မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၀

‘လူများစွာကို ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်စေခြင်း’

‘လူများစွာကို ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်စေခြင်း’

“လူ​များစွာ​ကို ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်စေတဲ့သူတွေဟာ ကြယ်တွေ​လို အစဉ်​ထာဝရ ထွန်းလင်း​နေ​လိမ့်မယ်။”—ဒံ. ၁၂:၃

သီချင်း  ၁၅၁ ကိုယ်တော် ခေါ်မယ်

အကြို​သုံးသပ်ချက် *

၁။ အနှစ်တစ်ထောင် အုပ်ချုပ်မှု​အတွင်း စိတ်​လှုပ်ရှား​စ​ရာ ဘယ်​ဖြစ်ရပ်​တွေ ဖြစ်လာမလဲ။

 ခရစ်တော်​ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု​အတွင်း မြေကြီးပေါ် ထမြောက်ခြင်း အစီအစဉ် စတင်​တဲ့​နေ့​ဟာ သိပ်ပျော်စရာ​ကောင်းမှာ​ပဲ။ ချစ်ရတဲ့ သေဆုံး​သွား​သူတွေကို ကျွန်တော်တို့​အားလုံး ပြန်မြင်​ချင်စိတ် ပြင်းပြ​နေ​ကြတယ်။ ယေဟောဝါ​လည်း အဲဒီလို​ပါပဲ။ (ယောဘ ၁၄:၁၅) ချစ်ရသူတွေ ထမြောက်​လာတဲ့အခါ လူတိုင်း ဘယ်လောက် ပျော်နေကြမယ်ဆိုတာ မြင်ယောင်​ကြည့်ပါ။ ရှေ့ဆောင်းပါးမှာ သိရ​တဲ့​အတိုင်း အသက်စာစောင်​မှာ နာမည် ရေးမှတ်​ခံရတဲ့ ‘ဖြောင့်မတ်သူတွေ’ ဟာ “အသက်ရှင်ဖို့ ထမြောက်လာလိမ့်မယ်။” (တ. ၂၄:၁၅။ ယော. ၅:၂၉) ကျွန်တော်တို့ ချစ်ရသူ​များစွာ​ဟာ အာမဂေဒုန်​စစ်ပွဲ​ပြီးနောက် မကြာခင် ထမြောက်လာမယ့်​အုပ်စုမှာ ပါ​နိုင်တယ်။ * ဒါ့အပြင် မသေဆုံးခင်​မှာ ယေဟောဝါကို သိကျွမ်းဖို့၊ သစ္စာရှိရှိ ဝတ်ပြုဖို့ အခွင့်အရေး အလုံအလောက် မရလိုက်တဲ့ “မ​ဖြောင့်မတ်သူတွေ” လည်း “တရားစီရင်​ခံရ​ဖို့ ထမြောက်လာလိမ့်မယ်။”

၂-၃။ (က) ဟေရှာယ ၁၁:၉၊ ၁၀ မှာ ဖော်ပြထားတဲ့ လူ့​သမိုင်း​မှာ အကြီးကျယ်ဆုံး ပညာပေး အစီအစဉ်​က ဘယ်လိုမျိုးလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ထမြောက်လာသူ​အားလုံး သွန်သင်ခံ​ရကြမယ်။ (ဟေရှာ. ၂၆:၉။ ၆၁:၁၁) လူ့​သမိုင်း​မှာ အကြီးကျယ်ဆုံး ပညာပေး အစီအစဉ် ရှိမယ်။ (ဟေရှာယ ၁၁:၉၊ ၁၀ ကို ဖတ်ပါ။) ဘာကြောင့်လဲ။ ထမြောက်လာမယ့် မ​ဖြောင့်မတ်သူတွေဟာ ယေရှုခရစ်၊ နိုင်ငံတော် အစီအစဉ်၊ ရွေးဖိုး၊ ယေဟောဝါ​နာမည်နဲ့ အချုပ်အခြာအာဏာ အရေးကိစ္စ​အကြောင်း သင်ယူဖို့ လိုအပ်​မှာ ဖြစ်လို့ပဲ။ ဖြောင့်မတ်သူတွေ​တောင် ကမ္ဘာမြေ​နဲ့​ပတ်သက်တဲ့ ရည်ရွယ်ချက်ကို ယေဟောဝါ ဘယ်လို အဆင့်ဆင့် ဖော်ပြ​ကြောင်း နောက်ဆုံး အချက်အလက်တွေ သိဖို့ လိုတယ်။ သစ္စာရှိသူ​တချို့ဟာ ကျမ်းစာ ရေးသား​မပြီးစီးခင် သေဆုံး​သွားကြတာ။ မ​ဖြောင့်မတ်သူတွေ​ကော ဖြောင့်မတ်သူတွေ​ပါ သင်ယူစရာ အများကြီး ရှိပါလိမ့်မယ်။

