မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၇

ညီအစ်ကိုတွေကို ယုံကြည်စိတ်ချပါ

ညီအစ်ကိုတွေကို ယုံကြည်စိတ်ချပါ

မေတ္တာဟာ အရာရာကို ယုံတတ်တယ်။ အရာရာကို မျှော်လင့်​တတ်တယ်။’—၁ ကော. ၁၃:၇

သီချင်း  ၁၂၄ သစ္စာမြဲပါ

အကြို​သုံးသပ်ချက် *

၁။ ဒီ​လောက​မှာ ယုံကြည်​စိတ်ချရသူ ရှားလာတာ ဘာကြောင့် မအံ့ဩသင့်သလဲ။

 စာတန့်​လောက​မှာ လူတွေ ဘယ်သူ့ကို ယုံကြည်​စိတ်ချ​ရ​မှန်း မသိ ဖြစ်နေကြတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်တွေကြောင့် စိတ်ပျက်​ကြရတယ်။ မိတ်ဆွေ၊ အိမ်နီးချင်း၊ မိသားစုဝင်တွေကိုလည်း မယုံကြတော့ဘူး။ ဒါကို မအံ့ဩသင့်ပါဘူး။ ‘နောက်ဆုံး​ကာလမှာ လူတွေဟာ သစ္စာ​မရှိသူ၊ သွားပုပ်လေလွင့်​ပြောသူ၊ သစ္စာဖောက်​သူ​တွေ ဖြစ်ကြလိမ့်မယ်’ လို့ ကျမ်းစာမှာ ကြိုဟောထားလို့ပဲ။ တကယ်တော့ ယုံကြည်စိတ်ချလို့ မရတဲ့ ဒီ​လောကစနစ်ရဲ့ ဘုရား စာတန့် စရိုက်​ကို သူတို့ တုပနေကြတာ။—၂ တိ. ၃:၁-၅။ ၂ ကော. ၄:၄

၂။ (က) ဘယ်သူတွေနဲ့ ဘာကို အပြည့်အဝ ယုံကြည်​စိတ်ချနိုင်သလဲ။ (ခ) တချို့ ဘယ်လို တွေးမိ​နိုင်သလဲ။

ခရစ်ယာန်တွေအနေနဲ့ ယေဟောဝါကို ကျွန်တော်တို့ အပြည့်အဝ ယုံကြည်​စိတ်ချနိုင်တယ်။ (ယေ. ၁၇:၇၊ ၈) ကျွန်တော်တို့ကို ဘုရား ချစ်ကြောင်း၊ မိမိ မိတ်ဆွေတွေကို “ဘယ်တော့မှ မစွန့်ပစ်” ကြောင်း ကျွန်တော်တို့ စိတ်ချကြတယ်။ (ဆာ. ၉:၁၀) ကျွန်တော်တို့အတွက် အသက်​ပေးခဲ့တဲ့ ခရစ်တော် ယေရှုကိုလည်း ယုံကြည်​စိတ်ချနိုင်တယ်။ (၁ ပေ. ၃:၁၈) ကျမ်းစာ လမ်းညွှန်ချက်တွေ စိတ်ချထိုက်ကြောင်းလည်း ကိုယ်တွေ့ သိခဲ့ကြပြီ။ (၂ တိ. ၃:၁၆၊ ၁၇) ယေဟောဝါ၊ ယေရှုနဲ့ ကျမ်းစာကို ယုံကြည်​စိတ်ချနိုင်တာ သေချာတယ်။ ဒါပေမဲ့ အသင်းတော်က ညီအစ်ကို/မတွေကို​ကော စိတ်ချ​ရရဲ့လား​လို့ တချို့ တွေးမိ​နိုင်တယ်။ စိတ်ချ​ရပါတယ်။ ဘာကြောင့်လဲ။

ညီအစ်ကို/မတွေကို ကျွန်တော်တို့ လိုအပ်

ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါကို ချစ်တဲ့၊ ယုံကြည်​စိတ်ချထိုက်တဲ့ ညီအစ်ကို/မတွေ ကျွန်တော်တို့ ရထား (စာပိုဒ် ၃ ကို ကြည့်ပါ)

၃။ ကျွန်တော်တို့ ဘယ်အခွင့်ထူး ရထားသလဲ။ (မာကု ၁၀:၂၉၊ ၃၀)

