ အကြောင်းကောင်း ရှိတယ်။ ကျွန်တော်တို့ကို ယေဟောဝါ “အကြွင်းမဲ့ ခွင့်လွှတ်” လို့​ပဲ။—ဟေရှာ. ၅၅:၇

၃။ ဒီ​ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ဒီ​ဆောင်းပါးမှာ အောက်ပါ​မေးခွန်းတွေ ဆွေးနွေးပါမယ်– ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို မစုံလင်တဲ့ လူသားတွေ ဘယ်လို တုပနိုင်သလဲ။ ဘယ်အပြစ်တွေကို အကြီးအကဲတွေ သိအောင် ပြောပြရမလဲ။ အချင်းချင်း ခွင့်လွှတ်ဖို့ ယေဟောဝါ ဘာကြောင့် အားပေးသလဲ။ တခြား​သူတွေရဲ့ လုပ်ရပ်ကြောင့် အကြီးအကျယ် ထိခိုက်ခဲ့တဲ့ ယုံကြည်သူချင်း​တချို့​ဆီကနေ ဘာသင်ယူနိုင်သလဲ။

ခရစ်ယာန်တစ်ယောက် ကြီးလေးတဲ့ အပြစ် လုပ်မိတဲ့​အခါ

၄။ (က) ယေဟောဝါရဲ့ ကျေးကျွန်​တစ်ယောက် ကြီးလေးတဲ့ အပြစ် လုပ်မိရင် ဘာလုပ်ရမလဲ။ (ခ) အပြစ်​လုပ်ထား​သူနဲ့ တွေ့တဲ့အခါ အကြီးအကဲတွေရဲ့ တာဝန်​က ဘာလဲ။

ကြီးလေးတဲ့ အပြစ်တွေကို အကြီးအကဲတွေ သိအောင် ပြောပြရမယ်။ အဲဒီလို​အပြစ်​တချို့​ကို ၁ ကောရိန္သု ၆:၉၊ ၁၀ မှာ တွေ့ရတယ်။ ကြီးလေးတဲ့ အပြစ်ဆိုတာ ဘုရား​ပညတ်​ကို အကြီးအကျယ် ချိုးဖောက်တာ ဖြစ်တယ်။ ခရစ်ယာန်တစ်ယောက် အဲဒီလို အပြစ် လုပ်မိ​တယ်​ဆိုရင် ယေဟောဝါ​ဘုရားဆီ ဆုတောင်းပြီး ခွင့်လွှတ်မှု တောင်းခံ​ရမယ်။ အသင်းတော် အကြီးအကဲတွေကိုလည်း ပြောပြရမယ်။ (ဆာ. ၃၂:၅။ ယာ. ၅:၁၄) အကြီးအကဲတွေရဲ့ တာဝန်​က ဘာလဲ။ ရွေးဖိုး ပူဇော်သက္ကာကို အခြေခံပြီး အပြစ်တွေကို အကြွင်းမဲ့ ခွင့်လွှတ်ပိုင်ခွင့် ယေဟောဝါ​မှာ​ပဲ ရှိတယ်။ * ဒါပေမဲ့ အပြစ်လုပ်သူ အသင်းတော်ထဲ ဆက်ရှိသင့် မရှိသင့်ကိုတော့ ကျမ်းစာကို အခြေခံပြီး ဆုံးဖြတ်ဖို့ အကြီးအကဲတွေကို ယေဟောဝါ တာဝန်​ပေးထားတယ်။ (၁ ကော. ၅:၁၂) ဒီ​မေးခွန်းတွေကို အကြီးအကဲတွေ ထည့်​စဉ်းစား​ကြတယ်– တမင်​ရည်ရွယ်ပြီး အပြစ်လုပ်တာလား။ အပြစ်​လုပ်ဖို့ အကွက်ချ စီစဉ်ခဲ့သလား။ အပြစ်လုပ်နေတာ တော်တော် ကြာပြီလား။ အကြိမ်ကြိမ် လုပ်နေတာလား။ တကယ် နောင်တ​ရတဲ့ အထောက်အထား ရှိသလား။ ယေဟောဝါ ခွင့်လွှတ်တယ်​ဆိုတဲ့ ရှင်းလင်းတဲ့ အထောက်အထား ရှိသလား။—တ. ၃:၁၉