ဒီ​ပညာပေး အစီအစဉ်​က ဘယ်လိုမျိုးလဲ။ အသက်စာစောင်​မှာ နာမည် အပြီး ရေးမှတ်​ခံရ၊ မခံရ​ဆိုတာ​အပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ။ ဒီ​မေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အဖြေကို သိဖို့ သိပ်အရေးကြီးတယ်။ ဒံယေလ​ကျမ်းနဲ့ ဗျာဒိတ်​ကျမ်းမှာ ပါတဲ့ စိတ်ဝင်စားစရာ ပရောဖက်ပြုချက်​တချို့က လူသေတွေ ထမြောက်​လာတဲ့အခါ ဘာဖြစ်မလဲ​ဆိုတာကို နားလည်စေ​ပါလိမ့်မယ်။ ဒံယေလ ၁၂:၁၊ ၂ မှာ ပါတဲ့ ပရောဖက်ပြုချက်​ထဲက စိတ်​လှုပ်ရှား​စ​ရာ ဖြစ်ရပ်တွေကို အရင်ဆုံး သုံးသပ်ကြစို့။

‘မြေကြီး​ထဲ​မှာ အိပ်ပျော်နေသူ​တွေ နိုးထ​လာမယ်’

၄-၅။ အဆုံးပိုင်းကာလ​အကြောင်း ဒံယေလ ၁၂:၁ မှာ ဘာဖော်ပြထားသလဲ။

ဒံယေလ ၁၂:၁ ကို ဖတ်ပါ။ အဆုံးပိုင်း​ကာလအတွင်း အစဉ်လိုက် ဖြစ်ပျက်မယ့် စိတ်​လှုပ်ရှား​စ​ရာ ဖြစ်ရပ်တွေကို ဒံယေလ​ကျမ်းမှာ ဖော်ပြထားတယ်။ ဥပမာ၊ မိက္ခေလ ယေရှုခရစ်ဟာ “[ဘုရား] ရဲ့ လူမျိုး​အတွက် ရပ်တည်ပေးနေ” တယ်လို့ ဒံယေလ ၁၂:၁ မှာ ဖော်ပြတယ်။ ဘုရားသခင့် ကောင်းကင် နိုင်ငံတော်​မှာ ဘုရင်အဖြစ် ယေရှု ခန့်အပ်ခံရတဲ့ ၁၉၁၄ မှာ ပရောဖက်ပြုချက် အဲဒီအပိုင်း စ​ပြည့်စုံလာတယ်။

ဒါပေမဲ့ “လူမျိုးတစ်မျိုး စတင်​ဖြစ်လာချိန်ကနေ အဲဒီအချိန်အထိ တစ်ခါမှ မဖြစ်ဖူးတဲ့ ဒုက္ခ​ကာလ” အတွင်းမှာ​လည်း ယေရှု “ပေါ်လာ” ဦးမယ်၊ တစ်နည်းအားဖြင့် ရပ်တည်ပေး​ဦးမယ်​လို့ ပြောထားတယ်။ အဲဒီ “ဒုက္ခ​ကာလ” ဟာ မဿဲ ၂၄:၂၁ မှာ ပါတဲ့ “ကြီးစွာသောဒုက္ခ” နဲ့ အတူတူပဲ။ ဒုက္ခ​ကာလ​အဆုံး၊ အာမဂေဒုန်မှာ ဘုရား​လူမျိုး​အတွက် ယေရှု ရပ်တည်​ကာကွယ်​မယ်။ ကာကွယ်​ခံရမယ့် အဲဒီ​အုပ်စုကို ဗျာဒိတ်​ကျမ်းမှာ “ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာသူ” “လူအုပ်ကြီး” လို့ ခေါ်ထား​တယ်။—ဗျာ. ၇:၉၊ ၁၄

