မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၂

ဖန်ဆင်းရာတွေကတစ်ဆင့် ယေဟောဝါအကြောင်း ထပ်လေ့လာပါ

ဖန်ဆင်းရာတွေကတစ်ဆင့် ယေဟောဝါအကြောင်း ထပ်လေ့လာပါ

‘ဘုရားသခင်ကို မမြင်ရပေမဲ့ ဖန်ဆင်းထား​ရာတွေကို ကြည့်ပြီး ဘုရားသခင်ရဲ့ အရည်အသွေးတွေအကြောင်း လောကကို ဖန်ဆင်း​ချိန်​ကတည်းက အထင်အရှား သိမြင်နိုင်တယ်။’—ရော. ၁:၂၀

သီချင်း ၆ ဘုရား​ဘုန်းတော် ကောင်းကင် ကြေညာ

အကြို​သုံးသပ်ချက် a

၁။ ဘယ်လိုနည်းနဲ့ ယေဟောဝါအကြောင်း ယောဘ ပိုသိ​လာသလဲ။

 ဘဝ​တစ်လျှောက် လူများစွာ​နဲ့ ယောဘ စကားပြောခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါဘုရားနဲ့ စကားပြောခဲ့ရတာကတော့ အထူးခြားဆုံး​ပဲ။ ယေဟောဝါက မိမိ ဉာဏ်ပညာ ကြီးမား​တယ်၊ ကျေးကျွန်တွေကို စောင့်ရှောက်​ပေးနိုင်တယ်ဆိုတာ ယောဘ ပိုယုံကြည်​စိတ်ချလာဖို့ အံ့ဖွယ် ဖန်ဆင်း​ရာ​တချို့​အကြောင်း ပြောပြတယ်။ ဥပမာ၊ တိရစ္ဆာန်​တွေ​ကို ဂရုစိုက်​သ​လို ယောဘကိုလည်း ဂရုစိုက်​စောင့်ရှောက်​မှာ ဖြစ်ကြောင်း စိတ်ချစေတယ်။ (ယောဘ ၃၈:၃၉-၄၁။ ၃၉:၁၊ ၅၊ ၁၃-၁၆) ဖန်ဆင်းရာတွေ​အကြောင်း စဉ်းစားရင်း ဘုရားရဲ့ အရည်အသွေးတွေအကြောင်း ယောဘ အများကြီး သိလာတယ်။

၂။ ဖန်ဆင်းရာတွေကို လေ့လာဖို့ ဘာကြောင့် ခက်နိုင်သလဲ။

ကျွန်တော်တို့လည်း ဖန်ဆင်းရာတွေကို လေ့လာခြင်းအားဖြင့် ဘုရားအကြောင်း ပိုသိလာနိုင်တယ်။ အဲဒီလို​လေ့လာဖို့ အမြဲတော့ မလွယ်ဘူး။ မြို့ကြီးပြကြီး​မှာ နေတယ်​ဆိုရင် သဘာဝ​နဲ့ အထိအတွေ့ နည်းနိုင်တယ်။ သဘာဝ​နဲ့ နီးစပ်​တဲ့​နေရာမှာ နေတယ်​ဆိုရင်တောင် လေ့လာဖို့ အချိန်​မရှိတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဖန်ဆင်းရာတွေကို လေ့လာဖို့ အချိန်နဲ့ ခွန်အား စိုက်ထုတ်​တာ ဘာကြောင့် အကျိုး​ရှိကြောင်း၊ ဖန်ဆင်းရာတွေ သုံးပြီး ယေဟောဝါနဲ့ ယေရှု ဘယ်လို သွန်သင်ပေး​ကြောင်း၊ သဘာဝတရား​ကနေ ထပ်လေ့လာဖို့ ဘာလုပ်နိုင်ကြောင်း ဆွေးနွေးကြစို့။

