မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁၉၂၃—လွန်ခဲ့တဲ့ နှစ်တစ်ရာ

၁၉၂၃—လွန်ခဲ့တဲ့ နှစ်တစ်ရာ

“၁၉၂၃ ခုနှစ်ဟာ စိတ်လှုပ်ရှားစရာ နှစ်တစ်နှစ် ဖြစ်မယ်လို့ မျှော်လင့်တယ်။ . . . ခေတ်ကောင်း ရောက်တော့မယ့်အကြောင်း အဖိနှိပ်ခံလူတွေကို ပြောပြရတာ အခွင့်ထူးပဲ” ဆိုပြီး ၁၉၂၃၊ ဇန်နဝါရီ ၁ ကင်းမျှော်စင် မှာ ဖော်ပြတယ်။ ၁၉၂၃ ခုနှစ်အတွင်း ကျမ်းစာကျောင်းသားတွေဟာ အစည်းအဝေး၊ အစည်းအဝေးကြီး၊ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားစရာ အပြောင်းအလဲတွေ လုပ်ခဲ့ကြတယ်။ ဒါကြောင့် ပိုစည်းလုံးလာကြတယ်။

အစည်းအဝေးတွေကြောင့် ပိုစည်းလုံးလာ

ကျမ်းပိုဒ်နဲ့ သီချင်း နံပါတ်တွေ ပါတဲ့ ပြက္ခဒိန်

ကျမ်းစာကျောင်းသားတွေ ပိုစည်းလုံးလာဖို့ အဲဒီနှစ်မှာ အပြောင်းအလဲတချို့ အဖွဲ့အစည်း လုပ်တယ်။ ပတ်စဉ် ဆုတောင်းချီးမွမ်း အစည်းအဝေးမှာ ဆွေးနွေးတဲ့ ကျမ်းပိုဒ် ရှင်းပြချက်တွေကို ကင်းမျှော်စင် မှာ စထည့်တယ်။ အစည်းအဝေးမှာ ပတ်စဉ် ဆွေးနွေးမယ့် ကျမ်းပိုဒ်တွေ၊ ကိုယ်ပိုင် လေ့လာမှု၊ မိသားစု လေ့လာမှုမှာ ဆိုဖို့ တစ်ရက်စီအတွက် သီချင်းတွေ ပါတဲ့ ပြက္ခဒိန် ထုတ်တယ်။

အစည်းအဝေးမှာ “သက်သေခံချက်” အပိုင်း ရှိတယ်။ တချို့က အမှုဆောင်လုပ်ငန်း အတွေ့အကြုံ၊ ယေဟောဝါကို ကျေးဇူးတင်မိတဲ့ အချက်တစ်ခုခု ပြောတယ်။ တချို့က သီချင်း ဆိုတယ်။ ထဆုတောင်းတဲ့သူတောင် ရှိတယ်။ “သက်သေခံချင်တယ်ဆိုရင် မတ်တတ်ရပ်ပြီး ‘သခင့်ကောင်းမြတ်မှုအားလုံးအတွက် ကျေးဇူးတင်စကား ပြောချင်ပါတယ်’ စသဖြင့် အစချီ ပြောရတယ်” လို့ ၁၉၂၃၊ အသက် ၁၅ နှစ်မှာ နှစ်ခြင်းခံတဲ့ ညီအစ်မ အီဗာ ဘာနီ ပြောပြတယ်။ သက်သေခံရတာ တအား ကြိုက်တဲ့ ညီအစ်ကိုတွေ ရှိတယ်။ “ညီအစ်ကိုကြီး ဂါ့ဒဝင်ဆိုရင် သခင့်ကို ကျေးဇူးတင်စရာတွေ ကုန်ကို မကုန်ဘူး။ အစည်းအဝေး ကိုင်တဲ့ ညီအစ်ကို စိတ်မရှည်တော့တဲ့ပုံ ပေါက်လာတာ ဇနီးဖြစ်သူ သတိထားမိလို့ အင်္ကျီစ လှမ်းဆွဲမှပဲ ထိုင်တော့တယ်” လို့ ညီအစ်မ ဘာနီ ပြောတယ်။

