မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၈

ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း သက်သေပြပါ

ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း သက်သေပြပါ

‘ယုံကြည်​စိတ်ချထိုက်သူက လျှို့ဝှက်ထားတတ်တယ်။’—ပညာ. ၁၁:၁၃

သီချင်း  ၁၀၁ စည်းလုံးစွာ လုပ်ဆောင်ခြင်း

အကြို​သုံးသပ်ချက် *

၁။ ယုံကြည်​စိတ်ချထိုက်သူဟာ ဘယ်လို လူစားမျိုးလဲ။

 ယုံကြည်​စိတ်ချထိုက်သူဟာ ကတိတည်တယ်။ အမှန် ပြောတယ်။ (ဆာ. ၁၅:၄) သူ့ကို အားကိုးလို့ ရ​မှန်း လူတွေ သိကြတယ်။ ကျွန်တော်တို့နဲ့ပတ်သက်ပြီး ညီအစ်ကို/မတွေ အဲဒီလို ခံစားစေချင်တယ်။ သူတို့ရဲ့ ယုံကြည်စိတ်ချမှု ရဖို့ ဘာက ကူညီပေးနိုင်သလဲ။

၂။ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

ကိုယ့်ကို ယုံကြည်​စိတ်ချ​လာအောင် တခြားသူတွေကို အတင်း​ဖိအားပေးလို့ မရဘူး။ ယုံကြည်​စိတ်ချအောင် နေ​ရမယ်။ ယုံကြည်စိတ်ချမှု​ဟာ ငွေနဲ့ တူတယ်။ ရှာ​ရ ခက်သလောက် ကုန်သွားဖို့ သိပ်လွယ်တယ်။ ယေဟောဝါဟာ တကယ် ယုံကြည်​စိတ်ချထိုက်သူ ဖြစ်တယ်။ “ဘုရား​လုပ်ဆောင်သမျှ ယုံကြည်​စိတ်ချထိုက်” တဲ့အတွက် အမြဲ ယုံကြည်​စိတ်ချနိုင်တယ်။ (ဆာ. ၃၃:၄) ဘုရားကို ကျွန်တော်တို့ တုပ​ဖို့ ဘုရား မျှော်လင့်တယ်။ (ဧ. ၅:၁) အခု၊ ဘုရားကို တုပခဲ့တဲ့၊ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ကြောင်း ပြခဲ့တဲ့ ရှေးခေတ်​ကျေးကျွန်​တချို့​အကြောင်း သုံးသပ်​ကြည့်ကြစို့။ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်အောင် ကူညီပေးမယ့် အရည်အသွေး ငါးခုကိုလည်း လေ့လာကြပါမယ်။

ယေဟောဝါရဲ့ ယုံကြည်​စိတ်ချထိုက်တဲ့ ကျေးကျွန်တွေ​ဆီကနေ သင်ယူပါ

၃-၄။ ပရောဖက် ဒံယေလဟာ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ကြောင်း ဘယ်လို သက်သေ​ပြသလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