ဖန်ဆင်းရာတွေကို ဘာကြောင့် လေ့လာ​သင့်

တိရစ္ဆာန်​တွေ​ကို နာမည်​ပေးဖို့ အာဒံ​ကို ယေဟောဝါ တာဝန်​ပေး။ အာဒံ​ကို ဖန်ဆင်းရာတွေ​ကနေ ပျော်ရွှင်မှု ရစေချင်​တာ ထင်ရှား (စာပိုဒ် ၃ ကို ကြည့်ပါ)

၃။ ယေဟောဝါက အာဒံ​ကို ဖန်ဆင်းရာတွေ​ကနေ ပျော်ရွှင်မှု ရစေချင်ကြောင်း ဘယ်လို သိနိုင်သလဲ။

ယေဟောဝါက ပထမ လူသား အာဒံ​ကို ဖန်ဆင်းရာတွေ​ကနေ ပျော်ရွှင်မှု ရစေချင်တယ်။ လှပတဲ့ ဥယျာဉ်မှာ နေ​ရင်း ဥယျာဉ်​ကို ထွန်ယက်​စိုက်ပျိုး၊ ချဲ့ထွင်​ဖို့ တာဝန်ပေးတယ်။ (က. ၂:၈၊ ၉၊ ၁၅) မျိုးစေ့တွေ အညှောက် ပေါက်လာတာ၊ ပန်းတွေ ပွင့်လာတာကို ကြည့်ပြီး အာဒံ ဘယ်လောက် စိတ်​လှုပ်ရှား​ခဲ့မယ်​ဆိုတာ မြင်ယောင်​ကြည့်ပါ။ ဧဒင်​ဥယျာဉ်​ကို ထိန်းသိမ်း​စောင့်ရှောက်​ရတာ တကယ့် အခွင့်ထူး​ပါပဲ။ ဒါ့အပြင် တိရစ္ဆာန်​တွေ​ကို နာမည်​ပေးဖို့လည်း တာဝန်ရတယ်။ (က. ၂:၁၉၊ ၂၀) ယေဟောဝါ​ကိုယ်တိုင် နာမည်​ပေးလို့ ရပေမဲ့ အာဒံ​ကို ပေးခိုင်းတယ်။ နာမည် မပေးခင် တိရစ္ဆာန်​တစ်ကောင်​ချင်း​စီ​ရဲ့ ထူးခြားတဲ့ လက္ခဏာ၊ အပြုအမူတွေကို သေသေချာချာ လေ့လာခဲ့​ရမှာပဲ။ ဒီလို​လေ့လာရတာကို အာဒံ နှစ်သက်မှာ၊ ကောင်းကင်ဘုံစံ ဖခင်​ရဲ့ ဉာဏ်ပညာ၊ လက်ရာမြောက်​မှု၊ ဖန်တီး​နိုင်စွမ်း​တွေ​ကို ပိုသိ​လာမှာ သေချာတယ်။

၄။ (က) ဖန်ဆင်းရာတွေကို လေ့လာ​သင့်​တဲ့ အကြောင်းရင်း တစ်ခုက ဘာလဲ။ (ခ) ဘယ်​ဖန်ဆင်းခြင်း လက်ရာတွေ​အတွက် သင် အထူး ကျေးဇူးတင်​လေးမြတ်​သလဲ။

ဖန်ဆင်းရာတွေကို လေ့လာ​သင့်​တဲ့ အကြောင်းရင်း တစ်ခုက ဘာလဲ။ ယေဟောဝါ လေ့လာစေချင်လို့ပါ။ “ကောင်းကင်ကို မော့​ကြည့်လိုက်ပါဦး။ အဲဒါတွေကို ဘယ်သူ ဖန်ဆင်းသလဲ” လို့ ယေဟောဝါ မေးတယ်။ အဖြေ​က ရှင်းနေပါတယ်။ (ဟေရှာ. ၄၀:၂၆) ကျွန်တော်တို့ လေ့လာ​နိုင်ဖို့ ကောင်းကင်၊ မြေကြီးနဲ့ ပင်လယ်မှာ အပြည့် ဖန်ဆင်း​ပေးထားတယ်။ (ဆာ. ၁၀၄:၂၄၊ ၂၅) ကျွန်တော်တို့ကို ဘုရား ဖန်ဆင်းထားပုံ​ကိုလည်း စဉ်းစားကြည့်ပါ။ ဖန်ဆင်း​ရာ အမျိုးမျိုးကို ပျော်မွေ့​ခံစား​နိုင်ဖို့ အ​ကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့​ဆိုတဲ့ အာရုံ​ငါးပါး​ကို ထည့်သွင်း​ဖန်ဆင်း​ပေးထားတယ်။