အသင်းတော်တိုင်းမှာ အထူး ဆုတောင်းချီးမွမ်း၊ သက်သေခံတဲ့ အစည်းအဝေး တစ်လ တစ်ခါ လုပ်တယ်။ “အစည်းအဝေးချိန် တစ်ဝက်လောက်က အမှုဆောင်လုပ်ငန်း အတွေ့အကြုံ ပြောပြဖို့၊ လုပ်ဖော်ဆောင်ဖက်တွေကို အားပေးဖို့ ဖြစ်တယ်။ . . . အားရှိစရာ ဒီအစည်းအဝေးတွေကြောင့် ညီအစ်ကို/မတွေ ပိုရင်းနှီးလာမယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး ၁၉၂၃၊ ဧပြီ ၁ ကင်းမျှော်စင် မှာ ဖော်ပြတယ်။

ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့က ၁၉ နှစ်အရွယ် ကြေညာသူ ညီအစ်ကို ချားလ်စ် မာတင်ဟာ ဒီလိုအစည်းအဝေးတွေကနေ အကျိုး အများကြီး ရလာတယ်။ “အမှုဆောင်လုပ်ငန်း အတွေ့အကြုံတွေ အစည်းအဝေးမှာ မကြာခဏဆိုသလို ကြားရတယ်။ တစ်အိမ်တက်ဆင်း သွားရင် ဘာပြောရမလဲ၊ ကန့်ကွက်စကား အမျိုးမျိုးကို ဘယ်လို တုံ့ပြန်ရမလဲဆိုတာ အဲဒီကနေ စသိလာတာ” လို့ မာတင် ပြောတယ်။

ဟောပြောခြင်းကြောင့် ပိုစည်းလုံးလာ

၁၉၂၃၊ မေ ၁ ဘူလ်လတင်

“အမှုဆောင်နေ့တွေ” ကြောင့်လည်း ပိုစည်းလုံးလာတယ်။ ၁၉၂၃၊ ဧပြီ ၁ ကင်းမျှော်စင် မှာ ဒီကြေညာချက် ပါတယ်– “လုပ်ငန်းတစ်ခုတည်းကိုပဲ စည်းစည်းလုံးလုံး ဝိုင်းလုပ်ဖို့ ရည်ရွယ်ချက်နဲ့ . . . ၁၉၂၃၊ မေ ၁၊ အင်္ဂါနေ့ကို စုပေါင်း အမှုဆောင်နေ့အဖြစ် သတ်မှတ်လိုက်ပါတယ်။ နောက်ပိုင်း၊ လတိုင်းရဲ့ ပထမ အင်္ဂါနေ့ကို အမှုဆောင်နေ့အဖြစ် သတ်မှတ်သွားပါမယ်။ . . . အသင်းတော်တိုင်းက ကြေညာသူတိုင်း တစ်တပ်တစ်အား ပါဝင်သင့်တယ်။”

