မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၉

“အသက်စာစောင်” မှာ သင့်နာမည် ပါသလား

“အသက်စာစောင်” မှာ သင့်နာမည် ပါသလား

‘ယေဟောဝါကို ကြောက်ရွံ့​ရိုသေ​သူ​တွေ​နဲ့ပတ်သက်ပြီး ရှေ့တော်မှာ ရှိတဲ့ အောက်မေ့​ရာ​စာစောင်​ထဲ ရေးမှတ်​ထားတယ်။’—မာ​လ. ၃:၁၆

သီချင်း ၆၁ သက်သေများ ရှေ့သို့ ချီပါ

အကြို​သုံးသပ်ချက် *

ယေဟောဝါ​က နှစ်တွေ​တစ်လျှောက် “အသက်စာစောင်” မှာ နာမည်တွေ ထပ်ထပ် ဖြည့်နေ (စာပိုဒ် ၁-၂ ကို ကြည့်ပါ)

၁။ မာလခိ ၃:၁၆ အရ ဘယ်စာစောင်ကို ယေဟောဝါ ရေးသားနေသလဲ။ ဘာတွေ ပါသလဲ။

 အထူး​စာစောင်​တစ်ခု ယေဟောဝါ ရေးသား​နေတာ နှစ်ထောင်​ချီပြီ။ အဲဒီစာစောင်မှာ နာမည်တွေ ပါတယ်။ ဦးဆုံး သစ္စာရှိ သက်သေ အာဗေလရဲ့ နာမည်​ကနေ စတယ်။ * (လု. ၁၁:၅၀၊ ၅၁) နှစ်တွေ​တစ်လျှောက် အဲဒီစာစောင်မှာ နာမည်တွေ ယေဟောဝါ ထပ်ထပ် ဖြည့်နေတယ်။ အခုဆိုရင် နာမည်​သန်းချီ ရှိနေပြီ။ ကျမ်းစာမှာ အဲဒီစာစောင်ကို “အောက်မေ့​ရာ​စာစောင်၊” “အသက်စာစောင်၊” “အသက်​စာလိပ်” လို့ ခေါ်ထား​တယ်။ ဒီဆောင်းပါး​မှာတော့ “အသက်စာစောင်” လို့ သုံးသွားပါမယ်။မာလခိ ၃:၁၆ ကို ဖတ်ပါ။ ဗျာ. ၃:၅။ ၁၇:၈

၂။ အသက်စာစောင်​မှာ ဘယ်သူတွေ​ရဲ့ နာမည် ပါသလဲ။ ဘယ်လိုနည်းနဲ့ ကျွန်တော်တို့ရဲ့ နာမည် ပါ​နိုင်သလဲ။

ယေဟောဝါကို ကြောက်ရွံ့​ရိုသေ​စိတ်နဲ့ ဝတ်ပြုသူ၊ နာမတော်ကို တန်ဖိုးထား​လေးမြတ်သူ​အားလုံးရဲ့ နာမည် ဒီ​အထူး​စာစောင်​မှာ ပါတယ်။ သူတို့ ထာဝရ​အသက် ရကြမယ်။ ကျွန်တော်တို့လည်း သားတော် ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာကို အခြေခံပြီး ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိဖို့ ကြိုးစားမယ်ဆိုရင် နာမည် ရေးမှတ်ခံရနိုင်တယ်။ (ယော. ၃:၁၆၊ ၃၆) ကောင်းကင် မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ မြေကြီး မျှော်လင့်ချက် ရှိသည်ဖြစ်စေ ကျွန်တော်တို့​အားလုံး အဲဒီစာစောင်မှာ နာမည် ပါချင်ကြမှာ သေချာတယ်။

၃-၄။ (က) အသက်စာစောင်​မှာ လောလောဆယ် နာမည် ရေးမှတ်​ခံရတာ​နဲ့ ထာဝရ​အသက် ရမလား။ ရှင်းပြပါ။ (ခ) ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါး​မှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