၆။ ကြီးစွာသောဒုက္ခကနေ လူအုပ်ကြီး လွတ်မြောက်​လာပြီး​ရင် ဘာဖြစ်မလဲ။ ရှင်းပြပါ။ (မြေကြီး ထမြောက်ခြင်း​နဲ့ပတ်သက်ပြီး ဒီစာစောင်မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုလည်း ကြည့်ပါ။)

ဒံယေလ ၁၂:၂ ကို ဖတ်ပါ။ ဒုက္ခ​ကာလ​ကနေ လူအုပ်ကြီး လွတ်မြောက်​လာပြီး​ရင် ဘာဖြစ်မလဲ။ ဒီ​ပရောဖက်ပြုချက်​ဟာ ကောင်းကင် ထမြောက်ခြင်း​အကြောင်း ဒါမှမဟုတ် ၁၉၁၈ မှာ ဆန့်ကျင်သူတွေကြောင့် ဟောပြောခြင်း​လုပ်ငန်း ရပ်တန့်မလို ဖြစ်ရာကနေ ပြန်လှုပ်ရှားလာခြင်းအကြောင်း ပြောနေတာ​လို့ အရင်က နားလည်ခဲ့တယ်။ * တကယ်တော့ ကမ္ဘာသစ်​မှာ လူသေတွေ ထမြောက်လာခြင်းအကြောင်း ပြောနေတာ။ ဘာကြောင့် အဲဒီလို ပြော​နိုင်သလဲ။ ဒံယေလ ၁၂:၂ မှာ သုံးထားတဲ့ “မြေကြီး” အတွက် မူရင်း​စကားလုံးကို ယောဘ ၁၇:၁၆ မှာ “မြေမှုန့်” လို့ သုံးထားတယ်။ ယောဘ ၁၇:၁၆ မှာ သုံးထားတဲ့ “မြေမှုန့်” နဲ့ “သင်္ချိုင်း” ဟာ အသုံးအနှုန်း အတူတူပဲ ဖြစ်လို့ ဒံယေလ ၁၂:၂ မှာ သုံးထားတဲ့ “မြေကြီး” ဟာ​လည်း သင်္ချိုင်းကို ဆိုလိုတာ ဖြစ်ရမယ်။ ဒါကြောင့် ဒံယေလ ၁၂:၂ ဟာ နောက်ဆုံး​ကာလ အဆုံးတိုင်​ပြီးနောက်၊ အာမဂေဒုန်​စစ်ပွဲ​ပြီးနောက် ဖြစ်မယ့် မြေကြီးပေါ်က ပကတိ ထမြောက်ခြင်း​အကြောင်း ပြောနေတာ ဖြစ်တယ်။

၇။ (က) လူ​တချို့ ဘယ်လိုနည်းနဲ့ “ထာဝရ အသက်ရှင်ဖို့” ထမြောက်လာမလဲ။ (ခ) ဘာကြောင့် “ပိုမြတ်တဲ့ ရှင်ပြန်ထမြောက်ခြင်း” ဖြစ်သလဲ။

ဒါဆိုရင် လူ​တချို့ “ထာဝရ အသက်ရှင်ဖို့” ထမြောက်လာမယ်​လို့ ဒံယေလ ၁၂:၂ မှာ ဖော်ပြ​ထားတာ ဘာအဓိပ္ပာယ်လဲ။ အနှစ် ၁၀၀၀ အတွင်း ထမြောက်​လာပြီး ယေဟောဝါနဲ့ ယေရှုကို သိကျွမ်းလာသူ၊ ဆက်သိကျွမ်းနေသူ၊ နာခံ​သူ​တွေ နောက်ဆုံး​မှာ ထာဝရ​အသက် ရမယ်ဆိုတဲ့ အဓိပ္ပာယ်​ပါ။ (ယော. ၁၇:၃) ဒါဟာ အတိတ်က ထမြောက်ခြင်း​တွေ​ထက် “ပိုမြတ်တဲ့ ရှင်ပြန်ထမြောက်ခြင်း” ဖြစ်တယ်။ (ဟီ. ၁၁:၃၅) ဘာကြောင့်လဲ။ အတိတ်က ထမြောက်ခဲ့သူတွေဟာ နောက်တစ်ကြိမ် သေသွားကြရလို့ပဲ။