မိမိကို ဝတ်ပြုဖို့ ကမ္ဘာချီ မိသားစုဝင်​အဖြစ် ကျွန်တော်တို့ကို ယေဟောဝါ ရွေးချယ်​ထားတယ်။ ကောင်းကျိုး များစွာ ရ​ရှိစေတဲ့ အခွင့်ထူး​ပါပဲ။ (မာကု ၁၀:၂၉၊ ၃၀ ကို ဖတ်ပါ။) ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါကို ချစ်တဲ့၊ ဘုရား​စံနှုန်းတွေအတိုင်း နေထိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစား​နေတဲ့ ညီအစ်ကို/မတွေ ကျွန်တော်တို့ ရထားတယ်။ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဝတ်စားပုံ​တွေ မတူကြပေမဲ့ တွေ့တွေ့ချင်းမှာပဲ ရင်းနှီး​သွားကြတယ်။ ကောင်းကင်ဘုံစံ မေတ္တာရှင် ဖခင်ကို သူတို့နဲ့အတူ ချီးမွမ်း၊ ဝတ်ပြုခွင့် ရထားလို့ ကျေးဇူးတင်ကြတယ်။—ဆာ. ၁၃၃:၁

၄။ ညီအစ်ကို/မတွေကို ဘာကြောင့် လိုအပ်သလဲ။

ညီအစ်ကို/မတွေနဲ့ စည်းစည်းလုံးလုံး ရှိနေဖို့ အခု​အချိန်မှာ ပိုလိုအပ်တယ်။ ကျွန်တော်တို့ရဲ့ ဝန်တွေကို သူတို့ တစ်ခါတလေ ကူထမ်းပေးကြတယ်။ (ရော. ၁၅:၁။ ဂလ. ၆:၂) ယေဟောဝါရဲ့ အမှုတော်မှာ ထက်သန်နေဖို့၊ ဘုရားနဲ့ မိတ်ဆွေ ဆက်ဖြစ်နေဖို့ အားပေးကြတယ်။ (၁ သက်. ၅:၁၁။ ဟီ. ၁၀:၂၃-၂၅) အသင်းတော်ရဲ့ အကာအကွယ်သာ မရှိဘဲ ရန်သူ စာတန်​မာရ်နတ်​နဲ့ ဆိုးညစ်တဲ့ လောကကို ကျွန်တော်တို့ ကြံ့ကြံ့ခံ​နေ​ရရင် ဘယ်လို​ ဖြစ်နေမလဲဆိုတာ စဉ်းစားကြည့်ပါ။ စာတန်နဲ့ စာတန့်​ထိန်းချုပ်မှု​အောက်​က လူတွေ မကြာခင် ဘုရား​ကျေးကျွန်တွေကို တိုက်ခိုက်ကြတော့မယ်။ ကျွန်တော်တို့ ဘေးနား​မှာ ညီအစ်ကို/မတွေ ရှိနေလို့ ကျေးဇူးတင်စရာပါပဲ။

၅။ ညီအစ်ကို/မတွေကို ယုံကြည်​စိတ်ချဖို့ တချို့အတွက် ဘာကြောင့် ခက်နိုင်သလဲ။

ညီအစ်ကို/မ​တစ်ယောက်ယောက် နှုတ်မလုံလို့၊ ကတိ မတည်​လို့၊ ကိုယ့်ကို အကြီးအကျယ် ထိခိုက်အောင် ပြောမိ၊ လုပ်မိ​လို့ ယုံကြည်​စိတ်ချဖို့ တချို့အတွက် ခက်နိုင်တယ်။ ယုံကြည်စိတ်ချမှု တည်ဆောက်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

မေတ္တာက ယုံကြည်စိတ်ချမှု တည်ဆောက်ဖို့ ကူညီပေး

၆။ မေတ္တာက ယုံကြည်စိတ်ချမှု တည်ဆောက်​ရာ​မှာ ဘယ်လို ကူညီပေးနိုင်သလဲ။ (၁ ကောရိန္သု ၁၃:၄-၈)

ယုံကြည်စိတ်ချမှု​အတွက် မေတ္တာ အဓိကကျတယ်။ ကောရိန္သု ပထမစောင် အခန်းကြီး ၁၃ မှာ ယုံကြည်စိတ်ချမှု တည်ဆောက်နိုင်ဖို့၊ ပြန်တည်ဆောက်နိုင်ဖို့ ကူညီပေးတဲ့ မေတ္တာ​အသွင်အပြင်တွေကို ဖော်ပြထားတယ်။ (၁ ကောရိန္သု ၁၃:၄-၈ ကို ဖတ်ပါ။) ဥပမာ၊ အခန်းငယ် ၄ မှာ “မေတ္တာဟာ စိတ်ရှည်​တတ်တယ်။ ကြင်နာ​တတ်တယ်” လို့ ပြောထားတယ်။ ယေဟောဝါ​ဘုရားကို ပြစ်မှားမိချိန်မှာတောင် ကျွန်တော်တို့ကို ဘုရား စိတ်ရှည်တယ်။ ဒါကြောင့် ညီအစ်ကို/မတွေ ကျွန်တော်တို့ကို စိတ်ဆိုးအောင်၊ ထိခိုက်အောင် ပြောမိ၊ လုပ်မိတဲ့အခါ စိတ်ရှည်​ရမယ်။ အခန်းငယ် ၅ မှာ “[မေတ္တာဟာ] ဒေါသ မထွက်တတ်ဘူး။ နစ်နာမှု​တွေ​ကို မမှတ်ထားတတ်ဘူး” လို့ ပြောထားတယ်။ ဒါကြောင့် ညီအစ်ကိုတွေ ပြောမိ၊ လုပ်မိတာကို စိတ်ထဲ တေးမှတ်ထားမှာ မဟုတ်ဘူး။ “ထစ်ခနဲဆို မကျေမချမ်း မဖြစ်​နဲ့” လို့ ဒေသနာ ၇:၉ မှာ ပြောတယ်။ “စိတ်ဆိုးမပြေဘဲ နေမဝင်စေနဲ့” ဆိုတဲ့ ဧဖက် ၄:၂၆ ပါ စကားတွေကို လိုက်နာတာ သိပ်ကောင်းတယ်။

