မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၃

သင့်ကို ယေဟောဝါ ဘယ်လို “ခွန်အား ရှိစေ” မလဲ

သင့်ကို ယေဟောဝါ ဘယ်လို “ခွန်အား ရှိစေ” မလဲ

“[ယေဟောဝါ] က ခင်ဗျားတို့ကို မြဲမြံစေပြီး ခွန်အား ရှိစေမယ်၊ ကြံ့ကြံ့ခံ ရပ်တည်စေမယ်။”—၁ ပေ. ၅:၁၀

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

အကြိုသုံးသပ်ချက် a

၁။ ယေဟောဝါကြောင့် ရှေးသစ္စာရှိသူတွေ ဘယ်လို အားရှိခဲ့ကြသလဲ။

 သစ္စာရှိသူတွေကို သူရဲကောင်းတွေအဖြစ် ကျမ်းစာမှာ ဖော်ပြလေ့ရှိတယ်။ ဒါပေမဲ့ သူရဲကောင်းတွေတောင် အားမရှိဘူးလို့ ခံစားရတဲ့အချိန်တွေ ရှိတယ်။ ဥပမာ၊ ဘုရင် ဒါဝိဒ်ဟာ “တောင်တန်းလို ခိုင်မြဲနေတယ်” လို့ ခံစားရတဲ့အချိန် ခံစားရပြီး တစ်ခါတလေကျတော့ “ကြောက်လန့်နေ” ပြန်ရော။ (ဆာ. ၃၀:၇) ရှံဆုန်လည်း ဘုရားစွမ်းအားတော်ကြောင့် ထူးခြားတဲ့ ခွန်အား ပိုင်ဆိုင်ပေမဲ့ ဘုရားပေး ခွန်အား မရှိတော့ရင် “တခြားလူတွေလို ဖြစ်သွားမယ်” ဆိုတာ အသိအမှတ်ပြုတယ်။ (သူကြီး. ၁၄:၅၊ ၆။ ၁၆:၁၇) ယေဟောဝါဘုရားကြောင့်သာ ဒီသစ္စာရှိသူတွေ အားရှိနေကြတာ။

၂။ အားနည်းနေချိန်မှာ အားပြည့်နေတယ်လို့ ပေါလု ဘာကြောင့် ပြောသလဲ။ (၂ ကောရိန္သု ၁၂:၉၊ ၁၀)

ဘုရားပေး ခွန်အား လိုတယ်ဆိုတာ တမန်တော် ပေါလု အသိအမှတ်ပြုတယ်။ (၂ ကောရိန္သု ၁၂:၉၊ ၁၀ ကို ဖတ်ပါ။) ကျွန်တော်တို့ အများစုလိုပဲ ပေါလုမှာ ကျန်းမာရေး ပြဿနာ ရှိတယ်။ (ဂလ. ၄:၁၃၊ ၁၄) မှန်တာ လုပ်ဖို့ ခက်တဲ့ အချိန် ရှိတယ်။ (ရော. ၇:၁၈၊ ၁၉) ရှေ့မှာ ဘာကြုံမယ်မှန်း မသိလို့ တွေးပူမိတဲ့ အချိန်တွေ ရှိတယ်။ (၂ ကော. ၁:၈၊ ၉) ဒါပေမဲ့ အားနည်းနေချိန်မှာ အားပြည့်နေတယ်။ ဘယ်လိုလုပ်ပြီးတော့လဲ။ လိုနေတဲ့ ခွန်အား ယေဟောဝါ ပေးလို့ပဲ။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း လေ့လာကြမလဲ။