၈။ လူ​တချို့ ဘယ်လိုနည်းနဲ့ “ကဲ့ရဲ့​ရှုတ်ချ​ခံရ​ဖို့၊ ထာဝရ အထင်သေး​ရွံရှာ​ခံရ​ဖို့” ထမြောက်လာမလဲ။

ဒါပေမဲ့ ထမြောက်လာသူတိုင်း ယေဟောဝါရဲ့ ပညာပေး အစီအစဉ်ကို လက်ခံ​မှာ မဟုတ်ဘူး။ “တချို့က ကဲ့ရဲ့​ရှုတ်ချ​ခံရ​ဖို့၊ ထာဝရ အထင်သေး​ရွံရှာ​ခံရ​ဖို့ နိုးထ​လာမယ်” လို့ ဒံယေလ ပရောဖက်ပြုချက်မှာ ဖော်ပြထားတယ်။ ပုန်ကန်​တဲ့ သဘောထား ရှိနေလို့ အသက်စာစောင်​မှာ သူတို့​နာမည် ရေးမှတ်​ခံရ​မှာ မဟုတ်ဘူး။ ထာဝရ​အသက် ရမှာ မဟုတ်ဘူး။ “ထာဝရ အထင်သေး​ရွံရှာ​ခံရ” မယ်။ ထာဝရ ဖျက်ဆီးခံရမယ်။ ဒါကြောင့် ဒံယေလ ၁၂:၂ ဟာ ထမြောက်လာ​ပြီးနောက် ကျင့်​တဲ့ အကျင့်တွေပေါ် မူတည်ပြီး ဘာဖြစ်ကြမလဲဆိုတာကို ပြောနေတာပါ။ * (ဗျာ. ၂၀:၁၂) တချို့ ထာဝရ​အသက် ရမယ်။ တချို့ မရဘူး။

“လူ​များစွာ​ကို ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်စေတဲ့သူတွေ”

၉-၁၀။ ကြီးစွာသောဒုက္ခ​ပြီးနောက် ဘာဖြစ်​ဦး​မလဲ။ ဘယ်သူတွေ “ကောင်းကင်​ဟင်းလင်းပြင်​လို ထွန်းလင်း​တောက်ပ​နေ” မလဲ။

ဒံယေလ ၁၂:၃ ကို ဖတ်ပါ။ “ဒုက္ခ​ကာလ” ပြီးနောက် ဘာဖြစ်​ဦး​မလဲ။ ကြီးစွာသောဒုက္ခ​ပြီးနောက် ဘာဖြစ်​မယ်​ဆိုတာကို ဒံယေလ ၁၂:၂ အပြင် အခန်းငယ် ၃ မှာ​လည်း ဖော်ပြထားတယ်။

၁၀ ဘယ်သူတွေ “ကောင်းကင်​ဟင်းလင်းပြင်​လို ထွန်းလင်း​တောက်ပ​နေ” မလဲ။ မဿဲ ၁၃:၄၃ မှာ ပါတဲ့ ယေရှုရဲ့ စကား​မှာ သဲလွန်စ တွေ့ရတယ်။ “အဲဒီအချိန်မှာ ဖြောင့်မတ်သူတွေဟာ အဖ​ဘုရားရဲ့ နိုင်ငံမှာ နေ​လို ထွန်းလင်း​ကြလိမ့်မယ်။” ရှေ့နောက်စကားကို ကြည့်ရင် ကောင်းကင် နိုင်ငံတော်​မှာ မိမိ​နဲ့​အတူ တွဲဖက်​အုပ်ချုပ်မယ့် ဘိသိက်ခံ ညီတွေ၊ “နိုင်ငံတော်သားတွေ” အကြောင်း ယေရှု ပြောနေတာ။ (မ. ၁၃:၃၈) ဒါကြောင့် ဒံယေလ ၁၂:၃ ကလည်း ဘိသိက်ခံ​တွေ​အကြောင်း၊ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း သူတို့ ဘာလုပ်မယ့်အကြောင်း ဖော်ပြ​နေတာ ဖြစ်ရမယ်။

၁၄၄,၀၀၀ က ယေရှုခရစ်နဲ့​အတူ တွဲပြီး အနှစ် ၁၀၀၀ အတွင်း ပညာပေး အစီအစဉ်ကို ညွှန်ကြား​မယ် (စာပိုဒ် ၁၁ ကို ကြည့်ပါ)

၁၁-၁၂။ အနှစ် ၁၀၀၀ အတွင်း ၁၄၄,၀၀၀ ဘာလုပ်မလဲ။

၁၁ ဘိသိက်ခံ​တွေ​က ဘယ်လိုနည်းနဲ့ “လူ​များစွာ​ကို ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်စေ” မလဲ။ ဘိသိက်ခံ​တွေ​က ယေရှုခရစ်နဲ့​အတူ တွဲပြီး အနှစ် ၁၀၀၀ အတွင်း မြေကြီးပေါ်က ပညာပေး အစီအစဉ်ကို ညွှန်ကြား​မယ်။ ၁၄၄,၀၀၀ ဟာ ဘုရင်တွေ​အဖြစ်​သာမက ပုရောဟိတ်တွေအဖြစ်ပါ အမှုဆောင်ကြမယ်။ (ဗျာ. ၁:၆။ ၅:၁၀။ ၂၀:၆) “လူမျိုးတွေကို အနာ​ရောဂါ ပျောက်ကင်းစေ” မယ်။ တဖြည်းဖြည်း ပြန်စုံလင်လာစေမယ်။ (ဗျာ. ၂၂:၁၊ ၂။ ယေဇ. ၄၇:၁၂) အဲဒီလို လုပ်ပေး​ရမှာ​ကို ဘိသိက်ခံ​တွေ သိပ်ပျော်ကြမယ်။

၁၂ ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်မယ့် “လူ​များစွာ” ထဲ​မှာ ဘယ်သူတွေ ပါ​မလဲ။ ထမြောက်လာသူတွေ၊ အာမဂေဒုန်ကနေ လွတ်မြောက်လာသူတွေ၊ ကမ္ဘာသစ်​မှာ မွေးလာမယ့် ကလေးတွေ ပါမယ်။ အနှစ် ၁၀၀၀ အကုန်မှာ ကမ္ဘာမြေပေါ် အသက်ရှင်သူတိုင်း စုံလင်နေကြမယ်။ ဘယ်အချိန်ကျရင် အသက်စာစောင်​မှာ သူတို့​နာမည်ကို ခဲတံ​နဲ့ မဟုတ်ဘဲ မင်နဲ့ အပြီး ရေးမှတ်​မလဲ။

နောက်ဆုံး စမ်းသပ်မှု

၁၃-၁၄။ ထာဝရ​အသက် ရဖို့ မြေကြီးပေါ်က စုံလင်တဲ့ လူသား​အားလုံး ဘာလုပ်ရမလဲ။

၁၃ စုံလင်တယ်ဆိုတာနဲ့ ထာဝရ​အသက် အလိုလို ရမှာ မဟုတ်ကြောင်း သတိရရမယ်။ အာဒံနဲ့ ဧဝ​အကြောင်း စဉ်းစားကြည့်ပါ။ စုံလင်ကြပေမဲ့ ထာဝရ​အသက် ရဖို့​အတွက် ယေဟောဝါ​ဘုရားကို နာခံ​ကြောင်း ပြဖို့ လိုအပ်​ခဲ့တယ်။ ဒါပေမဲ့ သူတို့ မနာခံခဲ့ကြဘူး။—ရော. ၅:၁၂

၁၄ အနှစ် ၁၀၀၀ အကုန်မှာ မြေကြီးပေါ်က လူတွေရဲ့ အခြေအနေ ဘယ်လို ဖြစ်နေမလဲ။ အားလုံး စုံလင်နေကြမယ်။ အဲဒီစုံလင်တဲ့ လူသား​အားလုံး ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ထာဝရ အကြွင်းမဲ့ ထောက်ခံကြ​မ​လား။ စုံလင်ပေမဲ့ သစ္စာ​မ​ရှိခဲ့ကြတဲ့ အာဒံနဲ့ ဧဝ​လို ဖြစ်သွားမလား။ အဲဒီမေးခွန်းတွေကို ဖြေကြရမယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၅-၁၆။ (က) ယေဟောဝါအပေါ် သစ္စာစောင့်သိ​ကြောင်း လူအားလုံး ဘယ်အချိန်မှာ သက်သေပြခွင့် ရမလဲ။ (ခ) ဒီနောက်ဆုံး စမ်းသပ်မှု ရလဒ်​က ဘာဖြစ်မလဲ။

၁၅ စာတန် အနှစ် ၁၀၀၀ ချည်နှောင်​ခံရ​မယ်။ အဲဒီအချိန်အတွင်း ဘယ်သူ့ကိုမှ လှည့်ဖြားလို့ မရဘူး။ ဒါပေမဲ့ အနှစ် ၁၀၀၀ အကုန်မှာ လွတ်လာမယ်။ စုံလင်တဲ့ လူတွေကို လှည့်ဖြားဖို့ ကြိုးစားမယ်။ အဲဒီ​စမ်းသပ်မှု​အတွင်း မြေကြီးပေါ်က စုံလင်တဲ့ လူသား​အားလုံးဟာ ဘုရားသခင့် နာမတော်၊ အုပ်ချုပ်မှုနဲ့​ပတ်သက်တဲ့ အရေးကိစ္စမှာ ဘယ်ဘက် ရပ်တည်မလဲ​ဆိုတာ ရှင်းရှင်းလင်းလင်း သက်သေပြခွင့် ရကြမယ်။ (ဗျာ. ၂၀:၇-၁၀) အသက်စာစောင်​မှာ နာမည် အပြီး ရေးမှတ်​ခံရ​မ​လား​ဆိုတာ စာတန့်​လှည့်ဖြားမှုကို တစ်ယောက်စီ ဘယ်လို တုံ့ပြန်သလဲဆိုတဲ့အပေါ် မူတည်​ပါလိမ့်မယ်။

၁၆ အာဒံနဲ့ ဧဝ​လို​ပဲ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ငြင်းပယ်​သူတချို့ ရှိလိမ့်မယ်။ သူတို့ ဘာဖြစ်သွားမလဲ။ ‘အသက်စာစောင်​မှာ စာရင်း​မဝင်​သူ​အားလုံး မီးအိုင်ထဲ ပစ်ချ​ခံရတယ်’ လို့ ဗျာဒိတ် ၂၀:၁၅ မှာ ဖော်ပြတယ်။ ပုန်ကန်​သူ​တွေ ထာဝရ အပြီး ဖျက်ဆီးခံရမယ်။ ဒါပေမဲ့ စုံလင်တဲ့ လူသား အများစုကတော့ ဒီနောက်ဆုံး စမ်းသပ်မှု​မှာ အောင်မြင်ကြမယ်။ အသက်စာစောင်​မှာ နာမည် အပြီး ရေးမှတ်​ခံရ​မယ်။

“အဆုံးပိုင်းကာလ”

၁၇။ ကျွန်တော်တို့ခေတ်မှာ ဘာဖြစ်​မယ်​လို့ ဒံယေလကို ကောင်းကင်တမန် ပြောသလဲ။ (ဒံယေလ ၁၂:၄၊ ၈-၁၀)

၁၇ ဒီအနာဂတ် ဖြစ်ရပ်တွေအကြောင်း စဉ်းစားရတာ စိတ်​လှုပ်ရှား​စ​ရာ​ပါပဲ။ “အဆုံးပိုင်းကာလ” ဖြစ်တဲ့ ကျွန်တော်တို့​ခေတ်​အကြောင်း အရေးကြီး အချက်အလက်တချို့​လည်း ဒံယေလကို ကောင်းကင်တမန် ပြောပြတယ်။ (ဒံယေလ ၁၂:၄၊ ၈-၁၀ ကို ဖတ်ပါ။ ၂ တိ. ၃:၁-၅) “စစ်မှန်တဲ့ အသိပညာ တိုးများလာလိမ့်မယ်” လို့ ပြောတယ်။ တကယ်ပဲ ဘုရား​လူမျိုးဟာ ဒံယေလကျမ်းထဲက ပရောဖက်ပြုချက်တွေကို ပိုနားလည်လာတယ်။ ဒါပေမဲ့ “လူဆိုးတွေ​က ဆိုးညစ်စွာ ပြုမူ​ကြလိမ့်မယ်။ ဒီစကားတွေကို လူဆိုး​တစ်ယောက်မှ နားလည်မှာ မဟုတ်ဘူး” လို့လည်း ကောင်းကင်တမန် ပြောတယ်။