၅။ ရောမ ၁:၂၀ အရ ဖန်ဆင်းရာတွေကို လေ့လာခြင်းကနေ ဘာအကျိုးရသလဲ။

ဖန်ဆင်းရာတွေကို လေ့လာ​သင့်​တဲ့ နောက်​အကြောင်းရင်းကတော့ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း သိစေ​လို့​ပါ။ (ရောမ ၁:၂၀ ကို ဖတ်ပါ။) ဥပမာ၊ သဘာဝတရား​မှာ တွေ့ရတဲ့ အံ့ဖွယ် ဒီဇိုင်း​တွေ​က ဘုရားရဲ့ ဉာဏ်ပညာကို ပေါ်လွင်​စေတယ်။ အစားအစာ မျိုးစုံ ဖန်ဆင်း​ပေးထားတာ​က ဘုရားရဲ့ မေတ္တာကို ပေါ်လွင်​စေတယ်။ ဖန်ဆင်းထား​ရာတွေကို ကြည့်ပြီး ယေဟောဝါရဲ့ အရည်အသွေးတွေကို အထင်အရှား မြင်လာတဲ့အခါ ဘုရားအကြောင်း ပိုသိလာတယ်။ ဘုရားနဲ့ ပိုရင်းနှီးအောင် လုပ်ဖို့ လှုံ့ဆော်​ခံရတယ်။ အခု၊ ဖန်ဆင်းရာတွေ သုံးပြီး အရေးကြီး သင်ခန်းစာ​တွေ ယေဟောဝါ သင်ပေး​ပုံ​အကြောင်း လေ့လာ​ကြည့်ကြစို့။

ဖန်ဆင်းရာတွေ သုံးပြီး မိမိ​အကြောင်း ယေဟောဝါ သွန်သင်ပေး

၆။ နေရာ​ပြောင်း ငှက်​တွေ​ကို ကြည့်ပြီး ဘာသင်ယူနိုင်သလဲ။

ယေဟောဝါဟာ အချိန် သတ်မှတ်​ရှင် ဖြစ်တယ်။ နှစ်စဉ် ဖေဖော်ဝါရီလ​ကုန်​နဲ့ မေလလယ်အတွင်း မြောက်​အရပ်​ကို ငှက်ကျား​တွေ ပြောင်းရွှေ့​တာ အစ္စရေးတွေ တွေ့ရ​တတ်တယ်။ “ကောင်းကင်ပေါ်​က ငှက်ကျား​တောင် ရာသီ​ချိန်​ကို သိတယ်” လို့ ဘုရား ပြောတယ်။ (ယေ. ၈:၇) ဒီ​ငှက်​တွေ​အတွက် ယေဟောဝါ အချိန် သတ်မှတ်ထားသလို တရားစီရင်​ရာ​နေ့​အတွက် အချိန် သတ်မှတ်ထားတယ်။ ဒါကြောင့် ဆိုးညစ်တဲ့ စနစ် အဆုံးတိုင်​ဖို့ ယေဟောဝါ အချိန် “သတ်မှတ်ထား” ကြောင်း နေရာ​ပြောင်း​ငှက်​တွေ တွေ့တိုင်း သတိရပါ။—ဟဗ. ၂:၃

၇။ ငှက်တွေရဲ့ ပျံသန်း​ပုံ​ကို ကြည့်ပြီး ဘာသင်ယူနိုင်သလဲ။ (ဟေရှာယ ၄၀:၃၁)

