မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၇

“ယေဟောဝါကို မျှော်လင့်ပါ”

“ယေဟောဝါကို မျှော်လင့်ပါ”

“ယေဟောဝါကို မျှော်လင့်ပါ။ ရဲစွမ်းသတ္တိ ရှိပါ။”—ဆာ. ၂၇:၁၄

သီချင်း ၁၂၈ အဆုံးအထိ ခံရပ်​နေပါ

အကြို​သုံးသပ်ချက် *

၁။ (က) ကျွန်တော်တို့ကို ယေဟောဝါ ဘာမျှော်လင့်ချက် ပေးထား​သလဲ။ (ခ) “ယေဟောဝါကို မျှော်လင့်” တယ်ဆိုတာ ဘာကို ဆိုလို​သလဲ။ (“စကားလုံး ရှင်းလင်းချက်” ကို ကြည့်ပါ။)

 ယေဟောဝါ​က မိမိကို ချစ်မြတ်နိုးသူတိုင်းကို တောက်ပတဲ့ မျှော်လင့်ချက် ပေးထားတယ်။ မကြာခင် ဖျားနာမှု၊ ဝမ်းနည်းမှုနဲ့ သေခြင်းကို ဖယ်ရှား​ပေးမယ်။ (ဗျာ. ၂၁:၃၊ ၄) မိမိကို မျှော်လင့်တဲ့ “စိတ်နူးညံ့သူတွေ” ကမ္ဘာမြေကို ပရဒိသုအဖြစ် ပြောင်းလဲတဲ့​အခါ ကူညီ​ပေးမယ်။ (ဆာ. ၃၇:၉-၁၁) ကျွန်တော်တို့ တစ်ယောက်စီနဲ့ လက်ရှိထက် ပိုရင်းနှီး၊ နွေးထွေးတဲ့ ဆက်ဆံရေး ရှိစေမယ်။ သိပ်ကောင်းတဲ့ မျှော်လင့်ချက်ပါပဲ။ ဘုရား​ကတိတွေ ပြည့်စုံလာမယ်ဆိုတာ ယုံကြည်ဖို့ ဘာ​အကြောင်းရင်း ရှိသလဲ။ ယေဟောဝါဟာ အမြဲ ကတိတည်တယ်။ ဒါဟာ “ယေဟောဝါကို မျှော်လင့်” ဖို့ အကြောင်းကောင်းပါပဲ။ * (ဆာ. ၂၇:၁၄) ကတိတွေ ဘုရား ပြည့်စုံစေမယ့်အချိန်ကို စိတ်ရှည်စွာ၊ ရွှင်လန်းစွာ စောင့်ဆိုင်းခြင်းအားဖြင့် မျှော်လင့်ကြောင်း ကျွန်တော်တို့ ပြကြတယ်။—ဟေရှာ. ၅၅:၁၀၊ ၁၁

၂။ ယေဟောဝါ ဘာလုပ်ဆောင်ခဲ့ပြီလဲ။

ကတိတည်ကြောင်း ယေဟောဝါ သက်သေထူခဲ့ပြီ။ ဥပမာ​တစ်ခု သုံးသပ်ကြည့်ပါ။ ကျွန်တော်တို့ခေတ်မှာ လူမျိုး၊ မျိုးနွယ်၊ ဘာသာစကား အမျိုးမျိုး ပြောဆို​သူတွေထဲက လူတွေကို စုသိမ်းမယ်၊ စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ စည်းလုံးစေမယ်လို့ ဗျာဒိတ်​ကျမ်းမှာ ယေဟောဝါ ကတိ​ပေးထားတယ်။ ဒီနေ့ ထူးခြားတဲ့ အဲဒီလူစုကို “လူအုပ်ကြီး” လို့ သိထား​ကြတယ်။ (ဗျာ. ၇:၉၊ ၁၀) လူမျိုး၊ ဘာသာစကား၊ နောက်ခံ အသီးသီး​က အမျိုးသား/သမီး၊ ကလေးတွေနဲ့ ဖွဲ့စည်းထားပေမဲ့ ငြိမ်သက်စည်းလုံးတဲ့ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်း ဖြစ်​နေတယ်။ (ဆာ. ၁၃၃:၁။ ယော. ၁၀:၁၆) သူတို့ စိတ်ထက်သန်စွာ ဟောပြော​ကြတယ်။ နားထောင်ချင်​သူတွေကို ပိုကောင်းတဲ့ ကမ္ဘာအကြောင်း မျှော်လင့်ချက် ဝေမျှဖို့ အမြဲ အသင့်ရှိ​ကြတယ်။ (မ. ၂၈:၁၉၊ ၂၀။ ဗျာ. ၁၄:၆၊ ၇။ ၂၂:၁၇) သင်ဟာ လူအုပ်ကြီးအဝင်ဆိုရင် ပိုကောင်းတာတွေ ဖြစ်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ကို သိပ်တန်ဖိုးထားမှာပဲ။

