မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၉

ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားလေးမြတ်ပါ

ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားလေးမြတ်ပါ

“ဘုရားသခင်ကြောင့်သာ ကျွန်တော်တို့ ဖြစ်တည်​နေတာ၊ အသက်ရှင်ပြီး သွားလာ​လှုပ်ရှား​နေတာပါ။”—တ. ၁၇:၂၈

သီချင်း  ၁၄၁ အံ့ဖွယ်အသက်

အကြို​သုံးသပ်ချက် a

၁။ ကျွန်တော်တို့ရဲ့ အသက်ကို ယေဟောဝါ ဘယ်လောက် တန်ဖိုးထားသလဲ။

 မိတ်ဆွေ​တစ်ယောက်​ဆီ​က အဖိုးတန် လက်ရာမြောက် ပန်းချီ​ကားဟောင်း​တစ်ချပ် လက်ဆောင် ရတယ်လို့ မြင်ယောင်​ကြည့်ပါ။ တချို့​နေရာတွေမှာ အရောင် ပြယ်​နေပြီ။ အစွန်း​အထင်း၊ အက်ရာလေးတွေ ရှိတယ်။ ဒါပေမဲ့ ဒေါ်လာ သန်းပေါင်း​များစွာ တန်​တဲ့အတွက် ဒီ​အနုပညာ​လက်ရာကို သင် တန်ဖိုးထားပြီး ကာကွယ်​ထိန်းသိမ်း​မှာ သေချာတယ်။ အလားတူပဲ၊ ကျွန်တော်တို့ကို အဖိုးတန် အသက် ဆု​လက်ဆောင် ယေဟောဝါဘုရား ပေးထားတယ်။ ရွေးဖိုးအဖြစ် သားတော်ကို ပေးတဲ့​အထိ ကျွန်တော်တို့ရဲ့ အသက်ကို တန်ဖိုးထားတယ်။—ယော. ၃:၁၆

၂။ ၂ ကောရိန္သု ၇:၁ အရ ကျွန်တော်တို့​ဆီ​က ယေဟောဝါ ဘာ​မျှော်လင့်​သလဲ။

ယေဟောဝါဟာ အသက်ရဲ့ ပင်ရင်း ဖြစ်တယ်။ (ဆာ. ၃၆:၉) ဒါကို တမန်တော် ပေါလု ဒီလို​အသိအမှတ်ပြု ပြောခဲ့တယ်– “ဘုရားသခင်ကြောင့်သာ ကျွန်တော်တို့ ဖြစ်တည်​နေတာ၊ အသက်ရှင်ပြီး သွားလာ​လှုပ်ရှား​နေတာပါ။” (တ. ၁၇:၂၅၊ ၂၈) မှန်ပါတယ်၊ အသက်ဟာ ဘုရားဆီ​က ဆု​လက်ဆောင်​ပါ။ အသက်ရှင်ဖို့ လိုအပ်တာ မှန်သမျှ ဘုရား မေတ္တာပါပါ ပြင်ဆင်ပေးထားတယ်။ (တ. ၁၄:၁၅-၁၇) ဒါပေမဲ့ အသက်ဆက်ရှင်နိုင်ဖို့ အံ့ဖွယ်နည်းနဲ့တော့ လုပ်​မပေးဘူး။ အဲဒီအစား ကျန်းကျန်းမာမာ ဘုရား​အမှုဆောင်နိုင်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားဖို့ ဘုရား မျှော်လင့်တယ်။ (၂ ကောရိန္သု ၇:၁ ကို ဖတ်ပါ။) ဒါဆိုရင် သက်​ရှည်၊ ကျန်းမာ​အောင် ဘာကြောင့် နေ​သင့်​ကြောင်း၊ ဘယ်လို နေနိုင်​ကြောင်း ဆက်ဆွေးနွေးကြစို့။

အသက် ဆုလက်ဆောင်ကို တန်ဖိုးထားပါ

၃။ ကျန်းမာရေး ဂရုစိုက်​သင့်​တဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။