၇။ မဿဲ ၇:၁-၅ မှာ ပါတဲ့ မူတွေ​က ယုံကြည်စိတ်ချမှု တည်ဆောက်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

ယုံကြည်စိတ်ချမှု တည်ဆောက်နိုင်ဖို့ နောက်ထပ် ကူညီပေးတာကတော့ ညီအစ်ကို/မတွေကို ယေဟောဝါ မြင်သလို မြင်ခြင်းပါပဲ။ သူတို့ကို ဘုရား ချစ်တယ်။ အပြစ်တွေ မှတ်မထားဘူး။ ကျွန်တော်တို့လည်း အဲဒီလိုပဲ ဖြစ်သင့်တယ်။ (ဆာ. ၁၃၀:၃) သူတို့ရဲ့ အမှားတွေ​အစား အရည်အသွေးကောင်း​တွေ၊ အလားအလာကောင်းတွေကို အာရုံစိုက်​သင့်တယ်။ (မဿဲ ၇:၁-၅ ကို ဖတ်ပါ။) ‘မေတ္တာဟာ အရာရာကို ယုံတတ်’ တဲ့အတွက် သူတို့ကို သံသယ မဝင်သင့်ဘူး။ (၁ ကော. ၁၃:၇) အဲဒီလို ပြော​လို့ တခြားသူတွေကို မျက်စိမှိတ် ယုံလိုက်ဖို့ ယေဟောဝါ မမျှော်လင့်ဘူး။ ယုံကြည်​စိတ်ချထိုက်ကြောင်း ပြနေလို့သာ စိတ်ချစေချင်တာ။ *

၈။ ညီအစ်ကိုတွေကို ယုံကြည်​စိတ်ချ​လာဖို့ ဘာလုပ်နိုင်သလဲ။

ညီအစ်ကိုတွေကို ယုံကြည်​စိတ်ချဖို့ အချိန် လိုတယ်။ ဘယ်လိုနည်းနဲ့ သူတို့ကို ယုံကြည်​စိတ်ချ​လာနိုင်သလဲ။ သူတို့​အကြောင်း ကောင်းကောင်း သိအောင် လုပ်ပါ။ အသင်းတော် အစည်းအဝေးတွေမှာ စကားပြောပါ။ အမှုဆောင်မှာ အတူပါဝင်ပါ။ သူတို့ကို စိတ်ရှည်ပါ။ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ကြောင်း ပြဖို့ အခွင့်အရေး ပေးပါ။ ကိုယ်​နဲ့ သိကျွမ်းခါစ တစ်ယောက်ယောက်ကို ချက်ချင်း အတွင်းရေးတွေ အကုန် မပြောဘဲ ပိုခင်လာတဲ့အခါကျမှ ပြော​ပြနိုင်တယ်။ (လု. ၁၆:၁၀) ဒါပေမဲ့ သူ နှုတ်မလုံတဲ့အခါ ဘာလုပ်မလဲ။ ချက်ချင်း အဆက်​မ​ဖြတ်လိုက်​ပါ​နဲ့။ အချိန်ပေးပါ။ တစ်ယောက်ကြောင့် စိတ်ထိခိုက်​ရတာ​နဲ့​ပဲ ကျန်တဲ့​ညီအစ်ကိုတွေကို​ပါ မယုံတော့တာမျိုး မဖြစ်ပါစေနဲ့။ တချို့ကြောင့် စိတ်ပျက်​ရပေမဲ့ တခြားသူတွေကို ဆက်ယုံကြည်​နေတဲ့ ရှေးသစ္စာရှိ ကျေးကျွန်တွေ​အကြောင်း သုံးသပ်​ကြည့်ရအောင်။