ကျွန်တော်တို့ကိုလည်း အားရှိစေမယ်လို့ ယေဟောဝါ ကတိပေးတယ်။ (၁ ပေ. ၅:၁၀) ကိုယ့်ဘက်က ဘာမှ မလုပ်ဘဲနဲ့တော့ ဘုရားပေး ခွန်အား ရဖို့ မျှော်နေလို့ မရဘူး။ ဥပမာ၊ ကိုယ့်ရှေ့မှာ အစားအသောက် ချထားရုံနဲ့ ဗိုက်ပြည့်မသွားဘူး။ ခူးခပ်စားရတယ်။ အဲဒီလိုပဲ၊ လိုတဲ့ ခွန်အား ပေးဖို့ ယေဟောဝါဘက်က အဆင်သင့် ရှိတယ် ဆိုပေမဲ့ ကိုယ့်ဘက်က လုပ်စရာ ရှိတာ လုပ်ရမယ်။ ဒါဆိုရင် ကျွန်တော်တို့ကို အားရှိစေဖို့ ယေဟောဝါ ဘာတွေ ပြင်ဆင်ပေးထားသလဲ။ ကျွန်တော်တို့ဘက်က ဘာလုပ်ရမလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေ သိရဖို့ ပရောဖက် ယောန၊ ယေရှုရဲ့ မိခင် မာရိ၊ တမန်တော် ပေါလုတို့ကို ယေဟောဝါ ဘယ်လို အားရှိစေခဲ့ကြောင်း၊ ဒီနေ့ခေတ် ကျေးကျွန်တွေကိုလည်း အလားတူ နည်းတွေ သုံးပြီး ဘယ်လို အားရှိစေကြောင်း လေ့လာကြစို့။

ဆုတောင်း၊ လေ့လာတာက အားရှိစေ

၄။ ဘုရားပေး အားအင် ရဖို့ ဘာလုပ်ရမလဲ။

ဘုရားပေး အားအင် ရနိုင်တဲ့ တစ်နည်းက ဆုတောင်းခြင်းပါ။ ဆုတောင်းချက်ကို အဖြေပေးတဲ့အနေနဲ့ “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ယေဟောဝါ ပေးနိုင်တယ်။ (၂ ကော. ၄:၇) ကျမ်းစာ ဖတ်တာ၊ တွေးတောတာကလည်း အားရှိစေနိုင်တယ်။ (ဆာ. ၈၆:၁၁) ကျမ်းစာမှာ ပါတဲ့ ယေဟောဝါရဲ့ သတင်းစကားဟာ “အစွမ်းထက်တယ်။” (ဟီ. ၄:၁၂) ဆုတောင်းတဲ့အခါ၊ ကျမ်းစာ ဖတ်တဲ့အခါ ရလာတဲ့ ခွန်အားက ခံနိုင်ရည် ရှိစေတယ်။ ဆက်ဝမ်းမြောက်နေစေတယ်။ ခက်ခဲတဲ့ တာဝန် ထမ်းဆောင်နိုင်စေတယ်။ ပရောဖက် ယောနကို ယေဟောဝါ ဘယ်လို အားရှိစေခဲ့ကြောင်း လေ့လာကြရအောင်။

၅။ ပရောဖက် ယောန ဘာကြောင့် အားအင် လိုသလဲ။

ပရောဖက် ယောန အားအင် လိုခဲ့တယ်။ ယေဟောဝါ လွှတ်တဲ့နေရာ မသွားရဲလို့ သင်္ဘောစီးပြီး ထွက်ပြေးတယ်။ ကိုယ်တိုင်ရော သင်္ဘောပေါ်က လူတွေပါ မုန်တိုင်းမိပြီး သေဖို့ နည်းနည်းပဲ လိုတယ်။ ယောနကို သင်္ဘောသားတွေ ပင်လယ်ထဲ ပစ်ချလိုက်တော့ ငါးကြီးတစ်ကောင် မျိုချလိုက်လို့ ငါးရဲ့ ဝမ်းဗိုက်ထဲမှာ မှောင်မှောင်မည်းမည်း နေခဲ့ရတယ်။ ယောန ဘယ်လို ခံစားရမလဲ။ သေရတော့မယ်၊ ယေဟောဝါ စွန့်ပစ်လိုက်ပြီလို့ တွေးနေမလား။ အကြီးအကျယ် စိတ်ပူနေမှာတော့ သေချာတယ်။

အခက်အခဲ ကြုံရချိန်မှာ ပရောဖက် ယောနလို ဘယ်လို အားယူနိုင်မလဲ (စာပိုဒ် ၆-၉ ကို ကြည့်ပါ)

