မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၄

ကျမ်းစာကို ထောင့်ပေါင်းစုံကနေ နားလည်အောင် လုပ်ပါ

ကျမ်းစာကို ထောင့်ပေါင်းစုံကနေ နားလည်အောင် လုပ်ပါ

‘အမှန်တရားရဲ့ အလျား၊ အနံ၊ အမြင့်၊ အနက်တွေကို အပြည့်အဝ နားလည်ပါ။’ —ဧ. ၃:၁၈

သီချင်း ၉၅ လင်းသည်ထက် လင်းလာ

အကြိုသုံးသပ်ချက် a

၁-၂။ ကျမ်းစာမှာ ပါသမျှ ဂဃနဏ သိအောင် ဘယ်လို လုပ်ရမလဲ။ ဥပမာ ပေးပါ။

 အိမ်ဝယ်ဖို့ စဉ်းစားနေတယ် ဆိုပါစို့။ ဝယ်ဖို့ မဆုံးဖြတ်ခင် ဘာတွေ ကြည့်ချင်သလဲ။ အိမ်ရှေ့ မျက်နှာစာကို ရိုက်ထားတဲ့ ပုံလောက်ပဲလား။ အဲဒီလောက်နဲ့ ကျေနပ်မှာ မဟုတ်ဘူး။ ကိုယ်တိုင် သွားပြီး တစ်အိမ်လုံး အပြင်ကနေ ပတ်ကြည့်မှာ၊ တစ်ခန်းဝင် တစ်ခန်းထွက် ထောင့်စေ့အောင် လိုက်ကြည့်မှာပဲ။ ကိုယ့်ရဲ့ အနာဂတ် အိမ်လေးကို အသေးစိတ်ကအစ ကြည့်ချင်မှာ သေချာတယ်။

ကျမ်းစာ ဖတ်ရှု၊ လေ့လာတဲ့အခါလည်း အဲဒီလို လုပ်နိုင်တယ်။ ကျမ်းစာဟာ “အုတ်မြစ် နက်နက် ချပြီး ဆောက်ထားတဲ့ အထပ်မြင့် တိုက်ကြီးနဲ့ တူတယ်” လို့ ကျမ်းပညာရှင် တစ်ယောက် ပြောတယ်။ ဒါဆိုရင် ကျမ်းစာမှာ ပါသမျှ ဂဃနဏ သိအောင် ဘယ်လို လုပ်ရမလဲ။ အပေါ်ယံ လျှပ်ဖတ်သွားရင် “ဘုရားသခင်ရဲ့ ဗျာဒိတ်တော်နဲ့ ဆိုင်တဲ့ အခြေခံ အကြောင်းတွေ” လောက်ပဲ သိမယ်။ (ဟီ. ၅:၁၂) ဝယ်မယ့် အိမ်ထဲ ဝင်လေ့လာသလို ကျမ်းစာကို အပြည့်အဝ နားလည်အောင် ထဲထဲဝင်ဝင် လေ့လာရမယ်။ လေ့လာနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုကတော့ ကျမ်းစာအပိုင်း တစ်ပိုင်းနဲ့ တစ်ပိုင်း ဘယ်လို ဆက်စပ်သလဲ သိအောင် လုပ်တာပဲ။ ကိုယ် ဘာယုံသလဲဆိုတာလောက် မဟုတ်ဘဲ ဘာကြောင့် ယုံသလဲဆိုတာ နားလည်အောင် လုပ်ပါ။

၃။ ဘာလုပ်ဖို့ တမန်တော် ပေါလု တိုက်တွန်းသလဲ။ ဘာကြောင့်လဲ။ (ဧဖက် ၃:၁၄-၁၉)