ကျန်းမာရေး ဂရုစိုက်​သင့်​တဲ့ အကြောင်းရင်း တစ်ခုကတော့ ယေဟောဝါ​အတွက် အတတ်နိုင်ဆုံး အမှုဆောင်​နိုင်ဖို့​ပါ။ (မာ. ၁၂:၃၀) “အသက်ရှင်နေတဲ့၊ သန့်ရှင်းတဲ့၊ ဘုရားသခင် လက်ခံနိုင်တဲ့ ပူဇော်သက္ကာ​အဖြစ် မိမိတို့ရဲ့ ကိုယ်ခန္ဓာ” ကို ကျွန်တော်တို့ ဆက်သချင်ကြတယ်။ ဒါကြောင့် ကျန်းမာရေး ထိခိုက်စေမယ့်​အရာတွေ ရှောင်ကြတယ်။ (ရော. ၁၂:၁) မှန်ပါတယ်၊ ကျန်းမာရေး ဂရုစိုက်​လို့ လုံးဝ မဖျားဘူးလို့တော့ အာမ,မခံနိုင်ဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံစံ ဖခင်​ဆီ​က အသက် ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ပြ​ချင်လို့ အတတ်နိုင်ဆုံး ကျန်းမာရေး ဂရုစိုက်​ကြတယ်။

၄။ ဘုရင် ဒါဝိဒ် ဘယ်လို စိတ်ပိုင်းဖြတ်ထားသလဲ။

“ကျွန်တော် သေဆုံးပြီး သင်္ချိုင်းတွင်း​ထဲ ဆင်းသွားလို့ကော ဘာအကျိုး​ရှိမှာလဲ။ မြေမှုန့်​ဟာ ကိုယ်တော့်ကို ချီးမွမ်း​နိုင်ပါ့မလား။ ကိုယ်တော့်​သစ္စာတရား​အကြောင်း ပြော​နိုင်ပါ့မလား” ဆိုပြီး ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထား​ရတဲ့ အကြောင်းရင်းကို ဘုရင် ဒါဝိဒ် ဖော်ပြတယ်။ (ဆာ. ၃၀:၉) ဒီစကားတွေကို သူ မသေဆုံးခင် ရေးခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ချီးမွမ်း​နိုင်အောင် တတ်​နိုင်သလောက် ကျန်းကျန်းမာမာ အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ကျွန်တော်တို့​အားလုံးလည်း ထပ်တူ ဆုံးဖြတ်​ကြ​မှာ သေချာပါတယ်။

၅။ ဘယ်လောက်ပဲ အသက်ကြီး၊ ဖျားနာ​ပါ​စေ ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။

အသက်အရွယ် ကြီးရင့်မှု၊ ဖျားနာမှု​ကြောင့် အရင်ကလောက် မလုပ်နိုင်တော့လို့ စိတ်ပျက်၊ ဝမ်းနည်း​မိ​နိုင်တယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကျန်းမာရေး ဆက်​ဂရုစိုက်​သင့်​တယ်။ ဘာကြောင့်လဲ။ ဘယ်လောက် အသက်ကြီး၊ ဖျားနာ​နေပါစေ ဘုရင် ဒါဝိဒ်လို​ပဲ ယေဟောဝါကို ဆက်​ချီးမွမ်း​နိုင်​လို့​ပါ။ အသက်ကြီး​သွား​ရင်တောင်၊ ဖျားနာ​နေ​ရင်တောင် ကျွန်တော်တို့ကို ဘုရား တန်ဖိုးထားကြောင်း သိရတာ စိတ်ထိမိ​စ​ရာ​ပါပဲ။ (မ. ၁၀:၂၉-၃၁) ကျွန်တော်တို့ သေဆုံး​သွား​ရင်တောင် ယေဟောဝါ ထမြောက်​ပေးပါလိမ့်မယ်။ (ယောဘ ၁၄:၁၄၊ ၁၅) ဒါပေမဲ့ အသက်ရှင်နေတုန်းတော့ ကျွန်တော်တို့ ကျန်းမာရေး ဂရုစိုက်ချင်ကြတယ်။ အသက်ကို ကာကွယ်​စောင့်ရှောက်ချင်ကြတယ်။