ပရောဖက် ဒံယေလ​ဟာ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်တယ်။ ဗာဗုလုန် သုံ့ပန်း​အဖြစ် ခေါ်ဆောင်​သွား​ခံရပေမဲ့ မကြာခင်​မှာ​ပဲ ယုံကြည်​စိတ်ချထိုက်သူအဖြစ် နာမည်ကောင်း ရလာတယ်။ ယေဟောဝါရဲ့ အကူအညီကြောင့် နာမည်ကောင်း ပိုရလာပြီး ဗာဗုလုန် ဘုရင် နေဗုခဒ်နေဇာ​ရဲ့ အိပ်မက်​တွေ​ကို အနက်​ပြန်ပေး​ရတယ်။ တစ်ကြိမ်မှာ ဘုရင်​ကို ယေဟောဝါ မနှစ်သက်တဲ့​အကြောင်း ပြော​ရမယ်။ အဲဒီသတင်းကို ဘုရင် ကြိုက်မှာ မဟုတ်ဘူး။ နေဗုခဒ်နေဇာဟာ ဒေါသကြီးသူ ဖြစ်လို့ အဲဒီသတင်း ပြောဖို့ ဒံယေလ သတ္တိ လိုတယ်။ (ဒံ. ၂:၁၂။ ၄:၂၀-၂၂၊ ၂၅) နှစ်ပေါင်းများစွာ ကြာပြီးနောက် ဗာဗုလုန် နန်းတော်​နံရံ​မှာ ပေါ်လာတဲ့ လျှို့ဝှက်​ဆန်းကြယ်​တဲ့ သတင်းစကားကို တိတိကျကျ အဓိပ္ပာယ် ပြန်ပေးချိန်မှာလည်း ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ကြောင်း ဒံယေလ သက်သေပြတယ်။ (ဒံ. ၅:၅၊ ၂၅-၂၉) နောက်ပိုင်း၊ မီးဒီးယား ဘုရင် ဒါရိ​နဲ့ အရာရှိတွေက ဒံယေလရဲ့ “ထူးခြားတဲ့ စိတ်သဘော” ကို သတိထား​မိတယ်။ “သူ့ဆီမှာ လစ်ဟင်း​ပျက်ကွက်မှုတွေ၊ အကျင့်ပျက်​ခြစားမှု​တွေ တစ်ခုမှ မတွေ့ရဘူး” လို့ ပြောကြတယ်။ (ဒံ. ၆:၃၊ ၄) ယေဟောဝါကို ဝတ်ပြုတဲ့ ဒံယေလကို ယုံကြည်​စိတ်ချနိုင်ကြောင်း အယူမှား အုပ်စိုးရှင်​တွေ​တောင် အသိအမှတ်ပြုကြတယ်။

ဒံယေလ​အကြောင်း စဉ်းစားရင်း ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အသင်းတော် အပြင်မှာ ငါ ဘယ်လို နာမည်မျိုး ရထားသလဲ။ တာဝန် ကျေတဲ့သူ၊ ယုံကြည်​စိတ်ချနိုင်သူလို့ ငါ့ကို သိကြသလား။’ အဲဒီလို မေးဖို့ ဘာကြောင့် အရေးကြီးသလဲ။ ကျွန်တော်တို့ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်မယ်ဆိုရင် ယေဟောဝါ ဘုန်းထင်ရှား​လို့​ပဲ။

အရေးကြီး​တာဝန်တွေ ကိုင်တွယ်ဖို့ ယုံကြည်​စိတ်ချထိုက်တဲ့ အမျိုးသားတွေကို နေဟမိ ရွေးချယ် (စာပိုဒ် ၅ ကို ကြည့်ပါ)

၅။ ယုံကြည်​စိတ်ချထိုက်သူ အဖြစ် ယူမှတ်​ခံရ​ဖို့ ဟာနနိ​ကို ဘာက ကူညီပေးသလဲ။

ဘီစီ ၄၅၅ မှာ ဂျေရုဆလင် မြို့ရိုး ပြန်တည်ဆောက်​ပြီးနောက် ဘုရင်ခံ နေဟမိ​ဟာ မြို့ကို ကြီးကြပ်​ကွပ်ကဲ​ဖို့ စိတ်ချရသူတွေ လိုက်ရှာတယ်။ နေဟမိ ရွေးတဲ့သူတွေထဲမှာ ရဲတိုက်မှူး ဟာနနိ​လည်း ပါတယ်။ ကျမ်းစာမှာ ဟာနနိ​ကို “တကယ် ယုံကြည်​စိတ်ချထိုက်သူ၊ စစ်မှန်တဲ့ ဘုရားသခင်ကို အလွန်​ကြောက်ရွံ့​ရိုသေ​သူ” လို့ ဖော်ပြထားတယ်။ (နေ. ၇:၂) ယေဟောဝါကို ချစ်တဲ့စိတ်၊ ဘုရား မနှစ်သက်မှာ ကြောက်တဲ့​စိတ်​က ဘယ်တာဝန်ကိုမဆို အလေးအနက် သဘောထားဖို့ ဟာနနိ​ကို လှုံ့ဆော်ပေးတယ်။ အဲဒီအရည်အသွေးတွေက ဘုရားအမှုတော်မှာ စိတ်ချရသူ ဖြစ်ဖို့ ကျွန်တော်တို့ကိုလည်း ကူညီပေးပါလိမ့်မယ်။

၆။ တုခိတ်​ဟာ တမန်တော် ပေါလု ယုံကြည်​စိတ်ချထိုက်တဲ့ မိတ်ဆွေ ဖြစ်ကြောင်း ဘယ်လို သက်သေ​ပြသလဲ။