အဲဒီစာစောင်မှာ နာမည် ရေးမှတ်ခံရသူတိုင်း ထာဝရ အသက် ရမယ်ဆိုတဲ့ အဓိပ္ပာယ်​လား။ ထွက်မြောက်ရာ ၃၂:၃၃ မှာ မောရှေကို ပြောတဲ့ ယေဟောဝါရဲ့ စကားတွေ​မှာ အဖြေ​ပါတယ်။ ‘ငါ့ကို ပြစ်မှားသူရဲ့ နာမည်ကို ငါ့​စာစောင်​ကနေ ပယ်ဖျက်​မယ်’ လို့ ယေဟောဝါ ပြောတယ်။ ဒါကြောင့် စာစောင်​မှာ လောလောဆယ် ရေးမှတ်​ထားတဲ့ နာမည်တွေ​ကို ပယ်ဖျက်ပစ်လို့ ရတယ်။ ခဲတံ​နဲ့ ရေးထားနှင့်သလိုမျိုးပဲ။ (ဗျာ. ၃:၅) မင်နဲ့ အပြီး ရေးမှတ်မယ့်​အချိန်ထိ စာစောင်​မှာ ကိုယ့်​နာမည် ရှိနေဖို့ ကြိုးစားကြရမယ်။

မေးခွန်း​တချို့ ပေါ်လာတယ်။ ဥပမာ၊ အသက်စာစောင်​မှာ နာမည် ရေးမှတ်​ခံရသူ​တွေ၊ မခံရသူတွေအကြောင်း ကျမ်းစာမှာ ဘာဖော်ပြသလဲ။ အဲဒီစာစောင်မှာ နာမည် ဆက်​ရှိနေ​သူ​တွေ ဘယ်အချိန် ထာဝရ​အသက် ရမလဲ။ ယေဟောဝါအကြောင်း သိခွင့် မရဘဲ သေဆုံး​သွား​သူ​တွေ​ကော။ အဲဒီစာစောင်မှာ နာမည် ရေးမှတ်​ခံရ​ဖို့ ဖြစ်နိုင်​မ​လား။ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါး​မှာ ဆွေးနွေးကြပါမယ်။

စာစောင်​မှာ ဘယ်သူတွေ နာမည် ရေးမှတ်ခံရသလဲ

၅-၆။ (က) ဖိလိပ္ပိ ၄:၃ အရ အသက်စာစောင်​မှာ ဘယ်သူတွေ နာမည် ရေးမှတ်ခံရသလဲ။ (ခ) ဘယ်အချိန်မှာ အသက်စာစောင်​ထဲ နာမည် အပြီး ရေးမှတ်ခံရမလဲ။

အသက်စာစောင်​မှာ ဘယ်သူတွေ နာမည် ရေးမှတ်ခံရသလဲ။ အဖြေ သိဖို့ အုပ်စု ငါးစုအကြောင်း လေ့လာပါမယ်။ တချို့က နာမည် ရေးမှတ်​ခံရတဲ့ အုပ်စု၊ တချို့က ရေးမှတ်မခံရတဲ့ အုပ်စု ဖြစ်တယ်။

ပထမ​အုပ်စု​က ကောင်းကင်မှာ ယေရှုနဲ့​အတူ တွဲဖက်​အုပ်ချုပ်​ဖို့ ရွေးချယ်ခံ​ရသူတွေ။ အသက်စာစောင်​မှာ သူတို့​နာမည် ရှိနေပြီလား။ ရှိနေပါပြီ။ ဖိလိပ္ပိ​မြို့က “လုပ်ဖော်ဆောင်ဖက်တွေ” ဆီ တမန်တော် ပေါလု ရေးတဲ့ စာ​အရ ယေရှုနဲ့​အတူ တွဲဖက်​အုပ်ချုပ်​ဖို့ ဖိတ်ခေါ်​ခံရတဲ့ ဘိသိက်ခံတွေဟာ အသက်စာစောင်​မှာ နာမည် ရေးမှတ်​ခံရတယ်။ (ဖိလိပ္ပိ ၄:၃ ကို ဖတ်ပါ။) ဒါပေမဲ့ နာမည် ဆက်ရှိနေဖို့ဆိုရင် ဆက်သစ္စာ​ရှိရမယ်။ သူတို့ မသေဆုံးခင် ဒါမှမဟုတ် ကြီးစွာသောဒုက္ခ မစခင် နောက်ဆုံး တံဆိပ်ခတ်ခံရချိန်မှာ အသက်စာစောင်​ထဲ နာမည် အပြီး ရေးမှတ်​ခံရ​မယ်။—ဗျာ. ၇:၃

၇။ ဗျာဒိတ် ၇:၁၆၊ ၁၇ အရ တခြားသိုးအဝင် လူအုပ်ကြီး ဘယ်အချိန်မှာ အသက်စာစောင်​ထဲ နာမည် အပြီး ရေးမှတ်ခံရမလဲ။

