မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၂

သင် “နာခံဖို့ အသင့်ရှိ” သလား

သင် “နာခံဖို့ အသင့်ရှိ” သလား

“အထက်က လာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ . . . နာခံဖို့ အသင့်ရှိတယ်။”—ယာ. ၃:၁၇

သီချင်း ၁၀၁ စည်းလုံးစွာ လုပ်ဆောင်ခြင်း

အကြိုသုံးသပ်ချက် a

၁။ နာခံဖို့ ဘာကြောင့် ခက်နိုင်သလဲ။

 နာခံဖို့ တစ်ခါတလေ ခက်သလား။ “စိတ်ပါလက်ပါ နာခံချင်စိတ် ရှိအောင် လှုံ့ဆော်ပေးပါ” လို့ ဘုရင် ဒါဝိဒ် ဆုတောင်းတယ်။ (ဆာ. ၅၁:၁၂) ယေဟောဝါဘုရားကို ချစ်ပေမဲ့ နာခံဖို့ ခက်တဲ့အချိန်တွေ ရှိလို့ပဲ။ ကျွန်တော်တို့လည်း နာခံဖို့ ခက်တဲ့အချိန်တွေ ရှိနိုင်တယ်။ ဘာကြောင့်လဲ။ ပထမ၊ ကလန်ကဆန် လုပ်ချင်စိတ်ဟာ မွေးရာပါ ဖြစ်နေလို့။ ဒုတိယ၊ ယေဟောဝါကို မိမိလို ပုန်ကန်ဖို့ စာတန် မပြတ် လှုံ့ဆော်နေလို့။ (၂ ကော. ၁၁:၃) တတိယ၊ “နာခံမှု မရှိသူတွေဆီမှာ ရှင်သန်လှုပ်ရှားနေ” တဲ့ ကလန်ကဆန် စိတ်ဓာတ် ကျွန်တော်တို့ဝန်းကျင်မှာ ပျံ့နေလို့ပါ။ (ဧ. ၂:၂) ဒါကြောင့် ယေဟောဝါဘုရားနဲ့ ဘုရား အခွင့်အာဏာ ပေးထားသူတွေကို နာခံနိုင်ဖို့ဆိုရင် ကိုယ်တိုင်ရဲ့ အပြစ်လုပ်ချင်တဲ့ ဆန္ဒ၊ စာတန်နဲ့ ဒီလောကရဲ့ ဖိအားကို ကြိုးစားတိုက်လှန်မှ ရမယ်။

၂။ “နာခံဖို့ အသင့်ရှိတယ်” ဆိုတာ ဘာလဲ။ (ယာကုပ် ၃:၁၇)

ယာကုပ် ၃:၁၇ ကို ဖတ်ပါ။ ဉာဏ်ပညာ ရှိသူတွေဟာ “နာခံဖို့ အသင့်ရှိတယ်” လို့ ကျမ်းရေးသူ ယာကုပ် ပြောတယ်။ ဘာကို ဆိုလိုသလဲ။ ယေဟောဝါ အခွင့်အာဏာ ပေးထားသူတွေကို စိတ်ပါလက်ပါ၊ ကြည်ကြည်သာသာ နာခံချင်တာကို ဆိုလိုတယ်။ မိမိပညတ် ချိုးဖောက်ဖို့ တောင်းဆိုသူတွေကိုတော့ ယေဟောဝါ မနာခံစေချင်ဘူး။—တ. ၄:၁၈-၂၀

၃။ အခွင့်အာဏာ ရှိသူတွေကို နာခံတာ ယေဟောဝါအမြင်မှာ ဘာကြောင့် အရေးကြီးသလဲ။

လူထက် ယေဟောဝါကို နာခံရတာ ပိုလွယ်တယ်။ ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေ အမြဲ ပြည့်ဝစုံလင်တာကိုး။ (ဆာ. ၁၉:၇) လူတွေကျတော့ မစုံလင်ဘူး။ ဒါပေမဲ့ မစုံလင်သူ မိဘ၊ အစိုးရ အာဏာပိုင်၊ အကြီးအကဲတွေကို ကောင်းကင်ဘုံစံ အဖ အခွင့်အာဏာ အတော်အတန် ပေးထားတယ်။ (ပညာ. ၆:၂၀။ ၁ သက်. ၅:၁၂။ ၁ ပေ. ၂:၁၃၊ ၁၄) သူတို့ကို နာခံတာ ယေဟောဝါကို နာခံတာပဲ။ ဘဝင်မကျတဲ့၊ မလိုက်နာချင်တဲ့ လမ်းညွှန်ချက် ပေးလာရင်တောင် ဘယ်လို နာခံနိုင်ကြောင်း လေ့လာကြရအောင်။

