မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃

သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီနေ

သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီနေ

‘ယေဟောဝါက ယောသပ်နဲ့​အတူ ရှိတဲ့အတွက် သူ လုပ်သမျှ အောင်မြင်လာတယ်။’—က. ၃၉:၂

သီချင်း ၃၀ ကျွန်တော့်​ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ

အကြို​သုံးသပ်ချက် a

၁-၂။ (က) အခက်အခဲတွေ ကြုံရတဲ့အခါ ဘာကြောင့် မ​အံ့ဩ​ကြသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာဆွေးနွေးကြမလဲ။

 ယေဟောဝါ​ရဲ့ လူမျိုး​အ​နေနဲ့ အခက်အခဲတွေ ကြုံရတဲ့အခါ ကျွန်တော်တို့ မ​အံ့ဩ​ကြ​ဘူး။ “ဒုက္ခ အများကြီး ခံပြီး​မှ ဘုရားသခင့် နိုင်ငံတော် ဝင်ရမယ်” လို့ ကျမ်းစာ ပြော​ထားတာ သိကြတယ်။ (တ. ၁၄:၂၂) ‘သေခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်း မရှိတော့မယ့်’ ကမ္ဘာသစ်ကျမှ ပြဿနာ​အားလုံး အပြီးအပိုင် ပြေလည်​သွားမယ်​ဆိုတာ​လည်း သိကြတယ်။—ဗျာ. ၂၁:၄

အခက်အခဲတွေ မကြုံရအောင် ယေဟောဝါ ကာကွယ်​မပေးဘူး။ ဒါပေမဲ့ ခံရပ်နိုင်အောင် ကူညီပေးတယ်။ ရောမ​မြို့က ခရစ်ယာန်တွေကို တမန်တော် ပေါလု ဘာ​ပြော​သလဲ သတိပြု​ကြည့်ပါ။ သူနဲ့ ညီအစ်ကို/မတွေ ကြုံနေရတဲ့ ပြဿနာတွေ​အကြောင်း အရင်ဆုံး ပြောတယ်။ ပြီးနောက် ‘ကျွန်တော်တို့ကို​ချစ်တဲ့ သခင်​အားဖြင့် အောင်မြင်စွာ ရင်ဆိုင်​ကျော်လွှားနိုင်​ခဲ့ကြတယ်’ လို့ ရေးတယ်။ (ရော. ၈:၃၅-၃၇) ဒါက စမ်းသပ်မှု ကြုံနေရချိန်​အတွင်းမှာ​တောင် သင် အောင်မြင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်ဆိုတာ ဖော်ပြတယ်။ ယောသပ် အောင်မြင်အောင် ယေဟောဝါ ဘယ်လို ကူညီပေးကြောင်း၊ သင့်ကိုလည်း ဘယ်လို ကူညီပေးနိုင်ကြောင်း ကြည့်ကြစို့။

အခြေအနေတွေ ရုတ်တရက် ပြောင်းလဲသွားတဲ့အခါ

၃။ ယောသပ်ရဲ့ ဘဝ ဘယ်လို ရုတ်တရက် ပြောင်းလဲသွားသလဲ။

ယာကုပ်က သား​ယောသပ်​ကို သိပ်ချစ်တယ်။ (က. ၃၇:၃၊ ၄) ဒါကို ယောသပ်ရဲ့ အစ်ကိုတွေ သိလို့ မနာလို ဖြစ်လာတယ်။ အခွင့်အရေး ရတာနဲ့ မိဒျန်​ကုန်သည်​တွေ​ဆီ ရောင်းစား​လိုက်တယ်။ အဲဒီ​ကုန်သည်​တွေ​က မိုင်ပေါင်း​များစွာ ဝေးတဲ့ အီဂျစ်​ပြည်ကို ခေါ်သွားကြတယ်။ အဲဒီမှာ ဖာရောရဲ့ ကိုယ်ရံတော်မှူး ပေါတိဖာ​ဆီ ထပ်​ရောင်းလိုက်​ကြတယ်။ နေ့ချင်းညချင်း ဆို​သ​လို ယောသပ်ရဲ့ ဘဝ ပြောင်းလဲ​သွားတယ်။ အဖေ့ အချစ်ဆုံးသား ဘဝကနေ အီဂျစ်ပြည်က နိမ့်ကျတဲ့ ကျွန်ဘဝ ရောက်သွားတယ်။—က. ၃၉:၁