လူငယ် ကျမ်းစာကျောင်းသားတွေတောင် အမှုဆောင်မှာ ပါဝင်ကြတယ်။ အဲဒီတုန်းက အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ညီအစ်မ ဟေဇယ် ဘားဖာ့ ဒီလိုပြောတယ်– “အလွတ်ကျက်ဖို့ စကားစမြည် ပြောဆိုနိုင်ပုံ နမူနာ တွေ ဘူလ်လတင် မှာ ပါတယ်။ a အမှုဆောင် အသွင်အပြင်အားလုံးမှာ အဘိုးနဲ့ အင်တိုက်အားတိုက် ပါဝင်တယ်။” ဒါပေမဲ့ ထင်မထားတဲ့သူတစ်ယောက် ဆန့်ကျင်တာ ကြုံရတယ်။ “ကျွန်မ အမှုဆောင် မလိုက်သင့်ဘူးလို့ သက်ကြီး ညီအစ်ကိုတစ်ယောက် အကျောက်အကန် ပြောတယ်။ ကြီးမြတ်တဲ့ ဖန်ဆင်းရှင်ကို ‘ပျိုရွယ်သူ အမျိုးသားအမျိုးသမီး’ မကျန် ကျမ်းစာကျောင်းသားအားလုံး ချီးမွမ်းသင့်တယ်ဆိုတာ အဲဒီတုန်းက တချို့ သဘောမပေါက်ကြဘူး။” (ဆာ. ၁၄၈:၁၂၊ ၁၃) ဒါပေမဲ့ ညီအစ်မ ဘားဖာ့ ဆက်ဟောတယ်။ နောက်တော့ ဒုတိယအကြိမ်မြောက် ဂိလဒ်သင်တန်း တက်ပြီး ပနားမားနိုင်ငံမှာ သာသနာပြု သွားလုပ်ရတယ်။ အမှုဆောင်မှာ လူငယ်တွေ ပါဝင်တာနဲ့ပတ်သက်ပြီး ညီအစ်ကိုတွေ တဖြည်းဖြည်း သဘောထား ပြောင်းလာကြတယ်။

အစည်းအဝေးကြီးတွေကြောင့် ပိုစည်းလုံးလာ

အစည်းအဝေးကြီးတွေကြောင့်လည်း ပိုစည်းလုံးလာတယ်။ အစည်းအဝေးကြီး တော်တော်များများမှာ နေ့တစ်နေ့ကို အမှုဆောင်နေ့အဖြစ် သတ်မှတ်တယ်။ ဥပမာ၊ ကနေဒါနိုင်ငံ၊ ဝီနီပက်မြို့ အစည်းအဝေးကြီးတစ်ခုအတွင်း တက်ရောက်သူအားလုံး မတ် ၃၁ ရက်နေ့၊ အဲဒီမြို့မှာ လိုက်ဟောဖို့ ဖိတ်ခေါ်ခံရကြတယ်။ ဒီလို အထူး အမှုဆောင်နေ့တွေမှာ လူအများကြီးနဲ့ ဆုံခွင့် ရပြီး ရလဒ်ကောင်းတွေ ရကြတယ်။ ဝီနီပက်မြို့မှာပဲ ဩဂုတ် ၅ ရက်မှာ ကျင်းပတဲ့ နောက်ထပ် အစည်းအဝေးကြီးကို လူ ၇,၀၀၀ လောက် လာတက်ကြတယ်။ အဲဒီတုန်းက ကနေဒါမှာ ကျင်းပတဲ့ အစည်းအဝေးကြီးတွေထဲမှာ တက်ရောက်သူ အများဆုံး အစည်းအဝေးကြီးပဲ။

၁၉၂၃၊ ဩဂုတ် ၁၈ ကနေ ၂၆ အတွင်း ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျလစ်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးကြီးဟာ ယေဟောဝါလူမျိုးအတွက် အထူးခြားဆုံးပဲ။ အစည်းအဝေးကြီးအကြောင်း အပတ်နဲ့ချီ ကြိုပြီး သတင်းစာမှာ ကြော်ငြာ ထည့်ကြတယ်။ လက်ကမ်းစာစောင် ၅၀၀,၀၀၀ ကျော် ဝေကြတယ်။ အများသုံး ယာဉ်တွေ၊ ကိုယ်ပိုင်ကားတွေမှာ ကြော်ငြာစာတန်း ကပ်ကြတယ်။