မိဘကို နာခံပါ

၄။ သားသမီး တော်တော်များများ မိဘစကား ဘာကြောင့် နားမထောင်ကြသလဲ။

ခရစ်ယာန် လူငယ်တွေရဲ့ ရွယ်တူ တော်တော်များများ “မိဘစကား နားမထောင်” ကြဘူး။ (၂ တိ. ၃:၁၊ ၂) ဘာကြောင့်လဲ။ မိဘတွေ ပုံစံက ‘ငါ ပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့’ ဆိုတဲ့ ပုံစံ ဖြစ်နေလို့ အပြောနဲ့ အလုပ် မညီဘူး၊ မတရားဘူးလို့ ခံစားကြရတယ်။ တချို့ကျတော့ မိဘ ပေးတဲ့ အကြံ ခေတ်နောက်ကျနေပြီ၊ အသုံးမဝင်ဘူး၊ ချုပ်ချယ်လွန်းတယ်လို့ မြင်ကြတယ်။ ဒါကြောင့် “ဘုရားသခင့် အလိုတော်နဲ့အညီ မိဘကို နာခံကြပါ။ ဒါဟာ ဘုရားသခင်ရဲ့ အမြင်မှာ ဖြောင့်မှန်တယ်” ဆိုတဲ့ ဘုရားပညတ်ကို နာခံဖို့ ခက်နေကြတာ။ (ဧ. ၆:၁) သင်ဟာ လူငယ်တစ်ယောက်ဆိုရင် အဲဒီလို ခံစားနေရသလား။ နာခံတတ်ဖို့ ဘာက ကူညီပေးမလဲ။

၅။ မိဘကို နာခံတဲ့နေရာမှာ ယေရှု ဘာကြောင့် စံနမူနာကောင်း ဖြစ်သလဲ။ (လုကာ ၂:၄၆-၅၂)

နာခံတတ်ဖို့ အကောင်းဆုံး စံနမူနာရှင် ယေရှုဆီကနေ သင်ယူနိုင်တယ်။ (၁ ပေ. ၂:၂၁-၂၄) ယေရှု စုံလင်ပေမဲ့ မိဘတွေ မစုံလင်ကြဘူး။ မိဘတွေ အမှားလုပ်မိတဲ့အချိန်၊ ကိုယ့်ကို နားလည်မှု လွဲတဲ့အချိန်မှာတောင် ယေရှု ရိုသေလေးစားတယ်။ (ထွ. ၂၀:၁၂) အသက် ၁၂ နှစ်တုန်းက အဖြစ်အပျက်ကို စဉ်းစားကြည့်ပါ။ (လုကာ ၂:၄၆-၅၂ ကို ဖတ်ပါ။) ဂျေရုဆလင်မြို့ကအပြန် ယေရှု ပါမလာတာ မိဘတွေ သတိမထားမိကြဘူး။ တကယ်ဆိုရင် အတူတူ ပြန်မယ့် အုပ်စုထဲ ကိုယ့်ကလေးတွေ စုံမစုံ စစ်ရမှာ ယောသပ်နဲ့ မာရိရဲ့ တာဝန်။ ယေရှုကို ရှာတွေ့တော့ ဘာလို့ ကျန်ခဲ့တာလဲဆိုပြီး မာရိ ဆူတယ်။ တော်တော် မတရားတာပဲဆိုပြီး ယေရှု ပြန်ထောက်လို့ ရပေမဲ့ လေးလေးစားစား ပြန်ဖြေတယ်။ ဒါပေမဲ့ မိဘတွေ “သူ ပြောတာကို နားမလည်ကြဘူး။” ဘာပဲဖြစ်ဖြစ် ယေရှု “မိဘစကားကို အမြဲ နာခံတယ်။”