ကျေးကျွန်တွေကို ယေဟောဝါ ခွန်အားပေးတယ်။ စိတ်ပျက်​အားငယ်​နေတဲ့ ကျေးကျွန်တွေကို “လင်းယုန်​လို တောင်ပံဖြန့်ပြီး ပျံဝဲ” နိုင်အောင် ခွန်အားပေးမယ်​လို့ ဟေရှာယကတစ်ဆင့် ယေဟောဝါ ကတိပေးတယ်။ (ဟေရှာယ ၄၀:၃၁ ကို ဖတ်ပါ။) တောင်ပံ သိပ်ခတ်စရာ မလိုဘဲ လေဟုန်စီးရင်း ပျံဝဲ​နေတဲ့ လင်းယုန်​တွေ​ကို အစ္စရေးတွေ မြင်ဖူး​ကြတယ်။ ဒီ​ငှက်​တွေ​ကို ယေဟောဝါ ခွန်အား​ပေးသလို ကျေးကျွန်တွေကိုလည်း ခွန်အားပေးနိုင်တယ်။ ဒါကြောင့် တောင်ပံ သိပ်မခတ်ဘဲ မြင့်သည်ထက် မြင့်အောင် ပျံသန်းနေတဲ့ ငှက်ကြီး​တစ်ကောင်ကို မြင်​တိုင်း ပြဿနာတွေ ကျော်လွှား​ဖို့ သင့်ကို ယေဟောဝါ ခွန်အားပေးနိုင်တယ်ဆိုတာ သတိရပါ။

၈။ ဖန်ဆင်းရာတွေ​အကြောင်း စဉ်းစားရင်း ယောဘ ဘာသိလာသလဲ။ ကျွန်တော်တို့ ဘာ​သိနိုင်သလဲ။

ယေဟောဝါကို ယုံကြည်​စိတ်ချနိုင်တယ်။ မိမိ​အပေါ် ယုံကြည်စိတ်ချမှု တိုးများလာဖို့ ယောဘကို ယေဟောဝါ ကူညီပေးတယ်။ (ယောဘ ၃၂:၂။ ၄၀:၆-၈) ကြယ်တွေ၊ တိမ်တွေ၊ လျှပ်စီး​တွေ အပါအဝင် ဖန်ဆင်း​ရာ အမျိုးမျိုး​အကြောင်း၊ မြင်း၊ နွား​ရိုင်း​စတဲ့ တိရစ္ဆာန်​တွေ​အကြောင်း ယောဘကို ပြောပြတယ်။ (ယောဘ ၃၈:၃၂-၃၅။ ၃၉:၉၊ ၁၉၊ ၂၀) ဒီ​အရာအားလုံးဟာ ဘုရားရဲ့ အံ့ဖွယ်​တန်ခိုး၊ မေတ္တာ၊ ဉာဏ်ပညာ ကြီးမားမှု​ရဲ့ သက်သေတွေ​ပါပဲ။ ယေဟောဝါဘုရားနဲ့ စကားပြောပြီးနောက် ဘုရားကို ယောဘ ပိုယုံကြည်စိတ်ချလာတယ်။ (ယောဘ ၄၂:၁-၆) ကျွန်တော်တို့လည်း ဖန်ဆင်းရာတွေကို လေ့လာတဲ့အခါ ယေဟောဝါဟာ ဉာဏ်ပညာ၊ တန်ခိုး ကြီးမားကြောင်း၊ အခက်အခဲ​အားလုံးကို အဆုံးတိုင်​ပေးနိုင်​ကြောင်း၊ အဆုံးတိုင်​ပေးတော့​မှာ ဖြစ်ကြောင်း သိလာရတယ်။ ဒါက ယေဟောဝါအပေါ် ယုံကြည်စိတ်ချမှု ပို​တိုးများ​စေတယ်။

ဖန်ဆင်းရာတွေ သုံးပြီး ဖခင်အကြောင်း ယေရှု သွန်သင်ပေး

၉-၁၀။ နေရောင်ခြည်​နဲ့ မိုး​ကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။