တမန်တော် ပေါလု ယုံကြည်​ရတဲ့ တုခိတ်​အကြောင်းလည်း စဉ်းစားကြည့်ပါ။ ပေါလု အကျယ်ချုပ် ကျတုန်းက တုခိတ်​ကို​ပဲ အားကိုးခဲ့ရတာ။ “သစ္စာရှိရှိ အမှုဆောင်​သူ” လို့ ခေါ်တယ်။ (ဧ. ၆:၂၁၊ ၂၂) ဧဖက်​မြို့၊ ကောလောသဲ​မြို့က ညီအစ်ကိုတွေ​ဆီ စာပို့​ပေးဖို့၊ သူတို့ကို အားပေး​နှစ်သိမ့်​ဖို့ တုခိတ်​ကို ပေါလု စိတ်ချလက်ချ စေလွှတ်တယ်။ ဒီနေ့ခေတ်၊ ကျွန်တော်တို့ရဲ့ ဘုရားရေးရာ လိုအပ်ချက်တွေကို ဂရုစိုက်​ပေးနေတဲ့ အားထားရတဲ့ သစ္စာရှိ အမျိုးသားတွေ​လည်း တုခိတ်​ကို တုပ​နေ​ကြတယ်။—ကော. ၄:၇-၉

၇။ အသင်းတော် အကြီးအကဲ၊ အမှုထမ်းတွေ​ဆီကနေ ယုံကြည်စိတ်ချမှု​အကြောင်း ဘာသင်ယူနိုင်သလဲ။

ဒီနေ့ခေတ်၊ ယုံကြည်​စိတ်ချ​ရတဲ့ အကြီးအကဲ၊ အမှုထမ်းတွေကို ကျွန်တော်တို့ သိပ်ကျေးဇူးတင်​လေးမြတ်​ကြတယ်။ ဒံယေလ၊ ဟာနနိ၊ တုခိတ်​တို့​လို​ပဲ သူတို့ဟာ တာဝန်ကို အလေးအနက် ထားကြတယ်။ ဥပမာ၊ ကြားရက် အစည်းအဝေး အစီအစဉ် အပိုင်း​အားလုံး​အတွက် တာဝန် ချထားပြီးသား​ဆိုတာ ကျွန်တော်တို့ စိတ်ချတယ်။ တာဝန်ကျသူ​တွေ ကိုယ့်​အပိုင်းကို ကောင်းကောင်း ပြင်ဆင်၊ တင်ဆက်တဲ့အခါ အကြီးအကဲတွေ ကျေးဇူးတင်ကြတယ်။ ကျမ်းစာ​သင်အံမှု​တွေ​ကို ကျွန်တော်တို့ အစည်းအဝေး ဖိတ်တဲ့အခါ လူထုဟောပြောချက် ဟောမယ့် ညီအစ်ကို မေ့နေမှာ မစိုးရိမ်ကြဘူး။ အမှုဆောင်အတွက် လိုအပ်တဲ့ စာပေတွေ ရမှာ စိတ်ချတယ်။ သစ္စာရှိ ညီအစ်ကိုတွေ ကောင်းကောင်း ဂရုစိုက်ပေးကြလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ ဒါပေမဲ့ ဘယ်လို​နည်းတွေနဲ့ ကိုယ်တိုင် ယုံကြည်​စိတ်ချထိုက်သူ ဖြစ်နိုင်သလဲ။

လျှို့ဝှက်ချက်​တွေ​ကို မပေါက်ကြားစေခြင်းအားဖြင့် ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ပါ

၈။ တခြားသူတွေကို စိတ်ဝင်စားမှု ပြရာမှာ ဘယ်လို မျှတမှု ရှိ​ရမလဲ။ (ပညာအလိမ္မာ ၁၁:၁၃)