၄။ ယောသပ်​လို​မျိုး ဘယ်လို အခက်အခဲတွေ ကျွန်တော်တို့ ကြုံရနိုင်သလဲ။

‘လူအားလုံးဟာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်​တွေ ကြုံရ​တတ်တယ်’ လို့ ကျမ်းစာ ပြောတယ်။ (ဒေ. ၉:၁၁) “လူတွေ ကြုံရတတ်တဲ့” အခက်အခဲတွေကို ကျွန်တော်တို့ တစ်ခါတလေ ကြုံရ​ကြတယ်။ (၁ ကော. ၁၀:၁၃) တစ်ခါတလေတော့ ယေရှုရဲ့ တပည့် ဖြစ်နေလို့ ဒုက္ခ ကြုံရတာ ဖြစ်နိုင်တယ်။ ဥပမာ၊ ယုံကြည်ချက်ကြောင့် လှောင်ပြောင်၊ ဆန့်ကျင်၊ နှိပ်စက်​ခံရတာ​တောင် ဖြစ်နိုင်တယ်။ (၂ တိ. ၃:၁၂) ဘယ်လို အခက်အခဲ​ပဲ ကြုံရပါစေ သင် အောင်မြင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်။ ယောသပ်​ကို ဘယ်လို ကူညီ​ပေးခဲ့သလဲ။

အီဂျစ်​ပြည်မှာ ပေါတိဖာ​ရဲ့ ကျွန်​အဖြစ် ရောင်းစား​ခံရတာ​တောင် ယောသပ် အောင်မြင်ဖို့ ယေဟောဝါ ကူညီပေး (စာပိုဒ် ၅ ကို ကြည့်ပါ)

၅။ ယောသပ် အောင်မြင်တာနဲ့ပတ်သက်ပြီး ပေါတိဖာ ဘယ်လို ယူဆ​သလဲ။ (ကမ္ဘာဦး ၃၉:၂-၆)

ကမ္ဘာဦး ၃၉:၂-၆ ကို ဖတ်ပါ။ ယောသပ်ဟာ သိပ်ထက်မြက်ပြီး အလုပ်​ကြိုးစားတဲ့ လူငယ်​ဆိုတာ ပေါတိဖာ သတိပြုမိတယ်။ ဘာကြောင့်လဲ​ဆိုတာ​လည်း သိတယ်။ ‘ယောသပ်နဲ့​အတူ ယေဟောဝါ​ရှိပြီး သူ​လုပ်သမျှကို အောင်မြင်​ခွင့်​ပေး’ လို့ ဆိုတာ ပေါတိဖာ သိတယ်။ b ဒါကြောင့် လူယုံတော်​အဖြစ် ခန့်​လိုက်တယ်။ တစ်အိမ်​လုံး​ကိုလည်း ကြီးကြပ်​ဖို့ တာဝန်ပေးတယ်။ ရလဒ်အနေနဲ့ ပေါတိဖာ ကြီးပွား​ကောင်းစား​လာတယ်။