၃။ မာရ်နတ်ရဲ့ ရည်ရွယ်ချက်​က ဘာလဲ။

သင့်မျှော်လင့်ချက်ကို မာရ်နတ် ပျက်ပြားသွားစေချင်တယ်။ ရည်ရွယ်ချက်​က ယေဟောဝါ သင့်ကို ဂရုမစိုက်ဘူး၊ ကတိမတည်ဘူးလို့ ယုံစေချင်တာ။ ကျွန်တော်တို့ မျှော်လင့်ချက်သာ ပျက်ပြားသွားရင် သတ္တိ လျော့လာမယ်။ ယေဟောဝါကို ဝတ်မပြုတော့တဲ့အထိ ဖြစ်​သွားမယ်။ ဒီ​ဆောင်းပါးမှာ တွေ့ရမယ့်အတိုင်း ယောဘ မျှော်လင့်ချက် ပျက်ပြားသွားအောင်၊ ယေဟောဝါကို ဝတ်မပြုတော့အောင် မာရ်နတ် ကြိုးစား​ခဲ့တယ်။

၄။ ဒီ​ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။ (ယောဘ ၁:၉-၁၂)

ယောဘ သမာဓိ ချိုးဖောက်အောင် ဖိအားပေးဖို့ စာတန် သုံးတဲ့ နည်းပရိယာယ်တွေကို ဒီ​ဆောင်းပါးမှာ ဆွေးနွေးပါမယ်။ (ယောဘ ၁:၉-၁၂ ကို ဖတ်ပါ။) ယောဘရဲ့ စံနမူနာ​ကနေ ဘာသင်ယူနိုင်ကြောင်း၊ ဘုရား ကိုယ့်ကို ချစ်တယ်၊ ကတိတွေ ပြည့်စုံ​စေမယ်​ဆိုတာ သတိ​ရဖို့ ဘာကြောင့် အရေးကြီးကြောင်း​လည်း ဆွေးနွေးပါမယ်။

ယောဘ မျှော်လင့်ချက် ပျက်ပြားအောင် စာတန် ကြိုးစား

၅-၆။ အချိန်တို​အတွင်း ယောဘ ဘာ​ဖြစ်သွား​သလဲ။

ယောဘရဲ့ ဘဝဟာ အေးချမ်း​တယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ စည်းလုံးတဲ့ မိသားစုကြီး ရှိတယ်။ သိပ်ချမ်းသာတယ်။ (ယောဘ ၁:၁-၅) ဒါပေမဲ့ တစ်ရက်​အတွင်း အရာအားလုံးနီးပါး ဆုံးရှုံး​သွားတယ်။ ပထမ၊ စည်းစိမ် ပြုတ်သွားတယ်။ (ယောဘ ၁:၁၃-၁၇) နောက်တော့၊ ချစ်ရတဲ့ သားသမီး အားလုံး သေသွား​တယ်။ စဉ်းစားကြည့်ပါ။ သားသမီး တစ်ယောက် ဆုံးသွား​ရင်တောင် မိဘတွေ ရင်ကွဲလုမတတ်ပဲ။ သားသမီး ဆယ်ယောက်စလုံး ဆုံး​သွားတယ်​ဆိုတဲ့ သတင်း ယောဘတို့ ဇနီးမောင်နှံ ကြားလိုက်ရချိန်မှာ ဘယ်လောက် ထိတ်လန့်သွားမယ်၊ ခြေမကိုင်မိ လက်​မကိုင်မိ ဖြစ်သွားမယ်ဆိုတာ မြင်ယောင်​ကြည့်ပါ။ ယောဘခမျာ အဝတ်ကို ဆွဲဆုတ်၊ မြေပေါ် ပုံလျက်သား လဲကျသွားတဲ့အထိပဲ။—ယောဘ ၁:၁၈-၂၀