ဒုတိယ​အုပ်စု​က တခြားသိုးအဝင် လူအုပ်ကြီး။ အသက်စာစောင်​မှာ သူတို့​နာမည် ရှိနေပြီလား။ ရှိနေပါပြီ။ အာမဂေဒုန်ကနေ လွတ်မြောက်ပြီး​နောက်မှာ​ကော နာမည် ဆက်ရှိနေမလား။ ရှိနေ​ပါမယ်။ (ဗျာ. ၇:၁၄) အဲဒီ​သိုးလို​လူတွေ “ထာဝရ​အသက် ရလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မ. ၂၅:၄၆) ဒါပေမဲ့ အာမဂေဒုန်ကနေ လွတ်မြောက်လာသူတွေ ထာဝရ​အသက် ချက်ချင်း မရဘူး။ အသက်စာစောင်​မှာ သူတို့​နာမည်​ဟာ ခဲတံ​နဲ့ ရေးမှတ်​ထားတဲ့​အတိုင်း ဆက်ရှိနေမယ်။ အနှစ်တစ်ထောင် အုပ်ချုပ်မှု​အတွင်း ယေရှု​က “သူတို့ကို ထိန်းကျောင်းပြီး အသက်​စမ်းရေ​ဆီ ပို့ဆောင်ပေး” မယ်။ ခရစ်တော်ရဲ့ လမ်းပြမှုနောက် လိုက်သူတွေ၊ ယေဟောဝါအပေါ် သစ္စာရှိသူ​တွေ​အဖြစ် နောက်ဆုံး တရားစီရင်​ခံရသူ​တွေ​ဟာ အသက်စာစောင်​မှာ နာမည် အပြီး ရေးမှတ်​ခံရ​မယ်။ဗျာဒိတ် ၇:၁၆၊ ၁၇ ကို ဖတ်ပါ။

၈။ အသက်စာစောင်​မှာ နာမည် မပါတဲ့​သူ​တွေ​က ဘယ်သူတွေလဲ။ သူတို့ ဘာဖြစ်မလဲ။

တတိယ​အုပ်စု​က အာမဂေဒုန်မှာ ဖျက်ဆီး​ခံရမယ့် ဆိတ်လို​လူတွေ။ အသက်စာစောင်​မှာ သူတို့​နာမည် မပါဘူး။ ‘သူတို့ ထာဝရ ဖျက်ဆီး​ခံရ​လိမ့်မယ်’ လို့ ယေရှု ပြောတယ်။ (မ. ၂၅:၄၆) ‘သူတို့ဟာ ထာဝရ ပျက်စီးခြင်း ပြစ်ဒဏ်​စီရင်ချက်​ကို ခံရ​မယ်’ လို့ ပေါလု​လည်း ပြောတယ်။ (၂ သက်. ၁:၉။ ၂ ပေ. ၂:၉) သမိုင်း​တစ်လျှောက် သန့်ရှင်းသော စွမ်းအားတော်​ကို တမင်တကာ ပြစ်မှားခဲ့သူ​အားလုံးလည်း ထာဝရ ဖျက်ဆီးခံရမယ်။ ထာဝရ​အသက် မရဘူး။ မထမြောက်ဘူး။ (မ. ၁၂:၃၂။ မာ. ၃:၂၈၊ ၂၉။ ဟီ. ၆:၄-၆) မြေကြီးပေါ် ထမြောက်လာမယ့် အုပ်စု​နှစ်စု​အကြောင်း ဆက်လေ့လာကြစို့။

ထမြောက်လာမယ့်​သူ​တွေ

၉။ တမန်တော် ၂၄:၁၅ အရ ဘယ်အုပ်စု​နှစ်စု မြေကြီးပေါ် ထမြောက်လာမလဲ။ ဘာကွာသလဲ။

မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ ထမြောက်လာမယ့် အုပ်စု​နှစ်စု​အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ‘ဖြောင့်မတ်သူတွေ’ နဲ့ “မ​ဖြောင့်မတ်သူတွေ။” (တမန်တော် ၂၄:၁၅ ကို ဖတ်ပါ။) “ဖြောင့်မတ်သူ” ဆိုတာ အသက်ရှင်စဉ် ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခဲ့သူတွေ ဖြစ်တယ်။ “မ​ဖြောင့်မတ်သူ” ဆိုတာ ယေဟောဝါကို ဝတ်မပြုခဲ့သူတွေ ဖြစ်တယ်။ သူတို့​အများစု​ရဲ့ အကျင့်​အကြံ​တွေ​ဟာ မဖြောင့်မတ်ဘူး။ နှစ်​အုပ်စု​စ​လုံး ထမြောက်လာမယ်ဆိုတော့ အသက်စာစောင်​မှာ သူတို့​နာမည် ရှိနေလို့​လား။ အဖြေ သိဖို့ တစ်အုပ်စုချင်းစီအကြောင်း သုံးသပ်ကြရအောင်။