ညီအစ်ကို/မတွေကို ချစ်လို့ သူတို့​အရေး ကျွန်တော်တို့ စိတ်ဝင်စားပေမဲ့ မျှတမှု ရှိရမယ်။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ​ကို လေးစား​ရမယ်။ ပထမ​ရာစု ခရစ်ယာန် အသင်းတော်မှာ တချို့က “အတင်းအဖျင်း​ပြောတဲ့သူတွေ၊ သူတစ်ပါး​ကိစ္စမှာ ဝင်စွက်ပြီး မပြော​သင့်​တာကို ပြောတဲ့သူတွေ” ဖြစ်နေကြတယ်။ (၁ တိ. ၅:၁၃) သူတို့​လို ကျွန်တော်တို့ မဖြစ်ချင်ကြပါဘူး။ တခြားသူတွေကို ပြန်ပြော​မှာ မဟုတ်မှန်း ယုံကြည်ပြီး တစ်ယောက်ယောက်က ကျွန်တော်တို့ကို အတွင်းရေး ပြောပြတယ် ဆိုပါစို့။ ဥပမာ၊ ညီအစ်မ​တစ်ယောက်က သူ​ဖြစ်နေတဲ့ ရောဂါ​အကြောင်း၊ တခြား အခက်အခဲ​အကြောင်း ပြောပြီး ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့လို့ မှာတယ်။ သူ့​ဆန္ဒ​ကို လေးစား​သင့်​တယ်။ * (ပညာအလိမ္မာ ၁၁:၁၃ ကို ဖတ်ပါ။) အခု၊ လျှို့ဝှက်ချက် မပေါက်ကြားစေဖို့ အရေးကြီးတဲ့ အခြေအနေတချို့​အကြောင်း သုံးသပ်​ကြည့်ကြစို့။

၉။ မိမိတို့ကို ယုံကြည်စိတ်ချလို့ ရ​ကြောင်း မိသားစုဝင်တွေ ဘယ်လို ဖော်ပြ​နိုင်သလဲ။

မိသားစုမှာ။ မိသားစုဝင်တိုင်းဟာ မိသားစု အရေးကိစ္စ​တချို့ကို လျှို့ဝှက်​ထားဖို့ တာဝန်ရှိတယ်။ ဥပမာ၊ ခရစ်ယာန် အမျိုးသမီး​တစ်ယောက် ရွှတ်နောက်နောက် နေတတ်​တဲ့ အကျင့်​ရှိတယ် ဆိုပါစို့။ သူ့ကြောင့် ခင်ပွန်း​ဖြစ်သူ ပျော်ရတယ်။ ဒါကို တခြားသူတွေ​ရှေ့ လျှောက်ပြောပြီး ကိုယ့်​ဇနီး အနေရခက်အောင် လုပ်​မ​လား။ လုပ်မှာ မဟုတ်ဘူး။ ဇနီးကို ချစ်တဲ့​အတွက် သူ့ကို မထိခိုက်စေချင်ဘူး။ (ဧ. ၅:၃၃) ဆယ်ကျော်သက်​တွေ​လည်း လေးလေးစားစား ဆက်ဆံခံချင်တယ်ဆိုတာ မိဘတွေ သိထား​သင့်​တယ်။ သူတို့ရဲ့ အားနည်းချက်တွေကို တခြားသူတွေ​ရှေ့ ပြောပြီး အရှက်​ရစေ​မှာ မဟုတ်ဘူး။ (ကော. ၃:၂၁) သားသမီးတွေလည်း မိသားစုဝင်တွေကို အရှက်​ရစေမယ့်​အကြောင်း အပြင်​လူတွေရှေ့ ဖော်ကောင် မ​လုပ်ဖို့ သတိရှိရမယ်။ (တရား. ၅:၁၆) မိသားစုဝင်တိုင်း မိသားစုရဲ့ ကိုယ်ရေးကိုယ်တာ အတွင်းရေး​ကိစ္စတွေကို လျှို့ဝှက်ထားမယ်ဆိုရင် မိသားစု​နှောင်ကြိုး ခိုင်မာ​လာပါလိမ့်မယ်။

၁၀။ မိတ်ဆွေစစ် ဖြစ်ခြင်းမှာ ဘာပါဝင်သလဲ။ (ပညာအလိမ္မာ ၁၇:၁၇)

၁၀ မိတ်ဆွေ ဆက်ဆံရေး​မှာ။ မိတ်ဆွေ​ဆီ ရင်ဖွင့်ဖို့ လိုတဲ့ အချိန်တွေ ရှိပေမဲ့ တစ်ခါတလေ ခက်နိုင်တယ်။ တခြားသူကို အတွင်းရေးတွေ မပြောပြဖူးလို့ ဖြစ်နိုင်​သ​လို ပေါက်ကြား​သွား​ရင် ကိုယ်​ပဲ စိတ်ပျက်​ရမှာ စိုးရိမ်​လို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ မိတ်ဆွေ​က ကိုယ့်​အတွင်းရေး​ကို လျှို့ဝှက်​ပေးထားတယ်​ဆိုရင် သိပ်ကျေးဇူးတင်မှာပဲ။ သူဟာ “မိတ်ဆွေစစ်” ပါပဲ။ပညာအလိမ္မာ ၁၇:၁၇ ကို ဖတ်ပါ။