၆။ ကိုယ့်​အခြေအနေနဲ့ပတ်သက်ပြီး ယောသပ် ဘယ်လို ခံစားရနိုင်သလဲ။

ယောသပ်​နေရာကနေ ဝင်ကြည့်ပါ။ ဒီ​အခြေအနေမှာ ဘာ​အလိုချင်ဆုံး ဖြစ်မလဲ။ ပေါတိဖာ သတိထားမိပြီး ဆုချဖို့လား။ ဖြစ်နိုင်တာကတော့ ကျွန်ဘဝကနေ လွတ်ပြီး အဖေ့​ဆီ ပြန်​ခွင့်​ရဖို့​ပဲ။ ပေါတိဖာ အိမ်မှာ ဘယ်လောက်ပဲ အခွင့်ထူးတွေ ရထားပါစေ ကျွန်ကတော့ ကျွန်​ပဲ။ ယေဟောဝါကို မကိုးကွယ်တဲ့ သခင်​လက်အောက်​က ကျွန် ဖြစ်​နေဆဲပဲ။ ပေါတိဖာ​လက်ကနေ လွတ်ဖို့ ယောသပ်​ကို ယေဟောဝါ မကူညီပေးဘူး။ ယောသပ်ရဲ့ အခြေအနေ ပို​ဆိုးလာ​ဦး​မယ်။

အခြေအနေတွေ ပိုဆိုးလာတဲ့အခါ

၇။ ယောသပ် အခြေအနေ ဘယ်လို ပိုဆိုးလာသလဲ။ (ကမ္ဘာဦး ၃၉:၁၄၊ ၁၅)

ကမ္ဘာဦး အခန်းကြီး ၃၉ မှာ ဖော်ပြတဲ့​အတိုင်း ပေါတိဖာ​ရဲ့ မိန်းမ​က ယောသပ်​ကို သဘောကျပြီး ခဏခဏ သွေးဆောင်တယ်။ ဒါပေမဲ့ အကြိမ်တိုင်း ယောသပ် ငြင်းတယ်။ နောက်ဆုံး၊ ယောသပ်​ကို ဒေါသထွက်ပြီး မတရား​ကျင့်​ဖို့ ကြိုးစားတယ်လို့ စွပ်စွဲတယ်။ (ကမ္ဘာဦး ၃၉:၁၄၊ ၁၅ ကို ဖတ်ပါ။) ဒါကို ပေါတိဖာ ကြားတော့ ယောသပ်​ကို ထောင်ချလိုက်တယ်။ အဲဒီမှာ နှစ်အတော်များများ ယောသပ် နေ​ရတယ်။ (က. ၃၉:၁၉၊ ၂၀) ထောင်က ဘယ်လို နေရာ​မျိုး​လဲ။ “ထောင်” လို့ သုံးထားတဲ့ ဟီဘရူး စကားလုံးဟာ “ရေတွင်း” ကို ဆိုလိုတာ ဖြစ်လို့ မှောင်မည်းတဲ့ တွင်း​တစ်ခု ဖြစ်နိုင်တယ်။ ကူကယ်ရာမဲ့နေပြီလို့ ယောသပ် ခံစားခဲ့ရမှာပဲ။ (က. ၄၀:၁၅) အချိန်​အတော်ကြာ ယောသပ် ခြေကျဉ်းခတ်ခံရတယ်၊ လည်ပင်း​မှာ​လည်း သံကြိုးတွေနဲ့ တုပ်နှောင်​ခံရတယ်လို့ ကျမ်းစာ ပြောတယ်။ (ဆာ. ၁၀၅:၁၇၊ ၁၈) ယောသပ် အခြေအနေ ပိုဆိုးလာတယ်။ ယုံကြည်​စိတ်ချ​ရတဲ့ ကျွန်ဘဝကနေ နိမ့်ကျတဲ့ ထောင်သား ဖြစ်နေပြီ။