အမှန်တရားရဲ့ ‘အလျား၊ အနံ၊ အမြင့်၊ အနက်တွေကို အပြည့်အဝ နားလည်’ နိုင်အောင် ကျမ်းစာကို ဝီရိယရှိရှိ လေ့လာကြဖို့ ခရစ်ယာန် ညီအစ်ကို/မတွေကို တမန်တော် ပေါလု တိုက်တွန်းတယ်။ ဒါမှ ယုံကြည်ခြင်းမှာ “အမြစ်စွဲပြီး အခြေခိုင်” လာကြမှာ။ (ဧဖက် ၃:၁၄-၁၉ ကို ဖတ်ပါ။) ကျွန်တော်တို့လည်း ကျမ်းစာကို ထောင့်ပေါင်းစုံကနေ အပြည့်အဝ နားလည်ဖို့ဆိုရင် နက်နဲတဲ့ ကျမ်းစာ အမှန်တရားတွေ လေ့လာရမယ်။ ဘယ်လို လေ့လာရမလဲ သုံးသပ်ကြည့်ကြစို့။

နက်နဲတဲ့ ကျမ်းစာ အမှန်တရားတွေ တူးဖော်ပါ

၄။ ယေဟောဝါနဲ့ ပိုရင်းနှီးလာဖို့ ဘာလုပ်နိုင်သလဲ။ ဥပမာ ပေးပါ။

ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ကျမ်းစာကို အပေါ်ယံ နားလည်ရုံလောက်နဲ့ မကျေနပ်ကြဘူး။ သန့်ရှင်းသော စွမ်းအားတော် အကူအညီအားဖြင့် “ဘုရားသခင်ရဲ့ နက်နဲတဲ့ အကြံအစည်တွေကိုတောင်” လေ့လာချင်ကြတယ်။ (၁ ကော. ၂:၉၊ ၁၀) ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးချင်ကြလို့ပါ။ ဒါဆိုရင် ဘယ်အကြောင်းအရာတွေကနေ စလေ့လာလို့ ရသလဲ။ ရှေးခေတ် ကျေးကျွန်တွေကို ဘုရား မေတ္တာ ဘယ်လို ပြသလဲ၊ အဲဒီအချက်က သင့်ကို ဘုရား ချစ်တယ်ဆိုတာ ဘယ်လို သက်သေထူသလဲ လေ့လာပါ။ ရှေးခေတ် အစ္စရေးတွေရဲ့ ဝတ်ပြုမှု အစီအစဉ်နဲ့ ဒီနေ့ခေတ် ခရစ်ယာန် ဝတ်ပြုမှု အစီအစဉ်ကို နှိုင်းယှဉ်ကြည့်ပါ။ ယေရှုရဲ့ မြေကြီးအသက်တာနဲ့ အမှုဆောင်လုပ်ငန်းမှာ ပြည့်စုံခဲ့တဲ့ ကြိုဟောချက်တွေ အသေးစိတ် ဆန်းစစ်ပါ။

၅။ သင် သတ်သတ်မှတ်မှတ် လေ့လာကြည့်ချင်တဲ့ နက်နဲတဲ့ ကျမ်းစာအကြောင်းအရာ ရှိသလား။

ကျမ်းစာမှာ သတ်သတ်မှတ်မှတ် လေ့လာကြည့်ချင်တဲ့ နက်နဲတဲ့ အကြောင်းအရာတွေ ရှိသလားလို့ ကျမ်းစာကျောင်းသားတချို့ကို မေးကြည့်တယ်။ သူတို့ လေ့လာချင်တယ်လို့ ပြောတဲ့ အကြောင်းအရာတချို့ကို “ ကိုယ်ပိုင် လေ့လာမှုအတွက် အကြောင်းအရာများ” လေးထောင့်ကွက်မှာ ဖော်ပြထားတယ်။ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် စာအုပ် သုံးပြီး အဲဒီအကြောင်းအရာတွေ လေ့လာတဲ့အခါ ပျော်စရာကောင်းတယ်။ ယုံကြည်ခြင်း ခိုင်မြဲလာမယ်။ “ဘုရားနဲ့ပတ်သက်တဲ့ အသိပညာကို ရလာမယ်။” (ပညာ. ၂:၄၊ ၅) တူးဖော်နိုင်တဲ့ နက်နဲတဲ့ ကျမ်းစာ အမှန်တရားတချို့ ဆွေးနွေးကြရအောင်။