အကြီးအကဲတွေဟာ အသင်းတော် အတွင်းရေး​ကိစ္စတွေ မိသားစုကို မပြောပြ (စာပိုဒ် ၁၁ ကို ကြည့်ပါ) *

၁၁။ (က) ယုံကြည်​ရသူ ဖြစ်ကြောင်း အကြီးအကဲနဲ့ ဇနီး ဘယ်လို ပြသလဲ။ (ခ) အသင်းတော် အတွင်းရေး​ကိစ္စ မိသားစုကို မပြောပြတဲ့ အကြီးအကဲဆီကနေ ဘာသင်ယူနိုင်သလဲ။ (ရုပ်ပုံကို ကြည့်ပါ။)

၁၁ အသင်းတော်မှာ။ နှုတ်လုံတဲ့ အကြီးအကဲတွေဟာ ညီအစ်ကိုတွေအတွက် ‘လေကွယ်ရာ​အရပ်​လို၊ ပုန်းခိုရာ​အရပ်​လို’ ပါပဲ။ (ဟေရှာ. ၃၂:၂) ကိုယ်​ပြောတာ​တွေ​ကို လျှို့ဝှက်ပေးထားမယ်ဆိုတဲ့ အသိစိတ်နဲ့ ဘာမဆို စိတ်ချလက်ချ ရင်ဖွင့်​နိုင်တယ်။ သူ လျှို့ဝှက်ထားသင့်တာတွေကို ကျွန်တော်တို့ အတင်း နှိုက်မမေးသင့်ဘူး။ အကြီးအကဲတွေရဲ့ ဇနီးတွေ​ဟာ ကိုယ့်​ခင်ပွန်း လျှို့ဝှက်​ထားတဲ့ အချက်အလက်တွေကို မ​ရ​မ​က မမေးကြလို့၊ ညီအစ်ကို/မတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ သိမနေလို့ ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ အကြီးအကဲ​တစ်ယောက်ရဲ့ ဇနီး ဒီလိုပြောတယ်– “သိုးထိန်းလည်ပတ်မှုမှာ တွေ့ရ​သူ ဒါမှမဟုတ် ဘုရားရေးရာပိုင်း အကူအညီ လိုအပ်​နေ​သူ​တွေ​ရဲ့ အတွင်းရေး​ကို ကျွန်မ​ခင်ပွန်း ဘာမှ မပြောပြလို့ ကျေးဇူးတင်တယ်။ သူတို့ရဲ့ နာမည်ကို​တောင် မပြောပြဘူး။ ကိုယ်​သိလို့​လည်း ဘာမှ မကူညီပေးနိုင်ဘဲ ပိုဝန်လေးရုံပဲ ရှိမှာမို့ အဲဒီလို မပြောပြတာကို ကျေးဇူးတင်တယ်။ ဘာမှ မသိထားလို့ အသင်းတော်က ညီအစ်ကို/မ​အားလုံးနဲ့ ပုံမှန်​အတိုင်း ခင်ခင်မင်မင် ဆက်ဆံ​နိုင်တယ်။ ကိုယ့်​ခံစားချက်၊ ပြဿနာတွေကိုလည်း ခင်ပွန်း လျှို့ဝှက်ပေးထားမယ်ဆိုတာ စိတ်ချတယ်။” ယုံကြည်​စိတ်ချထိုက်သူ ဖြစ်တယ်​ဆိုတဲ့ နာမည်ကောင်း​ကို ကျွန်တော်တို့​အားလုံး လိုချင်ကြတယ်။ ဘယ်အရည်အသွေးတွေက ကူညီပေးမလဲ။ အရည်အသွေး ငါးခုကို ကြည့်ကြစို့။

ယုံကြည်​စိတ်ချထိုက်သူ ဖြစ်အောင် ကူညီပေးမယ့် အရည်အသွေးတွေ မွေးမြူပါ

၁၂။ မေတ္တာဟာ ယုံကြည်စိတ်ချမှု​ရဲ့ အခြေခံ​အုတ်မြစ် ဖြစ်တယ်လို့ ဘာကြောင့် ပြော​နိုင်သလဲ။ ဥပမာ ပေးပါ။