၁၈။ ဆိုးညစ်သူတွေ မကြာခင် ဘာဖြစ်မလဲ။

၁၈ အခုအချိန်မှာ ဆိုးညစ်တဲ့ အကျင့်​တွေ​အတွက် လူဆိုးတွေ ဘာပြစ်ဒဏ်မှ မခံရပုံပဲ။ (မာ​လ. ၃:၁၄၊ ၁၅) ဒါပေမဲ့ မကြာခင် ယေရှု သိုးနဲ့ ဆိတ် ခွဲမယ်။ ဆိတ်လို ဆိုးညစ်သူတွေကို တရားစီရင်​မယ်။ (မ. ၂၅:၃၁-၃၃) သူတို့ ကြီးစွာသောဒုက္ခကနေ လွတ်မြောက်​မှာ မဟုတ်ဘူး။ ကမ္ဘာသစ်​မှာ ထမြောက်လာမှာ မဟုတ်ဘူး။ မာလခိ ၃:၁၆ မှာ ဖော်ပြထားတဲ့ “အောက်မေ့​ရာ​စာစောင်” မှာ သူတို့​နာမည် ပါ​မှာ မဟုတ်ဘူး။

၁၉။ အခု​အချိန်ဟာ ဘာလုပ်​ရမယ့် အချိန်လဲ။ ဘာကြောင့်လဲ။ (မာလခိ ၃:၁၆-၁၈)

၁၉ အခု​အချိန်ဟာ ဆိုးညစ်သူတွေ မဟုတ်ကြောင်း လုပ်ရပ်နဲ့ သက်သေပြ​ရမယ့် အချိန်​ပဲ။ (မာလခိ ၃:၁၆-၁၈ ကို ဖတ်ပါ။) “တန်ဖိုးအထားရဆုံး​လူမျိုး” ကို ယေဟောဝါ စုသိမ်း​နေ​တယ်။ အဲဒီထဲမှာ ကျွန်တော်တို့ ပါချင်ကြမှာ သေချာတယ်။

ဒံယေလ၊ ကိုယ်​ချစ်ရသူတွေ​နဲ့ တခြားသူ​များစွာ ကမ္ဘာသစ်​မှာ ဝေစု​ကို ရယူဖို့ “မတ်တတ်ရပ်” လာတာ မြင်ရတဲ့အခါ ဘယ်လောက် ပျော်စရာ ကောင်းလိုက်မလဲ (စာပိုဒ် ၂၀ ကို ကြည့်ပါ)

၂၀။ ဒံယေလကို ဘုရား ဘာက​တိ​ပေးသလဲ။ အဲဒီကတိ ပြည့်စုံလာမယ့်​အချိန်ကို သင် ဘာကြောင့် စောင့်မျှော်နေသလဲ။

၂၀ စိတ်​လှုပ်ရှား​စ​ရာ ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေ​ကြတယ်။ ဒီ့ထက် စိတ်​လှုပ်ရှား​စ​ရာ ကောင်းတာတွေ ဖြစ်လာဦးမယ်။ မကြာခင် ဆိုးသွမ်းမှု​အားလုံး ဖျက်ဆီး​ခံရတာ မြင်ရမယ်။ ပြီးနောက် “နေ့ရက်​တွေ​ရဲ့​အဆုံးမှာ ဝေစု​ကို ရယူဖို့ ခင်ဗျား မတ်တတ်ရပ်​ရလိမ့်မယ်” ဆိုပြီး ဒံယေလကို ပေးတဲ့ ယေဟောဝါရဲ့ ကတိ ပြည့်စုံ​လာတာ မြင်ရမယ်။ (ဒံ. ၁၂:၁၃) ဒံယေလ​ကော ကိုယ်​ချစ်ရသူတွေ​ပါ “မတ်တပ်ရပ်” မယ့်​နေ့၊ ထမြောက်လာမယ့်​နေ့ကို ကျွန်တော်တို့ မြင်ချင်စိတ် ပြင်းပြနေကြမှာပါ။ ဒါဆိုရင် သစ္စာရှိနေဖို့ အခု​အစွမ်းကုန် ကြိုးစားပါ။ သစ္စာရှိနေမယ်ဆိုရင် အသက်စာစောင်​မှာ သင့်​နာမည် ဆက်ရှိနေမယ်​ဆိုတာ ယုံကြည်​စိတ်ချနိုင်ပါတယ်။