ကျန်းမာရေး ထိခိုက်စေတဲ့ အကျင့်တွေကို ရှောင်ပါ

၆။ စားတာ၊ သောက်တာ​နဲ့ပတ်သက်ပြီး ကျွန်တော်တို့​ဆီ​က ယေဟောဝါ ဘာ​မျှော်လင့်​သလဲ။

ကျမ်းစာဟာ ဆေး​ကျမ်း၊ အစားအသောက် လမ်းညွှန်​စာအုပ် မဟုတ်ပေမဲ့ ဒီ​ကဏ္ဍ​တွေ​နဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကို ဖော်ပြတယ်။ ဥပမာ၊ ခန္ဓာကိုယ်ကို ‘ထိခိုက်စေတဲ့ အရာတွေ​ကနေ ကာကွယ်’ ဖို့ ဘုရား တိုက်တွန်း​ထားတယ်။ (ဒေ. ၁၁:၁၀) စားကြူး​သောက်ကြူး​တာ အသက်​အန္တရာယ် ရှိလို့ ရှောင်ဖို့ ကျမ်းစာမှာ ပြောထားတယ်။ (ပညာ. ၂၃:၂၀) ဘာစားမယ်၊ ဘယ်လောက် စားမယ် ဆုံးဖြတ်ရာမှာ ချုပ်တည်းမှု ရှိဖို့ ယေဟောဝါ မျှော်လင့်တယ်။—၁ ကော. ၆:၁၂။ ၉:၂၅

၇။ ပညာအလိမ္မာ ၂:၁၁ မှာ ပါတဲ့ အကြံဉာဏ်က ကျန်းမာရေး​နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘယ်လို ကူညီပေးသလဲ။

စဉ်းစား​ဆင်ခြင်​နိုင်စွမ်း သုံးပြီး ဆုံးဖြတ်ခြင်းအားဖြင့် ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထား​လေးမြတ်ကြောင်း ပြနိုင်တယ်။ (ဆာ. ၁၁၉:၉၉၊ ၁၀၀။ ပညာအလိမ္မာ ၂:၁၁ ကို ဖတ်ပါ။) ဥပမာ၊ အစားအသောက် ရွေးချယ်တဲ့အခါ သေသေချာချာ စဉ်းစား​ကြတယ်။ ကိုယ်ကြိုက်တဲ့ အစားအစာ ဖြစ်နေရင်​တောင် ကျန်းမာရေး ထိခိုက်​စေတယ်​ဆိုရင် ရှောင်ကြတယ်။ ဒါ့အပြင် လုံလုံလောက်လောက် အိပ်စက်​တာ၊ လေ့ကျင့်ခန်း မှန်မှန် လုပ်တာ၊ တစ်ကိုယ်ရည် သန့်ရှင်း​မှု၊ အိမ်​သန့်ရှင်း​မှု ရှိတာကလည်း ကျန်းမာရေး​အတွက် အထောက်အကူပြုတယ်။

ဘေးကင်းအောင် နေပါ

၈။ ဘေးကင်းရေး​နဲ့​ပတ်သက်တဲ့ ဘုရားရဲ့​အမြင်ကို ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ။

အိမ်နဲ့ အလုပ်ခွင်မှာ ပြင်းထန်တဲ့ မတော်တဆမှု​တွေ မဖြစ်ဖို့ ကာကွယ်​ပေးတဲ့ လမ်းညွှန်ချက်တွေကို ပညတ်တရား​မှာ ဖော်ပြထားတယ်။ (ထွ. ၂၁:၂၈၊ ၂၉။ တရား. ၂၂:၈) ကိုယ့်​ကြောင့် မတော်တဆ လူသေသွားရင် ပြင်းထန်တဲ့ အကျိုးဆက်​တွေ ကြုံရ​မယ်။ (တရား. ၁၉:၄၊ ၅) မမွေးသေးတဲ့ ကလေးကို မတော်တဆ ထိခိုက်​မိရင်တောင် ပြစ်ဒဏ်ပေး​ခံရ​မယ်။ (ထွ. ၂၁:၂၂၊ ၂၃) ဘေးကင်းရေးကို ဘုရား ဦးစားပေး​စေချင်​တာ ထင်ရှားပါတယ်။