၁၀။ ‘ဖြောင့်မတ်သူတွေ’ ဘာကြောင့် ထမြောက်လာမလဲ။ တချို့ ဘာအခွင့်အရေး ရမလဲ။ (မြေကြီးပေါ် ထမြောက်ခြင်း​နဲ့ပတ်သက်ပြီး ဒီဆောင်းပါးမှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုလည်း ကြည့်ပါ။)

၁၀ စတုတ္ထ​အုပ်စု​က ‘ဖြောင့်မတ်သူတွေ။’ သူတို့ မသေဆုံးခင် အသက်စာစောင်​မှာ နာမည် ရေးမှတ်ခံထားရတယ်။ သေဆုံးချိန်မှာ အသက်စာစောင်​ကနေ နာမည် အဖျက်​ခံရ​သ​လား။ မခံရပါဘူး။ ယေဟောဝါရဲ့ မှတ်ဉာဏ်​မှာ သူတို့ “အသက်ရှင်” နေတုန်းပဲ။ ယေဟောဝါဟာ “သေလွန်သူတွေ​ရဲ့​ဘုရား မဟုတ်ဘူး။ အသက်ရှင်သူတွေရဲ့ ဘုရား​ပဲ။ ဘုရားသခင်ရဲ့​အမြင်မှာ သူတို့အားလုံး အသက်ရှင်နေတယ်။” (လု. ၂၀:၃၈) ဖြောင့်မတ်သူတွေ မြေကြီးပေါ် ထမြောက်​လာတဲ့အခါ အသက်စာစောင်​မှာ သူတို့​နာမည်​ဟာ “ခဲတံ” နဲ့ ရေးမှတ်​ထားတဲ့​အတိုင်း ရှိနေမယ်။ (လု. ၁၄:၁၄) သူတို့ထဲက တချို့ဟာ “ကမ္ဘာမြေ​တစ်ခွင်​မှာ မင်းညီမင်းသားတွေအဖြစ်” အမှုဆောင်ခွင့် ရကြမယ်။—ဆာ. ၄၅:၁၆

၁၁။ “မ​ဖြောင့်မတ်သူတွေ” အသက်စာစောင်​မှာ နာမည် ရေးမှတ်​ခံရ​ဖို့ ဘာသင်ယူရမလဲ။

၁၁ ပဉ္စမ​အုပ်စု​က “မ​ဖြောင့်မတ်သူတွေ။” ယေဟောဝါရဲ့ တောင်းဆိုချက်တွေကို မသိလို့ ဖြောင့်ဖြောင့်မတ်မတ် မ​နေထိုင်ခဲ့သူ​တွေ ဖြစ်တယ်။ အသက်စာစောင်​မှာ သူတို့​နာမည် ရှိမနေဘူး။ ဒါပေမဲ့ သူတို့ကို ထမြောက်​ပေးခြင်းအားဖြင့် အသက်စာစောင်​မှာ စာရင်းဝင်ဖို့ ဘုရား အခွင့်အရေး ပေးမယ်။ ဒီ “မ​ဖြောင့်မတ်သူတွေ” အကူအညီ အများကြီး လို​ကြလိမ့်မယ်။ တချို့က မသေဆုံးခင် ဆိုးညစ်တဲ့ အကျင့်​တွေ ကျင့်ခဲ့ကြတယ်။ ဒါကြောင့် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း နေထိုင်တတ်ဖို့ သင်ယူ​ကြရမယ်။ သူတို့ကို သင်ပေးဖို့ လူ့​သမိုင်း​မှာ အကြီးကျယ်ဆုံး ပညာပေး အစီအစဉ်ကို ဘုရား​နိုင်ငံတော်​က စီစဉ်ပေးမယ်။

၁၂။ (က) မ​ဖြောင့်မတ်သူတွေကို ဘယ်သူတွေ သင်ပေးမလဲ။ (ခ) သင်ပေးတာကို လက်မခံ​တဲ့သူ​တွေ ဘာဖြစ်သွားမလဲ။