၆-၇။ မိဘကို နာခံဖို့ လူငယ်တွေကို ဘာက ကူညီပေးမလဲ။

လူငယ်တို့၊ မိဘ အမှား လုပ်တဲ့အခါ ဒါမှမဟုတ် ကိုယ့်ကို နားလည်မှု လွဲတဲ့အခါ နာခံဖို့ ခက်သလား။ နာခံဖို့ ဘာက ကူညီပေးမလဲ။ ဦးဆုံး၊ ယေဟောဝါ ဘယ်လို ခံစားရမလဲ စဉ်းစားပါ။ “သခင် နှစ်သက်တယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကော. ၃:၂၀) သင့်ကို မိဘတွေ နားမလည်တဲ့အချိန်၊ ကတ်သီးကတ်သတ် စည်းကမ်းတွေ ထုတ်တဲ့အချိန် ရှိနိုင်မှန်း ယေဟောဝါ သိတယ်။ ဘာပဲဖြစ်ဖြစ် မိဘစကား သင် နားထောင်တဲ့အခါ ယေဟောဝါ ပျော်တယ်။

ဒုတိယ၊ မိဘ ဘယ်လို ခံစားရမလဲ စဉ်းစားပါ။ သူတို့ သိပ်ပျော်ကြမှာ။ သင့်ကို ပိုယုံလာကြမှာ။ (ပညာ. ၂၃:၂၂-၂၅) သင်လည်း မိဘနဲ့ ခပ်တန်းတန်း မဖြစ်တော့ဘူး။ “မိဘစကား နားထောင်လိုက်တော့ ဆက်ဆံရေး ပိုကောင်းလာတယ်။ ပိုလည်း ပျော်လာတယ်” လို့ ဘယ်လ်ဂျီယံနိုင်ငံက ညီအစ်ကို အလက်ဇန်းဒါး ပြောတယ်။ b တတိယ၊ ရေရှည် ဘာအကျိုးရမလဲ စဉ်းစားပါ။ “မိဘကို နာခံတတ်လာတာနဲ့အမျှ ယေဟောဝါနဲ့ အခွင့်အာဏာ ရှိသူတွေကို နာခံဖို့ ပိုလွယ်လာတယ်” လို့ ဘရာဇီးနိုင်ငံက ညီအစ်ကို ပေါ်လို ပြောတယ်။ မိဘစကား နားထောင်မှသာ “ကောင်းစားလိမ့်မယ်၊ ကမ္ဘာမြေပေါ်မှာ အသက်ရှည်ရှည် နေနိုင်လိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (ဧ. ၆:၂၊ ၃) မိဘစကား နားထောင်သင့်တဲ့ အကြောင်းကောင်းပါပဲ။

၈။ လူငယ်များစွာ မိဘစကား ဘာကြောင့် နားထောင်ကြသလဲ။

မိဘစကား နားထောင်တာ အကျိုးရှိကြောင်း လူငယ်များစွာ သိလာကြတယ်။ ရွယ်တူတွေမှာ ဖုန်းကိုယ်စီ ရှိပေမဲ့ တော်တော်ကြာတဲ့အထိ ကိုယ့်ကို မိဘတွေ ဖုန်းပေးမသုံးလို့ ဘရာဇီးနိုင်ငံက ညီအစ်မ လူဝီဇာ နားလည်ရ ခက်ခဲ့တယ်။ ဒါပေမဲ့ မိဘတွေ ကာကွယ်ပေးနေတာ ဖြစ်မှန်း သဘောပေါက်လာတယ်။ “မိဘတွေရဲ့ စည်းကမ်းဟာ လက်ထိတ် မဟုတ်ဘဲ ကားထိုင်ခုံ ခါးပတ်နဲ့ တူတယ်။ အန္တရာယ်ကနေ ကာကွယ်ပေးလို့ပဲ” လို့ ပြောတယ်။ အမေရိကန် ပြည်ထောင်စုက ညီအစ်မငယ် အဲလီဇဘက်ဟာ မိဘစကား နားထောင်ဖို့ ခက်တဲ့အချိန်တွေ ရှိတုန်းပဲ။ “မိဘတွေ စည်းကမ်း ထုတ်ရတဲ့ အကြောင်းရင်း ကျွန်မ ကောင်းကောင်း နားမလည်တဲ့အခါ အရင်က မိဘစကား နားထောင်လို့ အကာအကွယ် ရခဲ့တာကို ပြန်စဉ်းစားလိုက်တယ်” လို့ ပြောတယ်။ မိဘကို အာခံမနေဘဲ နာခံတဲ့အခါ ရလဒ်ကောင်း အမြဲ ရတယ်လို့ အာမေးနီးယားနိုင်ငံက ညီအစ်မ မော်နီကာ ပြောတယ်။