ဒီ​အခြေအနေတွေမှာ အသက်ကို လေးမြတ်ကြောင်း ဘယ်လို ပြနိုင်သလဲ (စာပိုဒ် ၉ ကို ကြည့်ပါ)

၉။ မတော်တဆ မဖြစ်ဖို့ ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

အိမ်နဲ့ အလုပ်ခွင်မှာ ဘေးကင်းအောင် လုပ်ဆောင်ခြင်းအားဖြင့် ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ကျွန်တော်တို့ ပြကြတယ်။ ဥပမာ၊ ချွန်ထက်​တဲ့ ပစ္စည်းတွေ၊ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတု​ပစ္စည်းတွေ၊ ဆေးဝါးတွေ​ကို ကလေးတွေ လက်လှမ်းမမီ​တဲ့ နေရာမှာ ထားကြတယ်။ ဘေးကင်းတဲ့​နည်းနဲ့ စွန့်ပစ်ကြတယ်။ မီးဖို သုံး​နေ​တယ်၊ ရေနွေးအိုး တည်ထား​တယ်၊ လျှပ်စစ်ပစ္စည်းတွေ သုံးနေတယ်ဆိုရင် အသုံးပြုလို့ မပြီးမချင်း နေရာကနေ ထွက်​မသွားကြ​ဘူး။ ဆေးသောက်ထားလို့၊ အရက်သောက်ထားလို့၊ အိပ်ရေးပျက်​ထားလို့ ခေါင်းမကြည်တဲ့အခါ ကား​မမောင်း​ကြ​ဘူး။ ကားမောင်း​ရင်း ဖုန်း​မ​သုံး​ကြ​ဘူး။

အရေးပေါ် အခြေအနေ ကြုံတဲ့အခါ

၁၀။ အသက်​အန္တရာယ် ရှိတဲ့ အခြေအနေတွေ မကြုံခင်နဲ့ ကြုံရချိန်​အတွင်း ဘာလုပ်နိုင်သလဲ။

၁၀ အသက်​အန္တရာယ် ရှိတဲ့ အခြေအနေတွေကို ရှောင်​လို့ မရတဲ့​အချိန်တွေ ရှိတတ်တယ်။ အထူးသဖြင့် သဘာဝဘေး၊ ကပ်ရောဂါ၊ အကြမ်းဖက်မှု​တွေ ကြုံရချိန်မှာ ဖြစ်တယ်။ အဲဒီအခါ အပြင်​မ​ထွက်​ရ အမိန့်​တွေ၊ ပြောင်းရွှေ့ဖို့ ညွှန်ကြားချက်​တွေ၊ အရေးပေါ် ကန့်သတ်ချက်တွေကို လိုက်နာခြင်းအားဖြင့် တတ်နိုင်သမျှ အထိအခိုက် နည်း​ဖို့၊ အသက်ဘေး​လွတ်ဖို့ ကြိုးစား​နိုင်တယ်။ (ရော. ၁၃:၁၊ ၅-၇) တချို့ ဘေးအန္တရာယ်တွေအတွက်ကျတော့ ကြိုတင်​ပြင်ဆင်ထားလို့ ရတယ်။ ဒါကြောင့် ဒေသခံ အာဏာပိုင်တွေ​ဆီ​က လာတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပါ။ ဥပမာ၊ ရေ၊ တာရှည်ခံ အစားအစာ၊ ဆေး​သေတ္တာ​တွေ ဆောင်ထား​ပါ။