၁၂ မေတ္တာ​ဟာ ယုံကြည်စိတ်ချမှု​ရဲ့ အခြေခံ​အုတ်မြစ်​ပဲ။ ယေဟောဝါကို ချစ်တာ၊ လူလူချင်း ချစ်တာ​ဟာ အရေးကြီးဆုံး ပညတ်​နှစ်ခု ဖြစ်တယ်လို့ ယေရှု ပြောတယ်။ (မ. ၂၂:၃၇-၃၉) ယုံကြည်စိတ်ချမှု​နဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ အကောင်းဆုံး ပုံသက်သေ​ကို တုပ​ဖို့ ဘုရားကို ချစ်တဲ့ မေတ္တာက ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ ဥပမာ၊ ညီအစ်ကို/မတွေကို ချစ်လို့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ​ကိစ္စတွေကို လျှို့ဝှက်ပေးထားကြတယ်။ သူတို့ကို ထိခိုက်စေမယ့်၊ အရှက်​ရစေမယ့်၊ နာကျင်စေမယ့် ဘယ်အရာကိုမှ တခြားသူတွေကို ထုတ်မပြောကြဘူး။—ယော. ၁၅:၁၂

၁၃။ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ဖို့ နှိမ့်ချမှုက ဘယ်လို ကူညီပေးသလဲ။

၁၃ နှိမ့်ချမှုက ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ဖို့ ကူညီပေးတယ်။ နှိမ့်ချ​တဲ့ ခရစ်ယာန်​ဟာ တခြားသူတွေကို ဦးဦးဖျားဖျား သတင်း​ပေးပြီး အထင်ကြီးခံရအောင် လုပ်မှာ မဟုတ်ဘူး။ (ဖိ. ၂:၃) လျှို့ဝှက်ချက်​ကို သိထားပေမဲ့ ပြောပြလို့ မရဘူး​ဆိုတဲ့ ပုံ​ဖမ်းပြီး အရေးပါအရာရောက်​သူ​လို့ အထင်ခံရအောင် လုပ်မှာ မဟုတ်ဘူး။ ကျမ်းစာနဲ့ အဖွဲ့အစည်း စာပေတွေမှာ ဖော်ပြ​မထားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ့်​ထင်မြင်​ယူဆချက်​ကို လျှောက်မပြောဖို့ နှိမ့်ချမှုက ကူညီပေးတယ်။

၁၄။ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ဖို့ ပိုင်းခြား​သိမြင်မှု​က ဘယ်လို ကူညီပေးသလဲ။

၁၄ ပိုင်းခြား​သိမြင်မှု​က “နှုတ်ဆိတ်​နေ​ရတဲ့​အချိန်နဲ့ စကားပြော​ရတဲ့​အချိန်” ကို ပိုင်းခြား​သိဖို့ ကူညီပေးတယ်။ (ဒေ. ၃:၇) “စကား​ပြောတာ ငွေ၊ နှုတ်ဆိတ်နေတာ ရွှေ” ဆိုတဲ့ စကားပုံ ယဉ်ကျေးမှု​တချို့​မှာ ရှိတယ်။ စကား​ပြောတာ​ထက် နှုတ်ဆိတ်နေတာ ပိုကောင်းတဲ့ အချိန်တွေ ရှိ​မှန်း ဆိုလိုတယ်။ ‘စစ်မှန်တဲ့ ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို ပိုင်ဆိုင်တဲ့သူက နှုတ်ဆိတ်​နေတတ်တယ်’ လို့ ပညာအလိမ္မာ ၁၁:၁၂ မှာ အကြံပေးတယ်။ ဥပမာ​တစ်ခု စဉ်းစားကြည့်ပါ။ အတွေ့အကြုံရှိ အကြီးအကဲ​တစ်ယောက်ဟာ တခြား​အသင်းတော်တွေရဲ့ ဖြေရှင်း​ရ ခက်တဲ့ ကိစ္စတွေ ကိုင်တွယ်ဖို့ တာဝန်ပေးခံရလေ့ ရှိတယ်။ “တခြား​အသင်းတော်ရဲ့ အတွင်းရေး​ကိစ္စတွေကို သူ ဘယ်တော့မှ မပေါက်ကြားစေဘူး” လို့ အတူ​အမှုဆောင်နေတဲ့ အကြီးအကဲ​တစ်ယောက် ပြောတယ်။ ပိုင်းခြား​သိမြင်မှု ရှိခြင်း​က အကြီးအကဲအဖွဲ့ရဲ့​လေးစားမှု ရအောင် သူ့ကို ကူညီပေးတယ်။ အတွင်းရေး​ကိစ္စတွေကို အမြဲ လျှို့ဝှက်ပေးထားမယ်ဆိုတာ အကြီးအကဲအဖွဲ့ စိတ်ချတယ်။