ဘုရားရည်ရွယ်ချက်ကို လေးလေးနက်နက် စဉ်းစားပါ

၆။ (က) အစီအစဉ်နဲ့ ရည်ရွယ်ချက် ဘာကွာသလဲ။ (ခ) လူတွေ၊ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်ဟာ ဘာကြောင့် “ထာဝရ ရည်ရွယ်ချက်” ဖြစ်သလဲ။ (ဧဖက် ၃:၁၁)

အစီအစဉ် ရှိတာနဲ့ ရည်ရွယ်ချက် ရှိတာ တော်တော် ကွာတယ်။ အစီအစဉ်ဆိုတာ သွားချင်တဲ့ နေရာ ရောက်အောင် ဘယ်လမ်းကနေ သွားမယ်ဆိုပြီး ရွေးချယ်သတ်မှတ်တာနဲ့ တူတယ်။ လမ်းမှာ အတားအဆီးတစ်ခုခု ရှိရင် အစီအစဉ် ပျက်ပြီ။ ရည်ရွယ်ချက်ကျတော့ သွားမယ့် နေရာ ကိုယ်နှိုက်နဲ့ တူတယ်။ သွားမယ့် နေရာ အတိအကျ သတ်မှတ်ထားတယ်။ ဘယ်လမ်းကနေပဲ သွားမယ်လို့တော့ သတ်မှတ်မထားဘူး။ လိုအပ်သလို လမ်းကြောင်း ပြောင်းလို့ ရတယ်။ အဲဒီလိုပဲ၊ ဘုရား တစ်ခုခု ရည်ရွယ်ပြီဆိုရင် “ပြည့်စုံလာဖို့ အရာရာကို စီစဉ်ထား” တဲ့အတွက်၊ ပြည့်စုံစေမယ့် နည်းလမ်း အမျိုးမျိုး ရှိတဲ့အတွက် အမြဲ အထမြောက်တယ်။ (ပညာ. ၁၆:၄) ဘုရားရည်ရွယ်ချက်ကို ကျမ်းစာမှာ “ထာဝရ ရည်ရွယ်ချက်” လို့ ခေါ်ထားတယ်။ (ဧ. ၃:၁၁) အချိန် တော်တော်ကြာပြီးမှ ရည်ရွယ်ချက် အထမြောက်လာမှာ ဖြစ်လို့၊ အထမြောက်လာတဲ့အခါ ရလာမယ့် ရလဒ်တွေ ထာဝစဉ် တည်မှာ ဖြစ်လို့ “ထာဝရ ရည်ရွယ်ချက်” လို့ ခေါ်တာ။ ဒါဆိုရင် အဲဒီရည်ရွယ်ချက်က ဘာလဲ။ ရည်ရွယ်ချက် အထမြောက်ဖို့ ဘာအပြောင်းအလဲတွေ လုပ်သလဲ။ ကျမ်းစာမှာ အဆင့်ဆင့် ဖော်ပြထားတာ ကျေးဇူးတင်စရာပါပဲ။

၇။ ပထမ လူသားမောင်နှံ ပုန်ကန်ပေမဲ့ ရည်ရွယ်ချက် အထမြောက်ဖို့ ယေဟောဝါ နည်းလမ်း ဘယ်လို ပြောင်းသလဲ။ (မဿဲ ၂၅:၃၄)

“သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ။ . . . သတ္တဝါတွေကို အုပ်စိုးကြ” ဆိုပြီး မိမိရည်ရွယ်ချက်အကြောင်း ပထမလူသား မောင်နှံကို ဘုရား ပြောတယ်။ (က. ၁:၂၈) သူတို့ ပုန်ကန်လို့ လူ့မိသားစုထဲ အပြစ်တရား ဝင်လာပေမဲ့ ယေဟောဝါ ရည်ရွယ်ချက် အပျက်မခံဘူး။ ရည်ရွယ်ချက် ပြည့်စုံစေမယ့် နည်းလမ်းကို ပြောင်းတယ်။ လူတွေနဲ့ ကမ္ဘာမြေအတွက် မူလရည်ရွယ်ချက် အထမြောက်စေမယ့် နိုင်ငံတစ်ခု ကောင်းကင်မှာ တည်ထောင်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်တယ်။ (မဿဲ ၂၅:၃၄ ကို ဖတ်ပါ။) နိုင်ငံတော်အကြောင်း လူတွေကို ပြောပြဖို့၊ အပြစ်နဲ့ သေခြင်းကနေ ရွေးနုတ်ဖို့ သတ်မှတ်ထားချိန်မှာ သားဦးကို မြေကြီးပေါ် မေတ္တာပါပါ စေလွှတ်တယ်။ အဲဒီနောက် အသက်ပြန်ရှင်စေပြီး ကောင်းကင်မှာ ဘုရားနိုင်ငံတော် ဘုရင်အဖြစ် အုပ်စိုးစေတယ်။ ဒါပေမဲ့ ဘုရား ရည်ရွယ်ထားတာ ဒီလောက်ပဲ မဟုတ်ဘူး။

ကောင်းကင်နဲ့ မြေကြီးပေါ်က အသိဉာဏ်ရှိ သတ္တဝါအားလုံး ယေဟောဝါကို တစ်စည်းတစ်လုံး သစ္စာခံကြမယ့်အချိန်ကို မြင်ယောင်ကြည့်ပါ (စာပိုဒ် ၈ ကို ကြည့်ပါ)

၈။ (က) ကျမ်းစာရဲ့ အဓိက အကြောင်းအရာက ဘာလဲ။ (ခ) ဧဖက် ၁:၈-၁၁ မှာ ရှင်းပြထားတဲ့အတိုင်း ယေဟောဝါရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်က ဘာလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

ခရစ်တော် အုပ်ချုပ်မှုအောက် နိုင်ငံတော်အားဖြင့် ကမ္ဘာမြေအတွက် ရည်ရွယ်ချက်ကို ပြည့်စုံစေချိန်မှာ နာမတော်ကို ဘုရား သန့်ရှင်းမြင့်မြတ်စေမယ်။ ဒါ ကျမ်းစာရဲ့ အဓိက အကြောင်းအရာပဲ။ ယေဟောဝါရဲ့ ရည်ရွယ်ချက်ဟာ မပြောင်းလဲနိုင်ဘူး။ ကျိန်းသေ အကောင်အထည် ဖော်မယ်လို့ အာမခံထားတယ်။ (ဟေရှာ. ၄၆:၁၀၊ ၁၁။ ဟီ. ၆:၁၇၊ ၁၈) အချိန်တန်တဲ့အခါ ကမ္ဘာမြေဟာ လှပတဲ့ ပရဒိသု ဖြစ်လာမယ်။ အာဒံ၊ ဧဝရဲ့ သားစဉ်မြေးဆက်တွေ စုံလင်ဖြောင့်မတ်လာကြမယ်။ “ဘဝကို ထာဝစဉ် ပျော်မွေ့” နိုင်ကြမယ်။ (ဆာ. ၂၂:၂၆) ဒါပေမဲ့ ယေဟောဝါမှာ ရည်ရွယ်ချက် အကြီးကြီး ရှိသေးတယ်။ ကောင်းကင်၊ မြေကြီးပေါ်က အသိဉာဏ်ရှိ သတ္တဝါအားလုံး တစ်ပေါင်းတစ်စည်းတည်း ဖြစ်လာဖို့ပဲ။ အဲဒီအချိန် အသက်ရှင်နေသူအားလုံး ယေဟောဝါကို အချုပ်အခြာအာဏာရှင်အဖြစ် သစ္စာခံကြမယ်။ (ဧဖက် ၁:၈-၁၁ ကို ဖတ်ပါ။) ရည်ရွယ်ချက် ပြည့်စုံဖို့ ယေဟောဝါ သုံးတဲ့ နည်းကို သင် မအံ့ဩမိဘူးလား။