“အထက်အာဏာပိုင်တွေ” ကို နာခံပါ

၉။ ဥပဒေ လိုက်နာတာနဲ့ပတ်သက်ပြီး လူများစွာ ဘယ်လို သဘောထားကြသလဲ။

အစိုးရတွေကို “အထက်အာဏာပိုင်တွေ” လို့ ကျမ်းစာမှာ ခေါ်ထားတယ်။ (ရော. ၁၃:၁) အစိုးရတွေ ရှိတာ ကောင်းတယ်၊ ဥပဒေ တချို့တလေလောက်ကိုတော့ လိုက်နာသင့်တယ်လို့ လူများစွာ သဘောထားကြတယ်။ ဒါပေမဲ့ ဘဝင်မကျတဲ့၊ မတရားဘူးလို့ ယူဆတဲ့ ဥပဒေတွေ မလိုက်နာကြဘူး။ ဥပမာ၊ အခွန်ဆောင်တဲ့ ကိစ္စ ဖြစ်တယ်။ ဥရောပနိုင်ငံ တစ်နိုင်ငံမှာ စစ်တမ်း ကောက်ကြည့်တဲ့အခါ လေးပုံတစ်ပုံက “မတရားဘူး ထင်ရင် အခွန်ဆောင်စရာ မလိုဘူး” လို့ ယူဆကြတယ်။ ဒါကြောင့် အဲဒီနိုင်ငံမှာ အစိုးရက အခွန် သုံးပုံနှစ်ပုံလောက်ပဲ ရတယ်။

နာခံမှုနဲ့ပတ်သက်ပြီး ယောသပ်နဲ့ မာရိဆီကနေ ဘာသင်ယူရသလဲ (စာပိုဒ် ၁၀-၁၂ ကို ကြည့်ပါ) c

၁၀။ ဘဝင်မကျတဲ့ ဥပဒေတွေကိုတောင် ကျွန်တော်တို့ ဘာကြောင့် လိုက်နာကြသလဲ။

၁၀ လူ့အစိုးရတွေဟာ ပြဿနာ တော်တော်များများရဲ့ ရင်းမြစ် ဖြစ်တယ်၊ စာတန့်ထိန်းချုပ်မှုအောက်မှာ ရှိတယ်၊ မကြာခင် ဖျက်ဆီးခံရတော့မယ်ဆိုတာ ကျမ်းစာ အသိအမှတ်ပြုတယ်။ (ဆာ. ၁၁၀:၅၊ ၆။ ဒေ. ၈:၉။ လု. ၄:၅၊ ၆) ဒါပေမဲ့ “အာဏာပိုင်တွေကို ဆန့်ကျင်သူဟာ ဘုရားသခင်ရဲ့ အစီအစဉ်ကို ဆန့်ကျင်သူပဲ” လို့လည်း ဖော်ပြထားတယ်။ အစိုးရဆိုတာ ငြိမ်ဝပ်ပိပြားမှု ရှိဖို့ ယေဟောဝါ ခွင့်ပြုထားတဲ့ ယာယီ အစီအစဉ် ဖြစ်တယ်။ ဒါကြောင့် အာဏာပိုင်တွေကို နာခံရမယ်။ အခွန်၊ လေးစားမှု၊ နာခံမှု အပါအဝင် “ပေးသင့်ပေးထိုက်ရာတွေ ပေး” ရမယ်။ (ရော. ၁၃:၁-၇) တချို့ဥပဒေတွေ လိုက်နာရတာ ကတ်သီးကတ်သတ် နိုင်ပုံ၊ မတရားပုံ၊ ငွေကုန်ကြေးကျ များပုံ ပေါက်နိုင်တယ်။ ဒါပေမဲ့ ဘုရားပညတ် ချိုးဖောက်ဖို့ မတောင်းဆိုသရွေ့ နာခံဖို့ ယေဟောဝါ ပြောထားလို့ ကျွန်တော်တို့ နာခံကြတယ်။—တ. ၅:၂၉