နောက်တော့ စာတန်က ယောဘကို အရှက်တကွဲ ဖြစ်စေမယ့် ရောဂါဆိုး ဖြစ်စေတယ်။ (ယောဘ ၂:၆-၈။ ၇:၅) တစ်ချိန်က ယောဘကို လူတွေ သိပ်လေးစားကြတယ်။ အကြံဉာဏ် လာတောင်းကြတယ်။ (ယောဘ ၃၁:၁၈) အခုတော့ ရှောင်ကုန်ကြပြီ။ ညီရင်းအစ်ကိုတွေ၊ မိတ်ဆွေတွေ၊ အိမ်က ကျွန်တွေတောင် ကြဉ်ထားကြတယ်။—ယောဘ ၁၉:၁၃၊ ၁၄၊ ၁၆

ယောဘရဲ့ ရင်နင့်စရာ ဆုံးရှုံးမှုတွေကို ဒီနေ့ခေတ် ညီအစ်ကို/မတွေ နားလည်ပေးနိုင် (စာပိုဒ် ၇ ကို ကြည့်ပါ) *

၇။ (က) ဒုက္ခတွေ ကြုံ​ရတာ ဘာကြောင့်​လို့ ယောဘ ထင်သွားသလဲ။ ဒါပေမဲ့ ဘာမလုပ်ဘူးလဲ။ (ခ) ရုပ်ပုံ​မှာ တွေ့ရတဲ့​အတိုင်း ခရစ်ယာန်တစ်ယောက် ဘာတွေ ကြုံရနိုင်သလဲ။

ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံးသွားလို့ အခုလို ကြုံ​ရတာ​ဆိုပြီး ယောဘကို စာတန် ထင်စေချင်တယ်။ ဥပမာ၊ ယောဘရဲ့ သားသမီး ဆယ်ယောက်စလုံး အတူ စားသောက်​နေတဲ့ အိမ်ကို စာတန် လေပြင်းကြီး တိုက်ခတ်​စေတယ်။ (ယောဘ ၁:၁၈၊ ၁၉) ကောင်းကင်ကနေ မီးကျပြီး ယောဘရဲ့ သိုးတွေ၊ ကျွန်တွေကို လောင်ကျွမ်း​သွားစေတယ်။ (ယောဘ ၁:၁၆) လေပြင်းတွေ၊ မီးတွေ ကောင်းကင်ကနေ လာတယ်ဆိုတော့ ယေဟောဝါ​ဘုရား လုပ်တာ​လို့ ယောဘ ထင်သွားတယ်။ တစ်နည်းနည်းနဲ့ ဘုရား ဒေါသထွက်အောင် လုပ်ထား​မိ​လို့ ဖြစ်ရမယ်​ဆိုပြီး ယုံသွားတယ်။ ဒါတောင် ကောင်းကင်ဘုံစံ အဖကို မပြစ်မှားဘူး။ နှစ်တွေ​တစ်လျှောက် ယေဟောဝါ​ဆီ​က ကောင်းတာတွေ အများကြီး ရထားတယ်ဆိုတာ အသိအမှတ်​ပြုတယ်။ ကောင်းတာတွေ ကျေကျေနပ်နပ်ကြီး လက်ခံရင် မကောင်းတာတွေ​လည်း လိုလိုလားလား လက်ခံရမှာပေါ့လို့ တွေးတယ်။ ဒါကြောင့် “ယေဟောဝါရဲ့ နာမည်​ကို အမြဲ ချီးမွမ်း​ကြပါစေ” လို့ ပြောခဲ့တယ်။ (ယောဘ ၁:၂၀၊ ၂၁။ ၂:၁၀) စည်းစိမ်ပြုတ်၊ သားသမီးတွေ သေဆုံးပြီး ကိုယ်တိုင် ရောဂါဆိုး ခံရတာ​တောင် ယောဘ ဆက်သစ္စာရှိတယ်။ ဒါပေမဲ့ စာတန် လက်မလျှော့သေးဘူး။