၁၂ မ​ဖြောင့်မတ်သူတွေကို ဘယ်သူတွေ သင်ပေးမလဲ။ လူအုပ်ကြီးနဲ့ ပြန်ထမြောက်လာ​တဲ့ ဖြောင့်မတ်သူတွေ​ပါ။ အသက်စာစောင်​မှာ နာမည် ရေးမှတ်​ခံရ​ဖို့ မ​ဖြောင့်မတ်သူတွေဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်​အပ်နှံ​ရမယ်။ သင်ပေးတာကို မ​ဖြောင့်မတ်သူတွေ ဘယ်လို တုံ့ပြန်သလဲ​ဆိုတာ ယေရှုခရစ်နဲ့ ဘိသိက်ခံ​တွေ ဂရုတစိုက် စောင့်ကြည့်ပါလိမ့်မယ်။ (ဗျာ. ၂၀:၄) အကူအညီ လက်မခံသူ​တွေ​ဟာ အသက် ၁၀၀ ရှိနေရင်တောင် ဖျက်ဆီးခံရမယ်။ (ဟေရှာ. ၆၅:၂၀) လူ့​အတွင်းစိတ်​ကို ယေဟောဝါနဲ့ ယေရှု မြင်နိုင်​တယ်။ ကမ္ဘာသစ်​မှာ အဖျက်အမှောင့် လုပ်မယ့် ဘယ်သူ့ကိုမှ ရှိခွင့် ပြုမှာ မဟုတ်ဘူး။—ဟေရှာ. ၁၁:၉။ ၆၀:၁၈။ ၆၅:၂၅။ ယော. ၂:၂၅

အသက်ရှင်ဖို့ ထမြောက်ခြင်း၊ တရားစီရင်​ခံရ​ဖို့ ထမြောက်ခြင်း

၁၃-၁၄။ (က) ယောဟန် ၅:၂၉ မှာ ပါတဲ့ ယေရှု​စကားတွေကို အရင်က ဘယ်လို နားလည်ခဲ့​ကြသလဲ။ (ခ) ဒီစကားတွေနဲ့ပတ်သက်ပြီး ဘာကို သတိပြု​ဖို့ လိုသလဲ။

၁၃ မြေကြီးပေါ် အသက်ရှင်ဖို့ ထမြောက်မယ့်သူတွေအကြောင်း ယေရှုလည်း ပြောတယ်။ “သင်္ချိုင်းဂူ​တွေ​မှာ ရှိနေ​သူ​အားလုံး သားတော်ရဲ့​အသံကို ကြားပြီး ထွက်လာမယ့်အချိန် ရောက်လာတော့မယ်။ ကောင်းတဲ့​အကျင့်​ကို ကျင့်​သူ​တွေ အသက်ရှင်ဖို့ ထမြောက်လာလိမ့်မယ်။ ဆိုးညစ်တဲ့​အကျင့်​ကို ကျင့်သူတွေကတော့ တရားစီရင်​ခံရ​ဖို့ ထမြောက်လာလိမ့်မယ်” လို့ ပြောတယ်။ (ယော. ၅:၂၈၊ ၂၉) ဘာအဓိပ္ပာယ်လဲ။

၁၄ ထမြောက်​ပြီးနောက် ကျင့်​တဲ့ အကျင့်တွေကို ယေရှု ဆိုလို​နေ​တယ်၊ ထမြောက်လာသူတချို့ ကောင်းတဲ့​အကျင့် ကျင့်​မယ်၊ တချို့ ဆိုးညစ်တဲ့​အကျင့် ကျင့်​မယ်​လို့ အရင်က နားလည်ခဲ့ကြတယ်။ ဒါပေမဲ့ သင်္ချိုင်းဂူ​ကနေ ထွက်လာ​သူ​တွေ ကောင်းတဲ့​အကျင့် ကျင့်ကြလိမ့်မယ်၊ ဆိုးညစ်တဲ့​အကျင့် ကျင့်ကြလိမ့်မယ်​လို့ ယေရှု မပြောတာကို သတိပြု​ပါ။ မူရင်း​ကျမ်း​အရ ‘ကောင်းတဲ့​အကျင့်​ကို ကျင့်ခဲ့သူတွေ၊’ ‘ဆိုးညစ်တဲ့​အကျင့်​ကို ကျင့်ခဲ့သူတွေ’ လို့ ပြောနေတာ။ ဒီတော့ ဒီ​အကျင့်​တွေ​ဟာ မသေဆုံးခင် ကျင့်ခဲ့တဲ့ အကျင့်​တွေ ဖြစ်တယ်။ ဒီလို သဘောပေါက်တာ ယုတ္တိ​ရှိတယ် မဟုတ်လား။ ကမ္ဘာသစ်​မှာ ဘယ်သူမှ ဆိုးညစ်တဲ့​အကျင့် ကျင့်​လို့ ရတော့မှာမှ မဟုတ်တာ။ မ​ဖြောင့်မတ်သူတွေဟာ ဆိုးညစ်တဲ့ အကျင့်တွေကို မသေဆုံးခင် ကျင့်ခဲ့တာပဲ ဖြစ်ရမယ်။ ဒါဆိုရင် ‘အသက်ရှင်ဖို့ ထမြောက်ခြင်း၊’ ‘တရားစီရင်​ခံရ​ဖို့ ထမြောက်ခြင်း’ ဆိုတဲ့ ယေရှုရဲ့ စကားတွေကို ဘယ်လို နားလည်ရမလဲ။