၁၁။ ကျွန်တော်တို့ ဒေသမှာ ကူးစက်လွယ်​ရောဂါ ပျံ့နေတယ်ဆိုရင် ဘာလုပ်သင့်သလဲ။

၁၁ ကျွန်တော်တို့ ဒေသမှာ ကူးစက်လွယ်​ရောဂါ ပျံ့နေတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ လက်​ဆေး​တာ၊ ခပ်ခွာခွာ နေတာ၊ နှာခေါင်းစည်း တပ်​တာ၊ ကွာရန်တင်း ဝင်​တာ​လို​မျိုး အစိုးရ​က ထုတ်ပြန်​တဲ့ လမ်းညွှန်ချက်တွေကို လိုက်နာ​သင့်​တယ်။ ဒါက ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ပြရာ ရောက်တယ်။

၁၂။ အရေးပေါ် အခြေအနေ ကြုံတဲ့အခါ ပညာအလိမ္မာ ၁၄:၁၅ မှာ ပါတဲ့ မူက ဘယ်လို ကူညီပေးသလဲ။

၁၂ အရေးပေါ် အခြေအနေ ကြုံတဲ့အခါ မိတ်ဆွေ၊ အိမ်နီးချင်းတွေ​ကြားမှာ၊ မီဒီယာတွေ​မှာ မတိကျတဲ့ သတင်းတွေ ပြန့်နေနိုင်တယ်။ “ပြောသမျှ” ယုံမယ့်အစား အစိုးရ​နဲ့ ကျန်းမာရေး ဌာန​တွေ​ဆီ​က ယုံကြည်​စိတ်ချ​ရတဲ့ သတင်းတွေကို နားထောင်​သင့်​တယ်။ (ပညာအလိမ္မာ ၁၄:၁၅ ကို ဖတ်ပါ။) ဟောပြောခြင်းလုပ်ငန်း၊ အသင်းတော် အစည်းအဝေးတွေနဲ့ပတ်သက်ပြီး လမ်းညွှန်ချက် မပေးခင် တိကျတဲ့ သတင်း ရဖို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဌာနခွဲ​တွေ​က အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ (ဟီ. ၁၃:၁၇) အဲဒီ​လမ်းညွှန်ချက်တွေကို လိုက်နာရင် ကိုယ်တိုင်နဲ့ တခြားသူတွေ ဘေးကင်း​မယ်။ ရပ်ကွက်မှာ​လည်း အသင်းတော် နာမည်ကောင်း ပိုရလာမယ်။—၁ ပေ. ၂:၁၂

သွေး​ကို ရှောင်ကြဉ်ပါ

၁၃။ သွေး​ကိစ္စ ကြုံတဲ့အခါ ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ဘယ်လို ပြကြသလဲ။

၁၃ သွေး​ကို ယေဟောဝါ​သက်သေတွေ လေးမြတ်ကြောင်း တော်တော်​များများ သိထားကြတယ်။ အရေးပေါ် အခြေအနေ​ဆိုရင်တောင် သွေးမသွင်း​ခြင်းအားဖြင့် သွေးပညတ်​ကို ကျွန်တော်တို့ နာခံကြတယ်။ (တ. ၁၅:၂၈၊ ၂၉) အသက် ဆက်မရှင်ချင်လို့တော့ မဟုတ်ပါဘူး။ ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားလို့ပါ။ သွေး​မသွင်းပေမဲ့ သွေးမဲ့ ကုသ​ပေးဖို့ လိုလို​လားလား ရှိတဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ​ရဲ့ အကူအညီကို ရှာကြတယ်။