၅။ အကြီးအကဲတွေရဲ့ လုပ်ဆောင်မှုကြောင့် ဘာအကျိုးတွေ ရသလဲ။

အပြစ်​လုပ်ထား​သူနဲ့ အကြီးအကဲတွေ တွေ့တဲ့အခါ ရည်ရွယ်ချက်​က ကောင်းကင်ပေါ်​မှာ ယေဟောဝါ ချထားပြီးသား ဆုံးဖြတ်ချက်​အတိုင်း မြေကြီး​ပေါ်မှာ ဆုံးဖြတ်နိုင်ဖို့ ဖြစ်တယ်။ (မ. ၁၈:၁၈) ဒီအစီအစဉ်က အသင်းတော်ကို ဘယ်လို အကျိုးပြုသလဲ။ နောင်တ​မရတဲ့ အပြစ်လုပ်သူ အသင်းတော်ထဲ ဆက်ရှိမနေဖို့၊ ယေဟောဝါရဲ့ အဖိုးတန် သိုးတွေကို အန္တရာယ် မပြုနိုင်စေဖို့ ကူညီ​ပေးတယ်။ (၁ ကော. ၅:၆၊ ၇၊ ၁၁-၁၃။ တိ. ၃:၁၀၊ ၁၁) အပြစ်လုပ်သူ နောင်တ​ရဖို့၊ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကနေ ​အကျိုးရဖို့​လည်း ကူညီ​ပေးတယ်။ (လု. ၅:၃၂) ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်း​လာအောင် ကူညီ​ပေးဖို့ နောင်တ​ရသူ​အတွက် အကြီးအကဲတွေ ဆုတောင်း​ပေး​ကြတယ်။—ယာ. ၅:၁၅

၆။ လူတစ်ယောက် နှင်ထုတ်​ခံရတယ်​ဆိုရင် သူ့ကို ယေဟောဝါ ခွင့်လွှတ်ဦးမလား။ ရှင်းပြပါ။

အပြစ်​လုပ်ထား​သူဟာ အကြီးအကဲတွေ​နဲ့ တွေ့တဲ့​အချိန်မှာ နောင်တ​မရဘူး ဆိုပါစို့။ ဒါဆိုရင် အသင်းတော်​ကနေ နှင်ထုတ်ခံရပါလိမ့်မယ်။ တိုင်းပြည် ဥပဒေ ချိုးဖောက်​ထားတယ်​ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ သူ ရင်မဆိုင်ရအောင် အကြီးအကဲတွေ ဖုံးဖိပေးမှာ မဟုတ်ဘူး။ နောင်တ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဥပဒေ ချိုးဖောက်သူ မှန်သမျှ​ကို တရားစီရင်ဖို့၊ ပြစ်ဒဏ်ပေးဖို့ အစိုးရ အာဏာပိုင်တွေကို ယေဟောဝါ ခွင့်ပြုထားတယ်။ (ရော. ၁၃:၄) နောက်ပိုင်း၊ အပြစ်လုပ်သူ အသိတရား ရပြီး တကယ် နောင်တရတယ်၊ ပြောင်းလဲတယ်​ဆိုရင် ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။ (လု. ၁၅:၁၇-၂၄) ကြီးလေးတဲ့ အပြစ် လုပ်​ထားတယ်​ဆိုရင်တောင် ခွင့်လွှတ်ပေးတယ်။—၂ ရာ. ၃၃:၉၊ ၁၂၊ ၁၃။ ၁ တိ. ၁:၁၅