၆။ ယောန ၂:၁၊ ၂၊ အရ ငါးရဲ့ဝမ်းဗိုက်ထဲ ရှိနေတုန်း အားအင် ရဖို့ ယောန ဘာလုပ်သလဲ။

တစ်ယောက်တည်း ကူကယ်ရာ မဲ့နေပြီလို့ ခံစားရချိန်မှာ အားအင် ရဖို့ ယောန ဘာလုပ်သလဲ။ ဆုတောင်းတယ်။ (ယောန ၂:၁၊ ၂၊ ကို ဖတ်ပါ။) ယေဟောဝါစကား နားမထောင်ဘဲ ထွက်ပြေးလာခဲ့ပေမဲ့ နောင်တရပြီး ရိုရိုကျိုးကျိုး ဆုတောင်းတာကို ဘုရား နားထောင်မယ်ဆိုတာ စိတ်ချတယ်။ ကျမ်းပိုဒ်တွေ ပြန်စဉ်းစားတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ယောန အခန်းကြီး ၂ မှာ မှတ်တမ်းတင်ထားတဲ့ ဆုတောင်းချက်မှာ ဆာလံကျမ်းထဲက စာသား တော်တော်များများ သုံးထားလို့ပဲ။ (ဥပမာ၊ ယောန ၂:၂၊ ကို ဆာလံ ၆၉:၁။ ၈၆:၇ တို့နဲ့ နှိုင်းယှဉ်ပါ။) အဲဒီကျမ်းပိုဒ်တွေကို ယောန ကောင်းကောင်း သိတာ ပေါ်တယ်။ အသက်ယဲ့ယဲ့လေးပဲ ကျန်တော့တဲ့အချိန်မှာ အဲဒီကျမ်းပိုဒ်တွေ စဉ်းစားမိလိုက်တော့ ယေဟောဝါ ကယ်မယ်ဆိုတာ စိတ်ချသွားတယ်။ တကယ်လည်း ယေဟောဝါ ကယ်တယ်။ ဘုရားပေး တာဝန် ထမ်းဆောင်ဖို့ ယောန အဆင်သင့် ဖြစ်နေပြီ။—ယောန ၂:၁၀–၃:၄

၇-၈။ ထိုင်ဝမ်နိုင်ငံက ညီအစ်ကိုတစ်ယောက် အခက်အခဲ ကြုံရချိန်မှာ ဘယ်လို အားရှိလာသလဲ။

အခက်အခဲ အမျိုးမျိုး ကြုံရချိန်မှာ ယောနရဲ့ စံနမူနာက ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။ ဥပမာ၊ ထိုင်၀မ်နိုင်ငံက ညီအစ်ကို ကျိမင်း b ဟာ ကျန်းမာရေး တော်တော်လေး မကောင်းဘူး။ ဒါ့အပြင် ယေဟောဝါကို ယုံလို့ဆိုပြီး မိသားစုဝင်တွေ အကြီးအကျယ် ဆန့်ကျင်တာ ခံရတယ်။ ဆုတောင်း၊ လေ့လာပြီး ကျိမင်း အားယူတယ်။ “တစ်ခါတလေ ပြဿနာတွေ ပေါ်လာတဲ့အခါ ရင်ထဲ ဗလောင်ဆူနေလို့ ကိုယ်ပိုင် လေ့လာမှု လုပ်ဖို့ စိတ်ကို အေးအေး မထားနိုင်ဘူး” လို့ ပြောတယ်။ ဒါပေမဲ့ ယေဟောဝါကို အားကိုးတယ်။ “အရင်ဆုံး ဆုတောင်းတယ်။ ပြီးရင် နားကြပ်လေး တပ်၊ နိုင်ငံတော် သီချင်းတွေ နားထောင်တယ်။ တစ်ခါတလေဆိုရင် သီချင်းတွေ လိုက်တောင် ညည်းလိုက်သေးတယ်။ စိတ်ငြိမ်သွားတော့မှ စလေ့လာတယ်” လို့ ပြောတယ်။