၈။ စာတန် နောက်ထပ် ဘယ်ပရိယာယ် သုံးသလဲ။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မရှိဘူးလို့ ယောဘ ခံစား​ရအောင် မိတ်ဆွေ အတုအယောင် သုံးယောက်ကို စာတန် သုံးတယ်။ အမှားတွေ များလွန်းလို့ အခုလို ခံနေရတာလို့ သူတို့ ဝိုင်းပြောကြတယ်။ (ယောဘ ၂၂:၅-၉) ဘယ်လောက်ပဲ ကောင်းအောင် ကြိုးစားပါစေ ဘုရား အရေးမစိုက်ဘူးလို့ ခံစား​ရအောင်​လည်း လုပ်ကြတယ်။ (ယောဘ ၄:၁၈။ ၂၂:၂၊ ၃။ ၂၅:၄) ဘုရား ချစ်တယ်၊ စောင့်ရှောက်တယ်၊ တန်ဖိုးထား​တယ်ဆိုတာ​ကို ယောဘ သံသယဝင်အောင် လုပ်နေကြတာ။ သူတို့ရဲ့ စကားတွေကြောင့် မျှော်လင့်ချက် မဲ့နေပြီလို့ ယောဘ ခံစား​ရနိုင်တယ်။

၉။ ရဲစွမ်းသတ္တိ ရှိဖို့ ယောဘကို ဘာက ကူညီ​ပေးသလဲ။

မြင်ယောင်​ကြည့်ပါ။ ယောဘ ပြာထဲမှာ နာကျင်စွာ ထိုင်နေ​ရတယ်။ (ယောဘ ၂:၈) ကိုယ်ကျင့်တရား မကောင်းဘူးဆိုပြီး မိတ်ဆွေတွေ ဝိုင်းသိက္ခာချကြတယ်။ သားသမီးတွေ ဆုံးရှုံးထားရလို့ ပူဆွေး​နေတဲ့ ယောဘ တစ်ပူပေါ် နှစ်ပူဆင့်ရတယ်။ ပထမတော့ ယောဘ နှုတ်ဆိတ်​နေတယ်။ (ယောဘ ၂:၁၃–၃:၁) ဒီလို နှုတ်ဆိတ်နေတာ ဖန်ဆင်း​ရှင်​ကို ကျောခိုင်းတော့မယ့် လက္ခဏာ​ပဲ​လို့ သူတို့ ထင်နေကြရင် မှားမယ်။ တစ်ကြိမ်​မှာ ယောဘ ခေါင်းကို မော့၊ မိတ်ဆွေ အတုအယောင်တွေကို စေ့စေ့ကြည့်ပြီး “သေတဲ့အထိ ကျုပ်​ရဲ့ သမာဓိကို မစွန့်ဘူး” လို့ ပြော​လိုက်တယ်။ (ယောဘ ၂၇:၅) အခက်အခဲတွေ ကြုံနေ​ရတာ​တောင် ရဲစွမ်းသတ္တိ ရှိဖို့ ယောဘကို ဘာက ကူညီ​ပေးသလဲ။ အခက်အခဲတွေကို မေတ္တာရှင် ဘုရား အဆုံးတိုင်​စေမယ်​ဆိုတဲ့ မျှော်လင့်ချက် ပျက်ပြားမသွားလို့ပါပဲ။ သေဆုံး​သွားရင်တောင် ယေဟောဝါ ပြန်ထမြောက်ပေးမယ်ဆိုတာ ယောဘ သိတယ်။—ယောဘ ၁၄:၁၃-၁၅

ယောဘကို ဘယ်လို အတုယူနိုင်သလဲ

၁၀။ ယောဘ​မှတ်တမ်းက ဘာသင်ပေးသလဲ။

၁၀ ယေဟောဝါကို ကျွန်တော်တို့ စွန့်ခွာသွားအောင် စာတန် အတင်းအကျပ် မလုပ်​နိုင်ကြောင်း၊ ကျွန်တော်တို့ ကြုံရသမျှ ဘုရား အမြဲ သိကြောင်း ယောဘ​မှတ်တမ်းက သင်ပေးတယ်။ ပါဝင်ပတ်သက်နေတဲ့ အရေးကိစ္စတွေကို ပိုသဘောပေါက်ဖို့လည်း ကူညီ​ပေးတယ်။ ယောဘ​ဆီကနေ သင်ယူ​နိုင်တဲ့ သတ်သတ်မှတ်မှတ် သင်ခန်းစာ​တချို့​ကို သုံးသပ်ကြည့်ပါ။

၁၁။ ယေဟောဝါကို ဆက်ယုံကြည်ကိုးစားရင် ဘာစိတ်ချနိုင်သလဲ။ (ယာကုပ် ၄:၇)