၇။ ကိုယ့်ကို ပြစ်မှား​သူကို ဘယ်လိုနည်းနဲ့ ခွင့်လွှတ်နိုင်သလဲ။

အပြစ်လုပ်ထားသူကို ယေဟောဝါ ခွင့်လွှတ်မလွှတ် ဆုံးဖြတ်ရမှာ ကျွန်တော်တို့ တာဝန် မဟုတ်လို့ ကျေးဇူး​တင်စရာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင် ဆုံးဖြတ်ရမှာ ရှိတယ်။ အဲဒါ ဘာလဲ။ တချို့ကိစ္စတွေမှာ ကိုယ့်ကို အကြီးအကျယ် ပြစ်မှားသူက ခွင့်လွှတ်ဖို့ လာတောင်းပန်တာမျိုး ရှိနိုင်တယ်။ လာမတောင်းပန်တာလည်း ဖြစ်နိုင်တယ်။ အဲဒီအခါမျိုးမှာ​တောင် နာကြည်းမနေဖို့၊ ဒေါသမထွက်ဖို့ ဆုံးဖြတ်ခြင်းအားဖြင့် ခွင့်လွှတ်နိုင်တယ်။ အထူးသဖြင့် ကိုယ့်ဘက်က အကြီးအကျယ် နစ်နာ​ခဲ့တယ်​ဆိုရင် အဲဒီလို ခွင့်လွှတ်ဖို့ အချိန်နဲ့ ကြိုးစား​အားထုတ်မှု လိုနိုင်တယ်။ ၁၉၉၄၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် မှာ ဒီလိုပြောတယ်– “အပြစ်​ပြုသူ​တစ်ဦး​ကို သင် ခွင့်လွှတ်လိုက်ခြင်းသည် အပြစ်ကို သင် ခွင့်ပြုခြင်း မမည်ကြောင်းကိုလည်း သတိရပါ။ ခရစ်ယာန်များအတွက် အပြစ်လွှတ်ခြင်းမည်သည် အမှုကိစ္စများကို ယေဟောဝါ​၏ လက်တော်သို့ ယုံကြည်စိတ်ချစွာ လွှဲအပ်​လိုက်ခြင်း ဖြစ်သည်။ ကိုယ်တော်သည် စကြဝဠာ​တစ်ခွင်​၌ အဖြောင့်မတ်ဆုံးသော တရားသူကြီး ဖြစ်ပြီး တော်သင့်သည့်အချိန်တွင် တရား​မျှတမှုကို ကိုယ်တော် စီရင်တော်မူမည်။” ခွင့်လွှတ်ဖို့၊ မျှမျှတတ တရားစီရင်ပေးမယ့် ဘုရား​လက်ထဲ အပ်ထားဖို့ ဘုရား ဘာကြောင့် အားပေးသလဲ။

ခွင့်လွှတ်ဖို့ ယေဟောဝါ ဘာကြောင့် အားပေးသလဲ

၈။ ခွင့်လွှတ်တာဟာ ယေဟောဝါရဲ့ ကရုဏာ​ကို ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လို ပြရာ ရောက်သလဲ။

ခွင့်လွှတ်တာဟာ ကျေးဇူးတင်လေးမြတ်ကြောင်း ပြရာ ရောက်တယ်။ ပုံဥပမာ​တစ်ခုမှာ အကြွေး အများကြီး တင်နေပေမဲ့ ပြန်မဆပ်နိုင်တဲ့ ကျွန်ရဲ့ အကြွေးတွေကို လျှော်ပေးလိုက်တဲ့ ဘုရင်​နဲ့ ယေဟောဝါကို ယေရှု ခိုင်းနှိုင်း​တယ်။ အဲဒီကျွန်က သူ့အပေါ် အကြွေး နည်းနည်းလေး တင်နေတဲ့ နောက်ကျွန်ကိုတော့ ကရုဏာ မပြဘူး။ (မ. ၁၈:၂၃-၃၅) ယေရှု ဘာသင်ပေးနေတာလဲ။ ယေဟောဝါရဲ့ မဟာကရုဏာ​ကို ကျွန်တော်တို့ တကယ် ကျေးဇူးတင်​လေးမြတ်တယ်​ဆိုရင် တခြား​သူတွေကို ခွင့်လွှတ်ပါလိမ့်မယ်။ (ဆာ. ၁၀၃:၉) လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ကင်းမျှော်စင် တစ်စောင်​မှာ ပြောသလို “အချင်းချင်း ဘယ်နှကြိမ် ခွင့်လွှတ်ပါစေ ခရစ်တော်ကတစ်ဆင့် ဘုရား ပြတဲ့ ခွင့်လွှတ်မှုနဲ့ ကရုဏာကိုတော့ ဘယ်တော့မှ မီမှာ မဟုတ်ဘူး။”

၉။ ဘယ်သူ​တွေကို ယေဟောဝါ ကရုဏာ ပြသလဲ။ (မဿဲ ၆:၁၄၊ ၁၅)