တခြားသူတွေကို ဆက်ယုံကြည်​စိတ်ချ​နေ​သူ​တွေ​ဆီကနေ သင်ယူပါ

ဧလိရဲ့ ပြစ်တင်​ဝေဖန်မှု ခံရတာ​တောင် ယေဟောဝါရဲ့ အစီအစဉ်ကို ဟန္န ဆက်ယုံကြည်​စိတ်ချ (စာပိုဒ် ၉ ကို ကြည့်ပါ)

၉။ (က) တာဝန်ရှိ​သူတချို့ အမှားတွေ လုပ်တာ​တောင် ယေဟောဝါရဲ့ အစီအစဉ်ကို ဟန္န ဘယ်လို ဆက်ယုံကြည်​စိတ်ချသလဲ။ (ခ) ယေဟောဝါရဲ့ အစီအစဉ်ကို ယုံကြည်စိတ်ချတာနဲ့​ပတ်သက်ပြီး ဟန္နရဲ့ အဖြစ်​က ဘာသင်ပေးသလဲ။ (ရုပ်ပုံကို ကြည့်ပါ။)

တာဝန်ရှိ ညီအစ်ကို​တစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် စိတ်ထိခိုက်ဖူးသလား။ ဒါဆိုရင် ဟန္န​အကြောင်း စဉ်းစားခြင်း​ကနေ အကျိုး​ရနိုင်တယ်။ အဲဒီတုန်းက အစ္စရေး​မှာ ဝတ်ပြုရေးကို ပုရောဟိတ်​မင်း ဧလိ ဦးဆောင်​နေ​တယ်။ သူ့​မိသားစုကတော့ ပုံသက်သေ မကောင်းဘူး။ ပုရောဟိတ်တွေ​အဖြစ် အမှုဆောင်နေတဲ့ သားတွေ အကျင့်ပျက်​နေ​ကြတယ်။ သူတို့ကို ဧလိ ကောင်းကောင်း မဆုံးမဘူး။ ဧလိကို ပုရောဟိတ်​မင်း​အဖြစ်ကနေ ယေဟောဝါ ချက်ချင်း မဖယ်ရှားခဲ့ဘူး။ ဒါပေမဲ့ ဘုရား​အစီအစဉ်ကို ဟန္န ကလန်ကဆန် လုပ်ပြီး ပုရောဟိတ်​မင်း​အဖြစ် ဧလိ အမှုဆောင်နေသရွေ့ တဲတော်​မှာ လာဝတ်မပြုတာမျိုး မလုပ်ဘူး။ တစ်ခေါက်၊ ဟန္န အကြီးအကျယ် စိတ်ဆင်းရဲပြီး ဆုတောင်းနေတာကို ဧလိ မြင်တဲ့အခါ ဝိုင်​မူးနေတယ်​လို့ အထင်လွဲ​သွားတယ်။ စိတ်ဖိစီး​နေတဲ့ ဟန္န​ကို မမေးမစမ်းဘဲ ပြစ်တင်​ဝေဖန်​လိုက်တယ်။ (၁ ရှ. ၁:၁၂-၁၆) ဒါတောင် သားလေး မွေးရင် ဧလိ လက်အောက်​က တဲတော်​မှာ အမှုဆောင်ဖို့ ခေါ်လာပါ့မယ်လို့ ယေဟောဝါဆီ ဟန္န သစ္စာ​ကတိပြု​တယ်။ (၁ ရှ. ၁:၁၁) အချိန်တန်တဲ့အခါ ဧလိရဲ့ သားတွေကို ယေဟောဝါ ဆုံးမပြီး ပြစ်ဒဏ်ပေးတယ်။ (၁ ရှ. ၄:၁၇) ဟန္န​ကိုတော့ ရှမွေလ​ဆိုတဲ့ သားတစ်ယောက် ပေးပြီး ဆုချတယ်။—၁ ရှ. ၁:၁၇-၂၀

၁၀။ သစ္စာဖောက် ခံရတာ​တောင် တခြားသူတွေကို ဘုရင် ဒါဝိဒ် ဘယ်လို ဆက်ယုံကြည်​စိတ်ချသလဲ။