၁၉၂၃၊ လော့စ် အိန်ဂျလစ်မြို့၊ ကျမ်းစာကျောင်းသားတွေရဲ့ အစည်းအဝေးကြီး

ဩဂုတ် ၂၅၊ စနေနေ့မှာ “သိုးနှင့် ဆိတ်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ညီအစ်ကို ရပ်သဖော့ ဟောတယ်။ “သိုး” ဆိုတာ မြေကြီး ပရဒိသုမှာ အသက်ရှင်မယ့် စိတ်ရင်းမှန်သူတွေ ဖြစ်ကြောင်း ရှင်းပြတယ်။ “သတိပေးချက်” လို့ အမည်ရတဲ့ သန္နိဋ္ဌာန်တစ်ရပ် ဖတ်ပြတယ်။ အမည်ခံ ခရစ်ယာန်ဘာသာ ဘာလဲဆိုတာ ဖော်ထုတ်ပြီး “မဟာဗာဗုလုန်” ကနေ ထွက်ဖို့ စိတ်ရိုးဖြောင့်သူတွေကို တိုက်တွန်းတယ်။ (ဗျာ. ၁၈:၂၊) ဒီအကြောင်း ရေးထားတဲ့ ဝေစာ သန်းချီကို ဇွဲထက်သန်တဲ့ ကျမ်းစာကျောင်းသားတွေ နောက်ပိုင်းမှာ ကမ္ဘာတစ်ဝန်း ဝေကြတယ်။

“အစည်းအဝေးတွေကြောင့် ညီအစ်ကို/မတွေ ပိုရင်းနှီးလာမယ်”

“တိုင်းနိုင်ငံအားလုံး အာမဂေဒုန်သို့ ချီတက်နေသော်လည်း ယနေ့ အသက်ရှင်သူ လူသန်းပေါင်းများစွာ ဘယ်တော့မျှ မသေတော့” ဆိုတဲ့ ညီအစ်ကို ရပ်သဖော့ရဲ့ ဟောပြောချက်ကို အစည်းအဝေးကြီး နောက်ဆုံးရက်မှာ လူ ၃၀,၀၀၀ ကျော် လာနားထောင်ကြတယ်။ လူအများကြီး လာနားထောင်မယ်ဆိုတာ မှန်းထားပြီးသား ဖြစ်လို့ ဆောက်ပြီးခါစ လော့စ် အိန်ဂျလစ် အားကစားရုံကြီးကို ကျမ်းစာကျောင်းသားတွေ ငှားထားကြတယ်။ လူတိုင်း ကြားနိုင်အောင် ခန်းမကျယ်သုံး အသံချဲ့စက် စနစ် သုံးကြတယ်။ အဲဒီခေတ် အတိုင်းအတာနဲ့ဆိုရင် ခေတ်မီတယ် ပြောရမယ်။ ရေဒီယိုကနေ နားထောင်သူတွေလည်း အများကြီး ရှိတယ်။

နိုင်ငံတကာသို့ တိုးချဲ့ခြင်း

၁၉၂၃ ခုနှစ်မှာ အာဖရိက၊ ဥရောပ၊ အိန္ဒိယနဲ့ တောင်အမေရိကမှာ ဟောပြောခြင်းလုပ်ငန်း သိသိသာသာ ကျယ်ပြန့်လာတယ်။ အိန္ဒိယနိုင်ငံက ညီအစ်ကို အေ ဂျေ ဂျိုးဇက်ဟာ ဇနီးနဲ့ သားသမီး ခြောက်ယောက်ကို ကြည့်ရှုစောင့်ရှောက်ရင်း တစ်ဖက်မှာ ဟင်ဒီ၊ တမီလ်၊ တယ်လဂူ၊ အူရ်ဒူစကားတွေနဲ့ စာပေတွေ ထုတ်ဖို့ ကူညီပေးတယ်။