ကိုယ်ပိုင် လေ့လာမှုကနေ သိလာတာတွေကြောင့် အခက်အခဲတွေ ခံရပ်ဖို့ ကျိမင်း အားရှိလာတယ်။ တစ်ခေါက် အကြီးစား ခွဲစိတ်မှုအပြီး နာလန်တောင် မထသေးဘူး၊ သွေးနီဥ လျော့နေလို့ သွေးသွင်းရမယ်ဆိုပြီး သူနာပြု လာပြောတယ်။ ဒါပေမဲ့ မခွဲစိတ်ခင် ညကပဲ ညီအစ်မတစ်ယောက်ရဲ့ တွေ့ကြုံမှု ဖတ်ထားတယ်။ အဲဒီညီအစ်မ ခံယူရတဲ့ ခွဲစိတ်မှုက သူနဲ့ အတူတူပဲ။ သွေးနီဥ လျော့တာမှ သူ့ထက်တောင် ပိုဆိုးတယ်။ ဒါပေမဲ့ သွေးမသွင်းဘူး။ ပြန်သက်သာလာတယ်။ အဲဒီတွေ့ကြုံမှု ဖတ်ထားလို့ ကျိမင်း အားရှိပြီး ဆက်သစ္စာရှိနိုင်ခဲ့တယ်။

၉။ အခက်အခဲတွေကြောင့် အားမရှိဘူးလို့ ခံစားရရင် ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

အခက်အခဲ ကြုံရတဲ့အခါ ထူပူပြီး ဘာဆုတောင်းလို့ တောင်းရမှန်း မသိ ဖြစ်ဖူးသလား။ လေ့လာမှု လုပ်ဖို့ အားမရှိဘူးလို့ ခံစားရဖူးသလား။ သင့်အခြေအနေကို ယေဟောဝါ အပြည့်အဝ နားလည်တယ်ဆိုတာ သတိရပါ။ တိုတိုတုတ်တုတ်ပဲ ဆုတောင်းရင်တောင် လိုအပ်တာ ကွက်တိ ဘုရား ပေးမယ်ဆိုတာ စိတ်ချပါ။ (ဧ. ၃:၂၀) စိတ်ပင်ပန်း၊ လူပင်ပန်းလွန်းလို့ ကျမ်းစာ မဖတ်နိုင်ဘူး၊ မလေ့လာနိုင်ဘူးဆိုရင် ကျမ်းစာ၊ ကျမ်းစာ စာပေတွေ အသံသွင်းထားတာ နားထောင်နိုင်တယ်။ jw.org က သီချင်းတစ်ပုဒ်ပုဒ် နားထောင်နိုင်တယ်။ ဗီဒီယို ကြည့်နိုင်တယ်။ ဆုတောင်းတာ၊ ကျမ်းစာနဲ့ ကျမ်းစာ စာပေတွေကနေ ဆုတောင်းချက် အဖြေရှာတာဟာ ကိုယ့်ကို အားအင်တွေ ပေးလို့ ရအောင် ဘုရားကို လမ်းဖွင့်ပေးနေတာပဲ။

ညီအစ်ကို/မတွေက အားရှိစေ

၁၀။ ကျွန်တော်တို့ကို ညီအစ်ကို/မတွေ ဘယ်လို အားရှိစေသလဲ။

၁၀ အထူးသဖြင့်၊ “ဒုက္ခရောက်ချိန်မှာ” ကျွန်တော်တို့ မိတ်ဆွေတွေ လိုတယ်။ (ပညာ. ၁၇:၁၇) ဒါကြောင့် ညီအစ်ကို/မတွေ သုံးပြီး ကျွန်တော်တို့ကို ယေဟောဝါ အားရှိစေနိုင်တယ်။ အခက်အခဲ ကြုံရချိန်မှာ၊ ခက်ခဲတဲ့ တာဝန် ထမ်းဆောင်ရချိန်မှာ သူတို့ “တကယ် အားပေးထောက်မ” နိုင်တယ်။ (ကော. ၄:၁၀၊ ၁၁) အားနည်းချိန်မှာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဝတ်ပြုရေးပိုင်း ကူညီပေးနိုင်တယ်။ တခြားသူတွေကြောင့် ယေရှုရဲ့ မိခင် မာရိ ဘယ်လို အားရှိလာကြောင်း သုံးသပ်ကြရအောင်။