၁၁ ယောဘ သက်သေထူတဲ့အချက်ကတော့ ယေဟောဝါကို ဆက်ယုံကြည်ကိုးစားရင် ဘယ်အခက်အခဲကိုမဆို ခံရပ်​နိုင်တယ်၊ စာတန်ကို အောင်မြင်စွာ ခုခံ​တွန်းလှန်​နိုင်တယ်​ဆိုတာ​ပါပဲ။ ဒါဆိုရင် ဘာရလဒ် ရမလဲ။ မာရ်နတ် ထွက်ပြေး​သွားမယ်လို့ ကျမ်းစာ​မှာ ကတိ​ပေးထားတယ်။ယာကုပ် ၄:၇ ကို ဖတ်ပါ။

၁၂။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​က ယောဘကို ဘယ်လို အားရှိစေ​သလဲ။

၁၂ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ကျွန်တော်တို့ အခိုင်အမာ ယုံကြည်​ရမယ်။ ရှေ့ဆောင်းပါးမှာ ဖော်ပြတဲ့​အတိုင်း ကျွန်တော်တို့ သမာဓိ ချိုးဖောက်ဖို့ သေရမှာ ကြောက်တဲ့ စိတ်​ကို စာတန် သုံးတယ်။ အသက်​ဆက်ရှင်ဖို့ ယောဘ ဘာမဆို လုပ်မယ်၊ သမာဓိ ချိုးဖောက်မယ်လို့​တောင် စာတန် ပြောခဲ့တယ်။ စာတန် မှားသွား​တယ်။ သေရတော့မယ်​လို့ ထင်ရတဲ့အချိန်မှာတောင် ယောဘ ဆက်သစ္စာစောင့်သိတယ်။ ယေဟောဝါရဲ့ ကောင်းမြတ်မှု​ကို စိတ်ချ​လို့၊ ကိစ္စရပ်တွေကို ဘုရား ဖြေရှင်းပေးမယ်ဆိုတာ အခိုင်အမာ မျှော်လင့်​လို့​ပါပဲ။ မိမိ အသက်ရှင်နေတုန်းမှာ ဖြေရှင်းမပေးရင်တောင် အနာဂတ်​မှာ ပြန်ထမြောက်ပေးမယ်ဆိုတာ ယောဘ ယုံကြည်တယ်။ ကျွန်တော်တို့လည်း ယောဘလိုပဲ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို အခိုင်အမာ ယုံကြည်ရင် သေရမှာ ကြောက်တဲ့ စိတ်ကြောင့် သမာဓိ ချိုးဖောက်တာမျိုး ဖြစ်မှာ မဟုတ်ဘူး။

၁၃။ ယောဘ​ကိစ္စ​မှာ စာတန် သုံးတဲ့ နည်းပရိယာယ်တွေကို ဘာကြောင့် သတိထား​ရမလဲ။

၁၃ ယောဘ​ကိစ္စ​မှာ စာတန် သုံးတဲ့ နည်းပရိယာယ်တွေကို ကျွန်တော်တို့ သတိထား​ရမယ်။ ဒီနေ့လည်း အလားတူ ပရိယာယ်တွေ စာတန် သုံးနေလို့ပဲ။ “လူ​ဟာ အသက်​ဆက်ရှင်ဖို့ ကိုယ်​ပိုင်ဆိုင်သမျှကို ပေးမှာပဲ” ဆိုတဲ့ စွပ်စွဲချက်​ကို သတိ​ပြုပါ။ (ယောဘ ၂:၄၊ ၅) ဒါဟာ ယောဘကို​သာမက လူ​အားလုံးကို စွပ်စွဲ​လိုက်တာပဲ။ ယေဟောဝါ​ဘုရားကို ကျွန်တော်တို့ တကယ် မချစ်ဘူး၊ ကိုယ့်အသက်နဲ့ ယှဉ်လာရင် ဘုရားကို စွ့န်ခွာမှာပဲလို့ စာတန် ပြောနေတာ။ ကျွန်တော်တို့ကို ဘုရား မချစ်ဘူး၊ မျက်နှာသာ ရဖို့ ကျွန်တော်တို့ ကြိုးစားအားထုတ်တာတွေကို အရေးမစိုက်ဘူးလို့လည်း ပြောသေးတယ်။ ယေဟောဝါကို မျှော်လင့်​သူတွေကတော့ စာတန့်ပရိယာယ်တွေကို သိထားလို့ လှည့်စားမခံကြရဘူး။