၈။ အခြေအနေတွေ ပို​ဆိုးလာ​ရင်တောင် ဘာကို စိတ်ချနိုင်သလဲ။

အသည်းအသန် ဆုတောင်း​နေတဲ့​ကြား ကိုယ့်​အခြေအနေ ပိုဆိုးလာတာ​မျိုး ကြုံဖူးသလား။ အဲဒီလို ဖြစ်နိုင်ပါတယ်။ စာတန့်​လောကရဲ့ အခက်အခဲတွေ မကြုံရအောင် ယေဟောဝါ ကာကွယ်​မပေးဘူး။ (၁ ယော. ၅:၁၉) ဒါပေမဲ့ သင် ဘာ​ကြုံနေရတယ်ဆိုတာ ကောင်းကောင်း သိတယ်၊ ဂရုစိုက်နေတယ်ဆိုတာတော့ စိတ်ချနိုင်တယ်။ (မ. ၁၀:၂၉-၃၁။ ၁ ပေ. ၅:၆၊ ၇) အဲဒီအပြင် “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထား​မှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာ​မှာ မဟုတ်ဘူး” လို့လည်း ဘုရား ကတိပေးတယ်။ (ဟီ. ၁၃:၅) သင့်​အခြေအနေ မျှော်လင့်ချက်မဲ့ပုံ ပေါက်နေရင်တောင် ခံရပ်နိုင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်။ ယောသပ်​ကို ဘယ်လို ကူညီပေးကြောင်း သုံးသပ်ကြည့်ပါ။

ထောင်ကျနေတာတောင် ယောသပ်နဲ့​အတူ ယေဟောဝါ ရှိလို့ အကျဉ်းသား​အားလုံးကို ကြီးကြပ်​ဖို့ တာဝန်​ပေးအပ်​ခံရ (စာပိုဒ် ၉ ကို ကြည့်ပါ)

၉။ ယောသပ် ထောင်ကျနေချိန်မှာ ယေဟောဝါ အတူ​ရှိကြောင်း ဘာက ပြသလဲ။ (ကမ္ဘာဦး ၃၉:၂၁-၂၃)

ကမ္ဘာဦး ၃၉:၂၁-၂၃ ကို ဖတ်ပါ။ ယောသပ် ထောင်ကျနေချိန်မှာတောင် အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။ ပေါတိဖာ​ဆီ​မှာ​လို​ပဲ အခုလည်း ထောင်မှူး​ရဲ့ ယုံကြည်စိတ်ချမှု၊ လေးစားမှု ယောသပ် ရလာတယ်။ မကြာခင်​မှာ​ပဲ ထောင်မှူး​က တခြား ထောင်သားတွေကို ကြီးကြပ်​ဖို့ ယောသပ်​ကို တာဝန်ပေးတယ်။ “သူ့​လက်ထဲ အပ်ထားတဲ့ ကိစ္စတွေကို ထောင်မှူး လုံးဝ လှည့်ကြည့်​စ​ရာ မလိုဘူး” လို့ ကျမ်းစာ ပြောတယ်။ အခု၊ ယောသပ် လုပ်စရာ အလုပ် ရ​လာပြီ။ ထင်မှတ်​မထားတဲ့ အပြောင်းအလဲပါပဲ။ နန်းတွင်း​အရာရှိ​ရဲ့ ဇနီးကို မတရား ကျင့်​ဖို့ ကြိုးစားတယ်လို့ စွပ်စွဲ​ခံရတဲ့ ထောင်သားဟာ ယုံကြည်​စိတ်ချ​ရတဲ့ အနေအထား ဘယ်လို ရောက်လာတာလဲ။ အဖြေ တစ်ခုပဲ ရှိတယ်။ ကမ္ဘာဦး ၃၉:၂၃ မှာ ပြောသလို ‘ယေဟောဝါဟာ ယောသပ်နဲ့​အတူ ရှိပြီး သူ​လုပ်သမျှကို အောင်မြင်​ခွင့် ပေး’ လို့​ပါပဲ။

၁၀။ လုပ်သမျှ အောင်မြင်တယ်လို့ ယောသပ် ခံစားရဖို့ ဘာကြောင့် မဖြစ်နိုင်သလဲ။ ရှင်းပြပါ။