၁၁။ မာရိ ဘာကြောင့် အားအင် လိုသလဲ။

၁၁ ဘုရားပေး တာဝန် ထမ်းဆောင်ဖို့ မာရိ အားအင် လိုတယ်။ လက်မထပ်ရသေးပေမဲ့ ကိုယ်ဝန် ရတော့မယ့်အကြောင်း ကောင်းကင်တမန် ဂါဗြေလ ပြောတော့ ဘယ်လောက် ထူပူသွားမယ်ဆိုတာ စဉ်းစားကြည့်ပါ။ သားသမီး ပြုစုပျိုးထောင်ဖူးတဲ့ အတွေ့အကြုံ ရှိတာ မဟုတ်ဘူး။ အခု ကလေးတစ်ယောက် ပျိုးထောင်ရတော့မယ်။ ပျိုးထောင်ရမှာမှ မေရှိယ ဖြစ်လာမယ့်သူ။ အပျိုလေးတန်မဲ့ ကိုယ်ဝန် ရှိနေပါပြီဆိုတာ စေ့စပ်ထားတဲ့ ယောသပ်ကို ဘယ်လို ရှင်းပြမလဲ။—လု. ၁:၂၆-၃၃

၁၂။ လုကာ ၁:၃၉-၄၅ အရ မာရိ ဘာကြောင့် အားရှိလာသလဲ။

၁၂ ထူးခြားခက်ခဲတဲ့ ဒီတာဝန် ထမ်းဆောင်ဖို့ လိုတဲ့ အားအင် မာရိ ဘယ်လို ရသလဲ။ တခြားသူတွေကို အကူအညီ တောင်းတယ်။ ဥပမာ၊ တာဝန်နဲ့ပတ်သက်ပြီး ထပ်ဆင့် ရှင်းပြဖို့ ဂါဗြေလကို တောင်းဆိုတယ်။ (လု. ၁:၃၄) သိပ်မကြာဘူး၊ ယုဒပြည် “တောင်တန်းဒေသ” က ဆွေမျိုး ဧလိရှဗက်ဆီ သွားလည်တယ်။ သွားလည်တာ မှန်သွားတယ်။ ဧလိရှဗက်ဆီက ချီးမွမ်းစကား ကြားရတယ်။ မွေးမလာသေးတဲ့ သားလေးအကြောင်း အားရှိစရာ ပရောဖက်ပြုချက်ကို စွမ်းအားတော် စေ့ဆော်မှုနဲ့ ပြောပြတာ ကြားရတယ်။ (လုကာ ၁:၃၉-၄၅ ကို ဖတ်ပါ။) ယေဟောဝါ “လက်ရုံးတော်နဲ့ တန်ခိုးပြတယ်” လို့ ခံစားရတယ်။ (လု. ၁:၄၆-၅၁) ဂါဗြေလနဲ့ ဧလိရှဗက်ကတစ်ဆင့် မာရိကို ယေဟောဝါ အားရှိစေတယ်။

၁၃။ ညီအစ်ကို/မတွေကို အကူအညီ တောင်းလို့ ဘိုလီးဗီးယားနိုင်ငံက ညီအစ်မတစ်ယောက် ဘာအကျိုး ရသလဲ။

၁၃ မာရိလိုပဲ သင်လည်း ညီအစ်ကို/မတွေကြောင့် အားရှိလာနိုင်တယ်။ ဘိုလီးဗီးယားနိုင်ငံက ညီအစ်မ ဒါဆူရီရဲ့ ဖခင် ရောဂါကျွမ်းနေပြီး ဆေးရုံတင်ထားရတယ်။ ဖခင်ကို ဒါဆူရီ ဒိုင်ခံ ကြည့်ပေးတယ်။ (၁ တိ. ၅:၄) လွယ်တော့ မလွယ်ဘူး။ “တောင့်မခံနိုင်တော့ဘူးလို့ ခဏခဏ ခံစားရတယ်” ဆိုပြီး ဒါဆူရီ ပြောတယ်။ တခြားသူတွေဆီ အကူအညီ တောင်းသလား။ အစပိုင်းမှာ မတောင်းဘူး။ “ညီအစ်ကို/မတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ ‘ငါ့ကို ခွန်အား ပေးမှာ ယေဟောဝါပဲ’ လို့ စဉ်းစားမိတယ်။ ဒါပေမဲ့ တစ်သီးပုဂ္ဂလ နေတာဟာ ပြဿနာထုပ်ကြီးကို တစ်ယောက်တည်း ထမ်းနေတာ ဖြစ်မှန်း သဘောပေါက်လာတယ်” လို့ ပြောတယ်။ (ပညာ. ၁၈:၁) ဒါနဲ့ မိတ်ဆွေတချို့ဆီ စာရေးပြီး အကျိုးအကြောင်း ပြောပြတယ်။ “ညီအစ်ကို/မတွေကြောင့် ဘယ်လောက် အားရှိရတယ်ဆိုတာ ပြောတောင် ပြောမပြတတ်ဘူး။ ဆေးရုံကို အစားအသောက်တွေ ယူလာပေးကြတယ်။ ကျမ်းပိုဒ်တွေနဲ့ နှစ်သိမ့်ပေးကြတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါလားဆိုတဲ့ အသိက စိတ်ချမ်းသာစရာ သိပ်ကောင်းတာပဲ။ ကိုယ်နဲ့ အတူ ရှိပေးမယ့်၊ အတူ ငိုပေးမယ့်၊ အတူ ရင်ဆိုင်ပေးမယ့် မိသားစု ကျွန်မတို့ ပိုင်ဆိုင်ထားတယ်” လို့ ပြောတယ်။