၁၄။ အခက်အခဲတွေ​က ဘာကို ဖော်ပြပေးသလဲ။ ဥပမာ ပေးပါ။

၁၄ အခက်အခဲတွေကို ကိုယ့်အကြောင်းကိုယ် သိနိုင်မယ့် အခွင့်အရေးအဖြစ် ရှုမြင်သင့်တယ်။ ကြုံရတဲ့ အခက်အခဲတွေကြောင့် ယောဘ ကိုယ့်အားနည်းချက်တွေ သိပြီး ပြုပြင်နိုင်ခဲ့တယ်။ ဥပမာ၊ ဒီ့ထက် ပိုနှိမ့်ချရမယ်ဆိုတာ သိလာတယ်။ (ယောဘ ၄၂:၃) ကျွန်တော်တို့လည်း အခက်အခဲ ကြုံရတဲ့​အခါ ကိုယ့်အကြောင်း ပို​သိလာ​နိုင်တယ်။ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ ရှိပေမဲ့ ထောင်ချ​ခံရတဲ့ ညီအစ်ကို နီကိုလိုင် * က “ဓာတ်မှန်​က ကိုယ်ခန္ဓာ အတွင်းပိုင်း​ကို ဖော်ပြပေးသလိုပဲ ထောင်ထဲမှာ နေ​ရတာဟာ ခရစ်ယာန်တစ်ယောက်​မှာ အရည်အချင်းကောင်းတွေ ရှိမရှိ​ဆိုတာ​ကို ဖော်ပြပေးတယ်” လို့ ပြောတယ်။ ကိုယ့်အားနည်းချက် သိမှ ပြုပြင်စရာရှိတာ ဆက်ပြုပြင်နိုင်မယ်။

၁၅။ ကျွန်တော်တို့ ဘယ်သူ့​စကား နားထောင်သင့်သလဲ။ ဘာကြောင့်လဲ။

၁၅ ရန်သူ့စကားကို မဟုတ်ဘဲ ယေဟောဝါရဲ့ စကား​ကို ကျွန်တော်တို့ နားထောင်​ရမယ်။ ယေဟောဝါ ပြောတာကို ယောဘ ဂရုတစိုက် နားထောင်​ခဲ့တယ်။ ‘ငါ့ရဲ့ ဖန်ဆင်းခြင်း တန်ခိုး​ကို မင်း မြင်သလား။ မင်း ဘာတွေ ကြုံရသလဲ ငါ အားလုံး သိတယ်။ မင်း​ကို မစောင့်ရှောက်နိုင်ဘူးလို့ မင်း ထင်နေတာလား’ ဆိုပြီး ယောဘကို ဘုရား ကျိုးကြောင်း​ဆင်ခြင်​ပြတယ်။ ယေဟောဝါရဲ့ ကောင်းမြတ်မှု​ကို ကျေးဇူးတင်လေးမြတ်စိတ်နဲ့ နှိမ့်ချစွာ ယောဘ တုံ့ပြန်​တယ်။ “ကိုယ်တော့်​အကြောင်းကို အရင်က နားနဲ့သာ ကြားခဲ့ဖူးတာပါ။ အခုတော့ ကိုယ်တော့်​ကို မျက်စိ​နဲ့ တပ်အပ် မြင်ရပါပြီ” လို့ ပြောတယ်။ (ယောဘ ၄၂:၅) တစ်ကိုယ်လုံး အနာ ဗရပွနဲ့ ပြာထဲမှာ ထိုင်နေရင်း၊ သားသမီးတွေ​အတွက် ပူဆွေး​နေရင်း အဲဒီစကားတွေ ပြောခဲ့တာ။ ယောဘကို ချစ်တယ်၊ နှစ်သက်လက်ခံတယ်ဆိုတာ ယေဟောဝါ စိတ်ချစေခဲ့တယ်။—ယောဘ ၄၂:၇၊ ၈