သဘာဝတရား​အကြောင်း ယေရှု ကောင်းကောင်း သိတယ်။ စကြဝဠာ​ကို ဖခင် ဖန်ဆင်း​ချိန်​မှာ “ကျွမ်းကျင်​လုပ်သား” အဖြစ် ကူညီခဲ့တယ်။ (ပညာ. ၈:၃၀) နောက်ပိုင်း၊ မြေကြီးပေါ် ရှိနေချိန် ဖန်ဆင်းရာတွေ သုံးပြီး ဖခင်အကြောင်း တပည့်တွေကို သင်ပေးတယ်။ ယေရှု သင်ပေးတဲ့ သင်ခန်းစာ​တချို့​အကြောင်း လေ့လာ​ကြည့်ကြစို့။

၁၀ ယောက်တိုင်းအပေါ် ယေဟောဝါ မေတ္တာ​ပြတယ်။ လူတွေ သိပ်​အလေး​မထားတဲ့ ဖန်ဆင်း​ရာ နှစ်မျိုးကို သုံးပြီး တောင်ပေါ် တရားတော်​မှာ တပည့်တွေကို ယေရှု သင်ပေးတယ်။ နေရောင်ခြည်​နဲ့ မိုး​ပါ။ နှစ်ခုစလုံး ကျွန်တော်တို့ အသက်ဆက်ရှင်​ဖို့ မရှိမဖြစ် လိုအပ်တယ်။ ယေဟောဝါက မိမိကို ဝတ်ပြုသူ​တွေ​အပေါ် ကွက်ပြီး နေ​ထွက်​စေ၊ မိုးရွာ​စေ​လို့ ရတယ်။ ဒါပေမဲ့ လူတိုင်း​အပေါ် နေ​ထွက်​စေ၊ မိုးရွာ​စေတယ်။ (မ. ၅:၄၃-၄၅) လူအားလုံးအပေါ် ယေဟောဝါ မေတ္တာ​ပြစေချင်ကြောင်း ဒီ​သင်ခန်းစာ သုံးပြီး တပည့်တွေကို ယေရှု သင်ပေးတယ်။ ဒါကြောင့် အံ့ဩမိန်းမောဖွယ် နေဝင်​ဆည်းဆာကို ရှုစား​ရတိုင်း၊ လန်းဆန်းစေတဲ့​မိုး ရွာသွန်း​တာကို မြင်​တိုင်း ယေဟောဝါရဲ့ ဘက်မလိုက်​တဲ့ မေတ္တာ​အကြောင်း တွေးတောပါ။ ဒါက လူတိုင်းကို ဟောပြောခြင်းအားဖြင့် ယေဟောဝါရဲ့ မေတ္တာကို တုပ​ဖို့ လှုံ့ဆော်​ပေးနိုင်တယ်။

၁၁။ ငှက်​တွေ​ကို ကြည့်ပြီး ဘယ်လို ခွန်အားယူနိုင်သလဲ။

၁၁ ရုပ်ပိုင်း လိုအပ်ရာတွေကို ယေဟောဝါ ဖြည့်ဆည်းပေးတယ်။ “ငှက်​တွေ​ကို အာရုံစိုက်​ကြည့်လိုက်ပါ။ သူတို့က မျိုးစေ့ကြဲ​တာ၊ ရိတ်သိမ်း​တာ၊ ကျီထဲ စုသိမ်း​တာ​တွေ မလုပ်ကြဘူး။ ဒါပေမဲ့ ကောင်းကင်​အဖ​က သူတို့ကို ကျွေးမွေး​ထားတာ​ပဲ” လို့ တောင်ပေါ် တရားတော်​မှာ ယေရှု ဆက်ပြောတယ်။ “ခင်ဗျားတို့​ဟာ အဲဒီ​ငှက်​တွေ​ထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား” လို့ ယေရှု မေးလိုက်​ချိန် ကောင်းကင်မှာ ငှက်​တွေ ပျံသန်း​သွားတာကို ပရိသတ်​တွေ မြင်ရနိုင်တယ်။ (မ. ၆:၂၆) ကျွန်တော်တို့ရဲ့ ရုပ်ပိုင်း လိုအပ်ရာတွေကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတဲ့ မေတ္တာပါ အာမခံချက်​ပါပဲ။ (မ. ၆:၃၁၊ ၃၂) ဒီ​သင်ခန်းစာ​က သစ္စာရှိ ကျေးကျွန်တွေအတွက် အားပေးမှု ဖြစ်နေဆဲပါပဲ။ စပိန်​နိုင်ငံက ရှေ့ဆောင် ညီအစ်မငယ်​တစ်ယောက် အိမ်ရှာ​ရ ခက်​လို့ စိတ်ဓာတ်ကျနေတယ်။ ဒါပေမဲ့ အစေ့​အဆန်​တွေ၊ ဘယ်ရီသီး​တွေ​ကို ငှက်​တွေ စားနေတာ မြင်ပြီး အားပြန်တက်လာတယ်။ “ဒီ​ငှက်​တွေ​ကို ယေဟောဝါ ဂရုစိုက်​တယ်​ဆိုရင် ကျွန်မကိုလည်း ဂရုစိုက်​မှာ​ပဲ” လို့ ပြောတယ်။ တကယ်လည်း သိပ်မကြာခင်မှာပဲ နေစရာ ရှာတွေ့သွားတယ်။