၁၁-၁၂။ ယောသပ်နဲ့ မာရိ ဥပဒေ လိုက်နာတဲ့အနေနဲ့ ဘာလုပ်သလဲ။ ဘာအကျိုး ရသလဲ။ (လုကာ ၂:၁-၆) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၁ နာခံဖို့ ခက်ချိန်မှာတောင် အထက်အာဏာပိုင်တွေကို နာခံတဲ့ ယောသပ်နဲ့ မာရိဆီကနေ သင်ယူနိုင်တယ်။ (လုကာ ၂:၁-၆ ကို ဖတ်ပါ။) လူတိုင်း ကိုယ့်မြို့ကိုယ့်ရွာ ပြန်ပြီး နာမည်စာရင်း ပေးဖို့ ရောမ ဧကရာဇ် ဩဂတ်စတပ် အမိန့်ထုတ်တယ်။ ၉၃ မိုင် (ကီလိုမီတာ ၁၅၀) လောက် ဝေးတဲ့ ဘက်သလီဟင်မြို့ကို ယောသပ်နဲ့ မာရိ တစ်တောင်တက် တစ်တောင်ဆင်း ခရီးနှင်ကြရတော့မယ်။ မာရိ ကိုယ်ဝန် ကိုးလ ရှိနေပြီ ဖြစ်လို့ တော်တော့်ကို ခက်မှာ။ မိခင်နဲ့ ရင်သွေး ဘေးကင်းရေးအတွက် စိုးရိမ်မိကြမှာပဲ။ လမ်းခုလတ်မှာ ကလေး မွေးရင် ဘယ့်နှယ် လုပ်မလဲ။ အနာဂတ် မေရှိယကို ကိုယ်ဝန် လွယ်ထားရတာ။ ဒီအကြောင်းပြချက်နဲ့ အစိုးရ ဥပဒေ မလိုက်နာဘဲ နေကြမလား။

၁၂ စိုးရိမ်မိတာတွေ ရှိပေမဲ့ ယောသပ်နဲ့ မာရိ ဥပဒေ လိုက်နာကြတယ်။ သူတို့ နာခံမှု ရှိလို့ ယေဟောဝါ ဝမ်းသာတယ်။ စောင့်ရှောက်ပေးတယ်။ ဘက်သလီဟင်မြို့ကို ဘေးမသီ ရန်မခ ရောက်လာပြီး ရင်သွေးလေး ကျန်းကျန်းမာမာ မွေးဖို့၊ ကျမ်းစာ ကြိုဟောချက် ပြည့်စုံစေဖို့ ကူညီပေးတယ်။—မိ. ၅:၂

၁၃။ ကျွန်တော်တို့ နာခံမှု ရှိရင် ညီအစ်ကို/မတွေအတွက် ဘာအကျိုး ရှိနိုင်သလဲ။

၁၃ အထက်အာဏာပိုင်တွေကို နာခံတဲ့အခါ ကိုယ်တိုင်နဲ့ တခြားသူတွေ အကျိုးရကြတယ်။ ဘယ်လို အကျိုးရသလဲ။ တစ်ချက်အနေနဲ့ ဥပဒေ ချိုးဖောက်သူတွေ ခံရတဲ့ ပြစ်ဒဏ် ကျွန်တော်တို့ မခံရဘူး။ (ရော. ၁၃:၄) ယေဟောဝါသက်သေတွေ နိုင်ငံသားကောင်း ဖြစ်မှန်း အာဏာပိုင်တွေ မြင်လာကြတယ်။ လွန်ခဲ့တဲ့ နှစ်အတော်ကြာက နိုင်ဂျီးရီးယားနိုင်ငံမှာ အသင်းတော် အစည်းအဝေး ကျင်းပနေတုန်း နိုင်ငံတော်ခန်းမထဲ စစ်သားတွေ ဝင်လာကြတယ်။ အခွန်မဆောင်ချင်လို့ ဆန္ဒပြသူတွေကို လိုက်ရှာနေကြတာ။ “ယေဟောဝါသက်သေတွေ အခွန်မရှောင်ဘူး” လို့ အရာရှိတစ်ယောက် ဝင်ပြောပြီး စစ်သားတွေကို ပြန်ခိုင်းတယ်။ ဘာသင်ခန်းစာ ရသလဲ။ သင် ဥပဒေ လိုက်နာတာဟာ ယေဟောဝါသက်သေတွေရဲ့ နာမည်ကောင်းကို ထိန်းသိမ်းနေတာပဲ။ အဲဒီနာမည်ကောင်းက တစ်နေ့ ညီအစ်ကို/မတွေကို ကာကွယ်ပေးနိုင်တယ်။—မ. ၅:၁၆