ဝီလျံ အာ ဘရောင်းတို့ မိသားစု

နယူးယောက်၊ ဘရွတ်ကလင် ကမ္ဘာ့ဌာနချုပ်ကို ဆီရာလီယွန်နိုင်ငံက ကျမ်းစာကျောင်းသား အဲဖရက် ဂျိုးဇက်နဲ့ လန်းနက် ဘလက်မန်း စာရေးပြီး အကူအညီ တောင်းတယ်။ တောင်းထားတဲ့ အကူအညီကို ၁၉၂၃၊ ဧပြီ ၁၄ မှာ ရတယ်။ “စနေည တစ်ညမှာ မျှော်လင့်မထားတဲ့ ဖုန်း ဝင်လာတယ်” လို့ အဲဖရက် ပြောတယ်။ “ဟောပြောသူတွေ လွှတ်ပေးဖို့ ကင်းမျှော်စင်အသင်းကို စာရေးတာ ခင်ဗျားလား” ဆိုတဲ့ အသံအောအောကြီး ဖုန်းထဲကနေ ကြားလိုက်ရတယ်။ “ဟုတ်ပါတယ်” လို့ ဖြေတော့ “ကျွန်တော်က သူတို့ လွှတ်လိုက်တဲ့သူပဲ” တဲ့။ အသံပိုင်ရှင်က ဝီလျံ အာ ဘရောင်းပါ။ အဲဒီနေ့မှာပဲ ဇနီး အန်တိုနီယာ၊ သမီးငယ် လူးဝစ္စ၊ လူစီတို့နဲ့ ကရစ်ဘီယံကျွန်းစုကနေ ရောက်လာကြတာ။ ညီအစ်ကို ဘရောင်းတို့ မိသားစုနဲ့ တွေ့ဖို့ ညီအစ်ကိုတွေ သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး။

“နောက်တစ်နေ့မနက် လန်းနက်နဲ့ ကျွန်တော် ခါတိုင်း အပတ်တွေလိုပဲ ကျမ်းစာ ဆွေးနွေးနေတုန်း ဒေါင်ကောင်းကောင်း အမျိုးသားတစ်ယောက် တံခါးဝ ရောက်လာတယ်။ ညီအစ်ကို ဘရောင်းပေါ့။ အမှန်တရားအတွက် ထက်သန်လိုက်ပုံများ နောက်တစ်နေ့ ဟောပြောချက် တန်းပေးချင်နေတာ” လို့ အဲဖရက် ပြောတယ်။ ယူလာတဲ့ စာပေအားလုံးလည်း တစ်လ မပြည့်ခင်မှာပဲ ညီအစ်ကို ဘရောင်း ဝေလို့ ကုန်သွားတယ်။ စာအုပ် ၅,၀၀၀ ထပ်မှာတယ်။ သိပ်မကြာဘူး၊ လိုနေပြန်ရော။ ဒါပေမဲ့ စာအုပ် လိုက်ရောင်းတဲ့သူဆိုပြီး နာမည်မတွင်ဘူး။ ကျမ်းစာ ဘရောင်းဆိုပြီး နာမည်တွင်တယ်။ ယေဟောဝါအတွက် ဇွဲရှိရှိ အမှုဆောင်တဲ့ ဘဝတစ်လျှောက် ဟောတဲ့ပြောတဲ့အခါ ကျမ်းစာ တွင်တွင် သုံးလို့ပဲ။

၁၉၂၃ ဝန်းကျင်က မက်ဒီဘာ့ဂ် ဗေသလ

အဲဒီအတောအတွင်း ဂျာမနီနိုင်ငံ၊ ဘားမန်းမြို့က ဌာနခွဲရုံးမှာ လူကျပ်လာတာရယ်၊ မြို့ထဲ ပြင်သစ် စစ်တပ် ကျူးကျော်လာမယ်လို့ ကြားတာရယ်ကြောင့် နေရာပြောင်းဖို့ ညီအစ်ကိုတွေ ဆုံးဖြတ်ကြတယ်။ ပုံနှိပ်လုပ်ငန်းအတွက် သင့်တော်ပုံရတဲ့ မက်ဒီဘာ့ဂ်မြို့က အိမ်ရာတစ်ခု ရှာတွေ့သွားကြတယ်။ ဇွန် ၁၉ ရက်မှာ ပုံနှိပ်စက်တွေ၊ တခြားပစ္စည်းပစ္စယတွေ လက်စသတ် ထုပ်ပိုးပြီး မက်ဒီဘာ့ဂ်မြို့က ဗေသလအသစ်ကို ပြောင်းကြတယ်။ ပြောင်းရွှေ့ပြီးသွားပြီဆိုတာ ကမ္ဘာ့ဌာနချုပ်ကို သတင်းပို့ပြီး နောက်တစ်နေ့မှာပဲ ဘားမန်းမြို့ကို ပြင်သစ်တွေ သိမ်းလိုက်တဲ့အကြောင်း သတင်းစာမှာ ပါလာတယ်။ ယေဟောဝါရဲ့ ကာကွယ်စောင်မမှုအတွက် ညီအစ်ကိုတွေ သိပ်ကျေးဇူးတင်ကြတယ်။