၁၀ မိတ်ဆွေ​တစ်ယောက် သစ္စာဖောက်တာ ခံရဖူးသလား။ ခံရဖူးတယ်ဆိုရင် ဘုရင် ဒါဝိဒ်​အကြောင်း စဉ်းစားကြည့်ပါ။ ဒါဝိဒ်​မှာ အဟိသောဖေလ​ဆိုတဲ့ မိတ်ဆွေ​တစ်ယောက် ရှိတယ်။ ဒါဝိဒ်ရဲ့ သား အဗရှလုံ နန်းလုချိန်မှာ အဗရှလုံဘက် အဟိသောဖေလ ပါ​သွားတယ်။ မိတ်ဆွေ​အဖြစ် ကိုယ်​သတ်မှတ်ထားသူနဲ့ သား​ဖြစ်သူ ပုန်ကန်​လို့ ဒါဝိဒ် တော်တော် စိတ်ထိခိုက်​မှာ​ပဲ။ ဒါပေမဲ့ ဒီသစ္စာဖောက်မှုကြောင့် တခြားသူတွေကို မယုံတော့တာမျိုး အဖြစ်မခံဘူး။ ပုန်ကန်မှု​မှာ မပါတဲ့ သစ္စာရှိ မိတ်ဆွေ ဟုရှဲ​ကို ဆက်ယုံကြည်​စိတ်ချတယ်။ ဒါဝိဒ်ရဲ့ ယုံကြည်စိတ်ချမှု အလကား မဖြစ်ပါဘူး။ ဒါဝိဒ်​ကို ကူညီဖို့ အသက်ကိုတောင် စွန့်ပြီး မိတ်ဆွေကောင်း ဖြစ်ကြောင်း ဟုရှဲ သက်သေပြ​လို့​ပဲ။—၂ ရှ. ၁၇:၁-၁၆

၁၁။ နာဗလရဲ့ ကျွန်​တစ်ယောက် အဘိဂဲလ​ကို ယုံကြည်​စိတ်ချကြောင်း ဘယ်လို ပြသလဲ။

၁၁ နာဗလရဲ့ ကျွန်​တစ်ယောက်​အကြောင်း စဉ်းစားကြည့်ပါ။ ဒါဝိဒ်နဲ့ သူ့​လူတွေက အစ္စရေး​အမျိုးသား သူဌေးကြီး နာဗလရဲ့ ကျွန်တွေကို ကာကွယ်ပေးတယ်။ နောက်ပိုင်း၊ ပိုလျှံ​တဲ့ စားစရာလေး ပေးဖို့ ဒါဝိဒ်ရဲ့ လူတွေ တောင်းဆိုတဲ့အခါ နာဗလ ငြင်းလွှတ်လိုက်တယ်။ ဒါဝိဒ် စိတ်ဆိုးပြီး နာဗလရဲ့ အိမ်သား ယောကျ်ား​အားလုံးကို သတ်ပစ်ဖို့ ဆုံးဖြတ်​လိုက်တယ်။ အဲဒီအကြောင်း နာဗလရဲ့ ဇနီး အဘိဂဲလ​ကို ကျွန်​တစ်ယောက် လာပြောပြတယ်။ သူလည်း အိမ်သား​တစ်ယောက်ပဲမို့ သူ့​အသက်ကို အဘိဂဲလ ကယ်နိုင်မယ်ဆိုတာ သိတယ်။ ရှောင်ပြေးမယ့်အစား အဘိဂဲလ​ကို စိတ်​ချပြီး အကူအညီ လာတောင်းတယ်။ ဉာဏ်ပညာရှိတဲ့ အမျိုးသမီး ဖြစ်မှန်း သိထားလို့ အခုလို ယုံကြည်​စိတ်ချတာ။ သူ ယုံကြည်​စိတ်ချတာ မှန်သွားတယ်။ ဒါဝိဒ်​ကို အဘိဂဲလ သတ္တိရှိရှိ ဖျောင်းဖျ​လိုက်တယ်။ (၁ ရှ. ၂၅:၂-၃၅) ဒါဝိဒ် ချင့်ချင့်ချိန်ချိန် လုပ်ဆောင်မယ်ဆိုတာ အဘိဂဲလ ယုံကြည်တယ်။

၁၂။ တပည့်တွေ​မှာ အားနည်းချက်​တွေ ရှိပေမဲ့ သူတို့ကို ယုံကြည်​စိတ်ချကြောင်း ယေရှု ဘယ်လို ပြသလဲ။