၁၀ ယောသပ်​နေရာကနေ ထပ်​ဝင်ကြည့်ပါ။ မတရား စွပ်စွဲ​ခံရပြီး ထောင်ကျနေချိန်မှာ လုပ်သမျှ အောင်မြင်​တယ်လို့ ခံစားရမယ် ထင်သလား။ ဒီ​အခြေအနေမှာ ယောသပ် ဘာ​အလိုချင်ဆုံး ဖြစ်မလဲ။ ထောင်မှူး မျက်နှာသာ ရဖို့​လား။ ဖြစ်နိုင်တာကတော့ ထောင်ကနေ လွတ်ဖို့​ပဲ။ ထောင်ကနေ လွတ်တော့မယ့် တခြား​ထောင်သားကိုတောင် သူ့​ကိုယ်စား ဖာရောဆီ ပြောပေးဖို့ ယောသပ် တောင်းဆိုတယ်။ (က. ၄၀:၁၄) ဒါပေမဲ့ အဲဒီလူက ဖာရောဆီ ချက်ချင်း မပြောဘူး။ ဒါကြောင့် ထောင်ထဲမှာ ယောသပ် နှစ်နှစ် ဆက်နေ​လိုက်ရတယ်။ (က. ၄၀:၂၃။ ၄၁:၁၊ ၁၄) ဒါတောင် ယောသပ် အောင်မြင်အောင် ယေဟောဝါ ဆက်​ကူညီပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၁။ ယောသပ်​ကို ယေဟောဝါ ဘယ်​အထူး​စွမ်းရည် ပေးသလဲ။ ဒါက ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံဖို့ ဘယ်လို အထောက်အကူပြုသလဲ။

၁၁ ယောသပ် ထောင်ကျနေတုန်း ယေဟောဝါက အီဂျစ်​ဘုရင် ဖာရော​ကို စိတ်ရှုပ်​စ​ရာ အိပ်မက်​နှစ်ခု မြင်မက်​စေတယ်။ အဓိပ္ပာယ်ကို ဖာရော သိပ်သိချင်တယ်။ ယောသပ်​မှာ အိပ်မက်​တွေ​ကို အဓိပ္ပာယ် ရှင်းပြ​နိုင်စွမ်း ရှိတာ သိသွား​လို့ အခေါ်လွှတ်​လိုက်တယ်။ ယေဟောဝါရဲ့ အကူအညီနဲ့ အိပ်မက်​တွေ​ကို ယောသပ် အဓိပ္ပာယ်​ပြန်ပေးလိုက်တယ်။ ဖာရော သဘောကျမယ့် အကြံဉာဏ်ကိုလည်း ပေးလိုက်တယ်။ ဒီ​လူငယ်​နဲ့​အတူ ယေဟောဝါ ရှိနေတာ ဖာရော သတိထားမိတဲ့​အတွက် အီဂျစ်​တစ်ပြည်လုံး​ရဲ့ ရိက္ခာဝန် အဖြစ် ခန့်​လိုက်တယ်။ (က. ၄၁:၃၈၊ ၄၁-၄၄) နောက်ပိုင်း၊ အီဂျစ်​ပြည်မှာ​သာမက ယောသပ်ရဲ့ မိသားစု နေတဲ့ ခါနန်ပြည်မှာ​ပါ ပြင်းထန်တဲ့ အငတ်ဘေး ကျရောက်​လာတယ်။ အခု၊ မိသားစုကို ကယ်နိုင်တဲ့ အနေအထားမှာ ယောသပ် ရှိနေပြီ။ ဒါကြောင့် မေရှိယရဲ့ မျိုးဆက် ပြတ်မသွားအောင် ဆက်ထိန်းနိုင်ခဲ့တယ်။