၁၄။ ကြီးကြီးမားမား ခွဲစိတ်​ကုသ​ရမယ့် အခြေအနေတွေ ဘယ်လို နည်း​သွား​နိုင်သလဲ။

၁၄ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ကျန်းမာရေး အကြံပြုချက်တွေ လိုက်လျှောက်​မယ်​ဆိုရင် ကြီးကြီးမားမား ခွဲစိတ်​ကုသ​ရမယ့် အခြေအနေတွေ နည်း​သွားမယ်။ ခွဲစိတ်ရရင်တောင် ခန္ဓာကိုယ် ကြံ့ခိုင်​နေ​တယ်​ဆိုရင် မြန်မြန် နလန်ထူလာမယ်။ အိမ်နဲ့ အလုပ်ခွင်မှာ ဘေးကင်းအောင် လုပ်ဆောင်မယ်၊ လမ်း​စည်းကမ်း လိုက်နာမယ်​ဆိုရင်လည်း အရေးပေါ် ခွဲစိတ်​ရတာတွေ နည်း​သွားမယ်။

အသက် ဆုလက်ဆောင်ကို တန်ဖိုးထားလို့ ကျွန်တော်တို့ သွေး​ကတ် ဖြည့်ပြီး ကိုယ်နဲ့မကွာ ဆောင်ထား​ကြတယ် (စာပိုဒ် ၁၅ ကို ကြည့်ပါ) d

၁၅။ (က) သွေး​ကတ်ကို ကိုယ်နဲ့မကွာ ဆောင်ထားဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။) (ခ) ဗီဒီယိုမှာ ဖော်ပြတဲ့​အတိုင်း သွေး​ကုထုံး​နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ဘယ်လို ချနိုင်သလဲ။

၁၅ အသက် ဆုလက်ဆောင်ကို ကျွန်တော်တို့ တန်ဖိုးထားလို့ သွေး​ကတ် (ကြိုတင် ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်) ဖြည့်ပြီး ကိုယ်နဲ့မကွာ ဆောင်ထား​ကြတယ်။ b သွေးသွင်းခြင်း၊ ဆေးကုသနည်း​တချို့နဲ့​ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ဆန္ဒ​ကို အဲဒီ​ကတ်​မှာ ဖော်ပြထားတယ်။ သင့်​မှာ သွေး​ကတ် ရှိသလား။ မရှိသေးဘူး ဒါမှမဟုတ် နောက်ဆုံး အချက်အလက်တွေ ဖြည့်​ဖို့ လိုနေတယ်​ဆိုရင် ချက်ချင်း ဖြည့်ပါ။ ကိုယ့်​ဆန္ဒ​ကို ရှင်းရှင်းလင်းလင်း ရေးထားတာက ဆေးကုသမှု နှောင့်နှေးတာ၊ ဆေးမှားကုတာ၊ ဆေးမှားပေးတာမျိုး မဖြစ်အောင် ကူညီပေးတယ်။ c

၁၆။ သွေး​ကတ် မ​ဖြည့်​တတ်​ဘူး​ဆိုရင် ဘာလုပ်နိုင်သလဲ။

၁၆ ငယ်ရွယ်သူ ဖြစ်စေ၊ ကျန်းမာရေး ကောင်းသူ ဖြစ်စေ ကျွန်တော်တို့​အားလုံး မတော်တဆ ဖြစ်နိုင်တယ်။ ဖျားနာ​နိုင်တယ်။ (ဒေ. ၉:၁၁) ဒါကြောင့် သွေး​ကတ် ဖြည့်​ထားတာ ပညာရှိရာ​ရောက်တယ်။ မ​ဖြည့်​တတ်​ဘူး​ဆိုရင် အသင်းတော် အကြီးအကဲတွေကို အကူအညီ တောင်းပါ။ ဘယ်လို ဖြည့်ရမယ်ဆိုတာ နားလည်အောင် ကူညီပေးကြ​မှာ ဖြစ်ပေမဲ့ သင့်​အစား ဆုံးဖြတ်ချက် ချပေးမှာတော့ မဟုတ်ဘူး။ ဒါ သင့်​တာဝန် ဖြစ်တယ်။ (ဂလ. ၆:၄၊ ၅) ဒါပေမဲ့ ကိုယ့်​ရွေးချယ်မှု​အကြောင်း နားလည်ဖို့၊ ကိုယ့်​ဆန္ဒတွေကို ချရေးထားဖို့ ကူညီပေးကြပါလိမ့်မယ်။