ဂျော့ချ် ယန်းနဲ့ စဲရာ ဖာကဆန် (ညာ) တို့ ညီအစ်မ

သတင်းကောင်း ပျံ့နှံ့ဖို့ ခရီးတွေ အများကြီး သွားတဲ့ ညီအစ်ကို ဂျော့ချ် ယန်း ဘရာဇီးနိုင်ငံ ရောက်လာပြီး ဌာနခွဲအသစ် ဖွင့်တယ်။ ပေါ်တူဂီစကားနဲ့ ကင်းမျှော်စင် စထုတ်တယ်။ လအနည်းငယ်အတွင်း စာပေ ၇,၀၀၀ ကျော် ဝေတယ်။ ဘရားဇီးကို ညီအစ်ကို ယန်း ရောက်လာတာ ညီအစ်မ စဲရာ ဖာကဆန်အတွက် ကောင်းချီးပဲ။ ညီအစ်မ ဖာကဆန်ဟာ ၁၈၉၉ ခုနှစ်ကတည်းက ကင်းမျှော်စင် တွေ ဖတ်နေတာ။ ဆက်ကပ်အပ်နှံပြီးပေမဲ့ နှစ်ခြင်းခံခွင့် မရသေးဘူး။ ဒါပေမဲ့ ညီအစ်ကို ယန်း ရောက်လာပြီး လအနည်းငယ်အကြာမှာ ညီအစ်မ ဖာကဆန်ကော သားသမီး လေးယောက်ပါ နှစ်ခြင်းခံနိုင်ခဲ့ကြတယ်။

“ဇွဲနပဲနဲ့ ပျော်ပျော်ရွှင်ရွှင် ရှေ့ကို လှမ်း”

အပြောင်းအလဲတွေ လုပ်လိုက်လို့ ကျမ်းစာကျောင်းသားတွေ ပိုစည်းလုံးလာတဲ့အကြောင်း ၁၉၂၃၊ ဒီဇင်ဘာ ၁၅ ကင်းမျှော်စင် မှာ “အသင်းတော်တွေ ယုံကြည်ခြင်း ခိုင်မာလာတာ အထင်အရှား မြင်ရတယ်။ . . . ၁၉၂၄ မှာ စောင့်ကြိုနေတဲ့ အလုပ်တွေအတွက် အသင့်ပြင်ထားကြရအောင်။ ဇွဲနပဲနဲ့ ပျော်ပျော်ရွှင်ရွှင် ရှေ့ကို လှမ်းကြရအောင်” လို့ ဖော်ပြထားတယ်။

၁၉၂၄ ခုနှစ်ဟာလည်း ကျမ်းစာကျောင်းသားတွေအတွက် စိတ်လှုပ်ရှားစရာ နှစ်တစ်နှစ်ပါပဲ။ ဘရွတ်ကလင် ဌာနချုပ်ကနေ သွားရင် ခဏလေးနဲ့ ရောက်တဲ့ စတက်တင် အိုင်းလန်းမြို့က မြေကွက်မှာ ဗေသလ ညီအစ်ကိုတွေ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု လနဲ့ချီ လုပ်ကြတယ်။ ၁၉၂၄ နှစ်ဆန်းပိုင်းမှာပဲ အဆောက်အအုံသစ်တွေ ဆောက်ပြီးသွားတယ်။ တစ်ခါနဲ့မှ မတူအောင် ညီအစ်ကို အသင်းအပင်း ပိုစည်းလုံးလာတယ်။ သတင်းကောင်း ပိုပျံ့နှံ့လာတယ်။

စတက်တင် အိုင်းလန်းမြို့ ဆောက်လုပ်ရေးအဖွဲ့

a လက်ရှိ ခရစ်ယာန် အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်း စာစောင်။