၁၅။ ဘယ်သူတွေ “အသက်ရှင်ဖို့ ထမြောက်လာ” မလဲ။ ဘာကြောင့်လဲ။

၁၅ မသေဆုံးခင် ကောင်းတဲ့​အကျင့် ကျင့်ခဲ့တဲ့ ဖြောင့်မတ်သူတွေဟာ “အသက်ရှင်ဖို့ ထမြောက်လာလိမ့်မယ်။” အသက်စာစောင်​မှာ သူတို့​နာမည် ရှိနှင့်ပြီးသား ဖြစ်လို့ပဲ။ ယောဟန် ၅:၂၉ မှာ ပါတဲ့ “ကောင်းတဲ့​အကျင့်​ကို ကျင့်​သူ​တွေ” ရဲ့ ထမြောက်ခြင်း​ဟာ တမန်တော် ၂၄:၁၅ မှာ ပါတဲ့ ‘ဖြောင့်မတ်သူတွေ’ ရဲ့ ထမြောက်ခြင်း​နဲ့ အတူတူပဲ။ ဒီနားလည်မှုဟာ ရောမ ၆:၇ ပါ ဖော်ပြချက်​နဲ့ ကိုက်ညီတယ်။ “လူတစ်ယောက် သေဆုံးပြီဆိုရင် အပြစ်ရဲ့ လက်အောက်ကနေ လွတ်မြောက်​သွားပြီ။” ဖြောင့်မတ်သူတွေ သေဆုံးသွားတဲ့အခါ သူတို့ လုပ်ခဲ့တဲ့ အပြစ်တွေ ဖြေလွှတ်​ခံရတယ်။ သစ္စာရှိမှု မှတ်တမ်းကတော့ ဒီအတိုင်း ဆက်ရှိနေတယ်။ (ဟီ. ၆:၁၀) ဒါပေမဲ့ ထမြောက်​ပြီးနောက် အသက်စာစောင်​မှာ သူတို့​နာမည် ဆက်ရှိနေဖို့ ဆက်သစ္စာ​ရှိနေရမယ်။

၁၆။ ‘တရားစီရင်​ခံရ​ဖို့ ထမြောက်ခြင်း’ ဆိုတာ ဘာလဲ။

၁၆ မသေဆုံးခင် ဆိုးညစ်တဲ့​အကျင့် ကျင့်ခဲ့သူတွေကော။ သေဆုံးချိန်မှာ အပြစ် ဖြေလွှတ်ခံရပြီ ဆိုပေမဲ့ သူတို့မှာ သစ္စာရှိမှု မှတ်တမ်း​ဆိုတာ မရှိခဲ့ဘူး။ အသက်စာစောင်​မှာ သူတို့​နာမည် ရှိမနေဘူး။ ဒါကြောင့် “ဆိုးညစ်တဲ့​အကျင့်​ကို ကျင့်​သူ​တွေ” ရဲ့ ထမြောက်ခြင်း​ဟာ တမန်တော် ၂၄:၁၅ မှာ ပါတဲ့ “မ​ဖြောင့်မတ်သူတွေ” ရဲ့ ထမြောက်ခြင်း​နဲ့ အတူတူပဲ။ ‘တရားစီရင်​ခံရ​ဖို့ ထမြောက်ခြင်း’ ဖြစ်တယ်။ * သူတို့ကို ယေရှု စောင့်ကြည့်မယ့် သဘော​ပါ။ (လု. ၂၂:၃၀) အသက်စာစောင်​မှာ နာမည် ရေးမှတ်​ခံထိုက်​သူ ဟုတ်မဟုတ် စီရင်​ဖို့ အချိန်​လိုတယ်။ ဆိုးညစ်တဲ့ ဘဝ​လမ်းစဉ်ဟောင်းကို စွန့်လွှတ်ပြီး ယေဟောဝါဆီ ဆက်ကပ်​အပ်နှံ​မှ အသက်စာစောင်​မှာ နာမည် ရေးမှတ်​ခံရ​မယ်။