၁၄။ အထက်အာဏာပိုင်တွေကို “နာခံဖို့ အသင့်ရှိ” အောင် ညီအစ်မတစ်ယောက်ကို ဘာက ကူညီပေးသလဲ။

၁၄ အထက်အာဏာပိုင်တွေကို နာခံဖို့ အမြဲ မလွယ်ဘူး။ “နာခံဖို့ ကျွန်မအတွက် တော်တော့်ကို မလွယ်တာ။ မိသားစုဝင်တချို့ကို အာဏာပိုင်တွေ မတရားလုပ်ခဲ့လို့လေ” ဆိုပြီး အမေရိကန် ပြည်ထောင်စုက ညီအစ်မ ဂျိုအန်နာ ပြောတယ်။ ဒါပေမဲ့ အာဏာပိုင်တွေအပေါ် ထားတဲ့ အမြင် ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ပထမ၊ အာဏာပိုင်တွေကို အမြင်စောင်းစေတဲ့ ပို့စ်တွေ လူမှုမီဒီယာမှာ မဖတ်တော့ဘူး။ (ပညာ. ၂၀:၃) ဒုတိယ၊ အစိုးရ ကောင်းလာဖို့ မျှော်နေမယ့်အစား ယေဟောဝါကို မျှော်ကိုးတတ်ဖို့ ဆုတောင်းတယ်။ (ဆာ. ၉:၉၊ ၁၀) တတိယ၊ ကြားနေခြင်းအကြောင်း အဖွဲ့အစည်းထုတ် ဆောင်းပါးတွေ ဖတ်တယ်။ (ယော. ၁၇:၁၆) အာဏာပိုင်တွေကို လေးစားနာခံလို့ “ကိုယ့်စိတ်ကိုယ် လုံတယ်” ဆိုပြီး ဂျိုအန်နာ ပြောတယ်။

ယေဟောဝါရဲ့ အဖွဲ့အစည်းကနေ လာတဲ့ လမ်းညွှန်ချက်ကို နာခံပါ

၁၅။ ယေဟောဝါရဲ့ အဖွဲ့အစည်းကနေ လာတဲ့ လမ်းညွှန်ချက်ကို နာခံဖို့ တစ်ခါတလေ ဘာကြောင့် ခက်နိုင်သလဲ။

၁၅ အသင်းတော်မှာ “ဦးဆောင်တဲ့သူတွေကို နာခံ” ဖို့ ယေဟောဝါ တောင်းဆိုတယ်။ (ဟီ. ၁၃:၁၇) ခေါင်းဆောင် ယေရှု စုံလင်ပေမဲ့ ယေရှု သုံးနေတဲ့ ဦးဆောင်သူ ညီအစ်ကိုတွေ မစုံလင်ကြဘူး။ အထူးသဖြင့်၊ ကိုယ် မလုပ်ချင်တာ လုပ်ဖို့ လမ်းညွှန်တဲ့အခါ နာခံဖို့ ခက်နိုင်တယ်။ တမန်တော် ပေတရု အဲဒီလို ဖြစ်ဖူးတယ်။ မောရှေပညတ်မှာ မသန့်ရှင်းဘူးလို့ သတ်မှတ်ထားတဲ့ တိရစ္ဆာန်တွေ စားဖို့ ကောင်းကင်တမန် ညွှန်ကြားတော့ ငြင်းတယ်။ တစ်ကြိမ်မက သုံးကြိမ်တောင် ငြင်းတာ။ (တ. ၁၀:၉-၁၆) ဘာကြောင့်လဲ။ မောရှေပညတ်အတိုင်း နေလာတာ ခေါက်ရိုး ကျိုးနေပြီ။ လမ်းညွှန်ချက်အသစ်က ယုတ္တိမရှိပုံ ပေါက်နေတယ်။ စုံလင်တဲ့ ကောင်းကင်တမန်ရဲ့ လမ်းညွှန်ချက်ကို နာခံဖို့ ပေတရုအတွက် ခက်တယ်ဆိုရင် မစုံလင်သူတွေရဲ့ လမ်းညွှန်ချက်ကို နာခံဖို့ ကျွန်တော်တို့အတွက်လည်း တစ်ခါတလေတော့ ခက်မှာပဲ။