၁၅။ တခြားသူတွေရဲ့ စိတ်ချမှု ရဖို့ ရိုးသားမှု​က ကူညီပေးနိုင်ကြောင်း ဖော်ပြတဲ့ ဥပမာ ပေးပါ။

၁၅ ရိုးသားမှု​ကလည်း ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ဖို့ ကူညီပေးတယ်။ ရိုးသားသူဟာ အမြဲ အမှန် ပြောမယ်​ဆိုတာ သိထားလို့ သူ့ကို ကျွန်တော်တို့ စိတ်ချတယ်။ (ဧ. ၄:၂၅။ ဟီ. ၁၃:၁၈) ဥပမာ၊ သွန်သင်ခြင်း စွမ်းရည် တိုးတက်ချင်တယ် ဆိုပါစို့။ ဟောပြောချက် နားထောင်ပေးဖို့၊ အကြံ​ပေးဖို့ တစ်ယောက်ယောက်​ဆီ အကူအညီ တောင်းတယ်။ ဘယ်သူ ရိုးရိုးသားသား အကြံ​ပေးမယ်​လို့ ထင်သလဲ။ ကိုယ့်​အကြိုက် ပြောမယ့်သူလား။ ကြင်နာစွာ အမှန်အတိုင်း ပြောမယ့်သူလား။ အဖြေကတော့ ရှင်းပါတယ်။ “ပွင့်ပွင့်လင်းလင်း ပဲ့ပြင်တာဟာ တိတ်တိတ်လေး ချစ်နေတာထက် ပိုကောင်းတယ်။ သစ္စာရှိတဲ့ မိတ်ဆွေဟာ ခက်ခဲပုံပေါက်နေရင်တောင် ပဲ့ပြင်​တတ်တယ်” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၂၇:၅၊ ၆) မိတ်ဆွေ ရိုးရိုးသားသား ပေးတဲ့ အကြံဉာဏ်ဟာ လောလောဆယ် ခံယူ​ရ ခက်ပေမဲ့ ရေရှည်​အတွက် အကျိုးရှိတယ်။