၁၂ တပည့်တွေ​မှာ အားနည်းချက်​တွေ ရှိပေမဲ့ သူတို့ကို ယေရှု ယုံကြည်​စိတ်ချတယ်။ (ယော. ၁၅:၁၅၊ ၁၆) နိုင်ငံတော်​မှာ နေရာကောင်း ရဖို့ ယေရှု​ဆီ ယာကုပ်နဲ့ ယောဟန် တောင်းဆိုချိန်မှာ ဘုရား​အမှုဆောင်​ရတဲ့ သူတို့ရဲ့ စိတ်ရင်းကို ယေရှု သံသယ မဝင်ဘူး။ တမန်တော်တွေ​အဖြစ်ကနေ မဖယ်ရှားလိုက်ဘူး။ (မာ. ၁၀:၃၅-၄၀) နောက်ပိုင်း၊ ယေရှု အဖမ်းခံရတဲ့ ညမှာ တပည့်​အားလုံး ယေရှုကို ထားခဲ့ပြီး ထွက်ပြေး​ကြတယ်။ (မ. ၂၆:၅၆) ဒါပေမဲ့ သူတို့ကို အယုံအကြည် မပျက်ဘူး။ သူတို့ရဲ့ အားနည်းချက်တွေကို ကောင်းကောင်း သိတယ်။ “သက်ဆုံးတိုင်အောင် ချစ်ခဲ့တယ်။” (ယော. ၁၃:၁) ရှင်ပြန်​ထမြောက်​ပြီးနောက် သစ္စာရှိ တမန်တော် ၁၁ ယောက်​ကို တာဝန်ကြီးတွေ ပေးတယ်။ တပည့်ဖြစ်စေခြင်း လုပ်ငန်းကို ဦးဆောင်ဖို့၊ အဖိုးတန်​သိုးတွေကို စောင့်ရှောက်​ပေးဖို့​ပါ။ (မ. ၂၈:၁၉၊ ၂၀။ ယော. ၂၁:၁၅-၁၇) မစုံလင်တဲ့ ဒီ​အမျိုးသားတွေကို ယေရှု ယုံကြည်တာ မမှားပါဘူး။ သူတို့အားလုံး မြေကြီး​အသက်တာ ကုန်ဆုံးချိန်အထိ သစ္စာရှိရှိ အမှုဆောင်ခဲ့ကြတယ်။ ဟန္န၊ ဒါဝိဒ်၊ နာဗလရဲ့ ကျွန်၊ အဘိဂဲလ​နဲ့ ယေရှုဟာ မစုံလင်သူ လူသားတွေကို ယုံကြည်​စိတ်ချ​ရာ​မှာ ပုံသက်သေကောင်း ချမှတ်​ခဲ့တယ်။

ယုံကြည်စိတ်ချမှု ပြန်တည်ဆောက်ခြင်း

၁၃။ ယုံကြည်​စိတ်ချဖို့ ခက်ရတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။

၁၃ ကိုယ်​ယုံကြည်စိတ်ချလို့ အတွင်းရေးတွေ ပြော​ပြထားတဲ့ ညီအစ်ကို​တစ်ယောက် နောက်ပိုင်း ကိုယ့်ကို သစ္စာဖောက်သွားတာ ကြုံဖူးသလား။ စိတ်ပျက်​စ​ရာ​ပါပဲ။ တစ်ခါက ညီအစ်မ​တစ်ယောက် အကြီးအကဲ​တစ်ယောက်ကို ကိုယ်ရေးကိုယ်တာ​ကိစ္စ ရင်ဖွင့်တယ်။ နောက်တစ်နေ့မှာ အကြီးအကဲ​ရဲ့ ဇနီး​က ညီအစ်မကို ဖုန်း​ဆက်ပြီး အားပေးတယ်။ အကြီးအကဲကို​ပဲ သီးသန့်​ပြော​ထားတဲ့​ကိစ္စ ပေါက်ကြား​သွား​လို့​ပေါ့။ အကြီးအကဲကို ညီအစ်မ ယုံဖို့ သိပ်ခက်သွားမှာပဲ။ ဒါပေမဲ့ အကြီးအကဲ နောက်တစ်ယောက်​ကို ပြောပြပြီး ညီအစ်မ အကူအညီ​တောင်းတယ်။ အကြီးအကဲတွေကို ပြန်ယုံကြည်​စိတ်ချ​လာအောင် အဲဒီအကြီးအကဲ ကူညီပေးတယ်။

၁၄။ ယုံကြည်စိတ်ချမှု ပြန်တည်ဆောက်​နိုင်အောင် ညီအစ်ကို​တစ်ယောက်ကို ဘာက ကူညီပေးသလဲ။

၁၄ ညီအစ်ကို​တစ်ယောက် အကြီးအကဲ နှစ်ယောက်ကို စိတ်ပျက်​နေတာ တော်တော်​ကြာပြီ။ သူတို့ကို ယုံလို့ မရဘူးလို့ ခံစားနေရတယ်။ ဒါပေမဲ့ “ကျွန်တော်တို့ရဲ့ ရန်သူဟာ စာတန်။ ညီအစ်ကို/မတွေ မဟုတ်ဘူး” လို့ သူ သိပ်လေးစားတဲ့ ညီအစ်ကို​တစ်ယောက် ပြောတာကို ပြန်တွေး​မိတယ်။ အဲဒီစကားကို ညီအစ်ကို သေသေချာချာ ဆုတောင်း​စဉ်းစားတယ်။ နောက်ဆုံး၊ အကြီးအကဲ​နှစ်ယောက်​နဲ့ ပြေလည်အောင် လုပ်နိုင်ခဲ့တယ်။