၁၄။ အကြီးအကဲတွေရဲ့ အကူအညီ ဘာကြောင့် လက်ခံသင့်သလဲ။

၁၄ ကျွန်တော်တို့ကို ယေဟောဝါ အားရှိစေတဲ့ နောက်တစ်နည်းကတော့ အကြီးအကဲတွေအားဖြင့်ပါ။ ကျွန်တော်တို့ကို လန်းဆန်းအားရှိစေဖို့ ဘုရား ပေးတဲ့ လက်ဆောင်မွန်ပဲ။ (ဟေရှာ. ၃၂:၁၊ ၂) ဒါကြောင့် စိုးရိမ်ပူပန်တဲ့အခါ အကြီးအကဲတွေဆီ ရင်ဖွင့်ပါ။ အကူအညီ ပေးတဲ့အခါ ဝမ်းသာအားရ လက်ခံပါ။ အကြီးအကဲတွေကတစ်ဆင့် သင့်ကို ယေဟောဝါ အားရှိစေနိုင်တယ်။

အနာဂတ် မျှော်လင့်ချက်က အားရှိစေ

၁၅။ ခရစ်ယာန်အားလုံး ဘယ်အဖိုးတန် မျှော်လင့်ချက် ပိုင်ဆိုင်ထားကြသလဲ။

၁၅ ကျမ်းစာ မျှော်လင့်ချက်ကလည်း အားရှိစေနိုင်တယ်။ (ရော. ၄:၃၊ ၁၈-၂၀) မြေကြီးပရဒိသုမှာ ဖြစ်ဖြစ်၊ ကောင်းကင်မှာ ဖြစ်ဖြစ် ထာဝစဉ် အသက်ရှင်ဖို့ဆိုတဲ့ အဖိုးမဖြတ်နိုင်တဲ့ မျှော်လင့်ချက် ကျွန်တော်တို့ ပိုင်ဆိုင်ထားကြတယ်။ အဲဒီမျှော်လင့်ချက်က အခက်အခဲတွေ ခံရပ်ဖို့၊ တခြားသူတွေကို သတင်းကောင်း ပြောပြဖို့၊ အသင်းတော် တာဝန်အမျိုးမျိုး ထမ်းဆောင်ဖို့ အားရှိစေတယ်။ (၁ သက်. ၁:၃) တမန်တော် ပေါလုလည်း အဲဒီမျှော်လင့်ချက်ကြောင့်ပဲ အားရှိခဲ့တာ။

၁၆။ တမန်တော် ပေါလု ဘာကြောင့် အားအင် လိုသလဲ။

၁၆ ပေါလု အားအင် လိုတယ်။ ကောရိန္သု အသင်းတော်ဆီ ရေးတဲ့ စာမှာ ကိုယ့်ကိုယ်ကိုယ် ကွဲလွယ်တဲ့ မြေအိုးနဲ့ နှိုင်းယှဉ်ဖော်ပြတယ်။ ပေါလုခမျာ “ဖိနှိပ်ခံရ” တယ်။ “ကြံရာမရ ဖြစ်” တယ်။ “ညှဉ်းပန်းနှိပ်စက်ခံရ” တယ်။ “အထိုးခံရ” တယ်။ အသက်အန္တရာယ်တောင် ကြုံရတယ်။ (၂ ကော. ၄:၈-၁၀) ဒီစကားတွေကို တတိယ သာသနာပြု ခရီးစဉ်အတွင်း ရေးခဲ့တာ။ ပိုဆိုးတာတွေ ကြုံရဦးမယ်ဆိုတာ ဒီစာရေးတုန်းက သိခဲ့မှာ မဟုတ်ဘူး။ နောက်ပိုင်းမှာ လူရမ်းကားအုပ်စု တိုက်ခိုက်တာ ခံရတယ်။ အဖမ်းခံရတယ်။ သင်္ဘောပျက်တယ်။ ထောင်ချခံရတယ်။