သင့်အနာဂတ်ကို လေးလေးနက်နက် စဉ်းစားပါ

၉။ ကျမ်းစာ လေ့လာခြင်းအားဖြင့် အနာဂတ်အကြောင်း ဘယ်လောက်ထိ သိနိုင်သလဲ။

နှစ်ပေါင်းထောင်ချီ အကြာမှာ ဖြစ်လာမယ့် ဖြစ်ရပ်တွေအကြောင်း ဧဒင်ဥယျာဉ်မှာ ယေဟောဝါ ကြိုဟောတယ်။ (က. ၃:၁၅) b ဘုရားရည်ရွယ်ချက် ပြည့်စုံလာစေမယ့် ဖြစ်ရပ်တွေ ဖြစ်တယ်။ ဥပမာ၊ အာဗြဟံရဲ့ မျိုးနွယ်ကနေ ခရစ်တော် ပေါ်ထွန်းလာမယ်။ (က. ၂၂:၁၅-၁၈) မျိုးနွယ်ရဲ့ ဖနောင့်ကို မြွေပေါက်မယ်။ အေဒီ ၃၃ မှာ ကြိုဟောချက်ရဲ့ အဲဒီအပိုင်း ပြည့်စုံခဲ့တယ်။ (တ. ၃:၁၃-၁၅) စာတန့်ခေါင်းကို “မျိုးနွယ်” ကြိတ်မယ်ဆိုတဲ့ ပရောဖက်ပြုချက်ရဲ့ နောက်ဆုံးအပိုင်းကတော့ နောက်နှစ် ၁,၀၀၀ ကျော် ကြာမှ ပြည့်စုံလာမယ်။ (ဗျာ. ၂၀:၇-၁၀) စာတန့်စနစ်နဲ့ ယေဟောဝါရဲ့ အဖွဲ့အစည်းကြားမှာ ရှိတဲ့ ရန်ငြိုး အထွတ်အထိပ် ရောက်လာချိန်မှာ ဘာဖြစ်မယ်ဆိုတာလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။

၁၀။ (က) အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ။ (ခ) ဘယ်လို ကြိုတင် ပြင်ဆင်ထားနိုင်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

၁၀ ကျမ်းစာမှာ ကြိုဟောထားတဲ့ တုန်လှုပ်ဖွယ် ဖြစ်ရပ်တွေ စဉ်းစားကြည့်ပါ။ ပထမ၊ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တိုင်းနိုင်ငံတွေ ကြေညာကြမယ်။ (၁ သက်. ၅:၂၊ ၃) မှားယွင်းတဲ့ ဘာသာရေးကို တိုင်းနိုင်ငံတွေ တိုက်ခိုက်တဲ့အခါ ကြီးစွာသောဒုက္ခ “ရုတ်တရက်” စမယ်။ (ဗျာ. ၁၇:၁၆) ‘လူသား မိုးတိမ် ခြံရံပြီး မဟာဘုန်းတန်ခိုးနဲ့ လာတာကို’ ဖော်ပြတဲ့ သဘာဝလွန် ဖြစ်ရပ်တွေ တွေ့ရနိုင်တယ်။ (မ. ၂၄:၃၀) လူတွေကို ယေရှု သိုးနဲ့ ဆိတ် ခွဲမယ်။ (မ. ၂၅:၃၁-၃၃၊ ၄၆) စာတန် အသာတကြည် အညံ့ခံမှာ မဟုတ်ဘူး။ ယေဟောဝါရဲ့ လူမျိုးကို မုန်းလွန်းလို့ နိုင်ငံပေါင်းစုံ မဟာမိတ်ကို သွေးထိုးပြီး တိုက်ခိုင်းမယ်။ အဲဒီမဟာမိတ်ကို မာဂေါဂပြည်က ဂေါဂမင်းလို့ ကျမ်းစာမှာ ခေါ်ထားတယ်။ (ယေဇ. ၃၈:၂၊ ၁၀၊ ၁၁) အဲဒီအတောအတွင်း တစ်ချိန်ချိန်မှာ မြေကြီးပေါ်က ဘိသိက်ခံ အကြွင်းအကျန်တွေဟာ ကောင်းကင်ကို စုသိမ်းခံကြရမယ်။ ကြီးစွာသောဒုက္ခရဲ့ အထွတ်အထိပ် ဖြစ်တဲ့ အာမဂေဒုန် စစ်ပွဲမှာ ခရစ်တော်၊ ကောင်းကင်တမန်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ကြမယ်။ c (မ. ၂၄:၃၁။ ဗျာ. ၁၆:၁၄၊ ၁၆) အဲဒီနောက် မြေကြီးပေါ် ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု စမယ်။—ဗျာ. ၂၀:၆