ခွင့်လွှတ်သူဟာ ခွင့်လွှတ်ခံရမယ်။ ကရုဏာ ပြတဲ့​သူတွေကို ယေဟောဝါ ကရုဏာ ပြတယ်။ (မ. ၅:၇။ ယာ. ၂:၁၃) တပည့်တွေကို ဆုတောင်းနည်း သင်ပေးချိန်မှာ အဲဒီအချက်ကို ယေရှု ပေါ်လွင်​စေတယ်။ (မဿဲ ၆:၁၄၊ ၁၅ ကို ဖတ်ပါ။) ကျေးကျွန် ယောဘကို ယေဟောဝါ ပြောတဲ့ စကားကနေလည်း အလားတူ သင်ခန်းစာ ရတယ်။ ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့ သုံးယောက်ရဲ့ ထိုးနှက်စကားကြောင့် ယောဘ အကြီးအကျယ် ထိခိုက်​ရတယ်။ ဒါပေမဲ့ သူတို့​အတွက် ဆုတောင်း​ပေးဖို့ ယောဘကို ယေဟောဝါ ပြောတယ်။ အဲဒီလို ဆုတောင်းပေးပြီးမှ ယောဘကို ယေဟောဝါ ကောင်းချီး​ပေးတယ်။—ယောဘ ၄၂:၈-၁၀

၁၀။ စိတ်နာကြည်းနေရင် ဘာကြောင့် ကိုယ်​ပဲ ထိခိုက်မလဲ။ (ဧဖက် ၄:၃၁၊ ၃၂)

၁၀ စိတ်နာကြည်းနေရင် ကိုယ်​ပဲ ထိခိုက်မယ်။ စိတ်နာကြည်းမှုဟာ ဝန်ထုပ်ကြီး​နဲ့ တူတယ်။ အဲဒီဝန်ထုပ်ကြီး ကျသွားတဲ့ စိတ်သက်သာမှုမျိုး ကျွန်တော်တို့ကို ယေဟောဝါ ခံစား​စေချင်တယ်။ (ဧဖက် ၄:၃၁၊ ၃၂ ကို ဖတ်ပါ။) “အမျက်မထွက်​နဲ့။ ဒေါသူပုန်​မထနဲ့” လို့ တိုက်တွန်း​တယ်။ (ဆာ. ၃၇:၈) အဲဒီအကြံဉာဏ်ကို လိုက်နာတာ ပညာ​ရှိရာ ရောက်တယ်။ စိတ်နာကြည်းနေရင် ကိုယ်ရော စိတ်​ပါ ကျန်းမာရေး ထိခိုက်​နိုင်တယ်။ (ပညာ. ၁၄:၃၀) ကိုယ့်ဘက်ကသာ နာကြည်း​နေပေမဲ့ တစ်ဖက်လူကို ဘာမှ မထိခိုက်ဘူး။ ကိုယ်အဆိပ်သောက်တာ သူ့ကို ဘာမှ မထိခိုက်​သလိုပဲ။ ခွင့်လွှတ်လိုက်ရင်တော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုးပြုရာ ရောက်တယ်။ (ပညာ. ၁၁:၁၇) စိတ်ငြိမ်သက်မှု ရမယ်။ ယေဟောဝါရဲ့ အမှုတော်မှာ ရှေ့ဆက်နိုင်မယ်။

၁၁။ လက်စားချေတာနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ။ (ရောမ ၁၂:၁၉-၂၁)

၁၁ လက်စားချေတာဟာ ယေဟောဝါရဲ့ ကိစ္စ ဖြစ်တယ်။ ကိုယ့်အပေါ် ပြစ်မှား​သူကို လက်စားချေဖို့ ကျွန်တော်တို့ကို ယေဟောဝါ အခွင့်အာဏာ ပေးမထားဘူး။ (ရောမ ၁၂:၁၉-၂၁ ကို ဖတ်ပါ။) အကန့်အသတ် ရှိတဲ့၊ မစုံလင်တဲ့ ကျွန်တော်တို့ရဲ့ ရှုမြင်ပုံကြောင့် ကိစ္စရပ်တွေကို ဘုရားလို မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ကြဘူး။ (ဟီ. ၄:၁၃) တစ်ခါတလေ စိတ်ခံစားချက်တွေကြောင့် ကောင်းကောင်း မချင့်ချိန်နိုင်ကြဘူး။ “လူတစ်ယောက်ရဲ့ ဒေါသက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေဘူး” လို့ တပည့်တော် ယာကုပ် ရေးတယ်။ (ယာ. ၁:၂၀) ယေဟောဝါကတော့ မှန်ရာကို လုပ်မယ်၊ မျှမျှတတ စီရင်ပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချ​နိုင်ပါတယ်။

ဒေါသစိတ်၊ နာကြည်း​စိတ်​ကို ဖျောက်ပစ်​ပါ။ ကိစ္စရပ်တွေကို ဘုရား​လက်ထဲ အပ်ထားပါ။ အပြစ်ကြောင့် ဖြစ်ပေါ်​လာတဲ့ ထိခိုက်​နစ်နာမှု အားလုံးကို ဘုရား ဖယ်ရှားပေးတော့မယ် (စာပိုဒ် ၁၂ ကို ကြည့်ပါ)

၁၂။ ယေဟောဝါရဲ့ တရား​မျှတမှုကို ယုံကြည်​စိတ်ချကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၂ ခွင့်လွှတ်တာဟာ ယေဟောဝါရဲ့ တရား​မျှတမှုကို ယုံကြည်​စိတ်ချကြောင်း ပြရာ ရောက်တယ်။ ကိစ္စရပ်တွေကို ယေဟောဝါ​လက်ထဲ အပ်ထားခြင်းက အပြစ်ကြောင့် ဖြစ်ရတဲ့ ထိခိုက်နစ်နာစရာတွေကို ယေဟောဝါ ပြန်တည့်မတ်ပေးမယ်ဆိုတာ ယုံကြည်​စိတ်ချကြောင်း ပြရာ ရောက်တယ်။ ဘုရား ကတိပြုထားတဲ့ ကမ္ဘာသစ်​မှာ နာကျင်စရာ စိတ်​ဒဏ်ရာတွေကို “သတိ​ရတော့မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲ ပေါ်​လာတော့မှာ မဟုတ်ဘူး။” (ဟေရှာ. ၆၅:၁၇) ဒါပေမဲ့ ကိုယ့်ဘက်က အကြီးအကျယ် ထိခိုက်နစ်နာတဲ့အခါမျိုးမှာ ဒေါသစိတ်၊ နာကြည်း​စိတ်​ကို တကယ် ဖျောက်ပစ်နိုင်သလား။ တချို့ ဘယ်လို ဖျောက်ပစ်နိုင်ခဲ့ကြောင်း လေ့လာကြည့်ပါ။

ခွင့်လွှတ်ခြင်းရဲ့ ကောင်းချီးများ

၁၃-၁၄။ တိုနီ​နဲ့ ဟိုစေးရဲ့ တွေ့ကြုံမှု​ကနေ ခွင့်လွှတ်မှုအကြောင်း ဘာသိရသလဲ။

၁၃ တခြား​သူတွေရဲ့ လုပ်ရပ်ကြောင့် အကြီးအကျယ် ထိခိုက်​နစ်နာတဲ့အခါမျိုးမှာတောင် ခွင့်လွှတ်ဖို့ ညီအစ်ကို/မ​များစွာ ဆုံးဖြတ်​ကြတယ်။ သူတို့ ဘာကောင်းချီးတွေ ရနေသလဲ။

၁၄ ဖိလစ်ပိုင်​မှာ နေတဲ့ တိုနီ *ဟာ ယေဟောဝါ​သက်သေ မဖြစ်ခင် နှစ်များစွာတုန်းက သူ့အစ်ကိုကို ဟိုစေး​လို့ ခေါ်တဲ့ အမျိုးသား​တစ်ယောက် သတ်ပစ်တာ ကြုံခဲ့​ရတယ်။ အဲဒီတုန်းက ဒေါသကြီးပြီး ကြမ်းတမ်းတဲ့ တိုနီ လက်စားချေချင်ခဲ့တယ်။ ဟိုစေး အဖမ်း​ခံရပြီး ထောင်ကျ​သွားတယ်။ နောက်ပိုင်း၊ ဟိုစေး ထောင်ကနေ လွတ်လာတော့ သူ့ကို လိုက်ရှာ၊ သတ်ပစ်ဖို့ တိုနီ ဆုံးဖြတ်ပြီး သေနတ်​တစ်လက် ဝယ်လိုက်တယ်။ အဲဒီ​အချိန်မှာ တိုနီ ယေဟောဝါ​သက်သေတွေနဲ့ ကျမ်းစာ စလေ့လာနေပြီ။ “ဘဝ​လမ်းစဉ် ပြောင်းဖို့၊ စိတ်​နာကြည်းမနေဖို့ လိုတယ်ဆိုတာ ကျမ်းစာ လေ့လာရင်း သိလာတယ်” လို့ တိုနီ ပြောတယ်။ နောက်တော့၊ နှစ်ခြင်းခံပြီး အသင်းတော် အကြီးအကဲ ဖြစ်​လာတယ်။ ဟိုစေးလည်း နှစ်ခြင်းခံပြီးသား သက်သေခံ ဖြစ်နေပြီဆိုတာ တိုနီ သိလိုက်​ရတော့ တအား အံ့ဩ​သွားတယ်။ နှစ်ယောက်သား ပြန်တွေ့ချိန်မှာ အားရပါးရ ဖက်လိုက်ပြီး ဟိုစေး​ကို ခွင့်လွှတ်တယ်လို့ တိုနီ ပြောတယ်။ အဲဒီလို ခွင့်လွှတ်လိုက်လို့ ပြောမပြတတ်လောက်အောင် ပျော်ရွှင်မှု ခံစား​ရတယ်လို့ တိုနီ ပြောတယ်။ လိုလိုလားလား ခွင့်လွှတ်တဲ့ တိုနီ​ကို ယေဟောဝါ ကောင်းချီးပေးတာ ထင်ရှားတယ်။

ပီတာ​နဲ့ စူးရဲ့ ပုံသက်သေက ဒေါသစိတ်၊ နာကြည်း​စိတ်​ကို ထုတ်ပစ်နိုင်ကြောင်း ဖော်ပြ (စာပိုဒ် ၁၅-၁၆ ကို ကြည့်ပါ)

၁၅-၁၆။ ပီတာ​နဲ့ စူးရဲ့ တွေ့ကြုံမှု​ကနေ ခွင့်လွှတ်မှုအကြောင်း ဘာသိရသလဲ။

၁၅ ၁၉၈၅ မှာ ပီတာ​နဲ့ စူး နိုင်ငံတော်​ခန်းမမှာ အစည်းအဝေး တက်နေတုန်း ရုတ်တရက် ပေါက်ကွဲမှုတစ်ခု ဖြစ်တယ်။ လူတစ်ယောက် နိုင်ငံတော်​ခန်းမမှာ ဗုံးထောင်ထားတာ။ စူး အပြင်းအထန် ဒဏ်ရာ​ရသွားတယ်။ အမြင်​အာရုံ၊ အကြားအာရုံ၊ အနံ့​အာရုံ ပျက်စီး​သွားတယ်။ * ‘ဘယ်လိုလူကများ ဒီလောက် ဆိုးတဲ့ကိစ္စကို လုပ်တာ​လဲ’ လို့ သူတို့ မကြာမကြာ တွေးမိ​ကြတယ်။ နှစ်များစွာ ကြာပြီးနောက် ဗုံးထောင်တဲ့လူ အဖမ်း​ခံရပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခံရတယ်။ သူက ယေဟောဝါ​သက်သေ မဟုတ်ဘူး။ သူ့ကို ခွင့်လွှတ်သလားလို့ ပီတာ​နဲ့ စူးကို မေးကြည့်တဲ့အခါ “စိတ်​နာကြည်းတာ၊ တေးမှတ်ထားတာဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်​စေနိုင်တယ်​လို့ ယေဟောဝါ သင်ပေး​ထားတယ်။ ဒါကြောင့် အစ​ကတည်းက ဒေါသစိတ်၊ နာကြည်း​စိတ်​ကို ဘေးဖယ်ပြီး ဘဝကို ရှေ့ဆက်​နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်းတယ်” လို့ သူတို့ ပြောတယ်။

၁၆ ခွင့်လွှတ်ဖို့ သူတို့​အတွက် လွယ်သလား။ မလွယ်ပါဘူး။ “စူးရဲ့ ထိခိုက်ဒဏ်ရာတွေကြောင့် ဘဝမှာ အခက်အခဲတွေ ကြုံရတိုင်း ဒေါသတွေ တလိပ်လိပ် တက်​လာတယ်။ ဒါပေမဲ့ အဲဒီအကြောင်း​ပဲ တနုံ့နုံ့ တွေးမနေတဲ့အတွက် ဒေါသ ချက်ချင်း ပြေသွား​တယ်။ ဗုံးထောင်တဲ့လူ​သာ တစ်နေ့ ညီအစ်ကို ဖြစ်လာရင် လှိုက်လှိုက်လှဲလှဲ ကြိုဆို​မိ​မှာ။ ကျမ်းစာ​မူတွေကို လက်တွေ့ကျင့်သုံးတဲ့အခါ ပြောမပြနိုင်တဲ့ နည်းတွေနဲ့ လွတ်မြောက်မှု ခံစား​ရတယ်​ဆိုတာ ဒီဖြစ်ရပ်က သင်ပေးတယ်။ ထိခိုက်​နစ်နာမှု အားလုံးကို မကြာခင် ယေဟောဝါ ဖယ်ရှားပေးတော့မယ်ဆိုတဲ့ အသိကြောင့်လည်း နှစ်သိမ့်မှု ရတယ်” လို့ သူတို့ ဆက်​ပြောတယ်။

၁၇။ မိုင်ရာ​ရဲ့ တွေ့ကြုံမှု​ကနေ ခွင့်လွှတ်မှုအကြောင်း ဘာသိရသလဲ။

၁၇ မိုင်ရာ အမှန်တရား​အကြောင်း စသင်ယူချိန်မှာ အိမ်ထောင်​ကျပြီး ကလေးငယ် နှစ်ယောက် ရှိနေပြီ။ ခင်ပွန်း​က အမှန်တရားကို လက်မခံဘူး။ နောက်တော့ အိမ်ထောင်ရေး ဖောက်ပြန်ပြီး မိသားစုကို စွန့်သွားတယ်။ “ကျွန်မတို့ သားအမိတွေကို သူ စွန့်သွားတုန်းက သစ္စာဖောက်​ခံရတဲ့ တခြား​သူတွေလိုပဲ အံ့ဩတုန်လှုပ်တာ၊ မယုံကြည်နိုင်တာ၊ ဝမ်းနည်းတာ၊ နောင်တရတာ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာ၊ ဒေါသထွက်တာတွေ ခံစား​ရတယ်” လို့ မိုင်ရာ ပြောတယ်။ အိမ်ထောင်ရေး အဆုံးသတ်သွားပေမဲ့ သစ္စာဖောက်​ခံရတယ်ဆိုတဲ့ နာကျင်မှုကတော့ ဆက်ရှိ​နေတုန်းပဲ။ “လပေါင်း​များစွာ တမြေ့မြေ့ ခံစား​ရတယ်။ ယေဟောဝါနဲ့ရော တခြား​သူတွေနဲ့​ပါ ဆက်ဆံရေး ထိခိုက်​လာတယ်” လို့ မိုင်ရာ ပြောတယ်။ အခုတော့ ဒေါသစိတ်၊ နာကြည်းစိတ်တွေကို ဖျောက်ပစ်​နိုင်ပြီ။ တစ်နေ့နေ့ သူ့ခင်ပွန်းဟောင်း ယေဟောဝါနဲ့ ရင်းနှီး​လာဖို့​တောင် မျှော်လင့်နေတယ်။ အနာဂတ်​ကို မိုင်ရာ အာရုံစိုက်​နိုင်ပြီ။ တစ်ကိုယ်ရေ မိခင်အနေနဲ့ သားသမီးနှစ်ယောက်ကို ယေဟောဝါရဲ့ ကျေးကျွန်တွေ ဖြစ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့တယ်။ အခု၊ သားသမီးတွေ၊ သူတို့ရဲ့ မိသားစုတွေ​နဲ့​အတူ ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြု​နေတယ်။

ယေဟောဝါရဲ့ ပြီးပြည့်စုံလင်တဲ့ တရားမျှတမှု

၁၈။ အကြီးမြတ်ဆုံး တရားသူကြီး ယေဟောဝါနဲ့​ပတ်သက်ပြီး ဘာကို ယုံကြည်​စိတ်ချ​နိုင်သလဲ။

၁၈ လူတစ်ယောက်စီကို ဘယ်လို စီရင်​ရမယ်ဆိုတာ ဆုံးဖြတ်ဖို့ ကျွန်တော်တို့ တာဝန် မရထားလို့ ကျေးဇူးတင်စရာပါပဲ။ ဒီအရေးကြီး ကိစ္စ​ကို အကြီးမြတ်ဆုံး တရားသူကြီး ယေဟောဝါ​ကိုယ်တိုင် ကိုင်တွယ်ပါလိမ့်မယ်။ (ရော. ၁၄:၁၀-၁၂) ပြီးပြည့်စုံလင်တဲ့ အမှားအမှန် စံနှုန်း​နဲ့​အညီ ဘုရား အမြဲ တရားစီရင်မယ်ဆိုတာ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်​စိတ်ချ​နိုင်တယ်။ (က. ၁၈:၂၅။ ၁ ဘု. ၈:၃၂) မဖြောင့်မတ်တာကို ဘုရား ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။

၁၉။ ယေဟောဝါရဲ့ ပြီးပြည့်စုံလင်တဲ့ တရားမျှတမှု​က ဘာတွေ ပြီးမြောက်စေမလဲ။

၁၉ လူ့မစုံလင်မှုနဲ့ အပြစ်ရဲ့ ဆိုးကျိုး​အားလုံးကို ယေဟောဝါ အပြီးအပိုင် ဖယ်ရှားပေးမယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ အဲဒီ​အချိန်ကျရင် ရုပ်ပိုင်း၊ စိတ်ပိုင်း ဒဏ်ရာ မှန်သမျှကို ဘုရား အပြီးအပိုင် ကုစားပေးပါလိမ့်မယ်။ (ဆာ. ၇၂:၁၂-၁၄။ ဗျာ. ၂၁:၃၊ ၄) အဲဒါတွေ စိတ်ထဲ ဘယ်တော့မှ ပြန်​ပေါ်လာတော့မှာ မဟုတ်ဘူး။ သိပ်ကောင်းတဲ့ အဲဒီ​အချိန်ကို စောင့်ဆိုင်းနေတုန်းမှာတော့ အချင်းချင်း ခွင့်လွှတ်ခြင်းအားဖြင့် မိမိကို တုပနိုင်ဖို့ ယေဟောဝါ အစွမ်း​ခွန်အား ပေးနေလို့ ကျေးဇူးတင်စရာပါပဲ။

သီချင်း ၁၈ ရွေးနုတ်ဖိုး​အတွက် ကျေးဇူးတင်ပါ

^ အပြစ်လုပ်သူတွေ နောင်တ​ရတဲ့​အခါ ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။ ကျွန်တော်တို့ဟာ ခရစ်ယာန်တွေ ဖြစ်လို့ တစ်ယောက်ယောက် စိတ်ဆိုးအောင် လုပ်တဲ့​အခါ ဘုရားရဲ့ ပုံသက်သေကို တုပချင်ကြတယ်။ ကိုယ်တိုင် ခွင့်လွှတ်နိုင်တဲ့ အပြစ်၊ အကြီးအကဲတွေ သိအောင် ပြောပြရမယ့် အပြစ်တွေအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အချင်းချင်း​ကို ယေဟောဝါ ဘာကြောင့် ခွင့်လွှတ်စေချင်ကြောင်း၊ ခွင့်လွှတ်ရင် ရမယ့် ကောင်းချီးတွေ​အကြောင်းလည်း ဆွေးနွေး​ကြပါမယ်။

^ ၁၉၉၆၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင်စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။

^ အမည်လွှဲများ။

^ ၁၉၉၂၊ ဇန်နဝါရီ ၈ နိုးလော့! (အင်္ဂလိပ်)၊ စာ. ၉-၁၃ ကို ကြည့်ပါ။ ၂၀၁၆၊ မတ် JW ရုပ်သံထုတ်လွှင့်မှု® ကို ကြည့်ပါ။