၁၂။ မဿဲ ၁၀:၂၉-၃၁ အရ စာငှက်​တွေ​ဆီကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။

၁၂ တစ်ယောက်ချင်းစီ​ကို ယေဟောဝါ တန်ဖိုးထားတယ်။ ဟောပြောဖို့ တမန်တော်တွေကို မ​စေလွှတ်​ခင် ဆန့်ကျင်သူတွေကို မကြောက်ဖို့ ယေရှု ပြင်ဆင်​ပေးတယ်။ (မဿဲ ၁၀:၂၉-၃၁ ကို ဖတ်ပါ။) အစ္စရေး​ဒေသမှာ အတွေ့​အများဆုံး စာငှက်​အကြောင်း ပြောပြတယ်။ စာငှက်​တွေ​ဟာ တန်ဖိုး သိပ်မရှိဘူး။ ဒါပေမဲ့ ‘အဖ​ဘုရား မသိဘဲ​နဲ့ အဲဒီ​စာငှက် တစ်ကောင်​မှ မြေပေါ် မကျဘူး။ ခင်ဗျားတို့​ဟာ စာငှက်​လေး​တွေ​ထက် ပိုတန်ဖိုးရှိပါတယ်’ လို့ ယေရှု ပြောတယ်။ တစ်ယောက်ချင်းစီ​ကို ယေဟောဝါ တန်ဖိုးထားတာမို့ နှိပ်စက်​ညှဉ်းပန်းမှု​ကို ကြောက်ဖို့ မလိုကြောင်း တပည့်တွေကို ယုံကြည်​စိတ်ချစေတယ်။ ဒါကြောင့် မြို့တွေ၊ ရွာတွေမှာ ဟောပြော​ရင်း စာငှက်​တွေ မြင်​တိုင်း ယေရှုရဲ့​စကားကို တပည့်တွေ အမှတ်ရ​ကြ​မှာ​ပဲ။ သင်လည်း ငှက်​ကလေးတွေ မြင်​တိုင်း “စာငှက်​လေး​တွေ​ထက် ပို​တန်ဖိုး​ရှိ” တဲ့ သင့်ကို ယေဟောဝါ တန်ဖိုးထားကြောင်း သတိရပါ။ ဆန့်ကျင်မှု​တွေ​ကို ဘုရား​အကူအညီနဲ့ မကြောက်မရွံ့ ရင်ဆိုင်​နိုင်ပါတယ်။—ဆာ. ၁၁၈:၆