၁၆။ ဟေရှာယ ၄၉:၁၅၊ ၁၆ အရ အခက်အခဲ ကြုံရ​ချိန်မှာ ဘာကို သတိရသင့်သလဲ။

၁၆ ဒီနေ့လည်း ကျွန်တော်တို့ကို လူတွေ စော်ကားမော်ကား ဆက်ဆံ​နိုင်တယ်။ တန်ဖိုး​မရှိဘူးလို့ ခံစား​ရအောင် လုပ်​နိုင်တယ်။ တစ်ယောက်ချင်းကိုဖြစ်ဖြစ်၊ အဖွဲ့အစည်းလိုက်ကိုဖြစ်ဖြစ် နာမည်ဖျက်နိုင်တယ်။ “မဟုတ်မမှန် စွပ်စွဲ” နိုင်တယ်။ (မ. ၅:၁၁) အခက်အခဲ ကြုံရ​ချိန်မှာ ကျွန်တော်တို့ ဆက်သစ္စာရှိမယ်ဆိုတာ ယေဟောဝါ စိတ်ချကြောင်း ယောဘ​မှတ်တမ်းကနေ သိရတယ်။ မိမိကို မျှော်လင့်​သူတွေကို ယေဟောဝါ ချစ်တယ်၊ ဘယ်တော့မှ မစွန့်ဘူး။ (ဟေရှာယ ၄၉:၁၅၊ ၁၆ ကို ဖတ်ပါ။) ဘုရား​ရန်သူတွေရဲ့ အသရေဖျက် စကားတွေကို နားမယောင်​ပါ​နဲ့။ တူရကီ​နိုင်ငံ​က ညီအစ်ကို ဂျိမ်းတို့ မိသားစု ပြင်းထန်တဲ့ အခက်အခဲတွေ ကြုံခဲ့​ရတယ်။ “ဘုရားလူမျိုးအကြောင်း မဟုတ်မမှန် စကားတွေ နားထောင်တာ စိတ်ဓာတ်ကျစေမှန်း ကျွန်တော်တို့ သိတယ်။ ဒါကြောင့် နိုင်ငံတော် မျှော်လင့်ချက်ကို​ပဲ အာရုံစိုက်​တယ်။ ယေဟောဝါရဲ့ အမှုတော်မှာ အလုပ်​များနေတယ်။ ဒါကြောင့် ရွှင်လန်းမှု ဆက်ထိန်းထားနိုင်တယ်” လို့ ဂျိမ်း ပြောတယ်။ ယောဘလိုပဲ ယေဟောဝါရဲ့ စကား​ကို ကျွန်တော်တို့ နားထောင်​ကြတယ်။ ရန်သူ့ အလိမ်အညာ စကားတွေကြောင့် မျှော်လင့်ချက် ပျက်ပြားမသွားကြဘူး။

မျှော်လင့်ချက်​က ထောက်မပေး

သမာဓိ စောင့်ထိန်းတဲ့အတွက် ယောဘ ဆုချ​ခံရ။ ယေဟောဝါ ကောင်းချီး ပေးလို့ ယောဘတို့ ဇနီးမောင်နှံ ပျော်ပျော်ရွှင်ရွှင်၊ အသက်ရှည်ရှည် နေကြရ (စာပိုဒ် ၁၇ ကို ကြည့်ပါ) *

၁၇။ ဟီဘရူး အခန်းကြီး ၁၁ မှာ ဖော်ပြထားတဲ့ သစ္စာရှိ အမျိုးသား/သမီးတွေ​ရဲ့ စံနမူနာ​ကနေ ဘာ​သင်ယူ​ရသလဲ။

၁၇ ယောဘဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကြုံ​ရပေမဲ့ ရဲစွမ်းသတ္တိ ရှိခဲ့တဲ့ သစ္စာရှိ​ကျေးကျွန် တစ်ယောက် ဖြစ်တယ်။ နောက်ထပ် ‘တိမ်ထုကြီးလို များတဲ့ သက်သေတွေ’ အကြောင်း ဟီဘရူး​ကျမ်း​မှာ တမန်တော် ပေါလု ဖော်ပြတယ်။ (ဟီ. ၁၂:၁) သူတို့​အားလုံး ပြင်းထန်တဲ့ အခက်အခဲတွေ ကြုံ​ရပေမဲ့ ယေဟောဝါအပေါ် ​ဆက်သစ္စာရှိကြတယ်။ (ဟီ. ၁၁:၃၆-၄၀) သူတို့ရဲ့ ခံနိုင်ရည်နဲ့ ကြိုးစားမှု အလဟဿ ဖြစ်သလား။ မဖြစ်ပါဘူး။ သူတို့ အသက်ရှင်​နေစဉ် ဘုရား​ကတိ​အားလုံး ပြည့်စုံတာ မမြင်ရပေမဲ့ ယေဟောဝါကို ဆက်မျှော်လင့်ခဲ့ကြတယ်။ ယေဟောဝါရဲ့ မျက်နှာသာ ရထားတယ်၊ ကတိတွေ ပြည့်စုံ​လာတာ မြင်ရမယ်ဆိုတာ ယုံကြည်စိတ်ချကြလို့ပါ။ (ဟီ. ၁၁:၄၊ ၅) သူတို့ရဲ့ စံနမူနာ​က ယေဟောဝါကို ဆက်မျှော်လင့်နေမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဖြတ်ချက်​ကို ခိုင်မာ​စေနိုင်​တယ်။