ယေဟောဝါဘုရားအကြောင်း နှစ်သန်းပေါင်းများစွာ လေ့လာပြီးနောက် ဘုရားနဲ့ ဘယ်လောက်တောင် ရင်းနှီးလာမလဲ (စာပိုဒ် ၁၁ ကို ကြည့်ပါ)

၁၁။ ထာဝရကာလဟာ သင်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးအတွက် ဘာအဓိပ္ပာယ် ရှိသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၁ နောက်အနှစ် ၁,၀၀၀ လောက်အထိ အနာဂတ်ကို ကြိုတွေးကြည့်ပါ။ ဖန်ဆင်းရှင်က “[ကျွန်တော်တို့] ရဲ့ စိတ်ထဲမှာ ထာဝရကာလကို ထည့်ပေးထားတယ်။” (ဒေ. ၃:၁၁) ဒါ သင်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးအတွက် ဘာအဓိပ္ပာယ် ရှိသလဲ။ ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ် စာမျက်နှာ ၃၁၉ မှာ ဒီလို ဖော်ပြထားတယ်– “နှစ်ပေါင်း ရာချီ၊ ထောင်ချီ၊ သန်းနှင့်ချီမက ရာကုဋေချီ၍ အသက်ရှင်ပြီးနောက် ယေဟောဝါဘုရားသခင်အကြောင်း ယခု ကျွန်ုပ်တို့ သိရှိထားသည်ထက် သာ၍ များစွာ သိရှိလာကြဦးမည်။ သို့တိုင် မရေမတွက်နိုင်အောင်ပင် သင်ယူစရာ အံ့ဖွယ်ရာများစွာ ကျန်ရှိသေးသည်ဟု ကျွန်ုပ်တို့ ခံစားနေရဆဲပင် ဖြစ်ပေလိမ့်မည်။ . . . ထာဝရအသက်သည် စဉ်းစား၍ မကုန်နိုင်အောင် အဓိပ္ပာယ် ပြည့်ဝ၍ အတွေ့အကြုံ အမျိုးမျိုးအဖုံဖုံ ရှိပေလိမ့်မည်။ ယေဟောဝါထံ ချဉ်းကပ်ခြင်းသည်လည်း အမြဲတစေပင် ဆုကျေးဇူး အပြည့်ဝဆုံး ဖြစ်ပေလိမ့်မည်။” ဝမ်းသာစရာပါပဲ။ ယေဟောဝါအကြောင်း ဒီထက် ပိုသိလာရဦးမယ်။ လောလောဆယ်ကော ဘာတွေ သိနိုင်သေးသလဲ။

အထက်အရပ်ကို မျှော်ကြည့်ပါ

၁၂။ အထက်အရပ်အကြောင်း ကျမ်းစာမှာ ဘာတွေ ပါသလဲ။ ဥပမာ ပေးပါ။

၁၂ ယေဟောဝါ စံမြန်းရာ “အထက်အရပ်” အကြောင်း ကျမ်းစာမှာ အရိပ်အမြွက် ဖော်ပြထားတယ်။ (ဟေရှာ. ၃၃:၅) ယေဟောဝါအကြောင်း၊ ဘုရားအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ အပိုင်းအကြောင်း အံ့ဩစရာအချက်တွေလည်း ပါတယ်။ (ဟေရှာ. ၆:၁-၄။ ဒံ. ၇:၉၊ ၁၀။ ဗျာ. ၄:၁-၆) ဥပမာ၊ “ကောင်းကင် ပွင့်ပြီး ဘုရားသခင်ဆီက စိတ်အာရုံတွေကို မြင်ရ” ချိန်မှာ ယေဇကျေလ တွေ့ရတဲ့ အံ့ဩမှင်သက်စရာတွေအကြောင်း ကျမ်းစာမှာ ဖတ်နိုင်တယ်။—ယေဇ. ၁:၁

၁၃။ ဟီဘရူး ၄:၁၄-၁၆ အရ ကောင်းကင်မှာ ယေရှု လုပ်နေတာတွေနဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။

၁၃ နန်းစံဘုရင်၊ သနားကြင်နာတတ်တဲ့ ပုရောဟိတ်မင်းအဖြစ် ကောင်းကင်မှာ ယေရှု ဘာတွေ လုပ်နေသလဲဆိုတာလည်း စဉ်းစားကြည့်ပါ။ “မဟာကရုဏာ ပြတဲ့ ဘုရားသခင်ရဲ့ ပလ္လင်” အနား သွားပြီး ယေရှုကတစ်ဆင့် ဆုတောင်းနိုင်တယ်။ “လိုအပ်ချိန်မှာ” သနားကြင်နာမှုနဲ့ မဟာကရုဏာ တောင်းခံနိုင်တယ်။ (ဟီဘရူး ၄:၁၄-၁၆ ကို ဖတ်ပါ။) ယေဟောဝါနဲ့ ယေရှု ကောင်းကင်ကနေ ကျွန်တော်တို့အတွက် လုပ်ပေးခဲ့တာတွေ၊ လုပ်ပေးနေတာတွေ မစဉ်းစားဘဲ တစ်ရက် ကုန်မသွားပါစေနဲ့။ သူတို့ရဲ့ မေတ္တာအကြောင်း စဉ်းစားတဲ့အခါ သင် စိတ်ထိမိလာမယ်။ ထက်ထက်သန်သန် အမှုဆောင်ဖို့ တွန်းအား ရလာမယ်။—၂ ကော. ၅:၁၄၊ ၁၅

ဘုရားရဲ့ သက်သေ၊ ယေရှုရဲ့ တပည့် ဖြစ်လာအောင် တခြားသူတွေကို ကျွန်တော်တို့ ကူညီပေးခဲ့လို့ ကမ္ဘာသစ်မှာ ပျော်နေမယ့်အကြောင်း မြင်ယောင်ကြည့်ပါ (စာပိုဒ် ၁၄ ကို ကြည့်ပါ)

၁၄။ ယေဟောဝါနဲ့ ယေရှုကို ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ အကောင်းဆုံး တစ်နည်းက ဘာလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၄ ဘုရားနဲ့ သားတော်ကို ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ အကောင်းဆုံး တစ်နည်းကတော့ ဘုရားရဲ့ သက်သေ၊ ယေရှုရဲ့ တပည့် ဖြစ်လာအောင် တခြားသူတွေကို ကူညီပေးခြင်းပါပဲ။ (မ. ၂၈:၁၉၊ ၂၀) ဘုရားနဲ့ ခရစ်တော်ကို ကျေးဇူးတင်လို့ အမှုဆောင်လုပ်ငန်းမှာ တမန်တော် ပေါလု ကြိုးစားပမ်းစား ပါဝင်တယ်။ “လူတချို့ကို အတတ်နိုင်ဆုံး ကယ်တင်နိုင်ဖို့” ကြိုးစားတယ်။ (၁ ကော. ၉:၂၂၊ ၂၃) ယေဟောဝါရဲ့ အလိုတော်ဟာ “လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိစေဖို့” ဖြစ်တယ်ဆိုတာ သိလို့ပဲ။—၁ တိ. ၂:၃၊ ၄