၁၅။ ယုံကြည်စိတ်ချမှု ပြန်တည်ဆောက်​ဖို့ ဘာကြောင့် အချိန် လိုသလဲ။ ဥပမာ ပေးပါ။

၁၅ အခွင့်ထူး​တစ်ခု ဆုံးရှုံးဖူးသလား။ စိတ်ထိခိုက်စရာ​ပါပဲ။ ညီအစ်မ ဂ​ရေးတာ​နဲ့ မိခင်​ဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေ​အတွင်း အဖွဲ့အစည်း လုပ်ငန်းကို ပိတ်ပင်​ထားတဲ့ နာဇီ​ဂျာမနီ​မှာ နေထိုင်တဲ့ သစ္စာရှိ သက်သေခံတွေ ဖြစ်တယ်။ ညီအစ်ကို/မတွေအတွက် ကင်းမျှော်စင် စာရိုက်ပေးရတဲ့ အခွင့်ထူး​ကို ဂ​ရေးတာ သိပ်နှစ်သက်တယ်။ ဒါပေမဲ့ အမှန်တရားကို ဂ​ရေးတာ​ရဲ့ အဖေ ဆန့်ကျင်မှန်း ညီအစ်ကိုတွေ သိသွားတဲ့အခါ ဆန့်ကျင်သူတွေကို သတင်းပေးလိုက်မှာ စိုးပြီး ဂ​ရေးတာ​ကို အဲဒီအခွင့်ထူး ဆက်မပေးကြတော့ဘူး။ ဂရေးတာ ကြုံရတဲ့ စမ်းသပ်မှု​က ဒီလောက်ပဲ မဟုတ်ဘူး။ ဒုတိယ ကမ္ဘာစစ် တစ်လျှောက်​လုံး ဂ​ရေးတာ​တို့ သားအမိကို ညီအစ်ကိုတွေ မဂ္ဂဇင်း​တွေ မပေးကြဘူး။ လမ်းမှာ တွေ့ရင်​တောင် စကား မပြောကြဘူး။ တကယ့်ကို စိတ်ထိခိုက်စရာ​ပါပဲ။ ဂ​ရေးတာ တော်တော် ခံစားရတယ်။ ညီအစ်ကိုတွေကို ခွင့်လွှတ်ပြီး ပြန်ယုံကြည်​စိတ်ချဖို့ အချိန် အတော်ယူခဲ့ရတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ကို ယေဟောဝါ​တောင် ခွင့်လွှတ်မှတော့ ကိုယ်လည်း ခွင့်လွှတ်​ရမယ်ဆိုတာ အသိအမှတ်ပြု​တယ်။ *

“ကျွန်တော်တို့ရဲ့ ရန်သူဟာ စာတန်။ ညီအစ်ကို/မတွေ မဟုတ်ဘူး”

၁၆။ ညီအစ်ကို/မတွေကို ယုံကြည်​စိတ်ချဖို့ ဘာကြောင့် ကြိုးစား​ရမလဲ။

၁၆ အဲဒီလို စိတ်ပျက်​စ​ရာ​တွေ ကြုံဖူး​ရင် ယုံကြည်စိတ်ချမှု ပြန်တည်ဆောက်​ဖို့ ကြိုးစားပါ။ အချိန် လိုနိုင်ပေမဲ့ သင့်​ကြိုးစားမှု အလကား မဖြစ်ပါဘူး။ ဥပမာ၊ တစ်ကြိမ် အစာ အဆိပ်သင့်ဖူးရင် နောက်ပိုင်း အစာစားတိုင်း ပိုဂရုစိုက်မှာပဲ။ ဒါပေမဲ့ မကောင်းတဲ့ အစာနဲ့ တစ်ကြိမ် တိုးမိလို့ လုံးဝ အစာ မစားတော့တာမျိုး လုပ်မှာ မဟုတ်ဘူး။ အဲဒီလိုပဲ၊ မကောင်းတဲ့ အတွေ့အကြုံ​တစ်ခုကြောင့် ညီအစ်ကို/မ အားလုံးကို မယုံတော့တာမျိုး မဖြစ်သင့်ဘူး။ သူတို့ မ​စုံလင်​မှန်း ကျွန်တော်တို့ သိထားတယ်။ ယုံကြည်စိတ်ချမှု ပြန်တည်ဆောက်​မယ်​ဆိုရင် ပိုပျော်ရွှင်လာမယ်။ အသင်းတော်မှာ ယုံကြည်စိတ်ချမှု တိုးများ​လာအောင် ကိုယ်​ဘာလုပ်ရမလဲ​ဆိုတာ ပိုအာရုံစိုက်လာနိုင်မယ်။