၁၆။ ရလာတဲ့ လမ်းညွှန်ချက် ယုတ္တိမရှိဘူးလို့ တမန်တော် ပေါလု မြင်နိုင်ပေမဲ့ ဘာလုပ်သလဲ။ (တမန်တော် ၂၁:၂၃၊ ၂၄၊ ၂၆)

၁၆ ယုတ္တိမရှိဘူးလို့ ခံစားရနိုင်တဲ့ လမ်းညွှန်ချက် ရလာချိန်မှာတောင် တမန်တော် ပေါလု “နာခံဖို့ အသင့်ရှိ” တယ်။ “မောရှေပညတ် စွန့်လွှတ်ဖို့” ပေါလု သင်ပေးနေတယ်၊ မောရှေပညတ်ကို မထီလေးစား လုပ်နေတယ်ဆိုတဲ့ ကောလာဟလ ဂျူးခရစ်ယာန်တွေ ကြားထားကြတယ်။ (တ. ၂၁:၂၁) ဒါကြောင့် ပေါလု ပညတ်တရား လိုက်နာမှန်း သိသွားအောင် ဗိမာန်တော်ကို လူလေးယောက် ခေါ်သွားပြီး မောရှေပညတ်မှာ ပါတဲ့အတိုင်း ကိုယ်ကို သန့်စင်ဖို့ ဂျေရုဆလင်မြို့က အကြီးအကဲတွေ ညွှန်ကြားတယ်။ ခရစ်ယာန်တွေ ပညတ်တရားအောက် မရှိတော့မှန်း ပေါလု သိသားပဲ။ ပြီးတော့ ကိုယ့်ဘက်က ဘာအမှားမှ လုပ်မထားဘူး။ ဒါပေမဲ့ လမ်းညွှန်ချက်ကို ချက်ချင်း လိုက်နာတယ်။ ‘နောက်တစ်နေ့ ရောက်တော့ အဲဒီလူတွေကို ခေါ်သွားတယ်။ သူတို့နဲ့အတူ မောရှေပညတ်မှာ ပါတဲ့အတိုင်း ကိုယ်ကို သန့်စင်တယ်။’ (တမန်တော် ၂၁:၂၃၊ ၂၄၊ ၂၆ ကို ဖတ်ပါ။) လမ်းညွှန်ချက် လိုက်နာလို့ အသင်းတော် ဆက်စည်းလုံးတယ်။—ရော. ၁၄:၁၉၊ ၂၁

၁၇။ စတက်ဖနီရဲ့ အဖြစ်ကနေ ဘာသင်ယူရသလဲ။

၁၇ ဌာနခွဲရုံးရဲ့ ဆုံးဖြတ်ချက်တစ်ခု လက်ခံဖို့ ညီအစ်မ စတက်ဖနီ ခက်ခဲ့တယ်။ ညီအစ်မတို့ ဇနီးမောင်နှံဟာ ဘာသာခြားစကားပြော အုပ်စုမှာ အမှုဆောင်နေကြတာ။ အုပ်စု ဖျက်ဖို့ ဌာနခွဲရုံး လမ်းညွှန်လို့ မိခင်ဘာသာစကားပြော အသင်းတော်မှာ ပြန်အမှုဆောင်ကြရတယ်။ “ကျွန်မ သိပ်မကျေနပ်ဘူး။ မိခင်ဘာသာစကားပြော ရပ်ကွက်မှာ ပိုလိုအပ်မယ်လို့ မထင်ဘူး” ဆိုပြီး စတက်ဖနီ ပြောတယ်။ ဒါပေမဲ့ လမ်းညွှန်ချက်အတိုင်း ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ “ညီအစ်ကိုတွေ ဆုံးဖြတ်တာ ပညာရှိမှန်း နောက်ပိုင်း မြင်လာတယ်။ အသင်းတော်မှာ တော်တော်များများက အမှန်တရားထဲ တစ်ကောင်ကြွက်လေးတွေ။ သူတို့အတွက် ကျွန်မတို့ မိဘလို ဖြစ်လာတယ်။ ပြန်လှုပ်ရှားလာခါစ ညီအစ်မတစ်ယောက်ကို ကျမ်းစာ သင်ပေးခွင့် ရတယ်။ ကိုယ်ပိုင်လေ့လာမှု လုပ်ဖို့ အချိန် ပိုထွက်လာတယ်။ နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်ဆိုတဲ့ သိစိတ်ကြောင့် စိတ်ကြည်တယ်” လို့ ပြောတယ်။

