မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါအကြောင်း သင်ယူ၊ သွန်သင်ရတာ ကျွန်တော် နှစ်ခြိုက်

ယေဟောဝါအကြောင်း သင်ယူ၊ သွန်သင်ရတာ ကျွန်တော် နှစ်ခြိုက်

အမေရိကန်​နိုင်ငံ၊ ပင်စီဗေးနီးယား​ပြည်နယ်၊ အီစတန်​မြို့မှာ ကျွန်တော် ကြီးပြင်းလာတယ်။ တက္ကသိုလ် တက်ဖို့၊ ဘဝမှာ တစ်ခုခု ဖြစ်ဖြစ်မြောက်မြောက် လုပ်ဖို့ စိတ်ကူး​ထားတာ။ သင်္ချာ​နဲ့ သိပ္ပံ သင်​ရတာ ကြိုက်တယ်။ အဲဒီ​ဘာသာရပ်​နှစ်ခုကို ပိုင်တယ်။ ၁၉၅၆ မှာ လူမည်း​ကျောင်းသားတွေ​ထဲ အမှတ်​အများဆုံး ရလို့ လူ့​အခွင့်အရေး အဖွဲ့အစည်း​တစ်ခု​ဆီ​က ၂၅ဒေါ်လာ ရဖူးတယ်။ နောက်ပိုင်း​မှာတော့ ပန်းတိုင် ပြောင်းသွားတယ်။ ဘာကြောင့်လဲ။

ယေဟောဝါအကြောင်း သိလာ​ပုံ

၁၉၄၀ ပြည့်လွန်နှစ်တွေ အစောပိုင်းမှာ ယေဟောဝါ​သက်သေတွေ​နဲ့ မိဘတွေ ကျမ်းစာ စ​လေ့လာ​တယ်။ နောက်ပိုင်း ဆက်မလေ့လာတော့ပေမဲ့ ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်း​တွေ အမေ ဆက်ယူတယ်။ ၁၉၅၀၊ နယူးယောက်​မြို့မှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေး ကျင်းပတယ်။ ကျွန်တော်တို့ မိသားစုကို ဖိတ်လို့ သွား​တက်ကြတယ်။

အဲဒီနောက် မကြာခင်​မှာ​ပဲ ကျွန်တော်တို့​ဆီ ညီအစ်ကို လောရင့် ဂျက်ဖရီ လာလည်ပတ်တယ်။ ကျွန်တော့်ကို အမှန်တရား သင်ပေးဖို့ ကြိုးစားတယ်။ အစ​မှာတော့ ယေဟောဝါ​သက်သေတွေ နိုင်ငံရေး၊ စစ်ရေး​မှာ မပါတာ​ကို သဘောမကျဘူး။ အမေရိကန်မှာ ရှိတဲ့ ယောက်တိုင်း စစ်မတိုက်တော့ရင် တစ်​တိုင်းပြည်​လုံး​ကို ရန်သူတွေ လာသိမ်းမှာပေါ့လို့ ပြောလိုက်တယ်။ ညီအစ်ကို ဂျက်ဖရီ​က “အမေရိကန်မှာ ရှိတဲ့ လူအားလုံး ယေဟောဝါ​ဘုရားကို ကိုးကွယ်​တယ်​ ဆိုပါတော့။ ရန်သူတွေ လာတိုက်တဲ့အခါ ဘုရား ဘာလုပ်​မယ် ထင်သလဲ” လို့ မေးတယ်။ အဲဒီ​ကိစ္စ၊ တခြား​ကိစ္စတွေနဲ့​ပတ်သက်တဲ့ သူ့​စကားတွေက ကျွန်တော့်​အတွေးအခေါ် မှားနေတာ နားလည်ဖို့ ကူညီပေးတယ်။ ဒီလိုနဲ့ ကျမ်းစာကို ပိုစိတ်ဝင်စားလာတယ်။

နှစ်ခြင်းခံတဲ့နေ့

မြေအောက်ခန်း​ထဲ အမေ ထည့်ထားတဲ့ ကင်းမျှော်စင်၊ နိုးလော့! အဟောင်း​တွေ​ကို နာရီနဲ့ချီ ဖတ်​ဖြစ်တယ်။ ဒါ အမှန်တရား​ပဲ​ဆိုတာ တဖြည်းဖြည်း နားလည်​လာပြီး ကျမ်းစာ​သင်အံမှု လက်ခံ​လိုက်တယ်။ အစည်းအဝေးတွေ ပုံမှန် စတက်​လာတယ်။ အမှန်တရားကို မြတ်နိုး​လာပြီး သတင်းကောင်း ကြေညာသူ ဖြစ်လာတယ်။ “ယေဟောဝါရဲ့​နေ့ကြီး နီးနေပြီ” ဆိုတာ သိလို့ ပန်းတိုင် ပြောင်းသွားတယ်။ (ဇေ. ၁:၁၄) တက္ကသိုလ် မတက်ချင်တော့ဘူး။ တခြားသူတွေကို ကျမ်းစာ အမှန်တရား သိလာအောင် ကူညီပေးချင်လာတယ်။

၁၉၅၆၊ ဇွန် ၁၃ မှာ အထက်တန်း​ကျောင်း ပြီးသွား​တယ်။ သုံးရက်ကြာပြီးနောက် တိုက်နယ် အစည်းအဝေး​တစ်ခုမှာ နှစ်ခြင်းခံလိုက်တယ်။ ယေဟောဝါအကြောင်း သင်ယူ၊ သွန်သင်​ပေးလို့ ကောင်းချီးတွေ အများကြီး ရမယ်ဆိုတာ အဲဒီတုန်းက မသိသေးဘူး။

ရှေ့ဆောင်အဖြစ် သင်ယူ၊ သွန်သင်ခြင်း

နှစ်ခြင်းခံပြီးနောက် ခြောက်လမှာ မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ ၁၉၅၆၊ ဒီဇင်ဘာ နိုင်ငံတော်​ဓမ္မအမှု မှာ “ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်​နိုင်မလား” ဆိုတဲ့ ဆောင်းပါး ပါလာတယ်။ ဆောင်နိုင်တာပေါ့။ သတင်းကောင်း ဟောပြောသူ သိပ်မရှိတဲ့ နေရာမှာ သွားကူညီပေးချင်တာ။—မ. ၂၄:၁၄

ဒါနဲ့ ကယ်ရိုလိုင်းနား တောင်ပိုင်း၊ အက်ဂ်ျဖီးကို ပြောင်းသွားတယ်။ အဲဒီက အသင်းတော်မှာ ကြေညာသူ လေးယောက်​ပဲ ရှိတယ်။ ကျွန်တော်နဲ့ ပေါင်းမှ ငါး​ယောက်။ ညီအစ်ကို​တစ်ယောက်ရဲ့ အိမ်ရှေ့ခန်းမှာ အစည်းအဝေးတွေ ကျင်းပတယ်။ လတိုင်း အမှုဆောင်လုပ်ငန်းမှာ ကျွန်တော် နာရီ ၁၀၀ ပါဝင်တယ်။ အမှုဆောင်​လုပ်ငန်း ဦးဆောင်တာ၊ အစည်းအဝေးတွေ ကိုင်တာနဲ့ပဲ အလုပ်များ​နေ​တယ်။ ဒါပေမဲ့ များများ အမှုဆောင်လေ ယေဟောဝါအကြောင်း ပိုသိလာလေပါပဲ။

ကျွန်တော်နဲ့ ကျမ်းစာ လေ့လာ​နေတဲ့ မုဆိုးမ အမျိုးသမီး​တစ်ယောက်က မလှမ်းမကမ်း​က ဂျွန်စတန်​မြို့မှာ ဈာပန​ခန်းမ​တစ်လုံး ပိုင်တယ်။ ကျွန်တော် သိပ်လိုနေတဲ့ အချိန်ပိုင်း​အလုပ်​တစ်ခု ပေးတယ်။ သူ​ပိုင်တဲ့ အိမ်သေးသေးလေး​ကိုလည်း နိုင်ငံတော်ခန်းမ​အဖြစ် သုံးဖို့ ပေးတယ်။

ကျွန်တော့်ကို ကျမ်းစာ​သင်ပေးတဲ့ ညီအစ်ကိုရဲ့ သား၊ ဂျော်လီ ဂျက်ဖရီ​က နယူးယောက်၊ ဘရွတ်ကလင်ကနေ ပြောင်းလာတယ်။ ကျွန်တော့် ရှေ့ဆောင်​အဖော် ဖြစ်လာတယ်။ ညီအစ်ကို​တစ်ယောက် ပေးသုံးတဲ့ နောက်တွဲယာဉ် သေးသေးလေး​မှာ ကျွန်တော်တို့ နေ​ကြတယ်။

တောင်ပိုင်း​မှာ လုပ်ခ နည်းနည်းပဲ ရတယ်။ တစ်နေ့​လုပ်​မှ နှစ်​ဒေါ်လာ သုံး​ဒေါ်လာ​လောက်​ပဲ ရတယ်။ တစ်ခေါက်၊ လက်ကျန် ငွေလေးနဲ့ စားစရာ ဝယ်ပြီး ဆိုင်​ထဲက ထွက်လာတုန်း အမျိုးသား​တစ်ယောက် အနားလာပြီး “အလုပ် လိုချင်လား။ တစ်​နာရီ တစ်​ဒေါ်လာ ပေးမယ်” တဲ့။ ဆောက်လုပ်ရေး ဆိုက်​တစ်ခုမှာ သုံးရက် သန့်ရှင်းရေး လုပ်ပေးရတယ်။ အက်ဂျ်ဖီးမှာ ဆက်နေဖို့ ယေဟောဝါ ကူညီ​ပေးတာ သေချာတယ်။ ၁၉၅၈ ရောက်တော့ နယူးယောက်​မှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေး သွား​တက်တယ်။

မင်္ဂလာဆောင်​တဲ့​နေ့

အစည်းအဝေး ဒုတိယ​နေ့မှာ ထူးခြားတာလေး​တစ်ခု ဖြစ်သွားတယ်။ တန်နက်စီး​ပြည်နယ်၊ ဂယ်လတန်မှာ မှန်မှန်ရှေ့ဆောင် လုပ်နေတဲ့ ညီအစ်မ ရူဘီ ဝက်လင်တန်နဲ့ ဆုံတယ်။ နှစ်ယောက်စလုံး သာသနာပြု​လုပ်ငန်းကို စိတ်​ဝင်စား​လို့ ဂိလဒ် တက်ချင်သူတွေအတွက် အစည်းအဝေး သွား​တက်ကြတယ်။ နောက်ပိုင်း၊ စာ​အဆက်အသွယ် ရှိလာတယ်။ တစ်ရက်၊ ဂယ်လတန်မှာ လူထုဟောပြောချက် ပေးဖို့ ဖိတ်ခေါ်​ခံရတယ်။ ဒီ​အခွင့်ကောင်း​ကို အသုံးချပြီး တစ်ခါတည်း လက်ထပ်ခွင့် တောင်းလိုက်တယ်။ ရူဘီ​ရဲ့ အသင်းတော်ကို ပြောင်းသွားပြီး ၁၉၅၉ မှာ လက်ထပ်​လိုက်ကြတယ်။

အသင်းတော်မှာ သင်ယူ၊ သွန်သင်ခြင်း

အသက် ၂၃ နှစ်၊ ဂယ်လတန်မှာ အသင်းတော် အမှုထမ်း (အခုအခေါ် အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူး) အဖြစ် ခန့်အပ်ခံရတယ်။ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ချား သော်မစန် ဦးဆုံး​လည်ပတ်တဲ့ အသင်းတော်က ကျွန်တော်တို့ အသင်းတော်​ပဲ။ သူ့မှာ အတွေ့အကြုံ အများကြီး ရှိပေမဲ့ ညီအစ်ကိုတွေ ဘာလိုအပ်နေသလဲ၊ တခြား တိုက်နယ်ကြီးကြပ်မှူးတွေ ဘယ်လို ကိုင်တွယ်သွားသလဲဆိုပြီး ကျွန်တော့်​အမြင်ကို မေးတယ်။ ကိစ္စတစ်ခုကို မကိုင်တွယ်ခင် မေးခွန်းတွေ မေးပြီး အကြောင်းစုံ သိအောင် လုပ်​သင့်​မှန်း ကျွန်တော် သိလာတယ်။

၁၉၆၄၊ မေလ၊ နယူးယောက်၊ တောင်လန်ဆင်းမှာ တစ်လကြာ နိုင်ငံတော်​ဓမ္မအမှု သင်တန်း တက်ဖို့ ဖိတ်ခေါ်​ခံရတယ်။ သင်ယူချင်စိတ် ပိုရှိလာဖို့၊ ပိုရင့်ကျက်လာဖို့ သင်တန်းမှူး ညီအစ်ကိုတွေ ကူညီပေးကြတယ်။

တိုက်နယ်​နဲ့ ခရိုင်​လုပ်ငန်းမှာ သင်ယူ၊ သွန်သင်ခြင်း

၁၉၆၅၊ ဇန်နဝါရီမှာ ရူဘီ​နဲ့ ကျွန်တော် တိုက်နယ်​လုပ်ငန်းမှာ ပါဝင်ဖို့ ကမ်းလှမ်း​ခံရတယ်။ ကျွန်တော်တို့ တာဝန်ကျတဲ့ တိုက်နယ်က တန်နက်စီး​ပြည်နယ်၊ နော့ဗီး​မြို့ကနေ ဗာဂျီးနီးယား​ပြည်နယ်၊ ရစ်ချ်မွန်​မြို့တစ်လျှောက် ကျယ်ပြန့်တယ်။ ကယ်ရိုလိုင်းနား မြောက်ပိုင်း၊ ကန်တက်ကီ၊ ဗာဂျီးနီးယား အနောက်ပိုင်း​က အသင်းတော်တွေ ပါဝင်တယ်။ အမေရိကန် တောင်ပိုင်း​မှာ လူဖြူ​လူမည်း ခွဲခြား​တဲ့ ဥပဒေ ရှိလို့ လူမည်း အသင်းတော်တွေမှာ​ပဲ ကျွန်တော် အမှုဆောင်​ရတယ်။ ညီအစ်ကိုတွေ ဆင်းရဲကြလို့ လိုအပ်​နေသူတွေကို ကိုယ့်​မှာ ရှိတာ​တွေ ဝေမျှ​တတ်လာ​တယ်။ သက်တမ်းကြာ တိုက်နယ်​ညီအစ်ကို​တစ်ယောက်က “အသင်းတော်တွေဆီ လည်ပတ်တဲ့အခါ အလုပ်ရှင်​လို မဟုတ်ဘဲ ညီအစ်ကို​လို လည်ပတ်ပါ။ ခင်ဗျား​ကို ညီအစ်ကို​လို့ မြင်မှ သူတို့ကို ကူညီပေးနိုင်မယ်” လို့ သင်ပေးတယ်။

အသင်းတော်ငယ်လေး​တစ်ခုကို လည်ပတ်တုန်းက တစ်နှစ်အရွယ် သမီး​ရှိတဲ့ အမျိုးသမီးငယ်​နဲ့ ရူဘီ ကျမ်းစာ​သင်အံမှု စတယ်။ အသင်းတော်မှာ သူ့ကို ကျမ်းစာ​သင်ပေးနိုင်မယ့်သူ တစ်ယောက်မှ မရှိလို့ ရူဘီ စာနဲ့ ဆက်သွယ်ပြီး သင်ပေးတယ်။ အဲဒီ​အသင်းတော်ကို နောက်တစ်ခေါက် လည်ပတ်တော့ အဲဒီ​အမျိုးသမီး အစည်းအဝေးတိုင်း လာတက်တယ်။ အထူးရှေ့ဆောင် ညီအစ်မ​နှစ်ယောက် ပြောင်းလာတော့ သူတို့နဲ့ ဆက်လေ့လာတယ်။ မကြာခင်​မှာ​ပဲ နှစ်ခြင်းခံလိုက်တယ်။ နှစ် ၃၀ လောက် ကြာပြီးနောက် ၁၉၉၅၊ ပက်တာစင် ဗေသလမှာ ညီအစ်မငယ်​တစ်ယောက် ရူဘီ​ကို လာနှုတ်ဆက်တယ်။ ရူဘီ ကျမ်းစာ​သင်ပေးခဲ့တဲ့ အမျိုးသမီးရဲ့ သမီး ဖြစ်နေတယ်။ အဲဒီ​သမီးနဲ့ ခင်ပွန်း​က အကြိမ် ၁၀၀ မြောက် ဂိလဒ်ကျောင်း လာတက်ကြတာ။

ကျွန်တော်တို့ရဲ့ ဒုတိယ တိုက်နယ်ကတော့ ဖလော်ရီဒါ အလယ်ပိုင်း။ ကား​တစ်စီး လို​နေ​လို့ ဈေးတန်တန်နဲ့ တစ်စီး ဝယ်လိုက်တယ်။ ပထမ​အပတ်မှာ​ပဲ အင်ဂျင် ပျက်သွားတယ်။ ပြင်ဖို့ ပိုက်ဆံ မရှိတော့ ကူညီပေးနိုင်မယ်​လို့ ထင်တဲ့ ညီအစ်ကိုဆီ ဖုန်းဆက်​လိုက်တယ်။ သူ့​အလုပ်သမား​တစ်ယောက်ကို ကားပြင်ပေးခိုင်းပြီး ပိုက်ဆံ​တစ်ပြားမှ မယူဘူး။ “ပေးပြီး​သွားပြီ” လို့​ပဲ ပြောတယ်။ ကျွန်တော်တို့အတွက် ငွေ​နည်းနည်း​တောင် ပေးလိုက်သေးတယ်။ ကျေးကျွန်တွေကို ယေဟောဝါ ထောက်မပေးတဲ့ အတွေ့အကြုံ​ပါပဲ။ တခြားသူတွေကိုလည်း ရက်ရော​ဖို့ ဒီ​အတွေ့အကြုံ​က သင်ပေးတယ်။

အသင်းတော်​တစ်ခုကို လည်ပတ်တိုင်း ညီအစ်ကိုတွေရဲ့ အိမ်မှာ တည်းရတယ်။ ဒါကြောင့် မိတ်ဆွေ တိုးလာ​တယ်။ တစ်နေ့၊ လက်နှိပ်စက်​မှာ အသင်းတော်​တစ်ခုနဲ့​ပတ်သက်တဲ့ မှတ်တမ်း ရိုက်နေရင်း ထားခဲ့​မိတယ်။ ညနေ ပြန်ရောက်​လာတော့ အိမ်ရှင်​ရဲ့ သုံးနှစ်​သားလေး​က ခလုတ်​တွေ နှိပ်ထားတော့ အစ​ကနေ ပြန်ရိုက်ပြီး “လက်စသတ်” လိုက်ရတယ်။ သူ့ကို တွေ့တိုင်း အဲဒီအကြောင်း စတယ်။

၁၉၇၁၊ နယူးယောက်​မြို့ ခရိုင်​လုပ်ငန်းမှာ ပါဝင်ဖို့ ကျွန်တော်တို့ စာ​ရတယ်။ သိပ်အံ့ဩသွားတယ်။ အဲဒီ​ကို ပြောင်းတုန်းက ကျွန်တော် ၃၄ နှစ် ပဲ ရှိသေးတယ်။ ဦးဆုံး လူမည်း ခရိုင်​ကြီးကြပ်မှူးကို ညီအစ်ကိုတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆို​ကြတယ်။

ခရိုင်​ကြီးကြပ်မှူးအဖြစ် အပတ်တိုင်း တိုက်နယ်​အစည်းအဝေးတွေမှာ ယေဟောဝါအကြောင်း သွန်သင်​ရတာကို နှစ်ခြိုက်တယ်။ တိုက်နယ်ကြီးကြပ်မှူး အများစုက ကျွန်တော့်ထက် ဝါရင့်တွေ။ သူတို့ထဲက တစ်ယောက်က ကျွန်တော် နှစ်ခြင်းခံ​တုန်းက ဟောပြောချက် ပေးခဲ့တဲ့သူ။ နောက်တစ်ယောက်​က နောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာတဲ့ သီအိုဒေါ ဂျဲရက်။ ဘရွတ်ကလင် ဗေသလမှာ အမှုဆောင်နေတဲ့ ဝါရင့် ညီအစ်ကိုတွေလည်း အများကြီး​ပဲ။ တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဗေသလ​အိမ်သားတွေ ကျွန်တော့်ကို အနေရခက်အောင် မ​လုပ်​လို့ ကျေးဇူးတင်လိုက်တာ။ အဲဒီ မေတ္တာရှိ သိုးထိန်း​တွေ ကျမ်းစာကို အဓိက အားထားတာ၊ အဖွဲ့အစည်း​ကို သစ္စာရှိရှိ ထောက်မတာ ကိုယ်တွေ့ မြင်ခဲ့​ရတယ်။ သူတို့ရဲ့ နှိမ့်ချမှုကြောင့် ကျွန်တော် ခရိုင်​ကြီးကြပ်မှူးအဖြစ် အမှုဆောင်ဖို့ ပိုလွယ်တာ။

တိုက်နယ်​လုပ်ငန်းမှာ ပြန်အမှုဆောင်

၁၉၇၄ မှာ အုပ်ချုပ်ရေး​အဖွဲ့က တိုက်နယ်ကြီးကြပ်မှူး အုပ်စု တစ်စု​ကို ခရိုင်​လုပ်ငန်းအတွက် တာဝန်ပေးတယ်။ ကျွန်တော်ကတော့ ကယ်ရိုလိုင်းနား တောင်ပိုင်း​မှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ပြန်အမှုဆောင်​ရတယ်။ ဒီ​အချိန်​မှာတော့ လူဖြူ​လူမည်း ခွဲခြား​တဲ့ ဥပဒေ မရှိတော့လို့ ညီအစ်ကိုတွေ ဝမ်းသာ​ကြတယ်။

၁၉၇၆ အကုန်ပိုင်း​လောက်​မှာ အတ္တလန်တာ​နဲ့ ကိုလံဘတ်စ်​မြို့ ကြား​က ဂျော်ဂျီယာ တိုက်နယ်မှာ တာဝန်ကျတယ်။ အိမ် မီးရှို့​ခံရ​လို့ သေဆုံး​သွားတဲ့ လူမည်း​ကလေး ငါး​ယောက်​အတွက် ဈာပန ဟောပြောချက် ပေးခဲ့တာ ကောင်းကောင်း မှတ်မိ​နေတုန်းပဲ။ ထိခိုက်​ဒဏ်ရာကြောင့် အမေက ဆေးရုံ​မှာ။ ဆေးရုံ​အထိ လာနှစ်သိမ့်ပေးတဲ့ လူဖြူ​လူမည်း ညီအစ်ကို/မတွေ တဖွဲဖွဲ​ပဲ။ ညီအစ်ကိုတွေရဲ့ မေတ္တာကို ကိုယ်တွေ့ မြင်လိုက်ရတယ်။ အဲဒီမေတ္တာကြောင့် ဘုရား​ကျေးကျွန်တွေ အခက်ခဲဆုံး အခြေအနေတွေကို ခံရပ်နိုင်ကြတာ။

ဗေသလမှာ သင်ယူ၊ သွန်သင်ခြင်း

၁၉၇၇ မှာ စီမံကိန်း​တစ်ခုကို လအနည်းငယ် ကူညီပေးဖို့ ဘရွတ်ကလင် ဗေသလကို ဖိတ်ခေါ်​ခံရတယ်။ စီမံကိန်း ပြီးခါနီးမှာ အုပ်ချုပ်ရေး အဖွဲ့ဝင် ညီအစ်ကို​နှစ်ယောက် ကျွန်တော်နဲ့ တွေ့ပြီး ဗေသလမှာ အမှုဆောင်ချင်သလားလို့ မေးတယ်။ ဖိတ်ခေါ်ချက်​ကို ကျွန်တော်တို့ လက်ခံ​လိုက်တယ်။

ခက်ခဲတဲ့ ကိစ္စတွေကို ဖြေရှင်း​ရလေ့ ရှိတဲ့ လုပ်ငန်းတော်ဌာနမှာ ၂၄ နှစ် လုပ်ခဲ့တယ်။ နှစ်တွေ​တစ်လျှောက် ကျမ်းစာမူတွေနဲ့အညီ အုပ်ချုပ်ရေး​အဖွဲ့ လမ်းညွှန်​ပေးတယ်။ အဲဒီ​အကူအညီနဲ့ လုပ်ငန်းတော်ဌာနက ခက်ခဲတဲ့ ကိစ္စတွေကို ဖြေရှင်းပြီး တိုက်နယ်ကြီးကြပ်မှူး၊ အကြီးအကဲ၊ ရှေ့ဆောင်တွေကို လေ့ကျင့်​ပေးတယ်။ အဲဒီ​လေ့ကျင့်မှု​က ပိုရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်လာဖို့ ကူညီပေးတယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်း​ကို ပိုတိုးတက်စေတယ်။

၁၉၉၅ ကနေ ၂၀၁၈ အထိ ဌာနချုပ် ကိုယ်စားလှယ်​အဖြစ် ဌာနခွဲရုံး​တွေ​ကို လည်ပတ်ခဲ့ရတယ်။ အရင်အခေါ်ကတော့ ဇုန်ကြီးကြပ်မှူးပေါ့။ ဌာနခွဲ ကော်မတီဝင်၊ ဗေသလ​အိမ်သား၊ သာသနာပြုတွေကို အားပေးပြီး အခက်အခဲတွေ ကူညီ​ဖြေရှင်းပေးရတယ်။ ဒါပေမဲ့ သူတို့ဆီက ကြားရတဲ့ တွေ့ကြုံမှုတွေကြောင့်ပဲ ရူဘီ​နဲ့ ကျွန်တော် အမြဲ ပြန်အားရှိလာတာ။ ဥပမာ၊ ၂၀၀၀ ပြည့်နှစ်​မှာ ရဝမ်ဒါ​ကို လည်ပတ်​တယ်။ ၁၉၉၄ မျိုးဖြုတ် သတ်ဖြတ်မှု​အတွင်း ညီအစ်ကိုတွေနဲ့ ဗေသလ မိသားစု ဘယ်လို ကျော်ဖြတ်​ခဲ့တယ်​ဆိုတာ ကြားရပြီး သိပ်စိတ်ထိမိသွားတယ်။ အတော်များများက ချစ်ရသူ သေဆုံးတာတွေ ကြုံခဲ့ရ​တယ်။ ဘာပဲကြုံရပါစေ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်း ဆက်ရှိနေကြတယ်။

နှစ် ၅၀ မြောက် မင်္ဂလာ နှစ်ပတ်လည်​နေ့မှာ

ကျွန်တော်တို့ နှစ်ယောက် အခု အသက် ၈၀ ကျော် နေပြီ။​ အမေရိကန် ဌာနခွဲ ကော်မတီဝင်အဖြစ် ကျွန်တော် အမှုဆောင်တာ နှစ် ၂၀ လောက် ရှိပြီ။ တက္ကသိုလ်​ပညာ မသင်ခဲ့ရပေမဲ့ ယေဟောဝါနဲ့ အဖွဲ့အစည်း သင်ပေးတဲ့ အဆင့်မြင့်ဆုံး ပညာရေး ရထားတယ်။ အဲဒါက လူတွေကို ထာဝစဉ် အကျိုးပြု​မယ့် ကျမ်းစာ အမှန်တရား သင်ပေးဖို့ အရည်အချင်း ပြည့်မီလာစေတယ်။ (၂ ကော. ၃:၅။ ၂ တိ. ၂:၂) ကျမ်းစာ သတင်း​စကားကြောင့် လူတွေရဲ့ အသက်တာ တိုးတက်​ကောင်းမွန်​လာတာ၊ ဖန်ဆင်း​ရှင်​နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိ​လာတာ မြင်ခဲ့​ရတယ်။ (ယာ. ၄:၈) ယေဟောဝါအကြောင်း သင်ယူ​ရတဲ့၊ ကျမ်းစာ အမှန်တရား သင်ပေး​ရတဲ့ အခွင့်ထူး​ကို လေးမြတ်​ဖို့ တခြားသူတွေကို ရူဘီ​နဲ့ ကျွန်တော် အမြဲ အားပေးတယ်။ အဲဒါဟာ ယေဟောဝါရဲ့ ကျေးကျွန်​တစ်ယောက် ရနိုင်သမျှမှာ အကြီးမားဆုံး အခွင့်ထူး ဖြစ်လို့​ပါပဲ။