၁၇။ ၂ ကောရိန္သု ၄:၁၆-၁၈ အရ အခက်အခဲတွေ ခံရပ်ဖို့ ပေါလုကို ဘာက အားရှိစေသလဲ။

၁၇ မျှော်လင့်ချက်ကို အာရုံစိုက်တဲ့အတွက် အခက်အခဲတွေ ခံရပ်ဖို့ ပေါလု အားရှိလာတယ်။ (၂ ကောရိန္သု ၄:၁၆-၁၈ ကို ဖတ်ပါ။) ခန္ဓာကိုယ် “ယိုယွင်းပျက်စီးနေ” ပေမဲ့ စိတ်ဓာတ်မကျဘူးလို့ ကောရိန္သု အသင်းသားတွေကို ပြောတယ်။ အနာဂတ်ကို အာရုံစိုက်တယ်။ ကောင်းကင်မှာ ထာဝရ အသက်ရှင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ “အတိုင်းထက်အလွန် ကြီးမြတ်” တဲ့အတွက် ဘာဒုက္ခပဲ ခံရခံရ တန်တယ်လို့ သဘောထားတယ်။ အဲဒီမျှော်လင့်ချက်ကို တွေးတောဆင်ခြင်လို့ “တစ်နေ့ပြီးတစ်နေ့ အသစ်အသစ် ပြန်ဖြစ်တယ်။”

၁၈။ အနာဂတ် မျှော်လင့်ချက်ကြောင့် ညီအစ်ကို တီဟိုးမီးယားတို့ မိသားစု ဘယ်လို အားရှိလာသလဲ။

၁၈ အနာဂတ် မျှော်လင့်ချက်ကြောင့် ဘူလ်ဂေးရီးယားနိုင်ငံက ညီအစ်ကို တီဟိုးမီးယား အားရှိခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ညီဖြစ်သူ ဇဒရာ့ဗ်ဂို ကားမတော်တဆမှုကြောင့် ဆုံးသွားတယ်။ တော်တော်ကြာတဲ့အထိ ဖြေမဆည်နိုင်အောင် တီဟိုးမီးယား ဝမ်းနည်းနေတယ်။ ခံရပ်နိုင်ဖို့ ရှင်ပြန်ထမြောက်ခြင်းအကြောင်း မိသားစုလိုက် စိတ်ကူးကြည့်ကြတယ်။ “ဥပမာ၊ ဇဒရာ့ဗ်ဂိုကို ဘယ်နေရာမှာ တွေ့မယ်၊ ဘာတွေ ချက်ကျွေးမယ်၊ ကြိုဆိုပွဲ လုပ်ရင် ဘယ်သူတွေ ဖိတ်မယ်၊ နောက်ဆုံးကာလအကြောင်း ဘာတွေ ပြောပြမယ် စသဖြင့် စဉ်းစားကြတယ်” လို့ တီဟိုးမီးယား ပြောတယ်။ မျှော်လင့်ချက်ကို အာရုံစိုက်တာက ခံနိုင်ရည် ဆက်ရှိနေဖို့၊ ဇဒရာ့ဗ်ဂိုကို ယေဟောဝါ ထမြောက်ပေးမယ့်အချိန်ကို စောင့်မျှော်နေဖို့ သူတို့မိသားစုကို ကူညီပေးတယ်။