၁၂။ ယောသပ် အောင်မြင်အောင် ဘယ်လို​နည်းတွေနဲ့ ယေဟောဝါ ကူညီပေးသလဲ။

၁၂ ယောသပ် ဘဝရဲ့ မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ​အကြောင်း စဉ်းစားကြည့်ပါ။ ဘာ​မဟုတ်တဲ့ ကျွန်​တစ်ယောက်ကို ပေါတိဖာ သတိထား​မိ​ဖို့၊ နိမ့်ကျတဲ့ ထောင်သားကို ထောင်မှူး မျက်နှာသာ ပေးဖို့ ဘယ်သူ လှုံ့ဆော်ပေးတာလဲ။ ဖာရော​ကို စိတ်ရှုပ်​စ​ရာ အိပ်မက်​တွေ ဘယ်သူ မြင်မက်​စေ​တာ​လဲ။ ယောသပ်​ကို အိပ်မက် အဓိပ္ပာယ် ရှင်းပြ​နိုင်စွမ်း ဘယ်သူ ပေးတာ​လဲ။ အီဂျစ်​ပြည်မှာ ရိက္ခာဝန်အဖြစ် ယောသပ်​ကို ခန့်​ဖို့ ဖာရော​ကို ဘယ်သူ လှုံ့ဆော်ပေးတာလဲ။ (က. ၄၅:၅) ယောသပ် လုပ်သမျှ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးတာ ထင်ရှားတယ်။ ယောသပ်​ကို သတ်ဖို့ အစ်ကိုတွေ​ရဲ့ အကြံအစည်​ကို မိမိ​အလိုတော် အောင်မြင်ဖို့ ယေဟောဝါ ပြောင်းလဲခဲ့တယ်။

သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးပုံ

၁၃။ ကျွန်တော်တို့ ကြုံရတဲ့ အခြေအနေတိုင်းမှာ ယေဟောဝါ ကြားဝင်​ပေးသလား။ ရှင်းပြပါ။

၁၃ ယောသပ် မှတ်တမ်းကနေ ဘာ​ကောက်ချက်ချနိုင်သလဲ။ ကိုယ့်​ဘဝမှာ ကြုံရတဲ့ မကောင်းတာ အားလုံးကို အကောင်းဘက် ပြောင်းလဲဖို့ အခြေအနေတိုင်းမှာ ယေဟောဝါ ကြားဝင်​ပေးသလား။ မဝင်ပါဘူး။ (ဒေ. ၈:၉။ ၉:၁၁) ဒါပေမဲ့ အခက်အခဲ​တစ်ခု ကြုံရတဲ့အခါ ယေဟောဝါ သိကြောင်း၊ အကူအညီ တောင်း​သံ​ကို နားထောင်ပေးကြောင်းတော့ ကျွန်တော်တို့ သိတယ်။ (ဆာ. ၃၄:၁၅။ ၅၅:၂၂။ ဟေရှာ. ၅၉:၁) အဲဒီအပြင် အခက်အခဲတွေကို အောင်အောင်မြင်မြင် ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၄။ အခက်အခဲ ကြုံရချိန်မှာ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၁၄ ယေဟောဝါ ကူညီပေးတဲ့ တစ်နည်းကတော့ အချိန်ကိုက် အားပေး​နှစ်သိမ့်ခြင်း​ပါပဲ။ (၂ ကော. ၁:၃၊ ၄) တာ့ခ်မင်နစ္စတန်​နိုင်ငံမှာ ယုံကြည်ချက်ကြောင့် ထောင်​နှစ်နှစ် ချခံရတဲ့ ညီအစ်ကို အဲဇစ် အဲဒီလို ကြုံခဲ့ရ​တယ်။ “ထောင်ကျမယ့် မနက်​မှာ ညီအစ်ကို တစ်ယောက်က ‘တည်ငြိမ်စွာ ယုံကြည်​ကိုးစား​မယ်​ဆိုရင် ခွန်အားကြီး​လိမ့်မယ်’ ဆိုတဲ့ ဟေရှာယ ၃၀:၁၅ ကို ပြတယ်။ အဲဒီကျမ်းချက်က တည်တည်ငြိမ်ငြိမ် ရှိဖို့၊ ကိစ္စရပ်​တိုင်း​မှာ ယေဟောဝါကို အားကိုးဖို့ ကူညီပေးတယ်။ ဒီကျမ်းချက်ကို တွေးတောဆင်ခြင်တာက ထောင်ထဲ နေ​ရချိန်​တစ်လျှောက်​လုံး အကူအညီ ဖြစ်စေတယ်” လို့ ပြောတယ်။ ကိုယ်​အလိုအပ်ဆုံး အချိန်မှာ ယေဟောဝါ အားပေး​နှစ်သိမ့် ထောက်မ​ပေးတာ​မျိုး ကြုံဖူးသလား။