အကျိုးသင့်အကြောင်းသင့် ရှိပါ

၁၇။ ကျန်းမာရေး ကိစ္စတွေနဲ့ပတ်သက်ပြီး အကျိုးသင့်အကြောင်းသင့် ရှိကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၇ ကျန်းမာရေး၊ ဆေးကုသမှုတွေ​နဲ့​ပတ်သက်လာရင် ကျမ်းစာနဲ့ လေ့ကျင့်​ထားတဲ့ အမှားအမှန်​သိစိတ်နဲ့​အညီ ကျွန်တော်တို့ ဆုံးဖြတ်ကြတယ်။ (တ. ၂၄:၁၆။ ၁ တိ. ၃:၉) ဆုံးဖြတ်ချက် ချတဲ့အခါ၊ ဆုံးဖြတ်ချက်အကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ “ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့် သဘောကို လူတိုင်း သိမြင်စေပါ” ဆိုတဲ့ ဖိလိပ္ပိ ၄:၅ ကို သတိရပါ။ အကျိုးသင့်အကြောင်းသင့် ရှိရင် ကိုယ့်​ကျန်းမာရေး​နဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်​မှာ မဟုတ်သလို ကိုယ်​ဆုံးဖြတ်​သ​လို ဆုံးဖြတ်ဖို့ တခြားသူတွေကို ဖိအားပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ ဆုံးဖြတ်​ပုံ​ချင်း မ​တူ​ရင်တောင် ညီအစ်ကို/မတွေကို ချစ်ခင်​လေးစားကြတယ်။—ရော. ၁၄:၁၀-၁၂

၁၈။ အသက် ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၈ အသက်ကို ကာကွယ်​စောင့်ရှောက်​ခြင်း၊ အသက်ပင်ရင်း ယေဟောဝါဘုရားကို အကောင်းဆုံး ပေးဆက်ခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ ပြကြတယ်။ (ဗျာ. ၄:၁၁) လောလောဆယ်တော့ ဖျားနာမှု​တွေ၊ ဘေးအန္တရာယ်တွေ ကြုံကြရမယ်။ ဒါ ဖန်ဆင်းရှင်​ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။ မကြာခင် နာကျင်ခြင်း၊ သေခြင်း မရှိတဲ့ ထာဝရ​အသက် ပေးတော့မယ်။ (ဗျာ. ၂၁:၄) ဒီအတောအတွင်း ကျန်းကျန်းမာမာ ဘုရား​အမှုဆောင်နိုင်အောင် ဆက်ကြိုးစား​ကြရအောင်။

သီချင်း ၁၄၀ အဆုံးမဲ့ အသက်တာ ရောက်လာပြီ

a ဘုရားပေး အသက် ဆုလက်ဆောင်ကို ပို​တန်ဖိုးထား​လေးမြတ်​တတ်​ဖို့ ဒီဆောင်းပါး​က ကူညီပေးပါလိမ့်မယ်။ အရေးကြုံလာတဲ့အခါ ကျန်းမာ​နေ​အောင်၊ ဘေးကင်းအောင်၊ တတ်နိုင်သမျှ အထိအခိုက် နည်းအောင် ဘာလုပ်နိုင်သလဲ၊ အရေးပေါ် ကျန်းမာရေး​ကိစ္စ​အတွက် ဘယ်လို ပြင်ဆင်​ရမလဲ​ဆိုတာ ဆွေးနွေး​သွားပါမယ်။

b အဲဒီ​ကတ်ကို DPA လို့လည်း ခေါ်တယ်။

c သွေးနဲ့ပတ်သက်တဲ့ ကုသမှုမှာ ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

d ပုံအညွှန်း– လူငယ်ညီအစ်ကိုတစ်ယောက် သွေးကတ် ဖြည့်ပြီး ကိုယ်နဲ့မကွာ ဆောင်ထား။