ကျမ်းစာ အမှန်တရားတွေ တူးဖော်ရာမှာ ပျော်မွေ့ပါ

၁၅။ ဆာလံ ၁:၂ အရ ဘာက ပျော်မွေ့စေသလဲ။

၁၅ “ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့” သူ၊ “နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်” သူဟာ ပျော်ရွှင်အောင်မြင်တယ်လို့ ဆာလံ ကျမ်းရေးသူ ပြောတယ်။ (ဆာ. ၁:၁-၃) လူတစ်ယောက်ဟာ “ရှာဖွေလိုက်၊ လေ့လာလိုက်၊ တစိမ့်စိမ့် စဉ်းစားလိုက်နဲ့ ဘုရားလမ်းညွှန်ချက် ရဖို့ ခုံခုံမင်မင် ဖြစ်နေသင့်တယ်” လို့ ဒီကျမ်းပိုဒ်နဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ် (Studies in the Psalms) မှာ ကျမ်းစာ ဘာသာပြန်သူ ဂျိုးဇက် ရော့သဟမ် ပြောတယ်။ “ကျမ်းစာ မဖတ်ဘဲ တစ်ရက် ကုန်သွားရင် အဲဒီတစ်ရက် ပုပ်သွားတာပဲ” လို့လည်း ဆက်ပြောတယ်။ ကျမ်းစာမှာ ပါတဲ့ စိတ်ဝင်စားစရာ အသေးစိတ်အချက်တွေကို လေ့လာနိုင်သမျှ လေ့လာတဲ့အခါ၊ တစ်ချက်နဲ့ တစ်ချက် ဘယ်လို ဆက်စပ်နေသလဲ သဘောပေါက်လာတဲ့အခါ ထောင့်ပေါင်းစုံကနေ နားလည်လာလို့ ပျော်မွေ့လာမယ်။

၁၆။ နောက်ဆောင်းပါးမှာ ဘာအကြောင်း လေ့လာကြမလဲ။

၁၆ ကျမ်းစာကတစ်ဆင့် ယေဟောဝါ သင်ပေးတဲ့ အမှန်တရားတွေဟာ နားမလည်နိုင်လောက်အောင် မခက်ပါဘူး။ နောက်ဆောင်းပါးမှာ နက်နဲတဲ့ ကျမ်းစာ အမှန်တရားတစ်ခု သုံးသပ်သွားမယ်။ ဟီဘရူး ခရစ်ယာန်တွေဆီ ရေးတဲ့ စာမှာ ပေါလု ဖော်ပြတဲ့ ယေဟောဝါရဲ့ ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်အကြောင်းပါ။ အဲဒီအကြောင်း လေ့လာရင်း ပျော်မွေ့နိုင်ကြပါစေ။

သီချင်း ၉၄ နှုတ်မြွက်တော် ကျမ်းစာအတွက် ကျေးဇူးတင်

a ကျမ်းစာ လေ့လာတာက ကျွန်တော်တို့ကို တစ်သက်လုံး ပျော်ရွှင်စေတယ်၊ အကျိုးရှိစေတယ်၊ ကောင်းကင်ဘုံစံ ဖခင်နဲ့ ရင်းနှီးစေတယ်။ ဘုရားသခင့် စကားတော်ရဲ့ “အလျား၊ အနံ၊ အမြင့်၊ အနက်တွေကို” ဘယ်လို လေ့လာနိုင်တယ်ဆိုတာ ဒီဆောင်းပါးမှာ သိရပါမယ်။

b ၂၀၂၂၊ ဇူလိုင် ကင်းမျှော်စင်သင့်အပေါ် သက်ရောက်မှု ရှိတဲ့ ရှေးပရောဖက်ပြုချက်” ဆောင်းပါးကို ကြည့်ပါ။

c မဝေးတော့တဲ့ အနာဂတ်မှာ ကြုံရမယ့် တုန်လှုပ်ဖွယ် ဖြစ်ရပ်တွေအတွက် ကြိုတင်ပြင်ဆင်နိုင်ပုံအကြောင်း ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ စာအုပ် စာ. ၂၃၀ မှာ ကြည့်ပါ။