ကမ္ဘာသစ်မှာ သင့်အသက်တာ ဘယ်လို ဖြစ်နေမလဲ (စာပိုဒ် ၁၉ ကို ကြည့်ပါ) c

၁၉။ မျှော်လင့်ချက် ခိုင်မာနေဖို့ ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၉ မျှော်လင့်ချက်ကို ဘယ်လို ခိုင်မာစေနိုင်မလဲ။ သင်ဟာ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူဆိုရင် ပရဒိသုအကြောင်း ကျမ်းစာဖော်ပြချက်တွေ ဖတ်ရှု၊ တွေးတောပါ။ (ဟေရှာ. ၂၅:၈။ ၃၂:၁၆-၁၈) ကမ္ဘာသစ် အသက်တာကို မြင်ယောင်ကြည့်ပါ။ ကမ္ဘာသစ်မှာ ရောက်နေပြီး ဘယ်သူနဲ့ တွေ့တယ်၊ ဘာအသံတွေ ကြားတယ်၊ ဘယ်လို ခံစားရတယ်ဆိုတာ စိတ်ကူးကြည့်ပါ။ ရုပ်လုံးပေါ်လာဖို့ အဖွဲ့အစည်း ပြင်ဆင်ပေးတဲ့ ရုပ်ပုံတွေ ကြည့်ပါ။ ကမ္ဘာသစ် မြင်ကွင်း လက်တစ်ကမ်းမှာ မြင်ယောင်နေပါ စတဲ့ တေးဗီဒီယိုတွေ ကြည့်ပါ။ ကမ္ဘာသစ် မျှော်လင့်ချက်သာ စိတ်ထဲ စွဲနေရင် အခု ကြုံရတဲ့ အခက်အခဲတွေဟာ “ခဏတာ” ဖြစ်ပြီး “ပေါ့ပါး” တယ်လို့ ခံစားရမယ်။ (၂ ကော. ၄:၁၇) ဘုရားပေး မျှော်လင့်ချက်က အခက်အခဲတွေ ခံရပ်ဖို့ တကယ်ပဲ ကူညီပေးတယ်။

၂၀။ အားနည်းချိန်မှာတောင် ဘယ်လိုနည်းနဲ့ အားရှိနိုင်သလဲ။

၂၀ အားနည်းချိန်မှာတောင် “ဘုရားသခင်ဆီကနေ ကျွန်တော်တို့ ခွန်အားရ” ကြတယ်။ (ဆာ. ၁၀၈:၁၃) အားရှိစေဖို့ လိုအပ်တာတွေ ယေဟောဝါ ပေးထားတယ်။ ဒါကြောင့် တာဝန်တစ်ခု ထမ်းဆောင်ဖို့၊ အခက်အခဲတစ်ခု ဆက်ခံရပ်ဖို့၊ ဆက်ဝမ်းမြောက်ဖို့ အကူအညီ လိုနေတယ်ဆိုရင် ဆုတောင်းပါ။ ကိုယ်ပိုင်လေ့လာမှု လုပ်ပြီး ဘုရားလမ်းညွှန်မှု ရှာပါ။ ညီအစ်ကို/မတွေဆီကနေ အားပေးမှု ရယူပါ။ မျှော်လင့်ချက် ရှင်သန်နေစေပါ။ ဒါဆိုရင် “[ဘုရားသခင့်] ဘုန်းတန်ခိုးတော်ကြောင့် ခွန်အား ပြည့်ဝလာပြီး အရာရာကို ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်” ပါလိမ့်မယ်။—ကော. ၁:၁၁

သီချင်း ၃၃ သင့်ရဲ့ ဝန်ကို ယေဟောဝါဆီ ပုံအပ်ပါ

a အခက်အခဲတွေ ခံရပ်နိုင်အောင်၊ တာဝန်တွေ ဆက်ထမ်းဆောင်နိုင်အောင် ဒီဆောင်းပါးက ကူညီပေးပါမယ်။ ကျွန်တော်တို့ကို ဘုရား ဘယ်လို အားရှိစေနိုင်တယ်၊ အကူအညီ ရဖို့ ကိုယ့်ဘက်က ဘာလုပ်နိုင်တယ်ဆိုတာ လေ့လာကြပါမယ်။

b အမည်လွှဲများ။

c ပုံအညွှန်း– နားမကြား ညီအစ်မ ကျမ်းစာ ကတိတွေ စဉ်းစားနေ။ ကမ္ဘာသစ် အသက်တာကို မြင်ယောင်နိုင်ဖို့ တေးဗီဒီယို ကြည့်နေ။