၁၈။ သင် ဘာစိတ်ပိုင်းဖြတ်ထားသလဲ။ (ဟီဘရူး ၁၁:၆)

၁၈ ကျွန်တော်တို့ အသက်ရှင်​နေတဲ့ လောကဟာ ဆိုးသည်ထက် ဆိုးလာနေတယ်။ (၂ တိ. ၃:၁၃) ဘုရား​လူမျိုးကို စာတန် စမ်းသပ်​နေဆဲပဲ။ ရှေ့လျှောက် ဘယ်လို အခက်အခဲ​ပဲ ကြုံရပါစေ “အသက်ရှင်​နေတဲ့ ဘုရားသခင်ကို မျှော်လင့်” နေတယ်ဆိုတာ ယုံကြည်စိတ်ချရင်း ယေဟောဝါ​အတွက် အားသွန်ခွန်စိုက် အမှုဆောင်ဖို့ စိတ်ပိုင်း​ဖြတ်ထား​ကြပါစို့။ (၁ တိ. ၄:၁၀) “ယေဟောဝါဟာ အလွန် ချစ်ခင်စာနာပြီး ကရုဏာ​ကြီးတယ်” ဆိုတာ ယောဘကို ပေးတဲ့ ဘုရား​ကောင်းချီးတွေ​က သက်သေပါပဲ။ (ယာ. ၅:၁၁) “မိမိကို ထက်ထက်သန်သန် ရှာဖွေ​သူကို” ယေဟောဝါ ဆုချမယ်ဆိုတာ စိတ်ချရင်း ဆက်သစ္စာရှိကြပါစို့။ဟီဘရူး ၁၁:၆ ကို ဖတ်ပါ။

သီချင်း ၁၅၀ ကယ်တင်​ခံရဖို့ ဘုရားသခင်ကို ရှာပါ

^ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ခံရပ်ခဲ့သူလို့ ပြောလိုက်ရင် ယောဘကို စဉ်းစားမိတတ်ကြတယ်။ ဒီသစ္စာရှိ အမျိုးသားရဲ့ အတွေ့အကြုံ​ကနေ ဘာသိရသလဲ။ ယေဟောဝါကို ကျွန်တော်တို့ စွန့်ခွာသွားအောင် စာတန် အတင်းအကျပ် မလုပ်​နိုင်ကြောင်း၊ ကျွန်တော်တို့ ကြုံရသမျှ ဘုရား အမြဲ သိကြောင်း၊ ယောဘရဲ့ အခက်အခဲတွေကို အဆုံးတိုင်စေသလို တစ်နေ့၊ ကျွန်တော်တို့ရဲ့ အခက်အခဲအားလုံးကိုလည်း အဆုံးတိုင်စေမှာ ဖြစ်ကြောင်း သိရတယ်။ ဒီအချက်တွေကို အကြွင်းမဲ့ ယုံကြည်​စိတ်ချကြောင်း လုပ်ရပ်နဲ့ ပြခြင်းအားဖြင့် “ယေဟောဝါကို မျှော်လင့်” သူတွေ ဖြစ်နိုင်​ကြပါတယ်။

^ စကားလုံး ရှင်းလင်းချက်– “မျှော်လင့်” လို့ ပြန်ဆိုတဲ့ ဟီဘရူး စကားလုံးဟာ တစ်ခုခုကို စိတ်ထက်သန်စွာ မျှော်လင့်တကြီး “စောင့်ဆိုင်း” တာကို ဆိုလိုတယ်။ တစ်စုံ​တစ်ယောက်ကို ယုံကြည်​ကိုးစားတယ်​ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိနိုင်တယ်။—ဆာ. ၂၅:၂၊ ၃။ ၆၂:၅

^ အမည်လွှဲများ။

^ ပုံအညွှန်း– ယောဘတို့ ဇနီးမောင်နှံ သားသမီးတွေ ဆုံးရှုံး​လိုက်ရ။

^ ပုံအညွှန်း– ယောဘ အဆုံးထိ ခံရပ်ခဲ့။ ယောဘတို့ ဇနီးမောင်နှံ​က မိမိတို့နဲ့ မိသားစု​အပေါ် ယေဟောဝါ ကောင်းချီး ပေးတာကို ခံစား​နေ။