ဖန်ဆင်းရာတွေ​က​တစ်ဆင့် ဘုရားအကြောင်း ထပ်​လေ့လာ​နိုင်​ပုံ

၁၃။ ဖန်ဆင်းရာတွေ​ကနေ သင်ယူဖို့ ဘာလုပ်နိုင်သလဲ။

၁၃ ဖန်ဆင်းရာတွေ​ကနေ ယေဟောဝါအကြောင်း အများကြီး ထပ်​သင်ယူနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ဖန်ဆင်းရာတွေကို လေ့လာဖို့ အချိန်ယူပါ။ ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ​ဆိုတာ တွေးတောပါ။ အဲဒီလို​တွေးတော​ဖို့ အမြဲတော့ မလွယ်ဘူး။ ကင်မရွန်း​နိုင်ငံမှာ နေတဲ့ ညီအစ်မ ဂျရယ်ဒင်း​က “မြို့မှာ ကြီးပြင်းလာတာ​ဆိုတော့ သဘာဝတရားကို လေ့လာဖို့​ဆိုရင် အားထုတ်​မှ ရမယ်ဆိုတာ သတိထားမိတယ်” လို့ ပြောတယ်။ အကြီးအကဲ ညီအစ်ကို အယ်လ်ဖွန်ဆို​ကလည်း “ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို တစ်ယောက်တည်း အေးအေးဆေးဆေး လေ့လာဖို့၊ တွေးတော​ဆင်ခြင်​ဖို့ သတ်သတ်မှတ်မှတ် အချိန် ဖယ်​ထားရမယ်ဆိုတာ ကျွန်တော် သိလာတယ်” လို့ ပြောတယ်။

ပတ်ဝန်းကျင်​မှာ ရှိတဲ့ ဖန်ဆင်းရာတွေကို ကြည့်ပြီး ယေဟောဝါအကြောင်း ဒါဝိဒ် တွေးတော​နေ (စာပိုဒ် ၁၄ ကို ကြည့်ပါ)

၁၄။ ဖန်ဆင်းရာတွေ​အကြောင်း တွေးတော​ပြီး ဒါဝိဒ် ဘာသိလာသလဲ။

၁၄ ဘုရားရဲ့ ဖန်ဆင်းရာတွေ​အကြောင်း ဒါဝိဒ် လေးလေးနက်နက် တွေးတော​တယ်။ “လက်ရာတော် ဖြစ်တဲ့ ကောင်းကင်ကို၊ ဖန်ဆင်းထားတဲ့ လ​မင်းနဲ့ ကြယ်စင်​တွေ​ကို မြင်တဲ့အခါ သေမျိုး ဖြစ်တဲ့​လူဟာ ဘာမို့လို့ ကိုယ်တော် အောက်မေ့​နေ​ရတာလဲ” လို့ ပြောတယ်။ (ဆာ. ၈:၃၊ ၄) ည​ကောင်းကင်ယံကို ဒါဝိဒ် ငေးမောရုံလောက်ပဲ မဟုတ်ဘူး။ ကြယ်တွေ​ဆီကနေ ဘုရားအကြောင်း ဘာသင်ယူနိုင်သလဲ​ဆိုပြီး တွေးတော​တယ်။ ဒီလိုနဲ့ ယေဟောဝါ ဘယ်လောက် ကြီးမြတ်​ကြောင်း သိလာတယ်။ သန္ဓေသား​ဘဝနဲ့ မိခင်​ဝမ်းထဲမှာ မိမိ ကြီးထွား​လာ​ပုံ​အကြောင်းလည်း တွေးတော​တယ်။ အံ့ဖွယ် ဖန်ဆင်း​ခံထားရ​ပုံ​ကို စဉ်းစားမိ​ပြီး ယေဟောဝါရဲ့ ဉာဏ်ပညာ​အတွက် ကျေးဇူးတင်​လေးမြတ်စိတ် တိုးများလာတယ်။—ဆာ. ၁၃၉:၁၄-၁၇

၁၅။ ဖန်ဆင်းရာတွေ​မှာ အထင်အရှား မြင်နိုင်​တဲ့ ယေဟောဝါရဲ့ အရည်အသွေး​တချို့ကို ဥပမာ ပေးပါ။ (ဆာလံ ၁၄၈:၇-၁၀)