၁၇။ ယုံကြည်စိတ်ချမှု ရှိဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။ နောက်ဆောင်းပါး​မှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၁၇ စာတန့်​လောက​မှာ အချင်းချင်း ယုံကြည်စိတ်ချမှု မရှိတော့​သ​လောက်​ပဲ။ ဒါပေမဲ့ ကမ္ဘာချီ ညီအစ်ကို/မတွေ​ကြား​မှာတော့ မေတ္တာကို အခြေခံတဲ့ ယုံကြည်စိတ်ချမှု အပြည့်​ပါပဲ။ အဲဒီယုံကြည်စိတ်ချမှုက လောလောဆယ် ပျော်ရွှင်၊ စည်းလုံးစေတယ်။ ရှေ့မှာ အခက်အခဲတွေ ကြုံရတဲ့အခါ အကာအကွယ် ဖြစ်စေပါလိမ့်မယ်။ ယုံကြည်မှု ဖောက်ဖျက်​ခံရတယ်​ဆိုရင်ကော။ ကိစ္စရပ်တွေကို ယေဟောဝါ မြင်သလို မြင်တတ်ဖို့ ကြိုးစားပါ။ ကျမ်းစာ​မူတွေကို လက်တွေ့​ကျင့်သုံးပါ။ ညီအစ်ကို/မတွေကို နှစ်နှစ်ကာကာ ချစ်ပါ။ ကျမ်းစာ​ပုံနမူနာ​တွေ​ကနေ သင်ယူပါ။ စိတ်ထိခိုက်စရာ ခံစားချက်တွေကို ကျော်လွှားနိုင်ပြီး ယုံကြည်စိတ်ချမှု ပြန်တည်ဆောက်​နိုင်ပါတယ်။ အဲဒီလို လုပ်မယ်ဆိုရင် “ညီအစ်ကို​ထက် တွယ်တာ​တဲ့ မိတ်ဆွေ” များစွာ ရ​ပါလိမ့်မယ်။ (ပညာ. ၁၈:၂၄) ဒါပေမဲ့ ယုံကြည်စိတ်ချမှု​ဆိုတာ နှစ်​လမ်း​သွား ဖြစ်တယ်။ ကိုယ်တိုင်လည်း ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ကြောင်း ဘယ်လို ပြနိုင်မလဲဆိုတာ နောက်ဆောင်းပါး​မှာ ဆွေးနွေးကြပါမယ်။

သီချင်း ၉၉ မြောက်မြားလှတဲ့ ညီအစ်ကိုများ

^ ညီအစ်ကိုတွေကို ကျွန်တော်တို့ ယုံကြည်​စိတ်ချဖို့ လိုတယ်။ တစ်ခါတလေ ကျွန်တော်တို့ စိတ်ပျက်အောင် သူတို့ လုပ်တဲ့အတွက် အဲဒီလို စိတ်ချဖို့ အမြဲတော့ မလွယ်ဘူး။ ကျမ်းစာ​မူတွေကို ကျင့်သုံးခြင်း၊ ရှေးခေတ် ပုံ​နမူနာတွေကို တွေးတောခြင်း​က ညီအစ်ကို/မတွေကို ယုံကြည်​စိတ်ချဖို့၊ ကိုယ်​စိတ်ပျက်အောင် သူတို့ လုပ်တဲ့အခါမှာတောင် ဆက်ယုံကြည်​စိတ်ချ​နေဖို့ ကူညီပေးကြောင်း ဒီဆောင်းပါး​ကနေ သိလာ​ပါမယ်။

^ အသင်းတော်မှာ တချို့ ယုံကြည်​စိတ်ချထိုက်သူတွေ ဖြစ်မှာ မဟုတ်ဘူးလို့ ကျမ်းစာမှာ သတိပေးထားတယ်။ (ယု. ၄) တခြားသူတွေကို လှည့်စားဖို့ ညီအစ်ကို အတုအယောင်​တွေ​ဟာ “မှားယွင်းတဲ့ အကြောင်းအရာတွေ” သွန်သင်ပေးတာမျိုး ရှိနိုင်တယ်။ (တ. ၂၀:၃၀) အဲဒီလို​လူတွေကို ကျွန်တော်တို့ မယုံကြည်သင့်ဘူး။ သူတို့​စကား နားမထောင်သင့်ဘူး။

^ ဂ​ရေးတာ​အကြောင်း ထပ်သိချင်ရင် ၁၉၇၄၊ ယေဟောဝါသက်သေများရဲ့ နှစ်ချုပ်စာအုပ် (အင်္ဂလိပ်) စာ. ၁၂၉-၁၃၁ ကို ကြည့်ပါ။