၁၆။ ပညာအလိမ္မာ ၁၀:၁၉ က ချုပ်တည်းမှု​အကြောင်း ဘယ်လို အလေးပေး​ဖော်ပြသလဲ။

၁၆ တခြားသူတွေရဲ့ ယုံကြည်စိတ်ချမှု ရဖို့ ချုပ်တည်းမှု မရှိမဖြစ် လိုတယ်။ လျှို့ဝှက်ထားရမယ့် ကိစ္စကို ပြောဖို့ သွေးဆောင်ခံရချိန်မှာ နှုတ်ကို ထိန်းဖို့ ချုပ်တည်းမှု​က ကူညီပေးတယ်။ (ပညာအလိမ္မာ ၁၀:၁၉ ကို ဖတ်ပါ။) လူမှု​မီဒီယာ အသုံးပြုချိန်မှာ ချုပ်တည်းမှု ရှိဖို့ ခက်နိုင်တယ်။ သတိမထားဘူးဆိုရင် လျှို့ဝှက်ထားရမယ့် ကိစ္စတွေကို လူ​အများကြီး သိအောင် မရည်ရွယ်ဘဲ ဖွင့်ချမိနိုင်တယ်။ လိုင်းပေါ် တင်လိုက်ပြီဆိုတာနဲ့ အဲဒီအချက်အလက်ကို တခြားသူတွေ ဘာဆက်​လုပ်မလဲ၊ ဘယ်လောက် ထိခိုက်မှု ဖြစ်စေမလဲဆိုတာ ကိုယ် ထိန်းချုပ်​လို့ မရတော့ဘူး။ ညီအစ်ကို/မတွေကို အန္တရာယ် ဖြစ်စေမယ့် အချက်အလက်တွေ ထုတ်ပြောဖို့ ဆန့်ကျင်သူတွေ လှည့်စားချိန်မှာ နှုတ်ဆိတ်နေဖို့လည်း ချုပ်တည်းမှု​က ကူညီပေးတယ်။ လုပ်ငန်း ပိတ်ပင်၊ ကန့်သတ်ထားတဲ့ နိုင်ငံမှာ ရဲတွေ ကျွန်တော်တို့ကို စစ်မေးတဲ့အခါမျိုးမှာ ဖြစ်နိုင်တယ်။ အဲဒီလို အခြေအနေ​နဲ့ တခြား အခြေအနေတွေမှာ “ပါးချုပ်တပ်ပြီး နှုတ်ကို စောင့်စည်းမယ်” ဆိုတဲ့ ကျမ်းစာမူ​ကို ကျင့်သုံးနိုင်တယ်။ (ဆာ. ၃၉:၁) မိသားစု၊ မိတ်ဆွေ၊ ညီအစ်ကို/မ၊ ဘယ်သူနဲ့မဆို ဆက်ဆံချိန်​မှာ ကျွန်တော်တို့ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ဖို့ လိုတယ်။ အဲဒီလို ဖြစ်ဖို့ ချုပ်တည်း​ရမယ်။

၁၇။ အသင်းတော်မှာ ယုံကြည်​စိတ်ချ​တဲ့ သဘောထား တိုးများအောင် ဘာလုပ်နိုင်သလဲ။

၁၇ မေတ္တာရှိတဲ့၊ ယုံကြည်​စိတ်ချ​ရတဲ့ ညီအစ်ကို အသင်းအပင်းဝင် ဖြစ်ခွင့်​ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ ညီအစ်ကို/မတွေရဲ့ ယုံကြည်စိတ်ချမှု ရအောင် ကြိုးစားဖို့ ကျွန်တော်တို့​အားလုံးမှာ တာဝန် ရှိတယ်။ မေတ္တာ၊ နှိမ့်ချမှု၊ ပိုင်းခြား​သိမြင်မှု၊ ရိုးသားမှု၊ ချုပ်တည်းမှု ရှိဖို့ ကြိုးစားတဲ့အခါ အသင်းတော်မှာ ယုံကြည်​စိတ်ချ​တဲ့ သဘောထား တိုးများ​လာမယ်။ ယုံကြည်စိတ်ချမှု တည်ဆောက်တာဟာ အမြဲ လုပ်နေ​ရမယ့် ကိစ္စ ဖြစ်တယ်။ ယေဟောဝါ​ဘုရားကို တုပပြီး ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ကြောင်း သက်သေပြ​ကြပါစို့။

သီချင်း  ၁၂၃ ဘုရားအစီအစဉ်ကို လက်အောက်ခံခြင်း

^ တခြားသူတွေရဲ့ ယုံကြည်စိတ်ချမှု ရချင်ရင် ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ကြောင်း အရင် သက်သေပြရမယ်။ အချင်းချင်း ယုံကြည်​စိတ်ချဖို့ ဘာကြောင့် အရေးကြီးကြောင်း၊ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ဖို့ ဘယ်အရည်အသွေးတွေက ကူညီပေးကြောင်း ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။

^ အသင်းတော်မှာ တစ်ယောက်ယောက် ကြီးလေးတဲ့ အပြစ် ကျူးလွန်ထားမှန်း ကျွန်တော်တို့ သိတယ်​ဆိုရင် အကြီးအကဲတွေဆီ အကူအညီ တောင်းဖို့ အားပေးသင့်တယ်။ အကြီးအကဲတွေကို သူ မပြောပြဘူး​ဆိုရင် ကိုယ်တိုင် သွား​ပြောပြပါ။ ယေဟောဝါနဲ့ အသင်းတော်​အပေါ် သစ္စာစောင့်သိမှုက အဲဒီလို ပြောဖို့ လှုံ့ဆော်​ပေးသင့်တယ်။

^ ပုံအညွှန်း– အကြီးအကဲတစ်ယောက်ဟာ မိမိကိုင်တွယ်ခဲ့တဲ့ အတွင်းရေးကိစ္စအကြောင်း မိသားစုကို ထုတ်မပြော။