၁၅-၁၆။ တိုရီရဲ့ အဖြစ်ကနေ ဘာသိရသလဲ။

၁၅ အများအားဖြင့် အခက်အခဲ ကြုံပြီးသွားမှ ယေဟောဝါ ဘယ်လို ကူညီပေးတယ်ဆိုတာ သိ​လာလေ့ ရှိတယ်။ ညီအစ်မ တိုရီ အဲဒီလို ဖြစ်ခဲ့တယ်။ သား​ဖြစ်သူ မေစန်ဟာ ကင်ဆာ​ရောဂါ​ကို ခြောက်​နှစ် တိုက်လှန်​ပြီး သေဆုံး​သွားတယ်။ တိုရီ ရင်ကွဲမတတ် ဝမ်းနည်း​ကြေကွဲ​ရတယ်။ “မိခင်​တစ်ယောက်​အတွက် ဒီ့ထက် ပိုနာကျင်​ရတာ မရှိတော့ဘူး။ ကိုယ့်​သားသမီး ဝေဒနာ ခံရတာကို ကြည့်နေ​ရတာဟာ ကိုယ်တိုင် ခံရတာ​ထက် ပိုဆိုးတယ်​ဆိုတာ မိဘတွေ သဘောတူ​မှာ​ပါ” လို့ ပြောတယ်။

၁၆ ဒီ​ခက်ခဲချိန်တစ်လျှောက် ယေဟောဝါ ဘယ်လို ကူညီပေးသလဲဆိုတာ တိုရီ ပြန်တွေး​ကြည့်တယ်။ “ပြန်တွေးကြည့်လိုက်တော့ သားလေး နေမကောင်း ဖြစ်​နေချိန် တစ်လျှောက်​လုံး ယေဟောဝါရဲ့ မေတ္တာပါ လက်တော်ကို ခံစားရတယ်။ ဥပမာ၊ ဧည့်သည် မတွေ့နိုင်​လောက်အောင် နေမကောင်း ဖြစ်​နေတာ​တောင် ညီအစ်ကို/မတွေ​က သားကို တွေ့ဖို့ ဆေးရုံကို နှစ်နာရီလောက် ကားမောင်း​လာကြတယ်။ ကိုယ့်ကို ကူညီပေးဖို့ လူနာစောင့်​အခန်းမှာ တစ်ယောက်ယောက် အမြဲ အသင့်ရှိ​နေ​တယ်။ ရုပ်ပိုင်း​အရ​လည်း ညီအစ်ကို/မတွေ ကူညီပေးကြတယ်။ အခက်ခဲဆုံး​အချိန်မှာ​တောင် ကျွန်မတို့ လိုအပ်တာ အမြဲ ရတယ်” လို့ ပြောတယ်။ တိုရီ​ရော မေစန်ပါ ခံရပ်နိုင်ဖို့ လိုအပ်တာ မှန်သမျှ ယေဟောဝါ ပြင်ဆင်​ပေးတယ်။—“ ကျွန်မတို့ လိုအပ်တာ အတိအကျ​ကို ယေဟောဝါ ပေး” လေးထောင့်ကွက်​ကို ကြည့်ပါ။

ကောင်းချီးတွေကို ရေတွက်ပါ

၁၇-၁၈။ အခက်အခဲ ကြုံနေချိန်​မှာ​တောင် ယေဟောဝါရဲ့ ထောက်မမှုကို မြင်ဖို့၊ ကျေးဇူးတင်​တတ်​ဖို့ ဘာက ကူညီပေးမလဲ။ (ဆာလံ ၄၀:၅)