၁၈။ နာခံမှု ရှိရင် ဘာအကျိုး ရသလဲ။

၁၈ နာခံတတ်ဖို့ သင်ယူနိုင်တယ်။ ယေရှုဟာ နာခံတတ်ဖို့ လွယ်လင့်တကူလေး သင်ယူတာ မဟုတ်ဘူး။ “ဆင်းရဲဒုက္ခ ခံ” ပြီး သင်ယူတာ။ (ဟီ. ၅:၈) ကျွန်တော်တို့လည်း အကျဉ်းထဲ အကျပ်ထဲ ရောက်ချိန်မှာ သင်ယူရနိုင်တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတော့ နိုင်ငံတော်ခန်းမမှာ မစည်းဝေးဖို့၊ တစ်အိမ်တက်ဆင်း မသွားဖို့ လမ်းညွှန်တုန်းက နာခံဖို့ ခက်ခဲ့သလား။ ခက်ပေမဲ့ နာခံခဲ့လို့ သင် ကာကွယ်ခံရတယ်။ အသင်းတော် စည်းလုံးတယ်။ ယေဟောဝါ စိတ်ရွှင်လန်းတယ်။ ကြီးစွာသောဒုက္ခအတွင်း ဘာလမ်းညွှန်ချက်ပဲ ရရ နာခံတတ်ဖို့ အကျင့်ရသွားပြီ။ နာခံမှ ကယ်တင်ခံရမှာ။—ယောဘ ၃၆:၁၁

၁၉။ သင် ဘာကြောင့် နာခံမှု ရှိချင်သလဲ။

၁၉ နာခံမှု ရှိရင် ကောင်းချီး အများကြီး ရတယ်။ ဒါပေမဲ့ ယေဟောဝါကို ကျွန်တော်တို့ နာခံရတဲ့ အဓိက အကြောင်းရင်းက ချစ်လို့၊ စိတ်ရွှင်လန်းစေချင်လို့ပဲ။ (၁ ယော. ၅:၃) ယေဟောဝါ လုပ်ပေးတဲ့ ကောင်းမှုအားလုံးအတွက် ကျေးဇူးဆပ်လို့ မကုန်နိုင်ဘူး။ (ဆာ. ၁၁၆:၁၂) ဒါပေမဲ့ သင် လုပ်နိုင်တာ ရှိတယ်။ ယေဟောဝါနဲ့ အခွင့်အာဏာ ရှိသူတွေကို နာခံနိုင်တယ်။ နာခံတာက ဉာဏ်ပညာ ရှိကြောင်း ပြနေတာပဲ။ ဉာဏ်ပညာ ရှိတဲ့အခါ ယေဟောဝါ စိတ်ရွှင်လန်းတယ်။—ပညာ. ၂၇:၁၁

သီချင်း ၈၉ နားထောင်၊ နာခံ၊ ကောင်းချီးစံ

a ကျွန်တော်တို့ဟာ မစုံလင်သူတွေ ဖြစ်တာမို့ လမ်းညွှန်ခွင့် ရှိလို့ လမ်းညွှန်သူတွေကိုတောင် နာခံဖို့ တစ်ခါတလေ အခက်တွေ့ကြတယ်။ မိဘ၊ “အထက်အာဏာပိုင်တွေ၊” ခရစ်ယာန် အသင်းတော်မှာ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေကို နာခံရင် ဘာအကျိုးရမယ်ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b မိဘတွေ ထုတ်တဲ့ စည်းကမ်း လိုက်နာဖို့ ခက်နေရင် ဘယ်လို ပြောပြနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး “အိမ်စည်းကမ်းနဲ့ပတ်သက်လို့ မိဘတွေကို ဘယ်လို ပြောရမလဲ” ဆိုတဲ့ ဆောင်းပါးကို jw.org မှာ ကြည့်ပါ။

c ပုံအညွှန်း– နာမည်စာရင်း ပေးပါဆိုတဲ့ ရောမ ဧကရာဇ်ရဲ့ အမိန့်ကို ယောသပ်နဲ့ မာရိ လိုက်နာပြီး ဘက်သလီဟင်မြို့ ပြန်။ ဒီနေ့ခေတ် ခရစ်ယာန်တွေဟာ “အထက်အာဏာပိုင်တွေ” ထုတ်တဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ အခွန်ဥပဒေ၊ ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာ။