မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

မြေကြီးပေါ် ဘယ်လို ထမြောက်ခြင်း​မျိုးနဲ့ ဘယ်သူတွေ ထမြောက်လာမလဲ

ကျမ်းစာ​အဖြေကို သုံးသပ်ကြည့်ပါ။

“ဖြောင့်မတ်သူ​ရော မ​ဖြောင့်မတ်သူတွေ​ပါ ရှင်ပြန်​ထမြောက်လာမယ့်​အကြောင်း” တမန်တော် ၂၄:၁၅ မှာ ဖော်ပြထားတယ်။ ဖြောင့်မတ်သူဆိုတာ မသေဆုံးခင် ဘုရားကို နာခံခဲ့သူတွေ ဖြစ်တယ်။ အသက်စာစောင်​မှာ နာမည် ရေးမှတ်ခံထားရတယ်။ (မာ​လ. ၃:၁၆) မ​ဖြောင့်မတ်သူဆိုတာ ယေဟောဝါအကြောင်း သင်ယူဖို့ အခွင့်အရေး အလုံအလောက် မရဘဲ သေဆုံး​သွား​သူ​တွေ ဖြစ်တယ်။ အသက်စာစောင်​မှာ နာမည် ရေးမှတ်မခံထားရဘူး။

တမန်တော် ၂၄:၁၅ မှာ ပါတဲ့ အုပ်စုနှစ်စုကို​ပဲ ယောဟန် ၅:၂၈၊ ၂၉ မှာ​လည်း ဖော်ပြထားတယ်။ “ကောင်းတဲ့​အကျင့်​ကို ကျင့်​သူ​တွေ အသက်ရှင်ဖို့ ထမြောက်လာလိမ့်မယ်ဆိုးညစ်တဲ့​အကျင့်​ကို ကျင့်သူတွေကတော့ တရားစီရင်​ခံရ​ဖို့ ထမြောက်လာလိမ့်မယ်” လို့ ယေရှု ပြောတယ်။ ဖြောင့်မတ်သူတွေဟာ မသေဆုံးခင် ကောင်းတဲ့​အကျင့် ကျင့်ခဲ့ကြတယ်။ အသက်စာစောင်​မှာ သူတို့​နာမည် ရေးမှတ်​ခံထားရတဲ့​အတွက် အသက်ရှင်ဖို့ ထမြောက်လာမယ်။ မဖြောင့်မတ်သူတွေကျတော့ မသေဆုံးခင် ဆိုးညစ်တဲ့​အကျင့် ကျင့်ခဲ့ကြတယ်။ တရားစီရင်​ခံရ​ဖို့ ထမြောက်လာမယ်။ အသက်စာစောင်​မှာ သူတို့​နာမည် ရေးမှတ်မခံရသေးဘူး။ အကဲဖြတ်၊ စောင့်ကြည့်​ခံရ​မယ်။ အဲဒီ​အတောအတွင်း ယေဟောဝါအကြောင်း သင်ယူဖို့၊ အသက်စာစောင်​မှာ နာမည် ရေးမှတ်​ခံရ​ဖို့ အခွင့်အရေး ရမယ်။

ဗျာဒိတ် ၂၀:၁၂၊ ၁၃ အရ ထမြောက်လာသူ​အားလုံး “စာလိပ်​တွေ​မှာ ရေးထားတဲ့ စကားတွေ၊” ကမ္ဘာသစ်​မှာ ဘုရား ပေးမယ့် ပညတ်​သစ်တွေကို လိုက်နာရမယ်။ မလိုက်နာတဲ့သူတွေ ဖယ်ရှားခံ​ရမယ်။—ဟေရှာ. ၆၅:၂၀

ဒံယေလ ၁၂:၂ အရ “တချို့က ထာဝရ အသက်ရှင်ဖို့၊ တချို့က ကဲ့ရဲ့​ရှုတ်ချ​ခံရ​ဖို့၊ ထာဝရ အထင်သေး​ရွံရှာ​ခံရ​ဖို့ နိုးထ​လာမယ်။” ထမြောက်လာသူတွေ “ထာဝရ အသက်ရှင်” မ​လား၊ “ထာဝရ အထင်သေး​ရွံရှာ​ခံရ” မ​လား​ဆိုတဲ့ နောက်ဆုံး စီရင်ချက်​အကြောင်း ပြောနေတာပါ။ အနှစ် ၁၀၀၀ အကုန်မှာ တချို့ ထာဝရ​အသက် ရမယ်။ တချို့ ထာဝရ ဖျက်ဆီးခံရမယ်။—ဗျာ. ၂၀:၁၅။ ၂၁:၃၊ ၄

ဥပမာ​တစ်ခု သုံးသပ်ကြည့်ပါ။ ထမြောက်လာမယ့် အုပ်စု​နှစ်စု​ဟာ တခြား​နိုင်ငံမှာ နေထိုင်ချင်တဲ့ နိုင်ငံခြားသားတွေနဲ့ တူတယ်။ ဖြောင့်မတ်သူတွေဟာ အလုပ်​ဗီဇာ၊ နေထိုင်ခွင့်​ဗီဇာ ရထားလို့ အသိအမှတ်ပြုမှု၊ လွတ်လပ်မှု အတော်အတန် ရထား​သူ​တွေ​နဲ့ တူတယ်။ မဖြောင့်မတ်သူတွေကျတော့ ယာယီ​ဗီဇာ၊ အလည်အပတ်​ဗီဇာ ရထားတဲ့ နိုင်ငံခြားသားတွေနဲ့ တူတယ်။ နိုင်ငံသစ်မှာ ဆက်နေချင်ရင် နေထိုက်သူတွေ ဖြစ်ကြောင်း သက်သေထူ​ရမယ်။ ဒီလိုပဲ၊ ထမြောက်လာတဲ့ မ​ဖြောင့်မတ်သူတွေဟာ ယေဟောဝါရဲ့ ပညတ်တွေကို နာခံရမယ်။ ပရဒိသု​မှာ ဆက်နေ​ထိုက်တဲ့ ဖြောင့်မတ်သူတွေ ဖြစ်ကြောင်း သက်သေထူ​ရမယ်။ ဘယ်​ဗီဇာ​နဲ့​ပဲ နိုင်ငံ​ထဲ ဝင်လာကြပါစေ နိုင်ငံသစ်မှာ ပြတဲ့ သဘောထား၊ အပြုအမူကို ကြည့်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် ချမှာ ဖြစ်တယ်။ တချို့ နိုင်ငံသား ဖြစ်ခွင့်​ရမယ်။ တချို့ ပြည်နှင်ခံ​ရမယ်။ ကမ္ဘာသစ်​မှာ ထမြောက်လာသူ​အားလုံးလည်း သစ္စာရှိမှု​နဲ့ အပြုအမူတွေကို ကြည့်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် ချခံရမှာ ဖြစ်တယ်။

ယေဟောဝါဟာ မေတ္တာရှင် ဖြစ်သလို တရားမျှတတဲ့​အရှင်လည်း ဖြစ်တယ်။ (တရား. ၃၂:၄။ ဆာ. ၃၃:၅) ဖြောင့်မတ်သူ​ကို​ရော မ​ဖြောင့်မတ်သူတွေကို​ပါ ထမြောက်​ပေးခြင်းအားဖြင့် မေတ္တာ​ပြမယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ မြင့်မားတဲ့ ကိုယ်ကျင့်တရား​စံနှုန်းတွေကို လိုက်နာစေပါလိမ့်မယ်။ မိမိကို ချစ်သူ၊ စံနှုန်းတွေအတိုင်း နေထိုင်သူတွေကိုပဲ ကမ္ဘာသစ်​မှာ ဆက်နေခွင့်ပေးမယ်။