၁၇ ဆာလံ ၄၀:၅ ကို ဖတ်ပါ။ တောင်တက်သမား​ရဲ့ ပန်းတိုင်​ဟာ တောင်ထိပ် ရောက်ဖို့​ပဲ။ ဒါပေမဲ့ လမ်းတစ်လျှောက် ခဏရပ်ပြီး ရှုခင်း​ကြည့်ဖို့ နား​နေ​စခန်း​တွေ အများကြီး ရှိတယ်။ အဲဒီလိုပဲ၊ အခက်အခဲ ကြုံနေရချိန်မှာတောင် အောင်မြင်အောင် ယေဟောဝါ ဘယ်လို ကူညီပေးသလဲဆိုတာ ခဏရပ် စဉ်းစားဖို့ အမြဲ အချိန်ယူပါ။ တစ်နေ့တာ ကုန်​သွား​တိုင်း ‘ဒီနေ့ ယေဟောဝါရဲ့ ကောင်းချီး​ကို ဘယ်လို ခံစားရသလဲ။ အခက်အခဲ ရှိနေတုန်း ဖြစ်ပေမဲ့ ခံရပ်နိုင်အောင် ယေဟောဝါ ဘယ်လို ကူညီပေးသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးတဲ့ ကောင်းချီး အနည်းဆုံး တစ်ခုတော့ တွေ့အောင် ရှာပါ။

၁၈ အခက်အခဲ အဆုံးတိုင်​ဖို့ သင် ဆုတောင်းနေမှာပဲ။ အဲဒါ မမှားပါဘူး။ ဆုတောင်းသင့်​ပါတယ်။ (ဖိ. ၄:၆) ဒါပေမဲ့ လောလောဆယ် ရထားတဲ့ ကောင်းချီးတွေကိုလည်း အသိအမှတ်ပြု​သင့်​တယ်။ ကျွန်တော်တို့ကို ခွန်အား ပေးမယ်၊ ခံရပ်နိုင်အောင် ကူညီပေးမယ်​လို့ ယေဟောဝါ ကတိပေးထားတယ်။ ဒါကြောင့် ယေဟောဝါ ထောက်မ​ပေးနေတာကို အမြဲ ကျေးဇူးတင်​လေးမြတ်ပါ။ ဒါဆိုရင် ယောသပ်လိုပဲ သင့်ကိုလည်း အခက်အခဲ ကြုံရချိန်မှာ​တောင် အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးနေတယ်ဆိုတာ မြင်တွေ့လာပါလိမ့်မယ်။—က. ၄၁:၅၁၊ ၅၂

သီချင်း ၃၂ ယေဟောဝါဘက် ရပ်တည်ကြ

a ခက်ခဲတဲ့ စမ်းသပ်မှု ကြုံနေရတယ်​ဆိုရင် “အောင်မြင်” တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယူဆ​မှာ မဟုတ်ဘူး။ ဒီ​စကားလုံးဟာ စမ်းသပ်မှု ပြီးသွားချိန်နဲ့ပဲ ဆိုင်​တယ်လို့ ထင်​မယ်။ ဒါပေမဲ့ ယောသပ်ရဲ့ ဘဝ​ဖြစ်ရပ်တွေက အရေးကြီး သင်ခန်းစာ​တစ်ခု သင်ပေးတယ်။ စမ်းသပ်မှု ကြုံနေရချိန်​အတွင်းမှာပဲ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ​ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b ကျွန်ဘဝမှာ ယောသပ် ကြုံရတဲ့ ဒီ​အပြောင်းအလဲတွေ​ကို အခန်းငယ် နည်းနည်းလေး​မှာ​ပဲ ဆက်တိုက် ဖော်ပြ​ထားပေမဲ့ ဒီလို ပြောင်းလဲ​လာဖို့ နှစ်​တော်တော် ကြာ​နိုင်တယ်။