၁၇-၁၈။ မြေကြီးပေါ် အသက်ရှင်ဖို့ ထမြောက်လာသူ​အားလုံး ဘာလုပ်ရမလဲ။ ဗျာဒိတ် ၂၀:၁၂၊ ၁၃ မှာ ပါတဲ့ “အကျင့်​တွေ” က ဘာလဲ။

၁၇ အရင်က ဖြောင့်မတ်သူ ဖြစ်ခဲ့သည်ဖြစ်စေ၊ မ​ဖြောင့်မတ်သူ ဖြစ်ခဲ့သည်ဖြစ်စေ ထမြောက်လာသူတွေဟာ အနှစ် ၁၀၀၀ အတွင်း ဖွင့်ထားမယ့် စာလိပ်​အသစ်တွေ​ထဲက ပညတ်တွေကို လိုက်နာရမယ်။ “ရာဇ​ပလ္လင်​ရှေ့မှာ သေလွန်သူ လူကြီးလူငယ်တွေ ရပ်နေ​တာကို ကျွန်တော် မြင်တယ်။ စာလိပ်​တွေ​ကို ဖွင့်ထား​တယ်။ တခြား​စာလိပ်​တစ်ခုကိုလည်း ဖွင့်ထားသေးတယ်။ အဲဒါ အသက်​စာလိပ်​ပဲ။ သေလွန်သူတွေ​ဟာ စာလိပ်​တွေ​မှာ ရေးထားတဲ့ စကားတွေနဲ့​အညီ သူတို့ရဲ့ အကျင့်​တွေ​အတိုင်း တရားစီရင်​ခံရတယ်” ဆိုပြီး စိတ်​အာရုံမှာ တမန်တော် ယောဟန် မြင်ရ​တယ်။—ဗျာ. ၂၀:၁၂၊ ၁၃

၁၈ ဘယ် “အကျင့်​တွေ” အတိုင်း ထမြောက်လာသူတွေ တရားစီရင်​ခံရ​မလဲ။ မသေဆုံးခင် ကျင့်ခဲ့တဲ့ အကျင့်​တွေ​အတိုင်း​လား။ မဟုတ်ပါဘူး။ သေဆုံးချိန်မှာ အရင်က အပြစ်တွေ​ရဲ့ လက်အောက်ကနေ လွတ်မြောက်​သွားပြီ​ဆိုတာ သတိရပါ။ ဒါကြောင့် မသေဆုံးခင် ကျင့်​တဲ့ အကျင့်တွေကို ပြောနေတာ မဖြစ်နိုင်ဘူး။ ကမ္ဘာသစ်​မှာ လေ့ကျင့်​သွန်သင်​ပေးတာကို သူတို့ ဘယ်လို တုံ့ပြန်၊ ကျင့်ကြံ​မလဲ​ဆိုတာကို ဆိုလိုတာ​ပါ။ ကမ္ဘာသစ်​မှာ နောဧ၊ ရှမွေလ၊ ဒါဝိဒ်၊ ဒံယေလ​တို့​လို သစ္စာရှိသူ​တွေ​တောင် ယေရှုခရစ်​အကြောင်း သင်ယူပြီး ရွေးဖိုး​ကို ယုံကြည်​သက်ဝင်​ကြောင်း ပြဖို့ လိုရင် မ​ဖြောင့်မတ်သူတွေ​ဆိုရင် ပိုလို့တောင် လိုတာ​ပေါ့။