၁၅ တွေးတော​စ​ရာ ဖန်ဆင်းရာတွေကို ဝေးဝေးလံလံ ရှာ​စရာ မလိုပါဘူး။ ဒါဝိဒ်လို​ပဲ ပတ်ဝန်းကျင်​မှာ ရှိတဲ့ ဖန်ဆင်းရာတွေကို ကြည့်တဲ့အခါ ယေဟောဝါရဲ့ အရည်အသွေးတွေကို အထင်အရှား မြင်နိုင်တယ်။ ဥပမာ၊ နေရောင်ခြည် အနွေးဓာတ်​ကို ခံစား​မိ​တဲ့အခါ ယေဟောဝါရဲ့ တန်ခိုး​အကြောင်း စဉ်းစား​နိုင်တယ်။ (ယေ. ၃၁:၃၅) ငှက်​တွေ အသိုက်​ဆောက်နေတာ တွေ့တဲ့အခါ ဘုရားရဲ့ ဉာဏ်ပညာအကြောင်း တွေးတော​နိုင်တယ်။ ခွေး​ကလေး​တစ်ကောင် ကိုယ့်​အမြီး​ကိုယ် ပတ်ကိုက်နေတာ တွေ့တဲ့အခါ ဘုရားရဲ့ ဟာသ​ဉာဏ်​အကြောင်း စဉ်းစား​နိုင်တယ်။ ကလေးကို ချော့မြှူနေတဲ့ မိခင်​ကို တွေ့တဲ့အခါ ဘုရားရဲ့ မေတ္တာ​အတွက် ကျေးဇူးတင်​နိုင်တယ်။ ကြီးကြီး​ငယ်ငယ်၊ နီးနီးဝေးဝေး ဖန်ဆင်း​ရာ​အားလုံး ယေဟောဝါကို ချီးမွမ်း​နေ​ကြ​လို့ သင်ယူစရာ​ချည်းပါပဲ။—ဆာလံ ၁၄၈:၇-၁၀ ကို ဖတ်ပါ။

၁၆။ ဘာလုပ်ဖို့ သင် စိတ်ပိုင်းဖြတ်ထားသင့်သလဲ။

၁၆ ယေဟောဝါဘုရားဟာ ဉာဏ်ပညာ၊ မေတ္တာ၊ တန်ခိုး ကြီးမား​တယ်။ ဖန်ဆင်း​ရာ​တိုင်း လက်ရာမြောက်​တယ်။ ပတ်ဝန်းကျင်​မှာ ရှိတဲ့ ဖန်ဆင်းရာတွေကို အသေအချာ ကြည့်တဲ့အခါ ဘုရားရဲ့ အဲဒီ​အရည်အသွေးတွေ​အပြင် တခြား​အရည်အသွေးတွေကို​ပါ ကျွန်တော်တို့ သိလာရတယ်။ ဒါကြောင့် ဖန်ဆင်းရာတွေကို ပျော်မွေ့​ခံစားဖို့၊ ယေဟောဝါအကြောင်း တွေးတော​ဖို့ အချိန်ယူ​သင့်​တယ်။ ဒါဆိုရင် ဖန်ဆင်းရှင်​နဲ့ ပိုရင်းနှီး​လာ​ပါလိမ့်မယ်။ (ယာ. ၄:၈) ယေဟောဝါနဲ့ သားသမီးတွေ ပိုရင်းနှီး​လာဖို့ ဖန်ဆင်းရာတွေ သုံးပြီး မိဘတွေ ဘယ်လို သင်ပေးနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

သီချင်း ၅ ဘုရားသခင့် အံ့ဖွယ်​အမှုတော်များ

a ယေဟောဝါဘုရားရဲ့ ဖန်ဆင်းခြင်း လက်ရာတွေ​ဟာ အံ့ဩ​မိန်းမော​စ​ရာ ကောင်းတယ်။ စွမ်းအား ကြီးမားတဲ့ နေ​က​အစ နူးညံ့​လှတဲ့ ပန်းပွင့်ဖတ်တွေအထိ လက်ရာ​အားလုံး အံ့ဩစရာ​ပါပဲ။ ဖန်ဆင်းရာတွေ​ကနေ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း အများကြီး သင်ယူနိုင်တယ်။ ဖန်ဆင်းရာတွေကို ဘာကြောင့် အချိန်ယူ လေ့လာ​သင့်​ကြောင်း၊ အဲဒီလို​လေ့လာတာက ဘုရားနဲ့ ပိုရင်းနှီး​လာဖို့ ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။