သီချင်း ၈၀ ‘ယေဟောဝါ ကောင်းမြတ်ကြောင်း မြည်းစမ်းကြည့်ပါ’

^ ဒံယေလ ၁၂:၂၊ ၃ မှာ ပါတဲ့ လူ့​သမိုင်း​မှာ ကြီးကျယ်​တဲ့ ပညာပေး အစီအစဉ်​နဲ့ပတ်သက်ပြီး ဒီဆောင်းပါးမှာ နားလည်မှု ပြုပြင်​ပြောင်းလဲ​ထားပါတယ်။ ဒီ​အစီအစဉ် ဘယ်အချိန်မှာ ဖြစ်မလဲ၊ ဘယ်သူတွေ ပါဝင်​မလဲ၊ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု​အဆုံး နောက်ဆုံး​စမ်းသပ်မှု​အတွက် မြေကြီးပေါ်က လူတွေကို ဒီအစီအစဉ်က ဘယ်လို အ​သင့်​ပြင်ပေး​မလဲ​ဆိုတာ ဆွေးနွေး​သွားပါမယ်။

^ နောက်ဆုံး​ကာလအတွင်း သစ္စာရှိရှိ သေဆုံး​သွား​သူ​တွေ အရင်ဆုံး ထမြောက်လာနိုင်တယ်။ အဲဒီနောက် သူတို့ရှေ့​က မျိုးဆက်​တွေ တစ်ဆက်ပြီး တစ်ဆက် ထမြောက်လာနိုင်တယ်။ ဒီလိုသာ​ဆိုရင် မျိုးဆက်တိုင်းက ကိုယ်တိုင်ကိုယ်ကျ မီလိုက်တဲ့ မျိုးဆက်​ကို ကြိုဆိုခွင့် ရမယ်။ ဘယ်လိုပဲ ဖြစ်ပါစေ ကောင်းကင် ထမြောက်ခြင်း​ဟာ “အစဉ်လိုက်” ဖြစ်မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ မြေကြီး ထမြောက်ခြင်း​လည်း စနစ်တကျ ဖြစ်မယ်​ဆိုတာ စိတ်ချနိုင်တယ်။—၁ ကော. ၁၄:၃၃။ ၁၅:၂၃

^ ဒီ​ရှင်းပြချက်​ဟာ ဒံယေလ​၏ ပရောဖက်ပြုချက်​ကို ဂရုပြုလော့! အခန်း ၁၇၁၉၈၇၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်)၊ စာမျက်နှာ ၂၁-၂၅ မှာ ပါတဲ့ နားလည်မှု​ကို ပြုပြင်​ပြောင်းလဲ​ထားတာ ဖြစ်တယ်။

^ တမန်တော် ၂၄:၁၅ မှာ ပါတဲ့ “ဖြောင့်မတ်သူ၊” “မ​ဖြောင့်မတ်သူ၊” ယောဟန် ၅:၂၉ မှာ ပါတဲ့ “ကောင်းတဲ့​အကျင့်​ကို ကျင့်​သူ၊” “ဆိုးညစ်တဲ့​အကျင့်​ကို ကျင့်​သူ” ဆိုတဲ့ စကားလုံးတွေကတော့ ထမြောက်လာသူတွေ​ရဲ့ မသေဆုံးခင်​က အကျင့်​တွေ​အကြောင်း ဖော်ပြတာ ဖြစ်တယ်။