၁၉။ အခွင့်ထူး​ကို ငြင်းပယ်သူတွေ ဘာဖြစ်သွားမလဲ။

၁၉ ဒီ​အခွင့်ထူး​ကို ငြင်းပယ်သူတွေ ဘာဖြစ်သွားမလဲ။ ‘အသက်စာစောင်​မှာ စာရင်း​မဝင်​သူ​အားလုံး မီးအိုင်ထဲ ပစ်ချ​ခံရတယ်’ လို့ ဗျာဒိတ် ၂၀:၁၅ မှာ ဖော်ပြထားတယ်။ ဒါကြောင့် သူတို့ ထာဝရ ဖျက်ဆီးခံရမယ်။ အသက်စာစောင်​မှာ ကိုယ့်​နာမည် ရှိနေဖို့၊ ဆက်ရှိနေဖို့ သိပ်ကို အရေးကြီးပါတယ်။

အနှစ်တစ်ထောင်​အတွင်း ကြီးကျယ်​တဲ့ ပညာပေး အစီအစဉ်မှာ ညီအစ်ကို တစ်ယောက် ပါဝင်​နေ (စာပိုဒ် ၂၀ ကို ကြည့်ပါ)

၂၀။ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း စိတ်​လှုပ်ရှား​စ​ရာ ဘယ်​အစီအစဉ် ရှိမလဲ။ (မျက်နှာဖုံးပုံ​ကို ကြည့်ပါ။)

၂၀ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်​ဟာ တကယ့်ကို စိတ်​လှုပ်ရှား​စ​ရာ​အချိန် ဖြစ်ပါလိမ့်မယ်။ လူ့​သမိုင်း​တစ်လျှောက် မြေကြီးပေါ် အကြီးကျယ်ဆုံး ပညာပေး အစီအစဉ် ရှိမယ်။ ဖြောင့်မတ်သူတွေ​ရော မ​ဖြောင့်မတ်သူတွေ​ပါ စောင့်ကြည့်​ခံရမယ့်​အချိန်​လည်း ဖြစ်တယ်။ (ဟေရှာ. ၂၆:၉။ တ. ၁၇:၃၁) ဒီ​ပညာပေး အစီအစဉ်ဟာ ဘယ်လိုမျိုးလဲ။ ဒီအစီအစဉ်ကို နားလည်ဖို့၊ တန်ဖိုးထားတတ်ဖို့ နောက်ဆောင်းပါး​က ကူညီပေးပါမယ်။

သီချင်း  ၁၄၇ ထာဝရအသက် ကတိတော်

^ ယောဟန် ၅:၂၈၊ ၂၉ မှာ ပါတဲ့ ‘အသက်ရှင်ဖို့ ထမြောက်ခြင်း၊’ ‘တရားစီရင်​ခံရ​ဖို့ ထမြောက်ခြင်း’ အကြောင်း ယေရှု​စကားတွေနဲ့ပတ်သက်ပြီး ဒီဆောင်းပါးမှာ နားလည်မှု ပြုပြင်​ပြောင်းလဲ​ထားပါတယ်။ အဲဒီထမြောက်ခြင်း နှစ်မျိုး​က ဘာလဲ၊ ဘယ်သူတွေ ထမြောက်မလဲဆိုတာ သိရပါမယ်။

^ “လူ့​လောက အစပြုချိန်” က​စပြီး ဒီ​စာစောင်​ကို ရေးသား​နေတာ။ လူ့​လောက​ဆိုတာ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာ​ကနေ အကျိုး​ခံစားခွင့် ရှိသူတွေကို ဆိုလိုတယ်။ (မ. ၂၅:၃၄။ ဗျာ. ၁၇:၈) ဒါကြောင့် ဖြောင့်မတ်သူ အာဗေလဟာ အသက်စာစောင်​မှာ ဦးဆုံး နာမည် ရေးမှတ်​ခံရသူ ဖြစ်နိုင်တယ်။

^ “တရားစီရင်” ဆိုတဲ့ အသုံးအနှုန်းဟာ အပြစ်ရှိကြောင်း စီရင်ချက် ချတာကို ဆိုလိုတယ်လို့ အရင်က ရှင်းပြခဲ့တယ်။ အဲဒီအဓိပ္ပာယ် ရှိတဲ့​နေရာလည်း ရှိနိုင်​ပါတယ်။ ဒါပေမဲ့ ဒီ​နေရာ​မှာတော့ အကဲဖြတ်​ကာလ၊ စောင့်ကြည့်​ကာလ​ကို ဆိုလိုတယ်။ “လူတစ်ယောက်ရဲ့ အကျင့်​အကြံကို ဆန်းစစ်ခြင်း” လို့ ဂရိ ကျမ်းစာ​အဘိဓာန်​တစ်အုပ်​က ဆိုတယ်။